← Chapters

ကြိုးကြာဖြူပန်းချီကား

Vol. 16 Ch. 225

ကြိုးကြာဖြူပန်းချီကား

Vol. 16 Ch. 225

ကြောက်မက်ဖွယ်ရာ လက်တုံ့ပြန်မှု ပြီးစီးပြီးသည့် နောက်တွင် အန်လင်းမှာ သူ၏ ကံကြမ္မာအား လက်ခံလိုက်ပြီး ဖြစ်ကာ မြေပြင်ပေါ်တွင် မျှော်လင့်ချက်မဲ့စွာဖြင့် လဲလျောင်းနေလေသည်။

အန်လင်း၏ မျက်လုံးထဲသို့ လင်းကျွင်းကျွင်း၏ လှပသည့်ပုံရိပ်လေး ထပ်မံ ရောက်ရှိလာပြန်သည်။ သူမသည် ညှို့ချက်ပြင်းသည့် အပြုံးတစ်ခု ချိတ်ဆွဲထားသော်လည်း အန်လင်း၏ မျက်လုံးထဲတွင်မူ ကောက်ကျစ်လှသည့် မိစ္ဆမ၏ အပြုံးနှင့် တူနေလေသည်။

“ကျွန်မရဲ့ ပန်းချီကားတွေက သခင်လေးအန်ကို ဖျော်ဖြေနိုင်ရဲ့လားရှင်” လင်းကျွင်းကျွင်းသည် ပြုံးလျက်နှင့် မေးလာသည်။

“သခင်မထျန်းယွီရဲ့ ပန်းချီကားတွေက အရမ်းကို အသက်ဝင်ပြီး လက်ရာ မြောက်လှပါတယ်။ သခင်မရဲ့ ပန်းချီကားတွေနဲ့ ယှဉ်နိုင်တဲ့ ပန်းချီကား မရှိတော့ပါဘူး” အန်လင်းမှာ ဆက်လက်၍ မြှောက်ပင့်စကား ဆိုနေလေသည်။

“အခုလိုကြားရတာ ဝမ်းသာမိပါတယ်ရှင်။ သခင်လေးအန်ကို အကဲဖြတ်စေချင်တဲ့ နောက်ဆုံး ပန်းချီကားချပ် ရှိနေသေးတယ်ရှင့်” သူမ၏အသံမှာ နူးညံ့သိမ်မွေ့နေပြီး ညင်သာစွာ စီးဆင်းနေသည့် စမ်းချောင်းလေးနှင့်ပင် တူလေသည်။ ထိုစကားကို ကြားသည့်အခါတွင် အန်လင်းမှာ တဆတ်ဆတ် တုန်ယင်လာတော့သည်။

ကြောက်လန့်ကာဖြင့် ထခုန်မိမတတ်ပင် ဖြစ်ရပြီး “ရှိ.. ရှိနေသေးတာလား”

လင်းကျွင်းကျွင်း၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီးနောက် “ဘာလို့လဲ။ သခင်လေးက ကျွန်မရဲ့ ပန်းချီကားတွေကို မကြိုက်ဘူးလား”

“ကြိုက်တာပေါ့။ အရမ်းကြိုက်တာ” အန်လင်းမှာ အားတင်းကာဖြင့် ပြုံးလိုက်ရသည်။ မှန်တစ်ချပ်သာ ရှိမည်ဆိုလျှင် သူ၏မျက်နှာရှိ အပြုံးမှာ မည်မျှလောက်အထိ အရုပ်ဆိုးနေမည်ကို တွေ့ရှိရမည် ဖြစ်သည်။

အန်လင်းမှာ ခက်ခက်ခဲခဲဖြင့် မတ်တတ်ရပ်လိုက်ပြီး လင်းကျွင်းကျွင်းထံ အားမပါစွာဖြင့် လျှောက်လှမ်း သွားလိုက်သည်။ သူမ၏ နောက်ဆုံးလက်ရာ ပန်းချီကားချက်သည် သူမ၏ အဆုံးသတ် နည်းစနစ် ဖြစ်ပေလိမ့်မည်။ ထိုအခြင်းအရာသည် သူ့အား အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေသည်။

