← Chapters

အခန်း (၃၇၆)

Vol. 38 Ch. 376

အခန်း (၃၇၆)

Vol. 38 Ch. 376

လင်းအာချန်သည် တုပိုင်နှင့် ၆ မီတာ ၊ ၇ မီတာခန့် ကွာဝေးလေ၏။ ဤအကွာအဝေး၌ အထွတ်အထိပ် မဟာဆရာသခင်အဆင့်မှ ရိုက်ထုတ်လိုက်သော ရွှမ်းချီအတွင်းအားပင်လျှင် သိပ်မကျန်တော့ချေ။ တုပိုင်ကဲ့သို့ အဆင့် ၆ သိုင်းသမားလေးအတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။

ထို့ကြောင့် လင်းအာချန်သည် ရယ်မောလိုက်ပြီး တုပိုင်၏ လက်ညှိုးမှ ထွက်ပေါ်လာသော ဓားချီကို မျက်လုံးထဲပင် မထည့်ခဲ့ပေ။ တုပိုင်က သူ၏ သေကွင်းသေကွက်ကို တိုက်ခိုက်လျှင်တောင် လာထိပါက ယားသလိုသာ နေပေလိမ့်မည်။ ထို့ကြောင့် လင်းအာချန်သည် ရှေ့သို့ တလှမ်းချင်း တိုးလာပြီး တုပိုင်ကို လက်ဝါးဖြင့် ရိုက်သတ်ရန် ပြင်လိုက်သည်။

“ဖောက်..”

ဓားချီသည် လင်းအာချန်၏ ချက်ကို အလွယ်တကူပင် ဖောက်ထွင်းသွားလေသည်။ လင်းအာချန်သည် ခေတ္တမျှ ငြိမ်သက်သွားပြီး တုပိုင်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။ ၇ မီတာ ၊ ၈ မီတာခန့် အကွာအဝေး၌ ဤမျက်နှာဖြူလေး ထုတ်ဖော်လိုက်သော ဓားချီသည် လွင့်ပျယ်သွားခြင်း မရှိဘဲ စုစည်းနေပြီး သူ၏ သေကွင်းသေကွက်ကို တန်းတန်းမတ်မတ် ဖောက်ထွင်းသွားလေ၏။ သေကွင်းသေကွက် ဆိုသည်မှာ အဘယ်နည်း။

အလွန်ပျော့ညံ့ပြီး ကာကွယ်မှု အနည်းငယ်မျှပင် မရှိသော နေရာကို ဆိုလိုသည်။

သေကွင်းသေကွက် ဖောက်ထွင်းခံလိုက်ရပြီးနောက် လင်းအာချန်သည် လေပေါက်နေသော ပူပေါင်းတစ်လုံးကဲ့သို့ ဖြစ်သွားရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကျင့်ကြံခြင်းအခြေခံများသည် ရူးသွပ်မတတ် စီးဆင်းထွက်ပေါ်လာတော့သည်။

အစပိုင်းတွင် အတွင်းအားစွမ်းအင်များ ရူးသွပ်စွာ စီးဆင်းထွက်ပေါ်လာခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင်မူ သွေးများ ပန်းထွက်လာခြင်းသာ ဖြစ်သည်။

“အာ… အာ… အာ…”

လင်းအာချန်သည် သနားစဖွယ် ညည်းညူအော်ဟစ်လိုက်သည်။ အစပိုင်းတွင် သေကွင်းသေကွက်မှ သွေးများ ယိုစီးကျလာပြီးနောက် သူ၏ ပါးစပ်မှ သွေးတစ်လုပ် အန်ထွက်လာလေသည်။

“ငါ လင်းအာချန်က တစ်ဘဝလုံး သိုင်းလောကမာ ကျင်လည်ခဲ့ပေမဲ့ နောက်ဆုံးတော့ သိုင်းပညာနိမ့်ပါးတဲ့ မျက်နှာဖြူလေးလက်ချက်နဲ့ သေရမယ်လို့ ထင်မထားခဲ့မိဘူး။ ဟားဟားဟား…”

လင်းအာချန်က ရယ်မောကာ ပြောလိုက်သည်။

“မျက်နှာဖြူလေး… ဒီ လီတောက်ယွဲ့ နတ်မိမယ်ကို မင်းပဲ စိတ်ကြိုက် စံစားလိုက်ပါတော့ ၊ အားမနာနဲ့…”

