အခန်း (၃၇၈)
Vol. 38 Ch. 378
“တုပိုင်… မင်း ငါ့အသက်ကို ကယ်ခဲ့တယ်။ ငါ လီတောက်ယွဲ့က ကျေးဇူးတရားနဲ့ အာဃာတကို သဲကွဲပြတ်သားသူပါ။ ဒီနေ့ ငါ မင်းကို လွှတ်ပေးလိုက်မယ်။ နောက်နောင်ကျရင်တော့ ပေမင်ဓားဂိုဏ်းက တခြားလူတွေရဲ့ ဖမ်းဆီးတာ မခံရဖို့သာ ဆုတောင်းပေတော့။ မင်းက ပေမင်ဓားဂိုဏ်းရဲ့ အန်ချိုကျွန်း သတ်ဖြတ်ခြင်းစာရင်းထဲမှာ ပါနေတဲ့သူပဲ။ သေဖို့ အခွင့်အလမ်းက များနေပြီ။ ငါပြန်ရောက်ရင် အန်ချိုကျွန်းသခင်ဆီမှာ မင်းအတွက် အတတ်နိုင်ဆုံး လျှောက်လဲပေးပါ့မယ်။ ဒါပေမဲ့ ရလဒ်ကိုတော့ ကံတရားအတိုင်းပဲ ပုံချထားလိုက်ရတော့မှာပဲ…”
ထို့နောက် လီတောက်ယွဲ့သည် တုပိုင် နိုးလာသည်ကိုပင် မစောင့်တော့ဘဲ လေနှင်ရာအတိုင်း လွင့်မျောကာ ထွက်ခွာသွားချေ၏။
သူမ ၊ ဤအတိုင်းပင် ထွက်သွားတော့မည်လား။ ယခုလက်ရှိ အချိန်တွင် တုပိုင်သည် အိပ်ပျော်နေဆဲ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုးယန်ကျမ်းရင်းကို အသုံးပြုထားချိန်တွင် လူ၏ စိတ်ဝိညာဉ်သည် အတတ်နိုင်ဆုံး သက်သောင့်သက်သာ အခြေအနေတွင် ရှိနေရမည်ဖြစ်ပြီး တစ်ကိုယ်လုံးရှိ ချွေးပေါက်များ ပွင့်ကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို လက်ခံရယူနေရသောကြောင့် ဖြစ်ပေသည်။
လီတောက်ယွဲ့က နှုတ်ဆက်စကားပင် မဆိုဘဲ ဤအတိုင်း ထွက်သွားလေသည်လား။ ထိုသို့ဆိုလျှင် စနစ်၏ နောက်တစ်ဆင့် အစီအစဉ်က မည်သို့ ဆက်သွားမည်နည်း။
လီတောက်ယွဲ့ ထွက်ခွာသွားပြီး မကြာမီမှာပင် နောက်ထပ် နှင်းသကဲ့သို့ ဖြူဖွေးသော ပုံရိပ်တစ်ခုသည် လွင့်ပျံလာပြီး ရပ်တန့်လိုက်၏။ ဤအမျိုးသမီးသည် လီတောက်ယွဲ့ထက် ပိုမိုငယ်ရွယ်ပြီး ပို၍လည်းလှပပေသည်။ သို့သော် သူမ၏ မျက်လုံးများက ပိုမိုအေးစက်ပြီး ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ပါဝင်နေ၏။
အကယ်၍ တုပိုင်သာ နိုးနေမည်ဆိုလျှင် သူမသည် လူတစ်ယောက်နှင့် အတော်လေး တူကြောင်း သတိထားမိပေလိမ့်မည်။ ထိုလူမှာ မိုဟန်ပင် ဖြစ်ချေသည်။ သူမသည် ရင့်ကျက်ပြီး ရက်စက်သော မိုဟန်၏ ဗားရှင်းတစ်ခုနှင့် တူ၏။ မိုဟန်ထက်ပင် ပိုမိုတောက်ပကာ သူမ မည်မျှလှပကြောင်း ပြသနေသကဲ့သို့ ရှိသည်။
