← Chapters

နောက်ဆုံးသော ဆုံးဖြတ်ချက်

Vol. 16 Ch. 223

နောက်ဆုံးသော ဆုံးဖြတ်ချက်

Vol. 16 Ch. 223

ထိုအမျိုးသား၏ အကူအညီတောင်းသံမှာ ပျံ့လွင့်နေဆဲဖြစ်သည်။

ဒုကျောင်းအုပ် ယူဟွာ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။ ထို့နောက်တွင်..

“ကောင်းကင်ဘုံ ပိုင်နက်မှ လျှိုချင်ဟွမ် ထုတ်ပယ်ခံရ”

အုတ်ခဲအောက်မှ အမျိုးသားအတွက်မူ ရွှေရောင်အကာအကွယ် ထွက်ပေါ်ခြင်း မရှိသည့်အတွက် ထုတ်ပယ်ခံရခြင်း မရှိပေ။

သောင်းနှင့်ချီသည့် ကျောင်းသားများသည် ထိုမြင်ကွင်းအား မြင်တွေ့ရခြင်းကြောင့် အံ့အားသင့်နေ မိကြသော်လည်း ဝမ်းမြောက်မှုတော့ မရှိကြပါ။

နတ်ဘုရား အန်သည် ကြောက်မက်ဖွယ်ရာ မန္တန်နှင့် ကြုံတွေ့ရသော်လည်း ရှင်သန်နိုင်ခဲ့သည်။ သို့သော်လည်း အုတ်ခဲအောက်တွင် ပိတ်မိနေသည်။ ထိုသည်က နည်းနည်း...

“ကယ်ကြပါဦး”

ထိုအမျိုးသား၏အော်သံမှာ တဖြည်းဖြည်းချင်း တိုးညင်းလာသည်။

ဒုကျောင်းအုပ် ယူဟွာ၏ 'လျှိုချင်ဟွမ် ထုတ်ပယ်ခံရ' ဟူသော ကြေညာချက်အား ကြားပြီးသွားသည့်နောက်တွင် ရုန်းကန်ခြင်း ရပ်တန့်လိုက်တော့သည်။

သူ့အား ကယ်တင်မည့်သူ မရှိတော့ပေ။

အန်လင်းသည် အုတ်ခဲနက်၏အောက်တွင် မောပန်းကြီးစွာဖြင့် အသက်ရှူနေမိသည်။

အုတ်ခဲ၏ အရွယ်အစားအား ချုံ့ပစ်ချင်မိသည်။ သို့သော်လည်း သူ၏စွမ်းအင်အားလုံး ကုန်ခန်းသွားပြီ ဖြစ်သည်။ ထို့အပြင် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့်အတွက် ထိုမျှလောက် ရိုးရှင်းသည့်အလုပ်ကိုပင် လုပ်ဆောင်နိုင်စွမ်း မရှိတော့ပေ။

အားလုံး ထုတ်ပယ်ခံလိုက်ရသည်ကို ကြားသိပြီးနောက်တွင် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုအား သတိပြုမိလိုက်သည်။ ယင်းမှာ ကောင်းကင်ဘုံပိုင်နက် အနိုင်ရရှိသွားပြီ ဖြစ်ကြောင်းကိုပင်။ သူတို့ အနိုင်ရရှိသွားပြီဆိုလျှင် သူ့အနေဖြင့် ဤနေရာတွင် ဘာလုပ်ရတော့မည်နည်း။

“ပြန်ချင်တယ်လို့၊ နေရာရွှေ့ပြောင်းပေးပါ”

“ပြန်ချင်တယ် နေရာရွှေ့ပေး”

ဆက်တိုက် အော်ဟစ်နေသော်လည်း တုံ့ပြန်မှု မရှိပေ။

အတော်ကြာပြီးသည့် နောက်တွင် ကောင်းကင်၌ အသံတစ်ခု ထွက်ပေါ်လာသည်။

“စမ်းသပ်ချက်ကို ပြီးမြောက်ဖို့ နှစ်နည်းပဲရှိတယ်။ ပထမတစ်နည်းက ရှုံးနိမ့်ရမယ်။ အဲဒါဆိုရင် ရှုံးနိမ့်ခြင်း သက်သေခံကတ်ပြား ထွက်ပေါ်လာလိမ့်မယ်။ ဒုတိယနည်းကတော့ ရွှေသောက်တော်ရေခွက်တွေ ရရှိပြီး အောင်မြင်မှုကို ခူးဆွတ်ရမယ်။ အဲဒါအပြင် တခြားမရှိဘူး”

