ယီစီနှင့် နောက်တစ်ဖန် တွေ့ဆုံခြင်း
Vol. 16 Ch. 226
အန်လင်းသည် သူ၏အိမ်သို့ ပြန်ရောက်ရှိလာကာ သွေးဝိညာဉ်ဆေးလုံးအား သောက်သုံးပြီးနောက် အိပ်ရာဝင်လိုက်သည်။
ယင်းသည် အဆင့် ၈ စိတ်ဝိညာဉ်ဆေးလုံး ဖြစ်ပြီး ဒဏ်ရာများအား ကုစားကာ ကုန်ဆုံးသွားသည့် စွမ်းအင်နှင့် သွေးများကို ပြန်လည် ဖြည့်တင်းပေးနိုင်သည်။
ထိုကဲ့သို့သော အဖိုးတန်ဆေးလုံးများကို တိုက်ပွဲအတွင်း အသုံးပြုရန် သိမ်းထားသင့်သည်။
သို့သော်လည်း အန်လင်းသည် ထိုဆေးလုံးအား စားသောက်ရန် ရွေးချယ်လိုက်ရသည့် အကြောင်းမှာ အလွန်အမင်း ချမ်းသာနေခြင်းကြောင့် ဖြစ်သည်။
အရင်းအမြစ်များကို ယင်း၏ အစစ်အမှန်တန်ဖိုးကို သိရှိနိုင်ရန်အတွက် အသုံးပြုရပေမည်။ အန်လင်းသည် ထိုအချက်အား လွန်စွာသတိထားသူဖြစ်ပြီး ငွေကြေးနှင့် အရင်းအမြစ်များအား ထိန်းသိမ်းထားရှိရန် အတွက် သူ့ကိုယ်သူ ဆိုးဝါးစွာ ဆက်ဆံခြင်းမပြုပေ။
နောက်တစ်နေ့တွင် နိုးထလာသည့်အခါ သူ၏ခန္ဓာကိုယ်မှာ လွန်စွာပေါ့ပါးနေလေည်။ ထိခိုက်ဒဏ်ရာများနှင့် ပင်ပန်းနွမ်းနယ်မှုများ အားလုံးသည်လည်း ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ပျောက်ကင်း သက်သာသွားပြီ ဖြစ်သည်။
“အားးး ဆေးလုံးတွေက အရမ်းကိုကောင်းတာပဲ။ ငါတော့ ဆေးစွဲနေပြီ ထင်ပါရဲ့”
အန်လင်းသည် ပျင်းကြော ဆန့်လိုက်ပြီးနောက် ကျေနပ်အားရစွာ ဆိုလေသည်။
“အစ်ကိုကြီးအန်က ဒီလိုခံစားချက်မျိုးကို ဝေမျှသင့်တာပေါ့” တပိုင်သည် မကျေနပ်စွာဖြင့် ဆန္ဒပြလေသည်။
တပိုင်သည် လင်းကျွင်းကျွင်း လာရောက်ပြီးသည့် နောက်တွင် အန်လင်း၏ ကြွယ်ဝမှုများ တရိပ်ရိပ် တိုးလာသည်ကို သိရှိထားပြီး ဖြစ်သည်ကြောင့် ဝေမျှခံစားလိုမိသည်။
“အာ မင်းလည်း ဆေးလုံးတွေ စားချင်လို့လား” အန်လင်းသည် သူ၏အရှေ့တွေ အမြီးတယမ်းယမ်း လျှာတစ်လစ်ဖြင့် ရှိနေသည့် ခွေးဖြူကြီးအား ကြည့်လိုက်သည်။ “စဉ်းစားလိုက်ဦးမယ်”
ခေတ္တမျှကြာပြီးသည့် နောက်တွင် တပိုင်အား ဝမ်းမြောက်စေရန်အတွက် သူ၏သိုလှောင်လက်စွပ် အတွင်းမှ ရွှေရောင်ဆေးလုံး တစ်လုံးအား ထုတ်ယူလိုက်သည်။
တပိုင်သည် စိတ်လှုပ်ရှားစွာဖြင့် အမြီးယမ်းလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ “ဒါက ဘာဆေးလုံးလဲ။ ဝုတ်”
“မြွေအင်ပါယာဆေးလုံး၊ အဆင့် ၈ စိတ်ဝိညာဉ်ဆေးလုံး။ ဒီဆေးလုံးကို စားမယ်ဆိုရင် ကျင့်ကြံခြင်းကို အခြေခံမာစေတယ်၊ ခန္ဓာကိုယ်ကို လှုပ်ရှားမှုကို တိုးမြင့်စေပြီး စွမ်းအင် ကုန်ဆုံးမှုကိုလည်း လျော့ကျစေတယ်။ သက်လုံကောင်းစေတယ်။ မင်းခန္ဓာကိုယ်ရဲ့ အမျိုးသားကို ပြန်လည် ထွန်းညှိပေးနိုင်....”