သူမသည် ထိုစဉ်က ကျီယင်ယင်နီးပါးခန့် ရင်သပ်ရှုမောဖွယ် ကောင်းလှပေ၏။ သူမသည် စော်ဘွားမိုယင်၏ ညီမ ဖြစ်ပြီး မိုမိသားစုကို စွန့်ခွာခဲ့သူ မိုချိုပင် ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်များဆီက သူမတွင် အခြားသော ဂုဏ်ပုဒ်တစ်ခု ရှိခဲ့ဖူး၏။ ယင်းမှာ မိစ္ဆာဂိုဏ်းချုပ် ကျီယင်ယင်၏ အချစ်ပြိုင်ဘက် ဖြစ်ပြီး ပေမင်ဓားဂိုဏ်းမှ နင်တောက်ရွှမ်ကို တစ်ဖက်သတ် စွဲလမ်းခဲ့ဖူးသူ ဖြစ်သည်။
လီတောက်ယွဲ့သည် အထွတ်အထိပ် မဟာဆရာသခင် အဆင့်ဖြစ်ပြီး သူမ၏ ရှေ့မှ မိုချိုသည် စစ်မှန်သော မဟာဆရာသခင် အဆင့် ဖြစ်ပေ၏။ မည်သည့်အဆင်က ပိုမြင့်သည်နည်းကို ဘာသာပြန်သူလည်း မသိချေ။ သို့သော် ခေတ်ကာလနှင့် တွပ်ချက်ကြည့်ရလျှင် စစ်မှန်သော မဟာဆရာသခင် အဆင့်က ပိုမို၍မြင့်မားကြောင်း ဘာသာပြန်သူက ခန့်မှန်းမိ၏။
**--**--**--**--**--**--**--**
တောင်ကြားထဲသို့ ဝင်ရောက်လာပြီးနောက် မိုချိုသည် လီတောက်ယွဲ့ ထွက်ခွာသွားသည့် ခြေရာလက်ရာများကို အာရုံခံမိလိုက်သည်။ သူမ၏ မျက်လုံးများ အေးစက်သွားပြီး ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်လိုက်၏။
“ကောင်မစုတ် လီတောက်ယွဲ့… မသေသေးဘူးပေါ့လေ”
ထို့နောက် သူမ၏ မျက်လုံးများက တုပိုင်၏ မျက်နှာပေါ်သို့ ကျရောက်သွားချေ၏။
“ကုန်းကုန်းလေး… ငါ့အတွက်တော့ ကောင်းတာပေါ့” မိုချို၏ လက်ထဲမှ ထက်မြက်သော ဓားသည် တိတ်ဆိတ်စွာဖြင့် တုပိုင်ကို သတ်ဖြတ်ရန် တန်းတန်းမတ်မတ် ဝင်ရောက်သွားလေသည်။
ဤအမျိုးသမီးသည် လီတောက်ယွဲ့နှင့်အတူ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် ရှိရာနေရာကို မတော်တဆ ရှာတွေ့ခဲ့သူ ဖြစ်၏။ ထို့နောက် သူမသည် ကြာပန်းမိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းကာ လီတောက်ယွဲ့ကို သတ်ဖြတ်ရန် ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ဓားသွားသည် လမ်းတစ်ဝက်သို့ ရောက်သောအခါ သူမ ပြန်လည် ရပ်တန့်လိုက်၏။ အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူမသည် တုပိုင်ကို မကာ မြင်းကျောပေါ်သို့ တင်လိုက်ခယသည်။ ထို့နောက် သူ့ခေါင်းကို ပုတ်လိုက်ပြီး သူမကိုယ်တိုင်က အခြားမြင်းတစ်ကောင်ကို စီးကာ ခေါ်ဆောင်သွားလေတော့၏။
ဖြစ်စဉ်တစ်ခုလုံးတွင် ထူးဆန်းသော အလင်းရောင်အရိပ်သည် တုပိုင် ဘာမှ မသိလိုက်ရအောင် အိပ်မောကျနေသော အခြေအနေကို ထိန်းချုပ်ထားလိုက်ပေသည်။
“စနစ်ရှင်၏ ပေမင်ဓားဂိုဏ်း မစ်ရှင်… ဆက်လက် လုပ်ဆောင်နေသည်”
