← Chapters

အခန်း (၃၇၁)

Vol. 38 Ch. 371

အခန်း (၃၇၁)

Vol. 38 Ch. 371

[စာဖတ်သူများသတိထားရန် - ပေမင်ဓားဂိုဏ်းက လီတောက်ကျိန်းဆိုတာက အမျိုးသမီးပါဗျ ၊ လီချန်ချန်ရဲ့ ဆရာ ၊ နင်​ဇောင်ဝူရဲ့ ပြိုင်ဘက်။ ဒါပေမဲ့ နာမည်က ယောင်္ကျားဆန်နေတယ်။ ဆိုတော့ကာ လီတောက်ယွဲ့ဆိုပြီးပြောင်းလဲအသုံးပြုပါမယ်ဗျ။ - ဘာသာပြန်သူ​အချောကြီး]

ခေတ်သစ်ကမ္ဘာမြေမှ သမိုင်းကြောင်းတွင် ဆုန့်မင်းဆက်မှ ထုန်ကွမ်ဆိုသူသည် မိန်းမစိုးတစ်ယောက် ဖြစ်သော်လည်း နယ်စားမင်းအရာ ခန့်အပ်ခံခဲ့ရဖူးသည်။

သို့သော် ဆုန့်မင်းဆက်နောက်ပိုင်း အခြားမင်းဆက်များကို ကြည့်လိုက်လျှင် မည်သည့်မိန်းမစိုးမျှ နယ်စားအဖြစ် မသတ်မှတ်ခံရတော့ပေ။

တုမိသားစုတွင် ချွေးမနှစ်ယောက်စလုံးက နယ်စားကတော်အဆင့် ရှိကြသော်လည်း မိသားစုခေါင်းဆောင် တုဟွေးတွင်မူ မည်သည့်ဘွဲ့ထူးဂုဏ်ထူးမျှ မရှိချေ။

လီလျန်တင်းက ချက်ချင်းပင် ဒူးထောက်လိုက်ပြီး လျှောက်တင်လိုက်သည်။

"အရှင်မင်းမြတ်... အမိန့်ကို ပြန်ရုတ်သိမ်းပေးပါ။ ပြန်ရုတ်သိမ်းပေးပါဘုရား။ တုပိုင်က ကလေးပဲ ရှိပါသေးတယ်။ ဒီလောက်ကြီးမားတဲ့ ဆုကို သူ မခံနိုင်ပါဘူး"

ဤသည်မှာ တာ့နင်အင်ပါယာ သမိုင်းတစ်လျှောက်လုံးတွင် လုံးဝ မကြုံစဖူး၊ တစ်ခါမျှ မရှိခဲ့ဖူးသော ကိစ္စရပ်ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်၏ စကားကို ကြားပြီးနောက် တုပိုင်တစ်ယောက် ကြောင်တောင်တောင် ဖြစ်သွားရသည်။

"တုပိုင်ကို နယ်စားဘွဲ့ပေးပြီး အရင်က သူလုပ်ခဲ့တဲ့ အင်ပါယာကုသိုလ်ကောင်းမှုတွေအတွက် ဆုချဖို့ ငါကိုယ်တော် ဆုံးဖြတ်ပြီးပြီ" ဧကရာဇ်က တုပိုင်ကို ကြည့်ကာ ရှားရှားပါးပါး ခေါင်းမာသည့် လေသံဖြင့် ပြောလိုက်သည်။

"မင်းက တုအိမ်တော်က စွန့်ပစ်ခံရတဲ့ သားတစ်ယောက်ပဲ။ မိန်းမစိုးဂိုဏ်းထဲမှာ ရာထူးဘယ်လောက်ကြီးကြီး ဂုဏ်ပုဒ်မရှိရင် အရာမဝင်ဘူး။ မင်းရဲ့ အနာတွေကို ငါက ပြန်ဖြည့်ဆည်းပေးလို့ မရနိုင်ပေမဲ့ ဘွဲ့ထူးဂုဏ်ထူးနဲ့တော့ အစားထိုးပေးလို့ရတယ်"

ထို့နောက် ဧကရာဇ်က တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ ဆက်ပြောလိုက်သည်။

"ရှီနင်ဆိုရင်လည်း အရင်က မိန်းမစိုးပဲ။ ဒါပေမဲ့ နောက်ပိုင်း သူက မဟာဆရာသခင်ကြီး ဖြစ်လာပြီး တိုင်းပြည်ရဲ့ ရတနာတစ်ပါး ဖြစ်လာတဲ့အခါ ဘယ်သူမှ သူ့ကို မိန်းမစိုးလို့ မမြင်ကြတော့ဘူး"

