← Chapters

နတ်ဘုရားသဖွယ်

Vol. 10 Ch. 105

နတ်ဘုရားသဖွယ်

Vol. 10 Ch. 105

ဘန်း...

ကျယ်လောင်သောဆူညံသံက ဝူမိသားစုတစ်ခုလုံးအား အလန့်တကြားဖြစ်သွားစေခဲ့သည်။

ယနေ့အချိန်ထိ ရှေးဟောင်းမြို့၌အဖြစ်အပျက်များစွာဖြစ်ပွားခဲ့သော်လည်း ဝူမိသားစု၏တိုက်ရိုက်သားစဉ်မြေးဆက်များက အမှောင်ထုထဲ၌ ရှိနေဆဲဖြစ်သည်။

အိမ်အဝင်ဝ၌ ဆူညံသံများထွက်ပေါ်လာချိန်တွင် ဝူမိသားစု၏သားစဉ်မြေးဆက်များက ထိတ်လန့်သွားသလို ဒေါသလည်းဖြစ်လာကြသည်။

"ငါတို့ဝူအိမ်တော်ကို ပြဿနာရှာဝံ့တာဘယ်ကောင်လဲကွ..."

ဝူမိသားစုဝင်တစ်ယောက်က အော်ဟစ်၍ အိမ်အဝင်ဝဆီသို့ပြေးထွက်သွားခဲ့သည်။

"တချို့လူတွေက ငါတို့ငြိမ်သက်နေတာကြာတော့ အစွယ်လေးတွေထုတ်ပြလာကြတာပဲ..."

အခြားဝူမိသားစုတစ်ယောက်၏ မျက်နှာပေါ်၌ သတ်ဖြတ်လိုသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"မြန်မြန်ဘိုးဘေးကိုသွားအကြောင်းကြားလိုက်...အခြေအနေကိုငါအရင်သွားကြည့်လိုက်မယ်..."

စိတ်လှုပ်ရှားနေသောလူအချို့ကလည်း လက်ရှိအခြေအနေအား အပြေးအလွှားပင် သွားရောက်စူးစမ်းကြည့်ရှုနေခဲ့သည်။

သို့သော်လည်း...

ဝူမိသားစု၏အမိန့်ကြောင့် အိမ်တော်အပြင်ဘက်၌ ခရီးသွားများကဲ့သို့ဟန်ဆောင်ကာ ပုန်းအောင်းနေသူများသည် မျက်နှာအမူအရာများ ပျက်ယွင်းသွားခဲ့ကြပြီး တံတွေးမျိုချမိလိုက်ကြသည်။

"ပထမဆုံးမောင်းဝင်လာတဲ့ထရပ်ကားက ဘာတွေနဲ့လုပ်ထားတာမှန်းကိုမသိဘူး...ဝူအိမ်တော်ရဲ့စံအိမ်တံခါးကို သတ္တုစစ်စစ်နဲ့ပြုလုပ်ထားပေမဲ့ ထရပ်ကားကတော့ ထိခိုက်ပျက်စီးသွားတာမျိုးမရှိဘူး..."

ချီကျင်းသည် အာဖရိကစစ်မြေပြင်မှ အသက်ရှင်လျက်ပြန်လည်ရောက်ရှိလာသည့် စစ်မှုထမ်းဟောင်းဖြစ်သည်။လက်ရှိအခိုက်အတန့်တွင် သူသည်ပေါ့ပေါ့ပါးပါးဝတ်စုံဖြင့် ဝူအိမ်တော်၏တံခါးရှေ့သို့လျှောက်သွားကာ တစစီကျိုးပဲ့နေသောတံခါးကိုကြည့်၍ အော်ဟစ်လိုက်သည်။

"အဲ့လူတွေရူးနေတာလဲ...ဒါကရှေးဟောင်းမြို့ကဝူမိသားစုဆိုတာ မသိဘူးလား..."