**--**--**--**--**--**--**--**
ပေမင်ဓားဂိုဏ်း။ ဤကမ္ဘာလောက၏ တွင်းနက်ကြီး။
အရှေ့အာရှတစ်ခုလုံးရှိ မည်သည့် အင်အားစုတွင်မဆို ၊ မင်းညီမင်းသားများနှင့် စစ်သူကြီးများ၏ မိသားစုများဖး လက်အောက်တွင်ပင်လျှင် ပေမင်ဓားဂိုဏ်းမှ တပည့်များ ရှိနေတတ်ကြ၏။ သူတို့ကိုယ်တိုင်က ပေမင်ဓားဂိုဏ်းဝင်များ ဖြစ်နေသည်မျိုးလည်း ရှိပေသည်။
ပေမင်ဓားဂိုဏ်းတွင် ကမ္ဘာပေါ်၌ အများဆုံးသော ဆေးဝါးများ ၊ အများဆုံးသော သိုင်းကျမ်းများ ၊ အများဆုံးသော လျှို့ဝှက်နယ်မြေများနှင့် ကွဲပြားခြားနားသော ကမ္ဘာမှ စွမ်းအင်များ ရှိနေ၏။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ပေမင်ဘိုးဘေးသည် ပေမင်မဟာအတတ်တစ်အုပ်ဖြင့် ပေမင်ဓားဂိုဏ်းကို တည်ထောင်ခဲ့၏။ ယခု နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။ ဤကမ္ဘာပေါ်ရှိ လူများသည် ပေမင်ဓားဂိုဏ်း ဘယ်နားလောက်တွင် ရှိသည်ကိုသာ ခန့်မှန်းသိရှိကြပြီး ဝင်ရောက်နိုင်မည့်လမ်းကို လုံးဝ မသိရှိကြချေ။ ပေမင်ဓားဂိုဏ်းသည် သေမျိုးလောကမှ ကွယ်ပျောက်နေသကဲ့သို့ပင်။
ပေမင်ဓားဂိုဏ်းကို ကျွန်းများစွာဖြင့် ဖွဲ့စည်းထားပြီး ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရန် တာဝန်ယူထားသော ကျွန်းကို အန်ချိုကျွန်းဟု ခေါ်ဆို၏။ ကျန်ရှိသော ကျွန်းများမှာ တစ်ကျွန်းထက် တစ်ကျွန်း ပိုမို လျှို့ဝှက်ဆန်းကြယ်ပြီး ကျွန်းအများစုကို ပေမင်ဓားဂိုဏ်းသားများပင် ရောက်ဖူးခြင်း မရှိကြပေ။
ထို့ကြောင့် ပြင်ပလောကအတွက်မူ ပေမင်ဓားဂိုဏ်းဆိုသည်မှာ အန်ချိုကျွန်းပင် ဖြစ်ချေ၏။ ပြင်ပတွင် သွားလာလှုပ်ရှားနေသော ဂိုဏ်းသားအားလုံးသည် ခြွင်းချက်မရှိ အန်ချိုကျွန်းမှ စေလွှတ်လိုက်သော သံတမန်များ ဖြစ်ကြပေသည်။
တစ်နည်းအားဖြင့် ဆိုရသော် အန်ချိုကျွန်းသည် လောကီသိုင်းလောက၏ သခင်သဖွယ် ဖြစ်၏။.အန်ချိုကျွန်းတွင် စာရင်းတစ်ခု ရှိပေသည်။ မည်သူ့ကို လက်အောက်ခံအဖြစ် မွေးမြူမည်နည်း။ မည်သူ့ကို သတ်ပြစ်မည်နည်း။
ယခုတစ်ကြိမ်တွင် တုပိုင်သည် မြို့စောင့်တပ်မှူး ယန်ရှောင်ကို သတ်ဖြတ်ခဲ့ပြီး အမတ်မင်း ကျီချင်းကို ကြားနေဝါဒမှ စွန့်လွှတ်ကာ ဧကရာဇ်အပေါ် သစ္စာစောင့်သိလာအောင် စည်းရုံးနိုင်ခဲ့၏။ ထို့ကြောင့် ပေမင်ဓားဂိုဏ်း၏ အစီအစဉ်အချို့ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားသဖြင့် သူသည် အန်ချိုကျွန်း၏ သတ်ဖြတ်ခြင်းစာရင်းထဲသို့ ရောက်ရှိသွားရ၏။ ထို့ကြောင့်လည်း လီတောက်ယွဲ့က တုပိုင်ကို လာဖမ်းခြင်း ဖြစ်ပေ၏။
