← Chapters

ငါ့ရဲ့ ပန်းချီကားတွေကို အကဲဖြတ်ပေး

Vol. 16 Ch. 224

ငါ့ရဲ့ ပန်းချီကားတွေကို အကဲဖြတ်ပေး

Vol. 16 Ch. 224

ကောင်းကင်တွင် အရုဏ်ဦးရောင်ခြည် သန်းလာနေပြီဖြစ်ကာ တိမ်တိုက်များသည်လည်း ရွှေရောင် ရွှန်းစိုနေလေသည်။

ဒုကျောင်းအုပ် ယူဟွာသည် ကောင်းကင်ပြာရင်ပြင်မှ ကြည့်ရှုနေကြသူများအား တာအိုဖလှယ်ခြင်း ညီလာခံ၏ နောက်ဆုံးရလဒ်ကို ကြေညာလိုက်သည်။

ကောင်းကင်ဘုံ ပိုင်နက်အဖွဲ့သည် စုစုပေါင်းရမှတ် ၈၃.၇ မှတ်ဖြင့် ချန်ပီယံဆုကို ဆွတ်ခူးသွားပြီ ဖြစ်သည်။ ဗုဒ္ဓလောကမှာ ဒုတိယဖြစ်ပြီး ဧဒင်ဥယျာဉ်အဖွဲ့သည် တတိယနေရာကို ရရှိသွားသည်။ ဖန်တီးခြင်းခန်းမမှာမူ နောက်ဆုံးနေရာအား အရယူလိုက်နိုင်သည်။

ထိခိုက်ဒဏ်ရာအချို့ သက်သာလာပြီး နောက်တွင် အန်လင်း၊ ဝမ်ရွှမ်ကျန့်နှင့် လျှိုချင်ဟွမ်တို့သည် ဆုလက်ခံရန်အတွက် စင်မြင့်ထက်တွင် နေရာယူလိုက်ကြသည်။

အန်လင်းသည် ကျောင်းပြတိုက်အတွင်း ပြသထားရှိတော့မည် ဆုဖလားကို ကိုင်ဆောင်ထားပြီး အော်ဟစ် အားပေးနေကြသည့် ပရိသတ်များအား ကြည့်လိုက်သည်။ စိတ်ထဲတွင် လွန်စွာ စိတ်လှုပ်ရှားနေမိသည်။ ပြိုင်ပွဲ မစတင်မီက သူ့အနေဖြင့် ဤနေရာ၌ ရပ်တည်နိုင်မည်ဟု မတွေးကြည့်မိခဲ့ပေ။

သို့သော်လည်း ပွဲစဉ်တစ်လျှောက်လုံးတွင် ထိပ်တန်း ပြိုင်ပွဲဝင်များထဲမှ တစ်ဦးဖြစ်လာခဲ့သည်ကြောင့် ဆုဖလားအား ကိုင်မြှောက်ရာတွင် ရှက်ရွံ့မှု မခံစားရပေ။

ကောင်းကင်ပြာရင်ပြင်မှ ကျောင်းသားများအပြင် အခြားသော အင်အားကြီးများ၏ ကိုယ်စားလှယ်များသည်လည်း ဝမ်းမြောက်စွာ လက်ခုပ်ဩဘာပေးကြသည်။

ညီလာခံ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ လူငယ်မျိုးဆက်၏ အစွမ်းပကားကို ပြသရန် အခွင့်အလမ်းပေးခြင်း ဖြစ်သည်။ ရွေ့လျားနေသည့် နျူလူသား အန်လင်း၊ အင်တာနက်စွဲလမ်းသူ မဒမ်လျှိုချင်ဟွမ်၊ စံပြုလောက်စရာ ဟုန်သို တို့သည် ပွဲကြည့်ပရိသတ်များ၏ စိတ်ထဲတွင် ခိုင်မာစွာ နေရာယူလိုက်ကြပြီ ဖြစ်သည်။ သူတို့၏ ထူးချွန်ပြောင်မြောက်သည့် အပြုအမူများ အားလုံးတို့သည် ကုန်းမြေတိုက်ကြီး၏ လှည်းနေလှေအောင်း မြင်းစောင်းပါ မကျန် ပျံ့နှံ့သွားတော့မည် ဖြစ်သည်။