သို့သော်လည်း သူ၏အရှေ့ရှိ ပန်းချီကားချပ်အား မြင်တွေ့လိုက်ရသည့် အခါတွင် နေရာမှာပင် ကြက်သေ သေသွားမိလေသည်။

ထိုပန်းချီကားမှာ တောင်တန်းများပေါ်မှ ဖြတ်သန်းကာဖြင့် ပျံသန်းလျက်ရှိသည့် ကြိုးကြာဖြူ ပန်းချီကားဖြစ်ပြီး လွန်စွာ အသက်ဝင်လှသည်။ ထိုပန်းချီကားသည် အလွန်ကျက်သရေရှိ တင့်တယ်မှုများ ထုတ်ဖော်လျက်ရှိပြီး လွန်စွာ အနုစိတ်လှပသည်။ တစ်ခုတည်းသော လိုအပ်ချက်မှာ ကြိုးကြာဖြူတွင် မျက်လုံးတစ်စုံ ရေးဆွဲထားရခြင်း မရှိသေးခြင်းပင်။

ထိုရင်းနှီးနေသည့် ပန်းချီကားအား အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ “ဒါက.. မျက်လုံးဝိုင်း ကြိုးကြာလား”

လင်းကျွင်းကျွင်းသည် အန်လင်း၏ အမူအရာကြောင့် အတော်လေး စိတ်ကျေနပ်နေသော်လည်း သူ၏ မှတ်ချက်စကားကြောင့် သူမ၏ ရင်ဘတ်ထဲ၌ တင်းကျပ်လာလေသည်။ “ဒါပေါ့။ မျက်လုံးဝိုင်း ကြိုးကြာလေ။ ရိုင်းစိုင်းတဲ့ လူတစ်ယောက်ရဲ့ နှောင့်ယှက်မှုကြောင့် ကြိုးကြာဖြူ ပန်းချီကားကနေ မျက်လုံးဝိုင်းကြိုးကြာ ဖြစ်လာရတာလေ။ အခုတော့ နောက်တစ်ကြိမ် ပြန်ဆွဲထားတာ။ အပြီးသတ်သွားတဲ့ ပန်းချီကားက ဘယ်လိုပုံဆိုတာ သခင်လေးအန်ကို ပြချင်လို့ရှင့်”

“အာာာ” အန်လင်းသည် လင်းကျွင်းကျွင်း၏ စကားများအား နားမလည်နိုင်စွာ ရှိနေသော်လည်း သူ၏စိတ်ထဲတွင် ထင်မြင်ချက်များ ပေါ်လာသည်။

လင်းကျွင်းကျွင်းသည် သူမ၏ ပန်းချီစုတ်တံဖြင့် ပန်းချီကားအား အသာထိတွေ့ကာဖြင့် ကြိုးကြာဖြူအား မျက်လုံးတစ်စုံ တပ်ဆင်ပေးကာ အဆုံးသတ်လိုက်သည်။

ကြိုးကြာဖြး၏ ဦးခေါင်းတွင် တောက်ပရွှန်းစို အသက်ဝင်လှသည့် မျက်လုံးများ ပေါ်လာသည်။

ချက်ချင်းဆိုသလို သူတို့၏ပတ်လည်တွင် ချီစွမ်းအင်များ အပြင်းအတန် စုဝေးလာပြီး ပန်းချီကားအတွင်းမှ အဖြူရောင်မြူခိုးများ ထွက်ပေါ်လာသည်။

အန်လင်းသည် တောင်တန်းများအား မြင်တွေ့လိုက်ရပြီး ဥယျာဉ်ငယ်အတွင်း ပျံသန်းနေသော ချိုသာလှသည့် ကြိုးကြာအော်သံကို ကြားလိုက်ရသည်။

ပန်းချီကားချပ်မှ အဖြူရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာည်။ ရှည်သွယ်ကာ နှင်းကဲ့သို့ ဖြူဖွေးနေသည့် ခန္ဓာကိုယ်၊ ကျယ်ပြန့်ပေါ့ပါးသည့် အတောင်ပံတစ်စုံ၊ မာန်ဝင့်ကြော့ရှင်းသည့် လည်တိုင်ရှည်နှင့် ကြီးမားတက်ကြွသည့် မျက်လုံးများနှင့် ယင်းပုံရိပ်မှာ လွန်စွာလှပသည်။

