အခန်း (၃၇၄)
Vol. 38 Ch. 374
စနစ်သည် ခေတ္တမျှ ရပ်နားပြီး ဆက်ပြောသည်။
“နောက်တစ်ခုက မင်းအနေနဲ့ ပေမင်ဓားဂိုဏ်းကို ဖျက်ဆီးချင်တဲ့ စိတ်ဆန္ဒအရမ်းမပြင်းပြသင့်ဘူး။ ဘာလို့လဲဆိုတော့ ပေမင်ဓားဂိုဏ်းက ဒီကမ္ဘာကြီးရဲ့ တွင်းနက်ကြီး ဖြစ်နေလို့ပဲ။ မင်းရဲ့ ရန်သူတွေအကုန်လုံးက ပေမင်ဓားဂိုဏ်းက မဟုတ်ပါဘူး။ ငါတို့ရဲ့ အစီအစဉ်အတိုင်း သွားကြမယ်။ အနာဂတ်မှာ မင်းက ပေမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ ယှဉ်ပြိုင်ရမယ်။ ပြီးရင် အဲဒီအင်အားကြီးမားတဲ့ သိုင်းဂိုဏ်းကြီးရဲ့ သခင် ဖြစ်လာလိမ့်မယ်”
“ဟမ်…” တုပိုင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
စနစ်က ပြောသည်။ “ပေမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာမှသာ မင်းက ကမ္ဘာ့နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာနိုင်မှာ”
စနစ် ချမှတ်ပေးထားသည့် လမ်းကြောင်းသည် ဤမျှလောက်ထိ ရဲရင့်လိမ့်မည်ဟူ၍ တုပိုင် တကယ် ထင်မထားမိခဲ့ပေ။
စနစ်က ဆက်လက်ပြောကြားသည်။ “ခရီးအဝေးကြီးကို ခြေလှမ်းတစ်လှမ်းက စရတယ်ဆိုသလိုပဲ ပထမခြေလှမ်းကတော့ လီတောက်ယွဲ့ကို သိမ်းပိုက်ပြီး သူ့ရဲ့ တပည့်ဖြစ်အောင် လုပ်ရမယ်။ နင်ဇောင်ဝူက စာပေကျမ်းဂန် နှံ့စပ်ပေမဲ့ သူက သီအိုရီသမားဆန်တယ်။ သိုင်းပညာထက် သိပ္ပံပညာရှင်နဲ့ ပိုတူတယ်။ လေ့ကျင့်ရေး အရင်းအမြစ်တွေ ၊ ရတနာတွေ ၊ သိုင်းကျမ်းတွေအရ ကြည့်မယ်ဆိုရင် လီတောက်ယွဲ့ဆီမှာ နေတာက အကျိုးကျေးဇူး ပိုများတယ်”
နင်ဇောင်ဝူမှာမူ တုပိုင်၏ ထာဝရဆရာ ၊ တုပိုင်၏ ဆွေမျိုးရင်းချာအဖြစ် ရှိနေမည်သာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် အသက်ဘေးမှ လွတ်မြောက်ရန်နှင့် အနာဂတ်မစ်ရှင်များအတွက် လီတောက်ယွဲ့ကို ဆရာတင်ရပေဦးမည်။ အမှန်တကယ် ကံကောင်းခြင်းပင် ဖြစ်သည်။
စနစ်က ဆိုသည်။ “တကယ်တော့ လီတောက်ယွဲ့က မင်းရဲ့ ရန်သူဆိုပေမဲ့ သူက မင်းကို ဘာမှ မလုပ်ဖူးသလို မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွေ့ကိုလည်း ဘာမှ မလုပ်ဖူးဘူး။ သူက မင်းအတွက် ပေမင်ဓားဂိုဏ်းကို ရောက်ဖို့ အကောင်းဆုံး ကျောက်တုံးလှေကားထစ်ပဲ”
တုပိုင်က မေးလိုက်သည်။ “ဒါဆို ငါ ဘာလုပ်ရမလဲ။ လီတောက်ယွဲ့ရဲ့ အားနည်းချက်က ဘာလဲ။ ပြီးတော့ ငါ့ရဲ့ အတွင်းအားက သူနဲ့မှ မတူတာ။ ဘယ်လိုလုပ် သူ့တပည့် ဖြစ်နိုင်မှာလဲ”
