← Chapters

သူ့အတွက်

Vol. 66 Ch. 949

သူ့အတွက်

Vol. 66 Ch. 949

အကြီးအကဲနျန်သည် မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ရန် အရင်သွားခဲ့ရာ ယီထျန်းယွမ်ကို ဤနေရာ၌ ခေတ္တအနားယူရန် ပြောခဲ့သည်။ အပြင်မှ ပြန်လာကာစဖြစ်သဖြင့် ခေတ္တမျှ အနားယူစေလိုခြင်းပင် ဖြစ်သည်။

အဓိကအားဖြင့် အကြီးအကဲနျန်သည် ထိုဘက်မှ အခြေအနေများကိုလည်း ချိတ်ဆက်ညှိနှိုင်းရဦးမည်ဖြစ်ရာ ယီထျန်းယွမ်ကို ရက်အနည်းငယ်ခန့် အနားယူခိုင်းထားခြင်း ဖြစ်သည်။ ယီထျန်းယွမ်မှာမူ အနားယူရန် မလိုအပ်ပါချေ။ ယခင်က ပြင်းထန်သော တိုက်ပွဲများ မရှိခဲ့သဖြင့် အနားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ထူးခြားမှု မရှိလှချေ။

“ကြည့်ရတာ စောင့်နေရုံပဲ ရှိတော့တယ်...”

ယီထျန်းယွမ်သည် ကျင့်ကြံရေးအခန်းအတွင်း၌ ရလဒ်ကို စောင့်ဆိုင်းနေလိုက်သည်။

ထိုအဓိက ကျင့်ကြံရေးနယ်မြေဆိုသည်မှာ မည်သို့သော နေရာမျိုးလဲဆိုသည်ကို သူ မသိရှိချေ။ အကြီးအကဲနျန် ဤမျှအထိ အမွှန်းတင်နေသည်ကို ကြည့်ခြင်းဖြင့် မဆိုးလှသော နေရာတစ်ခု ဖြစ်ရပေလိမ့်မည်။ သတ်ဖြတ်ခြင်းနတ်ဘုရားမျှော်စင်ကဲ့သို့ ထောင်ချောက်မျိုး မဖြစ်လျှင်ပင် တော်လှပြီ ဖြစ်သည်။ သတ်ဖြတ်ခြင်းနတ်ဘုရားမျှော်စင်မှာ တကယ့်ကို ထောင်ချောက်ကြီးဖြစ်ပြီး သူသာ အနည်းငယ် မသန်မာပါက ထိုနေရာ၌ သေချာပေါက် ဒုက္ခရောက်သွားပေလိမ့်မည်။

ဝိညာဉ်ကူးပြောင်း သိမ်းပိုက်ခံရပြီးနောက် မိမိ၏ ခန္ဓာကိုယ်မှာ သူတစ်ပါး၏ လက်အောက်သို့ ရောက်ရှိသွားမည်ဖြစ်ကာ မိမိနေရာတွင် အစားထိုးခံရမည် ဖြစ်သည်။ ဤကဲ့သို့သော ကိစ္စမျိုးကို စဉ်းစားကြည့်ရုံနှင့်ပင် ရွံရှာဖွယ်ကောင်းလှသည်။ ကံကောင်းထောက်မစွာဖြင့် သူ ဘာမှမဖြစ်ခဲ့ချေ။

သူ ဆက်လက်စောင့်ဆိုင်းနေစဉ်မှာပင် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။

“ဟော... ကူးယွမ်လား...”

ကူးယွမ် သူ့ကို လာရှာလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ သူ များစွာ မစဉ်းစားတော့ဘဲ ထကာ အပြင်သို့ ထွက်ခဲ့လိုက်သည်။

တံခါးဖွင့်လိုက်သည့်အခါ ကူးယွမ်၏ ရင်းနှီးသော မျက်နှာလေး ပေါ်လာသည်။ နှစ်ဦးသား အကြည့်ချင်း ဆုံမိသည့်အခါ ကူးယွမ်သည် သူ့ကို တည့်တည့်မကြည့်ဝံ့ဘဲ ဖြစ်နေရှာသည်။

“မင်း လာလိမ့်မယ်လို့ မထင်ထားဘူး၊ ဘာကိစ္စ ရှိလို့လဲ...”

ယီထျန်းယွမ်က သူမကို ပြုံးလျက် မေးလိုက်သည်။

“သခင်လေးယီ... ရှင့်ရဲ့ သူငယ်ချင်းတစ်ယောက် အခက်အခဲနဲ့ ကြုံနေရပုံပဲ...”

