အခန်း (၃၇၂)
Vol. 38 Ch. 372
လူအချို့က ခေါင်းမရှိ အမြီးမရှိသော ထိုစကားကို နားလည်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။
“အေးကွာ… ပြဿနာပဲ။ သောက်ကျိုးနည်း နွားသိုးပေါက်စလေး။ တကယ့် ပြဿနာကောင်လေးပဲ”
ဤသည်မှာ အရှက်ခွဲသည်ထက် ပိုနေပြီ မဟုတ်လော။
ယခုတစ်ကြိမ် ဧကရာဇ် နတ်ရွာစံမသွားသည့်အတွက် မူးမတ်များအားလုံး စိတ်ပျက်သွားကြရသည်။ ပြီးခဲ့သည့် လီဝမ်ဟွေ့ကိစ္စ ပြီးကတည်းက ဧကရာဇ်နှင့် အရပ်ဘက် စစ်ဘက် မူးမတ်များ၏ ဆက်ဆံရေးက လုံးဝ ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။ ပူးပေါင်းဆောင်ရွက်စရာ နေရာလပ် မရှိသလောက်ပင်။ မူးမတ်များက စကားနားထောင်သည့် ဧကရာဇ်အသစ်ကို လိုချင်နေကြပြီး လက်ရှိဧကရာဇ် နတ်ရွာစံမည့်ရက်ကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။
ကံဆိုးစွာဖြင့် ဘုရားပေးသည့်လက်ဆောင် တုပိုင်ဆိုသူမှာ အံ့မခန်း စွမ်းဆောင်နိုင်လွန်းပြီး ဧကရာဇ်၏ အသက်ကို ကယ်တင်ပေးလိုက်သည်။ ရာထူးတိုးမြှင့်ခံရသည့် အင်ပါယာနယ်စားသစ် တုပိုင်သည် မြို့တော်တွင် ၆ ရက်ခန့်သာ နေထိုင်ပြီး တောင်ဘက် ပိုင်ဆယ်စီရင်စုသို့ ပြန်လည်ထွက်ခွာလာခဲ့သည်။
ဧကရာဇ်၏ ကျန်းမာရေးက ကုသမှုခံယူရန် လိုအပ်သေးသဖြင့် မဟာဆရာသခင်ကြီး နင်ဇောင်ဝူကတော့ မြို့တော်တွင် ခေတ္တဆက်နေရဦးမည်ဖြစ်သည်။
မင်းသမီးနင်းရွှဲ့က တုပိုင်ကို ကိုယ်တိုင်လိုက်လံပို့ဆောင်ပေးလေသည်။
“အစ်မပြောင်ပြောင်ဆီက ကြားတယ်။ မင်းသမီးက ပထမအဆင့် သိုင်းပညာရှင် ဖြစ်သွားပြီဆို” တုပိုင်က မေးလိုက်သည်။
မင်းသမီးနင်းရွှဲ့က ပြောသည်။ “ဟုတ်တယ်။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ အဆင့်တက်တာ အရမ်းချောမွေ့ခဲ့တယ်။ မနှစ်က ဒုတိယအဆင့် ၊ ဒီညပဲ ရုတ်တရက်ကြီး ပထမအဆင့်ကို ရောက်သွားတာ”
တုပိုင်က ပြောလိုက်သည်။ “ဂုဏ်ပြုပါတယ် မင်းသမီး။ မင်းသမီးက အစ်မပြောင်ပြောင်ပြီးရင် အင်ပါယာရဲ့ အသက်အငယ်ဆုံး မဟာဆရာသခင်အဆင့် သိုင်းပညာရှင် ဖြစ်လာနိုင်တယ်”
မင်းသမီးနင်းရွှဲ့က ပြောသည်။ “ခက်ခဲပါလိမ့်မယ်။ အရင်တုန်းကဆိုရင် ငါက သိုင်းပညာတစ်ခုတည်းကိုပဲ အာရုံစိုက်ထားလို့ရတယ်။ အခုက နေ့တိုင်း စစ်ရေးကိစ္စတွေ လုပ်နေရတော့ သိုင်းပညာအတွက် အချိန်သိပ်မပေးနိုင်တော့ဘူး”
တုပိုင်က မေးသည်။ “မင်းသမီး… စစ်တပ်လေ့ကျင့်ရေးကရော ဘယ်လိုအခြေအနေရှိလဲ”
