မြေကမ္ဘာအရှင်၏ လျှို့ဝှက်ချက်
Vol. 66 Ch. 948
ယီထျန်းယွမ်သည် ကျင့်ကြံရေးအခန်းအတွင်း၌ ကြာရှည်စွာ မနေလိုက်ရဘဲ မကြာမီမှာပင် နျန်ချီယွီ ပြန်လည်ရောက်ရှိလာသည်။ သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်ကို ကြည့်ခြင်းဖြင့် ကိစ္စများ အဆင်ပြေသွားပြီဖြစ်ကြောင်း မခန့်မှန်းဘဲ သိနိုင်ပေသည်။ မဟုတ်ပါက သူမ ဤမျှ စိတ်လှုပ်ရှားနေမည် မဟုတ်ပါချေ။
“ခွင့်ပြုချက် ရခဲ့ပြီ။ ရက်အနည်းငယ်လောက် ပြင်ဆင်ထားလိုက်ဦး၊ အဲဒီအခါကျရင် ငါ မင်းကို ထျန်ယုနတ်ဘုရားနယ်မြေရဲ့ အဓိကအကျဆုံး နယ်မြေဆီကို ခေါ်သွားပေးမယ်...”
နျန်ချီယွီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ထျန်ယုနတ်ဘုရားနယ်မြေရဲ့ အဓိကအကျဆုံး နယ်မြေ ဟုတ်လား...”
ယီထျန်းယွမ်က သူမကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
“ဟုတ်တယ်... အဓိကအကျဆုံး နယ်မြေပဲ။ ထူးချွန်တဲ့ သန်မာသူတွေပဲ သွားခွင့်ရှိတဲ့ နေရာပေါ့။ အခုတော့ မင်းအတွက် အထူးလျှောက်ထားပေးလို့ ရခဲ့ပြီ...”
နျန်ချီယွီက ရှင်းပြလိုက်သည်။
“အကြီးအကဲနျန်... မင်း နယ်မြေအရှင်ကို သတ်ဖြတ်ခြင်းနတ်ဘုရားမျှော်စင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြောလိုက်တာလား...”
ယီထျန်းယွမ်က မေးမြန်းလိုက်သည်။
“ဟုတ်တယ်... မဟုတ်ရင် ခွင့်ပြုချက် ရမှာ မဟုတ်ဘူးလေ”
နျန်ချီယွီက လေးနက်စွာ ပြောလိုက်သည်။
ယီထျန်းယွမ် နားလည်သွားသဖြင့် ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။ တစ်စုံတစ်ရာသော အရည်အချင်းကို ပြသနိုင်ခြင်း မရှိပါက နယ်မြေအရှင်အနေဖြင့် ဤကဲ့သို့သော နေရာမျိုးကို သူ့အား စီစဉ်ပေးမည် မဟုတ်ချေ။ တစ်စုံတစ်ရာသော ပံ့ပိုးမှု သို့မဟုတ် အရည်အချင်း ပြသနိုင်ခြင်း မရှိပါက အထူးနယ်မြေများကို ဖွင့်လှစ်ပေးရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဘာပဲဖြစ်ဖြစ် ထိုနေရာများအတွက် အရင်းအမြစ် အမြောက်အများကို အသုံးပြုရသဖြင့် မည်သည့် အကျိုးပြုမှု သို့မဟုတ် အရည်အချင်းမှ မရှိပါက သွားခွင့်ပြုမည် မဟုတ်သည်မှာ သေချာလှသည်။ လူတိုင်းကို စိတ်ကြိုက် သွားခွင့်ပြုမည်ဆိုပါက ထျန်ယုနတ်ဘုရားနယ်မြေသည် မည်သို့မျှ တတ်နိုင်မည် မဟုတ်ပါချေ။
“ဒါပေမဲ့ မင်း အဆင့်ကျော်လွန်ပြီး ကောင်းကင်သခင်နဲ့ တိုက်ခိုက်ခဲ့တဲ့ ကိစ္စကိုတော့ ငါ မပြောခဲ့ပါဘူး။ မင်းရဲ့ ထိုးဖောက်မှု အရှိန်က အရမ်းမြန်တယ်လို့ပဲ ပြောလိုက်တယ်။ နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲ မှာ ကောင်းမွန်တဲ့ ရလဒ်တွေ ရဖို့အတွက် မင်းရဲ့ ကျင့်စဉ်ကို အမြန်ဆုံး မြှင့်တင်ဖို့ လိုအပ်တယ်လို့ ပြောလိုက်တော့မှ အထူးခွင့်ပြုချက် ရခဲ့တာပဲ...”
