လှည့်ပတ်ခြင်း
Vol. 10 Ch. 104
"ဂိတ်ကို ဝင်တိုက်ချလိုက်..."
ယဲ့ပိုင်၏ပါးစပ်မှနေ၍ နူးညံ့သိမ်မွေ့သောသွင်ပြင်နှင့် မလိုက်ဖက်စွာပင် ကြမ်းကြုတ်ရက်စက်သောအမိန့်ပေးသံက ထွက်ပေါ်လာခဲ့သည်။
ကားသမားသည် ယဲ့ပိုင်၏အသံကိုနားထောင်ပြီးနောက် သူ၏မျက်လုံးများက ရုတ်တရက်နီရဲလာခဲ့သည်။
"သခင်လေး...မင်းသေချာပြီလား..."
"သေချာတယ်..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြန်ဖြေလိုက်သည်။
ယဲ့ပိုင်၏စကားအဆုံးတွင် ကားသမား၏ခန္ဓာကိုယ်တွင် မှော်ဆန်သည့်စွမ်းအားက လွှမ်းမိုးလာပုံရသည်။သူသည် ပြတင်းပေါက်မှနေ၍ တံတွေးတစ်ချက်ကို ရဲရဲဝံ့ဝံ့ထွေးထုတ်လိုက်သည်။ထို့နောက် ဘရိတ်နင်းထားသောခြေထောက်ကို လွှတ်ချလိုက်ပြီး လီဗာအားဆောင့်နင်းလိုက်သည်။သူ၏စိတ်အခြေအနေကလည်း ရုတ်တရက်အရိုင်းဆန်လာခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် ထိုးရပ်နေသော ထရပ်ကားက ပြင်းထန်စွာလှုပ်ခါလာခဲ့သည်။
"ဟဲ့ကောင်...မင်းတို့ကိုကားပေါ်မှဆင်းခိုင်းနေတာ မကြားဘူးလား..."
ကားအပြင်ဘက်၌ ထိပ်ပြောင်သည် ကားစက်နှိုးသံကိုကြားပြီးနောက် ချက်ချင်းပင်ခြေတစ်လှမ်းနောက်ဆုတ်လိုက်မိသည်။သို့သော်လည်း သူ၏မျက်နှာပေါ်ရှိ အရှိန်အဟုန်ကလျော့ကျမသွားဘဲ သူ၏ဟောက်သံကပိုကျယ်လာခဲ့သည်။
ဂိတ်နောက်၌ရပ်နေသူများသည် နဖူးပေါ်ရှိချွေးများက ပိုမိုစီးကျလာခဲ့ကာ ခြေထောက်များလှုပ်မရတော့ပေ။
"ဟေး...မင်းဘာလို့ကားစက်နှိုးလိုက်တာလဲ...ဘာမှလျှောက်မလုပ်နဲ့ ခုချက်ချင်းကားပေါ်ကဆင်းစမ်း..."
အစောင့်တစ်ယောက်က သူ့စိတ်ထဲရှိကြောက်ရွှံ့မှုကို ဖုံးကွယ်ရန်အော်ဟစ်လိုက်သည်။
အစောင့်တစ်ယောက်က ထိပ်ပြောင်ကိုကြည့်၍ အော်ဟစ်လိုက်သည်။
"သူဌေး...သူတို့ကိုကားထဲကဆွဲထုတ်လိုက်စမ်း..."