အန်လင်းသည် မျက်လုံးဝိုင်းဝိုင်းနှင့် ကြိုးကြာဖြူအား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။ တုန်လှုပ်ချောက်ချားမှုကြောင့် တိတ်ဆိတ်သွားလေသည်။

အန်လင်း၏ အမူအရာကြောင့် လင်းကျွင်းကျွင်းမှာ အလွန်ကျေနပ်ပီတိဖြစ်လျက် ရှိသည်။ ဤပြီးပြည့်စုံလှသည့် ပန်းချီကားမှာ သူမ၏ ဝှက်ဖဲဖြစ်လေသည်။ အန်လင်းသည် သူမ၏ ပန်းချီကားအား ဖျက်ဆီးပစ်ခဲ့သည်တဲ့လား။ ကောင်းပြီ။ ဤပန်းချီကားသည် အန်လင်းမျက်နှာအား ဖြတ်ရိုက်ဖို့ရာ အကောင်းဆုံးနည်းလမ်း ဖြစ်လေသည်။

လင်းကျွင်းကျွင်းသည် ကြိုးကြာဖြူအား ခေါင်းမော့ကာဖြင့် ကြည့်လိုက်ပြီး သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလျက်ရှိသည်။

သို့သော်လည်း များမကြာမီတွင် သူမ၏အပြုံးများ ရပ်တန့်သွားသလို ချယ်ရီပန်းဖူးနှင့်တူသည့် နှုတ်ခမ်းလေးများမှာလည်း အနည်းငယ် ပွင့်ဟလာသည်။ သူမ၏ ဥယျာဉ်အတွင်း ပျံသန်းလျက်ရှိသည့် ကြိုးကြာဖြူအား မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။

ကြိုးကြာဖြူတွင် ကြီးမားတက်ကြွသည့် မျက်လုံးတစ်စုံ ရှိသည်။ မှန်သည်။ ယင်း၏ မျက်လုံးများသည် ၎င်း၏ ဦးခေါင်းထက်ပင် ကြီးမားနေလေသည်။

ယင်း၏ ကြီးမားလှသော မျက်လုံးများသည် အနက်ရောင် ဖရဲသီးနှစ်လုံးနှင့်တူပြီး ရယ်ရွှင်ဖွယ်ရာ အနေအထားဖြင့် ပျံသန်းနေလေသည်။

အန်လင်း၏နှုတ်ခမ်းများ ပြင်းပြင်းထန်ထန် တုန်ရီလာပြီး သူ၏မျက်နှာမှာလည်း နီမြန်းလာသည်။ ဟုတ်သည်။ ရယ်ချင်စိတ်အား ဖိနှိပ်နိုင်အောင် ကြိုးစားနေခြင်းဖြစ်သည်။

မရယ်နဲ့ မရယ်နဲ့..။

လင်းကျွင်းကျွင်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် ယိမ်းယိုင်လာပြီး ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအား ခံစားလိုက်ရသည်။ “ဒီပုံက ငါ့နှလုံးသားထဲက ထွက်ပေါ်လာတာလေ။ ဒီမျက်လုံးဝိုင်းကြိုးကြာက ငါ့နှလုံးသားရဲ့ ပုံရိပ်လေ။ ငါ့ရဲ့ တာအိုနှလုံးသားက ဒီလိုမျိုး မကျိုးပြတ်သွားနိုင်ဘူး”

ပလုံ …

အဆုံးတွင် ထိုမျက်လုံးကြီးများသည် ယင်းတို့၏ အလေးချိန်ကို မထိန်းနိုင်တော့သည်ကြောင့် ကြိုးကြာဖြူ၏ ဦးခေါင်းထက်မှ မြေပြင်ပေါ်သို့ တုန်ယင်စွာ ပြုတ်ကျလာလေသည်။

ကြိုးကြာဖြူမှာလည်း မင်များအဖြစ်သို့ ပြောင်းလဲသွားပြီး မျက်လုံးကြီးများသာလျှင် ကျန်ရှိခဲ့သည်။ ထိုမျက်လုံးများသည် အန်လင်းအား ဝေ့ဝဲကာဖြင့် ကြည့်လာသည်။

