← Chapters

ကိစ္စတစ်ခု

Vol. 10 Ch. 107

ကိစ္စတစ်ခု

Vol. 10 Ch. 107

ယဲ့ပိုင်ကို ကြည့်ပြီးနောက် ဝူမိသားစု မျိုးဆက်များသည် အချိန်တခဏမျှ အံ့အားသင့်သွားကြပြီးမှ သူတို့အားလုံး သတိပြန်ဝင်လာကြသည်။

"ဝူဖန်ရှန်း...ဒီကောင်လေးက မင်းရဲ့အကူ မဟုတ်လား...ရှေးဟောင်းဝတ်စုံ ဝတ်ထားတာဆိုတော့ သူက ကိုယ့်ကိုယ်ကိုယ် ပုန်းအောင်းနေတဲ့ ကျွမ်းကျင်ပညာရှင်လို့ ထင်နေတာလား...ဟား ဟား ဟား...ငါ အရင်က မင်းကို အားကျခဲ့ဖူးပေမယ့် အခုကြည့်ရတာတော့ မင်းက တကယ့်ကို အမှိုက်တစ်ကောင်ပဲ...ဘိုးဘေးက မင်းကို မောင်းထုတ်လိုက်တာ မမှားဘူး"

ထိုလူသည် ဝူဖန်ရှန်းထက် အသက်သိပ်မကြီးသော သူ၏ဝမ်းကွဲအစ်ကို ဝူပေါ်ဝမ် ဖြစ်ပြီး ထိုစကားကို ပြောဆိုလိုက်ချိန်တွင် ယခင်ထက် အဆတစ်ရာမက ပို၍မောက်မာနေသည်။

"တတိယအစ်ကို...ငါ မင်းကို တကယ်ကြီး အမြင်မှားခဲ့တာပဲ...ဝူမိသားစုကွယ်ရာမှာ ပိုင်ဆိုင်မှုတွေကို ခိုးရောင်းတာက ကိစ္စမရှိဘူး...ဝူမိသားစုကနေ မောင်းထုတ်ခံရပြီးတာတောင် လူခေါ်ပြီးတော့ လာရှုပ်ရဲသေးတယ်ပေါ့...ဒီတစ်ခါတော့ ဘိုးဘေးက အရမ်းဒေါသထွက်နေပြီ...ဘယ်သူမှ မင်းကို မကယ်နိုင်တော့ဘူး"

ဝူယွမ်ချိုးက ဝင်ရောက်ပြောဆိုသည်။ သူမသည် ထိုသို့ပြောဆိုသော်လည်း သူမ၏မျက်လုံးများတွင် အေးစက်မှုများ မာန်မာနများဖြင့် ပြည့်နှက်နေပေ၏။ သူမသည် ဝူယွမ်ဒေါင် တစ်ခုခုဖြစ်သွားပြီး မိသားစုပိုင်ဆိုင်မှုများကို သူမ ပို၍ဝေစုရရှိနိုင်ရန် မျှော်လင့်နေသည်။

"ဟေ့ကောင်လေး...ဘာလို့ အဲ့ဒီလောက်ထိ မောက်မာနေတာလဲ...ငါတို့အားလုံးက ဝူမိသားစုကဆိုတာ မင်း မတွေ့ဘူးလား...မင်း ဝင်လာကတည်းက အဝိုင်းခံထားရတယ်ဆိုတာ ငါ မင်းကို ပြောပြလိုက်မယ်..."

ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်ခန့်သာ ရှိပုံရသော လူငယ်တစ်ဦးက ယဲ့ပိုင်ကို မောက်မာထောင်လွှားစွာ ကြည့်ပြီး ပြောဆိုသည်။

ထိုစကားများကြောင့် ဝူမိသားစုဝင်များထံမှ ရယ်မောသံများ ထွက်ပေါ်လာသည်။

ယဲ့ပိုင်သည် ကျောက်ခင်းလမ်းပေါ်တွင် မတ်တတ်ရပ်နေပြီး ထိုလူများကို ကြည့်နေပေ၏။ သို့သော် သူ၏စိတ်နှလုံးသား အလွန်တည်ငြိမ်နေသည်။

သူသည် နှစ်ပေါင်းသောင်းနှင့်ချီ၍ ရှင်သန်ခဲ့သော တည်ရှိမှုတစ်ခုဖြစ်ပြီး ကိစ္စပေါင်းမြောက်များစွာကို ကြုံတွေ့ခဲ့ဖူးသည်။ ဤအသံများသည် သမိုင်းကြောင်းတလျှောက်တွင် ဘာမှမဟုတ်သည့်အပြင် သူ၏စိတ်ခံစားချက်တွင် လှိုင်းဂယက်အနည်းငယ်မျှပင် မဖြစ်ပေါ်စေနိုင်ချေ။

