သူရဲကောင်းတစ်ယောက် ချောင်ပိတ်မိခြင်း
Vol. 44 Ch. 599
ဘီး
ကျောက်စိမ်းဖြူရင်ပြင်သည် လင်းထိန်လာပြီး အလယ်ရှိ ပို့ဆောင်ရေး အစီအရင်က ရှီဖေးနှင့် ကျန်သည့်နှစ်ဦး ဒုတိယအဆင့်ကို ဖြတ်ကျော်သွားတာကို ချက်ချင်း ပြသနေလေ၏။ သူတို့သည် ပထမအဆင့်ကို ဖြတ်ကျော်ပြီးနောက် မရပ်မနားသော အင်အားဖြင့် ဒုတိယအဆင့်ကို ဖြတ်ကျော်ရန် အချိန်ခြောက်နာရီခန့်သာ ယူခဲ့ရသည်။ လူတိုင်းက ဂုဏ်သတင်းကြီး မျိုးနွယ်စုများမှ သခင်လေးများနှင့် သခင်မလေးများ၏ မယှဉ်သာသော ကွဲပြားမှုကို မျက်မြင်တွေ့လိုက်ရသည်။
သူတို့အားလုံး အဆင့်ကျော်ဖြတ်ချိန်တွင် ကျောက်စိမ်းဖြူရင်ပြင်က စိတ်လှုပ်ရှားမှုတို့ဖြင့် စည်ကားလာပြန်၏။ ရီချန်းဦးဆောင်နေပြီးနောက် အတော်ကြာ တိတ်ဆိတ်နေပြီး နောက်တစ်ဆင့်အတွက် တက်သွားသော သတင်းမကြားရပေ။ သူမက တတိယအဆင့်တွင် ပိတ်မိနေသေးတာ သိသာနေပေ၏။ ကျန်းရီအကြောင်းကိုမူ မည်သူမှ တွေးမနေကြတော့ချေ။ အချိန်အတော်ကြာပြီး မည်သည့်သတင်းမှ မရရှိလေရာ သူသည် ဝိညာဉ်ဝါးမျိုမိချောင်းများ၏ လက်ထဲတွင် သေပြီဟုသာ သူတို့အားလုံး ယူဆလိုက်ကြ၏။
ကျန်းရီ၏ အမည်ကို ဤလောကတွင် မသိကြပေ။ ထို့ကြောင့် သူသည် ထိုမဟာမျိုးနွယ်စုများမှ မျိုးဆက်တစ်ဦး မဟုတ်တာ သေချာသည်။ သူ၏ခွန်အားက ဗာဂျရာနယ်ပယ် ပထမအဆင့်တစ်ဝိုက်သာ ရှိပေမည်။ သူက ကံကောင်းပြီး ပထမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့လျှင်တောင် သူတို့ရင်ထဲ၌ သူ့ကို အထင်သေးမှု ရှိနေသေးဆဲဖြစ်သည်။
“လာ လာ လောင်းကြလေ။ တတိယအဆင့်ကို ပထမဆုံး ကျော်ဖြတ်နိုင်မဲ့လူက ဘယ်သူလဲဆိုတာ လောင်းလိုက်ရအောင်”
“သခင်မလေးရီချန်းဘက်ကို လောင်းတယ်။ ရီသခင်မလေးက အချိန်အတော်ကြာထိ တတိယအဆင့်မှာ ရှိနေတာ ထွက်ပေါက်ကို ရောက်နေလောက်ပြီ။ ရီသခင်မလေးနိုင်မှာ သေချာတယ်”
“ဟား ဟား ဒီလိုမဟုတ်လောက်ဘူး။ ရီသခင်မလေးက ဘာသတင်းမှ မကြားဘဲ ဒီလောက်ကြာနေပြီ ပြဿနာတစ်ခုခု ကြုံတွေ့နေတာပဲ ဖြစ်ရမယ်။ သခင်လေးရှီဖေးဘက်မှာ လောင်းမယ်”