ထို့နောက် သူသည် သွေးတစ်လုပ် ထပ်အန်လိုက်ပြီး လင်းအာချန်သည် မြေပြင်ပေါ်သို့ လဲကျကာ သေဆုံးသွားလေသည်။

**--**--**--**--**--**--**--**

လင်းအာချန် သေဆုံးပြီးနောက် လီတောက်ယွဲ့သည် တုပိုင်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်မိသည် ၊ သတိထားနေသလို ကြောက်ရွံ့မှု အနည်းငယ်လည်း ပါဝင်နေသည်။

ယခုအခါ သူမသည် လင်းအာချန်၏ မိစ္ဆာဆေးမိထားသဖြင့် ခုခံနိုင်စွမ်း လုံးဝ မရှိတော့ချေ။ အကယ်၍ တုပိုင်ကသာ သူမအပေါ် တစ်ခုခု ကြံစည်လိုလျှင် သူမအနေဖြင့် တားဆီးနိုင်မည် မဟုတ်ပေ။

ယခုတစ်ကြိမ် လီတောက်ယွဲ့ မိထားသည့် ဆေးအရှိန်သည် ကျီပြောင်ပြောင်နှင့် မတူညီပေ။

ထိုစဉ်က အစ်မကျီပြောင်ပြောင်သည် အသိစိတ် အပြည့်အဝ ရှိနေသော်လည်း သူမ၏ ခန္ဓာကိုယ်သည် မီးတောင်ပေါက်ကွဲသကဲ့သို့ လုံးဝ ထိန်းချုပ်၍ မရခဲ့ပေ။

ယခု လီတောက်ယွဲ့ မိထားသည်မှာ မိုဟယ်အဆိပ်မှုန့်ဖြစ်ပြီး တစ်ကိုယ်လုံး ပူလောင်ကာ အမြင်အာရုံများ ဝေဝါးနေသော်လည်း သူမ၏ စိတ်အာရုံမှာ ကြည်လင်နေဆဲ ဖြစ်သည်။ လင်းအာချန်ကဲ့သို့ ယုတ်မားသူသည် လီတောက်ယွဲ့ အသိစိတ်ရှိနေချိန်တွင် စော်ကားချင်ခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်မှသာ အရသာရှိသည်ဟု ခံယူထားခြင်း ဖြစ်၏။

သို့သော် အမျိုးသမီးများအပေါ် အာနိသင်ပြသော ဤဆေးသည် အမျိုးသားများအတွက်မူ လုံးဝ အာနိသင်မရှိချေ။ ထို့ကြောင့် လင်းအာချန်နှင့် ကြာပန်းမိစ္ဆာဂိုဏ်းသားများသည် ဆေးအမြောက်အမြားကို ရှူရှိုက်မိပြီးသည့်တိုင် ခန္ဓာကိုယ် ပျော့ခွေသွားခြင်း မရှိသည့်အပြင် ကြက်သွေးသောက်ထားသကဲ့သို့ တိုက်ခိုက်လိုစိတ်များ ပိုမို ပြင်းထန်လာခဲ့ကြသည်။

“တုပိုင်… မင်း ငါ့ကို တစ်ခုခု လုပ်ချင်တယ်ဆိုရင် ကိစ္စပြီးတာနဲ့ ငါ့ကို သတ်လိုက်တာ ပိုကောင်းလိမ့်မယ်” လီတောက်ယွဲ့က ပြောလိုက်သည်။ “လောကကြီးထဲ ရောက်လာမှတော့ ပြန်ပေးဆပ်ရမှာပါပဲ။ လီတောက်ယွဲ့တစ်ယောက် ကျားမြေဆင်းမိမှတော့ ပြောစရာ စကားမရှိတော့ပါဘူး”

ထိုသို့ ပြောပြီးနောက် လီတောက်ယွဲ့သည် မောဟိုက်နေပြီး သူမ၏ အခြေအနေမှာ ဆိုးရွားနေသည်။ ပထမအချက်အနေဖြင့် ဆေးမိထားသဖြင့် တစ်ကိုယ်လုံး နီရဲနေ၏။ ထို့အပြင် ဝမ်းဗိုက်တွင် ဓားဒဏ်ရာရထားပြီး သွေးများ စီးကျနေသလို သူမ၏ ဝတ်ရုံမှာလည်း လင်းအာချန်၏ ဆွဲဖြဲခြင်းကို ခံထားရသဖြင့် ဖြူဖွေးသော ခန္ဓာကိုယ် အစိတ်အပိုင်း အများစုမှာ ပေါ်လွင်နေသည်။