စနစ်က ပြန်လည်မေးမြန်းသည်။ “မင်းရဲ့ အတွင်းအားက ကျီပြောင်ပြောင်နဲ့ တူတယ်လို့ မထင်ဘူးလား။ နှစ်ယောက်လုံးက နေမင်းစွမ်းအားတွေလေ”
ကျီပြောင်ပြောင်သည် အမျိုးသမီးဖြစ်သော်လည်း သူမ၏ အတွင်းအားမှာ ယောက်ျားဆန်နေသည်မှာ အနည်းငယ် ကွဲလွဲနေသကဲ့သို့ ရှိသည်။
စနစ်က ရှင်းပြသည်။ “မင်းက ကိုးယန်ကျမ်းရင်းကို ကျင့်ကြံထားတာ။ လီတောက်ယွဲ့၊ လီချန်ချန်နဲ့ ကျီပြောင်ပြောင်တို့ ကျင့်ကြံထားတာက မဟာကိုးဆင့် ကျမ်းရင်း ၊ အဲ့ဒါက ကိုးယန်ကျမ်းရင်းရဲ့ အားပျော့ထားတဲ့ ဗားရှင်းပဲ။ ပြောရမယ်ဆိုရင် အမျိုးအစားတူတူပဲ။ ဒါပေမဲ့ မင်းဟာက ပိုပြီး အဆင့်မြင့်ပြီး ပိုစွမ်းအားကြီးတယ်”
တုပိုင် ရုတ်တရက် မေးလိုက်သည်။ “ငါက ဧကရာဇ်အပေါ် သစ္စာရှိတာလေ။ ပေမင်ဓားဂိုဏ်းက လက်ခံပါ့မလား”
စနစ်က ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။ “လီလျန်တင်းရဲ့ ဆရာက ပေမင်ဓားဂိုဏ်းက မဟာဆရာသခင်တစ်ပါးပဲ။ မင်း ဘယ်လိုထင်လဲ”
တုပိုင် သဘောပေါက်သွားလေသည်။ ပေမင်ဓားဂိုဏ်းသည် တစ်လောကလုံးကို ဖြန့်ကျက်ထား၏။ သီးခြား ရပ်တည်ချက်ဟူ၍ မရှိပေ။ သူတို့သည် ကမ္ဘာပေါ်ရှိ နေရာအသီးသီးမှ သိုင်းပညာရှင်ကြီးများမှတစ်ဆင့် ကမ္ဘာကြီးကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။ သူတို့သည် သိုင်းဂိုဏ်းတစ်ခု ဖြစ်သော်လည်း ကမ္ဘာကြီးကို စစ်တုရင်ခုံသဖွယ် အသုံးပြုနေခြင်း ဖြစ်သည်။ ဤကမ္ဘာ၏ တွင်းနက်ကြီးဟု တင်စားခံရခြင်းမှာ မဆန်းကြယ်ပေ။
တုပိုင် ပြန်လည်နိုးထလာချိန်တွင် မြို့ငယ်လေးတစ်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးရှိ သွေးကြောများကို ပိတ်ထားပြီး မြင်းတစ်ကောင်ပေါ် တင်ထားခံရသည်။ လီတောက်ယွဲ့မှာမူ နောက်ထပ် မြင်းတစ်ကောင်ကို စီးလျက်ရှိသည်။
ထိုအချိန်တွင် နေရောင်ခြည် စောင်းနေသဖြင့် လီတောက်ယွဲ့၏ ကိုယ်လုံးအချိုးအစားမှာ ပိုမို ပေါ်လွင်နေသည်။ ဤအမျိုးသမီးသည် အသက် ၄၀ နား ကပ်နေပြီ ဖြစ်သော်လည်း သိုင်းပညာ အလွန်မြင့်မားပြီး အတွင်းအား ကောင်းမွန်လွန်းသဖြင့် အသက် ၃၀ ထက် မပိုဟု ထင်ရသည်။ သူမထံမှ ထွက်ပေါ်နေသော ရင့်ကျက်သည့် ဆွဲဆောင်မှုမျိုးကိုမူ မိန်းမပျိုလေးများ ယှဉ်နိုင်မည် မဟုတ်ပေ။ သူမ၏ မျက်နှာသည် အမှန်တကယ် လှပသော်လည်း အမြဲတမ်း အေးစက်နေပြီး ပြုံးခဲလှသဖြင့် လူများကို ကျောချမ်းစေသည်။
“ဆရာသခင်လီ… ကျွန်တော်တို့ ဘယ်သွားနေကြတာလဲ” တုပိုင် မေးလိုက်သည်။
လီတောက်ယွဲ့က တုပိုင်ကို တစ်ချက်ကြည့်ပြီး လစ်လျူရှုလိုက်သည်။
