အပျက်အစီးများ
Vol. 10 Ch. 110
မိုးကောင်းကင်ယံပေါ်ရှိ တိမ်မည်းများ လုံးလုံးလျားလျား လွင့်ပြယ်သွားသည်။
လမ်းမများပေါ်တွင် စိုစွတ်နေပေ၏။
နေရောင်ခြည်သည် အဖြူရောင်တိမ်တိုက်များကို ဖောက်ထွင်း၍ အမြင့်မှ ကျဆင်းလာကာ ရေအိုင်များပေါ်သို့ ကျရောက်ပြီး တောက်ပသော အလင်းတန်းများကို ရောင်ပြန်ဟပ်စေသည်။
လမ်းဘေးတွင် စိုက်ပျိုးထားသော မိုးမခပင်များသည် လေထုထဲတွင် ယိမ်းနွဲ့နေကြ၏။
မိုးဖွဲလေး ရွာသွန်းပြီးနောက် လေထဲတွင် ပျံ့လွင့်နေသော ဝါဂွမ်းကဲ့သို့ အမှုန်အမွှားများသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး ကမ္ဘာလောကတစ်ခုလုံး အသစ်စက်စက် ဖြစ်သွားသည့်အလားပင်။
သို့သော် ဤအခိုက်အတန့်တွင် ဝူမိသားစုအိမ်တော်၏ဝင်ပေါက်၌ အလွန်သက်ဝင်လှုပ်ရှားနေသည်။
ယူနီဖောင်းဝတ်ထားသော ရဲအရာရှိအမြောက်အများသည် အသွားအလာ ရှုပ်ထွေးနေပြီး ဆွေးနွေးသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
"မနေ့ညက တော်တော်လေး ရူးချင်စရာကောင်းတယ်"
စည်းတားကြိုးကို ဆွဲရင်း လူလတ်ပိုင်းအရွယ် ရဲအရာရှိတစ်ဦးက သက်ပြင်းချလိုက်သည်။
သူ၏နံဘေးတွင် ဦးထုပ်ကို စောင်းငဲ့၍ဆောင်းထားပြီး ပျင်းရိပျင်းတွဲပုံပေါက်သော လူငယ်ရဲအရာရှိတစ်ဦး မတ်တတ်ရပ်နေသည်။
"ဟုတ်တယ်...ဝူအိမ်တော်ရဲ့အောက်မှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ဒီလောက်ထိ အများကြီး မြှုပ်နှံထားမယ်လို့ ဘယ်သူက တွေးမိမှာလဲ...မနေ့က ကျင်းပခဲ့တဲ့ မိသားစုအစည်းအဝေးကရော ဘယ်လိုဖြစ်သွားတာလဲ...သူတို့အကုန်လုံး သေသွားကြတာလား"
"တိုးတိုးနေစမ်းပါ...ဝူမိသားစုရဲ့လူတွေ ရှိနေသေးတယ်"
လူလတ်ပိုင်းရဲအရာရှိသည် ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်လိုက်ပြီး ပြင်ပလူမရှိကြောင်း သေချာမှသာ တီးတိုးပြောဆိုလိုက်၏။
"တကယ်တော့ ဒီဝူမိသားစုက အဲ့ဒီလိုမျိုး ဖြစ်သင့်တယ်...သူတို့က ချမ်းသာပြီး အာဏာရှိတော့ မိသားစုဝင်တွေက မကောင်းမှုတွေ အများကြီး လုပ်ခဲ့ကြတယ်...ကျွန်တော့်အထင်တော့ ဒီပေါက်ကွဲမှုက မတော်တဆ ဖြစ်တာ မဟုတ်လောက်ဘူး...ရန်သူက လက်စားချေတာ ဖြစ်နိုင်တယ်"
"အမ်....ဘယ်သူက ဒီလောက်ထိ သတ္တိရှိတာလဲ...ဝူမိသားစုကိုတောင် လာထိရဲတယ်ပေါ့"