အန်လင်းသည် ထိုကြေညာချက်အား ကြားပြီးသည့်နောက် ရှုံ့မဲ့သွားတော့သည်။

ရှုံးနိမ့်ရမယ်တဲ့လား။ အုတ်ခဲနက်က ကျုပ်ကို ဖိထားတာ ခင်ဗျားမမြင်ဘူးလား။

သောက်တော်ရေခွက်တွေကို ရယူရမယ် ဟုတ်လား။ ကျုပ်က ဒီအုတ်ခဲနက်အောက်မှာ ရောက်နေတာဗျ။ ဘယ်လိုလုပ်ပြီး ယူရမလဲ။ ငလူးးး

“ကောင်းပြီလေ။ ပြန်ခေါ်မနေနဲ့။ ဒီအုတ်ခဲအောက်မှာ ကျုပ်အေးခဲသွားတာကို ထိုင်ကြည့်နေကြပေါ့” အန်လင်းသည် လက်လျှော့လိုက်ဟန်ဖြင့် ပြောသည်။

သောင်းနှင့်ချီသည့် ကျောင်းသားများမှာလည်း အန်လင်း၏ စကားကိုကြားသည့်အခါ မျက်နှာများ မည်းမှောင်လာလေသည်။

သူတို့အားလုံး အုတ်ခဲအောက်တွင် အန်လင်းအေးခဲသွားမည်ကို ကြည့်ချင်ကြရဲ့လား။ လုံးဝပဲ။

သို့သော်လည်း စမ်းသပ်ပွဲ မပြီးဆုံးသေးသည်ကြောင့် သူတို့မည်သို့မျှ မတတ်နိုင်ပေ။

သို့သော်လည်း အမြဲလိုလို မထင်မှတ်ထားသည့် ဖြစ်ရပ်များ ရှိစမြဲပင်။ မိန်းကလေးသည် ရုန်းကန်ကာဖြင့် မတ်တတ်ရပ်လိုက်ပြီး လူတိုင်း၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။

သူမ၏ အဖြူရောင်ဝတ်စုံလေးမှာ သွေးနှင့်ဖုန်မှုန့်များ ပေကျံလျက်ရှိကာ ကြွေရုပ်နှင့်တူသည့် မျက်နှာလေးမှာလည်း ပြဲကွဲ ဖူးယောင်နေလေသည်။

သူမသည် အုတ်ခဲဆီသို့ ရောက်လာပြီးနောက် ဘေးသို့ကန်ထုတ်လိုက်သည်။

ဘုန်း

သူမမှာ စွမ်းအားများစွာ ကျန်ရှိနေသေးပုံရပြီး အုတ်ခဲအား အတော်ဝေးဝေးသို့ ကန်ထုတ်ပစ်လိုက်သည်။

အန်လင်းသည် နောက်တစ်ဖန် နာကျင်သွားရသည်ကြောင့် ညည်းညူမိလိုက်သည်။ သို့သော်လည်း အုတ်ခဲ၏ အလေးချိန်မှာ သူ့ကိုယ်ပေါ်မှ လျော့ကျသွားပြီ ဖြစ်သည်။

လသာသာအောက်တွင် မိန်းကလေး၏ အထီးကျန်ပုံရိပ်အား မြင်တွေ့လိုက်ရသည်။

မိန်းကလေးသည် ပြုံးကာဖြင့် မြေကြီးထဲရှိ အန်လင်းအား ယုန်တစ်ကောင်သဖွယ် ဆွဲထုတ်လိုက်သည်။ သူမသည် ပျော်ရွှင်သော်လည်း အက်ကွဲစွာဖြင့် “ဘယ်လက်ရုံးရေ ငါတို့နိုင်ပြီဟ”

အန်လင်းသည် သူမ၏ အပြစ်ကင်းစင်သည့် အပြုံးလေးအားကြည့်ကာ အတင်းဖျစ်ညှစ် ပြုံးပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကျွန်တော်တို့က ပိုးဟပ်လိုမျိုး ဇွဲနဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့ပြီး ရှင်သန်ကျန်ရစ်တာကမှ အောင်မြင်မှုရဲ့ သော့ချက်ပဲ”