ကူးယွမ်သည် အနည်းငယ် အားနာနေပုံရသည်။ အဓိကအားဖြင့် သူမ၏ စရိုက်မှာ မူလကပင် အေးစက်လှသဖြင့် ယခု ယီထျန်းယွမ်ကို စတင် စကားပြောရန် လာခြင်းမှာ အနည်းငယ် အားနာနေခြင်းပင် ဖြစ်သည်။

“ငါ့သူငယ်ချင်း ဟုတ်လား...”

ယီထျန်းယွမ် ခဏစဉ်းစားလိုက်သည့်အခါ နတ်ဘုရားနယ်မြေသို့ စတင်ရောက်ရှိစဉ်က ကျင့်ကြံသူကို သတိရသွားသည်။

“လီကျန့်ယုလား...”

“ဟုတ်ပါတယ်... အဲဒီ သခင်လေးလဲ့က ဟွားမန်ဂြိုဟ်ပေါ်မှာ လူတစ်ယောက်နဲ့ တိုက်ခိုက်နေတာ အခုဆိုရင် တောင့်မခံနိုင်တော့ဘူး။ ဒီအတိုင်း ဆက်သွားရင်တော့ အဲဒီပေါ်မှာတင် သေသွားနိုင်တယ်...”

ကူးယွမ်က ပြောလိုက်သည်။

“ဘာ... တိုက်ခိုက်နေတယ် ဟုတ်လား...”

ယီထျန်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ လီကျန့်ယုသည် အတော်လေး သိုသိုသိပ်သိပ် နေတတ်သူ ဖြစ်ကြောင်း သူသိရှိသည်။ တိုက်ခိုက်သည့် အခြေအနေမျိုး ပေါ်ပေါက်လာခြင်းမှာ တစ်စုံတစ်ယောက်က သေချာပေါက် ရန်စလိုက်သောကြောင့် ဖြစ်ရပေလိမ့်မည်။

“ဟုတ်ကဲ့... အဲဒီအပေါ်မှာ တိုက်ခိုက်နေရတာ ရက်အတော်ကြာပြီ၊ ကျင့်ကြံသူ အမြောက်အများ နဲ့ တိုက်ခိုက်နေရတာ။ လူသားမျိုးနွယ်ကို အထင်သေးတဲ့ ကျင့်ကြံသူတွေကို ပြန်ပြီး တိုက်ခိုက်နေတာလို့ ကြားတယ်၊ တစ်ဖက်လူတွေက လူလဲပြီး တိုက်နေကြတာဆိုတော့ သူ ဒဏ်ရာတွေ တော်တော် ပြင်းထန်နေပြီ...”

ကူးယွမ်က ရှင်းပြလိုက်သည်။

“သေချာပြီ...”

ယီထျန်းယွမ်၏ အကြည့်များ အေးစက်သွားသည်။ သူ ထင်ထားသည့်အတိုင်းပင် ဖြစ်သည်။ လီကျန့်ယုသည် အကြောင်းမဲ့ ရန်ရှာမည့်သူ မဟုတ်ဘဲ တစ်စုံတစ်ယောက်က သေချာပေါက် ရန်စလိုက်ခြင်းပင် ဖြစ်ရမည်။

ချက်ချင်းပင် သူက ကူးယွမ်ကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်... ငါ အခုပဲ အပြင်ကို တစ်ချက် သွားလိုက်ဦးမယ်”

နောက်တစ်စက္ကန့်တွင် သူသည် ရှေ့သို့ တိုးဝင်သွားပြီး တစ်စက္ကန့်မျှပင် ဆိုင်းတွမနေတော့ချေ။ အခြေအနေမှာ သေချာပေါက် အရေးကြီးနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကူးယွမ်သည် သူ့ကို ပြေး၍ လာရှာခြင်း ဖြစ်သည်ကို သူ သတိပြုမိသောကြောင့်ပင်။ သူမ ရောက်လာသည့်အခါ အသက်ရှူသံများ ကမောက်ကမ ဖြစ်နေခြင်းမှာ လမ်းတစ်လျှောက်လုံး အစွမ်းကုန် ပြေးလာခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။

ကူးယွမ်သည် ထွက်ခွာသွားသော သူ၏ ကျောပြင်ကို ကြည့်ကာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။

“သခင်လေးယီ... ဘာမှမဖြစ်ပါစေနဲ့နော်...”

