ဝူဟိုသဲ
Vol. 10 Ch. 101
ရှေးဟောင်းပစ္စည်းဆိုင်ရှေ့၌...
ဝူစန်းရီ၏ခန္ဓာကိုယ်က ချွေးစက်များဖြင့် ပြည့်နှက်သွားခဲ့သည်။သူသည် ဂူသချိုင်းဖွင့်သူတစ်ယောက်ဖြစ်သည်။
သူသည် လူသေတို့၏ပစ္စည်းများစွာကို တွေ့မြင်ခဲ့ဖူးကာ ဂူသချိုင်းများစွာကိုလည်း ဖောက်ထွင်းဝင်ရောက်ဖူးပေသည်။သို့သော်လည်း အဆုံးသတ်တွင် သူသည်သာမန်လူတစ်ယောက်သာဖြစ်ကာ အခြားသူများနည်းတူ သေခြင်းတရားအားကြောက်ရွှံ့ပေသည်။
"မ..မစ္စတာ...ယင်ဂျွန်ကသူ့ဘာသာသူ မင်းကိုလာခြိမ်းခြောက်တာလေ...ငါတို့ရဲ့သဘောတူညီချက်က ခုထိအသက်ဝင်နေတုံးမဟုတ်လား...ဒါမှမဟုတ် အဲ့သစ်သားပန်းပုတစ်စုံကို လက်ဆောင်ပေးလိုက်မယ်လေ..."
ထိုအခိုက်အတန့်တွင် ဝူစန်းရီ၏ ညဏ်ပညာပြည့်ဝသောလူအိုကြီးတစ်ယောက်၏ပုံရိပ်က လုံးဝပြိုလဲသွားခဲ့သည်။
ယင်ဂျွန်နှင့်အခြားသူများသည် သူတို့မသေဆုံးမှီအစောပိုင်းက နတ်ဆိုးပန်းပုရုပ်တုများအကြောင်း အော်ဟစ်ခဲ့သည်။ယခုဆိုလျှင် ထိုသစ်သားပန်းပုရုပ်များကိုလက်ခံပါက ပြခန်းအားအလကားပေးမည်ဆိုလျှင်ပင် ဝူစန်းရီက လူကြီးလူကောင်းဆန်ဆန်ငြင်းဆိုမှာဖြစ်သည်။
ဖန်ရှန့်ချန်နှင့်ကျန်းချီထျန်းတို့သည်လည်း ဝူစန်းရီထက်များစွာသာလွန်နေခြင်းမရှိပေ။
ယဲ့ပိုင်သည်ကား မည်သည့်အရာမှမဖြစ်ပျက်ခဲ့သလိုမျိုး ငြိမ်သက်နေခဲ့သည်။သူသည် ပတ်ဝန်းကျင်ရှိ ကြောက်ရွှံ့နေသောလူများနှင့်၎င်းတို့၏အမူအရာများကို သူနှင့်မသက်ဆိုင်သည့်အလား လျစ်လျူရှုထားခဲ့သည်။
ထို့နောက်သူက ဝူစန်းရီကိုကြည့်ရင်းပြောလိုက်သည်။
"ဒီပြခန်းက မင်းရဲ့အပိုင်ဖြစ်နေတုံးပဲ...သစ်သားပန်းပုရုပ်တွေကိုတော့ ငါပိုင်တယ်...နောက်ပြီး မင်းမှာအခွင့်အရေးရှိခဲ့မယ်ဆိုရင် ပေကျင်းမှာရှိတဲ့ ပရော်ဖက်ဆာရှကို တစ်ယောက်ယောက်ကသတင်းမေးလိုက်တယ်လို့ပြောဖို့မမေ့ပါနဲ့...ငါအချိန်ရရင်သူ့ဆီလာလည်မယ်လို့ပြောလိုက်ပါ..."
ပရော်ဖက်ဆာရှ...ခွန်းလွန်တောင်ချောက်နက်ထဲ၌ ကြောက်မက်ဖွယ်ကောင်းတဲ့ တစ်စုံတစ်ခုကို ရှာတွေ့ခဲ့တဲ့ ပရော်ဖက်ဆာရှလား...
ပေကျင်းမှာ တစ်စုံတစ်ယောက်ကို သတင်းမေးပေးရမှာလား...ဝမ်ရှီကျစ်ရဲ့ဂူသချိုင်းအကြောင်းကို ငါသတင်းရခဲ့တာက ပေကျင်းမှာလေ...
