ကျည်ဆန်များ
Vol. 10 Ch. 106
ဝူမိသားစုအိမ်တော်၏ ဝင်ပေါက်တွင် လေထုအခြေအနေသည် အလွန်တရာ ထူးဆန်းနေပေ၏။
အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက် အိမ်တော်တစ်ခုလုံး ရုတ်တရက် ဆူညံပွက်လောရိုက်သွားသည်။ ထိုလူများသည် သူတို့၏ပစ်မှတ်ဆီသို့ သူတို့၏တည်နေရာကို ဖော်ပြမိခြင်း ရှိမရှိကိုပင် ဂရုမစိုက်နိုင်တော့ချေ။
"သောက်ချေးပဲ....ငါ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်...ကျည်ဆန်တွေက လေထဲမှာ ရပ်တန့်နေတာလား"
စနိုက်ပါသမားတစ်ဦးသည် သူ၏မျက်လုံးများကို အားပါးတရ ပွတ်သပ်လိုက်ပြီး ထိတ်လန့်တကြား ဆဲရေးလိုက်သည်။ သူသည် ဤလောကထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း ဤကဲ့သို့သောအရာမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။
သူ၏နံဘေးရှိ တခြားစနိုက်ပါသမားတစ်ဦးသည်လည်း စနိုက်ပါရိုင်ဖယ်ကို ဘေးသို့ လွှင့်ပစ်လိုက်သည်။ သူ၏မျက်နှာပေါ်ရှိ ကြွက်သားများ ရှုံ့တွနေပြီး သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေသည်။
"ဒီနေ့တော့ ငါတို့တွေ သရဲနဲ့တွေ့ပြီထင်တယ်...ဒီလူငယ်က လုံးဝမရိုးရှင်းဘူး...ငါတို့က လင်းယုန်တစ်ကောင်ရဲ့ စောင့်ကြည့်တာကို ခံလိုက်ရသလိုမျိုး ငါ ခံစားနေရတယ်...စစ်မြေပြင်မှာ ရန်သူက ပိတ်ဆို့တိုက်ခိုက်တဲ့ ရိုင်ဖယ်ကို အသုံးပြုမှပဲ ဒီလိုမျိုး ခံစားရတယ်"
ဝူမိသားစုအိမ်တော်၏ အပြင်ဘက်တွင် ခရီးသွားများအဖြစ် ဟန်ဆောင်ပြီး ဝိုင်းရံထားကြသူများသည်လည်း ဤအချိန်တွင် စနိုက်ပါသမားများနှင့် ထပ်တူထပ်မျှ ခံစားနေရသည်။ သူတို့ထံမှ အာမေဋိတ်သံများ ဆက်တိုက်ထွက်ပေါ်ကာ ထိတ်လန့်တကြား ဖြစ်နေကြ၏။
"သေနတ်တွေတောင် အသုံးမဝင်တော့ဘူးလား"
ဂျင်းဘောင်းဘီ အပေါက်အပြဲနှင့် ဆံပင်ကောက်ကောက် လူတစ်ယောက်သည် သတိလက်လွတ်ဖြင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
"အဲ့ဒီလူက ဘယ်သူလဲ"
ပိန်ပါးသော ခန္ဓာကိုယ်ရှိသော်လည်း တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦးသည် သူ၏လည်ချောင်းများ ခြောက်သွေ့လာသကဲ့သို့ ခံစားမိလေ၏။ ဤစကားကို ပြောလိုက်ချိန်တွင် သူသည် နောက်သို့ မဆုတ်ဘဲ မနေနိုင်တော့ချေ။