တုပိုင်သည် သူ၏ စိတ်စွမ်းအားကို ထင်းရှူးသီးပုံဂလင်းဆီ စုစည်းလိုက်ရာ အနီရောင်အလင်းတန်းများ လင်းလက်လာပြီး စနစ်၏ မျက်လုံး ပွင့်လာသည်။ တုပိုင်သည် လီတောက်ယွဲ့၏ ခန္ဓာကိုယ်ကို စကန်ဖြင့်စစ်ဆေးလိုက်သည်။
တုပိုင်အနေဖြင့် မည်သည်ကိုမျှ နားမလည်သေးသော်လည်း စနစ်က တိုက်ရိုက် ဘာသာပြန်ပေးသည်။
“ယောက်ျားနဲ့ မိန်းမ ဆက်ဆံရေး တစ်ခါမှ မရှိဖူးတဲ့အတွက် လမ်းကြောင်းမဖြောင့်ဖြူးဘဲ ရာသီလာချိန် နာကျင်ကိုက်ခဲတတ်တယ်။ အတွေးလွန်ပြီး ညဘက် အိပ်မပျော်ဘူး။ စိတ်တိုလွယ်ပြီး စိတ်ထိခိုက်နေတယ်”
ထို့နောက် စနစ်က မေးလိုက်သည်။
“ဒီအချက်တွေကို သုံးပြီး သူ့ကို ကျေနပ်အောင် လုပ်ပေးနိုင်မယ် ထင်လား။ အထက်လူကြီးရဲ့ အမိန့်ကို ဖီဆန်ပြီး မင်းကို မသတ်ဘဲ တပည့်အဖြစ် လက်ခံလာအောင် လုပ်နိုင်မလား”
တုပိုင် ခေါင်းခါလိုက်သည်။ အထူးသဖြင့် ပထမအချက်ပင်။ ထိုအကြောင်းကို သွားရောက်ပြောဆိုပါက အသတ်ခံရမည်မှာ သေချာသည်။
ရုတ်တရက် လီတောက်ယွဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ယိုင်နဲ့သွားသည်။ ထင်မှတ်ထားသည့်အတိုင်းပင်။ သူမ၏ ဓမ္မတာလာနေပြီဖြစ်ပြီး နာကျင်ကိုက်ခဲနေပုံ ရသည်။ တုပိုင်သည် သွေးညှီနံ့သင်းသင်းကိုပင် ရလိုက်သည်။
“ဆရာသခင်လီ… ခင်ဗျား မျက်နှာသိပ်မကောင်းဘူး။ နည်းနည်းလောက် နားမလား။ ကျွန်တော် သကြားညိုရည်လေး ဖျော်ပေးမယ်လေ” တုပိုင်က မေးလိုက်သည်။
“တုပိုင်… မင်းက ကောက်ကျစ်စဉ်းလဲမှန်း ငါသိတယ်။ လမ်းမှာ ငါ့ကို မျက်နှာလိုမျက်နှာရ လုပ်ပြီး အသက်ချမ်းသာပေးဖို့ မျှော်လင့်နေရင်တော့ အိပ်မက်မမက်နဲ့” လီတောက်ယွဲ့က အေးစက်စက် ပြောလိုက်သည်။ “မင်း သေကို သေရမယ်။ ဒီက မိစ္ဆာဂိုဏ်းခွဲ ကိစ္စကို ဖြေရှင်းပြီးရင် မင်းကို ပေမင်ဓားဂိုဏ်းရဲ့ အန်ချိုကျွန်းကို ခေါ်သွားပြီး သတ်မယ်”
ရုတ်တရက် တုပိုင်သည် အရေးကြီးသည့် သတင်းအချက်အလက်တစ်ခုကို ရလိုက်သည်။ မိစ္ဆာဂိုဏ်းခွဲ။
ထိုအချိန်တွင်မှ ဤမြို့လေးမှာ အတော်လေး ထူးဆန်းနေကြောင်း တုပိုင် သတိထားမိလိုက်သည်။ မြို့ထဲတွင် ကြာပန်းမိစ္ဆာအလံများ နေရာအနှံ့ လွှင့်ထူထား၏။ လူတိုင်းက တုပိုင်နှင့် လီတောက်ယွဲ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။ တစ်မြို့လုံးသည် မိစ္ဆာဂိုဏ်းတစ်ခုခု၏ တပည့်များ ဖြစ်နေသည်လား။