"တုပိုင်... ငါမင်းရဲ့ ကဗျာတွေကို ဖတ်ဖူးတယ်။ မင်းရဲ့ ဆောင်းပါးတွေကိုလည်း ဖတ်ဖူးတယ်" ဧကရာဇ်က ပြောလိုက်သည်။

"မင်းရဲ့ ပါရမီက အရမ်းကို ထူးချွန်လွန်းတယ်။ မင်းက လီလျန်တင်းနဲ့ မတူဘူး။ မင်းအဖေ လီဝမ်ဟွေ့နဲ့လည်း မတူဘူး။ သူတို့က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု အပြည့်အဝနဲ့ မိန်းမစိုးအဖြစ် ခံယူခဲ့ကြတာ။ မင်းကတော့ အခြေအနေအရ မိန်းမစိုးအဖြစ် တွန်းပို့ခံလိုက်ရတာပဲ"

လီလျန်တင်းက ဘေးမှနေ၍ ဝင်ပြောလိုက်သည်။

"အရှင်မင်းမြတ်... ဒီကျွန်အိုကြီးက ဆုံးဖြတ်ပြီးပါပြီ။ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ နောက်မျိုးဆက် ပိုင်ရှင်က လီဝမ်ဟွေ့ ဖြစ်လာပါလိမ့်မယ်။ တုပိုင်နဲ့ လီယွမ်ကတော့ လီဝမ်ဟွေ့ရဲ့ နောက်တစ်ဆက်အတွက် ယှဉ်ပြိုင်ရမှာပါ"

ဧကရာဇ်က တုပိုင်ကို ကြည့်ကာ ခေါင်းခါလိုက်ပြီး ပြောသည်။

"လီလျန်တင်း... မင်း လူသုံးတာက ကျဉ်းမြောင်းလွန်းတယ်။ မကြာခင်မှာ ကပ်ဘေးကာလ ရောက်လာတော့မယ်။ လူတစ်ယောက်မှာသာ ကြီးမားတဲ့ ပါရမီရှိနေရင် သူက မိန်းမစိုးဖြစ်နေရုံနဲ့ မိန်းမစိုးဂိုဏ်းထဲမှာပဲ ပိတ်လှောင်မထားသင့်ဘူး။ ပိုပြီး အရေးကြီးတဲ့ နေရာတွေ၊ ပိုပြီး ကျယ်ပြန့်တဲ့ နေရာတွေမှာ တာဝန်ယူခိုင်းသင့်တယ်"

ထို့နောက် ဧကရာဇ်က လေးနက်စွာ ပြောကြားလိုက်သည်။

"ငါ အမိန့်ထုတ်လိုက်မယ်။ တုပိုင်ကို ပိုင်ဆယ်နယ်စားအဖြစ် ခန့်အပ်လိုက်တယ်။ နောက်ရက်ကျရင် ပိုင်ဆယ်စီရင်စုမှာ အိမ်တော်တစ်လုံး ဆောက်လုပ်စေ"

တုပိုင်တစ်ယောက် မှင်သက်သွားမိသည်။ ဘွဲ့က ပိုင်ဆယ်၌လား။ အခြေအနေကို ဆက်စပ်ကြည့်ရမည်ဆိုလျှင် အနာဂတ်၌ ဧကရာဇ်က အနောက်တောင်ဘက် ဒေသကို အင်ဂျင်နှစ်လုံးတပ်ပြီး ကာကွယ်စေချင်သည်လော။ သူသည် တုပိုင်၏ အနာဂတ်အပေါ် မျှော်လင့်ချက်များစွာ ထားရှိနေပေသည်။

ဧကရာဇ်က ဆက်ပြောသည်။

"တုပိုင်... မင်းက ပါရမီပြည့်ဝတဲ့သူပဲ။ မင်းရဲ့ ကဗျာတွေက ရဲရင့်သလို လှပသေသပ်တယ်။ အဲ့ဒီကဗျာတွေထဲမှာ သိမ်မွေ့တဲ့ ခံစားချက်တွေကို တွေ့ရသလို ရဲရင့်တဲ့ ရည်မှန်းချက်ကြီးတွေကိုလည်း တွေ့ရတယ်။ ငါက အဲ့ဒီလိုလူမျိုးကို အားအကျဆုံးနဲ့ မနာလိုအဖြစ်ဆုံးပဲ။ ဒီနေရာမှာ ငါမင်းနဲ့ ကတိတစ်ခု ပြုမယ်။"