လူငယ်ရဲအရာရှိသည် စိတ်ဝင်စားသွားပြီး သူ၏မျက်လုံးများ တောက်ပလာသည်။ သူသည် စကားပြောနေရင်း သူ၏လက်ကို ဆန့်တန်းပြီး ခေါင်းပေါ်မှ ဦးထုပ်ကို တည့်မတ်ကာ အသံကို နှိမ့်လိုက်သည်။
လူလတ်ပိုင်းရဲအရာရှိသည် စကားဆက်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝါးပေလွှာများနှင့် ပန်းချီကားများ အပြည့်တင်ဆောင်ထားသော ပစ်ကပ်ကားငါးစီးသည် ဖြည်းညှင်းစွာ မောင်းနှင်လာပေ၏။
ထို့နောက် ထိုကားငါးစီးသည် ဝူမိသားစုအိမ်တော်၏ဝင်ပေါက်တွင် ငြိမ်သက်စွာ ရပ်တန့်သွားသည်။
"ဟေး.... ဒီနေရာကို ပိတ်ထားတယ်လေ...အပြင်လူ ဝင်ခွင့်မရှိဘူးလို့ ပြောထားတယ် မဟုတ်လား...ခင်ဗျားတို့က ဘာလုပ်နေကြတာလဲ"
ထိုအရာကို မြင်လိုက်ရသောအခါ လူလတ်ပိုင်းရဲအရာရှိက အလျင်အမြန်ပြေးသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကျွီ...
သို့သော် ပစ်ကပ်ကားတစ်စီး၏ ခရီးသည်ဘက်ခြမ်းတံခါးပွင့်လာပြီး အနက်ရောင် ဝတ်စုံဝတ်ဆင်ထားကာ ဆံပင်များ အလွန်ရှုပ်ပွနေသော အမျိုးသားတစ်ဦး ကားပေါ်မှ ဆင်းလာသည်။
ထိုလူကို မြင်လိုက်ချိန်တွင် လူလတ်ပိုင်းရဲအရာရှိ၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ၏အမူအယာသည် ချက်ချင်းဆိုသလိုပင် သိသိသာသာ ပြောင်းလဲသွားပေ၏။
"ဟင်...သခင်လေးဝူ...တကယ်ကြီး သခင်လေးပါလား...ကောင်းလိုက်တာ...သခင်လေး အသက်ရှင်နေမယ်လို့ ထင်မထားဘူး...ဝူမိသားစုမှာ နောက်ဆုံးတော့ ဆက်ခံမယ့်သူ ကျန်နေသေးတာပေါ့"
ထိုသို့ ပြောဆိုပြီးနောက် သူ၏ရှေ့မှ သခင်လေးဝူ၏ပုံပန်းသဏ္ဍာန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း လူလတ်ပိုင်းရဲအရာရှိက သတိထားမိသွားသည်။ သူသည် စကားမှားသွားသကဲ့သို့ ခံစားမိပြီး သူ၏မျက်နှာထားသည် ချက်ချင်း ညှိုးနွမ်းသွားကာ သူ၏အသံ အနည်းငယ်တိုးညှင်းသွားပေ၏။
"အဲ့ဒါ...သခင်လေးဝူ...ကျွန်တော် စကားမှားသွားပါတယ်...ဝူမိသားစုမှာ ဒီလောက်ထိ ကြီးမားတဲ့ ကိစ္စကြီး ဖြစ်ပျက်ခဲ့တာဆိုတော့...ကျေးဇူးပြုပြီး သခင်လေးရဲ့ဝမ်းနည်းပူဆွေးမှုကို ထိန်းသိမ်းထားပါအုံး...သခင်လေးက စိတ်ကို တင်းထားပြီး အားမွေးထားရမယ်..ဒါမှသာ ဝူမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူနိုင်ပြီးတော့ ဝူမိသားစုကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်နိုင်မှာပါ"