နျန်ချီယွီက ပြောလိုက်သည်။
“အကြီးအကဲနျန် အကုန်လုံးကို ပြောလိုက်ပြီလို့ ကျွန်တော် ထင်နေတာ”
ယီထျန်းယွမ်က ပြုံးလိုက်သည်။ အမှန်တကယ်တော့ အကုန်ပြောလိုက်လျှင်ပင် သူ့အတွက် ထူးခြားသော သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပါချေ။
“အချို့လျှို့ဝှက်ချက်တွေကို ခေတ္တမျှ သိမ်းထားတာက ပိုကောင်းပါတယ်။ အချိန်တန်တဲ့အခါ နယ်မြေအရှင်ကို အံ့ဩသွားအောင် လုပ်လို့ရတာပေါ့”
နျန်ချီယွီ၏ မျက်ဝန်းအိမ်မှာ ဝင်းလက်သွားပြီး အနည်းငယ် နောက်ပြောင်ချင်သော ပုံစံမျိုး ပေါ်ထွက်လာသည်။ ယင်းက ယီထျန်းယွမ်ကို ရယ်ချင်စိတ် ပေါက်သွားစေသည်။ နျန်ချီယွီတွင် ဤကဲ့သို့သော အတွေးမျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
“ကြည့်ရတာ အကြီးအကဲနျန်က ကျွန်တော့်အပေါ် မျှော်လင့်ချက်တွေ အများကြီး ထားနေပုံရတယ်...”
ယီထျန်းယွမ်က ခေါင်းခါလျက် ပြောလိုက်သည်။
“ဟုတ်တယ်...”
နျန်ချီယွီက သူ့ကို စူးစိုက်ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ငါ မင်းကို ဖုံးကွယ်မထားပါဘူး။ ထျန်ယုနတ်ဘုရားနယ်မြေက အပြင်ပန်းမှာ အလွန်တောက်ပနေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ အခု ထျန်ယုနတ်ဘုရားနယ်မြေက တဖြည်းဖြည်း ဆုတ်ယုတ်လာနေပြီ။ ကဏ္ဍပေါင်းစုံက အရင်းအမြစ်တွေကလည်း သိပ်ပြီး မလိုက်နိုင်တော့ဘူး။ ဒါကြောင့် ငါတို့အနေနဲ့ နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲမှာ ကောင်းမွန်တဲ့ ရလဒ်တွေ ရဖို့ လိုအပ်တယ်။ အနည်းဆုံး ထိပ်ဆုံး ၁၀ ဦးစာရင်းထဲ ဝင်ရမယ်...”
“ငါတို့ နတ်ဘုရားနယ်မြေတင် မဟုတ်ဘူး၊ တခြား နတ်ဘုရားနယ်မြေတွေလည်း အတူတူပဲ။ ထူးကဲလှတဲ့ လက်ဆင့်ကမ်း အမွေအနှစ်တွေ မရှိရင် နတ်ဘုရားနယ်မြေရဲ့ စွမ်းအားကို မြှင့်တင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘေးနားက နတ်ဘုရားနယ်မြေတွေကလည်း ငါတို့ကို ချောင်းမြောင်းနေကြတယ်။ အကယ်၍ ငါတို့ အားနည်းသွားမယ်ဆိုရင်တော့ သေချာပေါက် ဝါးမြိုခံရမှာပဲ...”
