← Chapters

အပြင်အဆင်

Vol. 10 Ch. 102

အပြင်အဆင်

Vol. 10 Ch. 102

ဝါးညှပ်ပန်းချီများနှင့်လက်ရေးလှပန်းချီများအား တင်ဆောင်လာသည့် ထရပ်ကား၅စီးသည် ဝူမိသားစုအိမ်တော်ဆီသို့ ဦးတည်လာခဲ့သည်။

ဒရိုင်ဘာ၅ယောက်သည် ပန်းချီပြခန်း၌ သူတို့မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် သူတို့၏မျက်နှာများ ဖြူဖျော့နေခဲ့ကြသည်။

ယဲ့ပိုင်သည် ဦးဆုံးမှထရပ်ကားပေါ်လိုက်ပါလာကာ ပြတင်းပေါက်ကို တစ်ဝက်ခန့်ချထားပေသည်။

ထိုအချိန်တွင် ကောင်းကင်ယံရှိနေမင်းသည် အနည်းငယ်အချိန်နှောင်းလာပြီဖြစ်၍ ရွှေအိုရောင်အလင်းများကိုထုတ်လွှတ်ကာ ရှေးဟောင်းမြို့အားလွှမ်းခြုံထားခဲ့သည်။

ကားမောင်းလာသူမှာ လူလတ်ပိုင်းတစ်ယောက်ဖြစ်သည်။

သူ၏မျက်နှာပေါ်၌ အညစ်အကြေးအချို့ရှိနေကာ နှစ်ပေါင်းများစွာ ရေမချိုးဘဲနေလာသကဲ့သို့ သူ၏အသားအရေကမည်းတူပေရေနေခဲ့သည်။သူ၏လက်ချောင်းထိပ်လေးများက အနည်းငယ်မည်းတူးနေကာ တချိန်လုံးဆေးလိပ်သောက်နေသူဖြစ်ကြောင်း သိသာစေခဲ့သည်။ထိုလူသည် သူ၏နောက်ကျောကိုအတတ်နိုင်ဆုံးဖြောင့်ထားကာ နောက်ကျောပြင်တစ်ခုလုံးက ချွေးများဖြင့်စိုရွဲနေကြောင်း တွေ့မြင်ရမည်ဖြစ်သည်။

ယဲ့ပိုင်သည် အပြင်ဘက်ရှိရှုခင်းကို လှမ်းကြည့်လိုက်သောအချိန်တွင် ထိုလူသည် ယဲ့ပိုင်အားရံဖန်ရံခါဆိုသလို မသိမသာစိုက်ကြည့်နေခဲ့သည်။သူ၏ဘယ်ဘက်လက်ညိုးသည် မကြာခဏဆိုသလို လှုပ်ရှားနေသော်လည်း သူ၏မျက်လုံးများ၌ကြောက်ရွှံ့မှုအရိပ်အယောင်များရှိနေခဲ့သည်။

"မင်းဆေးလိပ်သောက်ချင် သောက်လေ..."

ယဲ့ပိုင်သည် သူ၏ညာဘက်လက်၌ သစ်သားပန်းပုရုပ်တစ်စုံကို ညင်သာစွာကိုင်ထားပြီး ကားပြတင်းပေါက်မှနေ၍ ရှူခင်းများအားတိတ်ဆိတ်စွာကြည့်နေခဲ့သည်။သူ၏မျက်နှာအမူအရာသည် လုံးဝပြောင်းလဲသွားခြင်းမရှိသော်လည်း သူ၏အသံကအလွန်တိုးညှင်းစွာထွက်ပေါ်လာခဲ့သည်။

ထိုလူသည် ယဲ့ပိုင်၏စကားကြောင့် စတီယာရင်အား တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ထိုလူငယ်သည် အဘယ်ကြောင့် သူဆေးလိပ်သောက်ချင်နေသည်ကို သိရှိနေရသနည်းဟု အံ့သြတကြီးတွေးမိလိုက်သည်။

သို့သော်လည်း သူသည်စီးကရက်၂လိပ်သာကျန်တော့သော ရှုံ့တွနေသည့် စီးကရက်ဘူးကို သူ၏အိတ်ကပ်ထဲမှနေ၍ အမြန်ထုတ်ယူလိုက်သည်။