"ဒီနေ့ ငါတို့အားလုံး ဒုက္ခကြီးကြီးမားမား ရောက်တော့မယ်လို့ ခံစားနေရတယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူ၏စိတ်ခံစားချက်များ ဒီရေလှိုင်းပမာ မြင့်တက်လာသည်ဟု ခံစားလိုက်ရသည်။
ထိုအသံများ ထွက်ပေါ်လာသည်နှင့်အမျှ ခြံဝန်းအတွင်းပိုင်းမှ ပြေးထွက်လာကြသော ဝူမိသားစု၏ တိုက်ရိုက်မျိုးဆက်များသည်လည်း ထွက်ပေါ်လာကြသည်။
သို့ရာတွင် သူတို့သည် လူများမရောက်ခင် အသံက အရင်ရောက်လာခဲ့ကြ၏။
"ဝူဖန်ရှန်းဆိုတဲ့ အကောင်က တုံးလိုက်တာ...လူတွေခေါ်ပြီး ဝူမိသားစုကို လာရှုပ်ရဲတယ်ပေါ့...သူက ပျင်းလွန်းလို့များလား...ဒါက ဝူမိသားစုကွ...ရှေးဟောင်းမြို့မှာ ဝူမိသားစုက ဘယ်လောက်ထိ အင်အားကြီးလဲဆိုတာ သူ မသိတာများလား"
ထိုလူ၏အသံတွင် အထင်အမြင်သေးခြင်း လှောင်ပြောင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
"ဟား ဟား ဟား....သူတို့တွေ စိတ်ရူးပေါက်နေကြပြီလားမသိဘူး...ဝူယွမ်ဒေါင်ဆိုတဲ့ ကောင်လည်း ပါတာပဲ...ဝူမိသားစုကနေ မောင်းထုတ်ခံထားရတာတောင် ကိုယ့်ကိုယ်ကိုယ် အသိတရားမရှိဘဲ လာရဲသေးတယ်...ပြန်လာရင် အလောင်းအနေနဲ့ သယ်ထုတ်ခံရမှာကို မကြောက်ဘူးလား"
ဤလူများအနက် ပျော်ရွှင်စွာ ရယ်မောလိုက်သူ တစ်ယောက်ပင် ပါဝင်နေသည်။
"ကြည့်ရတာတော့ ဒီနေ့ ငါတို့ဘက်က လူတွေအများကြီးက ရန်သူတွေကို ခြုံခိုတိုက်ခိုက်ဖို့ ပုန်းနေကြပုံရတယ်...ငါ့ရဲ့အမြင်အရဆိုရင် အဲ့ဒီသားအဖနှစ်ယောက်က အခုလောက်ဆို ကြောက်လွန်းလို့ ဒူးတုန်နေလောက်ပြီ"
ထိုဝူမိသားစုမျိုးဆက်များထဲတွင် မည်သူကမျှ ဝူဖန်ရှန်းနှင့် သူ၏အပေါင်းအဖော်များအပေါ် အကောင်းမမြင်ကြချေ။ သူတို့ အတူတကွ လျှောက်လှမ်းလာကြချိန်တွင် စိတ်လှုပ်ရှားဖွယ်ရာ ကိစ္စများကို ကြည့်ရှုလိုစိတ်သာ ရှိကြသည်။
သူတို့သည် ဝူမိသားစုအိမ်တော် တစ်ခုလုံးရှိ လေထုအခြေအနေမှာ ယခုအချိန်၌ အလွန်ထူးဆန်းနေသည်ကိုပင် သတိမထားမိကြချေ။ အမှောင်ထဲတွင် ပုန်းအောင်းနေသူများသည် အခြေခံအားဖြင့် သူတို့အား 'အရူး' ဟူသော စကားလုံးပါသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
ဝူဖန်ရှန်းနှင့် ဝူယွမ်ဒေါင်တို့သည် ထိုအသံများကို ကြားသော်လည်း ယခုအချိန်တွင် လုံးလုံးလျားလျား လျစ်လျူရှုထားပေ၏။