ရလဒ်ကြေညာပြီးသည်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား စတင်လေသည်။

ကောင်းကင်ဘုံပိုင်နက်မှာ ချန်ပီယံများ ဖြစ်သဖြင့် ချန်ပီယံဆုနှင့် ထိုက်တန်သည့် ဆုလာဘ်များ ရရှိသည်။ သို့သော်လည်း ဆုချီးမြှင့်ရန် ရောက်ရှိလာသူအား မြင်လိုက်သည့်အခါ အန်လင်းမှာ အတော်လေး အံ့အားသင့်သွားမိသည်။

ရိုးရိုးရှင်းရှင်း တာအိုဝတ်စုံနှင့် အမျိုးသမီးလေးသည် စင်မြင့်ထက်သို့ ကျက်သရေရှိစွာ တက်လှမ်းလာပြီး အန်လင်းရှေ့သို့ ရောက်ရှိလာသည်။

သူမသည် ကျက်သရေရှိ မြင့်မြတ်ခမ်းနားပြီး ပန်းချီကားထဲမှ ထွက်ပေါ်လာသည့် နတ်မိမယ်နှင့်ပင် တူလှသည်။ သူမ၏ မျက်ခုံးပါးပါးများ မြင့်တက်သွားပြီး နှုတ်ခမ်းထောင့်များ ကွေးတက်ကာ အဓိပ္ပာယ်ရှိရှိ ပြုံးလိုက်သည်။

“ကျောင်းသားအန်လင်းရဲ့ အစွမ်းသတ္တိကတော့ အတော်လေးကို ကြည့်ကောင်းလွန်းပါတယ်ရှင်” ထိုအမျိုးသမီးသည် ကျက်သရေတင့်စွာ ပြုံးလိုက်သည်။

“ဟီးဟီးဟီး ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မ ထျန်းယွီ” အန်လင်း အသိပြန်ဝင်လာပြီးနောက် ကိုးရိုးကားရားနိုင်စွာ ပြုံးလျက် ပြန်ဖြေလိုက်သည်။

ကောင်းကင်နတ်မိမယ် ထျန်းယွီသည် သူ့အား ချီကျောက်တုံး ၂၀ နှင့်အတူ စိတ်ဝိညာဉ်လက်နက်နှင့် အင်မော်တယ်ဆေးလုံးတို့ အတွက် ကူပွန်နှစ်စောင် ပေးလေသည်။ “ဆုပေးပွဲပြီးရင် ကျွန်မကို ကြိုးကြာဖြူ ဥယျာဉ်တော်မှာ လာတွေ့ပါဦးနော်”

အန်လင်းမှာ အနည်းငယ် ရှုံ့မဲ့ကာဖြင့် “ငြင်းလို့ရမလားဗျ”

“လုံးဝပဲ” ထျန်းယွီ၏ တုံ့ပြန်မှုမှ လျင်မြန်ပြတ်သားသည်။

အန်လင်းမှာ ကြိတ်မှိတ်ကာဖြင့် သက်ပြင်းချလိုက်တေ့သည်။

နတ်မိမယ် ထျန်းယွီသည် အောင်နိုင်သည့် အမူအရာဖြင့် အခြားပြိုင်ပွဲဝင်များသို့ ဆုချီးမြှင့်ရန် ထွက်ခွာသွားသည်။

ဆုပေးပွဲ ပြီးဆုံးတော့မည် ဖြစ်သည့်အတွက် အင်အားကြီးလေးရပ် တာအိုဖလှယ်ခြင်း ညီလာခံမှာလည်း အဆုံးသတ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ရှည်ကြာလွန်းလှသည့် ညီလာခံအပြီးတွင် ကိုယ်စားလှယ်များနှင့် ကြည့်ရှုနေကြသူများသည် မောပန်းစွာဖြင့် ရင်ပြင်မှ ထွက်ခွာသွားကြသည်။