"သူတို့ကသိသိကြီးနဲ့ ခုလိုတဇွတ်ထိုးတိုးဝင်လာတာဆိုရင်တော့ အံ့သြစရာမဟုတ်တော့ဘူး...ဒီနေ့တော့ပွဲကောင်းတစ်ပွဲကြည့်ရပြီ..."

ထိုအသံများကိုကြားလိုက်ရချိန်တွင် ခရီးသွားများအဖြစ်ဟန်ဆောင်ထားသူများသည် ပထမဆုံးထရပ်ကားဦးတည်ရာသို့ လျင်မြန်စွာစုရုံးသွားခဲ့ကြသည်။

သို့သော်လည်း သူတို့မချည်းကပ်သွားမှီ ထရပ်ကားကဦးစွာရပ်တန့်သွားခဲ့သည်။

ထို့နောက် ကျွီခနဲ့မြည်သံနဲ့အတူ တွဲဖက်ယာဉ်မောင်းထိုင်ခုံတံခါးက ဖွင့်ဟသွားခဲ့ကာ ရှေးဟောင်းဝတ်စုံဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်သည် တွဲဖက်ယာဉ်မောင်းနေရာမှ ဖြည်းညှင်းစွာထွက်ခွာလာခဲ့သည်။

သူသည် ရိုးရှင်းသောလှုပ်ရှားမှုမျိုးကိုသာ လုပ်ဆောင်လိုက်သော်လည်း သူ၏လှုပ်ရှားမှုတိုင်းက လွန်စွာသဘာဝကျနေခဲ့သည်။

သူသည်ကားပေါ်မှဆင်းလိုက်ချိန်တွင် သူ့ထံမှဖော်ပြ၍မရနိုင်သောအော်ရာများ ဖြာထွက်နေသော်လည်း သူ၏ပုံစံကအလွန်ပင်တည်ငြိမ်နေခဲ့သည်။အထူးသဖြင့် သူ၏ငြိမ်သက်နေသောမျက်လုံးတစ်စုံက လက်ရှိဖြစ်ပျက်နေသော ရူးသွပ်ဖွယ်အဖြစ်အပျက်များသည် သူနှင့်လုံးဝသက်ဆိုင်မှုမရှိကြောင်း ထင်မှတ်ရစေသည်။

အိမ်တော်အပြင်ဘက်မှဖြစ်စေ အိမ်တော်ဝင်းအတွင်း၌ဖြစ်စေ ထိုလူငယ်အားမြင်တွေ့လိုက်ရသူတိုင်းသည် အံ့သြမှင်သက်သွားခဲ့ကြသည်။

"သူက ဝူအိမ်တော်ထဲဝင်လာဝံ့တယ်ဆိုတော့ ချက်ချင်းသတ်ပစ်..."

သို့သော်လည်း အမှောင်ထဲ၌ပုန်းအောင်းနေသော စနိုက်ပါသမားများသည် လက်ရှိအခြေအနေကြောင့် ထိတ်လန့်သွားကြချိန်တွင် သူတို့၏နားကြပ်တွင်းမှနေ၍ အေးစက်စက်အမိန့်ပေးသံကို လက်ခံရရှိလိုက်သည်။

...

"ဝူမိသားစု..."

ယဲ့ပိုင်သည် ထရပ်ကားပေါ်မှနေ၍ဖြည်းညှင်းစွာဆင်းသက်လာပြီးနောက် သတိလစ်နေသောယာဉ်မောင်းကို တစ်ချက်ကြည့်လိုက်ကာ ပါးစပ်မှနေ၍တိုးတိုးလေးညည်းညူလိုက်သည်။

ဝူမိသားစု၏ အိမ်တော်ရာဝင်းအတွင်း၌ "ဝူမိသားစုစံအိမ်တော်"ဟူသောစကားလုံးကို ရေးထွင်းထားသည့်ကျောက်တုံးကြီးတစ်ခုရှိနေကာ စကားလုံးတိုင်းအားရွှေရောင်စီခြယ်ထားပေသည်။