ဝူစန်းရီသည် ယဲ့ပိုင်၏စကားကိုနားထောင်ပြီးနောက် သူ၏ခြေထောက်များသည် တုန်လှုပ်သွားခဲ့သည်။သူ၏နှလုံးသားသည်လည်း မျှော်လင့်မထားသည့် အံ့အားသင့်ဖွယ်ကိစ္စကြောင့် ခေတ္တရပ်တန့်သွားခဲ့ကာ မထိသင့်သောကြိုးတစ်ချောင်းကို သွား၍ထိတွေ့မိလိုက်သလို ခံစားလိုက်ရသည်။
"ကောင်းပါပြီသခင်လေး..."
အဆုံးသတ်တွင် ဝူစန်းရီ၏ပါးစပ်မှ ထိုသို့သောအဖြေတစ်ခုထွက်ပေါ်လာခဲ့သည်။
ယဲ့ပိုင်သည် စကားဆက်မပြောတော့ဘဲ ထရပ်ကားရှေ့သို့ဦးတည်လျှောက်သွားခဲ့သည်။ဝမ်ကူသည် ထရပ်ကားနားသို့ရောက်လာကာ သူ့အတွက်ခရီးသည်ထိုင်ခုံတံခါးကို လေးလေးစားစားဖွင့်ပေးလိုက်သည်။ယဲ့ပိုင်သည် သူ၏ခြေထောက်ကို အေးအေးဆေးဆေးမြှောက်ကာ ကားထဲဝင်ထိုင်လိုက်သည်။
ထို့နောက်တွင် ဝါးညှပ်ပန်းချီများနှင့်လက်ရေးလှပန်းချီများကို တင်ဆောင်ထားသော ထရပ်ကား၅စီးထွက်ခွာသွားပြီးနောက် ရှေးဟောင်းလမ်းတစ်ခုလုံး ကမောက်ကမဖြစ်သွားခဲ့ရသည်။
...
ဝူမိသားစုအိမ်တော် ၊ ဇိမ်ခံရုံးခန်းတစ်ခု၌...
ဆံပင်ဖြူနေသောအဘိုးအိုတစ်ဦးသည် ရုံးခန်းထိုင်ခုံပေါ်၌ ငြိမ်သက်စွာထိုင်နေခဲ့သည်။သူသည် အဖြူရောင်ရှပ်အင်္ကျီအားဝတ်ဆင်ထားကာ သူ၏နက်ရှိုင်းသောမျက်လုံးများက များစွာသောလောကဓံကို ဖြတ်ကျော်အံတုလာခဲ့ပုံဖြင့် တည်ငြိမ်ရင့်ကျက်နေခဲ့သည်။
သူ၏နောက်ဘက်မှနံရံတွင် အနက်ရောင်စုတ်တံဖြင့် စာလုံး၈လုံးအားရေးသားထားကာ ရိုးသားမှု၊ကြင်နာမှုနှင့်စာနာထောက်ထားမှုတို့ကို ဖော်ပြထားပေသည်။
ထိုစာလုံး၈လုံးသည် လေပေါ်ပျံဝဲနေသောနဂါးများသဖွယ် ကြီးကျယ်ခမ်းနားကာ စွမ်းအားကြီးမားသည့်ပုံစံကို ဖော်ပြနေခဲ့သည်။ထို့ပြင်စာလုံးတစ်လုံးချင်းစီတိုင်းသည် ကြည့်ရှုသူ၏စိတ်ကိုအေးချမ်းယာယာစေကာ ဖော်မပြနိုင်လောက်သော ဆွဲဆောင်နိုင်စွမ်းကို ပိုင်ဆိုင်ထားပေသည်။
သူ၏ဘယ်ဘက်တွင်မူ လက်ပိုက်ထားသောအီဂျစ်ဖာရောဘုရင်၏ ရုပ်တုတစ်ခုရှိပေသည်။
ထိုရုပ်တု၏တစ်လက်မချင်းစီတိုင်းသည် အသေးစိတ်လက်ရာမြှောက်ကာ ဖာရောဘုရင်ကိုယ်တိုင် သက်ရှိထင်ရှားရှိနေသကဲ့သို့ ရှေးခေတ်ဟောင်းမှ ခံစားချက်အားရရှိခဲ့သည်။ထိုရုပ်တုအား တစ်ချက်ကြည်လိုက်ရုံဖြင့် အလွန်တန်ဖိုးရှိကြောင်း ချက်ချင်းသိနိုင်မှာဖြစ်သည်။