အန်လင်းသည်လည်း လက်ခံရရှိသည့် ဆုလာဘ်များနှင့်အတူ ပျော်ရွှင်စွာဖြင့် ကောင်းကင်ပြာရင်ပြင်မှ ထွက်ခွာလာခဲ့သည်။

ချီကျောက်တုံး ၂၀ ရရှိပြီးသည့်နောက်တွင် သူ၏ အသားတင်ကြွယ်ဝမှုမှာ နောက်ထပ်တစ်ဖန် စိတ်ဝိညာဉ်ကျောက်တုံး ၁ သန်း ကျော်လွန်သွားပြီ ဖြစ်သည်။

ထို့အပြင် ရတနာတိုက်အတွင်းမှ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက် ထုတ်ယူခွင့်နှင့် တုန်ရွှာနန်းတော်မှ အဆင့် ၆ အင်မော်တယ် ဆေးလုံး လဲလှယ်ခွင့်တို့လည်း ရရှိလိုက်သေးသည်။ ယင်းအား တွေးမိသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားလာသည်။

မည်သို့ပင်ဖြစ်စေ ကြိုးကြာဖြူ ဥယျာဉ်တော်သို့ သွားရောက်ရမည်ဖြစ်ပြီး ထိုနေရာသည် အလွန် အန္တရာယ်များလှသည်။

အတော်လေး စိတ်မသက်မသာဖြစ်မိပြီး လင်းကျွင်းကျွင်းသည် သူ့အား ထိုနေရာသို့ မည်သည့်အတွက်ကြောင့် ဖိတ်ခေါ်ရသည်ကို မသိရှိပေ။

ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်းမှ ရရှိထားသည့် အချက်အလဲများနှင့် လဲလှယ်ရန် ရတနာများ ပြင်ဆင်ထားသည့် အတွက်ကြောင့် ဖိတ်ခေါ်ခြင်းဆိုလျှင် အဆင်ပြေလွန်းပေမည်။

ကျောက်သွားလမ်းအတိုင်း လျှောက်လှမ်းလာပြီးသည့် နောက်တွင် အဖြူရောင် ကျောက်များဖြင့် ဆောက်လုပ်ထားသည့် ဥယျာဉ်တစ်ခုအား မြင်တွေ့လိုက်ရသည်။

ဥယျာဉ်၏ဘေးတွင် ချောင်းငယ်တစ်ခုရှိပြီး လေညင်းများ တဖြူးဖြူး တိုက်ခိုက်နေသည်ကြောင့် ရေပွက်ကလေးများ ဖြစ်ပေါ်နေလေသည်။

ရိုးရှင်းစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ကြိုးကြာဖြူဥယျာဉ်ထဲ၌ တိတ်ဆိတ်စွာ ထိုင်နေလေသည်။ သူမ၏ အမူအရာမှာ အာရုံစူးစိုက်မှုနှင့် စိတ်ပိုင်းဖြတ်မှုတို့ ပေါ်လွင်နေသည်။

သူမ၏ သွယ်လျသည့် လက်ချောင်းများနှင့် စုတ်တံတစ်ချောင်းအား ကိုင်ဆောင်ထားသော်လည်း အသုံးပြုခြင်း မရှိချေ။ ထို့အစား သူမအရှေ့တွင်ရှိသည့် ပန်းချီကားကိုသာလျှင် ကြည့်နေခြင်းဖြစ်သည်။

အန်လင်းသည် ငြိမ်းချမ်း တင့်တယ်သည့် လင်းကျွင်းကျွင်းအား မြင်လိုက်သည့်အခါမှသာ စိတ်သက်သာရာ ရစွာဖြင့် သူမထံ လျှောက်လှမ်းသွားလိုက်သည်။