“ကျန့်သခင်လေးဘက်မှာ လောင်းမယ် ဟား ဟား အမှန်အတိုင်း ပြောလိုက်မယ်။ ကျန့်သခင်လေးက နှစ်တစ်သောင်းမှာ တစ်ယောက်ပဲ ပေါ်ပေါက်လာနိုင်တဲ့ အစစ်အမှန် နက္ခတ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့လူပဲ။ မင်းတို့သူ့ကို မမြင်ကြဘူးလား။ အရင်တုန်းက အရှေ့ပိုင်း တော်ဝင်နယ်မြေကို အုပ်စိုးဖို့အတွက် ဓားဧကရာဇ်က ဝိညာဉ်ချိတ်ပုလွေကို သုံးခဲ့တယ်။ အဲဒါက အတုအယောင် နတ်ဘုရားလက်နက်ဖြစ်ပြီး ဒီလောကထဲက ထိပ်တန်းအဆင့် လက်နက်ဆယ်မျိုးထဲက တစ်မျိုးလည်းဟုတ်တယ်။ ဒီလောက်အစွမ်းထက်တဲ့ လက်နက်နဲ့ ကျန့်သခင်လေးက အခက်အခဲ အားလုံးကို ကျော်လွှားပြီး နဂါးညှိုးရော်မြက်နဲ့ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းကို ရလောက်တယ်”
“ငါ့ရဲ့နတ်သမီးလေး သခင်မလေး ရို့ပင်းဘက်မှာပဲ လောင်းမယ်”
အပြင်ဘက်ရှိ လူများက ပျင်းရိလွန်းနေရာ သူတို့က လောင်းကြေးများ စထပ်ကြတော့သည်။ ဖေးချီနှင့် ဖေးထျန်းကလည်း အတော်ပျင်းရိနေလေ၏။ သူကငြိမ်းငြိမ်းချမ်းချမ်း မကျင့်ကြံနိုင်တော့ဘဲ ဖေးချီက မတ်တပ်ထရပ်ပြီး ပြောလိုက်တော့၏။
“အားလုံးပဲ ဖေးချီက ဒီနယ်မြေရဲ့ အခမ်းအနားမှူးအဖြစ် သတ်မှတ်လို့ရပါတယ်။ ကျူပ်ကိုဘာကြောင့် အခမ်းအနားမှူး ဖြစ်ခွင့်မပေးလဲ။ ဘာမှထပ် ပြောမနေနဲ့တော့။ ကောင်းကင်ဘုံ ကျောက်တုံးနှစ်သောင်း အနည်းဆုံး ပေးနိုင်တယ်။ အားလုံးပဲ လောင်းကြေးသာ ထပ်လိုက် ဖေးချီက သူ့ရဲ့လောင်းကြေးကို ဘယ်တော့မှ ပြန်ပြင်မှာ မဟုတ်ဘူး”
ထျန်း ထျန်း
အစက လောင်းနေကြသည်က စနောက်နေခြင်းသာ ဖြစ်သော်ငြား ယခုဖေးချီ ဝင်ပါလာပြီဖြစ်ရာ လေးနက်သည့် လောင်းကစား ဖြစ်သွားတော့သည်။ ဖေးချီသည် နတ်မြင်းပျံ အင်ပါယာ၏ အကြီးဆုံး တော်ဝင်မင်းသားဖြစ်ပြီး ဖေးမျိုးနွယ်စု၏ ဆက်ခံသူလည်းဖြစ်သည်။ သူ့တွင် အလွန်မြင့်မားသော အဆင့်အတန်းရှိပြီး တိုက်ခိုက်ခြင်းအတွက် ကောင်းကင်ဘုံ ကျောက်တုံးနှစ်သောင်းကို ချက်ချင်းချထားသည်။ လူတိုင်းက စိတ်ဓာတ် တက်ကြွလာပြီး ပတ်ဝန်းကျင်က အလွန်စိတ်လှုပ်ရှားမှုတို့ ပြည့်နေလေ၏။
ဖေးထျန်းကလည်း စိတ်ဝင်စားလာပြီး လက်မြှောက်ကာ ပြောလိုက်တော့သည်။
“ငရဲအဆင့် ခက်ခဲမှုကကောင်ကို လောင်းချင်တဲ့လူများ ရှိလား။ ကျုပ်ဘာသာကျုပ် ကိုယ်တိုင်လောင်းချင်တယ်။ သူဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ငါးဆပေးမယ်။ သူတတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ဆယ်ဆပေးမယ်။ စတုထ္တအဆင့်အတွက် အဆနှစ်ဆယ်။ ပဉ္စအဆင့်အတွက် အဆငါးဆယ်ပေးမယ်။ သူသာနဂါးညှိုးရော်မြက်ကို ရခဲ့မယ်ဆိုရင် အဆတစ်ရာပေးမယ်။ ဘယ်လိုလဲ”