သူမ၏ လေသံမှာ အလွန်ပင် တည်ကြည်လေးနက်နေပြီး နောက်ပြောင်နေခြင်း မဟုတ်ချေ။ ယီထျန်းယွမ်သည်လည်း သူမ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိရှိသည်။ သို့မဟုတ်ပါက အဓိကခန်းမမှ ပါရမီရှင်များကို ဤမျှအထိ အစွမ်းကုန် လေ့ကျင့်ပေးနေမည် မဟုတ်ပါချေ။ ၎င်းတို့အားလုံးမှာ အနာဂတ် နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲတွင် ပါဝင်ရမည့်သူများ ဖြစ်ကြသည်။
အနိုင်ရရှိပါက မည်သည့်အရာများ ရရှိမည်ကို ယီထျန်းယွမ် ခန့်မှန်းနိုင်သည်။ ယင်းမှာ ပိုမိုသန်မာသော ကျင့်စဉ်များနှင့် ပိုမိုသန်မာသော လက်နက်များပင် ဖြစ်သည်။ ကြီးမားလှသော နတ်ဘုရားနယ်မြေအတွင်း၌ အသန်မာဆုံး ကျင့်စဉ်မှာ ပြန်လည်မွေးဖွားခြင်းအဆင့်မျှသာ ရှိသည်။ သို့သော် ပြန်လည်မွေးဖွားခြင်းအဆင့်အထက်ရှိ ကျင့်စဉ်များကော။
၎င်းတို့တွင် ထိုကဲ့သို့သော ကျင့်စဉ်မျိုး တစ်အုပ်မျှ မရှိသည်မှာ သေချာလှသည်။ နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲတွင် ကောင်းမွန်သော ရလဒ်များ ရရှိမှသာ မိမိကိုယ်မိမိ ပိုမိုသန်မာအောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
“အကယ်၍ ကျွန်တော့်ရဲ့ လက်ရှိ အခြေအနေနဲ့ နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲကို သွားပြိုင်မယ်ဆိုရင် ဘယ်နှစ်ဆင့်လောက်အထိ ရောက်နိုင်မယ်လို့ ထင်သလဲ”
ယီထျန်းယွမ်က မေးမြန်းလိုက်သည်။
“ဘာမှ မထူးခြားရင်တောင် ထိပ်ဆုံး ၁၀ ဦးစာရင်းထဲ ဝင်ဖို့ အခွင့်အရေး အများကြီး ရှိပါတယ်”
နျန်ချီယွီ ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။
“ငြင်းလို့မရတဲ့ အချက်က မင်းမှာ ကောင်းကင်သခင်ကို အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်တဲ့ စွမ်းအား ရှိနေတာပဲ။ ဒါပေမဲ့ နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲက တခြားသော စမ်းသပ်မှုတွေနဲ့ အများကြီး ကွာခြားတယ်။ တစ်ချိန်တည်းမှာပဲ ပါဝင်ယှဉ်ပြိုင်သူတွေထဲမှာ နတ်ဘုရားနယ်မြေတွေက ထွက်ပေါ်လာတဲ့ ထူးကဲလှတဲ့ သန်မာသူ အမြောက်အများ ရှိနေတယ်။ သူတို့မှာ ငါတို့မှာ မရှိတဲ့ အားသာချက်တွေ ရှိနေနိုင်တယ်...”
“ရှင်းရှင်းပြောရရင် မွေးရာပါ အားသာချက်တွေပေါ့။ စွမ်းအားအရ ဖိနှိပ်မှုက ငါတို့ထက် အများကြီး ပိုပြီး သန်မာတယ်။ နောက်ပြီး ပိုမို ကြံ့ခိုင်တဲ့ မျိုးနွယ်စု စွမ်းအားတွေက အရာအားလုံးကို တားဆီးနိုင်တယ်။ တခြား နတ်ဘုရားနယ်မြေတွေကလည်း ပြင်ပအားတွေကို အသုံးပြုနိုင်သလို သူတို့ကိုယ်တိုင်မှာလည်း ထူးခြားတဲ့ ဝှက်ဖဲတွေ ရှိနေနိုင်တယ်။ ကျင့်စဉ်အဆင့်တွေကလည်း အဆင့် ၆၊ ၇ အထက် မြေကမ္ဘာအရှင်တွေ ဖြစ်နိုင်သလို အဆင့် ၇၊ ၈ အဆင့်ရှိတဲ့ မြေကမ္ဘာအရှင်တွေတောင် ရှိနေနိုင်တယ်...”
“သူတို့အတွက်တော့ လူ့လောကက ကောင်းကင်သခင်တွေကို နှိမ်နင်းဖို့ဆိုတာ လက်ဖျောက်တီးသလောက် လွယ်ကူတယ်။ အထူးသဖြင့် အဆင့်မြင့် မြေကမ္ဘာအရှင်တွေပေါ့”
နျန်ချီယွီသည် ယီထျန်းယွမ်ကို ကြည့်ကာ မှာကြားလိုက်သည်။
“မင်း စတုတ္ထအဆင့် မြေကမ္ဘာအရှင်ကို စတင် ထိုးဖောက်တဲ့ အခါကျရင် ငါ မင်းအတွက် အနားကနေ စောင့်ရှောက်ပေးမယ်။ ဘာပဲဖြစ်ဖြစ် ဒါက တကယ့်ကို အဆုံးအဖြတ်ပေးမယ့် အပိုင်းပဲလေ...”