တပိုင် : “ရိုးရိုးရှင်းရှင်းလေး ပြောပြပေးပါခင်ဗျာ၊ ဝုတ်”
အန်လင်း : “ပန်းသေတာကို ကုသပေးနိုင်တယ်”
တပိုင် အနည်းငယ် ရွံ့တွံ့တွံ့ ဖြစ်သွားပြီးနောက် အန်လင်းအား မြေပြင်တွင် လှဲသိပ်ကာ သူ၏လက်ကြီးများဖြင့် ရိုက်တော့သည်။ “အစ်ကိုကြီးအန် အရမ်းများသွားပြီ။ ကျွန်တော်က စွမ်းဆောင်နိုင်ပြီးသားဗျ။ ဘယ်လိုကြောင့်များ ခွေးတွေကို နှိမ့်ချကြည့်နိုင်ရတာလဲ”
ပြင်းထန်သည့် မနက်ခင်းလေ့ကျင့်ခန်း ပြုလုပ်ပြီးသည့်နောက်တွင် အန်လင်းသည် သူ၏မျက်နှာအား အယောင်ကျဆေး လိမ်းလိုက်ပြန်သည်။ ထို့နောက်တွင် တပိုင်၏ကျောပေါ်တွင် ထိုင်ကာဖြင့် အပြင်သို့ထွက်ကာ လှည့်ပတ်ကြည့်လိုက်သည်။
အဆုံးတွင်မူ တပိုင်သည် မြွေအင်ပါယာ ဆေးလုံးအား လက်ခံလိုက်သည်။ ဘာမှ မရသည်ထက်စာလျှင် တစ်လုံးလောက်ရခြင်းက ပိုကောင်းသေးသည်။ အကျိုးကျေးဇူးများကို မေ့ထားရပေမည်။
ရှောင်းဟုန်သည် ခေါင်းမိုးပေါ်တွင် နေရောင်ခြည် စုပ်ယူလျက်ရှိပြီး ရှောင်ချိုးသည် ကျင့်ကြံဖို့ရာ အခြားနေရာသို့ သွားရောက်နေသည်။ ဤတစ်ကြိမ်တွင် အုပ်ချုပ်သူအဆင့်သို့ ရောက်ရှိလိုသည်ဟု ကြုံးဝါးသွားလေသည်။
အန်လင်းသည် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန် ကြိုးစားနေသည့် ရှောင်ချိုးအား ကြီးကြီးမားမား အထောက်အပံ့ ပေးနိုင်ရန် စဉ်းစားနေလေသည်။
ရှောင်ချိုးသည် သူနှင့်အတူ အများကြီး ဖြတ်သန်းလာခဲ့သည်။ ပိုင်ရှင်တစ်ဦးအနေနှင့် သူ၏ ဂရုဏာတရားနှင့် ဂရုစိုက်မှုတို့အား ပြသရမည်ဖြစ်သည်။ တပိုင်သည် ဆေးလုံးတစ်လုံး ရရှိပြီးဖြစ်သလို ရှောင်ချိုးသည်လည်း လိုအပ်ပေလိမ့်မည်။
ရှောင်းဟုန်မှာမူ လိုအပ်ခြင်းမရှိချေ။ သူမသိသည်မှာ နေ့စဉ်နေ့တိုင်း နေရောင်ခြည် စုပ်ယူရန်သာ ဖြစ်သည်။ အန်လင်းသည် သူမအား မနှောင့်ယှက်လို။
“ရှောင်ချိုး ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကို ချိုးဖြတ်နိုင်အောင် အင်မော်တယ် ဆေးလုံးတစ်လုံး ပေးလိုက်မယ်ဆိုရင်ကော” အန်လင်း အတော်ကြာစဉ်းစားပြီးသည့် နောက်တွင် ပြောလိုက်သည်။