ကျောက်တုံးနံဘေး၌ ကျိုင်းပင်၃ပင်အားစိုက်ထားကာ နွေဦးရာသီအားရောက်ရှိလာသည်နှင့်အမျှ အရွက်များကတဖြည်းဖြည်းစိမ်းစိုလာခဲ့သည်။သစ်ရွက်များအကြားမှနေ၍ ထိုးထွင်းလာသောနေရောင်ခြည်သည် ရွှေရောင်စာလုံးများပေါ်သို့ ကျရောက်လာချိန်၌ အလွန်ပင်တောက်ပနေခဲ့သည်။

ထို့ပြင် ခြံဝင်းအတွင်း၌ တောင်အတုများ၊နွေဦးစမ်းချောင်းအတုများ၊လှပသည့်ပန်းအိုးမျိုးစုံ၊အနုပညာလက်ရာမျိုးစုံတို့ ပြန့်ကျဲတည်ရှိနေပေသည်။ထို့ပြင် နေရာတိုင်း၌မြင်တွေ့နိုင်ရန်ခဲယဉ်းသော ရှေးခေတ်အီဂျစ်ရုပ်တုများက ပို၍ပင်မျက်စိကျစရာကောင်းကာ ကျောက်မိသားစု၏ခြေသုံးချောင်းနဂါးစံအိမ်ထက်ပင် သာလွန်နေပုံရသည်။ဤနေရာကို ခေတ်မှီအပြင်အဆင်များဖြင့်စီစဉ်ထားသော်လည်း သေသေချာချာလေ့လာကြည့်မည်ဆိုပါက အချို့သောအပေါ်ပိုင်းအဆင်အယင်များကိုထိုးဖောက်ကာ အတွင်းပိုင်းရှိရှေးခေတ်လက်ရာတို့အား တွေ့မြင်နိုင်မည်ဖြစ်သည်။

"ခူးဖူ...ဒီနေ့တော့မင်းရဲ့သားစဉ်မြေးဆက်တွေအတွက် သတိပေးမှုတစ်ခုအဖြစ်မှတ်ယူနိုင်တယ်...သူတို့တွေဒီတစ်ခေါက်တော့ ကောင်းကောင်းမှတ်မိသွားဖို့ ငါမျှော်လင့်ပါတယ်..."

ယဲ့ပိုင်သည် ဝူအိမ်တော်၏တံခါးဝ၌ရပ်နေရင်း ရေရွတ်လိုက်သည်။သူ၏မျက်လုံးများသည် ကြည်လင်နေကာ မည်သည့်ခံစားချက်မျိုးမှရှိမနေခဲ့ပေ။

အခြားထရပ်ကား၄စီးကလည်း ချက်ချင်းထိုးရပ်သွားခဲ့သည်။

ဝူဖန်ရှန်းနှင့်ဝူယွမ်ဒေါင်တို့သည် ဝူယွမ်ချန်းကိုတွဲခေါ်ကာ ယဲ့ပိုင်၏အနားသို့အမြန်ဆုံးချည်းကပ်သွားခဲ့ကြသည်။

ဝမ်ကူသည်လည်း ကားပေါ်မှဆင်းလာခဲ့ကာ ယဲ့ပိုင်၏နား၌လာရပ်နေခဲ့သည်။သူသည် ယဲ့ပိုင်၏တီးတိုးစကားသံအား ကြားလိုက်ရသော်လည်း ၎င်း၏အဓိပ္ပါယ်အားနားမလည်ခဲ့ပေ။

"သခင်...ခုဘာဆက်လုပ်ကြမလဲ..."

ဝမ်ကူက လေးလေးစားစားမေးမြန်းလိုက်သည်။

"ဝူအိမ်တော်ထဲဝင်ကြတာပေါ့..."

ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလိုက်သည်။

ထိုသို့စကားပြောပြီးနောက် ဝမ်ကူသည် ဝူမိသားစုအိမ်တော်အား တစ်ချက်ကြည့်လိုက်မိသည်။တစ်ချိန်ကဆိုလျှင် ဝူမိသားစုသည် သူလက်လှမ်းမမှီနိုင်သော တည်ရှိမှုတစ်ခုဖြစ်ခဲ့သော်လည်း ယခုအခိုက်အတန့်တွင်မူ သူ၏မျက်နှာပေါ်၌မည်သည့်လှုပ်ရှားမှုမျိုးမှ ဖြစ်ပေါ်မလာခဲ့ပေ။ယဲ့ပိုင်၏ရှေ့တွင် ဝူမိသားစုဟူသောအရာသည် ပုရွက်ဆိတ်တစ်ကောင်ကလွဲ၍ ဘာမှမဟုတ်ကြောင်း သူကောင်းကောင်းသိထားပေသည်။

"သခင်လေး...ဝူအိမ်တော်ရဲ့လက်ရှိအခြေအနေက နည်းနည်းတော့ထူးဆန်းနေတယ်...ပုံမှန်ဆိုရင် ဒီခြံဝင်းထဲမှာကို အစောင့်တွေသွားလာလှည့်ပတ်နေပေမဲ့ ဒီနေ့တော့ဘယ်သူ့ကိုမှမတွေ့ရသေးဘူး...ငါထင်ထားမမှားရင် လူအိုကြီးကငါတို့ကိုကြိုဆိုဖို့အတွက် ထောင်ချောက်တွေစီစဉ်ထားပြီးဖြစ်ရမယ်...သခင်လေးလည်း စိတ်ထိန်းထားစရာမလိုပါဘူး...လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဝူမိသားစုဟာ သူတို့ရဲ့သြဇာလွှမ်းမိုးမှုကိုအသုံးချပြီးတော့ ဒုစရိုက်မှုများစွာကိုလုပ်ဆောင်ခဲ့တယ်...ဒါကြောင့်လူနည်းနည်းလောက်သတ်ဖြတ်တာက ပြဿနာမဟုတ်ဘူး...အဲလိုဆိုရင် ငါတို့ဝူမိသားစုကိုအုပ်ချုပ်တဲ့အခါ ပိုပြီးတော့လွယ်ကူလာလိမ့်မယ်"

ဝူဖန်ရှန်းသည် ယဲ့ပိုင်၏အနားသို့တိုးကပ်သွားကာ သတိထား၍ပြောလိုက်သည်။ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများ၌စိတ်လှုပ်ရှားမှုများနှင့် ရူးသွပ်မှုများပြည့်နှက်နေခဲ့သည်။သူသည် ယဲ့ပိုင်၏စွမ်းအားကို အကြွင်းမဲ့ယုံကြည်မှုရှိပေသည်။

ဝူယွမ်ဒေါင်၏မျက်လုံးများက ချက်ချင်းတောက်ပလာခဲ့သည်။

"ခြံဝင်းကထူးဆန်းရုံတင်မကဘူး...ဝူမိသားစုအိမ်တော်အပြင်ဘက်ကလည်း ထူးဆန်းနေတာပဲ...ခရီးသွားတွေကဘယ်လောက်တောင်များနေတာလဲ...စောနကငါတို့လာတဲ့လမ်းတလျှောက်မှာ လူတွေအများကြီးတွေ့ခဲ့တာပဲ...သူတို့ရဲ့အကြည့်တွေကလည်းမူမမှန်ဘူး...ငါတို့အဖေကအသက်ကြီးပြီဆိုတော့ ဆုံးဖြတ်ချက်အမှန်တွေကို မချမှတ်နိုင်တော့ဘူးပဲ...သူလုပ်သမျှအရာရာတိုင်းက အဓိပ္ပါယ်မဲ့နေပြီ...ဒီတစ်ကြိမ်တော့ဝူမိသားစုကပြောင်းလဲချိန်တန်ပြီဘဲ"

ယဲ့ပိုင်သည် ယခုအချိန်ထိငြိမ်သက်နေဆဲဖြစ်သည်။ယခုတစ်ကြိမ် ဝူအိမ်တော်သို့သူရောက်လာရခြင်းမှာ အကြောင်းနှင့်အကျိုးသက်ရောက်မှုအား ဖြေရှင်းရန်ဖြစ်သည်။