ထျန်း
ရင်ပြင်တစ်ခုလုံး ဆူညံသွားတော့သည်။ ဖေးထျန်း၏ လျော်ကြေးငွေက မြင့်မားလွန်းနေပြီး လူတိုင်းကို မက်မောစေသည်။ ကျန်းရီသာ နဂါးညှိုးရော်မြက်ကို ရသွားလျှင် ကောင်းကင်ဘုံ ကျောက်တုံးတစ်ရာက ကောင်းကင်ဘုံ ကျောက်တုံးတစ်သောင်းအဖြစ် ပြောင်းလဲသွားပေမည်။ ယင်းက ထိုက်တန်သည့် အပေးအယူတစ်ခု ဖြစ်သည်။
လူများစွာက ကျန်းရီသည် ဒုတိယအဆင့်ကိုတောင် မကျော်ဖြတ်နိုင်ဟု တွေးမိကြသော်ငြား သူတို့က ကံကောင်းရန် မျှော်ကိုးပြီး လောင်းကြေးထပ်ခဲ့သေးသည်။ သို့သော် များများစားစား မလောင်းဘဲ အလွန်ဆုံးမှ ကောင်းကင်ဘုံကျောက်တုံး တစ်ဒါဇင် ကောင်းကင်ဘုံကျောက်တုံး တစ်ရာဝန်းကျင်သာ လောင်းတော့သည်။ ရလဒ်အနေဖြင့် စုစုပေါင်း လောင်းကြေးက ကောင်းကင်ဘုံကျောက်တုံး တစ်ရာကျော်သွားတော့သည်။
ဖေးချီက မျက်မှောင်ကြုတ်လျက် အနည်းငယ် စိတ်မကျေမနပ် ဖြစ်သွားလေ၏။ ဖေးထျန်းပြောပြီးပြီ ဖြစ်သောကြောင့် သူ မငြင်းနိုင်တော့ပေ။ ငြင်းလိုက်လျှင် ဖေးထျန်၏ ဂုဏ်သိက္ခာကို ထိခိုက်သွားစေမည်။ ဖေးချီက သတင်းစကားသာ ပို့လိုက်တော့၏။
“ဖေးထျန်း မင်းကမူးရှုးထိုး နိုင်လွန်းတယ်”
ဖေးထျန်းက စိတ်ထဲမထားဘဲ အသံပြန်ပို့လိုက်တော့သည်။
“အစ်ကိုကြီး အဲဒီကောင်နဲ့ကျွန်တော် တိုက်ကွက်ဖလှယ်ဖူးတယ်။ သူ့ရဲ့ခွန်အားက ထူးဆန်းတယ်ဆိုပေမဲ့ ပြိုင်ဘက်ကင်းတာတော့ မဟုတ်ဘူးလေ။ သူဒုတိယအဆင့်ကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော့်ကိုယုံ”
“သဘောပေါက်ပြီ”
ဖေးထျန်းက ခေါင်းညိတ်ပြီး ဘာမှမပြောသော်ငြား သူ့ရင်ထဲတွင် ပူပန်နေသေးသည်။ ကျန်းရီသာ ကောင်းကင်ကို ဖီဆန်ပြီး နဂါးညှိုးရော်မြက်ကို ရသွားခဲ့လျှင် သူတို့ဖေးမျိုးနွယ်စုသည် ကောင်းကင်ဘုံကျောက်တုံး တစ်သိန်းကျော် လျော်ရပေလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့ပါက သူ့အဖေ သွေးအန်သွားလောက်သည်။
ကျန်းရီသည် ဖြည်းဖြည်းချင်း အဆင့်တက်လေရာ ကောင်းကင်ကို ဖီဆန်နေခြင်း မရှိပေ။ ဤနှုန်းအတိုင်း သွားနေလျှင် ဒုတိယအဆင့်သို့ရောက်ရန် အနှစ်၂၀ကြာ လိုအပ်လောက်၏။
သူ၏မျက်နှာထက်တွင် လောနေသည့် အရိပ်အယောင်မရှိ။ သူက မိုးနှင့်မြေ တစ်သားတည်း ဆန်းကြယ်သည့် အခြေအနေထဲ၌ ဝင်ရောက်နေကာ ခန္ဓာကိုယ်ကို ကျက်သရေရှိရှိ မျှောလွင့်နေတော့သည်။ သူ၏လက်ကလည်း ဝှေ့ယမ်းလျက် ပေါ့ပေါ့ပါးပါး လွှဲယမ်းနေလေ၏။
