← Chapters

စစ်ဆေးရေးဂိတ်

Vol. 10 Ch. 103

စစ်ဆေးရေးဂိတ်

Vol. 10 Ch. 103

ရှေးဟောင်းမြို့ ၀ူမိသားစုအိမ်တော်...

၀ူဟိုသဲသည် သူ၏အိုမင်းရွတ်တွနေသော လက်ကိုဆန့်တန်းကာ အနီရောင်ဖုန်းလေးအား ဖြည်းညှင်းစွာကောက်ကိုင်လိုက်သည်။

“အားရုံ အခြေအနေကဘယ်လိုလဲ...”

အားရုံဟုအမည်ရသော အမျိုးသားက စက္ကန့်အနည်းငယ်ခန့်တုံ့ဆိုင်းနေပြီးမှ ဖုန်းပြန်ဖြေလိုက်သည်။

“ဆရာ...သူတကယ်ရောက်လာတယ်...”

“ရှေးဟောင်းလမ်းမှာ အခြေအနေဘယ်လိုလဲ...”

၀ူဟိုသဲ၏လေသံသည် ခံစားချက်လုံး၀ကင်းမဲ့နေခဲ့သည်။

“ခုလေးတင်ပဲ အကြီးဆုံးသခင်လေးက ရှေးဟောင်းလမ်းကိုသွားခဲ့တယ်...သူနဲ့အတူပါသွားတဲ့သက်တော်စောင့်၂ယောက်အပြင် နောက်ထပ်လူ၂ယောက်ပါသေသွားတယ်...”

“ယွင်ချန်ရဲ့အခြေအနေဘယ်လိုလဲ...”

၀ူဟိုသဲ၏လေသံက အနည်းငယ်လှုပ်ခတ်သွားခဲ့သည်။

“စိတ်မပူပါနဲ့ သခင်ကြီး....အကြီးဆုံးသခင်လေးက နည်းနည်းတော့ကြောက်နေပေမဲ့ အကုန်လုံးအဆင်ပြေပါတယ်...ဒါပေမဲ့”

အားရုံကသေချာရှင်းပြလိုက်သော်လည်း စကားအဆုံးတွင် သူ၏လေသံကအနည်းငယ်ရှုပ်ထွေးနေခဲ့သည်။

၀ူဟိုသဲကမျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

“ဒါပေမဲ့...ဘာဖြစ်လဲ...”

“ဒါပေမဲ့ တတိယသခင်လေးက အကြီးဆုံးသခင်လေးကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားတယ်...ပြီးတော့အဲ့လူက တတိယသခင်လေးကို ၀ူမိသားစုရဲ့ခေါင်းဆောင်ဖြစ်အောင်လုပ်ပေးမယ်လို့ ပြောထားတယ်...”

ထိုစကားကိုပြောနေချိန်တွင် အားရုံ၏လေသံကအနည်းငယ် တိုးလျသွားခဲ့သည်။

“သေချင်နေတာလား...”

၀ူဟိုသဲက ဒေါသတကြီးဟိန်းဟောက်လိုက်ကာ ချက်ချင်းပင်စကားလမ်းကြောင်းပြောင်းလိုက်သည်။

“မနေ့ကဆိုရင် ရှေးဟောင်းမြို့မှာ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့တယ်...တာ၀န်ရှိသူတွေက ဘယ်လိုအသံမှမထွက်စေဘဲ အဲကိစ္စကိုတိတ်တဆိတ်ဖြေရှင်းခဲ့တယ်...အဲဒီကိစ္စက ၀ူမိသားစုနဲ့မသက်ဆိုင်ဘူး အဲ့လိုဖြစ်ရတဲ့အကြောင်းရင်းကို မင်းရှာတွေ့ပြီလား...”

အားရုံသည် ၁၀စက္ကန့်လောက်ငြိမ်သက်နေပြီးမှ ၀ူဟိုသဲအားပြန်ဖြေလိုက်သည်။

“သခင်ကြီး… ဒီကိစ္စက တော်တော်လေး ထူးဆန်းတယ် ငါ့ရဲ့ခန့်မှန်းချက်အရဆိုရင် ဒီကိစ္စနောက်ကွယ်မှာ ပိုပြီးတော့ ကြီးမားတဲ့ အင်အားစုတစ်ခုရှိနေလိမ့်မယ်…ငါတို့ဝူမိသားစုတောင်မှ သူတို့ကိုမထိပါးဝံ့ဘူး...ဒါက”

ထိုသို့ပြောပြီးနောက် အားရုံကတိတ်ဆိတ်သွားခဲ့သည်။

“ဆက်ပြော...”