တုပိုင်သည် ရှေ့သို့ တိုးလာပြီး လီတောက်ယွဲ့၏ ဝတ်ရုံကို ပြန်ဖုံးပေးကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်လီ… ခင်ဗျားကို ကျောပိုးပြီး ဖောက်ထွက်မယ်။ ကျွန်တော့်ရဲ့ တောရိုင်းမြင်းဘုရင်က အရမ်း မြန်တယ်။ မြင်းပေါ်ရောက်တာနဲ့ ကြာပန်းမိစ္ဆာဂိုဏ်းသားတွေ ဘယ်လိုမှ လိုက်မီမှာ မဟုတ်တော့ဘူး”

ထိုစကားကို ကြားလိုက်ရသောအခါ လီတောက်ယွဲ့ မှင်သက်သွားမိသည်။

တုပိုင်က အခွင့်ကောင်းယူပြီး သူမကို မစော်ကားသည်ကပင် ကြီးမားသော ကျေးဇူးတရားတစ်ခုဖြစ်၏။ ယခု သူမကို ကယ်ထုတ်ဦးမည်လော။ အမှန်တကယ်တော့ သူလည်း ဤကဲ့သို့ မလုပ်ချင်သော်လည်း အဓိကအချက်မှာ စနစ်၏ အမိန့်ကြောင့်ပင် ဖြစ်သည်။ တုပိုင်က လီတောက်ယွဲ့ကို ကျောပိုးလိုက်သည်။

သောက်ကျိုးနည်း… ဂိုဏ်းချုပ်လီက ကြည့်ရတာ ပိန်ပိန်ပါးပါးလေး ဖြစ်သော်လည်း ကိုယ်အလေးချိန်က မပေါ့ပါးလှပေ ၊ အနည်းဆုံး ပေါင် ၁၁၀ ကျော်လောက်တော့ ရှိပေလိမ့်မည်။ ပွယောင်းသော ဝတ်ရုံအောက်၌ အတော်လေး ပြည့်ဖြိုးနေသည်။

“အဆင်သင့်ပြင်ထား… ကျွန်တော်တို့ ဖောက်ထွက်တော့မယ်” တုပိုင်က ပြောလိုက်သည်။ “ဖောက်မထွက်နိုင်ရင် ဒီမှာပဲ အကုန်သေကြရလိမ့်မယ်”

လီတောက်ယွဲ့ စကားမပြောနိုင်ခင်မှာပင် တုပိုင်သည် လီတောက်ယွဲ့ကို ကျောပိုးလျက် ကြာပန်းမိစ္ဆာဂိုဏ်း ယဇ်ပလ္လင်မှ ပြေးထွက်လိုက်တော့သည်။

အပြင်ဘက်မှ လူများသည် တုပိုင်နှင့် လီတောက်ယွဲ့ကို မြင်လိုက်ရသောအခါ လန့်သွားကြပြီးနောက် ဓားများကို ဆွဲထုတ်ကာ အော်ဟစ်လိုက်ကြသည်။

“သတ်… ဒီမိစ္ဆာခွေးကောင်ကို သတ်…”

တုပိုင်သည် လက်တစ်ဖက်ဖြင့် လီတောက်ယွဲ့ကို ထိန်းကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။

“ရွှီး… ရွှီး… ရွှီး…”

သွေးကြောခြောက်သွယ်ဓားသိုင်း ၊ ရှောင်ယန်ဓား ၊ ကျုံးယန်ဓား ၊ တိုက်ယန်ဓား ၊ တိုက်ရွှီဓား ၊ တိုက်ချုံးဓား ၊ တိုက်အာဓား စသည့် စုံလင်လွန်းလှသည်။

