သွေးမြူမှုန်များ
Vol. 10 Ch. 108
ရုံးခန်းထဲတွင်....
ဝူဟိုသဲသည် အနီရောင်တယ်လီဖုန်းကို ကောက်ကိုင်လိုက်ပြီး နံပါတ်တချို့ကို မြန်မြန်ဆန်ဆန် နှိပ်လိုက်သည်။
တူ...တူ...
ဖုန်းလိုင်း ချက်ချင်းဝင်သွားသည်။
"သခင်ကြီး"
တစ်ဖက်ဖုန်းမှ ထိတ်လန့်ကြောက်ရွံမှုများ ရောယှက်နေသော အားရုံ၏အသံ ထွက်ပေါ်လာသည်။
ဝူဟိုသဲ၏မျက်နှာအမူအယာသည် သုန်မှုန်နေပေ၏။
"အိမ်တော်ထဲမှာ ဘာဖြစ်သွားလဲဆိုတာ မင်း သိလား"
အမည်ရင်းကျန်းရုံ ဖြစ်သော အားရုံကို ဝူဟိုသဲက ငယ်စဉ်ကတည်းက မွေးစားခဲ့ပြီး သူ့အပေါ်တွင် အလွန်သစ္စာရှိသူပင်။ ဝူဟိုသဲ၏မေးခွန်းကို ကြားလိုက်ရချိန်၌ သူသည် နှစ်စက္ကန့်ခန့် တွေဝေတုံ့ဆိုင်းသွားသည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှိုက်ပြီး ပြောဆိုလိုက်၏။
"သိပါတယ် သခင်ကြီး...ကျွန်တော့်ဘက်က အကုန်လုံး မြင်လိုက်ရတယ်...အဲ့ဒီလူရဲ့ခွန်အားက ကျွန်တော် သိထားတာထက် ကျော်လွန်နေပါတယ်...သူက နတ်ဘုရားနဲ့တူတဲ့ တည်ရှိမှုတစ်ခုပဲ..ကျွန်တော့်ရဲ့မျက်စိနဲ့သာ ကိုယ်တိုင်မမြင်ခဲ့ရရင် ကျွန်တော့်ရဲ့ဘဝမှာ ဒီလိုအရာမျိုး ရှိနေမယ်လို့ ဘယ်တော့မှ ယုံမိမှာ မဟုတ်ဘူး"
"မင်းမှာ...နည်းလမ်း မရှိတော့ဘူးလား"
ဝူဟိုသဲ၏အသံ ပို၍အေးစက်တင်းမာလာသည်။
ကျန်းရုံသည် အချိန်တခဏကြာခန့် ရပ်တန့်သွားပြီး အဖြေမပေးခဲ့ချေ။ ထိုအစား သူက တုံ့ပြန်မေးမြန်းလိုက်သည်။
"သခင်ကြီး...ကျွန်တော် ဘယ်တုန်းကမှ နားမလည်ခဲ့တဲ့ မေးခွန်းတစ်ခု ရှိပါတယ်...ကျွန်တော်တို့က အဲဒီလူနဲ့ ရန်ငြိုးရန်စမရှိဘဲနဲ့ ဘာလို့ သူ့ကို သွားပြီး ရန်စခဲ့ရတာလဲ"
"အဲ့ဒါကို သိဖို့ မင်း အရည်အချင်းမမီသေးဘူး"
ဝူဟိုသဲက ကြားဖြတ်ပြောဆိုလိုက်၏။
သူသည် နောက်ဆုံးကိစ္စတစ်ခုကို လုပ်ဆောင်ရန် လိုအပ်နေကာ...