သူသည် စကားပြောဆိုနေရင်း လက်ဆန့်တန်းလိုက်ပြီး သူ၏ပါးကို အသာအယာ ရိုက်လိုက်သည်။
"ဟုတ်ပါတယ် သခင်လေးဝူ...ကျေးဇူးပြုပြီး ဝမ်းနည်းမနေပါနဲ့"
လူငယ်ရဲအရာရှိသည် ဦးထုပ်ကို ဆောင်းကာ အလျင်စလို ရှေ့တိုးလာပြီး ဖြောင့်မတ်မှန်ကန်ပုံ ပေါက်စေရန် ကိုယ်နေဟန်ထားကို ပြုပြင်လိုက်သည်။
ဝူမိသားစုအိမ်တော် တံခါးဝတွင် ရပ်နေသော ဝူဖန်ရှန်း၏မျက်လုံးများမှာမူ မှေးမှိန်နေသည်။ သူသည် ထိုရဲအရာရှိနှစ်ဦး၏ အသံကို ကြားပုံမရချေ။
သူ၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး သူ၏မျက်လုံးများကို အားပါးတရ ပွတ်သပ်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် သူ၏မျက်လုံးများ နီမြန်းလာပြီး နှာခေါင်းများ ရှုံ့ပွပွဖြစ်လာသည်။
ယမ်းနံ့နှင့် လေထဲမှ ပျံ့လွင့်လာသော ဖျော့တော့တော့ သွေးညှီနံ့တို့သည် သူ့ဆီသို့ အဆက်မပြတ် တိုးဝင်လာသည်။
ပြင်ပလူများ၏အမြင်တွင်မူ သူသည် စိတ်လှုပ်ရှားနေပြီး ငိုတော့မည့်ပုံ ပေါက်နေသည်။
အမှန်အားဖြင့် ဤအချိန်အခိုက်အတန့်တွင် ဝူဖန်ရှန်း၏ စိတ်နှလုံးသားထဲ၌ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် မေးခွန်းများသာ ရှိနေသည်
"ဘာတွေဖြစ်ကုန်တာလဲ...ငါ ခုဏလေးတင် ဝူအိမ်တော်ထဲမှာ ရှိနေတာလေ...အဘိုးရဲ့ ရုံးခန်းတံခါးဝမှာ အရှင့်ကို စောင့်နေတာပါ...အရာအားလုံးက အိမ်မက်တစ်ခုများ ဖြစ်နေမလား"
သူ စဉ်းစားလေလေ ပို၍ထူးဆန်းလေလေပင်။
ဝူဖန်ရှန်း၏မျက်နှာသည် အလွန်အမင်း ဖြူဖပ်ဖြူရော် ဖြစ်နေပေ၏။
ဟူး....
သူသည် သက်ပြင်းတစ်ချက်ရှိုက်ကာ နောက်သို့လှည့်လိုက်ပြီး ရဲအရာရှိနှစ်ဦးကို အေးစက်တင်းမာစွာ ကြည့်လိုက်သည်။
"ဒီနေရာမှာ မတော်တဆမှု ဖြစ်ခဲ့တာ ဘယ်အချိန်ကလဲ"
"မနေ့ညကပါ"
လူလတ်ပိုင်းရဲအရာရှိ၏ပါးများ နီမြန်းနေကာ အလျင်အမြန် တုံ့ပြန်အဖြေပေးလိုက်သည်။
လူငယ်ရဲအရာရှိက ဖြည့်စွက်ပြောဆိုသည်။
"အတိအကျပြောရရင် အချိန်က မသေချာပါဘူး...ဘာလို့လဲဆိုတော့ ဒီနေရာမှာ ပေါက်ကွဲမှုဖြစ်တုန်းက ရှေးဟောင်းမြို့တစ်မြို့လုံး တိတ်ဆိတ်နေပြီးတော့ ဘာအသံမှ မကြားရလို့ပါ"
"ငါ သဘောပေါက်ပြီ"