မင်းသမီးနင်းရွှဲ့က ပြောသည်။ “နင့်ရဲ့ မွေးစားအဖေ ပိုက်ဆံပေးလို့ ကျေးဇူးတင်ရမယ်။ အဲ့ဒါကြောင့် စစ်စရိတ် လုံလုံလောက်လောက် ရခဲ့တာ။ ငါ ကျန်းနန်ကျေးလက်ဒေသကို ကိုယ်တိုင်သွားပြီး စာပေလေ့လာဖူးတဲ့ ဆင်းရဲပြီး သန်မာတဲ့ လူငယ်တွေကို ရွေးချယ်ခဲ့တယ်။ ရလဒ်က အရမ်းကောင်းတယ်။ ဒီလူတွေက သတ္တိရှိပြီး သစ္စာရှိကြတယ်။ အခြေခံနည်းနည်း ညံ့ပေမဲ့ နေ့တိုင်းသာ လေ့ကျင့်ပေးရင် ၃ နှစ်အတွင်းမှာ လက်ရွေးစင်တပ်သားတွေ ဖြစ်လာလိမ့်မယ်”
ထို့နောက် မင်းသမီးနင်းရွှဲ့က ဆက်ပြောသည်။ “ဒါပေမဲ့ လျောင်တုန်းက အခြေအနေက ငါ့ကို ၃ နှစ်အချိန်ပေးပါ့မလားဆိုတာ မသိဘူး”
တုပိုင်က မေးလိုက်သည်။ “အခြေအနေက အဲ့လောက်တောင် အန္တရာယ်များနေတာလား”
မင်းသမီးနင်းရွှဲ့က ပြောသည်။ “ကျန့်လုနဲ့ ပေတာတို့ရဲ့ တိုက်ပွဲက ၂ နှစ် ၃ နှစ်လောက် ကြာမယ်လို့ မှန်းထားခဲ့တာ။ ဒါပေမဲ့ ဝမ်ယန်ယင်းထူက အရမ်းရဲရင့်လွန်းတော့ ၆ လအတွင်းမှာတင် အနိုင်ယူသွားခဲ့တယ်။ အခု အရှေ့မွန်ဂိုလီးယားက ဝါတန်ခန်းကလည်း မကြာခင် လက်နက်ချတော့မယ်။ ကျန့်ကျိုးဂျာချင်တွေက စတုရန်းကီလိုမီတာ ၂ သန်းလောက်ရှိတဲ့ မြက်ခင်းပြင်ကြီးကို သိမ်းပိုက်လိုက်နိုင်ပြီး မြင်းစီးတပ်သား သိန်းချီ အင်အားတိုးပွားလာတော့မယ်”
တုပိုင်က မေးသည်။ “ဘယ်တုန်းက ဖြစ်သွားတာလဲ”
မင်းသမီးနင်းရွှဲ့က ပြောသည်။ “မကြာခင် ဖြစ်လာတော့မှာ။ သတင်းက မကြာခင် ရောက်လာလိမ့်မယ်”
တုပိုင်က ပြောလိုက်သည်။ “ဒါဆို ဘာလို့ မြို့တော်ကလူတွေက ဘာမှမဖြစ်သလို နေနေကြတာလဲ။ ကြည့်ရတာ အေးချမ်းပြီး သာယာဝပြောနေသလိုပါပဲလား”
မင်းသမီးနင်းရွှဲ့က ပြောသည်။ “အဲ့တုန်းက ငါ ဝါတန်ခန်းရဲ့ သားကို သတ်ခဲ့တယ်။ သူ့ရဲ့ မြင်းစီးတပ်သား သိန်းချီက တောင်ဘက်ကို ဆင်းလာပြီး တာ့နင်အင်ပါယာနဲ့ တိုက်ပွဲအကြိမ်ကြိမ် ဖြစ်ခဲ့သေးတယ်လေ။ ပြီးတော့ အရပ်ဘက် စစ်ဘက် အရာရှိတွေက ခံစားနေကြတာက ကျန့်ကျိုးဂျာချင်တွေက အခုမှ နယ်မြေအသစ်ကို ရတာဆိုတော့ အနည်းဆုံး အစာကြေဖို့ နှစ်အနည်းငယ်လောက် အချိန်ယူရဦးမယ် ၊ ဒါကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ တာ့နင်အင်ပါယာကို လာမတိုက်နိုင်သေးဘူးလို့ တွေးနေကြတာ”
တုပိုင် ဆွံ့အသွားရသည်။
ထိုလူများသည် ဓားပြများ ဗိုက်ဝနေသဖြင့် သူတို့ကို ဓားမပြလောက်တော့ဟု မျှော်လင့်နေကြခြင်းလော။