သို့ရာတွင် သူ့ရှေ့မှ မြင်ကွင်းက ယဲ့ပိုင်ကို စိတ်ခံစားမှု အနည်းငယ် ဖြစ်ပေါ်စေသည်။

ဟောင်းနွမ်းနေသော အမှတ်တရများက သူ၏စိတ်နှလုံးသားထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပေ၏။

"အရှင်...ကျွန်တော်ရဲ့ အချိန်တွေ ကုန်ဆုံးတော့မှာပါ...ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်ရဲ့ သားမိုက်က တစ်ခုခု ကြံစည်ချင်နေတယ်လို့ ခံစားမိတယ်...ဒါကြောင့် ကျွန်တော် တောင်းဆိုချင်တဲ့ ကိစ္စတစ်ခု ရှိနေတယ်"

ကုတင်ပေါ်ရှိ ဆံပင်ဖြူများဖွေးဆွတ်နေသော အဘိုးအိုတစ်ဦးသည် လူငယ်တစ်ဦးကိုကြည့်ကာ တောင်းပန်သောအသံဖြင့် ရိုသေလေးစားစွာ ပြောဆိုသည်။

"ဘာကိစ္စလဲ"

လူငယ်က ပြောဆိုသည်။ သူ၏စိတ်နှလုံးသားအတွင်း၌ အရာအားလုံးကို မြင်တွေ့ပြီးသား ဖြစ်ပေ၏။

အဘိုးအိုက ဖြည်းညှင်းစွာ ပြောဆိုသည်။

"ကျွန်တော်ရဲ့ဘဝက လုံလောက်ပါပြီ...အရှင့်ရဲ့ အစေခံဖြစ်ခွင့်ရတာက ကျွန်တော်အတွက် ကောင်းချီးတစ်ခုပါပဲ...နှမြောစရာကောင်းတာက ကျွန်တော်ရဲ့ ခန္ဓာကိုယ်က အရင်လို မသန်မာတော့ဘူး...ဖြစ်နိုင်မယ်ဆိုရင် အရှင့်အတွက် ဟင်းပွဲတစ်ပွဲလောက် ထပ်ချက်ပေးပြီး ဒီစည်ပင်ဝပြောတဲ့တိုင်းပြည်ကို အတူတူ ကြည့်ချင်သေးတယ်။

လူငယ်သည် မည်သည့်စကားမျှ မပြောချေ။

"ကျွန်တော်က အရမ်းအိုမင်းနေပါပြီ...ကျွန်တော် စိတ်မချနိုင်တာ ရှိမယ်ဆိုရင် သူတစ်ယောက်ပဲ ရှိတယ်...ဒီလောကကြီးက ကျွန်တော်ထွက်သွားဖို့ကို သူ့အတွက်နဲ့ နောက်ဆံတင်းနေမိတယ်"

အဘိုးအို၏အသံ ဆက်လက်၍ ထွက်ပေါ်လာပြီး သူ၏နဖူးပေါ်မှ အရေးအကြောင်းများ ပို၍ပီပြင်ထင်ရှားလာသည်။

"လောကကြီးရဲ့ ယေဘုယျသဘောတရားက ဖြစ်ပျက်ဓမ္မတာပါပဲ"

လူငယ်သည် နေရာတွင် မတ်တတ်ရပ်နေပြီး အပြင်ဘက်မှ ရှုခင်းများကို တိတ်တဆိတ် ကြည့်လိုက်၏။

အဘိုးအိုသည် မျက်လုံးစုံမှိတ်လိုက်ရာ နောက်ကျိနေသော မျက်ရည်နှစ်ကြောင်းသည် သူ၏မျက်လုံးထောင့်များမှ စီးကျလာသည်။

"အရှင်က သူ့ကို ကူညီပေးဖို့ မလိုပါဘူး...သေခြင်းရှင်ခြင်းက သူ့ရဲ့ကံတရားအပေါ်မှာပဲ မူတည်ပါတယ်"

"ကောင်းပြီလေ...."