တပိုင်မှာ ဝမ်းနည်းမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။ “ဘာလို့ တတိယညီလေးက အင်မော်တယ်ဆေးလုံး ရရတာလဲ။ ကျွန်တော်ကျ အမှိုက်ဆေးလုံးပဲ ရတယ်လေ။ ကျွန်တော်က ဒုတိယညီလေးလေ။ ဘာလို့များ အစ်ကိုကြီးအန်က ဘက်လိုက်ရတာလဲ”
အန်လင်းသည် တပိုင်၏ခေါင်းအား အသာဖွလိုက်သည်။ “ဒီလိုလေး စဉ်းစားကြည့်စမ်း။ အကြီးတွေက အငယ်တွေကို ငဲ့ညှာရတယ်လေ။ ရှောင်းဟုန်က အစ်မကြီးပေမဲ့ ဘာမှမရဘူး။ မင်းက စိတ်ဝိညာဉ်ဆေးလုံး ရတယ်။ အဲတော့ တတိယညီလေးက အင်မော်တယ် ဆေးလုံးရတာ ပုံမှန်ပဲပေါ့ကွ”
တပိုင် : “…”
ဤသို့ဖြင့် အန်လင်းသည် ရှောင်ချိုးအတွက် အင်မော်တယ်ဆေးလုံး ဝယ်ယူရန် ဆုံးဖြတ်လိုက်ပြီး တပိုင်နှင့်အတူ တုန်ရွှာနန်းတော်သို့ ပျံသန်းသွားလေသည်။
ယခင်နည်းအတိုင်းပင်။ အန်လင်းသည် အင်မော်တယ်ဆေးလုံး ဖော်စပ်လိုကြောင်း ပြောလိုက်သည်နှင့် တာအိုကလေးငယ်တစ်ဦး ရောက်ရှိလာကာ အလင်းသခင် ယီစီ၏ ဆေးဖော်စပ်ခန်းသို့ ခေါ်ဆောင် သွားပေးလေသည်။
သစ်သားတံခါးအား တွန်းဖွင့်လိုက်ပြီးသည့် အခါတွင် ပြင်းထန်သည့် ဆေးနံ့များမှ ဆီးကြိုနေသလို ကောင်းကင်ဘုံ ပိုင်နက်၏ ဆေးဖော်စပ်မှု တာဝန်ခံသည်လည်း မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။
“ဟိုလီဖာ့ခ် ယီစီ ခင်ဗျားဘာလို့ အရမ်းတွေ ဝနေတာလား” အန်လင်းသည် သူ၏အရှေ့ရှိ မြင်ကွင်းကြောင့် ကြောင်အနေမိသည်။
သူ၏အရှေ့ရှိလူမှာ ခေါင်းကြီးကြီး နားရွက်တွဲတွဲနှင့် ဝမ်းဗိုက်မှာလည်း လေထိုးထားသည့် ဘောလုံးကဲ့သို့ ပူဖောင်းနေသည်။ မဟုတ်ချေ။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ ဘောလုံးသဏ္ဌာန် ဖြစ်နေခြင်းပင်။
အန်လင်း၏ အထိတ်တန့် အော်သံကြောင့် ယီစီမှာ ဝမ်းမြောက်ခြင်း မရှိလှ။ “အော်ဟစ်နေတာကို ရပ်လိုက်စမ်း။ ငါက အမြဲတမ်း ဝနေတာ”
အန်လင်း၏ နှုတ်ခမ်းများ မဲ့သွားလေသည်။ “အရင်က ဝတာ၊ အခုက လေထိုးထားတဲ့ ပူဖောင်းဖြစ်နေပြီ”
မှန်သည်။ ယီစီမှာ လေထိုးပူဖောင်းကဲ့သို့ ဖောင်းကားကား ဖြစ်နေခြင်းပင်။ ပုံပြင်များထဲမှ ကျူးပါကျဲသည်ပင်လျှင် ထိုမျှလောက် မဝနိုင်။