ထို့နောက်ရုံးခန်း၏ထိပ်တည့်တည့်တွင် ဖယောင်းတိုင်မီးတစ်ခုရှိပေသည်။ထိုဖယောင်းတိုင်မီးအား ဖြစ်ပေါ်စေရန်အတွက် အရွယ်အစားအမျိုးမျိုးရှိသော ဖယောင်းတိုင်၁၁ချောင်းဖြင့်ဖွဲ့စည်းထားပေသည်။ထိုဖယောင်းတိုင်မှ အားနည်းသောမီးတောက်တစ်ခုထွက်ပေါ်နေကာ လေထုထဲ၌မွှေးပျံ့သောသင်းရနံ့ကို ဖြစ်ပေါ်စေခဲ့သည်။
ပထမတစ်ချက်ကြည့်လိုက်ရုံဖြင့် ဤရုံးခန်းသည်အလွန်ဇိမ်ကျကြောင်း သိနိုင်ပေသည်။သို့သော်လည်း အနီးကပ်ကြည့်လိုက်မည်ဆိုပါက ဤနေရာသည်အလွန်ပင်ထူးဆန်းနေကြောင်း တွေ့မြင်ရမည်ဖြစ်သည်။
"အရှင်ဖာရော...ဒါကနောက်ဆုံးအကြိမ်ပဲ...မင်းကငါ့ကို ဘဝအသစ်တစ်ခုပေးခဲ့တယ်...ဒါပေမဲ့နှစ်တွေအတော်ကြာလာတဲ့အခါ ငါပေးဆပ်ရမယ့်အကြွေးတွေက ကျေလုနီးနီးဖြစ်သွားပြီ"
အဘိုးအိုသည် သူ၏ဘယ်ဘက်ခြမ်း၌ရှိနေသော ဖာရောဘုရင်ရုပ်တုအား စိုက်ကြည့်လိုက်ကာ အလွန်အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
ထိုစကားကိုပြောနေချိန်တွင် သူသည်အတိတ်မှအမှတ်တရများကို တရွေ့ရွေ့ပြန်တွေးနေမိသည်။
ထိုစဉ်ကနေရာတိုင်းလိုလိုတွင် ပြင်းထန်သောသေနတ်သံများနှင့် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများပါရှိသည့် အဆုံးမရှိသောတိုက်ပွဲများ ဖြစ်ပေါ်နေခဲ့သည်။
မြေပြင်ပေါ်တွင် မရေမတွက်နိုင်သောအလောင်းများပြန့်ကျဲနေကာ လေထုအခြေအနေကလည်း သေခြင်းတရားအငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။
အလောင်းများအပြင် လမ်းဘေးရှိနေရာတိုင်းလိုလိုတွင် အဝါရောင်မျက်နှာများရှိသော ဒုက္ခသည်များရှိနေကြပြီး စစ်မီးတောက်အကြား၌ ဆူညံသောအသံများ ထွက်ပေါ်လာလေ့ရှိသည်။
"ကူညီပါ..."
အရိုးစုသာသာမျှသာရှိသော အသက်၇၀ကျော်အရွယ်အဘိုးအိုတစ်ယောက်သည် သူ၏ခြောက်ကပ်နေသောလက်ဝါးကိုဆန့်ထုတ်ကာ တစ္ဆေတစ်ကောင်ကဲ့သို့ အက်ကွဲနေသည့်လေသံဖြင့် ပြောလိုက်သည်။
"ငါမသေချင်သေးဘူး...ကယ်ကြပါ..."
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၏မျက်နှာသည် မြေမှုန်များနှင့်သွေးများဖြင့် ညစ်ထေးနေခဲ့သည်။
"ရေ...ရေသောက်ချင်တယ်..."