မီးဝိညာဉ်ပုလဲကလည်း ဖြတ်ခနဲပေါ်လာပြီး တစ္ဆေမီးလျှံများစွာ ပေါ်လာလေ၏။ သူ၏လက်က တစ္ဆေမီးလျှံများကို နတ်ဆိုးဆီ လျင်မြန်စွာ ခွဲလိုက်တော့သည်။ ပြီးနောက် လှုပ်ရှားနေပြီး တစ္ဆေမီးလျှံများက အသွင်ပြောင်းကာ သေးငယ်သော မီးမြွေနှစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
ချီ ချီ
လက်များလှုပ်ရှားမှုဖြင့် မီးမြွေနှစ်ကောင်သည် ဝိညာဉ်ဝါးမျို မိချောင်းနှစ်ကောင် ရှိနေသည့်နေရာဆီသို့ တိုးဝင်သွားကြသည်။ တစ္ဆေမီးလျှံနှစ်ခုက ဝိညာဉ်ဝါးမျို မိချောင်းနှင့် တိုက်မိသွားချိန်တွင် ဝိညာဉ်ဝါးမျို မိချောင်းက လျင်မြန်စွာ ကျုံ့သွားပြီး ပျောက်ကွယ်သွားတော့၏။
ငါအောင်မြင်ပြီ။
ကျန်းရီက ပျော်ရွှင်သွားတော့သည်။ လေးနာရီကြာ လေ့လာပြီးနောက် နောက်ဆုံးတွင် ဝိညာဉ်ဝါးမျို မိချောင်းများကို အသုံးပြုရန် ဖြေရှင်းနိုင်သည့် သိုင်းပညာရပ်တစ်မျိုးကို ထုတ်ဖော်နိုင်ခဲ့သည်။ မူလက သူသည် ဝိညာဉ်ဝါးမျို မိချောင်းတစ်ကောင်ကို ဖြေရှင်းရန်အတွက် တစ္ဆေမီးလျှံသုံးစု သုံးရပေမည်။ မိုးနှင့်မြေ တစ်သားတည်း အခြေအနေသို့ ဝင်ရောက်ပြီးနောက် တစ်စုသာ လိုအပ်တော့သည်။ ယခုသူက သိုင်းပညာရပ်တစ်ခု ဖန်တီးခဲ့ရာ တစ္ဆေမီးလျှံတစ်စုဖြင့် ဝိညာဉ်ဝါးမျိုမိချောင်းနှစ်ကောင်ကို အမှန်တကယ် သတ်ဖြတ်နိုင်၏။
သူ့၌ တစ္ဆေမီးလျှံ တစ်ထောင်ကျော် ကျန်နေသေးသည်။ မီးလျှံတစ်စုက သတ္တဝါနှစ်ကောင်ကို သတ်ဖြတ်နိုင်မည်ဆိုလျှင် အနည်းဆုံးတော့သူသည် ဝိညာဉ်ဝါးမျိုမိချောင်း အကောင်နှစ်ထောင်ကို သတ်ဖြတ်နိုင်မှာပဲဖြစ်သည်။ သူ၏လက်ရှိနှုန်းကို ထိန်းထားမှသာ ရပေမည်။ အမြန်ဆုံးအရှိန်ဖြင့် သွားနေပါက မိနစ်သုံးဆယ် မပြည့်မှီ၌ တစ္ဆေမီးလျှံများအားလုံး ချက်ချင်း ပျောက်ကွယ်သွားလောက်သည်။
“သွားကြမယ်”
သူ မည်မျှအကွာသို့ ရောက်မည်မှန်းမသိ။ တစ္ဆေမီးလျှံတစ်ထောင်ကျော်က သူ့ကိုအဆုံးထိရောက်အောင် လုပ်ပေးနိုင်မလားဆိုတာလည်း မသိသော်ငြား သူ့၌ရွေးချယ်စရာ မရှိပေ။ တစ်ခုတည်းသော နည်းလမ်းက ဖြည်းဖြည်းမှန်မှန် ရှေ့ဆက်သွားပြီး အသက်ရှင်ရန် ကျန်သည့်နည်းလမ်းများ တွေးရုံသာဖြစ်သည်။
တစ်ရက်၊ သုံးရက်၊ ငါးရက်