ထို့ပြင် လမ်းတစ်လျှောက်လုံး ၊ ဟူပေနှင့် ရှန်တုန်းအပါအဝင် နေရာအနှံ့၌ လူများမှာ အလွန်ဆင်းရဲပြီး အဝတ်အစားပင် မရှိကြပေ။ အထူးသဖြင့် ရှန်တုန်းတွင်ဆိုလျှင် သစ်ရွက်များပင် ကုန်သလောက် ဖြစ်နေချေပြီ။ နှစ်စပိုင်းက မိုးခေါင်ရေရှားမှုသည် ယခုထိတိုင် မပြေလည်သေးသည်လား။
လီတောက်ယွဲ့က မြို့လယ်ခေါင်သို့ လျှောက်သွားလိုက်သည်။ ဘေးနားတွင် လူများလာလေ အကြည့်များက ပို၍ အန္တရာယ်များလာလေ ၊ ထူးဆန်းလာလေ ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေ မကောင်းမှန်း တုပိုင် ခံစားမိလိုက်ပြီး ပြောလိုက်သည်။
“ဆရာသခင်လီ… ဒီနေရာက အခြေအနေ မဟန်ဘူးဗျ။ တစ်ယောက်ယောက်က ခင်ဗျားကို ထောင်ချောက်ဆင်ထားတာ ဖြစ်နိုင်တယ်။ သတိထားပါ”
လီတောက်ယွဲ့က နှာခေါင်းရှုံ့လိုက်သည်။
“ကြာပန်းမိစ္ဆာဂိုဏ်းက အင်အားကြီးတယ် ဆိုပေမဲ့ မြို့ငယ်လေးတစ်မြို့က ဂိုဏ်းခွဲလေးလောက်ကိုတော့ ငါ ဂရုမစိုက်ဘူး။ ဓားတစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်လိုက်မယ်”
တုပိုင်က ပြောသည်။ “ဒါပေမဲ့ ကျွန်တော်ကတော့ ပူးပေါင်းကြံစည်မှု အနံ့ကို ရနေတယ်။ ဆရာသခင်လီ သတိထားတာ ကောင်းမယ်။ အရင်ဆုံး ပြန်ဆုတ်ပြီး အခြေအနေ အကဲခတ်ပြီးမှ ဝင်တာ ပိုမကောင်းဘူးလား”
လီတောက်ယွဲ့၏ မျက်နှာက အေးစက်သွားပြီး လေထဲသို့ လက်ညှိုးထိုးလိုက်ရာ တုပိုင်၏ စကားပြောအကြောကို ထိမှန်သွားပြီး စကားမပြောနိုင်တော့ပေ။ နှစ်ယောက်သား ကြာပန်းမိစ္ဆာဂိုဏ်းခွဲ၏ အဆောက်အအုံရှေ့သို့ ရောက်လာကြသည်။ လီတောက်ယွဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ဓားကို ဆွဲထုတ်ကာ ဝင်သွားလိုက်သည်။
“ဘယ်ကောင်လဲဟ။ ငါတို့ ဂိုဏ်းခွဲကို လာပြီး ဓားထုတ်ရဲတာလား” ကြာပန်းမိစ္ဆာဂိုဏ်းသားများက အော်ဟစ်ပြီး ပြေးဝင်လာကြသည်။
“ရွှပ်… ရွှပ်… ရွှပ်…”
လီတောက်ယွဲ့က လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး ဂိုဏ်းသား ၄ ယောက် ချက်ချင်း ခါးလည်မှ ပြတ်ကျသွားကြသည်။ ထို့နောက် လီတောက်ယွဲ့က အတွင်းသို့ တဟုန်ထိုး ဝင်သွားလိုက်သည်။
“ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ အကြွင်းအကျန်တွေ… မင်းတို့က အရင်တုန်းက ကောင်းကင်မိစ္ဆာဂိုဏ်းကို သစ္စာဖောက်ခဲ့ကြတယ်။ အခု တိုင်းပြည် မငြိမ်မသက်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး လူတွေကို စုဆောင်းတယ်၊ မကောင်းမှုတွေ လုပ်ပြီး အရပ်လေးမျက်နှာကို ဒုက္ခပေးနေကြတယ်”