သူ့ထံ၌ ရွေးချယ်စရာ မရှိတော့ပေ။
"သခင်ကြီး...တကယ်တော့ အဲ့ဒီလူ ဝူအိမ်တော်ဆီ ရောက်လာတုန်းက ရှေးဟောင်းမြို့က အရာရှိတွေအားလုံး တိတ်တဆိတ် လှုပ်ရှားနေကြတာပါ...သူတို့က လမ်းသွားလမ်းလာတွေ ဝင်မလာနိုင်အောင် ဝူအိမ်တော်ဆီ လာတဲ့ လမ်းကြောင်းတွေအားလုံးကို ပိတ်ဆို့ထားကြပါတယ်...အစတုန်းကတော့ သူတို့က ဝူမိသားစုကို ကူညီပေးနေတယ်လို့ ကျွန်တော် ထင်ခဲ့တာ...ဒါပေမယ့် ခုဏက အခြေအနေကို မြင်ပြီးတဲ့နောက်မှာတော့ သူတို့က 'တွင်းထဲကျနေတဲ့လူကို ကျောက်ခဲနဲ့ထု' ပြီး အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်ဆိုတာ သဘောပေါက်သွားပြီ"
"ပါးစပ်ပိတ်ထားစမ်း အားရုံ...ငါ့ရဲ့မေးခွန်းကို ဖြေစမ်း...မင်းမှာ နည်းလမ်းရှိလား"
ဝူဟိုသဲသည် အော်ဟစ်ရန်သာ သိပြီး အပြင်ဘက်မှ အခြေအနေကို လုံးလုံးလျားလျား နားလည်ချင်စိတ် မရှိချေ။
ယခုချိန်တွင်မူ ထိုတာဝန်ကို ပြီးမြောက်စေရန်အပြင် သူ့ထံ၌ တခြားအတွေးတစ်ခု ရှိသေးသည်။ ဤသည်မှာ ဝူယွမ်ချန်းအတွက် သူ လက်စားချေရန်ပင်။
"သခင်ကြီး..."
ကျန်းရုံ အချိန်တခဏကြာခန့် တုံ့ဆိုင်းသွားသည်။
"ဝူမိသားစုရဲ့ အင်အားစုတွေအားလုံးကို စေလွှတ်ပြီးပါပြီ...သူတို့တွေထဲက ဆယ်နဲ့ချီပြီးတော့ စစ်ဆေးရေးဂိတ်တွေမှာ အသက်စွန့်ခဲ့ရပြီးပြီ...ဒီတစ်ခါတော့ အဖြစ်အပျက်က တော်တော်လေး ကြီးမားသွားပြီ"
"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့...ငါ့အတွက် ချက်ချင်း အရေးယူဆောင်ရွက်စမ်း...မင်း သေရင်တောင် အဲ့ဒီကောင်ကို တန်ကြေးပြန်ပေးဆပ်ရအောင် လုပ်စမ်း...သူက ဘယ်သူပဲဖြစ်နေပါစေ ငါ ဂရုမစိုက်ဘူး"
ဝူဟိုသဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများသည် ရူးသွပ်နေသော တိရိစ္ဆာန်တစ်ကောင်အလား နီမြန်းနေပြီး သူ၏မျက်နှာပေါ်ရှိ အမူအယာသည် အလွန်ဆိုးရွားနေပေ၏။
"ဟုတ်ကဲ့ပါ သခင်ကြီး...သခင်ကြီးက ကျွန်တော့်ကို ဒီအသက် ပေးခဲ့တာဆိုတော့ ဒီနေ့ ကျွန်တော်က စွန့်လွှတ်ပေးနိုင်ပါတယ်"
ကျန်းရုံက ပြတ်ပြတ်သားသား အဖြေပေးပြီးနောက် ဖုန်းချလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ဆက်သွယ်ရေးစက်ကို အမြန်ဖွင့်လိုက်ပြီး အမိန့်ပေးသည်။
"အားလုံး နားထောင်ကြစမ်း...ပစ်မှတ်က အိမ်တော်ထဲကို ဝင်လာပြီ...ခုဏက မင်းတို့ ဘာမြင်ခဲ့လဲဆိုတာ ငါ ဂရုမစိုက်ဘူး...အခုကစပြီး အကုန်မေ့လိုက်တော့...မင်းတို့မှာ တာဝန်တစ်ခုပဲ ရှိတယ်...အဲ့ဒီဝတ်ရုံဖြူဝတ်ထားတဲ့ လူငယ်ကို ရှင်းပစ်ဖို့ ဘယ်လိုနည်းလမ်းမဆို သုံးရမယ်"
သို့ရာတွင် ထိုအမိန့် ပေးပြီးသည်နှင့် လူအုပ်ကြားတွင် ပုန်းအောင်းနေသော ကျန်းရုံသည် အလွန်ထိတ်လန့်သွားပေ၏။
ရှပ်...