၀ူဟိုသဲ၏မျက်နှာပေါ်ရှိကြွက်သားများသည် တွန့်လိမ်သွားခဲ့ကာ တစ်ချိန်တည်းမှာပင် သူ၏နှလုံးသားထဲ၌ ဆိုးရွားသော ခံစားချက်တစ်ခုပေါက်ဖွားလာခဲ့သည်။

“ငါဒီကိစ္စကို စုံစမ်းဖို့အတွက် ရနိုင်သမျှစွမ်းအားတွေကို အကုန်သုံးစွဲခဲ့ပေမဲ့ ဘာမှရှာမတွေ့ခဲ့ဘူး...ဒါပေမဲ့ ဒီကိစ္စရဲ့နောက်ကွယ်က အင်အားစုဟာ Qမြို့တော်က ကျောက်မိသားစုထက်တောင်မှ ပိုပြီးတော့အစွမ်းထက်တယ်...ပြီးတော့ ဒီလူငယ်ရဲ့မူလဇာတ်မြစ်ကို ငါတို့ရှင်းရှင်းလင်းလင်းမသိရသေးဘူး...ငါရဲ့မသိစိတ်ကတော့ ဒီလူငယ်ဟာ ငါတို့သွားပြီးနှောင့်ယှက်သင့်သူမဟုတ်ဘူးလို့ သတိပေးနေတယ်...ဒီတစ်ကြိမ်တော့ ၀ူမိသားစုဟာ ဒီကိစ္စကနေလက်ရှောင်သင့်တယ်လို့ ငါထင်တယ်...”

အားရုံက လေးလေးနက်နက်လေသံဖြင့် အကြုံပြုလိုက်သည်။

“အားရုံ …ရှေးဟောင်းမြို့က ငါတို့ ဝူမိသားစုရဲ့ အခြေစိုက်နေရာပဲ ရှေးဟောင်းမြို့မှာ ဝူမိသားစုကို ဘယ်သူမှ မတွန်းလှန်နိုင်ဘူး…ကောင်းကင်ဘုရင်လာရင်တောင်မှ ငါတို့ ဝူမိသားစုကို ဖိနှိပ်လို့ မရဘူး...”

၀ူဟိုသဲ၏မျက်လုံးများသည် အေးစက်နေကာ ရူးသွပ်နေသောလေသံဖြင့်ပြောလိုက်သည်။

“ငါရဲ့အမိန့်ကို ချက်ခြင်းပို့လိုက် …ဝူမိသားစု အိမ်တော် တစ်ဝိုက်မှာ ခြုံခိုတိုက်ခိုက်ဖို့ အဆင်သင့် ပြင်ထားလိုက်…ငါတို့ ဝူမိသားစုက နှစ်အတော်ကြာက စုစည်းလာတဲ့ လျှို့ဝှက် အင်အားစုတွေကို အကုန်ထုတ်သုံးလိုက် နောက်ပြီး ဒီဘက်ခြမ်းကိုလာတဲ့ လမ်းဘက်က စစ်ဆေးရေးဂိတ်အကုန်လုံးကို ပိတ်ဆို့ထားလိုက် ငါတို့ အဲဒီလူကို သတ်နိုင်တယ်ဆိုတာ လူတိုင်းကို သက်သေပြရမယ်...”

“သခင်ကြီး..မင်းကအဲ့စွမ်းအားတွေကိုပါ ထုတ်သုံးတော့မှာလား...”

“ငါ စကားအပိုမပြောချင်ဘူး ခုချက်ချင်းလုပ်...”

၀ူဟိုသဲ၏မျက်လုံးများသည် သွေးရောင်လွှမ်းနေခဲ့ကာ သူ၏တုန်ယင်နေသောခန္ဓာကိုယ်အား တည်ငြိမ်စေရန်အတွက် အတတ်နိုင်ဆုံးကြိုးစားနေခဲ့သည်။ထို့နောက် သားရဲတစ်ကောင်ကဲ့သို့ အသက်ကိုအမောတကောရှုနေခဲ့သည်။

ဂွပ်...