လူငယ်က အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း ဤသည်မှာ အဘိုးအို လိုချင်သည့်အရာပင်။

မကြာမီမှာပင် အဘိုးအိုသည် ကုတင်ပေါ်၌ အဆိပ်မိပြီး သေဆုံးသွားခဲ့သည်။

သူ၏သားဖြစ်သူက အာဏာသိမ်းယူပြီး လောက၏ အမြင့်မြတ်ဆုံးသခင် ဖြစ်လာခဲ့ကာ နောင်လာနောက်သားများက သူ့ကို စွေ့မင်းဆက် ယန်ဧကရာဇ်ဟု ခေါ်ဝေါ်ခဲ့ကြသည်။

ယန်ကွမ်းသည် သူ၏ဖခင်ကို သတ်ခဲ့သည်ဟုသာ နောင်လာနောက်သားများ သိရှိထားကြ၏။ သို့ရာတွင် အဘိုးအိုယန်ကျင်းသည် မိသားစုသံယောဇဉ်ကို မြတ်နိုးခြင်း သူ၏ကံကြမ္မာကို သိရှိခြင်းတို့ကြောင့် ထိုရွေးချယ်မှုကို ပြုလုပ်ခဲ့သည်ကိုမူ မည်သူမျှ မသိရှိကြချေ။

သမိုင်းသည် အမြဲတစေ အံ့အားသင့်စရာကောင်းလောက်အောင် တူညီနေတတ်သည်။

တချို့လူများသည် အကျိုးအမြတ်အတွက် မိသားစုသံယောဇဉ်ကို သစ္စာဖောက်နိုင်ကြပြီး တချို့ကမူ မိသားစုသံယောဇဉ်အတွက် အရာအားလုံးကို စွန့်လွှတ်နိုင်ကြသည်။

"မင်းတို့ ပြောလို့ ပြီးကြပြီလား"

မကြာမီမှာပင် ယဲ့ပိုင် သတိပြန်ဝင်လာပြီး သူ့ရှေ့မှ လူများကို ကြည့်လိုက်ရာ သူ၏မျက်လုံးများ မှိန်ဖျော့နေသည်။ ဤလူများသည် သာမန်လူများသာ ဖြစ်ပေ၏။ တစ်ခေတ်တစ်ခါက အမြင့်မြတ်ဆုံး ဧကရာဇ်သည်ပင် မိသားစုသံယောဇဉ်ကို လျစ်လျူရှုခဲ့ရာ သူတို့ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

ထိုဝူမိသားစု၏ တိုက်ရိုက်မျိုးဆက်များသည် အလွန်မောက်မာထောင်လွှားနေကြသည်။

သို့ရာတွင် ယဲ့ပိုင်၏ စကားများက သူတို့ကို လုံးလုံးလျားလျား အံ့အားသင့်သွားစေသည်။ စကားလုံးအမြောက်အများသည် သူတို့၏ပါးစပ်ဖျားသို့ ရောက်လာသော်လည်း အတင်းအကြပ် ပြန်မြိုသိပ်လိုက်ကြ၏။

"သခင်ကြီးမှာ ဒီနေ့ ကိစ္စတစ်ခု ရှိနေတယ်...မင်းတို့မှာ ပြောစရာမရှိတော့ရင် ဘေးဖယ်ပေးပါလား...."

ယဲ့ပိုင်၏ဘေးမှ ဝမ်ကူသည် ထိုသာမန်လူများကို တစ်ချက်ကြည့်လိုက်ပြီး ကြင်နာစွာဖြင့် အပြုသဘောဆောင်သော အကြံဉာဏ်ကို ပေးလိုက်သည်။

"ဘိုးဘေးကို ထွက်လာခိုင်းလိုက်...ငါ သူ့ကို တွေ့ချင်တယ်"

ဝူဖန်ရှန်းကလည်း ဝင်ရောက်ပြောဆိုလိုက်ရာ သူ၏မျက်လုံးများ တောက်ပနေပြီး သူ၏အသံတွင် ယဉ်ကျေးခြင်း တစိုးတစိမျှ မရှိချေ။ သူ၏အမြင်အရ သူ့ရှေ့မှ လူများသည် အရူးများသာဖြစ်သည်။ ယဲ့ပိုင်ကို ပို၍ဒေါသထွက်အောင် ဆွပေးသည်က အကောင်းဆုံးပင်။ ထိုသို့ဖြစ်လာမှသာ သူတို့သည် ပို၍မြန်မြန် သေဆုံးကြပေလိမ့်မည်။

ဝူယွမ်ဒေါင်သည်လည်း ချက်ချင်းပြောဆိုလိုက်ပြီး သူ၏အသံထဲတွင် ဂုဏ်ယူဝံ့ကြွားမှု အရိပ်အယောင်များ ရောယှက်နေသည်။

"ဒီနေ့ကစပြီးတော့ ဝူမိသားစုက မင်းတို့လူတွေကို မလိုအပ်တော့ဘူး...မှတ်ထားကြစမ်း...ဝူမိသားစုကနေ အထုတ်ခံရမှာက ငါတို့ မဟုတ်ဘူး...မင်းတို့တွေပဲ...."