သူသည် စီးကရက်တစ်လိပ်အားထုတ်ယူကာ ပါးစပ်ထောင့်၌ကိုက်ထားလိုက်ပြီးနောက် မီးမညှိသေးဘဲ စီးကရက်ဘူးထဲမှ နောက်ဆုံးလက်ကျန်စီးကရက်ကို ငုံ့ကြည့်ကာ တုံ့ဆိုင်းခြင်းမရှိပြောလိုက်သည်။

"အကိုလေး...ဒီမှာဆေးလိပ်နောက်တစ်လိပ်ရှိသေးတယ်...ဆေးလိပ်သောက်ချင်လား..."

"ငါ...ဆေးလိပ်မသောက်တတ်ဘူး..."

"ကောင်းပါပြီ..."

ထိုလူသည် အဝါရောင်သွားများပေါ်လာသည်ထိ ယဲ့ပိုင်အားပြုံးပြလိုက်သည်။ထို့နောက် စီးကရက်ဘူးအား သူ၏လွယ်အိတ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။

"ခုနက ပြခန်းထဲမှာဖြစ်ပျက်ခဲ့တာတွေက တကယ်ကိုရူးသွပ်စရာပဲ...အဲ့လူ၄ယောက်က ဘာလို့ရုတ်တရက်ကြီးစိတ်ရူးဝင်ပြီးတော့ တစ်ယောက်ကိုတစ်ယောက်သတ်နေရတာလဲ...သစ်သားပန်းပုရုပ်တွေကြောင့်ဆိုရင်တောင် အဲ့ဒီသစ်သားပန်းပုရုပ်တွေကိုကြည့်ရတာ အမှားအယွင်းမရှိပါဘူး..."

ထရပ်ကားမောင်းသူသည် စီးကရက်အားမီးညှိပြီးနောက် အသက်ကိုခပ်ပြင်းပြင်းရှုကာ ယဲ့ပိုင်၏လက်ထဲမှ သစ်သားပန်းပုရုပ်ကို အမှတ်မထင်စိုက်ကြည့်မိလိုက်သည်။ထိုအခိုက်အတန့်တွင် သူ၏တစ်ကိုယ်လုံးအေးစက်သွားကာ တိုးတိုးလေးမေးခွန်းထုတ်လိုက်မိသည်။

"ဟုတ်လား..."

ယဲ့ပိုင်၏နှုတ်ခမ်းက အနည်းငယ်လှုပ်ရှားသွားခဲ့သည်။

ကားသမားက သူ၏အကြည့်ကိုရှေ့သို့ရွေ့လိုက်သည်။ယခုအချိန်ကာလတွင် ရှေးဟောင်းလမ်းပေါ်၌ ခရီးသွားများက ပိုမိုများပြားလာခဲ့သည်။ထို့ကြောင့် လမ်းပေါ်၌လူများစုပြုံနေသည့်အတွက်ကြောင့် ကားကိုဂရုစိုက်မောင်းနှင်နေခဲ့သည်။ထို့ပြင် ခရီးသွားအချို့က ဝါးညှပ်နှင့်လက်ရေးလှပန်းချီများအား ထိခိုက်မိမည်ကိုစိုးရိမ်သောကြောင့် နောက်ကြည့်မှန်မှတဆင့် ရံဖန်ရံခါကြည့်နေခဲ့သည်။

သို့သော်လည်း ကားသမားသည် စကားမပြောရလျှင် မနေနိုင်သူတစ်ယောက်ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

"သခင်လေး...မင်းကဒီနေ့ဝူမိသားစုက ဝူယွမ်ချန်းကိုစော်ကားမိလိုက်တာဆိုတော့ ပြဿနာနည်းနည်းတော့ကြီးမှာပဲ...ဒီလိုကြီးဝူအိမ်တော်ဆီ တိုက်ရိုက်ကားမောင်းလာရတာ တကယ်ကောအဆင်ပြေပါမလား..."

"သွားလိုက်..."