ယီထျန်းယွမ် ခေါင်းညိတ်လိုက်သည်။ သူသည် မြေကမ္ဘာအရှင်နှင့် ပတ်သက်၍ အတော်လေး နားလည်ထားပြီး ဖြစ်သည်။ စတုတ္ထအဆင့် မြေကမ္ဘာအရှင်မှ စတင်ကာ အထက်သို့ တက်လှမ်းသည့်အခါ ကောင်းကင်ဘေးဒုက္ခကို စတင် ရင်ဆိုင်ရမည် ဖြစ်သည်။
ကောင်းကင်ဘေးဒုက္ခသည် နှစ်ပေါင်း တစ်ထောင်လျှင် တစ်ကြိမ် ကျရောက်ပြီး မည်သူမျှ ရှောင်လွှဲ၍ မရနိုင်ချေ။ မည်သည့် နေရာတွင် ပုန်းနေပါစေ အချိန်တန်ပါက ကျရောက်လာမည်သာ ဖြစ်သည်။
ထိုအချိန်တွင် အောင်မြင်ပါက ထိုးဖောက်နိုင်မည်ဖြစ်ပြီး ကျရှုံးပါက သေဆုံးရုံသာ ရှိတော့သည်။ အကယ်၍ မစောင့်နိုင်ပါက ကောင်းကင်ဘေးဒုက္ခကို ကြိုတင်ခေါ်ယူကာ မိမိကိုယ်မိမိ ဆက်လက် ထိုးဖောက်စေနိုင်သည်။
သေချာပေါက်ပင် တတိယ ရွေးချယ်မှုလည်း ရှိနေသေးသည်။ ယင်းမှာ ကောင်းကင်သခင်သို့ တိုက်ရိုက် ထိုးဖောက်လိုက်ခြင်းပင်၊ ထိုသို့ဆိုလျှင် အချိန်ကန့်သတ်ချက် မရှိတော့ချေ။ တတိယအဆင့် မြေကမ္ဘာအရှင်မှ စတင်ကာ ကောင်းကင်သခင်သို့ ထိုးဖောက်နိုင်ပြီ ဖြစ်သည်။
သို့သော် ဤကဲ့သို့သော ကောင်းကင်သခင်မှာ သေချာပေါက် အားနည်းဆုံးသော တည်ရှိမှု ဖြစ်ပေလိမ့်မည်။ ကောင်းကင်သခင် ဖြစ်လျှင်ပင် အဆင့်မြင့် မြေကမ္ဘာအရှင် အမြောက်အများထက် ဂုဏ်သိက္ခာ နိမ့်ပါးပေလိမ့်မည်။ တတိယအဆင့် မြေကမ္ဘာအရှင်မှ ထိုးဖောက်လာခြင်းဖြစ်ကြောင်း တစ်ပါးသူ သိရှိသွားပါက သူရဲဘောကြောင်သူဟုသာ လှောင်ပြောင်ခြင်း ခံရပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် တတိယအဆင့် မြေကမ္ဘာအရှင်မှ ကောင်းကင်သခင်သို့ ထိုးဖောက်သည့်အခါတွင်လည်း ကောင်းကင်ဘေးဒုက္ခကို ရင်ဆိုင်ရမည်သာ ဖြစ်သည်။ သို့သော် ဘေးဒုက္ခ၏ အခက်အခဲမှာ များစွာ နိမ့်ပါးလှသည်။ ဆယ်ယောက်တွင် ငါးယောက်ခန့် အောင်မြင်နိုင်သဖြင့် ရာခိုင်နှုန်းမှာ အတော်လေး များပြားလှသည်။
ပိုမိုမြင့်မားသော အဆင့်များသို့ ထိုးဖောက်ရန်မှာမူ နှစ်ပေါင်း တစ်ထောင်တိုင်းတွင် ဘေးဒုက္ခကို ရင်ဆိုင်ရရုံတင်မကဘဲ အခက်အခဲကလည်း အလွန် ထိတ်လန့်စရာ ကောင်းလှသည်။ သို့သော် တစ်ကြိမ် အောင်မြင်သွားပါက ပေါက်ကွဲထွက်လာသော စွမ်းအားမှာ အလွန်ပင် အံ့ဩဖွယ် ကောင်းလှသည်။ အထူးသဖြင့် အဆင့် ၇၊ ၈ ရှိ မြေကမ္ဘာအရှင်မှ ကောင်းကင်သခင်သို့ ထိုးဖောက်သည့် အခါတွင်မူ တကယ့်ကို ကြောက်စရာကောင်းသော တည်ရှိမှု ဖြစ်လာမည်ဖြစ်ပြီး အခြားသော ကောင်းကင်သခင်များကို အပြတ်အသတ် နှိမ်နင်းနိုင်ပေလိမ့်မည်။