ကောင်လေးတစ်ယောက်က စိတ်ပျက်လက်ပျက်အကြည့်ဖြင့် ပတ်ဝန်းကျင်အားကြည့်နေခဲ့သည်။
"ကျေးဇူးပြုပြီးတော့ ကူညီပါ...ကူညီပေးပါ"
စုတ်ပြတ်သတ်နေသောအဝတ်အစားကို ဝတ်ဆင်ထားသောအမျိုးသမီးတစ်ယောက်သည် အက်ကွဲနေသောနှုတ်ခမ်းမှ အကူအညီတောင်းလိုက်သည်။
သို့သော်လည်း သူတို့၏တောင်းပန်မှုသည်အရာမထင်ခဲ့ပေ။သူတို့ရရှိလိုက်သည်မှာ နတ်ဆိုးများထံမှ အေးစက်သောကျည်ဆံများဖြစ်ကြသည်။
မိုးရွာသွန်းသလို ကျဆင်းလာသည့်ကျည်ဆံများအကြားတွင် မရေမတွက်နိုင်သောအသက်များက ချက်ချင်းဆိုသလိုရုပ်သိမ်းခံလိုက်ရသည်။ကံကောင်းထောက်မစွာဖြင့် ရေတောင်းသောက်နေသောကောင်လေးသည် အနီးအနားရှိသေဆုံးနေသော အမျိုးသမီး၏အလောင်းအောက်တွင် ပုန်းအောင်းနေသည့်အတွက်ကြောင့် သူ၏အသက်ကို ငယ်ငယ်ရွယ်ရွယ်ဖြင့်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
အချိန်များက မြန်မြန်ဆန်ဆန်ကုန်ဆုံးသွားခဲ့သည်။
ကောင်လေး၏မျက်လုံးများက သွေးရောင်လွှမ်းနေခဲ့ကာ သူ၏မျက်လုံးများက စိတ်ပျက်အားငယ်နေသည့်အဖြစ်မှ အေးစက်စက်အမူအရာသို့ပြောင်းလဲသွားပြီး ခံစားချက်ကင်းမဲ့သွားခဲ့သည်။
ကောင်လေးသည် သူ့ကိုယ်သူသတ်သေရန်ကြိုးပမ်းလိုက်ချိန်တွင် အဖြူရောင်ဝတ်စုံဝတ်ထားသောလူတစ်ယောက်က သူ့ဘေးနားမှဖြတ်သွားက ကြောက်စရာကောင်းသည့်အကြည့်ဖြင့် သူ့အားစိုက်ကြည့်လိုက်သည်။
"ငါ့အတွက်အလုပ်လုပ်ပေး...မင်းအတွက်မကုန်ခမ်းနိုင်တဲ့စည်းစိမ်ဥစ္စာတွေကိုငါပေးမယ်...ဒါပေမဲ့ မင်းရဲ့ဝိညာဉ်ကိုငါ့ထံအပ်နှံရပြီးတော့ ငါ့အတွက်အမြဲအလုပ်လုပ်ပေးရမယ်"
ထိုလူ၏အေးစက်စက်လေသံသည် ကောင်လေးအတွက်နောက်ဆုံးသော ကောက်ရိုးတစ်မျှင်ဖြစ်ခဲ့သည်။
"ကူညီပါ..."
ကောင်လေးသည် အေးစက်စက်အကြည့်ဖြင့်မော်ကြည့်၍ ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။
ထိုကောင်လေးသည် ဝူမိသားစု၏လက်ရှိအကြီးအကဲ ဝူဟိုသဲပင်ဖြစ်သည်။
ရုံးခန်းထဲ၌ထိုင်နေသော ဝူဟိုသဲ၏အတွေးများက အဝေးသို့ လွှင့်ပျံသွားသည့်အချိန်တွင် ပြတ်သားသည့်ဖုန်းမြည်သံက စားပွဲပေါ်မှရုတ်တရက်ထမြည်လာသည့်အတွက်ကြောင့် သူ၏အတွေးများအား ချက်ချင်းပြန်၍စုစည်းလိုက်သည်။
ဝူဟိုသဲသည် သူ၏မျက်လုံးထောင့်စွန်း၌ စီးကျနေသည့်မျက်ရည်အချို့အား သတိမထားမိဘဲ ဖုန်းကိုကောက်ကိုင်လိုက်ကာ လေးလေးစားစားလေသံဖြင့် ဖုန်းဖြေလိုက်သည်။
"အရှင်...ငါ့ရဲ့တတိယမြောက်သားနဲ့မြေးဖြစ်သူကို ဝူမိသားစုထဲကနေထုတ်ပယ်လိုက်ပါပြီ...သူတို့နဲ့ဝူမိသားစုက ခုချိန်မှာပတ်သက်မှုလုံးဝမရှိတော့ပါဘူး...ပြီးတော့မစ္စတာရက်ဖ်ကိုသတ်သွားတဲ့ လူသတ်သမားကို ရှေးဟောင်းမြို့တစ်ခုလုံးမှာ မွှေနှောက်ရှာဖွေနေပါတယ်..."