သူတို့၏အသံများထွက်ပေါ်လာသည်နှင့်အမျှ ယဲ့ပိုင်စီးနင်းလာသော ထရပ်ကားသည် လေးညှိ့မှထွက်လာသော မြှားတစ်စင်းသဖွယ် ရုတ်ချည်းဆိုသလိုပင် အရှိန်အဟုန်ပြင်းပြင်းဖြင့် ရှေ့သို့တိုးထွက်လာခဲ့သည်။
ထရပ်ကား၏အရည်အသွေးသည် လွန်စွာကောင်းမွန်ခြင်းမရှိသော်လည်း ယခုအခိုက်အတန့်တွင် လွန်စွာကြောက်စရာကောင်းသော စွမ်းအားဖြင့်ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ထရပ်ကားတစ်စီးလုံးသည် ငွေဖြူရောင်အရိပ်တစ်ခုလို ပြေးထွက်လာခဲ့ကာ စစ်ဆေးရေးဂိတ်ကို ဝင်တိုက်လိုက်သည်။ထို့နောက်တွင် စစ်ဆေးရေးဂိတ်၏အတားအဆီးက မီတာဒါဇင်ပေါင်းများစွာ လွှင့်စင်သွားခဲ့သည်။
ဂိတ်နောက်၌ရပ်နေသော ဝတ်စုံနက်၅ယောက်သည် လေပေါ်သို့လွှင့်စင်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ကြသည်။ထို့နောက် သူတို့၏ခန္ဓာကိုယ်များက ဆန့်ငင်ဆန့်ငင်ဖြစ်လာကာ ပါးစပ်မှနေ၍သွေးများစီးကျလာခဲ့ပြီး ငြိမ်သက်သွားခဲ့ကြသည်။
"တကယ်လား...တကယ်ကြီးဝင်တိုက်တာပေါ့"
ယခုလေးတင် ထိပ်ပြောင်သည် ဘေးတွင်ရပ်နေသည့်အတွက်ကြောင့် ကပ်ဘေးမှလွတ်မြောက်နိုင်ခဲ့သည်။သူသည် ထိုမြင်ကွင်းတစ်ခုလုံးကို ကြောင်အစွာရပ်ကြည့်နေရင်း လက်ကျန်ထရပ်ကားများက ရှေ့သို့တိုးလာသည်ကိုမြင်သောအခါ အချိန်ခဏကြာသည်အထိ သူ၏ပါးစပ်ကိုပိတ်ထားမိလိုက်သည်။
အား...
ထိပ်ပြောင်သည် အသိစိတ်ဝင်လာပြီး တုံ့ပြန်ချိန်တွင် အခြားသောထရပ်ကားလေးစီးက သူ့အားလျင်မြန်စွာဖြတ်ကျော်သွားသည့်အတွက် လေနုအေးများတိုက်ခတ်မှုကို ခံစားလိုက်ရသည်။
ထိပ်ပြောင်သည် ဖြစ်ပျက်သွားသမျှကို လိုက်မမှီတော့သည့်ပုံစံဖြင့် စိတ်ရှုပ်ထွေးစွာရပ်နေမိသည်။
ထရပ်ကားများသည် သူ၏မြင်ကွင်းမှဖြတ်ကျော်သွားကာ တဖြည်းဖြည်းဖြင့် သူ၏အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။ထို့နောက်တွင် သူ၏ခြေထောက်များသည် အရိုးမရှိသောဂျယ်လီများကဲ့သို့ ပျော့ခွေကျသွားခဲ့သည်။
သူ၏မျက်လုံးများ၌ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ပျောက်ကွယ်သွားကာ မကြုံစဖူးကြောက်မက်ဖွယ်ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။
"ဒီထရပ်ကားထဲကလူတွေက အရူးတွေချည်းပဲ...ဂိတ်ကိုဝင်တိုက်သွားတယ်...ငါတို့ရဲ့ညီအစ်ကိုတော်တော်များများဒဏ်ရာရသွားပြီ...လူနာတင်ယာဉ်မြန်မြန်ခေါ်..."
...
နွေဦးရာသီတွင် ရှေးဟောင်းမြို့လေး၌ လေထုအခြေအနေက အနည်းငယ်ပူနွေးလာခဲ့ကာ ရာသီဥတုက ပိုမိုသာယာလာခဲ့သည်။
ဝူအိမ်တော်သို့ သွားရာလမ်းတလျှောက်တွင် စစ်ဆေးရေးဂိတ်၌ နေရာတိုင်းတွင်ရှိနေခဲ့သည်။
လမ်းမပေါ်၌လည်း ကားအစီးရေအများအပြားမရှိသော်လည်း အနည်းငယ်မျှ ရှိနေခဲ့သည်။
သို့သော်လည်း ခရီးသွားအများစုသည် အဆိုပါစစ်ဆေးရေးဂိတ်များနှင့်ပတ်သက်၍ စိတ်အလိုမကျသည့်အတွက်ကြောင့် စူးစမ်းလိုစိတ်များနှင့် ပြည့်နှက်နေခဲ့ကြသည်။
"ဒီနေ့ ဘာလို့စစ်ဆေးရေးဂိတ်တွေ အများကြီးရှိနေရတာလဲ...အရေးကြီးဧည့်သည်ရှိလို့ လမ်းတွေပိတ်ထားတာလား..."