သို့သော် ကျန့်ကျိုးဂျာချင်နှင့် ဝါတန်ခန်းတို့က တုပိုင်ကို တိုက်ခိုက်မည့်အကြောင်း သိထားကြသည်။ ထိုစဉ်က ဧကရာဇ်က အကျိုးအကြောင်း မကြည့်ဘဲ လျောင်တုန်းစစ်တပ်ကို ဝါတန်ခန်းနှင့် ကျန့်လုတို့ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့ဖူးသည်။
လျောင်တုန်းစစ်တပ်က လုံးဝကြီး တုံးအနေသည်တော့ မဟုတ်ပေ။ ကျန့်လုနှင့် ဝါတန်ခန်းတို့ တိုက်ခိုက်နေချိန် နောက်ပိုင်း ဟာကွက်ဖြစ်သွားသည်ကို အခွင့်ကောင်းယူပြီး ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် စစ်သည်များ စေလွှတ်ခဲ့သည်။
ရလဒ်ကတော့ သူတစ်ပါး၏ အဓိကတပ်မကြီးက ရှုံးနိမ့်သွားသည်တိုင်အောင် မိမိဘက်က တိုက်ပွဲတိုင်း ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ထပ်မတိုက်ရဲတော့ပေ။
ထို့နောက် မန်ချူးဂျာချင်ဘုရင်က လျောင်တုန်းစစ်တပ်နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ပြီး ရိက္ခာနှင့် ငွေကြေးအမြောက်အမြား လျော်ကြေးပေးလိုက်ရသဖြင့် စစ်ပွဲပြီးသွားခဲ့သည်။
မင်းသမီးနင်းရွှဲ့က ပြောသည်။ “တုပိုင်… အခု ကျန့်ကျိုးဂျာချင်တွေက အရှေ့မွန်ဂိုလီးယားကို သိမ်းပိုက်လိုက်ပြီ။ သူတို့ရဲ့ စစ်အင်အားက ၃ သိန်း ၄ သိန်းလောက်အထိ တိုးလာပြီ။ ငါကြားတာတော့ ကျန့်လုတွေမှာ မဟာဗျူဟာ လမ်းကြောင်း ၂ ခု ရှိတယ်တဲ့။ တစ်ခုက အနောက်ဘက်က တာ့နင်အင်ပါယာကို တိုက်မလား။ နောက်တစ်ခုက တောင်ဘက်က ကိုရီးယားနိုင်ငံကို တိုက်မလားပေါ့။ နင်ဆိုရင် ဘယ်လမ်းကို ရွေးမယ်ထင်လဲ”
တုပိုင်က ဖြေလိုက်သည်။ “ဒုတိယလမ်း… တောင်ဘက်ဆင်းပြီး ကိုရီးယားကို တိုက်လိမ့်မယ်”
မင်းသမီးနင်းရွှဲ့က နာကျင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ “ကိုရီးယားနိုင်ငံက ငါတို့ တာ့နင်မင်းဆက်ရဲ့ သစ္စာအရှိဆုံး လက်အောက်ခံနိုင်ငံပဲ။ တကယ်လို့များ သူတို့သာ ကျူးကျော်ခံလိုက်ရရင်… အဲ့ဒီအချိန်ကျရင် စစ်သည်တစ်သိန်းလွှတ်ရင်တောင် ကယ်နိုင်မှာ မဟုတ်တော့ဘူး။ ငါတို့ တာ့နင်အင်ပါယာကလည်း စစ်တပ်စေလွှတ်နိုင်စွမ်း မရှိဘူး”
တကယ့်ကို မိုးရွာတုန်း အိမ်ခေါင်မိုးပေါက် ဆိုသကဲ့သို့ပင်။ ဤသည်မှာ တာ့နင်အင်ပါယာ၏ လက်ရှိအခြေအနေကို အကောင်းဆုံး ဖော်ပြနေခြင်း ဖြစ်သည်။