ထိုမျက်လုံးများသည် အလွန်အမင်း အသက်ဝင်လှပြီး အန်လင်းအား အပြစ်ကင်းစွာဖြင့် ကြည့်နေကြသည်။

“ဘွားဟားဟားဟား” အန်လင်းမှာ ရယ်ချင်စိတ်အား မထိန်းနိုင်တော့သည်ကြောင့် မျက်လုံးကြီးများအား လက်ညှိုးထိုးကာဖြင့် အော်ဟစ် ရယ်မောလေတော့သည်။ “အဲဒါတွေကမှ ခန္ဓာကိုယ်မဟုတ်လား။ ဟားဟားဟားဟား”

ထိုသို့ရယ်မောနေရင်းနှင့် သူ၏ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ယင်လာလေသည်။

သတ်ဖြတ် လိုစိတ်တွေပါလား။

လင်းကျွင်းကျွင်းအား မော့ကြည့်လိုက်သည့်အခါတွင် အဘက်ဘက်မှနေ လက်သီးချက်များ ဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။

ဘုန်း

ဒိုင်း

ခွမ်း

ဖြောင်း

ခွပ်

တစ်ဖက်သတ် ရိုက်နှက်ခံရပြီးသည့် နောက်တွင် အန်လင်းသည် နှာခေါင်းမှ သွေးများစီးကျကာဖြင့် ဖူးယောင်နေသည့် မျက်နှာနှင့် မြေပြင်ပေါ်တွင် လဲကျနေလေသည်။ ထပ်မံရယ်မောနိုင်စွမ်း မရှိတော့ချေ။

လင်းကျွင်းကျွင်းသည် လက်နှစ်ဖက်အား ခါလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုအား နားလည်လိုက်ရသည်။

လက်သီးသုံးပြီး ဖြေရှင်းခြင်းမှာ လွန်စွာဆီလျော်လှပြီး စိတ်ကျေနပ် ပီတိဖြစ်ဖွယ်ပင်။

…

…

အချိန်အတော်ကြာပြီးသည့် နောက်တွင် အန်လင်းသည် ဆေးအချို့ ပွတ်လိမ်းပြီးနောက် အနည်းငယ် ပြန်လည် သက်သာလာခဲ့သည်။ ထို့နောက်တွင် လင်းကျွင်းကျွင်းနှင့် လုပ်ငန်းကိစ္စများ စတင်ဆွေးနွေးတော့သည်။

“ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်းကနေ ရရှိခဲ့တဲ့ အချက်အလက်တွေ အကြောင်း ပြောကြတာပေါ့။ ရှိသမျှ အချက်အလက် အကုန်ယူမယ်” လင်းကျွင်းကျွင်းသည် ဒေါသအနည်ထိုင်သွားပြီ ဖြစ်သဖြင့် စကားစပြောလာသည်။

အန်လင်း၏မျက်လုံးများ အရောင်လက်လာသည်။ သူ၏ ကြွယ်ဝမှုတို့ တိုးမြင့်ချိန်တန်ပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

အန်လင်း၏ အမူအရာကို မြင်လိုက်သည့်အခါ လင်းကျွင်းကျွင်း၏ နှလုံးသားလေး တသိမ့်သိမ့် တုန်လာပြီး မြန်မြန်ဆန်ဆန်ပင် မေးခွန်းထုတ်လိုက်သည်။ “ခဏလေး.. အမ်.. နင့်မှာ ဘယ်လောက်လောက် ကျန်နေသေးလဲ”

အန်လင်းသည် မေးအားပွတ်ကာဖြင့် ခေတ္တမျှ စဉ်းစားလိုက်သည်။ “အာ.. တစ်ခါမှ မရေဖူးဘူးဗျ။ ပုံစံတွေ၊ ဝင်္ကပါတွေ၊ သုတေသန စာတမ်းတွေ၊ စက်ပုံကြမ်းတွေ အားလုံး တစ်ရာကျော် နှစ်ရာဝန်းကျင်လောက် ရှိမယ်”