လီတောက်ယွဲ့က အေးစက်စွာ ပြောလိုက်သည်။ “တခြားနေရာမှာ မင်းတို့ ဘာလုပ်လုပ် ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒီနေရာက ငါတို့ ပေမင်ဓားဂိုဏ်းရဲ့ နယ်မြေပဲ။ ဒီမှာလာပြီး ကြာပန်းမိစ္ဆာဂိုဏ်းကို တည်ထောင်တာက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”
ဤစကားထဲတွင်လည်း သတင်းအချက်အလက်များစွာ ပါဝင်နေသည်။ ဤကြာပန်မိစ္ဆာဂိုဏ်းဆိုသည်မှာ ကောင်းကင်မိစ္ဆာဂိုဏ်း၏ အကြွင်းအကျန်များနှင့် သစ္စာဖောက်များဖြစ်လေ၏။
“ဟားဟားဟားဟား…”
ထိပ်ပြောင်ပြောင် ဘုန်းကြီးအတုတစ်ပါး ထွက်လာပြီး ရယ်မောလိုက်သည်။
“မတွေ့တာ ၁၀ နှစ်တောင် ရှိပြီပဲ။ လီတောက်ယွဲ့ နတ်မိမယ်လေးက အရင်ကထက်တောင် ပိုလှလာပါလား။ တကယ်ပါ… ငါ မင်းကို အိပ်မက်မက်တာ အကြိမ်ကြိမ်ပဲ”
ဤစကားကို ကြားလိုက်ရသော် လီတောက်ယွဲ့၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမရှေ့မှ ထိပ်ပြောင်ပြောင် ဘုန်းကြီးအတုမှာ မိစ္ဆာဂိုဏ်း၏ သစ္စာဖောက်များထဲမှ တစ်ဦးဖြစ်ပြီး ယခု ကြာပန်းမိစ္ဆာဂိုဏ်း၏ အကြီးအကဲ လင်းအာချန် ဖြစ်သည်။ လွန်ခဲ့သည့် ၁၀ နှစ်က လီတောက်ယွဲ့သည် သူနှင့် တိုက်ခိုက်ဖူးပြီး အသာစီးရခဲ့ဖူးသည်။
ဤတစ်ကြိမ် အထက်က စေခိုင်းသဖြင့် ကြာပန်းမိစ္ဆာဂိုဏ်းကို လာရောက်ရှင်းလင်းခြင်း ဖြစ်သော်လည်း ဤပြိုင်ဘက်ဟောင်းနှင့် လာရောက်တွေ့ဆုံမည်ဟူ၍ ထင်မထားခဲ့ပေ။ ဤနေရာသည် အဆင့်နိမ့် ဂိုဏ်းခွဲငယ်တစ်ခုမျှသာ ဖြစ်ချေသည်။ သူမတစ်ယောက်တည်း အလွယ်တကူ ရှင်းလင်းပစ်နိုင်မည်ဟု ထင်မှတ်ထားခဲ့မိသည်။ သို့သော် အကြီးအကဲအဆင့် သိုင်းပညာရှင်တစ်ယောက် ဤနေရာတွင် ရှိနေလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။
“ဟားဟား… ငါနဲ့ လာတွေ့မယ်လို့ ထင်မထားဘူးမလား” လင်းအာချန်က ပြောလိုက်သည်။ “ငါလည်း မင်းနဲ့ ပြန်တွေ့ရမယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး။ လီတောက်ယွဲ့ ညီမလေးရေ… ပေမင်ဓားဂိုဏ်းမှာ မနေပါနဲ့တော့။ ကြာပန်းမိစ္ဆာဂိုဏ်းကို လာခဲ့ပါ။ ငါတို့နှစ်ယောက် နေ့တိုင်း စုံတွဲကျင့်ကြံကြတာပေါ့။ ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ။ ဟားဟားဟား…”
ထို့နောက် သူ့အကြည့်က လီတောက်ယွဲ့ဘေးမှ တုပိုင်အပေါ် ကျရောက်သွားသည်။
“အို… နတ်မိမယ် လီတောက်ယွဲ့က အထီးကျန်တာကို မခံနိုင်တော့ဘူးနဲ့ တူတယ်။ ဘေးမှာ မျက်နှာဖြူလေးတစ်ကောင်တောင် ပါလာပါလား။ ရပါတယ်။ အတူတူပေါ့။ အကုန်လုံး ပျော်ပျော်ပါးပါးကြီး ဖြစ်သွားတာပေါ့… ဟားဟားဟား”
အပိုင်း (၃၇၄) ပြီး၏။