ထိုလူနှစ်ယောက်၏ မျက်လုံးများတွင် ပြင်းပြသောစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"ဒါက ယုံနိုင်စရာမရှိအောင်ပါပဲ အရှင်...ဒါက နတ်ဘုရားလို သန်မာတဲ့စွမ်းအားပါပဲ...အရှင်သာ ကျွန်တော်တို့နဲ့အတူ ရှိနေမယ်ဆိုရင် ရှေးဟောင်းဘိုးဘေးက ဘာပဲသုံးသုံး ကိစ္စမရှိပါဘူး"
ဝူဖန်ရှန်းသည် ထိုစကားကိုပြောဆိုရင်း ရှေ့မှဦးဆောင်ကာ လက်လှမ်းလိုက်ပြီး လေထဲတွင် ရပ်တန့်နေသော ကျည်ဆန်များကို ထိတွေ့လိုက်သည်။
ဝူယွမ်ဒေါင်သည်လည်း သူ၏ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်နေပြီး သူ၏မျက်နှာတပြင်လုံး ရဲရဲနီလာကာ တံတွေးမြိုချလိုက်မိသည်။ သူ၏အသံတွင် စိတ်လှုပ်ရှားမှု လွန်ကဲနေပေ၏။
"အဲဒီလူတွေ ပစ်လိုက်တုန်းက ကျွန်တော်တို့ကို လုံးဝထည့်မစဉ်းစားခဲ့ကြဘူး...သူတို့က ကျွန်တော်တို့ကိုပါ တစ်ခါတည်း သတ်ချင်နေကြတာ...အရှင်...တကယ်လို့ ကျွန်တော်သာ ဝူမိသားစုကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော် ဝူယွမ်ဒေါင်ရဲ့ အသက်က နောင်အနာဂတ်မှာ အရှင့်ရဲ့အပိုင်ပါပဲ...အရှင် ဘာပဲခိုင်းခိုင်း ကျွန်တော် လုပ်ပေးပါ့မယ်"
ဝမ်ကူသည် အလွန်တည်ငြိမ်နေပြီး ခမ်းနားထည်ဝါသော ဝူမိသားစု၏ တိုက်ရိုက်မျိုးဆက်များကို ကြည့်လိုက်ကာ ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။
"သခင်ကြီး...ဝူမိသားစုဝင်တွေ ရောက်လာပုံရပါတယ်"
"အင်း"
ယဲ့ပိုင်က ချက်ချင်း ရှေ့သို့တိုးလိုက်သည်။
သို့သော် သူ ခြေလှမ်းစတင်လိုက်သည်နှင့် သူ့ကို ပိတ်ဆို့ထားသော ကျည်ဆန်များအားလုံးသည် ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့်အလား တိတ်တဆိတ် ပျောက်ကွယ်သွားကြသည်။
အမှောင်ထဲတွင် ပုန်းအောင်းနေကြသော စနိုက်ပါသမားများသည် သူတို့၏စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခုကို ရရှိလိုက်ကြ၏။
ဝှစ်...ဝှစ်...ဝှစ်....
သို့သော် သူတို့ မတုံ့ပြန်နိုင်မီမှာပင် လေတိုးသံတချို့က သူတို့၏နားထဲသို့ ဝင်ရောက်လာသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် သူတို့၏ခေါင်းများ ထုံကျင်သွားပြီး အသိတရားများ ချက်ချင်း ပြိုလဲသွားသည်။ သူတို့၏ခန္ဓာကိုယ်မှ အင်အားများသည် ရုတ်ချည်းဆိုသလိုပင် စုပ်ထုတ်ခံလိုက်ရကာ ခန္ဓာကိုယ်များ ပျော့ခွေသွားပြီး နေရာတွင်ပင် လဲကျသွားကြ၏။
တစ်ချိန်တည်းမှာပင် ပြင်းထန်သော သွေးညှီနံ့များသည် ဝူမိသားစုအိမ်တော် တစ်ခုလုံးသို့ တိတ်တဆိတ် ပျံ့နှံ့သွားတော့သည်။