ပုံမှန်သိုင်းသမားများသည် ဓားချီထုတ်ဖော်ရန် အချိန်ယူ စုစည်းရလေ့ ရှိသည်။ သို့သော် တုပိုင်၏ သွေးကြောခြောက်သွယ် ဓားသိုင်းမှာမူ စတင်လိုက်သည်နှင့် ရပ်တန့်၍ မရတော့ချေ။

နောက်ဆုံးတွင် လူသတ်စက်ကဲ့သို့ ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး ဓားချီနှင့်ပင် မတူတော့ဘဲ စက်သေနတ်ဖြင့် ပစ်ခတ်နေသကဲ့သို့ ဖြစ်နေတော့သည်။

ရူးသွပ်စွာ ပေါက်ကွဲထွက်နေခြင်း ဖြစ်သည်။

အထူးသဖြင့် နောက်ဆုံး တိုက်အာဓားဆိုလျှင် လူအုပ်လိုက်ကို ရှင်းထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။

“ရွှီး… ရွှီး… ရွှီး… ရွှီး…”

တုပိုင်၏ သွေးကြောခြောက်သွယ်ဓားသိုင်း ထိမှန်သွားသည်နှင့် အဆင့် ၅ အောက် ရန်သူများအားလုံး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ စက္ကန့် ၃၀ ခန့် အတွင်းမှာပင် တုပိုင်၏ ရှေ့၌ လူပေါင်းများစွာ လဲကျသွားပြီး သေသည်ရှင်သည် မကွဲပြားတော့ဘဲ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်နေကြသည်။

သောက်ကျိုးနည်း တုပိုင် ကိုယ်တိုင် မှင်သက်သွားမိသည်။ ဤသည်မှာ သွေးကြောခြောက်သွယ် ဓားသိုင်း ဟုတ်ရဲ့လော။

‘စနစ်… မင်း ငါ့ကို လိမ်တာပဲ ၊ မင်း ငါ့ကို သေချာပေါက် လိမ်တာပဲ။ ဝတ္ထုထဲက သွေးကြောခြောက်သွယ် ဓားသိုင်းက ဒီလောက်ကြီး မကြမ်းပါဘူး။’

ဤသည်မှာ ဘယ်နေရာက သွေးကြောခြောက်သွယ် ဓားသိုင်း ဖြစ်ရမည်နည်း။ ဤသည်မှာ ရွှမ်းချီဗားရှင်း စက်သေနတ်ကြီး ဖြစ်နေသည် မဟုတ်ပါလော။

အဓိကအချက်မှာ တုပိုင်သည် အဆင့် ၆ သိုင်းပညာရှင်သာ ရှိသေးသည်။ အဆင့် ၆ သိုင်းပညာရှင်က ထုတ်ဖော်လိုက်သည့် သွေးကြောခြောက်သွယ် ဓားသိုင်းကပင် ဤမျှလောက် ကြမ်းတမ်းနေပြီ ဖြစ်သည်။ အကယ်၍ သူသာ ပထမအဆင့် သိုင်းပညာရှင် ၊ သို့မဟုတ် မဟာဆရာသခင်အဆင့် ရောက်သွားခဲ့လျှင်… လောကကြီး၌ မည်သူကများ ယှဉ်ပြိုင်နိုင်ဦးမည်နည်း။

ထိုအချိန်တွင် တုပိုင်၏ စိတ်ထဲ၌ ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်သည်။ “ကြမ်းတယ်မလား။ ဒါက မင်းရဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ကိုယ်ပိုင်စွမ်းအားပဲ”

ကြာပန်းမိစ္ဆာဂိုဏ်း ယဇ်ပလ္လင် အပြင်ဘက်ရှိ ဂိုဏ်းသားများလည်း တုပိုင်ကြောင့် လုံးဝ ကြောင်အသွားကြသည်။

အမှန်စင်စစ် အပြင်ဘက်၌ အဆင့် ၃ ၊ အဆင့် ၄ သိုင်းပညာရှင်များစွာ ရှိနေပြီး တုပိုင်၏ သွေးကြောခြောက်သွယ် ဓားသိုင်းသည် သူတို့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ တုပိုင်သည် အဆင့် ၆ အနိမ့်ပိုင်း သိုင်းပညာရှင်သာ ရှိသေးသည်။