သူ၏မြင်ကွင်းထဲတွင် ထိုလူငယ် တိတ်ဆိတ်စွာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ သူ၏အမိန့်ကို ကြားလိုက်ရသော လက်အောက်ငယ်သားတစ်ဦးသည် ဓားမြှောင်ကို ကိုင်ဆောင်ကာ ထိုလူငယ်၏ ဦးခေါင်းတည့်တည့်သို့ ရူးသွပ်စွာ ထိုးစိုက်လိုက်သည်။
လူငယ်က သူ့ကို အေးအေးဆေးဆေး ကြည့်နေလေ၏။
ကျန်းရုံ၏လက်အောက်ငယ်သားသည် ဓားမြှောင်ကို ကိုင်ထားပြီး ဝတ်ရုံဖြူဝတ်လူငယ်က သူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းရန် မကြိုးစားသည်အား မြင်လိုက်ရချိန်၌ သူ၏မျက်နှာထား ပို၍ရူးသွပ်ကြမ်းကြုတ်လာသည်။
သို့ရာတွင် နောက်ထပ်အချိန်တခဏတွင် သူ၏ဓားမြှောင်သည် ထိုးစိုက်လိုက်ပြီးနောက် လေထဲတွင် ဆိုင်းငံ့သွားသကဲ့သို့ ဖြစ်နေသည်။
ထိုလူ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ရှေ့မှ ပြိုင်ဘက်ကို ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။ ယဲ့ပိုင်က သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်ကို သူ ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူ လုံးလုံးလျားလျား ကြက်သေသေသွား၏။ နှစ်စက္ကန့်မပြည့်ခင်မှာပင် သူသည်လည်း သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားသည်။
"ဒါက ဒီအတိုင်း ဖြတ်လျှောက်သွားတာလား"
ကျန်းရုံသည် ထိုအရာကို မြင်လိုက်ရပြီးနောက် သူ၏ခေါင်း မူးဝေသွားသကဲ့သို့ ခံစားလိုက်ရပြီး ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။
ဤသည်က အစသာ ရှိသေးသည်...
ယဲ့ပိုင်က တည်ငြိမ်သောခြေလှမ်းဖြင့် ဆက်လက်၍ လျှောက်လှမ်းလာသည်။
ရှပ်....ရှပ်...ရှပ်...
သူ၏ရှေ့တွင် တားဆီးနေသူများ သို့မဟုတ် သူ့ကို တိုက်ခိုက်လိုသူများ အားလုံးသည် မီးရှူးမီးပန်းများအလား ပေါက်ကွဲသွားကြ၏။
အနီရောင် အဖြူရောင် အဝါရောင် အသွေးအသားစများသည် ကျောက်ခင်းလမ်းဘေးရှိ သစ်ပင်များ၏ပင်စည်များပေါ်သို့ ဖြာကျသွားသည်။
မိုးကောင်းကင်ပေါ်ရှိ သွေးမြူမှုန်များသည် မိုးရွာချနေသည့်အလားပင်။
လေထုထဲတွင် ပြင်းထန်သော သွေးညှီနံ့များ ပျံ့လွင့်နေပြီး သွေးစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင်အသွင် ဖြစ်ပေါ်လာလုနီးပါးပင်။
ဆက်သွယ်ရေးစက်ကို ကိုင်ထားသော ကျန်းရုံ၏လက်သည် တုန်ရီနေပြီး သူ၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူ၏ရှေ့မှ ဤလူများသည် မရေမတွက်နိုင်သော ကြိုးစားအားထုတ်မှုများဖြင့် သူ ပြုစုပျိုးထောင်ခဲ့သော လက်ရွေးစင်များ ဖြစ်ကြသည်။
ရှေးဟောင်းမြို့တစ်မြို့လုံးကို ပြောင်းပြန်လှန်ပစ်ရန်အတွက်သူတို့ထဲမှ လူအနည်းငယ်ဖြင့်ပင် လုံလောက်သည်။
သို့သော် ယနေ့တွင်မူ...
သူတို့ကဲ့သို့ လူများသည် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး၏အနားသို့ပင် မကပ်နိုင်ကြသလော....
"သတ်...ဆက်ပြီးသတ်ကြစမ်း...သူ့ကို သတ်လိုက်...."