"မင်းရဲ့ အရည်အချင်းတွေကို အပြည့်အဝ ထုတ်ပြစမ်းပါ။ ဒီ အင်ပါယာနယ်စားဘွဲ့က အစပဲ ရှိသေးတယ်။ မင်းသာ တိုင်းပြည်အတွက် ဆက်ပြီး အကျိုးပြုနေမယ်ဆိုရင် ငါက မင်းရဲ့ ရာထူးဘွဲ့ထူးတွေကို ဆက်ပြီး တိုးပေးမယ်။ လူတွေ မင်းကို မိန်းမစိုးဆိုပြီး အထင်မသေးရဲအောင် ငါလုပ်ပေးမယ်။ မင်းရဲ့ တုအိမ်တော်ကို ရင်ကော့ပြီး ပြန်သွားနိုင်လောက်တဲ့အထိ ဂုဏ်ရှိန်ကြီးမားအောင် ငါလုပ်ပေးမယ်။ မင်းမှာသာ အရည်အချင်းရှိရင် မင်းရဲ့ ဂုဏ်ရောင်က တုအိမ်တော်ရဲ့ ခေါင်မိုးထက်တောင် ကျော်စေရမယ်"

ဤသည်မှာ ဧကရာဇ်တစ်ပါး ပြောသင့်သော စကားမျိုးတော့ မဟုတ်ပေ။ ဧကရာဇ်ဆိုသည်မှာ ဤမျှလောက်ထိ ပွင့်ပွင့်လင်းလင်း မဖြစ်သင့်ချေ။

"အရပ်ဘက် စစ်ဘက် မူးမတ်တွေ ငါ့ကို ဝိုင်းဆဲကြဦးမယ်ဆိုရင်လည်း ဆဲပါစေကွာ။ ငါ့ရောဂါက မပျောက်သေးဘူး။ ငါ နားမကြားဘူးလို့ပဲ မှတ်လိုက်မယ်"

ဧကရာဇ်က တုပိုင်ကို ကြည့်ပြီး မေးလိုက်သည်။

"တုပိုင်... မင်းက လူတွေရဲ့ စကားကို ကြောက်သလား"

တုပိုင်က ပြန်ဖြေလိုက်သည်။ "မကြောက်ပါဘူး ဘုရား"

ဧကရာဇ်က ပြောသည်။ "ဒါဆို ရှေ့ဆက်တိုးပေတော့။ ပိုင်ဆယ်စီရင်စုက မင်းရဲ့ ရာထူးက နိမ့်ကောင်းနိမ့်နိုင်ပေမဲ့ မင်းက အင်ပါယာရဲ့ ကိုယ်စားလှယ်ပဲ။ ငါ့ရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်တောင် ဖြစ်နိုင်တယ်။ ငါပြောမယ်... စိတ်ချလက်ချသာ လုပ်။ အင်ပါယာအတွက် အကျိုးရှိမယ်ဆိုရင် ဘာမဆိုလုပ်။ ငါ အသက်ရှင်နေသရွေ့ ယုန်ရပြီးရင် ခွေးကိုသတ်တာမျိုး၊ အခြေအနေအရဆိုပြီး သူရဲကောင်းတွေကို စတေးတာမျိုး ငါဘယ်တော့မှ မလုပ်ဘူး"

စိတ်လှုပ်ရှားလွန်းသဖြင့် ဧကရာဇ်၏ မျက်နှာသည် နီရဲလာပြီး ခံစားချက်ပြင်းထန်စွာဖြင့် ပြောလိုက်သည်။

"ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက အရပ်ဘက်အရာရှိတွေက မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွေ့ကို သတ်ဖို့ ငါ့ကို ဖိအားပေးခဲ့ကြတယ်။ အခု ဘာဖြစ်သွားလဲ။ အခုဆို ကွမ်ရှီးတစ်ပြည်နယ်လုံးနဲ့ ပိုင်ဆယ်စီရင်စုတစ်ခုလုံး အခြေအနေ ကောင်းမွန်နေပြီ။ ဒါ မင်းအဖေ လီဝမ်ဟွေ့ လုပ်ပေးခဲ့တာတွေပဲ။ ငါ အခု နားလည်သွားပြီ။ ငါ လုံးဝ ဆုံးဖြတ်လိုက်ပြီ။ မင်းဆက်တစ်ခုက တည်ငြိမ်ဖို့အတွက် ရန်သူရဲ့ ဖိအားပေးမှုကြောင့် ကိုယ့်ဘက်က သူရဲကောင်းကို သတ်ပစ်ရမယ်ဆိုရင်... အဲ့ဒီအင်ပါယာကို ပျက်စီးခိုင်းလိုက်တာကမှ ပိုကောင်းဦးမယ်"