“နောက်ထပ် တစ်ရာကျော် နှစ်ရာဝန်းကျင် ဟုတ်လား။ ဘယ်.. ဘယ်လိုလုပ်ပြီး အဲဒီလောက် ရှိနေရတာလဲ။ ညွှန်ကြားသူကို ခိုးလာတာတော့ မဟုတ်ပါဘူးနော်။ ဟုတ်လား” လင်းကျွင်းကျွင်းသည် ထိတ်လန့်ကာဖြင့် ဆိုလေသည်။

“အိုးးး နိုးးး မဟုတ်ပါဘူး။ အဲလောက်လည်း မရခဲ့ပါဘူး။ ညွှန်ကြားသူဆီက အချက်အလက် တစ်ဝက်လောက်ပဲ ရသေးတာကို ကန်ထုတ် ခံလိုက်ရတယ်လေ” အန်လင်း ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်”

လင်းကျွင်းကျွင်း : “…”

“အဲဒီတော့ အကုန်ယူမှာ မဟုတ်လား” အန်လင်း မေးလိုက်သည်။

အင်မော်တယ် လောက၏ အသက်အငယ်ဆုံးသော တိုင်ကွန်းတစ်ဦး ဖြစ်လာမည်ကို မြင်ယောင်နေမိသည်။ ထိုအတွေးအား အကောင်အထည် ဖော်လာရန် အနည်းငယ် ကြိုးစားရပေဦးမည်။

“အာာာာ” လင်းကျွင်းကျွင်း အကြည့်လွှဲလိုက်သည်။ “ဒီနေ့ ရာသီဥတုလေးက ကောင်းလိုက်တာ”

“အင်း ဒီနေ့ ရာသီဥတုက တကယ်ကို မဆိုးဘူး” အန်လင်းသည် ခေါင်းညိတ်လိုက်ပြီးနောက် မေးခွန်းဆက်လေသည်။ “ကျွန်တော့်မှာရှိတဲ့ အချက်အလက်တွေ အကုန်ယူမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အခုပြောမယ်နော်”

လင်းကျွင်းကျွင်းနှုတ်ခမ်းများ အမည်းငယ် တွန့်ကွေးသွားပြီးနောက် သူမ၏ သိုလှောင်လက်စွပ် အတွင်းမှ ချီကျောက်တုံး ၃၂၀ အား ထုတ်ယူလိုက်သည်။ ထို့နောက်တွင် လည်ချောင်းရှင်းကာဖြင့် “အရင်ဆုံး ဝင်္ကပါ အခု ၄၀ ပေး”

ဝင်္ကပါ အခု ၄၀ လား။ အဲဒါဆို တစ်ခုကို စိတ်ဝိညာဉ် ကျောက်တုံး ရှစ်သောင်းပေါ့။

အန်လင်းသည် ယခင်က လဲလှယ်ခဲ့သည် ရတနာများအကြောင်း ပြန်တွေးမိလိုက်သည်။ ဤတစ်ကြိမ်တွင် လင်းကျွင်းကျွင်း ကမ်းလှမ်းသည့် ဈေးနှုန်းမှာ အမှန်တကယ် မဆိုးလှချေ။ ပြီးခဲ့သည့် တစ်ခေါက်ကထက်စာလျှင် အနည်းငယ် ပိုကောင်းလာပေသည်။

အန်လင်းသည် ဝင်္ကပါ အခု ၄၀ အား ဆွဲသားကာဖြင့် လင်းကျွင်းကျွင်း ပေးလိုက်ပြီးနောက် ချီကျောက်တုံး ၃၂၀ အား ဝမ်းမြောက်စွာဖြင့် လက်ခံလိုက်သည်။ ထို့နောက်တွင် မျှော်လင့်ချက် အပြည့်ဖြင့် လင်းကျွင်းကျွင်းအား ကြည့်လာသည်။

“ဘာလို့ လာကြည့်နေတာလဲ” လင်းကျွင်းကျွင်း၏ ကြွေရုပ်သဏ္ဌာန် မျက်နှာလေးတွင် ရှက်သွေးဖြာလာသည်။