သူမ စဉ်းစားကြည့်ပြီးနောက် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ အမြဲတမ်း ယီထျန်းယွမ်၏ အကူအညီကို ရရှိခဲ့သူဖြစ်သည့်အတိုင်း သူမအနေဖြင့် လျစ်လျူရှုမထားနိုင်ပါချေ။

ယီထျန်းယွမ်သည် ပို့ဆောင်ရေးအစီအရင်မှတစ်ဆင့် ဟွားမန်ဂြိုဟ်သို့ လျင်မြန်စွာ သွားရောက်ခဲ့သည်။ ထျန်းဟွမ်ဂြိုဟ်သည် ထျန်ယုနတ်ဘုရားနယ်မြေအတွင်းရှိ ထူးခြားသော ဂြိုဟ်တစ်ခုဖြစ်ပြီး တာဝန်ပြီးဆုံးသော ကျင့်ကြံသူများအတွက် အပန်းဖြေရာ နေရာတစ်ခု ဖြစ်ကာ အမျိုးမျိုးသော ဖျော်ဖြေရေး စက်ပစ္စည်းများ ရှိနေတတ်သည်။

ဥပမာအားဖြင့် ပြည့်တန်ဆာအိမ် သို့မဟုတ် အမျိုးမျိုးသော စားသောက်ဆိုင်များ ရှိနေတတ်ပြီး ပျော်ပါးရန်အတွက် နေရာတစ်ခုပင် ဖြစ်သည်။ သို့သော် ဤနေရာ၌ အလွန်ကြီးမားသော တိုက်ခိုင်ရေးစင်တစ်ခု ရှိနေပြီး အရက်သောက်ရင်း အထက်ရှိ သန်မာသူများ၏ တိုက်ပွဲကို ကြည့်ရှုရသည်မှာ အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

သို့သော် အထက်တွင် ကြီးမားသော ပြဿနာတစ်ခု ရှိသည်။ ယင်းမှာ အသက်ရှင်ခြင်း သေဆုံးခြင်းကို အာမမခံခြင်းပင် ဖြစ်သည်။ လက်သီးနှင့် ခြေထောက်မှာ မျက်စိမပါသဖြင့် သေဆုံးသွားခဲ့လျှင် တစ်ဖက်လူနှင့် မည်သို့မျှ မသက်ဆိုင်ပါချေ။ ကံကောင်းသည်မှာ အရှုံးပေး၍ ရသည်။ အကယ်၍ အရှုံးပေးလိုက်လျှင် တိုက်ခိုက်ခြင်း မပြုရတော့ဘဲ မဟုတ်ပါက ဒိုင်လူကြီး၏ အပြစ်ပေးခြင်းကို ခံရပေလိမ့်မည်။

ဤ ဟွားမန်ဂြိုဟ်သို့ ရောက်ရှိလာသည့် အခါတွင်မူ သင်းပျံ့လှသော အရက်နံ့များကို ချက်ချင်း ရရှိလိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် စားသောက်ဆိုင် အမြောက်အများ ရှိနေပြီး တစ်ဆိုင်ထက် တစ်ဆိုင် ပိုမို ခန့်ညားလှသည်။ ဤနေရာ၌ သုံးစွဲရန်မှာ ရိုးရှင်းလှသည်။ ကြယ်တာရာသလင်းကျောက် ရှိလျှင်ပင် လုံလောက်လှသည်။ ပံ့ပိုးမှုအမှတ်များကို ကြယ်တာရာသလင်းကျောက်များအဖြစ် လဲလှယ်နိုင်သဖြင့် တာဝန်ပြီးဆုံးပြီးနောက် ဤနေရာ၌ လာရောက် အနားယူနိုင်ကြခြင်းပင်။

“ဒီက သခင်လေး... ငါတို့ဆီမှာ လာပြီး ပျော်ပါးသွားပါဦးလား...”

ဘေးနားရှိ ချောမောလှပသော အမျိုးသမီးက ပဝါလေးကို ဝှေ့ယမ်းကာ သူ့အား အသာအယာ ဆွဲဆောင်လိုက်သည်။ သင်းပျံ့လှသော ရနံ့များမှာ လူကို အလွန်ပင် ဆွဲဆောင်နေတော့သည်။

ဤစားသောက်ဆိုင်များတွင် အထူး ဝန်ဆောင်မှု အမြောက်အများ ရှိနေတတ်ပြီး ချောမောလှပသော အမျိုးသမီးများမှာ ကျင့်စဉ်အဆင့် နိမ့်ပါးသူများ ဖြစ်ကြသလို အချို့မှာမူ ကြယ်တာရာသခင် အဆင့်အထိ ရှိကြသည်။ ဤကဲ့သို့သော အလုပ်မျိုး လုပ်ဆောင်ခြင်းမှာ ထူးခြားမှု မရှိလှချေ။ လိုအပ်ချက် ရှိနေသရွေ့ ဈေးကွက် ရှိနေမည်သာ ဖြစ်သည်။