လုံဟိုင်သည် လမ်းကြမ်းစီးယာဉ်အားမောင်းနှင်ကာ စစ်ဆေးရေးဂိတ်၂ခုအားဖြတ်သန်းအပြီးတွင် သူ၏မျက်နှာပေါ်၌ စူးစမ်းလိုစိတ်များဖြင့်ပြည့်နှက်သွားခဲ့သည်။ထို့နောက် တွဲဖက်ယာဉ်မောင်းထိုင်ခုံ၌ထိုင်နေသော ရွယ်လန်အားမေးမြန်းလိုက်သည်။
ရွယ်လန်သည် သူမ၏လက်ထဲတွင် YSLတံဆိပ်နှုတ်ခမ်းနီကို ကိုင်လျက်ပြောလိုက်သည်။
"ဘာလို့ အဲကိစ္စတွေကိုဂရုစိုက်နေတာလဲ ငါတို့နဲ့ဘာမှမဆိုင်ဘူးလေ...ဒါပေမဲ့ ကံကောင်းရင် ငါတို့စိတ်လှုပ်ရှားစရာလေးတွေ တွေ့နိုင်တယ်..."
ရွယ်လန်သည် ထိုသို့ပြောပြီးနောက်တွင် ထရပ်ကားက လမ်းကြမ်းမောင်းယာဉ်အား ဖြတ်ကျော်သွားခဲ့သည်။
နောက်အခိုက်အတန့်တွင် ထရပ်ကားသည် သူတို့၏ရှေ့မှစစ်ဆေးရေးဂိတ်အားဝင်တိုက်မိသွားခဲ့သည်။ဂိတ်၌စောင့်ကြပ်နေသော အစောင့်အကြပ်အားလုံးသည် လေပေါ်လွှင့်ထွက်သွားကာ မြေပြင်ပေါ်၌လည်း အပျက်အစီးများဖြင့် ပြည့်နှက်သွားခဲ့သည်။
နှုတ်ခမ်းနီကိုကိုင်ထားသော ရွယ်လန်သည် သူမ၏ရှေ့မှမြင်ကွင်းကြောင့် တုန်လှုပ်သွားခဲ့ကာ သူမ၏မျက်နှာပေါ်၌ ရှည်လျားသောနှုတ်ခမ်းနီအရာ အမှတ်အသားတစ်ခုဖြစ်ပေါ်လာခဲ့သည်။
တွဲဖက်ယာဉ်မောင်းထိုင်ခုံ၌ ထိုင်နေသောရွယ်လန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။
ယာဉ်မောင်းထိုင်ခုံ၌ထိုင်နေသော လုံဟိုင်၏မျက်လုံးများကလည်း ပြူးကျယ်လာခဲ့သည်။သူသည် ကားပြတင်းပေါက်မှတဆင့် ထရပ်ကား၏တွဲဖက်ယာဉ်မောင်းထိုင်ခုံပေါ်တွင် လွန်စွာရင်းနှီးနေသော လူငယ်တစ်ယောက်၏ပုံရိပ်ကို ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရသည်။
"အဲ့ဒါသူပဲ...တစ်စုံတစ်ယောက်က သူ့ကိုရှေးဟောင်းမြို့ထဲပိတ်ဆို့ချင်နေတာလား..."
လုံဟိုင်သည် သူ၏မျက်လုံးအားပွတ်သပ်လိုက်ပြီးနောက် ခဏအကြာတွင် အပျက်အစီးများနှင့်ပြည့်နှက်နေသော ဂိတ်အားတစ်ချက်ကြည့်လိုက်ကာ မယုံနိုင်ဖွယ်လေသံဖြင့်ပြောလိုက်သည်။
"ဘယ်သူလဲ..."
သူ၏နံဘေးမှရွယ်လန်၏အသံက စူးရှစွာထွက်ပေါ်လာခဲ့သည်။သူမသည် မျက်မှောင်ကြုတ်ကာ မပျော်မရွှင်ဖြစ်နေခဲ့သည်။
"လေလံပွဲသွားတုံးက ငါတို့တွေ့ခဲ့တဲ့ ဝတ်စုံဖြူဝတ်လူငယ်ပဲ..."
လုံဟိုင်က ကျယ်လောင်စွာအော်ဟစ်လိုက်ကာ သူ၏လေသံကအနည်းငယ်တုန်ခါနေခဲ့သည်။
"ဘာ..."
ဒေါသပေါက်ကွဲတော့မယ့်ရွယ်လန်သည် လုံဟိုင်၏အဖြေကိုကြားပြီးနောက် ချက်ချင်းပင်ထိတ်လန့်သွားခဲ့သည်။ထို့နောက် သူမ၏အိတ်ထဲမှ တစ်ရှူးအစိုကိုထုတ်ယူကာ မျက်နှာပေါ်စွန်းထင်းနေသော နှုတ်ခမ်းနီအရာများကို အမြန်သုတ်ချလိုက်သည်။
"မြန်မြန်လိုက်ကြည့်ရအောင်..."