မိန်းကလေးသည် မျက်မှောင် ကြုတ်လိုက်ပြီးနောက် အန်လင်း၏ အနောက်ဘက်ရှိ မြေပြင်သို့ ဝမ်းနည်းစွာ ကြည့်လိုက်သည်။ “နှမျောစရာပဲ။ ငါ့ရဲ့ နန်းတော်လေးက ကြံ့ကြံ့မခံနိုင်ခဲ့ဘူး။ ပျက်စီးသွားရပြီ”

အန်လင်းသည် ပတ်ပတ်လည်အား ကြည့်လိုက်ပြီးနောက် အုတ်ကျိုးအုတ်ပဲ့များနှင့် အမှိုက်များကိုသာလျှင် မြင်လိုက်ရသည်။ နဂိုမူလရှိနေသည့် နန်းတော်လေးအား အစအနပင် မမြင်ရတော့ချေ။ သက်ပြင်းသာ ချလိုက်မိသည်။ နန်းတော်အား ဂရုမထားမိခဲ့သော်လည်း မိန်းကလေးအတွက် နေထိုင်စရာ မရှိတော့သည်ကြောင့် သနားဂရုဏာသက်မိသည်။

သူမအား နှစ်သိမ့်တော့မည့် ဆဲဆဲမှာပင် “အဆင်ပြေပါတယ်။ နောက်တစ်ခု ဆောက်လိုက်မှာပေါ့။ နန်းတော်အမှတ် ၂၄ ထွက်လာခဲ့စမ်း”

သူမ၏ သိုလှောင်လက်စွပ် အရောင်လက်သွားပြီးနောက် အန်လင်း၏အရှေ့ရှိ မြေပြင်တွင် သေးငယ်သော်လည်း လက်ရာမြောက်သည့် နန်းတော်တစ်ဆောင် ထွက်ပေါ်လာပြန်သည်။

အန်လင်း : “…”

ကောင်းပါပြီ။ သူ၏ စိုးရိမ်မှုတို့ မလိုအပ်ပုံပင်။

အန်လင်းသည် စွမ်းအင်ဖြည့်တင်း ဆေးလုံးအချို့ စားသုံးလိုက်ပြီးနောက် သူ၏အုတ်ခဲနက်အား ပြန်သိမ်းလိုက်သည်။ ထို့နောက်တွင် မိန်းကလေးအား “ဘုရင်မကြီး ကျွန်တော့်ကို ထိုးနှက်လိုက်ပါ”

မိန်းကလေးသည် သူ့အား နားမလည်နိုင်စွာဖြင့် ကြည့်လာသည်။ “ဘာလို့လဲ”

“ဘာလို့လဲဆို ကျွန်တော်ပဲ ဒီမှာကျန်တော့တာလေ။ အဲဒီတော့ သောက်တော်ရေခွက်ကို ရရင်ရ မရရင် ကျွန်တော့်ရဲ့ ရှုံးနိမ့်ခြင်း သက်သေခံကတ်ပြား အသက်ဝင်လာမှပဲ ဒီနေရာက ထွက်သွားလို့ရတော့မှာ” အန်လင်းသည် ပြုံးကာဖြင့် ရှင်းပြလိုက်သည်။

“အိုး.. ငါသိပြီ” မိန်းကလေးသည် သူမ၏မျက်နှာအား ငုံ့ကာ ရွံ့တွန့်တွန့် ဖြစ်သွားပြီးနောက် သူမအသံမှာလည်း တုန်ယင်လာသည်။ “နင်လည်းပဲ သွားတော့မှာပေါ့နော်”

အန်လင်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ကျွန်တော် ဆုပြန်ယူရဦးမယ်ဗျ။ အရမ်းနာအောင်တော့ မထိုးနဲ့။ အဲ.. အားနည်းနည်းလေးနဲ့လည်း မထိုးနဲ့ဦး။ ဘုရင်မကြီးရဲ့ အားတစ်ဝက်လောက်ဆို အဆင်ပြေတယ်။ ၅၀% လောက်ပေါ့”

သူ၏ ယိုင်နဲ့နဲ့ ခန္ဓာကိုယ်လေးသည် စွမ်းအားအပြည့်ပါသည့် လက်သီးချက်နှင့် ထိတွေ့မိပါကာ ပျက်စီးသွားနိုင်သည်။ ထို့ကြောင့် တစ်ဝက်ဆိုလျှင် အဆင်ပြေနိုင်သည်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ထိုလက်သီးချက်အား တောင့်ခံဖို့ရာ အတော်လေး စိုးရိမ်နေမိသည်။