ကျင့်စဉ်အဆင့်ကြောင့်ပင် ရုပ်ဆိုးသူ တစ်ယောက်မျှ မရှိဘဲ အားလုံးမှာ အလွန်ပင် ချောမောလှပကြသည်။ သို့သော် ယီထျန်းယွမ်ကမူ တစ်ချက်မျှ လှည့်မကြည့်ဘဲ သူ၏ အကြည့်များကို ရှေ့သို့သာ စူးစိုက်ကြည့်နေလိုက်သည်။

ချက်ချင်းပင် ဝေးလံသော နေရာရှိ နယ်မြေတစ်ခုတွင် ကြီးမားလှသော တိုက်ခိုက်ရေးစင်တစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ ၎င်းကို အစိတ်အပိုင်း အမြောက်အများ ခွဲခြားထားသည်။ ယင်းမှာ တိုက်ပွဲ အမြောက်အများကို တစ်ပြိုင်နက်တည်း ကျင်းပနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ၎င်းတို့အနက် တိုက်ခိုက်ရေးစင်တစ်ခုမှာ အလွန် စည်ကားနေပြီး လူအမြောက်အများ ဝိုင်းအုံလျက် ဟစ်အော်နေကြသည်။

“အဲဒီကောင်လေးကို သတ်ပစ်... အဲဒီလူသားမျိုးနွယ်ကို သတ်ပစ်ကြစမ်း... မသိနားမလည်ဘဲ ငါတို့ကို လာပြီး ရန်စရဲတယ်ပေါ့... သေဖို့သာ ပြင်ထားတော့...”

ဤအသံမှာ ပတ်ဝန်းကျင် တစ်ခုလုံး ပျံ့လွင့်နေပြီး နားပင် ကွဲမတတ် ဖြစ်စေသည်။ ဆန့်ကျင်ဘက်အားဖြင့် လီကျန့်ယုကို ထောက်ခံသူမှာမူ လုံးဝ မရှိသလောက်ပင်။

ယီထျန်းယွမ် မျက်လုံးကို မှေးလိုက်ပြီး ခြေတစ်ချက် ပြင်းထန်စွာ နင်းလိုက်သည်။

“ဘုန်း...”

အသံနှင့်အတူ သူသည် နေရာတွင်တင် ပျောက်ကွယ်သွားတော့သည်။ ဘေးနားရှိ အမျိုးသမီးမှာမူ ပဝါလေးကို စိတ်ပျက်စွာ ဝှေ့ယမ်းလိုက်ပြီး မကျေမနပ် ပြောလိုက်သည်။

“ဒီယောကျ်ားတွေကတော့... ရန်ဖြစ်တာ မြင်ရင် စိတ်လှုပ်ရှားနေကြတာပဲ၊ ငါတို့ကိုကျတော့ တစ်စက်မှ စိတ်မဝင်စားကြဘူး...”

၎င်းတို့ တစ်ဦးချင်းစီမှာ စိတ်ပျက်စွာဖြင့် ပြန်လှည့်သွားကြသည်။ ၎င်းတို့ မသိသည်မှာ ယီထျန်းယွမ်သည် ဤကဲ့သို့သော အလှတရားများအပေါ် တစ်စက်မျှ စိတ်မဝင်စားခြင်းပင် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် တိုက်ခိုက်ရေးစင်ဘေးသို့ ရောက်ရှိသွားပြီး လီကျန့်ယု၏ ရင်းနှီးသော ပုံရိပ်ကို တွေ့လိုက်ရသည်။ သူသည် ကျင့်ကြံသူ တစ်ဦးနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။ နှစ်ဦးသားမှာ အသေအလဲ တိုက်ခိုက်နေကြပြီး လီကျန့်ယုမှာ ဖိနှိပ်ခံနေရသည်ကို မြင်တွေ့နေရသည်။

အဓိကအားဖြင့် သူ၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ရှိနေပြီး တစ်ဖက်လူတွင်မူ မည်သည့် ဒဏ်ရာမျှ မရှိချေ။ ကျင့်စဉ်အဆင့်မှာ တူညီနေလျှင်ပင် လီကျန့်ယုမှာ အင်အားကုန်ဆုံးနေသဖြင့် သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။