ဤစကားက တုပိုင်၏ သွေးများကို ဆူပွက်သွားစေသည်။

ဤသည်မှာ ဉာဏ်ပညာကြီးမားသည့် ဧကရာဇ်တစ်ပါး ပြောသင့်သည့် စကားမျိုး မဟုတ်ပေ။ ဤသည်မှာ ဧကရာဇ်တို့၏ စိတ်ပညာကို ကျွမ်းကျင်သည့် ဧကရာဇ်တစ်ပါး ပြောသည့်စကားလည်း မဟုတ်ပေ။

ဧကရာဇ်တို့၏ စိတ်ပညာကို ကျွမ်းကျင်သူဆိုသည်မှာ အာဏာနှင့် ကျေးဇူးတရားကို မျှတအောင် သုံးတတ်ရမည်။

သို့သော် သူ၏ရှေ့မှ ဧကရာဇ်မှာမူ သူ့အား ပညာရှိမင်းမြတ်ဟု ဆိုရန် ခက်ခဲသော်လည်း လူများကို သူ့အတွက် သေရဲအောင် လုပ်နိုင်စွမ်းရှိသူ ဖြစ်သည်။ လူများစွာက သူ၏ ကြင်နာမှုနှင့် ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့ကြသော်လည်း သူသည် ဧကရာဇ်တစ်ပါးအနေဖြင့် ထားရှိသော သူ၏ ယုံကြည်မှုကို တစ်ကြိမ်ပြီးတစ်ကြိမ် ပေးအပ်မြဲ ပေးအပ်နေဆဲပင် ဖြစ်သည်။

ရုတ်တရက် တုပိုင် ပြန်လည်လျှောက်တင်လိုက်သည်။

"အရှင်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ရှိကြောင်းပါ ဘုရား။ ကျွန်တော်မျိုး အင်ပါယာအတွက် အစွမ်းကုန် ကြိုးစားပါ့မယ်။ အရှင်မင်းမြတ်အတွက် ရေထဲဆင်းရဆင်းရ၊ မီးထဲဖြတ်ရဖြတ်ရ အကုန်လုပ်ပေးပါ့မယ်"

လီလျန်တင်းက တုပိုင်ကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။

"ငါ့ကလေး... အရှင်မင်းမြတ် ဆိုလိုချင်တဲ့ သဘောကို မင်းနားလည်လား"

တုပိုင် ခေါင်းငြိမ့်ပြလိုက်သည်။

လီလျန်တင်းက ပြောသည်။ "ဒီနေ့ကစပြီး မင်းက လီလျန်တင်းရဲ့ လူ မဟုတ်တော့သလို၊ မင်းအဖေ လီဝမ်ဟွေ့ရဲ့ လူလည်း မဟုတ်တော့ဘူး။ မင်းက အရှင်မင်းမြတ်ရဲ့ လူ ဖြစ်သွားပြီ။ ရာထူးငယ်ပေမဲ့ မင်းက အရှင်မင်းမြတ်ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်က လူပဲ"

တုပိုင်က ပြောလိုက်သည်။ "အရှင်မင်းမြတ်အတွက် အနောက်တောင်ဘက်မှာ အခြေအနေတစ်ရပ် ဖန်တီးပေးပါ့မယ်လို့ မြေးတော် ကတိပေးပါတယ်"

လီလျန်တင်းက ပြောသည်။

"ငါတို့ အရှင်မင်းမြတ်က ဒီလိုပဲ။ လူတစ်ယောက်ကို သဘောကျပြီဆိုရင် သူ့အသည်းနှလုံးကိုပါ ထုတ်ပြတတ်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကလည်း ဒီလိုအဖြစ်အပျက်မျိုး ရှိခဲ့ဖူးတယ်။ အဲ့ဒီတုန်းကလည်း အသက် ၂၀ ကျော် လူငယ်လေးတစ်ယောက်ပဲ။ သူက အင်ပါယာအတွက် ကြီးမားတဲ့ ကုသိုလ်ကောင်းမှုတွေ လုပ်ပေးခဲ့တယ်။ မင်းထက်တောင် အများကြီး သာသေးတယ်။ အဲ့ဒီတုန်းက မင်းသမီးနင်းရွှဲ့သာ ငယ်မနေရင် အရှင်မင်းမြတ်က သူနဲ့ လက်ထပ်ပေးမလို့တောင် စိတ်ကူးခဲ့ဖူးတယ်။ အသက် ၂၃ နှစ်ပဲ ရှိသေးတဲ့ အဲ့ဒီလူငယ်လေးက အင်ပါယာရဲ့ အရာရှိအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ဒါပေမဲ့ ရလဒ်က..."