ထိုကျည်ဆန်များ ပျောက်ကွယ်သွားသည်ကို ပြင်ပသို့ လျှောက်လှမ်းလာနေသော ဝူမိသားစုဝင်များသည် လုံးဝသတိမထားမိလိုက်ကြချေ။
သို့သော် အနောက်တွင်ရှိနေသည့် ခရီးသွားများအဖြစ် ဟန်ဆောင်ထားသူများသည် ဤမြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ပထမဆုံးအကြိမ်အဖြစ် ဤလူများ၏ စိတ်နှလုံးထဲတွင် သေခြင်းတရားနှင့် ပတ်သက်သော အလွန်အမင်း ကြောက်ရွံ့မှုများ ပေါက်ဖွားလာသည်။
ယဲ့ပိုင်၏ခြေလှမ်းများသည် မမြန်ဆန်လှချေ။
သို့သော် အနောက်မှ ဝိုင်းရံလာသူများထဲတွင် မည်သူမျှ ခြေတစ်လှမ်း ရှေ့မတိုးရဲကြချေ။ တချို့ဆိုလျှင် ခြေထောက်များ ပျော့ခွေနေပြီး ထွက်ပြေးချင်စိတ်များ ပေါက်ဖွားလာသည်ကို မထိန်းချုပ်နိုင်ကြတော့ချေ။
မည်းမှောင်သော တိမ်တိုက်များသည် ဝူမိသားစုအိမ်တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ဝူမိသားစု၏တိုက်ရိုက်မျိုးဆက်များ ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်မှ ဆူညံသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
"ဟေး....တကယ်ပဲ ဟိုကောင် ဝူဖန်ရှန်းပါလား...သူက အခု အဝိုင်းခံထားရတာတောင် အိမ်တော်ထဲကို ဝင်လာရဲသေးတယ်ပေါ့"
ဝူမိသားစု မျိုးဆက်တစ်ဦးသည် အနားသို့ ကပ်လာပြီး ဝူဖန်ရှန်းနှင့် ဝူယွမ်ဒေါင်တို့ကို မြင်လိုက်ရချိန်တွင် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း နောက်ထပ်အချိန်တခဏတွင် သူ၏အသံသည် ပို၍ပင် အားနာမှုကင်းမဲ့လာသည်။
သို့သော် ပတ်ဝန်းကျင် အခြေအနေကို ကြည့်ပြီး သတိထားမှုအနည်းငယ်ဖြင့် ပြောဆိုသော တိုက်ရိုက်မျိုးဆက်တချို့လည်း ရှိနေသည်။
"အခြေအနေက သိပ်မဟန်သလိုပဲ...သူတို့နောက်က လိုက်လာတဲ့သူတွေက အရမ်းကြောက်နေကြပုံရတယ်...ပြီးတော့ လေထဲမှာ တစ်ခုခု ရှိနေသလိုပဲ...ဟုတ်တယ် သွေးနံ့ပဲ...မင်းတို့ အနံ့ရလား...သူတို့က ကြိုတင်ပြင်ဆင်ပြီး လာတာများလား"
"ဒါက ဝူမိသားစုလေ...မင်း တွေးတာများလွန်းနေတာ မဟုတ်ဘူးလား...ခွန်းလွန်တောင်က ရှေးဟောင်းအင်မော်တယ်အိုကြီး ရောက်လာရင်တောင် ဝူမိသားစု ခိုင်းတာကို လုပ်ရမှာပဲ...ဒီနေရာမှာ ဝူမိသားစုက အရာအားလုံးကို ကိုယ်စားပြုတယ်"
ဝူမိသားစု၏ တိုက်ရိုက်မျိုးဆက် လူငယ်တစ်ဦးသည် မောက်မာထောင်လွှားစွာ ပြောဆိုလိုက်၏။