သို့သော် အန္တရာယ်မှာ အလွန် ကြီးမားလှသည်။ နှစ်ပေါင်း တစ်ထောင်ဆိုသည်မှာ များပြားသည်ဟု ထင်ရသော်လည်း အချို့မှာ ကျင့်စဉ်အဆင့်ကို ခိုင်မာအောင် မလုပ်နိုင်သေးမီမှာပင် ကောင်းကင်ဘေးဒုက္ခကို အတင်းအကျပ် ရင်ဆိုင်ရတတ်သည်။ ထို့ကြောင့် နောက်ဆုံးတွင် အရာအားလုံး ပျက်စီးသွားရတတ်သည်။
ထို့ကြောင့် နောက်ပိုင်းသို့ ရောက်လေလေ၊ အောင်မြင်မှုနှုန်းမှာ ပိုမို ကြောက်စရာကောင်းလေလေ ဖြစ်ပြီး မြေကမ္ဘာအရှင်အဆင့်ကိုး ဆိုသည်မှာ အလွန်ပင် တွေ့ရခဲလှသည်။ အဆင့် ၆၊ ၇ အဆင့်များကိုသာ မြင်တွေ့ရတတ်ပြီး အဆင့် ၈ နှင့် အထက်မှာမူ အလွန်ပင် ရှားပါးလှကာ အဆင့် ၉ မှာမူ တစ်သောင်းတွင် တစ်ယောက်ပင် ရှိရန် ခက်ခဲလှသည်။
ဤသည်မှာ အဆင့် ၈ မြေကမ္ဘာအရှင် အခြေအနေအပေါ် အခြေခံထားခြင်း ဖြစ်သည်။ လူပေါင်း တစ်သောင်းတွင် အဆင့် ၉ မြေကမ္ဘာအရှင် တစ်ယောက် ပေါ်ထွက်လာလျှင်ပင် အတော်လေး ကောင်းမွန်လှပြီ ဖြစ်သည်။ ဤသည်မှာ အခက်အခဲ မည်မျှ ကြီးမားသည်ကို မြင်နိုင်ပေသည်။
ယီထျန်းယွမ်၏ ဆုလာဘ်အထုပ်ကြီးမှာလည်း အဆင့် ၉ မြေကမ္ဘာအရှင်သို့ ထိုးဖောက်မှသာ ဖွင့်နိုင်မည် ဖြစ်သည်။ မဟုတ်ပါက ဖွင့်၍ မရနိုင်ဘဲ ကောင်းကင်သခင်သို့ ထိုးဖောက်သွားလျှင်ပင် အသုံးဝင်တော့မည် မဟုတ်ချေ။
ထို့ကြောင့် သူသည် ဤအခြေအနေများကို သိရှိသွားသည့်အခါ ဖိအားများ ပိုမို များပြားလာသည်ကို ခံစားလိုက်ရသည်။ အဆင့်ဆင့်သော ကောင်းကင်ဘေးဒုက္ခများကို ကျော်ဖြတ်ရမည်ဖြစ်ကာ နောက်ပိုင်းသို့ ရောက်လေလေ ပိုမို ဆိုးရွားလာလေလေ ဖြစ်ပြီး အခက်အခဲမှာ မိစ္ဆာတစ်ကောင်နှင့် တူလှသည်။
“စတုတ္ထအဆင့် မြေကမ္ဘာအရှင်ကို ထိုးဖောက်ဖို့လား...”
ယီထျန်းယွမ်သည် မျက်လုံးကို မှေးလိုက်သည်။ အခက်အခဲမှာ သေချာပေါက် ကြီးမားပေလိမ့်မည်။ သို့သော် အစောပိုင်း အဆင့်များမှာမူ အနည်းငယ် လွယ်ကူပေလိမ့်မည်ဟု သူ ယူဆထားသည်။
အကယ်၍ စတုတ္ထအဆင့် မြေကမ္ဘာအရှင်သို့ပင် မတက်လှမ်းနိုင်ပါက သူသည် အလကား ရှင်သန်နေသူသာ ဖြစ်ပေလိမ့်မည်။
နျန်ချီယွီက သူ့အတွက် စိုးရိမ်နေခြင်းမှာ အဓိကအားဖြင့် ယီထျန်းယွမ်၏ ကျင့်စဉ်အဆင့် တက်လှမ်းမှုမှာ မြန်ဆန်လွန်းနေသောကြောင့် ဖြစ်သည်။ အကယ်၍ ကောင်းကင်ဘေးဒုက္ခ ကျရောက်လာသည့် အချိန်တွင် အခြေခံ မခိုင်မာပါက အလွယ်တကူ ကျရှုံးသွားနိုင်သည် မဟုတ်ပါလား။
အခန်း ၉၄၈ ပြီးပါပြီ။