ရွယ်လန်၏မျက်နှာက အနည်းငယ်နီမြန်းလာခဲ့ကာ လုံဟိုင်အားတိုက်တွန်းလိုက်သည်။
ယဲ့ပိုင်စီးနင်းလာသောထရပ်ကားသည် ဒေါသထွက်နေသောသားရဲတစ်ကောင်ကဲ့သို့ လမ်းတလျှောက်အရှိန်အဟုန်အပြည့်ဖြင့် မောင်းနှင်လာခဲ့သည်။
အရှေ့ဘက်၌ပိတ်ဆို့ထားသော အတားအဆီးအားလုံးသည် လွှင့်ထွက်သွားခဲ့ရသည်။ဤအရာက သာမန်ထရပ်ကားတစ်စီးသာဖြစ်သော်လည်း ၎င်း၏ကြီးမားသောအဟုန်ဖြင့် အတားအဆီးအားလုံးကို တိုက်ချလာခဲ့သည်။
မရေမတွက်နိုင်သော လမ်းသွားလမ်းလာများသည် ထိုမြင်ကွင်းကိုကြည့်ကာ အံ့သြသွားခဲ့ကြသည်။
ယဲ့ပိုင်စီးနင်းလာသော ထရပ်ကားနောက်မှနေ၍ ထရပ်ကား၄စီးက ကပ်လျက်လိုက်ပါသွားကြသည်။
"သူကဘယ်လိုလူမျိုးလဲ..."
ဝူယွမ်ချန်း၏မျက်နှာက ချက်ချင်းဖြူဖျော့သွားခဲ့သည်။ဝူမိသားစုပင်လျှင် ရှေးဟောင်းမြို့အတွင်း၌ ထိုကဲ့သို့ပြောင်ပြောင်တင်းတင်းအဖြစ်အပျက်မျိုးအား မလုပ်ဆောင်ဝံ့ပေ။
ဝူယွမ်ချန်းမှလွဲလျှင် ဝူဖန်ရှန်းနှင့်ဝူယွမ်ဒေါင်တို့သည် မတူညီသောထရပ်ကားများ၌ စီးနင်းလိုက်ပါလာကြပြီး သူတို့၏ဖုန်းများကိုအသုံးပြုကာ စိတ်ပါလက်ပါဆွေးနွေးငြင်းခုံနေကြသည်။
"အမှန်အတိုင်းပြောရမယ်ဆိုရင် ဒါကတကယ်ရူးချင်စရာပဲအဖေ...ဒီလိုအဖြစ်အပျက်မျိုးနဲ့ရင်ဆိုင်နေရချိန်မှာ ကြောက်လန့်ရမယ့်အစား တအားတက်ကြွနေသလိုခံစားနေရတယ်..."
ဝူဖန်ရှန်းသည် ဖုန်းကိုကောက်ကိုင်လိုက်ပြီး တံတွေးစင်လုမတတ်ပြောနေခဲ့ကာ အပြင်ဘက်ရှိရုန်းရင်းဆန်ခတ်အခြေအနေအား သတိမပြုမိခဲ့ပေ။အကယ်၍ သူသာဒရိုက်ဘာဖြစ်နေခဲ့ပါက ဆေးလိပ်ကိုမီးညှိကာ အေးအေးဆေးဆေးသောက်နေမိမည်ဖြစ်သည်။
ယခုအချိန်တွင် ဝူယွမ်ဒေါင်၏မျက်နှာပေါ်၌လည်း ရူးသွပ်နေသောအမူအရာအချို့ ဖြစ်ပေါ်နေခဲ့သည်။
"ဟုတ်တယ်...ဒီနေ့ဖြစ်ပျက်ခဲ့တာတွေက ငါတို့လုံးဝမမျှော်မှန်းထားတဲ့အရာပဲ...ဒါပေမဲ့သခင်သာရှိမယ်ဆိုရင် အရာအားလုံးကအဆင်ပြေလာလိမ့်မယ်လို့ ငါယုံကြည်တယ်..."
"အဘိုးကတော့ အကုန်လုံးစေ့စေ့စပ်စပ်ပြင်ဆင်ထားတာပဲ...ခုလာတဲ့လမ်းမှာ စစ်ဆေးရေးဂိတ်တွေအများကြီးချထားတာဆိုတော့ ပြခန်းမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာ အကုန်လုံးသိထားပြီးနေမှာပေါ့..."