သူတို့ ဆက်လက်၍ ပြောဆိုနေကြချိန်တွင် ယဲ့ပိုင်သည် သူတို့၏ရှေ့သို့ တိတ်တဆိတ် လျှောက်လှမ်းလာခဲ့ရာ သုံးမီတာအောက်သာ လိုတော့သည်။
"ဟေး....ရှေ့ဆက်မတိုးနဲ့တော့"
"မင်းတို့ ရပ်လိုက်လို့ရပြီ"
"ဝူဖန်ရှန်း ဝူယွမ်ဒေါင်...မင်းတို့က ဝူမိသားစုကနေ ထုတ်ပယ်ခံရပြီးပြီလေ...ဒါကို ထပ်လာရဲသေးတယ်ပေါ့"
"အစ်ကိုယွမ်ချန်း ဘာဖြစ်တာလဲ...မျက်နှာကလည်း ဖြူဖပ်ဖြူရော်နဲ့...တတိယအစ်ကို ငါ သတိပေးလိုက်မယ်...မင်းသာ အစ်ကိုကြီးကို အဲ့ဒီလို ဆက်ပြီးဆက်ဆံနေမယ်ဆိုရင် မင်းမှာ ဝူမိသားစုသွေး ပါရင်တောင် မင်း သေချာပေါက် သေရလိမ့်မယ်"
ထိုတိုက်ရိုက်မျိုးဆက်များသည် ဝူဖန်ရှန်းနှင့် ဝူယွမ်ဒေါင်တို့၏ရှေ့သို့ လျှောက်လှမ်းလာကြပြီး ယဲ့ပိုင်၏ ဖြစ်တည်မှုကို တိုက်ရိုက်လျစ်လျူရှုထားကြ၏။ သူတို့သည် ဆွေမျိုးသားချင်းများအပေါ် အားနာမှုအနည်းငယ်မျှ မရှိဘဲ ရိုင်းပျစွာအော်ဟစ်လိုက်ကြသည်။
အကယ်၍ ယခင်ကသာဆိုလျှင် သူတို့သည် ဤကဲ့သို့လုပ်ရပ်မျိုးကို မည်သို့ လုပ်ရဲမည်နည်း.....
ဤသည်မှာ အာဏာဆုံးရှုံးမှု၏ ဝမ်းနည်းဖွယ်ရာ ကိစ္စတစ်ရပ်ပင်။ တစ်စုံတစ်ယောက်သည် မှီခိုအားထားရာ ပျောက်ဆုံးသွားသည်နှင့် မည်သည့်ခွေးကြောင်များမှမဆို အနိုင်ကျင့်ရဲလာကြသည်။
သို့သော် လက်ရှိတွင်...
ဝူဖန်ရှန်းနှင့် ဝူယွမ်ဒေါင်တို့၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။ ထို့အစား သူတို့၏မျက်လုံးများထဲတွင် လှောင်ပြောင်မှုများက ပို၍များပြားနေသည်။ သူတို့၏ရှေ့တွင်ရှိနေသည့် ကိုယ့်ကိုယ်ကိုယ် အလွန်အစွမ်းထက်သည်ဟု ထင်နေကြသော ဝူမိသားစုဝင်များသည် တွင်းအောင်းဖားများသာ ဖြစ်သည်။ သူတို့သည် အခြေအနေကို တစိုးတစိမျှ သဘောမပေါက်ကြပုံပင်။
"ထွက်သွားကြစမ်း...."
သို့ရာတွင် သူတို့နှစ်ဦး စကားပြောတော့မည့်အချိန်တွင် ယဲ့ပိုင်၏ ပေါ့ပေါ့ပါးပါး အသံ ထွက်ပေါ်လာသည်။
ရိုးရှင်းသော ဤစကားလုံးများသည် လုံးဝရိုးရှင်းပုံမရပေ။ ဝူမိသားစုဝင်များသည် ထိုစကားကို ကြားလိုက်ရချိန်တွင် သူတို့အားလုံး အံ့အားသင့်သွားကြသည်။ သူတို့သည် အေးစက်သွားသလို ခံစားလိုက်ရသော်လည်း သူတို့၏မျက်လုံးများ ယဲ့ပိုင်အပေါ်သို့ ရောက်ရှိသွားပေ၏။ ဤသို့ဖြင့် အခင်းဖြစ်ပွားရာနေရာရှိအခြေအနေမှာ တဖန်ပြန်၍ ပြောင်းလဲသွားတော့သည်။