"ကောင်းပြီ
ဝူဟိုသဲ...သူတို့ကသူတို့နဲ့ထိုက်တန်တဲ့ရလဒ်ကိုရရှိသွားတာပဲ...ရှေးဟောင်းလမ်းကဆိုင်တစ်ခုမှာ ပြသထားတဲ့ကြွေအိုးတစ်လုံးကွဲသွားတယ်ဆိုတဲ့ သတင်းကိုငါကြားလိုက်ရတယ်...အဲကြွေအိုးထဲကနေပြီး တစ်စုံတစ်ယောက်က ရှေးဟောင်းပစ္စည်းတစ်ခုကိုရသွားတယ်...ငါအမှတ်မမှားဘူးဆိုရင် အဲ့လူကမကြာခင် မင်းတို့ဝူမိသားစုကိုရောက်လာပြီး အကုန်ရှင်းလင်းပစ်ချင်နေတာပဲ"
ဖုန်းတစ်ဖက်မှလူသည် ပြင်းထန်သောသတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်နိုင်စွမ်းမရှိဘဲ သူ၏လေသံက အလွန်ပင်အေးစက်တင်းမာနေခဲ့သည်။
"အရှင်...အဲ့ကြွေအိုးထဲမှာ ဘာတွေပါလဲဆိုတာ သိခွင့်ရမလား..."
ဝူဟိုသဲ၏မျက်လုံးများ၌ သံသယအရိပ်အယောင်များ တောက်ပလာခဲ့သည်။
"မင်းသိဖို့အရည်အချင်းမပြည့်မှီဘူး..."
ဖုန်းထဲမှအေးစက်စက်လေသံက သူ့အားသတိပေးလိုက်သည်။
ဝူဟိုသဲက ချက်ချင်းတုန်လှုပ်သွားခဲ့သည်။
"နားလည်ပါပြီ အရှင်..."
ဂွတ်...
ထို့နော် တစ်ဖက်လူသည်ဖုန်းကိုချလိုက်သော်လည်း ဝူဟိုသဲက ၎င်းကိုသတိမထားမိဘဲ ဖုန်းကိုနားနှင့်ကပ်ထားဆဲပင်ဖြစ်သည်။
ဆယ်မိနစ်ခန့်ကြာပြီးမှ ဝူဟိုသဲကဖုန်းချလိုက်သည်။ထို့နောက် ဖြည်းညှင်းစွာမတ်တပ်ရပ်ကာ ဖာရောဘုရင်၏ရုပ်တုရှိရာသို့ လျှောက်သွားခဲ့ကာ ထူးခြားသည့်လေသံဖြင့်ရေရွတ်လိုက်သည်။
"ဖာရော...မင်းကိုဒီလိုဖြစ်လာအောင် ဘယ်သူကလုပ်ဆောင်ခဲ့တာလဲ...ဒါပေမဲ့မင်းမိသားစုကလူတွေကတော့ ကတိစကားကိုတန်ဖိုးထားကြတဲ့လူတွေပဲ..."
ထို့နောက်စားပွဲပေါ်တင်ထားသော အနီရောင်ဖုန်းက ထပ်မြည်လာခဲ့သည်။ယခုတစ်ကြိမ်လာသောဖုန်းမှာ ဝူမိသားစုထောက်လှမ်းရေးကွန်ရက်၏ အထူးဖုန်းပင်ဖြစ်သည်။
ဝူဟိုသဲသည် ထိုအရာကိုသတိထားမိ၍ သူ၏ခန္ဓာကိုယ်ကတုန်ခါသွားခဲ့ကာ သူ၏မျက်လုံးများ၌ အေးစက်သည့်အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူ့အားသတိပေးသွားသောလူရည်ညွန်းသည့် တစ်စုံတစ်ယောက်သည် ယခုထွက်ပေါ်လာပြီဖြစ်ကြောင်း ဝူဟိုသဲနားလည်လိုက်သည်။