“ကျွန်တော်ရောက်ပါပြီ သခင်မ ထျန်းယွီ” ဥယျာဉ်အတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် သူမထိတ်လန့်သွားမည်ကို စိုးရိမ်သဖြင့် ညင်သာစွာဖြင့် ပြောလိုက်သည်။

ထိုအမျိုးသမီးသည် ခေါင်းမော့ကာဖြင့် အသာရယ်မောလိုက်သည်။ “ငါတို့ စတွေ့တော့ နင်အခုလိုမျိုး ယဉ်ကျေးတတ်တာကို မသိခဲ့ရပါလား”

အန်လင်းသည် အနည်းငယ် ကိုးရိုးကားရားနိုင်စွာဖြင့် ပြုံးလိုက်ကာ တုံ့ပြန်ခြင်းမပြုပေ။

“ဒီနေရာကို ဖိတ်ခေါ်ရတဲ့ အကြောင်းအရင်းကို သိလား” လင်းကျွင်းကျွင်းမှ ဆက်ပြောသည်။

“မသိပါဘူး ခင်ဗျ” အန်လင်းသည် ကျိုးနွံစွာဖြင့် ခေါင်းယမ်းလိုက်သည်။

သူတို့နှစ်ဦးအကြားရှိ ကွာခြားလွန်းလှသော ကျင့်ကြံခြင်းအခြေခံနှင့် အဆင့်အတန်းသည် အန်လင်းအား ဖိနှိပ်ထားလေသည်။ ထို့ကြောင့် မေးသမျှကိုသာလျှင် မယုတ်မလွတ် ပြန်ဖြေနေမိသည်။

လင်းကျွင်းကျွင်းသည် သက်ပြင်းအသာချပြီးနောက် ကြိုးကြာဖြူ ဥယျာဉ်တော်ပတ်လည်အား ချီစွမ်းအင်များဖြင့် ကာရံလိုက်သဖြင့် အရာအားလုံး ဝေဝါးသွားလေသည်။

လင်းကျွင်းကျွင်းသည် အန်လင်း၏ စိတ်ဖိစီးနေမှုအား မြင်သည့်အခါ ပြုံးကာဖြင့် ရှင်းပြလာသည်။ “ဒါက အကာအကွယ်ဝင်္ကပါ တစ်ခုပါပဲ။ နင့်ကို ဒီနေရာကို ဖိတ်ခေါ်ရတာက ငါ့ရဲ့ ပန်းချီကားတွေကို အကဲဖြတ်ပေးစေချင်လို့”

အန်လင်း ရှုံ့မဲ့သွားလေသည်။ “မနောက်ပါနဲ့ဗျ။ ပန်းချီကား အကဲဖြတ်ဖို့တဲ့လား။ ဒါဆို ဘာလို့များ အကာအကွယ်ဝင်္ကပါ လိုအပ်ရတာလဲ။ ညစ်ညမ်းပန်းချီကားတွေ မို့လို့လား”

“ဟီးဟီးဟီး” လင်းကျွင်းကျွင်းသည် ခေါင်းငုံ့လိုက်ပြီးနောက် သူမ၏ မျက်လုံးထဲတွင် ဆိုးညစ်မှုများ ယှက်သန်းလာသည်။

အန်လင်းမှာ စည်းကျော်ကာ ပြောဆိုမိသွားကြောင်း သတိပြုမိလိုက်သဖြင့် ချက်ချင်းဆိုသလို ပြောဆိုနေခြင်းအား ရပ်တန့်လိုက်သည်။

“ဒီကိုလာခဲ့။ ဒီပန်းချီကားကို ဘယ်လိုမြင်လဲ ပြောပါဦး” လင်းကျွင်းကျွင်းသည် သူမ၏ စိတ်ခံစားမှုများအား အလျင်အမြန် ဖိနှိပ်လိုက်ပြီးနောက် သူမရှေ့ရှိ ပန်းချီကားတစ်ခုအား ပြလိုက်သည်။