ကျန်းရီသည် မိုင်နှစ်ထောင်ကို ခရီးဆက်လာသည်။ သူ့၌ တစ္ဆေမီးလျှံ ငါးရာဝန်းကျင်သာ ကျန်တော့သည်။ ထိုသို့တိုင် ဝိညာဉ်ဝါးမျို မိချောင်းများကို ဖြေရှင်းရန် နောက်ထပ်နည်းလမ်းတစ်ခု မစဉ်းစားရသေးပေ။ ဘုံကိုးဘုံ နဂါးမီးလျှံများက အစွမ်းမထက်ရာ မြေကမ္ဘာမီးဆိုလျှင် ထည့်ပြောရန်တောင် မလိုချေ။
ဝိညာဉ်ဝါးမျို မိချောင်း၌ ရုပ်ခန္ဓာမရှိသောကြောင့် တိုက်ခိုက်၍မရပေ။ ယင်းက တစ္ဆေမီးလျှံများကိုတောင် ဖြတ်သွားနိုင်လေရာ ကျန်းရီ၏ တိုက်ခိုက်မှုဆိုလျှင် ပြောနေရန်တောင် မလိုချေ။ သူ၏သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်ရန် ကြိုးစားခဲ့လျှင်လည်း အသုံးဝင်မှာ မဟုတ်ပေ။
ဆယ်ရက်ခန့် ကြာပြီးနောက် ကျန်းရီသည် မိုင်လေးထောင်ကျော်ကို ခရီးဆက်လာပြီး သူ့၌တစ္ဆေမီးလျှံ တစ်ရာအောက်သာ ကျန်တော့သည်။ အချိန်က ကုန်ဆုံးနေပြီး ခပ်ဝေးဝေးသို့ရောက်လေ တိုက်ခိုက်မှုနှုန်းက ပိုမြန်ဆန်လာလေဖြစ်သည်။ အကြိမ်တိုင်း၌ တစ်ပြိုင်နက်ထဲ တိုက်ခိုက်သည့် ဝိညာဉ်ဝါးမျို မိချောင်းငါးကောင် သို့မဟုတ် ရှစ်ကောင်လောက် ရှိလာသည်။ ကျန်းရီက မကျေမချမ်း ဖြစ်လာ၏။ သို့သော်သူက တစ္ဆေမီးလျှံ အစုများကို ထုတ်ဖော်ပြီး သူတို့ကို မီးမြွေများအဖြစ် ခွဲထုတ်လိုက်သည်။
မိုးနှင့်မြေ တစ်သားတည်း အခြေအနေသာ ဝိညာဉ်ဝါးမျို မိချောင်းများ၏ ထွက်ပေါ်လာမှုကို ကြိုတင်သိရှိထားခြင်း မရှိလျှင် ကျန်းရီသည် အစောကတည်းက အရိုးစုပုံ ဖြစ်နေလောက်ပြီဖြစ်သည်။ ဤနေရာသို့ လာသည့်လမ်းတောက်လျှောက်၌ သူသည်အရိုးစုများစွာကို တွေ့ခဲ့၏။ တစ်ရက်အတွင်း နောက်ထပ်နည်းလမ်းကို မစဉ်းစားနိုင်သေးလျှင် သူသည်လည်း ဤလမ်းကြောင်းပေါ်၌ လတ်လတ်ဆတ်ဆတ် အရိုးစုအဖြစ် ပြောင်းလဲသွားလောက်သည်။
ဝှစ် ဝှစ် ဝှစ်
ရှေ့တွင် လှိုင်းဂယက်ရှစ်ခု ရှိနေ၏။ ကျန်းရီက မီးမြွေရှစ်ကောင်ကို ဖော်ထုတ်လိုက်ပြီးဖြစ်သည်။ ဝိညာဉ်ဝါးမျို မိချောင်းများကို သတ်ဖြတ်နေစဉ်၌ ရှေ့၌လေဟာနယ် နယ်မြေသည် သူခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် လေဟာနယ်နယ်မြေက လှိုင်းထလာလေ၏။
“ဟူး”
ရှေ့တွင် အရိုးနှစ်စု ရှိနေပြီး မိစ္ဆာလေများက တိုက်ခတ်နေလေ၏။ ကျန်းရီ၏စိတ်ထဲ ယင်းက သူရဲကောင်းတစ်ဦး၏ ချောင်ပိတ်ခံရမှုဟူသော မဖော်ပြနိုင်သည့် ခံစားမှုမျိုး ခံစားနေရသည်။ ကျန်းရီသည် အဆုံးမရှိသော စမ်းချောင်းဝါ လမ်းကြောင်းထဲတွင် ပျောက်ကွယ်သွားတော့မည်လော။
***