ယီစီသည် အန်လင်း၏ စကားကြောင့် ချက်ချင်းဆိုသလို ဒေါသထွက်လာမိသည်။ သူ၏ ဝဖောင်းဖောင်း ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ယင်လာပြီး “ငါက ဝတုတ်တုတ် ဘောလုံး ဖြစ်နေတော့ကော ဘာဖြစ်လဲ။ အားလုံးက ယာယီပဲ။ လုံလောက်တဲ့ ပမာဏကို ရောက်လာမယ်ဆိုရင် လုံးဝ ပြောင်းလဲသွားမှာ။ ငါ့ရဲ့ ဝတုတ်မှုတွေ အားလုံးက ငါ့ကို သန်မာအောင် လုပ်ပေးမှာ”
“ဟမ်” အန်လင်းသည် ယီစီ၏စကားကို နားမလည်နိုင်ပဲ ရှိနေသည်။
ယီစီသည် စကားပြောနေရင်း သိုလှောင်လက်စွပ် အတွင်းမှ ဆေးလုံးတစ်လုံး ထုတ်ယူလိုက်ပြန်သည်။
ဆေးလုံး၏ ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ ရစ်သိုင်းနေသည်။ သာမန်ဆေးလုံး မဟုတ်ပေ။ ယီစီသည် မည်သည့်စကားမျှ မဆိုဘဲနှင့် ထိုဆေးလုံးအား ပါးစပ်အတွင်းထည့်ကာ စားသုံးလိုက်သည်။ သူ၏မျက်လုံးများ မှေးကျဉ်းကာဖြင့် ကျေနပ်ပီတိဖြစ်မှုအား ခံစားနေလေသည်။
“ဟိဟိ ဆေးလုံးတွေက အကောင်းဆုံးပဲ။ ငါ့ခန္ဓာကိုယ်က စွမ်းအင်တွေနဲ့ ပြည့်တင်းနေတာကို ခံစားလိုက်ရပြန်ပြီ”
ယီစီသည် လက်နောက်ပစ်ကာဖြင့် ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။
ဆေးလုံးတွေလား။ အန်လင်းနှုတ်ခမ်းများ မဲ့လာသည်။ “အကြီးအကဲ ယီစီ ခင်ဗျားရဲ့ ခန္ဓာကိုယ် အခုလိုဖြစ်လာတာ ဆေးလုံးတွေစားလို့ များလား”
ယီစီသည့် တစ်ဖက်သို့ ခေါင်းစောင်းလိုက် ပြီးနောက် အန်လင်းအား လူကြီးတစ်ဦးမှ ကလေးတစ်ဦးအား ပြုံးပြသကဲ့သို့ ပြုံးပြလိုက်သည်။ “အမှန်ပဲ အန်လင်းရေ။ ဆေးလုံးတွေ စားသောက်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိပြီး ကတည်းက နောက်ဆုံးခြေလှမ်းကို ရောက်ရှိဖို့ နီးကပ်လာပြီလေ။ ပြန်ပြီးတော့ စဉ်းစားကြည့်မယ် ဆိုရင်လည်း အားလုံးက မင်းရဲ့ ညွှန်ပြမှုတွေပါပဲကွာ။ ငါ့တဲ့ တာအိုကို အောင်မြင်သွားမယ်ဆိုရင် မင်းဆီကိုလာလည်ပြီး ကျေးဇူးတင်ကြောင်း ပြောဦးမယ်နော်”
အန်လင်းမှာ အနည်းငယ် အံ့အားသင့်သွားမိသည်။