ကျန်းရုံ၏စိတ်ထဲမှ ရူးသွပ်မှုသည် သူ၏ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရပြီးနောက် ကြောက်ရွံ့မှုက လုံးလုံးလျားလျား လွှမ်းမိုးသွားသည်။ လူပေါင်းဆယ်နှင့်ချီ၍ ချက်ချင်းသေဆုံးသွားပြီးနောက် သူသည် ဆက်သွယ်ရေးစက်ကိုသာကြည့်၍ အော်ဟစ်နေမိသည်။
ဤအချိန်အခိုက်အတန့်တွင် ဝူမိသားစုအိမ်တော်၏အထက်ရှိ ထူထပ်သိပ်သည်းသော တိမ်မည်းများမှ ကြည်လင်သော မိုးစက်များ စတင်၍ကျဆင်းလာသည်။
နွေဦးရာသီအစောပိုင်းဖြစ်သဖြင့် ရာသီဥတုသည် အနည်းငယ် အေးမြနေပေ၏။
မိုးရေစက်များသည် ကျန်းရုံ၏မျက်နှာနှင့် ဝူမိသားစု တိုက်ရိုက်မျိုးဆက်များ၏ ဆံပင်များပေါ်သို့ ကျရောက်လာပြီး နောက်ဆုံးတွင် လေထဲရှိ သွေးမြူမှုန်များနှင့် ရောနှောသွားသည်။
"သေစမ်း..."
"အစ်ကို...ငါ မင်းအတွက် လက်စားချေပေးမယ်"
"အား..."
ကျန်းရုံ လေ့ကျင့်ပေးထားသော လက်ရွေးစင်များသည်လည်း ယခုအချိန်တွင် သူတို့၏မျက်လုံးများ နီမြန်းနေကြပြီး တစ်ယောက်ပြီးတစ်ယောက် သူတို့၏အသက်ကို လျစ်လျူရှုကာ ဝင်ရောက်တိုက်ခိုက်ကြသည်။
ရှပ် ရှပ်...
သေဆုံးခြင်းများ ဆက်လက်၍ ဖြစ်ပေါ်နေသည်။
လူထောင်ပေါင်းများစွာ ရှိနေလျှင်ပင် သူတို့၏ရှေ့မှ လူငယ်ကို ခြေတစ်လှမ်းလှမ်းခြင်းမှ တားဆီးနိုင်မည် မဟုတ်ချေ။ လူငယ်သည် သူ၏လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး သူ့ဘေးတွင် သွေးမြူမှုန်များ အဆက်မပြတ် ပေါက်ကွဲနေသည်။ အနောက်မှကြည့်လျှင် ဤသွေးမြူမှုန်များသည် သူ၏ပုံရိပ်နှင့် ရောယှက်နေကာ လှပသော ရှုခင်းပန်းချီကားတစ်ချပ် ဖြစ်ပေါ်နေသည့်အလားပင်။
ကျန်းရုံသည် အနောက်တွင် ရှိနေပြီး နောက်ဆုတ်ချင်သော်လည်း သူ လှည့်လိုက်သည့် နေရာတိုင်းတွင် စေးကပ်နေသော သွေးများကို နင်းမိနေသည်။ ထို့ကြောင့် သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် အလွန်လေးလံနေပေ၏။
အချိန်တစ်မိနစ်မပြည့်ခင်မှာပင် အစောပိုင်းက ဆူညံနေသော ဝူမိသားစုအိမ်တော် အလွန်တိတ်ဆိတ်သွားသည်။
ဖြောက်...ဖြောက်..ဖြောက်...
မိုးကောင်းကင်မှ ကျဆင်းလာသော မိုးရေစက်များသည် လမ်းဘေးရှိ သစ်ရွက်များအား ရိုက်ခတ်နေသံကို ရှင်းလင်းစွာ ကြားနေရသည်။
ယဲ့ပိုင်၏ပတ်ဝန်းကျင်တွင် သွေးမြူမှုန်များမှလွဲ၍ မည်သူမျှ မရှိတော့ချေ။
ဘုတ်.....