မိန်းကလေးသည် သူမ၏ အောက်နှုတ်ခမ်းအား ကိုက်လိုက်ပြီးနောက် သူမ၏ ဦးခေါင်းထက်ရှိ သရဖူအား ဖြုတ်ယူကာ အန်လင်းအား ကမ်းပေးလိုက်သည်။

အန်လင်းသည် တုန်လှုပ်သွားပြီး သူ့မျက်စိရှေ့ရှိ သရဖူအား ကြောင်အစွာဖြင့် ကြည့်နေမိသည်။ “ဘု.. ဘုရင်မကြီး  ဒါက ဘာအဓိပ္ပာယ်လဲ ခင်ဗျ”

“ငါက ဘုရင်မလေ။ ငါ့ရဲ့ ကိုယ်ပိုင်လက်ရုံးကို ဘယ်လိုလုပ်ပြီးတော့ တိုက်ခိုက်နိုင်ပါ့မလဲ။ သရဖူကိုပဲ ယူလိုက်ပါ” မိန်းကလေးသည် ပြုံးလျက်ရှိပြီး သူမ၏ဆံပင်များမှာလည်း လွင့်လူးနေလေသည်။ သူမ၏ မျက်လုံးများမှာ ကြည်လင်ကာ ရိုးသားစစ်မှန်ကြောင်း ဖော်ပြနေသည်။

အန်လင်း၏ နှလုံးသားထဲတွင် တင်းကျပ်လာပြီး လှုပ်ရှားဖို့ရန်ပင် မေ့လျော့သွားသည်။

ဤကဲ့သို့ ဖြစ်လာရန် လုံးဝ မမျှော်လင့်ထားပေ။ သူတို့နှစ်ဦးသည် လသာသာ ကောင်းကင်အောက်တွင် တိတ်ဆိတ်စွာဖြင့် တစ်ဦးကိုယ်တစ်ဦး ကြည့်နေမိကြသည်။

မိန်းကလေးသည် ရိုးသားစွာဖြင့် မတ်တတ်ရပ်လျက်ရှိပြီး အမျိုးသားမှ အလွန်အံ့အားသင့်နေမိသည်။ သူတို့နှစ်ဦးအကြားရှိ သရဖူမှာ လရောင်အောက်တွင် တောက်ပနေလေသည်။ လေညင်းကြောင့် မိန်းကလေး၏ ဆံပင်များ လွင့်လူးနေခြင်း မရှိလျှင် ထိုမြင်ကွင်းမှာ ပန်းချီရေးဆွဲထားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

“ဒါပေမဲ့... ဘုရင်မကြီးမှာ သရဖူ မရှိရင်...”

“သရဖူမရှိလဲ ငါက နင့်ရဲ့ ဘုရင်မပါပဲ”

“ဟုတ်ကဲ့ပါ ဘုရင်မကြီး”

အန်လင်း ပြုံးလိုက်သည်။ သရဖူအား တဆတ်ဆတ်တုန်နေသည့် လက်များဖြင့် ယူလိုက်သည်။ ထိုအခိုက်အတန့်တွင် ဖြစ်ပေါ်နေသည့် သူ၏ခံစားချက်များအား ဖော်ပြဖို့ရန် လွန်စွာခဲယင်းလှသည်။

ကောင်းကင်ပြာရင်ပြင်မှ ကြည့်ရှုနေကြသူများမှာလည်း ဖန်သားပြင်ထက်မှ ပုံရိပ်အား တိတ်ဆိတ်စွာဖြင့် ကြည့်နေကြသည်။ မည်သူမျှ စကားမဆိုကြပေ။

အဖြစ်အပျက်များမှာ လွန်စွာအံ့ဩဖွယ်ရာ ဖြစ်သည်။ သို့သော်လည်း မည်သည်ကြောင့်ရယ်မသိ လွန်စွာ သဘာဝကျလှသည်။ တွန်းအားပေးခြင်း၊ ဖိအားပေးခြင်း မရှိ။ အရာအားလုံးမှာ ဖြစ်သင့်သည့်အတိုင်း လည်ပတ်နေပုံပင်။

ဒုကျောင်းအုပ် ယူဟွာသည် ဖန်သားပြင်အား မယုံနိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။ “နှစ်ပေါင်း တစ်ရာနီးပါးမှာ အမှန်တကယ် အောင်မြင်တဲ့သူ ရှိလာမယ်လို့ ဘယ်သူတွေးမိမှာလဲ”