ယဲ့ပိုင်၏အသံက အေးစက်နေခဲ့သည်။

"ငါကကားမောင်းသမားလေးပါ...ဝူမိသားစုမပြောနဲ့ သခင်လေးကိုတောင်စော်ကားဖို့မဝံ့ရဲပါဘူး...အလုပ်ပြီးသွားတဲ့အခါကျရင် သခင်လေးဝူက ငါ့ရဲ့လုပ်အားခကိုပေးချေလိမ့်မယ်...ငါလိုလူမျိုးက သူတို့မျက်စိကျလောက်စရာ အကြောင်းမရှိပါဘူး"

ကားသမားသည် စီးကရက်ကိုတစ်ဝက်ခန့်ထိရောက်အောင် ရှုရှိုက်ရင်း ကူကယ်ရာမဲ့နေသောလေသံဖြင့်ပြောလိုက်သည်။သူ၏အမြင်တွင် သူ၏ဘေးနားမှလူငယ်လေးက အလွန်ပင်လျှိ့ဝှက်ဆန်းကြယ်ပေသည်။

ယဲ့ပိုင်သည် ပြန်လည်ဖြေကြားခြင်းမရှိဘဲ ကားပြတင်းပေါက်မှနေ၍ အပြင်ဘက်သို့ဖျတ်ခနဲ့ကြည့်လိုက်မိသည်။

ယခုအခိုက်အတန့်တွင် ရှေးဟောင်းလမ်း၌ ခရီးသွားအမြောက်အများက သွားလာနေကြဆဲဖြစ်သည်။သို့သော် လေထဲ၌လွှင့်မျောနေသော ကြောင်မြီးပန်းများက လွန်စွာလျော့နည်းသွားပြီဖြစ်သည်။ရက်အနည်းငယ်အတွင်းမှာပင် လမ်းဘေးနှစ်ဖက်ရှိ အိုးရှင်းအပင်များနှင့်မိုးမခပင်များသည် ပိုမိုတောက်ပကာ စိမ်းလန်းလာမည်ဖြစ်သည်။ယဲ့ပိုင်သည် ကားပြတင်းပေါက်မှတဆင့် အသိမိတ်ဆွေတစ်ယောက်အား တွေ့လိုက်ရသည်။

"သခင်လေး...ရထားစီးမလား"

လည်ပင်း၌အဝါရောင်ပုဝါကိုပတ်ထားသော လှည်းသမားက ခရီးသွားများကို လိုက်လံမေးမြန်းနေခဲ့သည်။

"ဆရာ...ရှေးဟောင်းလမ်းကိုပတ်ကြည့်မယ်ဆိုရင် ယွမ်၂၀ပဲကျသင့်ပါမယ်..."

လှည်းသမားသည် လူငယ်တစ်ယောက်၏ဘေးတွင်ရပ်ကာ စိတ်အားထက်သန်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ထရပ်ကားသည် လွန်စွာမြန်ဆန်ခြင်းမရှိသည့်အရှိန်ဖြင့် လှည်းသမား၏ဘေးနားမှဖြတ်ကျော်သွားခဲ့သည်။ယဲ့ပိုင်သည် ထရပ်ကားပေါ်တွင်ထိုင်နေပြီး သူ၏အကြည့်များက လွန်စွာအေးဆေးတည်ငြိမ်နေသော်လည်း လှည်းသမားသည်ယဲ့ပိုင်အား သတိမပြုမိပေ။သူသည် ခရီးသွားများနှင့်စကားပြောနေရင်း ဖောက်သည်များအား ရှာဖွေနေခဲ့သည်။

မကြာခင်ယဲ့ပိုင်၏မြင်ကွင်းမှ လှည်းသမားကပျောက်ကွယ်သွားခဲ့သည်။ယဲ့ပိုင်သည် ကားရှေ့မှန်မှတဆင့် အဝေးမှကောင်းကင်ပြာကြီးအား ကြည့်လိုက်သောအချိန်တွင် သူ၏အကြည့်များက အလွန်လေးနက်နေခဲ့သည်။

...

အလွန်ရှေးကျသောဗိသုကာပုံစံရှိသည့် အီဂျစ်နိုင်ငံရှိ ရှေးဟောင်းစံအိမ်ကြီးတစ်ခု၌...