သူတို့နှစ်ယောက်၏ အသံများ လေနှင့်အတူ ပျောက်ကွယ်သွားချိန်၌ တွဲထားခြင်း ခံထားရသော ဝူယွမ်ချန်းသည် နောက်ဆုံးတွင် ယခင်ကြောက်ရွံ့မှုများထဲမှ သတိပြန်ဝင်လာသည်။

သူ၏ရှေ့မှ ဝူမိသားစုဝင်များကို မြင်လိုက်ရချိန်တွင် သူသည် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားပြီး သားသတ်ဓားကို မြင်လိုက်ရသော ကြက်တစ်ကောင်အလား အော်ဟစ်လိုက်၏။

"မြန်မြန်လေး...ငါ့ကို ကယ်ကြပါအုံး...ဒီလူက အရူး...တကယ့်အရူးပဲ...သူက လူတွေအများကြီးကို သတ်ခဲ့တယ်...."

ဘုန်း.....

သို့သော် ထိုကြက်အော်သံကဲ့သို့ စူးရှသောအသံ ထွက်ပေါ်လာပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ဖြစ်ပေါ်လာသည်။

လူများအားလုံး၏မျက်လုံးများရှေ့တွင် ဝူယွမ်ချန်း၏ ခန္ဓာကိုယ်သည် မည်သည့်သတိပေးချက်မျှ မရှိဘဲ လေထုထဲတွင် ပေါက်ကွဲသွားသည်။

ရှေ့ဆုံးတွင် ရောက်နေသော ဝူမိသားစုဝင်များသည် မည်သို့ဖြစ်လာမှန်း မသိလိုက်ကြဘဲ လူများအားလုံး၏မျက်နှာပေါ်သို့ ရဲရဲတောက်နီရဲသော သွေးများ ဖြာကျလာသည်။

သူတို့အားလုံး၏မျက်လုံးများ ပြူးကျယ်သွားကြသည်။

သူတို့၏ရှေ့မှ မြင်ကွင်းသည် သူတို့ကို အော်ဟစ်ချင်စိတ် ပေါက်သွားစေသော်လည်း ပါးစပ်ဟလိုက်ပြီးနောက် မည်သည့်အသံမျှ ထွက်မလာနိုင်တော့ချေ။ ဝူမိသားစုအိမ်တော် တစ်ခုလုံးသည် ဤအခိုက်အတန့်တွင် အလွန်အမင်း တိတ်ဆိတ်သွားပေ၏။

ယဲ့ပိုင်ကို ဝိုင်းရံထားသော ခရီးသွားအတုများသည် ပို၍ပင် ထိတ်လန့်သွားကြသည်။

"ငါက ပစ္စည်းတစ်ခု လာယူရုံသက်သက်ပဲ...မင်းတို့အားလုံး နောက်ထပ်ဆူညံတာမျိုး မလုပ်မိအောင် ထိန်းသိမ်းကြစမ်း..."

ယဲ့ပိုင်သည် ဝူယွမ်ချန်း ပေါက်ကွဲသွားသော နေရာကို တစ်ချက်ကြည့်လိုက်သည်။ ထိုခံစားချက်ကင်းမဲ့နေသော မျက်လုံးများထဲရှိ ထာဝရအေးစက်မှုသည် ဝူမိသားစု မျိုးဆက်များအားလုံးကို တုန်လှုပ်သွားစေပြီး နတ်ဘုရားများနှင့်မိစ္ဆာများကို မြင်တွေ့လိုက်ရသည့်အလားပင်။

ဖိတ်စင်သွားသော သွေးစက်တစ်စက်မျှ ယဲ့ပိုင်အပေါ်သို့ ကျရောက်ခြင်း မရှိချေ။ ကြောက်ရွံ့ခြင်း ခံစားချက်များ ပတ်ဝန်းကျင်သို့ ရူးသွပ်စွာ ပျံ့နှံ့နေချိန်တွင် သူသည် ဝတ်ရုံလက်များကိုသာ ခါယမ်းလိုက်၏။ သူသည် အေးစက်သော လေကို မျက်နှာချင်းဆိုင်ကာ ဝူယွမ်ချန်း၏ခန္ဓာကိုယ် သွေးမြူမှုန်အဖြစ် ပြောင်းလဲသွားသော မြင်ကွင်းသည် သူနှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင်။ သူသည် ဝူမိသားစုအိမ်တော်ဆီသို့ ဆက်လက်၍ လျှောက်လှမ်းသွားသည်။