၀ူဟိုသဲသည် ဒေါသတကြီးအမိန့်ပေးပြီးနောက် ဖုန်းကိုချပစ်လိုက်သည်။

အားရုံသည် ၀ူဟိုသဲ၏အမိန့်အား ချက်ချင်းထုတ်ပြန်၍ လုပ်ဆောင်ခဲ့သည်။

၀ူမိသားစုသည် ရှေးဟောင်းမြို့တွင် ဆယ်စုနှစ်ပေါင်းများစွာအခြေကျလည်ပတ်နေခဲ့ခြင်းဖြစ်သည်။သို့ဖြစ်ရာ ရှေးဟောင်းမြို့၌ သူတို့၏သြဇာလွှမ်းမိုးမှုက အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။ရုတ်ချည်းဆိုသလိုပင် ရှေးဟောင်းမြို့တစ်ခုလုံးအား အေးစက်သောလေထုအခြေအနေက လွှမ်းမိုးသွားခဲ့သည်။

“အဖွဲ့နံပါတ်၁ ၀ူမိသားစုအိမ်တော်အ၀င်၀မှာ နေရာယူလိုက်...ပြီးတော့ဘယ်သူမှသတိမထားမိနိုင်တဲ့နေရာမှာ သေချာပုန်းအောင်းနေ...”

ကားများစွာသည် ရှေးဟောင်းမြို့၏လမ်းမပေါ်၌ အဆက်မပြတ်သွားလာနေခဲ့သည်။ကားများပေါ်ရှိ လူများ၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်တင်းမာနေခဲ့ကာ သူတို့၏နား၌တပ်ဆင်ထားသော နားကြပ်များထံမှ အမိန့်ပေးသံများက အဆက်မပြတ်ဆိုသလိုထွက်ပေါ်နေခဲ့သည်။

“အဖွဲ့၂ ရှေးဟောင်းမြို့ကခရီးသွားတွေလိုဟန်ဆောင်ပြီးတော့ ၀ူအိမ်တော်အနားမှာ နေရာယူကြ...ကြောင်ကိုအိတ်ကပ်ထဲကနေ လွတ်မသွားစေနဲ့...”

ရှေးဟောင်းမြို့၏လမ်းမများပေါ်တွင် ခရီးသွားအရေအတွက်က တိတ်တဆိတ်တိုးမြင့်လာခဲ့သည်။ခရီးသွားများတွင် အမျိုးသား၊အမျိုးသမီးပေါင်းစုံပါ၀င်ကာ သူတို့၏နားများ၌ သေးငယ်သောနားကြပ်များကို ကွယ်၀ှက်တပ်ဆင်ထားကြသည်။သူတို့သည် ခရီးသွားအစစ်များနှင့်မတူဘဲ သူတို့၏မျက်လုံးများ၌ ပင်ပန်းနွမ်းနယ်သော အရိပ်အယောင်လုံး၀မတွေ့ရ‌‌ဘဲ ချွန်ထက်သောဓားသွားများလို စူးရှနေခဲ့သည်။

“အဖွဲ့၃ လက်နက်တွေကိုယူပြီး ၀ူအိမ်တော်ထဲကိုသွားပြီး သေသေချာချာပုန်းအောင်း နေရာယူကြ...ဘိုးဘေးရဲ့အမိန့်ကိုသေချာနားစွင့်နေ...အမိန့်ရတာနဲ့ လုံး၀တွန့်ဆုတ်မနေဘဲ အမိန့်အတိုင်းလုပ်ကြ...”

၀ူအိမ်တော်၏အိမ်တော်၀တွင် ယူနီဖောင်း၀တ်ဆင်ထားသော အမျိုးသားတစ်ယောက်သည် လက်ထဲ၌စာရွက်တစ်ခုအားကိုင်ဆောင်ကာ အေးစက်တင်းမာသောအမူအရာဖြင့် အတွင်းဘက်ဆီသို့ လျှောက်၀င်လာခဲ့သည်။

လူတိုင်းလိုလိုပင် အိမ်တော်ထဲ၀င်ရောက်ပြီးနောက် အမြင့်ဆုံးနေရာသို့မဟုတ် ပုန်းအောင်းရန်အကောင်းဆုံးနေရာများအား ရှာဖွေခဲ့ကြသည်။သူတို့၏လှုပ်ရှားမှုများသည် ကြွေကျလာသောသစ်ရွက်များသဖွယ် ပေါ့ပါးတိတ်ဆိတ်နေခဲ့သည်။

“အဖွဲ့၄ အိမ်တော်ကိုဦးတည်လာတဲ့လမ်းမှာ စစ်ဆေးရေးဂိတ်တစ်ခုတည်ဆောက်ပြီး ထရပ်ကား၅စီးကို တားကြ...”