ဒီခန္ဓာကိုယ်ကြီး ရလာအောင် ဆေးလုံးတွေစားနေတာ တကယ်ကြီးလား။ ဘုရားရေ။ ဆေးလုံး ဘယ်လောက်များ စားသောက်နေတာလဲ။ ငါ့ရဲ့ ညွှန်ပြမှုတွေလို့လည်း ပြောလိုက်သေးတယ်ဟုတ်လား။ ပေါက်တတ်ကရတွေ မလုပ်ပါနဲ့ဗျ။ ကျွန်တော် ဒုက္ခရောက် မခံနိုင်ပါဘူးနော်။
ထိုစကားဝိုင်းအား ဆက်လက် ရန်မဖြစ်နိုင်တော့သည့် အတွက် ချက်ချင်းဆိုသလို ခေါင်းစဉ် ပြောင်းလိုက်ရသည်။ “အကြီးအကဲ ယီစီ ခင်ဗျာ၊ ကျွန်တော်ဒီနေ့ ရောက်လာတာက အင်မော်တယ် ဆေးလုံး ဖော်စပ်ချင်လို့ပါ။ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကို ကျော်ဖြတ်ဖို့အတွက် အသုံးဝင်မဲ့ ဆေးလုံးလေး ဖော်စပ်စေလိုတာပါ”
“အိုး ဘယ်လောက် လိုချင်တာလဲ။ ဆေးလုံးစားသောက်ပွဲ ကျင်းပဦးမယ်ပေါ့” အန်လင်း၏ တောင်းဆိုမှုအား ကြားလိုက်သည့်အခါ ယီစီမှာ မျှော်လင့်ချက် ကြီးများစွာဖြင့် မျက်လုံးများ အရောင်လက်လာသည်။ အန်လင်းသည် နောက်ထပ်တစ်ဖန် အရေအတွက်မှ အရည်အသွေးသို့ ပြောင်းလဲသွားပုံအား ပြသဦးမည်ဆိုလျှင် သူ့အတွက် အသိအမြင် အသစ်များ ရရှိလာနိုင်လိမ့်ဦးမည်။ ထို့ကြောင့် အတော်လေး စိတ်လှုပ်ရှားလာမိခြင်း ဖြစ်သည်။
အန်လင်း၏မျက်နှာ မဲ့ရွဲ့ကာဖြင့် အလျင်စလို ရှင်းပြလိုက်သည်။ “ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ သားရဲအတွက်ပါ။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ကို ရောက်နေတဲ့ ရွှေမျက်လုံးမျောက်မင်း အတွက်ပါ။ ချိုးဖြတ်ဖို့ကို အထောက်အကူပေးနိုင်မဲ့ အင်မော်တယ် ဆေးလုံးလေးပေါ့”
“အိုးးး သိပြီ” ယီစီ၏မျက်နှာတွင် စိတ်ပျက်မှုများ ထင်ဟပ်လာသည်။ ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် “သားရဲတွေ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်ကနေ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကို တက်လှမ်းမယ်ဆိုရင် မိုးကြိုးစမ်းသပ်ချက်ကို ခံယူဖို့ လိုအပ်တယ်။ ရွှေမျက်လုံး မျောက်မင်းက အသိဉာဏ်မြင့်မားတဲ့ သားရဲမျိုးနွယ် ဖြစ်တာမို့ အဆင့် ၇ အင်မော်တယ်ဆေးလုံး