ယူဟွာ၏ အမူအရာမှာ လွန်စွာ ရှုပ်ထွေးလျက်ရှိသည်။ တုန်လှုပ်နေမိသည်။ စိတ်လှုပ်ရှားနေမိသည်။ ထို့ထက်ပိုလွန်စွာ စိတ်လက်ပေါ့ပါးနေမိသည်။

“ဂုဏ်ယူပါတယ်။ ကောင်းကင်ဘုံပိုင်နက်မှ ရမှတ် ၅ မှတ် ရရှိပါတယ်”

ကောင်းကင်ပြာ ရင်ပြင်တစ်ဝှမ်း သူ၏အသံ ပဲ့တင်ထပ်လာပြီး အန်လင်း၏ နားထဲတွင်လည်း ရိုက်ခတ်လာသည်။

ပွဲကြည့်စင်ရှိ ပျက်ပြယ်ခြင်းအဆင့် ပုဂ္ဂိုလ်များအပါအဝင် ထိုဆုံးဖြတ်ချက်အား ငြင်းဆန်မည့်သူ မရှိပေ။ သူတို့အားလုံးသည် ဖန်သားပြင်ကိုသာ ပြောင်းလဲမှုမရှိ စိုက်ကြည့်နေမိပြီး စကားလုံးများ ပျောက်ဆုံးလျက် ရှိကြသည်။

သူတို့အတွက် တာအိုဖလှယ်ခြင်း ညီလာခံအား ကြုံတွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ရွှေသောက်တော်ရေခွက် စစ်မိစ္ဆာ၏ ကြမ်းတမ်းရက်စက်မှုနှင့် အကြင်နာကင်းမဲ့မှုတို့ကို သာလျှင် မြင်တွေ့ဖူးခဲ့ကြပြီး သူမ၏ ပြိုင်ဘက်တိုင်းကို အပြတ်အသတ် အနိုင်ယူခဲ့သည်ကိုသာလျှင် တွေ့မြင်ဖူးခဲ့ကြသည်။ သို့သော်လည်း သူမ၏ ရိုးသားစစ်မှန်မှုကို မမြင်တွေ့ဖူးခဲ့ကြပါ။

အန်လင်း၏ ခန္ဓာကိုယ်မှာ အလင်းမှုန်လေးများဖြစ်သဖြင့် ပျောက်ကွယ်လာနေပြီး သရဖူအား မိန်းကလေး၏ ဦးခေါင်းထက်သို့ ပြန်လည် ဆင်မြန်းပေးလိုက်သည်။ “မဆိုးပါဘူး။ ရမှတ် ၅ မှတ် ရချင်လို့ ဒီသရဖူလေးကို ခေတ္တငှားရမ်းခဲ့တာပါ။ ကျေးဇူးတင်ပါတယ် ဘုရင်မကြီး”

မိန်းကလေးသည် နှုတ်ခမ်းတင်းတင်းစေ့ပြီး ကြေကွဲသည့် မျက်လုံးများဖြင့် အန်လင်းအား တိတ်ဆိတ်စွာ ကြည့်နေလေသည်။

“အိုး.. ဟုတ်သားပဲ။ သွေးအရိုးစုမှာလည်း ဖုန်းတစ်လုံးရှိတယ်။ ပျင်းနေရင် သူနဲ့အတူတူ ဆော့ကြနော်” အန်လင်း၏စိတ်ထဲ အတွေးတစ်ခု ပေါ်လာသည်။

မိန်းကလေး၏ မျက်လုံးများတွင် မျက်ရည်များ ဝေ့သီလာလေသည်။ “နင်တို့နှစ်ယောက်လုံးက ငါ့ရဲ့ အစောင့်အရှောက်တွေပဲ။ ငါ့ကို မမေ့သွားကြနဲ့”

“မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ ဘယ်တော့မှ မမေ့ပါဘူး” အန်လင်း လေးနက်စွာဖြင့် ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ် ဘုရင်မကြီး”

အန်လင်း၏ မြင်ကွင်းတစ်ခုလုံး မည်းမှောင်သွားပြီးနောက် အသိစိတ်မှာလည်း ဗလာဖြစ်သွားသည်။ ထို့နောက်တွင် သူကြားလိုက်သည့် နောက်ဆုံးသောအရာမှာ နူးညံ့ညင်သာသည့် အသံလေး ဖြစ်လေသည်။

“နှုတ်ဆက်ပါတယ် အစောင့်အရှောက် အန်လင်း”

*****

All Chapters