ဝူဖန်ရှန်း၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ခေါင်းညိတ်လိုက်၏။
ဤအချိန်တွင် ဝူယွမ်ဒေါင် ကားပေါ်မှ ဆင်းလာသည်။ ဝူမိသားစုအိမ်တော်၏ အပျက်အစီးများရှေ့တွင် မတ်တတ်ရပ်လိုက်ပြီးနောက် သူသည်လည်း ကြောင်အမ်းနေပေ၏။ သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏နဖူးပေါ်တွင် အရေးအကြောင်းသုံးကြောင်း ထွက်ပေါ်လာကာ တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလားပင်။
ဝမ်ကူကမူ အလွန်တည်ငြိမ်နေသည်။ သူသည် ပစ်ကပ်ကားပေါ်မှ ဆင်းလာပြီး ခါးကိုကုန်းကာ ဒယိမ်းဒယိုင်ဖြင့် လျှောက်လှမ်းလာသည်။ ပထမဦးစွာ သူသည် ပစ်ကပ်ကားငါးစီး၏နံဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီး ကားများအားလုံးပေါ်ရှိ ဝါးပေလွှာများနှင့် ပန်းချီကားများ မပျက်စီးကြောင်း သေချာအောင် စစ်ဆေးသည်။ ထို့နောက်မှသာ သူသည် ဝူဖန်ရှန်းနှင့်ဝူယွမ်ဒေါင်တို့ကြားသို့ လျှောက်လှမ်းသွားပြီး ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
"သခင်ကြီး ထွက်ခွာသွားလောက်ပါပြီ"
"မစ္စတာဝမ်...ခုဏက ဖြစ်ခဲ့တာတွေက အိမ်မက်မဟုတ်တာ သေချာရဲ့လား"
ဝူဖန်ရှန်းက ထိုစကားကိုနားထောင်ပြီး ရုတ်တရက် သတိပြန်ဝင်လာသည်။ သူ၏မျက်လုံးများသည် အဖြေတစ်ခုကို အတည်ပြုရန် စိတ်အားထက်သန်စွာဖြင့် ဝမ်ကူကို စိုက်ကြည့်နေသည်။
သူတို့၏နံဘေးရှိ ရဲအရာရှိနှစ်ဦးကမူ ကြောင်အမ်းနေပြီး သူတို့ပြောသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။
ဝမ်ကူသည် ဝူဖန်ရှန်းကို တစ်ချက်ကြည့်လိုက်သည်။ သူသည် တိုးညှင်းစွာ ပြောလိုက်သော်လည်း စိတ်ခံစားမှုများစွာ ရောယှက်နေပေ၏။
"ကိစ္စတချို့ကို အိမ်မက်တစ်ခုလို့ မှတ်ယူထားတာက ပိုကောင်းပါတယ်...လူတချို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ လိုက်မီနိုင်တဲ့သူတွေ မဟုတ်ပါဘူး"
ဤစကားပြောဆိုပြီးနောက် ဝမ်ကူ၏အမူအယာသည် ပို၍အိုမင်းလာပြီး သူ၏မျက်လုံးများထဲတွင် ခံစားချက် သိပ်မရှိတော့ပေ။ သူသည် အိမ်တော်မှ ထွက်ပေါ်နေသော အဖြူရောင် မီးခိုးငွေ့များကို တိတ်ဆိတ်စွာ ကြည့်နေပြီး လူတစ်ယောက်ကို သတိရနေသော်လည်း တခြားအရာများကိုမူ သိပ်မမှတ်မိတော့ချေ။
ကျွီ...