အန်လင်းသည် လင်းကျွင်းကျွင်း ညွှန်ပြလာသည့် ပန်းချီကားအား ကြည့်လိုက်သည်။

ထိုပန်းချီကားမှာ မီးဘောလုံးတစ်ခုဖြစ်ပြီး မီးတောက်များသည် အလွန်တောက်ပကာ အသက်ဝင်လှပြီး အစစ်အမှန် မီးတောက်များနှင့်ပင် တူလှသည်။

“ဝိုး ဒီလိုပန်းချီကားမျိုးက မိုးကောင်းကင်ကပဲ ပိုင်ဆိုင်သင့်တယ်။ လုံးဝ အနုစိတ်လွန်းတယ်” အန်လင်း ချက်ချင်းဆိုသလို ချီးကျူးစကား ပြောလိုက်သည်။

အန်လင်းသည် ကျွမ်းကျင်အကဲဖြတ် တစ်ဦး မဟုတ်သော်လည်း သူ့အား ပြသလာသည့် ပန်းချီကားများအား ချီးကျူး မြှောက်ပင့်ရခြင်းမှာ ရိုးရှင်းသော လုပ်ငန်းတစ်ရပ်သာ ဖြစ်သည်။

“သခင်လေးအန်က ကြင်နာတတ်လိုက်တာ” လင်းကျွင်းကျွင်း၏ မျက်နှာတွင် ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်လာသည်။ “ဒါပေမဲ့လည်း ကျွန်မရဲ့ အနုပညာတာအိုက အဆင့်တက်လာ ခဲ့တာကြောင့် ပန်းချီကားတွေက အစစ်အမှန်အဆင့်ကို ရောက်လာရုံလေးပါပဲ။ သခင်လေးအန် အကဲဖြတ်ပေးဖို့ အတွက် ပြမယ်နော်”

သူမပြောနေရင်းနှင့်ပင် ပန်းချီစုတ်တံအား လှုပ်ရှားလိုက်သည်။ ပန်းချီစုတ်တံထိပ်တွင် အလင်းဖျော့ဖျော့တစ်ခု ပေါ်ထွက်လာသည်။

အန်လင်း၏ နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ မြင့်တက်လာပြီး “အ.. အလျင်မလိုပါ...”

သူ၏စကား မဆုံးခင်မှာပင် လင်းကျွင်းကျွင်း၏ ပန်းချီစုတ်တံ ထိပ်ဖျားသည် ပန်းချီကားနှင့် ဆက်သွယ်မိသွားပြီးနောက် ပိတ်ကားတစ်ခုလုံး တောက်ပသည့် အလင်းများ ထွက်ပေါ်လာသည်။

ဝုန်း ...

မီးတောက်မီးလျှံများ ထွက်ပေါ်လာပြီး အန်လင်းခန္ဓာကိုယ် တစ်ခုလုံးအား ဖုံးလွှမ်းသွားတော့သည်။

ခေတ္တမျှ ကြာပြီးသည့်နောက်တွင် မည်းနက် ကျွမ်းလောင်နေသည့် အန်လင်းသည်သာ ကြောင်အစွာဖြင့် မတ်တတ်ရပ် ကျန်ရစ်ခဲ့သည်။

ပါးစပ်ဖွင့်လိုက်သည့်အခါ မီးခိုးလုံးများ ထွက်ပေါ်လာသည်။

“ကျွန်မရဲ့ ပန်းချီကားကို သခင်လေးအန် ဘယ်လိုထင်ပါသလဲရှင်” လင်းကျွင်းကျွင်းမှာ တည်ငြိမ်တင့်တယ်နေဆဲ ဖြစ်ကာ သူမ၏ အသံတွင် မည်သည့်ပြောင်းလဲမှုမျှ ရှိမနေပါ။

“နတ်မိမယ် ထျန်းယွီရဲ့ ပန်းချီကားကတော့ လုံးဝ ထိပ်တန်းအဆင့်ပါပဲဗျာ။ နက်နဲသိမ်မွေ့မှုတွေ၊ ထူးခြားလေးနက်မှုတွေ ပြည့်ဝနေပြီး မီးလျှံတွေကလည်း ပြင်းပြင်းပြပြရှိတယ် ဆိုတော့ တာအိုရှာဖွေခြင်း လမ်းစဉ်ရဲ့ အခြေခိုင်မာမှုတွေကို ထင်ဟပ်နေပါရဲ့”