ဝူဖန်ရှန်း၏အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့သည်။
"ငါတို့ဘာဆက်လုပ်နိုင်မှာလဲ...ဖန်ရှန်း..ငါတို့မှာနောက်ထပ်ရွေးချယ်စရာမရှိတော့ဘူး...သူတို့လူ၄ယောက်က ပြခန်းထဲသေသွားခဲ့တယ်...ဒါ့အပြင်ဒီလာတဲ့လမ်းတလျှောက်မှာ သူတို့လူဘယ်လောက်တောင် ထပ်သေသွားလဲမသိဘူး...အရေးအကြီးဆုံးကတော့ ဝူမိသားစုကငါတို့ကိုစွန့်ပစ်လိုက်တာပဲ..."
ဝူယွမ်ဒေါင်က အံကြိတ်ကာပြောလိုက်သည်။
ထိုစကားကိုကြားချိန်၌ ဝူဖန်ရှန်း၏မျက်လုံးများက တဖြည်းဖြည်းအေးစက်လာခဲ့သည်။
"မိသားစုတွင်းတိုက်ပွဲတွေက တကယ်ကိုကြောက်စရာကောင်းတာပဲ...မိသားစုဝင်တွေအကြား အကျိုးစီးပွားကိုပဲဂရုစိုက်ကြပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတွေမရှိကြတော့ဘူး...အဘိုးကြီးကတော့ဒီတစ်ကြိမ် ငါတို့ကို ခံစားချက်ကင်းမဲ့အောင်လုပ်လိုက်တာပဲ"
"သခင်လေးဒီမှာရှိနေမှတော့ ငါတို့ကဘာကိုကြောက်နေရမှာလဲ...ဒီတစ်ခါတော့ အောင်ပွဲကငါတို့ဘက်မှာရှိရမယ်...ငါတို့သာရက်စက်တဲ့သူတွေမဟုတ်ခဲ့ရင် အဆုံးသတ်မှာသေဆုံးမယ့်သူက ငါတို့တွေဖြစ်သွားလိမ့်မယ်"
ဝူယွမ်ဒေါင်သည် အကူအညီမဲ့နေသောလေသံဖြင့် ပြောလိုက်သော်လည်း သူ၏လေသံကအေးစက်နေခဲ့သည်။
ဝူဖန်ရှန်း၏မျက်နှာသွင်ပြင်သည် အေးစက်နေရာမှ ရူးသွပ်နေသောအမူအရာများဖြစ်ပေါ်လာကာ လေးလေးနက်နက်ပြောလိုက်သည်။
"ဟုတ်တယ်...သခင်လေးသာငါတို့နဲ့ရှိနေမယ်ဆိုရင် ဘယ်လိုလုပ်ကြံမှုမျိုးကမှ ငါတို့ကိုမတားဆီးနိုင်ဘူး...ငါတို့ကိုတားဆီးသူမှန်သမျှ သေရလိမ့်မယ်..."
ဝူဖန်ရှန်း၏စကားအဆုံးတွင် ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာကာ ထရပ်ကားငါးစီးက ဝူအိမ်တော်၏တံခါးဝသို့ မသိမသာချည်းကပ်လာခဲ့သည်။
ရှေ့ဆုံးမှထရပ်ကားသည် ဝူအိမ်တော်နှင့်နီးကပ်လာချိန်ထိ အရှိန်လျော့ချရန်ရည်ရွယ်ချက်မရှိခဲ့ပေ။ယင်းအစား ဂရုမစိုက်သည့်ပုံစံဖြင့် အိမ်တံခါးဝထံမောင်းဝင်လာခဲ့သည်။
ထရပ်ကား၏ဝင်တိုက်မှုကြောင့် ဝူအိမ်တော်၏ဂိတ်တံခါးသည် တိုဟူးအပိုင်းအစများသဖွယ် ချက်ချင်းပြိုကျသွားခဲ့သည်။
ဤနည်းလမ်းသည် တဲ့တိုးဆန်သော်လည်း ရိုးရှင်းလွယ်ကူပေသည်။ထိုနည်းလမ်းသည် ဝူသားအဖကို ဖမ်းစားနိုင်ခဲ့ကာ သွေးများဆူပွက်စေခဲ့ပြီး အက်ဒရီနယ်လင်များက အရှိန်အဟုန်ဖြင့်စီးဆင်းစေခဲ့သည်။