ထိုစံအိမ်ကြီးအတွင်းတွင် အုတ်ခဲများနှင့်တည်ဆောက်ထားသော အိမ်ငယ်လေးတစ်ခုရှိသည်။

မျက်နှာတစ်ခုလုံးအား ဖုံးအုပ်ထားသော အဖြူရောင်ဝတ်လုံကိုဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်သည် ရက်စက်ကြမ်းကြုတ်သောအကြည့်ကို ထုတ်ဖော်ထားပေသည်။သူသည် သစ်သားစားပွဲအနီးတွင် ငြိမ်သက်စွာထိုင်နေကော လွန်စွာရှေးကျပုံရသည့် ဘာသာရေးဆိုင်ရာရှေးဟောင်းစာအုပ်တစ်ခုအား လက်ဖြင့်ကိုင်၍ဖတ်ရှုနေခဲ့သည်။

ထိုရှေးဟောင်းစာအုပ်သည် အဝါရောင်ရှိကာ အပေါက်အပြဲများရှိနေခဲ့သည်။

သို့သော်လည်း အဘိုးအိုသည် ထိုစာအုပ်အား သူ့လက်ထဲ၌ရတနာတစ်ခုလိုဆုပ်ကိုင်ထားကာ ဂရုတစိုက်လှန်လောဖတ်ကြည့်နေခဲ့သည်။

အခန်းနံရံလေးခုလုံးတွင် ထူးဆန်းသောပုံစံများအား ရေးဆွဲထားပေသည်။

မနုသီဟပုံတူ ၊ ဖာရောဘုရင်၏ပုံတူ ၊ နေနတ်ဘုရား၏ပုံတူ ၊ ထူးဆန်းပြီးကြောက်မက်ဖွယ်ကောင်းသော ဖာရောဘုရင်ကို ကျိန်ဆဲနေသော ပုံတူ...

ထိုအဘိုးအို၏ရှေ့တွင် တူညီသောအဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က လေးလေးစားစားအမူအရာဖြင့် ဒူးထောက်လျက်လေသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။

"အရှင်...ခုပဲတရုတ်ဘက်ခြမ်းကသတင်းတွေကို စုဆောင်းပြီးပါပြီ...ရှေးဟောင်းစာအုပ်ထဲက ပရောဖက်ပြုချက်တွေက မမှားဘူးဆိုတာကို သေချာစီစဉ်ပြီးပါပြီ...ရက်ဖ်ကသူ့ဝိညာဉ်ကိုလမ်းပြဖို့ အဖိုးအခအနေနဲ့သုံးခဲ့တယ်...ငါတို့ချမှတ်ထားတဲ့ဦးတည်ချက်အရဆိုရင် အဲ့လူကမကြာခင် ငါတို့ရဲ့စစ်တုရင်ဖြစ်တဲ့ ဝူမိသားစုဆီသွားတော့မယ်..."

"ဝူမိသားစုက သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး"

ထိုင်ခုံ၌ထိုင်နေသော ဝတ်ရုံဖြူဝတ်အဘိုးအိုသည် ရှေးဟောင်းစာအုပ်ပေါ်မှအကြည့်မရွေ့ဘဲ ပြောလိုက်သည်။သူသည် ထိုသို့မပြောနိုင်ခင် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့သေးသည်။

"အရှင်...ငါတို့ဘာဆက်လုပ်..."

ထိုသက်လတ်ပိုင်းအရွယ်လူသည် အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။

"ဒါက သွေးဆောင်မှုတစ်ခုပါဘဲ...လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀၀ကတည်းက ငါတို့ရဲ့မိသားစုက သူ့ရဲ့ခြေရာကိုနင်းပြီး မျိုးဆက်တစ်ခုပြီးတစ်ခုလျှောက်လမ်းလာခဲ့တာ...သူတို့သေဆုံးသွားကြတဲ့အချိန်ထိပဲ...ငါတို့မှာအမှောင်ထောင့်တစ်နေရာမှာ ပုန်းအောင်းနေရတယ်ဆိုပေမဲ့ ငါတို့အသက်ရှင်နေသရွေ့ ဖာရောဘုရင်ရဲ့ကျိန်ဆိုချက်ကို မမေ့နိုင်ဘူး...ငါတို့ဒီကိစ္စကိုအဖြေရှာရမယ်..."