သို့သော် သူတို့သည် တုပိုင်၏ သတ်ဖြတ်နိုင်စွမ်းကို ကြည့်ပြီး တုန်လှုပ်သွားကြခြင်း ဖြစ်သည်။ ပြိုင်ဘက်ကင်း ရန်သူတစ်ယောက်ကဲ့သို့ လူများကို ပွဲချင်းပြီး သတ်ဖြတ်နေသောကြောင့်ပင်။

ထို့ကြောင့် သူတို့သည် ချက်ချင်း မလှုပ်ရဲကြသလို တုပိုင်ကိုလည်း ဝင်မတားရဲကြချေ။

ဤနည်းဖြင့် တုပိုင်သည် လီတောက်ယွဲ့ကို ကျောပိုးလျက် ဝိုင်းထားသည်ကို ဖောက်ထွက်လာခဲ့ပြီး သူ၏ တောရိုင်းမြင်းဘုရင်ပေါ်သို့ ခုန်တက်လိုက်သည်။

“ပြေးတော့… ပြေးတော့…”

အော်ဟစ်နေစရာပင် မလိုဘဲ တောရိုင်းမြင်းဘုရင်သည် ဒုန်းစိုင်းပြေးထွက်သွားတော့သည်။

“လိုက်ကြစမ်း…” ကြာပန်းမိစ္ဆာဂိုဏ်းသားများက ရူးသွပ်စွာ လိုက်ဖမ်းကြသည်။ သို့သော် သူတို့၏ အမြန်နှုန်းမှာ တောရိုင်းမြင်းဘုရင်ကို ယှဉ်နိုင်ခြင်း မရှိသဖြင့် ခဏအတွင်းမှာပင် ကျန်ရစ်ခဲ့ကြတော့သည်။

**--**--**--**--**--**--**--**

တုပိုင်သည် လီတောက်ယွဲ့ကို ခေါ်ဆောင်ကာ တောင်နက်ကြီးထဲရှိ ရေကန်တစ်ခုဘေးသို့ ရောက်မှ ရပ်တန့်လိုက်သည်။

ထိုအချိန်တွင် လီတောက်ယွဲ့သည် သတိလစ်လုနီးပါး ဖြစ်နေပြီး ဝမ်းဗိုက်မှ ဒဏ်ရာပွင့်ထွက်ကာ သွေးများက ဝတ်ရုံကို စိုရွှဲနေပြီ ဖြစ်သည်။

တုပိုင်က သူမကို ပွေ့ချလိုက်ပြီး ရေစပ်နားတွင် ချပေးကာ သူမ၏ ဝတ်ရုံကို ဖြေလိုက်သည်။

လီတောက်ယွဲ့က မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး တုပိုင်ကို ကြည့်ကာ မေးလိုက်သည်။

“မင်း ဘာလုပ်မလို့လဲ”

တုပိုင်က ပြောလိုက်သည်။ “ဒဏ်ရာကို မကုသရင် ခင်ဗျား သွေးထွက်လွန်ပြီး သေသွားလိမ့်မယ်”

လီတောက်ယွဲ့က တုပိုင်ကို မျက်လုံးအနီရဲကြီးများဖြင့် ကြည့်ကာ တောင်းပန်လိုက်သည်။

“တုပိုင်… ငါ့ကို သေခိုင်းလိုက်ပါ ၊ ငါ့ကို သတ်ချင်သတ်လိုက်ပါ ၊ ငါ့ကို အပိုင်းပိုင်း ခုတ်ချင်ခုတ်လိုက်ပါ။ ဒါပေမဲ့ ငါတောင်းပန်ပါတယ်… ငါ့ခန္ဓာကိုယ်ကို မစော်ကားပါနဲ့။ ငါက ဘာပဲဖြစ်ဖြစ် ဖြူစင်သန့်ရှင်းတဲ့ တောက်ယွဲ့နတ်မိမယ်ပဲ”

သောက်ကျိုးနည်း… ကိုယ့်ဘာသာကိုယ်တောင် အမွှန်းတင်နေလိုက်သေးသည်။

ပြောပြီးသည်နှင့် လီတောက်ယွဲ့ ပြန်လည် မေ့မြောသွားပြန်သည်။

တုပိုင်က လီတောက်ယွဲ့၏ ဝတ်ရုံကို ဖြေလိုက်သောအခါ အံ့အားသင့်သွားရတော့သည်။

အပိုင်း ၃၇၆ ပြီး။

All Chapters