**--**--**--**--**--**--**--**
အချိန် မည်မျှ ကြာသွားသည် မသိချေ။ တုပိုင် ပြန်လည် နိုးထလာချိန်တွင် သူသည် နတ်သမီးပုံပြင်ထဲမှ နေရာမျိုးသို့ ရောက်ရှိနေပြီ ဖြစ်၏။ ဤနေရာတွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များသည် လှိုင်းလုံးများပမာ ပြင်းထန်လွန်းလှပေသည်။ ရှုခင်းများမှာလည်း အလွန် သာယာလှပ၏။
ကောင်းကင်ပြာသည် ပြင်ပလောကထက် ပိုမို ပြာလဲ့နေပေသည်။ သစ်ပင်ပန်းမန်များသည်လည်း ဓာတ်စွမ်းအင်များ ပြည့်ဝနေပုံရ၏။ စစ်မှန်သော ကောင်းကင်ဘုံတစ်ခုပင်ဖြစ်လေ၏။
ဤနေရာသည် ပေမင်ဓားဂိုဏ်း၏ အန်ချိုကျွန်းပင် ဖြစ်လေသည်။ ပြင်ပလူများအတွက် ဤနေရာသည် ထာဝရ လျှို့ဝှက်ချက် တစ်ခုဖြစ်၏။ ပေမင်ဓားဂိုဏ်း၏ အဆင့်မြင့် တပည့်မဟုတ်လျှင် ဝင်ပေါက်လမ်းကြောင်းကို သိရှိနိုင်မည် မဟုတ်ချေ။
ယခု တုပိုင် ရောက်ရှိနေသည်မှာ နံရံများ မရှိဘဲ ပန်းချီကားချပ်သဖွယ် လှပသော ပတ်ဝန်းကျင်ရှိသည့် ခန်းမဆောင်ကြီးတစ်ခု ဖြစ်၏။ အမိုးခုံးပေါ်တွင်သာ နံရံဆေးရေး ပန်းချီများ ရှိပြီး ကြိုးကြာငှက်များ အနောက်ဘက်သို့ ပျံသန်းနေပုံများကို ရေးဆွဲထားလေသည်။
စကျင်ကျောက် ခင်းထားသော ကြမ်းပြင်၏ အလယ်တည့်တည့်သည် ဟင်းလင်းပြင် ဖြစ်နေပြီး အောက်ဘက်တွင် အဆုံးမရှိသော တွင်းနက်ကြီး ရှိနေ၏။ ထိုတွင်းနက်ကြီး၏ အဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော မာဂမာ ချော်ရည်ပူများ ဆူပွက်နေပေသည်။
အန်ချိုကျွန်းသခင်သည် ခန်းမဆောင်၏ ထိပ်ဆုံးတွင် ထိုင်နေ၏။ ခန်းမဆောင်သည် တောင်ထိပ်တွင် ရှိနေပြီး မီးခိုးငွေ့များ ဖုံးလွှမ်းနေကာ နေရောင်ခြည်က မျက်နှာကို ထိုးထားသဖြင့် တုပိုင်အနေဖြင့် ကျွန်းသခင်၏ မျက်နှာကို သေချာ မမြင်ရချေ။
မိုချိုက တုပိုင်ကို ခန်းမဆောင်ထဲသို့ ခေါ်ဆောင်လာပြီး ပြောလိုက်၏။
“ကျွန်းသခင်ဟယ်… ကျွန်မ အပြင်လောကကို ခရီးထွက်တုန်း အန်ချိုကျွန်းစာရင်းထဲက တုပိုင်ကို မတော်တဆ ဖမ်းမိလာခဲ့ပါတယ်”
ပြောပြီးနောက် မိုချိုက လီတောက်ယွဲ့ကို လျှပ်စီးကဲ့သို့ စူးရှသော အကြည့်ဖြင့် ကြည့်လိုက်၏။