ထိုင်ခုံ၌ထိုင်နေသော အဘိုးအို၏အသံသည် သံသယရှိစရာမလိုအောင်ပင် တင်းမာပြတ်သားနေခဲ့သည်။

မြေပေါ်၌ဒူးထောက်နေသောသူက ဆက်ပြောလိုက်သည်။

"အရှင်...အဲလူကတကယ်စွမ်းအားကြီးတာလား...ဒါပေမဲ့သူသာ တကယ်စွမ်းအားကြီးတယ်ဆိုရင် တစ်ကမ္ဘာလုံးကိုအုပ်စိုးထားတာကြာပြီမဟုတ်လား...ဒါပေမဲ့သူ့ရဲ့ခြေရာလက်ရာတွေကို ရှာရခက်လွန်းတယ်..."

"အဲ့ဒါကြောင့်ပဲ သူကသန်မာတယ်လို့ပြောတာပေါ့..."

အဘိုးအိုက သူ၏မျက်လုံးများကိုမှိတ်ထားလိုက်သည်။

အစစ်အမှန်စွမ်းအားကြီးသူတစ်ယောက်သည် ဤကမ္ဘာပေါ်တွင် လူသိများကျော်ကြားရန် လွယ်ကူပေသည်။သို့သော်လည်း ထိုလူသာ ဤကမ္ဘာပေါ်တွင်ပုန်းကွယ်၍ သူ၏ခြေရာလက်ရာအားလုံးကို ဖျောက်ဖျက်ပစ်လိုသည်ဆိုပါက ထိုအရာသည်အမှန်တကယ်ကြောက်စရာကောင်းလှပေသည်။

သက်လတ်ပိုင်းအရွယ်လူသည် ထိုကိစ္စနှင့်ပတ်သက်၍ နားမလည်သည်မှာ မထူးဆန်းလှပေ။

"မင်းထွက်သွားလို့ရပြီ..."

အဘိုးအိုက လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

"ကောင်းပါပြီ..."

ထိုလူသည် မတ်တပ်ထရပ်ကာ ရိုသေစွာဦးညွတ်၍ ထွက်ခွာသွားခဲ့သည်။

အခန်းထဲ၌ အဘိုးကြီးတစ်ယောက်သာ ကျန်ရှိတော့ချိန်တွင် သူသည်ရှေးဟောင်းစာအုပ်ကို ဖြည်းညှင်းစွာပိတ်ချလိုက်သည်။

ရှေးခေတ်အီဂျစ်မှ စကားလုံး၄လုံးကို ဖာရောဘုရင်၏ကုဒ်အရေးအသားဖြင့် ရေးမှတ်ထားသည်။သို့သော်လည်း ထိုစကား၄လုံးအပြင် နောက်ထပ်စကားတစ်လုံးလည်းရှိပေသေးသည်။ထိုစကားလုံးသည် ပွင့်လန်းကာ အစွမ်းထက်လှပြီး အနှိုင်းမဲ့လျှို့ဝှက်ဆန်းကြယ်သော ပုံစံကိုဖော်ဆောင်နိုင်စေခဲ့သည်။ထိုစကားလုံးမှာ "မြင့်မြတ်သန့်စင်သော"ဟူ၍ဖြစ်သည်။

"ဖာရောဘုရင်ဟာ နှစ်ပေါင်းများစွာအကြာက မရေမတွက်နိုင်တဲ့ အံ့ဖွယ်အမှုတွေကိုပြုလုပ်ခဲ့တယ်...ပြီးတော့ခုလိုနှစ်ပေါင်း၅၀၀၀ကြာပဟေဠိကို လုပ်ဆောင်ခဲ့တယ်...ငါတို့ရဲ့မျိုးဆက်တွေဟာ ဒီလျှို့ဝှက်ချက်ကို တကယ်ကောရှာတွေ့နိုင်ပါမလား...ငါတို့တွေတကယ်ကော အောင်မြင်နိုင်ပါမလား...."

အဘိုးအိုသည် ထူးခြားသောစကားလုံးကိုကြည့်ရင်း လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် သူ၏ငြိမ်သက်နေသောမျက်လုံးများမှ တောက်ပသောအလင်းအချို့ မသိမသာထွက်ပေါ်လာခဲ့သည်။ထို့နောက် ခေါင်းကိုအနည်းငယ်မော့ကာ နံရံကိုထိုးဖောက်မြင်တွေ့နေရသည့်အလား အရှေ့ဘက်သို့မျှော်ကြည့်လိုက်သည်။

All Chapters