ဖြစ်တဲ့ ရှေးဟောင်း အံ့ဖွယ်ဆေးလုံးက အသင့်တော်ဆုံး ရွေးချယ်မှုပဲ။ မိုးကြိုးစမ်းသပ်ချက် မခံယူခင် ဒီဆေးလုံး ကျွေးလိုက်။ စမ်းသပ်မှု ခံယူနေစဉ်အတွင်း အကာအကွယ် ဖြစ်စေရုံသာမက မိုးကြိုးဒဏ်ခံရမှုကိုလည်း လျော့နည်းစေနိုင်တယ်။ အုပ်ချုပ်သူနယ်ပယ် ဖြစ်တည်လာဖို့ကိုလည်း အထောက်အပံ့ ပေးမယ်။ သူ့ရဲ့ အသိစိတ်ကိုလည်း ခိုင်မာကျယ်ပြန့် လာနိုင်လိမ့်မယ်”
“အိုး” အန်လင်း ခေါင်းညိတ်လိုက်သည်။ ယီစီပြောသည်ကို နားမလည်သော်လည်း မည်သို့ပင်ဆိုစေ သူက လွန်စွာ ချမ်းသာနေလေပြီ။ ထို့ကြောင့် ယီစီပြောသည်အား ချက်ချင်းပင် သဘောတူ လက်ခံလိုက်သည်။ “ကောင်းပြီ။ အဲဒါဆို ကျွန်တော့်ကို ရှေးဟောင်းအံ့ဖွယ် ဆေးလုံး ဖော်စပ်ပေးပါ”
ယီစီထံသို့ စာရွက်ကြီးတစ်ခု ကမ်းပေးကာဖြင့် ပြောလိုက်သည်။
ထိုစာရွက်ပေါ်တွင် 'ယွီ' ဟူ၍ ရေးထားလေသည်။ ယင်းမှာ လင်းကျွင်းကျွင်းသည် ရွေးချယ်စရာ မရှိတော့သည့်အတွက် အန်လင်းအား ချက်ခ်လက်မှတ် အလွတ်တစ်စောင် ပေးခဲ့ခြင်းဖြစ်ပြီး အဆင့် ၆ အောက်ရှိ အင်မော်တယ် ဆေးလုံးတစ်လုံးနှင့် လဲလှယ်နိုင်မည် ဖြစသည်။
ကောင်းကင်ဧကရာဇ် ကျိဝေထံမှလည်း အင်မော်တယ်ဆေးလုံး ကူပွန်တစ်စောင် ရရှိထားပြီး တာအိုဖလှယ်ခြင်း ညီလာခံမှလည်း အင်မော်တယ်ဆေးလုံး ကူပွန်တစ်စောင် ရရှိထားသေးသည်။ ထိုကူပွန်အားလုံးသည် အဆင့် ၆ အောက်ခြေရှိ အင်မော်တယ် ဆေးလုံးများနှင့် လဲလှယ်နိုင်ပေသည်။ သို့သော်လည်း လင်းကျွင်းကျွင်း၏ ချက်ခ်အလွတ်မှာ မယုံကြည်ရဟု အမြဲလိုလို ခံစားမိနေသည့်အတွက် ဦးဆုံးအသုံးပြုရန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်။
ယီစီသည် သူ၏ရှေ့ရှိ စာရွက်ပိုင်းအား ကြည့်ပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် ရှိနေသည်။ “ဘာလုပ်နေတာလဲ”
အန်လင်းသည် စာရွက်ပိုင်းအား အသာခါလိုက်ပြီး “ရှေးဟောင်းအံ့ဖွယ် ဆေးလုံးကို ဒါနဲ့လဲမှာလေ”
ယီစီ၏ ဝဝဖောင်းဖောင်း မျက်နှာသည် အန်လင်းအား နားလည်ရခက်စွာဖြင့် ကြည့်လာသည်။ “သောက်ခွက် လာပြောင်နေတာလား”
*****