တစ်ဖက်တွင်မူ ဝူယွမ်ချန်းသည် သူ၏နံဘေး၌ရှိနေသော ဝူယွမ်ဒေါင်နှင့်ဝူဖန်ရှန်းတို့၏စကားများကို ကြားပြီးနောက် သူ၏မျက်နှာပေါ်၌ ရှက်ကိုးရှက်ကန်းအမူအရာများဖြင့် ပြည့်နှက်လာခဲ့သည်။

"တတိယညီလေး...ဖန်ရှန်း...မင်းတို့တွေဘာလုပ်နေလဲဆိုတာ မင်းတို့ကိုယ်တိုင်ကောသိကြလား...ဒီနေ့တော့အဘိုးကြီးက တော်တော်လေးဒေါသထွက်နေတယ်...ဒီနေရာတစ်ခုလုံးမှာ ခြုံခိုတိုက်ခိုက်ဖို့ လူဘယ်လောက်တောင်စောင့်နေမှန်းမသေချာဘူး...မင်းတို့ခုချိန်ဒူးထောက်တောင်းပန်ရင် အချိန်မှီသေးတယ်..."

"သွားကြရအောင်..."

သို့သော်လည်း ဝူယွမ်ချန်း၏စကားများသည် အကျိုးသက်ရောက်မှုမရှိခဲ့ပေ။

ယဲ့ပိုင်သည် စကားတစ်ခွန်းသာပြော၍ ဝူမိသားစုအိမ်ခြံဝင်းအတွင်းသို့ လျှောက်သွားလိုက်သည်။

ဝမ်ကူသည် ယဲ့ပိုင်၏နောက်မှကပ်လိုက်သွားခဲ့ကာ ဝူယွမ်ဒေါင်နှင့်ဝူဖန်ရှန်းတို့သည်လည်း တုံ့ဆိုင်းမနေဘဲ နောက်မှအမြန်လိုက်သွားခဲ့ကြသည်။

ဒိုင်း...

သို့သော်လည်း လူတိုင်းသည် ဝူမိသားစုစံအိမ်တော်ထဲ ခြေချမိလိုက်သည်နှင့်တပြိုင်နက် အေးစက်သောသေနတ်သံများက နှုတ်ဆက်ခဲ့ကြသည်။

အမှောင်ထဲ၌ ပုန်းအောင်းနေသောစနိုက်ပါသမားများက အမိန့်ကိုလက်ခံရရှိပြီးနောက် အသံတိတ်စနိုက်ပါရိုင်ဖယ်များကို အသင့်ပြင်ကာ တစ်ချိန်တည်းမှာပင် ပစ်ခတ်ခဲ့ကြသည်။အနက်ရောင်ကျည်ဆန်များစွာသည် လေထုကိုထိုးခွဲဝင်ရောက်ကာ ယဲ့ပိုင်တို့ထံသို့ တိုးဝင်လာခဲ့ကြသည်။

"သူသေပြီ..."

စနိုက်ပါသမားသည် သူ၏ပစ်ခတ်မှုအပြီးတွင် စိတ်ချယုံကြည်စွာဖြင့် ရေရွတ်လိုက်သည်။

"အထဲကလူတွေအကုန် အရေးယူပြီးတာသေချာလား...ဒီကောင်တွေရဲ့ဦးနှောက်က တစ်ခန်းလွတ်နေတာလား...သူတို့ကထရပ်ကားပေါ်ကဆင်းလိုက်တာနဲ့ တခါတည်းလမ်းလျှောက်ပြီးဝင်သွားတာလား...ငါတို့ကရနိုင်သမျှလူအင်အားအကုန်လုံးကိုသုံးထားတာပဲ...ဒီနေ့ဝူအိမ်တော်ကိုနတ်ဘုရားတွေရောက်လာရင်တောင်မှ အသက်ရှင်လျက်ပြန်ထွက်သွားနိုင်မှာမဟုတ်ဘူး..."