ပစ်ကပ်ကား ငါးစီးပေါ်မှ ယာဉ်မောင်းများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ကားပေါ်မှ ဆင်းလာကြ၏။ သူတို့၏ရှေ့မှ အခြေအနေကို မြင်လိုက်ရချိန်၌ အလွန်ထူးဆန်းပြီး အံ့အားသင့်ဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။
"ဘာလို့ စစ်ဆေးရေးဂိတ်တွေ အများကြီး ချထားလဲလို့ ငါ တွေးနေတာ...ဒီနေရာမှာ တစ်ခုခု ဖြစ်သွားတာကိုး"
"အိမ်တော်တစ်ခုလုံးက မြေပြင်နဲ့တသားတည်း ဖြစ်သွားတာပဲ...တကယ့်ကို ကြောက်စရာကောင်းလိုက်တာ"
"အမှန်ပဲ...ပြီးတော့ ဒါက ဝူမိသားစုလေ...ဒီတစ်ခါတော့ ရှေးဟောင်းမြို့က အရာရှိကြီးတွေလည်း ပါဝင်ပတ်သက်နေလောက်တယ်"
"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့...ကိုယ့်အလုပ်ကိုယ်လုပ်...လျှောက်ပြောနေရင် ပြဿနာတက်လိမ့်မယ်"
"ဟုတ်တယ်...ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်...ကားမောင်းခ ပိုက်ဆံယူပြီး ပြန်နားတော့...မင်းတို့ ပင်ပန်းနေလိမ့်မယ်"
ပတ်ဝန်းကျင်မှအသံများသည် အလွန်ဆူညံပွက်လောရိုက်နေသည်။
ဝူယွမ်ဒေါင် ဝူဖန်ရှန်းနှင့် ဝမ်ကူတို့သည် ဝူမိသားစုအိမ်တော် အပျက်အစီးများဆီမှ အကြည့်ကို မသိစိတ်ဖြင့် လွှဲလိုက်မိသည်။ သူတို့သည် နံဘေးတစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ လက်တစ်ဖက်ကို နောက်ပစ်ထားပြီး အနက်ရောင်ဆံပင်ရှည်များရှိကာ ဝတ်ရုံဖြူဝတ်ဆင်ထားသော လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရသည်။ ထိုလူငယ်သည် လောကကြီးနှင့် မသက်ဆိုင်သည့် နတ်ဘုရားတစ်ပါးအလား လူအုပ်ကြားထဲမှ တည်ငြိမ်အေးဆေးသော ခြေလှမ်းဖြင့် လျှောက်လှမ်းသွားနေသည်။
သူတို့သုံးဦးလုံးသည် ထိုလူငယ်ကို အလွန် ရင်းနှီးသည်ဟု ခံစားလိုက်ရသော်လည်း မည်သည့်အရာကိုမျှ စဉ်းစား၍ မရချေ။
သူတို့သုံးဦးသည် မေးမြန်းရန် ဟန်ပြင်လိုက်သော်လည်း ထိုလူငယ်သည် မည်သည့်နေရာသို့ ရောက်သွားမှန်းမသိ လူအုပ်ကြားထဲတွင် ပျောက်ကွယ်သွားသည်။
နေရောင်ခြည်သည် တိမ်တိုက်များကို ထွင်းဖောက်ပြီး မြေပြင်အနှံ့အပြား၌ ဖြာကျနေသည်။
အချိန်အတော်ကြာပြီးနောက် ထိုလူသုံးဦးသည် သတိပြန်ဝင်လာကြ၏။ သူတို့၏မျက်လုံးများသည် ဝါးပေလွှာများ လက်ရေးမူများနှင့် ပန်းချီကားများအပေါ်သို့ ရောက်ရှိသွားပြီး သူတို့၏စိတ်နှလုံးသားထဲမှ ကတိတစ်ခုကို သတိရနေသော်လည်း မည်သူ့ကို ကတိပေးခဲ့သည်ကိုမူ မမှတ်မိကြတော့ချေ။
...
ခုနစ်ရက်ကြာပြီးနောက်....
ယူနန်ပြည်နယ်ရှိ လမ်းကြားတစ်ခုတွင်...
ရှေးဟောင်းဝတ်စုံ ဝတ်ဆင်ထားပြီး သစ်သားရုပ်ထုတစ်စုံနှင့် ပန်းပုထွင်းဓားကို ကိုင်ဆောင်ထားသော လူငယ်တစ်ဦးသည် ရှေ့ကိုကြည့်ကာ လမ်းလျှောက်နေသည်။
လမ်းကြားထဲတွင် တစ်စုံတစ်ယောက်က စူးစမ်းလိုစိတ်ဖြင့် ထိုလူငယ်ကို လှမ်းကြည့်လိုက်သည်။
မကြာမီမှာပင် ထိုလူငယ်သည် သူ၏ဘေးမှ ဖြတ်သန်းသွားသည်။ သို့ရာတွင် လူငယ်၏ မျက်နှာ ဝေဝါးနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ လူငယ်၏ကျောပြင် အဝေးသို့ ရောက်သွားချိန်တွင် ထိုကျောပြင်သည် လောကကြီးနှင့် အလွန်ကင်းကွာနေသည်ဟု သူ ခံစားလိုက်ရသည်။