“ကျွန်တော့်မှာ ပုံစံတွေ၊ သုတေသနစာတမ်းတွေ၊ စက်ပုံကြမ်းတွေ ရှိနေသေးတယ်ဗျ။ သခင်မ ထျန်းယွီ ဘယ်လောက် လိုချင်ပါသေးသလဲ” အန်လင်းသည် သူမအား မျှော်လင့်တကြီးဖြင့် ဆက်ကြည့်နေလေသည်။

လင်းကျွင်းကျွင်း : “…”

မယူတော့ဘူးလို့ ပြောလို့ရလား။ လင်းကျွင်းကျွင်းမှာ ပုံလျက်သား လဲကျမိချင်လာသည်။

သူမကမ်းလှမ်းသည့် ပမာဏသည် အန်လင်းအား တုန်လှုပ်သွားစေနိုင်မည်ဟု တွေးထင်မိခဲ့သည်။ သို့သော်လည်း မျှော်လင့်မထားမိသည်မှာ အန်လင်းထံတွင် ထိုမျှလောက် များပြားသည့် အချက်အလက်များ ရှိနေလိမ့်မည်ဟုပင်။ ထိုသို့သာ ဆက်ဖြစ်နေမည်ဆိုလျှင် သူမအနေဖြင့် နောက်တစ်ကြိမ် အရှက်ရပေလိမ့်မည်။

“အိုးးး ဒီနေ့ရာသီဥတုလေးက တကယ်ကို ကောင်းနေတာပဲ”

“အခုနကလည်း အဲဒါကို ပြောပြီးပြီလေ သခင်မ ထျန်းယွီ။ ဒီနေ့ ရာသီဥတုက တကယ်ကို ကောင်းမွန်နေတာ။ ဒါပေမဲ့လည်း စီးပွားရေးကိစ္စလေး ပြန်ပြော....”

“ဒီနေ့ရာသီဥတုက အရမ်း ကောင်းနေတော့လည်း အပန်းဖြေ လမ်းလျှောက်ရသေးတာပေါ့”

လင်းကျွင်းကျွင်းသည် အန်လင်းထံမှ တုံ့ပြန်ချက်ကိုပင် မစောင့်တော့ပဲနှင့် ချက်ချင်းဆိုသလိုပင် အကာအကွယ် ဝင်္ကပါအား ပြန်ရုပ်သိမ်းပြီးနောက် လေထဲတွင် ပျံသန်း ထွက်ခွာသွားတော့သည်။

“ကျွန်တော့်ဆီမှာ ကျန်နေသေးတဲ့ အချက်အလက်တွေ အတွက်ကော” အန်လင်း အော်မေးလိုက်သည်။

“နောက်တစ်ကြိမ် အတွက် သိမ်းထားလိုက်”

လင်းကျွင်းကျွင်း၏ နူးညံ့သည့် အသံလေးမှာ ထွက်ပြေးနေသည့် ပုံရိပ်နှင့်အတူ ပျောက်ကွယ်သွားလေသည်။

အန်လင်းသည် သူမအား ကြောင်အစွာဖြင့် ရပ်ကြည့်နေမိသည်။

ထို့နောက်တွင် စိတ်ပျက်စွာဖြင့် ခေါင်းယမ်းလိုက်မိသည်။

“ဟူးး စိတ်ဝိညာဉ် ကျောက်တုံး ၃.၂ သန်းပဲ ရလိုက်တယ်။ ဒီနေ့မှာ စိတ်ဝိညာဉ်ကျောက်တုံး ၁၀သန်းလောက် ရဖို့မှန်းထားတာ။ အဲဒါမှ ကောင်းကင်နတ်မိမယ် ချန်အယ်ကို အကြွေးပြန်ဆပ်နိုင်မှာ”

အခြားသူများကို ပြောမပြနိုင်သည့် အချက်အလက်အချို့ အပြင် သူ့ထံတွင် လဲလှယ်နိုင်သည့် အချက်အလက်ပေါင်း ၁၃၀ ရှိနေသေးသည်။ နောက်တစ်ကြိမ်တွင် သခင်မထျန်းယွီသည် ယခုထက် ပိုများသည့် စိတ်ဝိညာဉ် ကျောက်တုံးများ ယူလာဖို့ရန်သာ မျှော်လင့်မိတော့သည်။

*****

All Chapters