ချီကျင်းက အခြေအနေအားအကဲခတ်ကာ ခေါင်းခါလိုက်မိသည်။သူသည် ထိုသို့ပြောလိုက်ပြီးချိန်တွင် လမ်းမပေါ်သွားလာနေကြသော ခရီးသွားများကဲ့သို့ ဟန်ဆောင်ထားကြသူများသည် ယဲ့ပိုင်တို့ရှိနေသောနေရာအား ဝိုင်းရံထားလိုက်ကြသည်။

သို့သော်လည်း ချီကျင်းသည် ယဲ့ပိုင်တို့နှင့်တဖြည်းဖြည်းနီးကပ်လာချိန်တွင် သူ၏ခန္ဓာကိုယ်ကချက်ချင်းတောင့်တင်းသွားကာ ရှေ့သို့ဆက်မတိုးရဲတော့ပေ။ထို့ပြင် သူ၏မျက်နှာအမူအရာကလည်း အကြီးအကျယ်ပျက်ယွင်းသွားခဲ့သည်။

"ဒါ...ဒါဘယ်လိုဖြစ်နိုင်မှာလဲ..."

ချီကျင်းသည် ပါးစပ်ကိုကျယ်ကျယ်ဖွင့်ဟလိုက်ရာ အတွင်းထဲသို့ကြက်ဥတစ်လုံးပင် ပစ်ထည့်၍ရလောက်ပေသည်။

သူ၏အကြည့်အောက်တွင် မရေမတွက်နိုင်သောကျည်ဆန်များသည် အမှောင်ထုထဲမှထွက်ပေါ်လာခဲ့သော်လည်း ယဲ့ပိုင်အားထိတော့မည့်အချိန်တွင် လေထုထဲ၌ရပ်တန့်သွားခဲ့ကြသည်။

ထိုအနက်ရောင်ကျည်ဆန်များသည် တစ်စုံတစ်ခုဖြင့်ဟန့်တားခံလိုက်ရသလို လေထဲ၌ရပ်တန့်နေခဲ့ကြပြီး ပတ်ဝန်းကျင်လေဟာနယ်တစ်ခုလုံးက အတင်းအကျပ်ဟန့်တားခံရသကဲ့သို့ဖြစ်နေခဲ့သည်။

ထိုမြင်ကွင်းသည် ချီကျင်းကိုအံ့အားသင့်စေရုံသာမက အမှောင်ထုထဲ၌ပုန်းအောင်းနေသော စနိုက်ပါသမားများကိုလည်း အံ့သြသွားစေခဲ့သည်။

ယဲ့ပိုင်သည် ထိုနေရာ၌ပင်ရပ်နေဆဲဖြစ်ကာ လေထဲ၌လွင့်မျောနေသော အနက်ရောင်ကျည်ဆန်များသည် ရှေ့သို့ဆက်မတိုးနိုင်တော့ပေ။ယဲ့ပိုင်သည် နတ်ဘုရားတစ်ပါး၏ရောင်ဝါကို ထုတ်လွှတ်ထားခြင်းမရှိလျှင်ပင် သူ၏လက်ရှိကိုယ်ဟန်အနေအထားက သူ့အားနတ်ဘုရားတစ်ပါးဖြစ်စေရန် လုံလောက်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် အလွန်အေးစက်သောလေထုအခြေအနေက ဝူမိသားစုအိမ်တော်တစ်ခုလုံးအား လွှမ်းခြုံသွားခဲ့သည်။ဝူအိမ်တော်၏အထက်တွင် အနက်ရောင်တိမ်များက အရူးအမူးစုရုံးလာကာ နေရောင်ခြည်အားလုံးကိုပိတ်ဆို့ထား၍ အံ့အားမှင်သက်နေသူများ ရင်တုန်ပန်းတုန်ဖြစ်သွားကြသည်။

All Chapters