အန်လင်းသည် ဦးနှောက်အား ဖျစ်ညှစ်ကာဖြင့် ရှာဖွေနိုင်သမျှ ချီးကျူးစကားလုံး အားလုံးကို စက်သေနတ်နှင့် ပစ်သကဲ့သို့ မရပ်မနား ထုတ်ဖော် ပြောလေတော့သည်။

လင်းကျွင်းကျွင်းမှာ အန်လင်း၏ ထိတ်လန့် တုန်လှုပ်နေသည့် အခြေအနေကြောင့် ထပ်မံ ပြုံးလိုက်ပြန်သည်။ “ကောင်းပါပြီ။ နောက်တစ်ခု ကြည့်တာပေါ့။ နှင်းရေခဲကမ္ဘာဆိုတဲ့ ပန်းချီကားတစ်ခုလည်း ဆွဲထားသေးတယ်။ သခင်လေး အန်က အကဲဖြတ်ပေးပါဦးရှင်”

“ခဏလေး အခုနက ပန်းချီကားကို ဆက်ပြီးတော့ အကဲဖြတ်ပါရစေဦး။ နှစ်တစ်သောင်းလောက် ကြာအောင် ပြောနိုင်ပါသေးတယ်” လင်းကျွင်းကျွင်း နောက်ထပ် ပန်းချီကားတစ်ခုအား ထုတ်ပြကာ ပန်းချီစုတ်တံ ထိပ်ဖျားနှင့် ထိခတ်လိုက်သည်ကြောင့် အန်လင်း အော်ဟစ်လိုက်သည်။

ကြိုးကြာဖြူဥယျာဉ်တော် တစ်ခုလုံး ရုတ်တရက်ဆိုသလို အေးခဲသွားတော့သည်။

“အားးးးးး”

အန်လင်းမှာ အလွန်အမင်း အေးစက်မှုကြောင့် မချိတင်ကဲဖြစ်စွာ အော်ဟစ်လိုက်သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့်ပင် သူ၏အသံမှာ ကြိုးကြာဖြူဥယျာဉ် အတွင်း၌သာ ပဲ့တင်ထပ်နေလေသည်။

လင်းကျွင်းကျွင်းသည် မည်သည့် အတွက်ကြောင့် အကာအကွယ် ဝင်္ကပါအား ခင်းကျင်းရသည်ကို နားလည် သဘောပေါက်သွားပြီ ဖြစ်သည်။ လုံးဝကို ထောင်ချောက်ဆင်ပြီး သူ့အား နှိပ်စက်ခြင်းဖြစ်သည်။

“သခင်လေးအန်ရေ ကျွန်မမှာ ဓားမော့နဲ့ဓားပျံ ဆိုတဲ့ ပန်းချီကားလည်း ရှိနေပါသေးတယ်။ အကဲဖြတ်ပေးပါဦးနော်”

“အားးးးးးးးး”

“သခင်လေးအန်ရေ အဆိပ်သင့် မိလ္လာကန်ဆိုတဲ့ ပန်းချီကားလေးကိုလည်း အကဲဖြတ်ပေးပါဦးရှင်”

“အားးးးးးးးး”

“သခင်လေးအန်ရေ...”

…

ထို့နေ့တွင် လင်းကျွင်းကျွင်းသည် မြေပြင်တွင် ညစ်ပတ်ပေရေစွာ လဲလျောင်းနေသည့် အန်လင်းအား ကြောက်ရွံ့ ထိတ်လန့်စေခြင်း၊ အရှက်တကွဲ ဖြစ်ရခြင်းတို့အား ခံစားရစေကာ အဓမ္မ နှိပ်စက်ညှဉ်းပန်းခြင်း ပြုလုပ်ခဲ့လေသည်။

******

All Chapters