တုပိုင်က မေးလိုက်သည်။ "သူ စစ်ပွဲမှာ ကျဆုံးသွားတာလား"

လီလျန်တင်းက ခေါင်းခါလိုက်ပြီး ပြောသည်။

"သူက ရန်သူ့ဘက်ကို ဝင်သွားတယ်။ မန်ချူး ဂျာချင်ဘုရင်ရဲ့ သမက်တော် ဖြစ်သွားပြီး နံပါတ်တစ် သူရဲကောင်း ဖြစ်လာခဲ့တယ်။ သူက ကျန့်မန်စစ်တပ်ကို ဦးဆောင်ပြီး တိုက်ပွဲတိုင်း နိုင်အောင် တိုက်ခဲ့တယ်။ ငါတို့ တာ့နင်အင်ပါယာကို အရှက်ရစေခဲ့ပြီး နယ်မြေပေါင်းများစွာ ဆုံးရှုံးစေခဲ့တယ်"

တုပိုင်က မေးလိုက်သည်။ "လီယင်းထူလား"

လီလျန်တင်းက ပြောသည်။ "အခုတော့ သူ့ကို ဝမ်ယန်ယင်းထူ၊ ဂျာချင်ရဲ့ နံပါတ်တစ် စစ်သည်တော်လို့ ခေါ်ကြတယ်"

တုပိုင်က ပြောလိုက်သည်။ "ကောင်းကင်ဘုံကို ပုန်ကန်တဲ့ သစ္စာဖောက်ပဲ။ ကျွန်တော်မျိုုးတို့ တာ့နင်အင်ပါယာကို လျောင်တုန်းမှာ နယ်မြေတွေ ဆုံးရှုံးစေခဲ့ရုံသာမကဘဲ မင်းသမီးနင်းရွှဲ့ရဲ့ လက်ထပ်ပွဲကိုပါ နှောင့်နှေးစေခဲ့တာကိုး"

လီလျန်တင်းက တုပိုင်ကို ခေတ္တမျှ ကြည့်နေပြီး သက်ပြင်းချလိုက်သည်။

"အင်း... နှမြောစရာပဲ။ တကယ် နှမြောစရာကောင်းတယ်"

ဧကရာဇ်က တုပိုင်ကို အင်ပါယာနယ်စားဘွဲ့ ပေးအပ်လိုက်ခြင်းသည် တကယ့်ကို ဂယက်ရိုက်သွားစေခဲ့သည်။

ထို့အပြင် အရပ်ဘက်နှင့် စစ်ဘက် မူးမတ်ပေါင်းများစွာသည် နန်းတော်ရှေ့တွင် စုရုံးကာ ကန့်ကွက်ကြပြီး တာ့နင်အင်ပါယာ၏ ဘိုးဘွားပိုင် ဥပဒေအရ စစ်မှုထမ်းသက် မရှိလျှင် ဘွဲ့ထူးပေး၍ မရကြောင်း၊ ယခုအခါ မိန်းမစိုးဂိုဏ်းက အစိုးရပိုင်းကို ဝင်ရောက်စွက်ဖက်နေပြီး မိန်းမစိုးလေးတစ်ယောက်ကို အင်ပါယာနယ်စားဘွဲ့ ပေးခြင်းသည် တိုင်းပြည်နှင့် လူထုအတွက် ဘေးအန္တရာယ်၏ နိမိတ်လက္ခဏာဖြစ်ကြောင်း အော်ဟစ်နေကြသည်။

ဧကရာဇ်ကတော့ ထိုအသနားခံစာများ အားလုံးကို သိမ်းထားလိုက်သည်။ အရပ်ဘက် စစ်ဘက် မူးမတ်အချို့က ဧကရာဇ်၏ အိပ်ရာဘေးတွင် ဒူးထောက်နေကြသည်။ ဧကရာဇ်က တဲ့တိုးပင် အေးစက်စက်ဖြင့် မေးလိုက်သည်။