၀ူအိမ်တော်သို့ဦးတည်သောလမ်းပေါ်တွင် ၀တ်စုံနက်များတစ်ယောက်ပြီးတစ်ယောက်ရောက်လာကာ စစ်ဆေးရေးဂိတ်တစ်ခုအားတည်ဆောက်၍ လမ်းကိုပိတ်ဆို့လိုက်ကြသည်။လက်ရှိအချိန်တွင် လူတိုင်း၏အမူအရာသည် တင်းမာခက်ထန်နေခဲ့သည်။သူတို့၏ပင်ကိုယ်အသိစိတ်က ရှေးဟောင်းမြို့၌ ကြိးကြီးမားမားပြသနာဖြစ်တော့မည်ဟု အသိပေးနေခဲ့သည်။သေနတ်ယမ်းမှုန့်အနံ့ကလည်း နေရာတိုင်း၌ပျံ့နှံ့နေခဲ့သည်။

၎င်းတို့အနက် ထရပ်ကားများလာရာလမ်းနှင့် အနီးဆုံးတွင်ရှိနေသော စစ်ဆေးရေးဂိတ်တွင် လူ၆ယောက်က အသီးသီးရပ်နေခဲ့ကြသည်။သူတို့၏မျက်နှာပေါ်ရှိ အမူအရာများကလည်း စိတ်ပိုင်းဖြတ်ထားသကဲ့သို့ တင်းမာနေခဲ့သည်။

ပြင်ဆင်မှုများအဆုံးသတ်သွားသည်နှင့် ခေါင်းဆောင်ဖြစ်သူ၏မျက်လုံးကပွင့်လာခဲ့ကာ ကျန်၅ယောက်သည်လည်း အသက်ရှုနှုန်းမြန်ဆန်လာခဲ့သည်။

“မင်းတို့အားလုံးနားထောင်ကြ...”

စကားစပြောလာသူမှာ ရက်စက်ကြမ်းကြုတ်သောမျက်နှာထားရှိသည့် ထိပ်ပြောင်ဖြစ်သည်။သူသည် တဖြည်းဖြည်းချည်းကပ်လာသော ထရပ်ကား၅စီးကိုကြည့်ရင်း သးဘးနားမှ လူ၅ယောက်အား ပြင်းပြင်းထန်ထန်အမိန့်ပေးလိုက်သည်။

“မင်းတို့အားလုံး အထက်အမိန့်ကို ရထားတယ်မဟုတ်လား...အဲ့ထရပ်ကားတွေက ဒီဂိတ်ကိုအတင်းအကြပ်ဖြတ်၀င်ခဲ့မယ်ဆိုရင်တောင် မင်းတို့ရဲ့ခန္ဓာကိုယ်ကိုသုံးပြီးတော့ တားဆီးရမယ်...အဲ့ထရပ်ကားတွေကို ရပ်တန့်ရမှာက မင်းတို့ရဲ့တာ၀န်ပဲ...နားလည်ကြလား...”

ထိပ်ပြောင်၏စကားအဆုံးတွင် လူ၅ယောက်သည် လက်နှစ်ဖက်ကိုနောက်ကျောပိုက်၍ စစ်ဆေးရေးဂိတ်၏နောက်ဘက်တွင် အသီးသီးရပ်နေခဲ့ကြသည်။

သူတို့၏မျက်နှာအမူအရာသည် အေးစက်နေသော်လည်း သူတို့၏နဖူးပေါ်၌ ချွေးများကမသိမသာစီးကျနေခဲ့သည်။

ထရပ်ကားထဲတွင်...

“သခင်လေး...ငါတို့ရဲ့ရှေ့တည့်တည့်မှာ စစ်ဆေးရေးဂိတ်တစ်ခုရှိတယ်...ဒါပေမဲ့ သူတို့ကယာဥ်ထိန်းရဲတွေမဟုတ်ဘူး...သူတို့က၀တ်စုံနက်တွေ၀တ်ထားတာဆိုတော့ ငါတို့ကိုစောင့်နေတာထင်တယ်...”

ကားသမားသည် သောက်လက်စစီးကရက်အား ကားပြတင်းပါက်မှတဆင့် လမ်းမပေါ်သို့ပစ်ချလိုက်ရာ မီးပွားများကလမ်းမပေါ်သို့ လွှင့်စင်သွားခဲ့သည်။ကားသမားသည် ထိုစကားကိုပြောချိန်တွင် သူ၏မျက်လုံးများ၌ သံသယဖြစ်နေသောအရိပ်အယောင်များဖြစ်ပေါ်လာကာ ကား၏အရှိန်ကိုလျော့ချလိုက်သည်။

“သူတို့ကို အရမ်းကြီးစိတ်ပူစရာမလိုပါဘူး...”