ပိုင်ဆယ်စီရင်စုမှ လီမိသားစု ပုန်ကန်ခြင်းက အန္တရာယ်ရှိသည်ဟု တုပိုင် ခံစားခဲ့ရဖူးသည်။ သို့သော် တိုင်းပြည်အခြေအနေကို ကြည့်လိုက်လျှင် လျောင်တုန်းအခြေအနေက အနောက်တောင်ဘက် အခြေအနေထက် ပိုမိုကြောက်စရာကောင်းပြီး အန္တရာယ်များနေသည်။
အနောက်တောင်ဘက်မှ လီမိသားစု ပုန်ကန်လျှင် အလွန်ဆုံးရှိလှ အနောက်တောင်ဘက် ပြည်နယ်များ အသိမ်းခံရမည်ဖြစ်ပြီး အင်ပါယာအနေဖြင့် နယ်မြေ လေးပုံတစ်ပုံ ဆုံးရှုံးသွားရုံသာ ရှိမည်။
လျောင်တုန်းစစ်မြေပြင်သာ ပြိုလဲသွားလျှင် ကျေးကျွန်စစ်တပ်ကြီးက မြို့တော်အထိ ဝင်ရောက်လာမည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် တိုင်းပြည်ပျက်မည့် အန္တရာယ်နှင့် ကြုံတွေ့ရပေလိမ့်မည်။
မင်းသမီးနင်းရွှဲ့က ပြုံးပြီး ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် လျောင်တုန်းမှာ တာ့နင်အင်ပါယာရဲ့ အကောင်းဆုံး လက်ရွေးစင်စစ်တပ် အင်အား သိန်းချီ ရှိနေသေးတာပဲ။ စစ်ဗိုလ်ချုပ်အများစုကလည်း အဲ့ဒီမှာ ရှိနေကြတယ်။ သူတို့အတွက်သူတို့ပဲ ဖြစ်ဖြစ် ၊ သူတို့က အသက်ပေးပြီး ကာကွယ်ကြမှာပါ။ ဒါကြောင့် လျောင်တုန်းအခြေအနေက အန္တရာယ်ရှိပေမဲ့ ချက်ချင်းကြီးတော့ ပြိုလဲသွားမှာ မဟုတ်ပါဘူး”
အမှန်အတိုင်းပြောရလျှင် တာ့နင်အင်ပါယာ၏ စစ်ဗိုလ်ချုပ်အုပ်စုသည် သမိုင်းထဲက မင်မင်းဆက် စစ်ဗိုလ်ချုပ်အုပ်စုထက် ပိုမိုသန်မာသည်။
သို့သော် ကျန့်လု၏ အင်အားကလည်း သမိုင်းထဲက ဟန်ကျင်းထက် အများကြီး ပိုမိုအားကောင်းနေပုံရသည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သိုင်းပညာ ထွန်းကားသည့် ကမ္ဘာမဟုတ်ပါလော။ တစ်ဦးချင်း စွမ်းရည်က မင်မင်းဆက်ခေတ်ထက် အများကြီး သာလွန်နေသဖြင့် ကျန့်လုစစ်တပ်၏ တိုက်ခိုက်နိုင်စွမ်းကလည်း အံ့မခန်း ဖြစ်နေသည်။
တုပိုင် ရုတ်တရက် ပြောလိုက်သည်။ “မင်းသမီး… အဲ့ဒီလူက ဝမ်ယန်ယင်းထူ ဆိုတာ ကျွန်တော် သိပြီးသားပါ”
မင်းသမီးနင်းရွှဲ့က ခေါင်းခါပြီး ပြောသည်။ “အဲ့တုန်းက ငါက ငယ်သေးတယ်။ သူ့နာမည်ဂုဏ်သတင်းကလည်း အရမ်း အရမ်းကို ကြီးမားတာလေ။ သူ့ကို တာ့နင်အင်ပါယာရဲ့ နံပါတ်တစ် လူငယ်သူရဲကောင်းဆိုပြီး တင်စားခဲ့ကြတာ။ ဒါကြောင့် အဲ့တုန်းက သူ့ကို ငါ နည်းနည်းတော့ လေးစားခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ ငါ့ဆန္ဒက တစ်ခုတည်းရှိတယ်။ တစ်နေ့ကျရင် သူ့ခေါင်းကို ဖြတ်ပစ်ချင်တာပဲ”