"ငါ့အသက်က နယ်စားဘွဲ့လောက်တောင် တန်ဖိုးမရှိဘူးလား"

ချက်ချင်းပင် မူးမတ်များ ပြောစရာစကား ပျောက်သွားကြသည်။

ဝန်ကြီးတစ်ပါးက လျှောက်တင်သည်။ "အရှင်မင်းမြတ် အနေနဲ့ တခြားအရာတွေကို ဆုချနိုင်ပါတယ် ဘုရား။ ဘွဲ့ထူးပေးဖို့အထိ မလိုပါဘူး။ ဒါက အင်ပါယာရဲ့ ဘိုးဘွားပိုင် ဥပဒေနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်"

ဧကရာဇ်က ပြောလိုက်သည်။

"ဘာကို ဆုချရမှာလဲ။ သူက မိုမိသားစုရဲ့ ရတနာသိုက်ကို ရှာတွေ့ခဲ့ပြီး ငွေတုံး ၆ သန်းနီးပါးကို အပ်နှံခဲ့တာ။ ငါက သူ့ကို ဘာဆုချရမလဲ။ ရွှေတွေ ငွေတွေပဲ ထပ်ချရမှာလား"

ဝန်ကြီးတစ်ပါးက ပြောသည်။ "ဒါဆိုရင် အရှင်မင်းမြတ်အနေနဲ့ သူ့ရဲ့ ဘိုးဘွားတွေနဲ့ သူ့မိသားစုကို ဆုချလို့ ရပါတယ်"

ဧကရာဇ်က လှောင်ပြောင်လိုက်သည်။ "ဒါဆို မင်းတို့က အမတ်မင်းတုဟွေးကို သွားမေးကြည့်လိုက်လေ။ သူ လိုချင်ရဲ့လားလို့"

ဝန်ကြီးအများအပြားက အသည်းအသန် ဦးခိုက်ပြီး ပြောကြသည်။

"မိန်းမစိုးကို ဘွဲ့ထူးပေးတာက ဘိုးဘွားပိုင် ဥပဒေနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်။ အရှင်မင်းမြတ် အမိန့်ပြန်ရုတ်သိမ်းပေးပါ။ မဟုတ်ရင် ကျွန်တော်မျိုးတို့ ဒီကနေ မထတော့ပါဘူး"

ဧကရာဇ်က ပေါ့ပါးစွာပင် ပြောလိုက်သည်။

"နန်းတွင်းရဲ့ ဘိုးဘွားပိုင် ဥပဒေအရဆိုရင် အစိုးရအဖွဲ့ဆိုတာ ငါ့ရဲ့ အတွင်းရေးမှူးအဖွဲ့အစည်းပဲ ဖြစ်ရမှာ။ စီရင်စုမှူးတစ်ယောက် ခန့်မယ်ဆိုရင်တောင် ငါ့ရဲ့ အမိန့်လိုတယ်။ ဘိုးဘွားပိုင် ဥပဒေအရဆိုရင် ကျင်းယီဝေပဲ ရှိရမှာ။ လီကျင်းဌာနနဲ့ ရွှမ်းဝူဝေဆိုတာ မရှိရဘူး။ အဲ့ဒါတွေကရော ဘိုးဘွားပိုင် ဥပဒေနဲ့ ညီလို့လား"

ဝန်ကြီးများအားလုံး ရင်ထဲ ထိတ်လန့်သွားကြသည်။ ဧကရာဇ်က ချက်ချင်း မျက်နှာပြောင်းပြီး ရန်တွေ့လိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

ရုတ်တရက် ဝန်ကြီးများက ဧကရာဇ်ကို ကြည့်လိုက်ကြရာ ဧကရာဇ်၏ မျက်နှာထား တင်းမာနေသည်ကို တွေ့လိုက်ရသည်။

"ထွက်သွားကြတော့"

ဝန်ကြီးများ နောက်ဆုတ်သွားကြသည်။

ဤသည်မှာ အရှုံးပေးလိုက်ခြင်း မဟုတ်ဘဲ အခြေအနေကို စောင့်ကြည့်ရန် ဆုတ်ခွာလိုက်ခြင်းသာ ဖြစ်သည်။

နန်းတော်တံခါးဝမှ ထွက်လာပြီးနောက် ဝန်ကြီးတစ်ပါးက ရုတ်တရက် ပြောလိုက်သည်။

"တကယ့်ကို မလွယ်ကြောပဲဟေ့"

အပိုင်း (၃၇၁) ပြီး၏။

All Chapters