ထိုအချိန်တွင် သူသည် အချက်တစ်ခုကို သတိပြုမိလိုက်သည်။ ယင်းမှာ လူသားမျိုးနွယ် ကျင့်ကြံသူ ထောက်ခံသူများမှာ မနည်းလှသော်လည်း ၎င်းတို့၏ ဟစ်အော်သံမှာမူ တစ်ဖက်လူထက် များစွာ အားနည်းနေခြင်းပင် ဖြစ်သည်။ ယင်းမှာ သတ္တိမရှိသည့်အလား ဖြစ်နေသည်။ တစ်ဦးချင်းစီမှာ တွန့်ဆုတ်နေကြပြီး အကယ်၍ နိုင်ခဲ့လျှင်ပင် သူခိုးကဲ့သို့ ဖြစ်နေကြသည်။

ဆန့်ကျင်ဘက်အားဖြင့် အခြားသော မျိုးနွယ်စုများမှာမူ ရှုံးနိမ့်ခဲ့လျှင်ပင် အရှိန်အဝါ အပြည့်ရှိနေကြပြီး မိမိတို့ နိုင်သွားသည့်အလား ရှိနေကြသည်။

“ဒါက ဘာတွေလဲ...”

ယီထျန်းယွမ်သည် လူသားမျိုးနွယ်ရှိရာ ဘက်သို့ လာခဲ့ပြီး ဘေးနားရှိ အမျိုးတူသူ တစ်ဦးအား မေးမြန်းလိုက်သည်။

ထိုသူသည် ယီထျန်းယွမ်မှာ မိမိတို့ လူမျိုးဖြစ်ကြောင်း မြင်သည့်အခါ မချိတင်ကဲ ပြောလိုက်သည်။

“ဘာဖြစ်ရမှာလဲ... အပေါ်က အဲဒီကောင်လေးက ယီထျန်းယွမ် ဆိုတဲ့ လူသားမျိုးနွယ် တစ်ယောက်ကို ကာကွယ်ဖို့အတွက် တခြားလူတွေနဲ့ တိုက်နေတာပေါ့...”

“လူမျိုးတူကို ကာကွယ်ဖို့ ဟုတ်လား...”

ယီထျန်းယွမ် မှင်တက်မိသွားသည်။ မိမိကြောင့် တိုက်ခိုက်နေရခြင်းဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။

“ဟုတ်တယ်... တစ်ယောက်ယောက်က အဲဒီ ယီထျန်းယွမ် ဆိုတာ နောက်ဖေးတံခါးကနေ ဝင်လာတာလို့ ပြောတယ်၊ ဒါမှမဟုတ် လူသားမျိုးနွယ် ကျင့်ကြံသူ မဟုတ်ဘဲ တခြား မျိုးနွယ်စုက ဖြစ်လိမ့်မယ်လို့ ပြောနေကြတယ်။ အချုပ်ကတော့ အဲဒီ ညီအစ်ကိုယီရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်မပြုကြဘူး၊ ဒါမှမဟုတ် လူသားမျိုးနွယ် ဖြစ်လိမ့်မယ်လို့ မယုံကြဘူး၊ လူသားမျိုးနွယ်က ဒီလို အောင်မြင်မှုမျိုး ဘယ်တော့မှ မရနိုင်ဘူးလို့ ယူဆနေကြတာပဲ...”

ထိုကျင့်ကြံသူက မချိတင်ကဲ ဆက်ပြောလိုက်သည်။

“ဒါနဲ့ သူက ပြန်ချေပတယ်လေ၊ ညီအစ်ကိုယီက လူသားမျိုးနွယ်စစ်စစ် ဖြစ်သလို နောက်ဖေးတံခါးက ဝင်လာတာလည်း မဟုတ်ဘူး၊ ဘယ်လို လှည့်ကွက်မှလည်း မရှိဘူးလို့ ပြောတာပေါ့။ အဲဒီမှာ သူတို့တွေ တိုက်ကြတာပဲ၊ အဲဒီညီအစ်ကိုက တကယ့်ကို တောင့်ခံနိုင်ပါတယ်၊ အခုဆိုရင် အများကြီးကို အနိုင်ယူခဲ့ပြီးပြီ၊ ဒါပေမဲ့ တစ်ဖက်လူတွေကတော့ စကားကို မပြင်ကြသေးဘူး...”

ယီထျန်းယွမ်သည် ဤစကားကို ကြားပြီးနောက် တိတ်ဆိတ်သွားပြီး သူ၏ မျက်ဝန်းထဲတွင် အေးစက်မှုများ ပြည့်နှက်သွားတော့သည်။

အခန်း ၉၄၉ ပြီးပါပြီ။

All Chapters