တုပိုင်က ပြောလိုက်သည်။ “အဲ့ဒီ သောက်ကောင်က မင်းသမီးရဲ့ လူပျိုပေါက်အချိန်တွေကို နှစ်အကြာကြီး နှောင့်နှေးစေခဲ့တာကိုး”
“ဘာတွေ လျှောက်ပြောနေတာလဲ” မင်းသမီးနင်းရွှဲ့က တုပိုင်ကို ရှားရှားပါးပါး မျက်စောင်းထိုးလိုက်သည်။ “ငါနဲ့ သူနဲ့အကြောင်း လာမပြောနဲ့နော်။ ငါနဲ့သူ ဘာမှမဆိုင်ဘူး။ မဟုတ်ရင် ငါစိတ်ဆိုးလိုက်မယ်”
ထို့နောက် မင်းသမီးနင်းရွှဲ့က ရှားရှားပါးပါး ကောက်ကျစ်သည့် အကြည့်ဖြင့် ပြောလိုက်သည်။ “ယွီကျိန်းဆီက ငါစာတစ်စောင် ရထားတယ်။ အထဲမှာ ဘာရေးထားလဲ နင်သိချင်လား”
တုပိုင်၏ နှလုံးသားက ဒိန်းခနဲ ခုန်သွားသည်။ ယွီကျိန်းဆိုသည့် စပ်စလူးမက ဘာတွေများ လျှောက်ရေးလိုက်သနည်း။
မင်းသမီးနင်းရွှဲ့က ပြောသည်။ “တုပိုင်… နင့်ရည်မှန်းချက် မသေးဘူးနော်။ ငါရော ယွီကျိန်းရော နှစ်ယောက်လုံးကို အိမ်ခေါ်တင်ချင်နေတာလား။ နင်က ဒီလောက်ရည်မှန်းချက်ကြီးတဲ့ မိန်းမစိုးလေး ဖြစ်နေတာ မပြောပြတတ်အောင်ပါပဲလား”
တုပိုင် အလျင်အမြန်ပင် ခြေကုန်သုတ်တော့သည်။
“မင်းသမီး… သွားခွင့်ပြုပါဦး။ နှုတ်ဆက်ပါတယ်ဗျာ။ ကျန်းမာပါစေ”
ဤအချိန်တွင် သူသာ မြေကြီးထဲ တိုးဝင်သွား၍ရလျှင် ဝင်သွားချင်နေပြီဖြစ်သည်။
သို့သော် မင်းသမီးနင်းရွှဲ့က မင်းသမီးယွီကျိန်း၏ စာကို ဖတ်ပြီးသည့်နောက် စိတ်မဆိုးသည့်အပြင် ရယ်စရာကောင်းပြီး ရင်းနှီးသည်ဟု ခံစားရကြောင်း တုပိုင် မသိခဲ့ပေ။
ဤကမ္ဘာကြီးက မင်းသမီးနင်းရွှဲ့အတွက် လေးလံလွန်းလှသည်။ တုပိုင်က သူမကို နှာဘူးထန်ထန် ဆက်ဆံသည်ဖြစ်စေ ၊ လေးစားသည်ဖြစ်စေ ၊ ဤသည်မှာ သူမဘဝအတွက် ရှားပါးသည့် အရောင်အသွေးလေးတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်၌ ကိုယ်ကျိုးအတ္တ မရှိသောကြောင့်ပင်။ နင်မိသားစုနှင့် ယွမ်မိသားစုမှ ကောင်းကင်ဂုဏ်ဆောင် သားတော်နှစ်ယောက်လို သူမကို အသည်းအသန် လိုက်နေခြင်းက သူမကို ပိုပြီး ဝန်ပိစေကာ ကုန်ပစ္စည်းတစ်ခုလို ခံစားရစေသည်။
ထိုအချိန်တွင် တုပိုင်၏ စိတ်ထဲ၌ ဆန်းကြယ်သော အလင်းရောင်နှင့် စာတမ်းတစ်ခု ပေါ်လာသည်။
“စနစ်ရှင်သည် ဧကရာဇ်၏ အသက်ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သဖြင့် မင်းသမီးနင်းရွှဲ့၏ ကြိုက်နှစ်သက်မှု ၁၅ မှတ် တိုးလာပြီး ၅၅ မှတ်သို့ ရောက်ရှိသွားပါသည်”
အပိုင်း (၃၇၂) ပြီး၏။