မီတာဆယ်နှင့်ချီအကွာတွင် မတ်တတ်ရပ်နေသော ကျန်းရုံသည် ရူးသွပ်မှုမှ တဖြည်းဖြည်း သတိပြန်ဝင်လာသည်။ သူ၏ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားကာ သူ ပါးစပ်ဟပြီး အော်ဟစ်ရန် ကြိုးစားသော်လည်း လျှာမရှိသူတစ်ယောက်အလား မည်သည့်အသံမျှ ထွက်မလာနိုင်တော့ချေ။
သွေးမြူမှုန်များနှင့် ရောနှောနေသော မိုးရေများသည် ငါးညှီနံ့နှင့် ငန်သောအရသာရှိပြီး သူ၏ပါးစပ်ထဲသို့ ဝင်ရောက်လာသည်။
အစောပိုင်းက ဆူညံပွက်လောရိုက်နေကြသော ဝူမိသားစု၏ တိုက်ရိုက်မျိုးဆက်များသည်လည်း အေးစက်သော မိုးရေထဲတွင် မတ်တတ်ရပ်နေကြပြီး သူတို့အားလုံး ကြက်သေသေနေကြသည်။
သူတို့၏မျက်စိရှေ့တွင် မရေမတွက်နိုင်သော လူများ သွေးမြူမှုန်အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရချိန်၌ သူတို့အားလုံး လုံးလုံးလျားလျား ဆွံ့အသွားကြ၏။ ထိုလူငယ်၏ကျောပြင်ကို ကြည့်ပြီး သူတို့၏အသိစိတ်များ တဖြည်းဖြည်း ပြိုလဲသွားကာ သူတို့၏မျက်လုံးများတွင် မျှော်လင့်ချက်မဲ့ခြင်းများ ထင်ဟပ်လာသည်။
သို့သော် ရုံးခန်းထဲတွင်ရှိနေသော ဝူဟိုသဲသည် မော်နီတာမှတဆင့် ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ရှုနေရင်း သူ၏မျက်နှာထားသည် ပျက်ယွင်းနေရာမှ တဖြည်းဖြည်း တည်ငြိမ်သွားသည်။
သူသည် ထိုင်ခုံပေါ်တွင် အားအင်ချည့်နဲ့စွာ မှီလိုက်ပြီး သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ စုံမှိတ်လိုက်၏။
ဤအခိုက်အတန့်တွင် သူ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများ ဆယ်ခုမက တိုးလာသည်။
သူ၏ဆံပင်ဖြူများသည်လည်း ယခင်ကထက် ပို၍ပင် ဖြူဖွေးလာတော့သည်...
အချိန်အတော်ကြာပြီးနောက် သူသည် သက်ပြင်းရှိုက်လိုက်ပြီး သူ၏မျက်လုံးထောင့်များမှ နောက်ကျိသော မျက်ရည်စီးကြောင်းနှစ်ကြောင်း ယိုစီးကျလာသည်။ သို့သော် နောက်ထပ်အချိန်တခဏတွင် သူ၏အမူအယာသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာပေ၏။
"ငါ သေရင်တောင် လူတိုင်းကို ငါနဲ့အတူ ခေါ်သွားမယ်"
သူသည် တီးတိုးရေရွတ်ရင်း သူ၏လက်ကို ဆန့်တန်းလိုက်ပြီး ကုလားထိုင်ဘေးရှိ တုတ်ကောက်ကို ဆွဲယူကာ တုတ်ကောက်ထိပ်တွင် ဝှက်ထားသော ခလုတ်တစ်ခုပေါ်တွင် သူ၏လက်မကို တင်လိုက်သည်။
ကျွီ....
သူ့ကိုယ်သူ သတ်သေမည့်စကား ပြောပြီးသည်နှင့် ရုံးခန်းတံခါး ရုတ်တရက် ပွင့်သွားသည်။
တိမ်လွှာကဲ့သို့ လွတ်လပ်ပေါ့ပါးသည့် ပုံပန်းသဏ္ဍာန်ရှိသော လူငယ်တစ်ဦးသည် ဝူဟိုသဲ၏ရှေ့တွင် ထွက်ပေါ်လာပြီး သူ၏မျက်လုံးများ တည်ငြိမ်အေးချမ်းနေသည်။ သူသည် မိုးရေထဲမှ လျှောက်လှမ်းလာကာ သွေးမြူမှုန်များကို ဖြတ်သန်းလာခဲ့သည့်တိုင် သူ၏ဝတ်ရုံသည် အစွန်းအထင်းကင်းမဲ့နေဆဲပင်။