"သေပြီ...အစ်ကိုကြီး သေသွားပြီလား"

"အား"

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...သူက ဘာလို့ သွေးမြူမှုန်တွေဖြစ်တဲ့အထိ ပေါက်ကွဲသွားတာလဲ...သူ့ကို ဘယ်သူက တိုက်ခိုက်လိုက်တာလဲ"

မောက်မာထောင်လွှားသော ဝူမိသားစု မျိုးဆက်များထဲတွင် လူတချို့က အော်ဟစ်နေကြသည်။ လူတချို့ကမူ ကြောင်အမ်းအမ်း ဖြစ်နေကြပြီး တချို့ကမူ ပျို့အန်နေကြ၏။

ဝူယွမ်ချန်း သေဆုံးသွားပုံသည် သတိပေးချက်မရှိဘဲ ရုတ်တရက်ဆန်လွန်းသည်။

ယဲ့ပိုင် လျှောက်လှမ်းလာသည်ကို မြင်လိုက်ရချိန်တွင် သူတို့သည် မိစ္ဆာကိုယ်ပွားကို မြင်လိုက်ရသည့်အလားပင်။ မည်သူမျှ နောက်ထပ် အဓိပ္ပါယ်မရှိသော စကားများကို မပြောရဲကြတော့ဘဲ နှစ်မီတာကျယ်သော လမ်းလေးတစ်ခု ဖြစ်လာအောင် ဘေးဖယ်ပေးလိုက်ကြသည်။

ယဲ့ပိုင်၏နံဘေးတွင် မတ်တတ်ရပ်နေသော ဝူယွမ်ဒေါင်နှင့် ဝူဖန်ရှန်းတို့ပင်လျှင် ကြောက်လန့်သွားကြသည်။

Q မြို့တော်တွင် ရှိစဉ်ကလည်း သက်ရှိလူသားတစ်ဦး လေထဲတွင် သွေးမြူမှုန်များအဖြစ် တိုက်ရိုက်ပေါက်ကွဲသွားသည်ကို သူတို့၏မျက်စိများဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ သို့သော် သူတို့ထံ၌ အတွေ့အကြုံတစ်ကြိမ် ရှိခဲ့ဖူးလျှင်ပင် ထပ်မံ၍မြင်တွေ့ရခြင်းသည် ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။

ယဲ့ပိုင် ပြောနေသည်မှာ သူတို့ကို မဟုတ်ကြောင်း သိသည်။ သို့သော် ဤအချိန်တွင် ဝူယွမ်ဒေါင်နှင့် ဝူဖန်ရှန်းတို့သည်လည်း ပါးစပ်ကို တင်းတင်းစေ့ထားပြီး စကားမပြောရဲတော့ပေ။

...

တခြားတစ်ဖက်တွင် ဝူဟိုသဲ ရှိနေသော ရုံးခန်းထဲ၌....

ယဲ့ပိုင်၏နံဘေးတွင် မရေမတွက်နိုင်သော ကျည်ဆန်များ ပျံဝဲနေသည်ကို မြင်လိုက်ရခြင်း ပစ်ခတ်ခဲ့သော စနိုက်ပါသမား အားလုံး ခေါင်းကို ပစ်ဖောက်ခံရပြီး သေဆုံးသွားခြင်းနှင့် သူ၏သားအကြီးဆုံး လူအများရှေ့တွင် သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားခြင်းတို့ကို သူ မြင်တွေ့လိုက်ရသည်။ သူ၏မျက်နှာပေါ်ရှိ အမူအယာသည် အလွန်အမင်း ပျက်ယွင်းနေပေ၏။

"ဒီနေ့ မင်းက ဘယ်သူပဲဖြစ်ဖြစ် အကြီးလေးဆုံးတန်ကြေးကို ပေးဆပ်စေရမယ်...ငါ မင်းကို မသတ်နိုင်ရင်တောင် မင်းရဲ့ဘေးနားက လူတွေအားလုံးကို သတ်ပစ်မယ်"

ထိုင်ခုံပေါ်တွင် ထိုင်နေသော ဝူဟိုသဲသည် သူ၏မျက်နှာကို ဆက်လက်၍ တည်ငြိမ်အောင် ထိန်းချုပ်မထားနိုင်တော့ချေ။ သူ၏ နဖူးနှင့် လည်ပင်းပေါ်ရှိ သွေးကြောများ ထောင်ထလာပြီး သူ့ကိုကြည့်ရသည်မှာ အစစ်အမှန် စိတ်ရောဂါသည် တစ်ဦးထက်ပင် ပို၍ရူးသွပ်နေပုံ ပေါက်နေသည်။

All Chapters