ယဲ့ပိုင်သည် ဂရုမစိုက်သောလေသံဖြင့်ပြောလိုက်ပြီး သူ၏လက်ချောင်းများအားအနည်းငယ်လှုပ်ရှားလိုက်သည်။

“ဒါပေမဲ့သခင်လေး...ဒီတိုင်းသာဆိုရင် ငါတို့အဲ့လူတွေကို၀င်တိုက်မိပြီး ပြသနာတက်လိမ့်မယ်...နောက်ပြီးတော့ ထရပ်ကားကလည်း တော်တော်ထိခိုက်သွားလိမ့်မယ်...”

ယာဥ်မောင်းကတံတွေးမျိုချရင်းပြောလိုက်သည်။ထို့ပြင်သူ၏စိတ်ထဲ၌ ကြောက်စရာကောင်းသော တစ်စုံတစ်ခုဖြစ်ပျက်တော့မည်ဟု အာရုံရနေခဲ့သည်။

မကြာမှီ ထရပ်ကားသည် စစ်ဆေးရေးဂိတ်အနီးသို့ တိတ်တဆိတ်မောင်းနှင် ချည်းကပ်လာခဲ့သည်။မည်သို့ပင်ဆိုစေ ယာဥ်မောင်းသည် သတ္တိမရှိသည့်အတွက်ကြောင့် သူ့ရှေ့တွင်ပိတ်ဆို့ထားသော လူ၅ယောက်ကို မြင်သောအခါကားကိုရပ်တန့်လိုက်သည်။

ထရပ်ကားကို ရပ်လိုက်ပြီးနောက်တွင် ကား၏အပြင်ဘက်မှနေ၍ အလွန်ပင်မာနကြီးသော အသံကထွက်ပေါ်လာခဲ့သည်။

“မင်းတို့ကပြခန်းဘက်ကလာတာလား...စိတ်မကောင်းပါဘူး...မင်းတို့ကိုဒီကနေပြီးတော့ဖြတ်သန်းသွားခွင့်မပြုနိုင်ဘူး...ကားပေါ်ကနေ ချက်ချင်းဆင်းကြစမ်း မဟုတ်ရင်မင်းတို့တွေ ဒုက္ခအကြီးအကျယ်ရောက်သွားလိမ့်မယ်...”

ထိုစကားကိုပြောလိုက်သူမှာ ထိပ်ပြောင်ပင်ဖြစ်သည်။အစောပိုင်းတွင် သူသည်အနည်းငယ်စိုးရိမ်နေသော်လည်း ကားပြတင်းပေါက်မှတဆင့် ကားပေါ်၌လူ၂ဦးသာလိုက်ပါလာကြောင်းတွေ့မြင်ချိန်တွင် ထိုစိုးရိမ်စိတ်များက ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

သက်လတ်ပိုင်းအရွယ်ကားသမားနှင့် ၀တ်စုံဖြူ၀တ်လူငယ်လေး...

ထိုကဲ့သို့သောလူနှစ်ယောက်သည် မည်သည့်လှိုင်းလုံးမျိုးကိုမှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

“သခင်လေး...”

ကားသမားသည် ထိပ်ပြောင်၏စကားကိုကြားလိုက်ရသောအခါတွင် သူ၏မျက်လုံးများ၌ ကြောက်ရွှံနေသော အရိပ်အယောင်များဖြတ်ပြေးသွားခဲ့သည်။ထို့ကြောင့်သူသည် ယဲ့ပိုင်အားလှည့်ကြည့်လိုက်ကာ အနည်းငယ်တိုးလျသောလေသံဖြင့် သတိထား၍ပြောလိုက်သည်။

“၀င်တိုက်လိုက်...”

ယဲ့ပိုင်၏မျက်လုံးများက ခံစားချက်ကင်းမဲ့နေခဲ့သည်။သူသည် ထိုစကား၃လုံးကိုပြောလိုက်သောအချိန်တွင် သူ၏လေသံကလေပြေနုလေးသဖွယ် ပြေလျော့နေသော်လည်း လွန်စွာပြင်းထန်ကာလွှမ်းမိုးနိုင်စွမ်းရှိသော ခံစားချက်များက ပေါင်းစပ်ပါ၀င်နေခဲ့သည်။

All Chapters