လီတောက်ယွဲ့သည် တုပိုင်ကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားရှာသည်။ သူမ တုပိုင်ကို လွှတ်ပေးလိုက်ပြီး မကြာခင်မှာပင် မိုချိုက ပြန်ဖမ်းလာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
“တုပိုင်… ဟုတ်လား” ပေမင်ဓားဂိုဏ်းမှ စေလွှတ်ထားသော အန်ချိုကျွန်းသခင်က စာရင်းမှတ်တမ်းတစ်ခုကို ယူလိုက်ပြီး သေချာစွာ လှန်လှောကြည့်ရှုလိုက်လေ၏။
သိသာထင်ရှားစွာပင် တုပိုင်သည် သူ့မှတ်ဉာဏ်ထဲတွင် မရှိသေးပေ။
“တွေ့ပြီ… ငါတို့ ပေမင်ဓားဂိုဏ်းရဲ့ နယ်ရုပ်နှစ်ခုကို ဆက်တိုက် ဖျက်ဆီးခဲ့တဲ့ ကောင်လေးပဲ။ တင်းအဆင့် ရာဇဝတ်ကောင်ပဲ”
ရုတ်တရက် ပေမင်ဓားဂိုဏ်းမှ သိုင်းပညာရှင် နှစ်ယောက် ရှေ့ထွက်လာပြီး တုပိုင်ကို သေဒဏ်ပေးရန် ပြင်လိုက်ကြ၏။ လီတောက်ယွဲ့ အလျင်အမြန် ရှေ့ထွက်လာပြီး ပြောလိုက်သည်။
“ကျွန်းသခင်… ဒီတုပိုင်က ကျွန်မတို့ ပေမင်ဓားဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းစာရင်းမှာ အဆင့်နိမ့် တင်းအဆင့်ပဲ ရှိပါသေးတယ်။ ကျွန်မတို့ ပေမင်ဓားဂိုဏ်းက ကမ္ဘာအနှံ့က ပါရမီရှင်တွေကို စုဆောင်းနေတာပါ။ တုပိုင်ရဲ့ ပါရမီက အရမ်းမြင့်မားပါတယ်။ သူ့ကို သတ်ပစ်မယ့်အစား ကိုယ့်ဘက်ပါအောင် သိမ်းသွင်းလိုက်တာ ပိုမကောင်းဘူးလား”
ထို့နောက် လီတောက်ယွဲ့က ဆက်ပြော၏။ “ပြောရမယ်ဆိုရင် သူ့ကို ပေမင်ဓားဂိုဏ်းရဲ့ တစ်ဝက်လို့ သတ်မှတ်လို့ ရပါတယ်”
အန်ချိုကျွန်းသခင်က နားမလည်နိုင်စွာ မေးလိုက်၏။
“ဘာလို့လဲ”
လီတောက်ယွဲ့က ပြောသည်။ “ကျွန်မ စုံစမ်းကြည့်ပြီးပါပြီ။ ဒီတုပိုင်ရဲ့ မူရင်းနာမည်က တုရှန် ပါ။ သူက စီနီယာအစ်မ ကျီမင်းကျစ်ရဲ့ သွေးသားအရင်း သားတစ်ယောက် ဖြစ်နေပါတယ်”
တုပိုင်က ချက်ချင်း လိုက်ရှာကြည့်လိုက်ရာ မှတ်ဉာဏ်ထဲရှိ ပုံရိပ်များအရ ကျက်သရေရှိပြီး တော်ဝင်ဆန်သော လှပသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရလေသည်။
သူမသည် တော်ဝင်နန်းတွင်းမှ ဖြစ်ပြီး ယန်ပေနယ်စားမင်း၏ သမီး ၊ တုပိုင်၏ မိခင်အရင်း ကျီမင်းကျစ် ဖြစ်ပေလိမ့်မည်။
ကျီမင်းကျစ်၏ နေရာသည် အလွန် ရှေ့ကျပြီး အန်ချိုကျွန်းသခင်၏ ရှေ့တွင်ရှိသော သူမ၏ အဆင့်အတန်းမှာ လီတောက်ယွဲ့ထက် သိသိသာသာ မြင့်မားလေ၏။
လီတောက်ယွဲ့က ပြောလိုက်သည်။ “အစ်မကျီ… တုပိုင်ရဲ့ အရပ်ဘက် စစ်ဘက် ပါရမီတွေက အရမ်းမြင့်မားပါတယ်။ တကယ်လို့ အစ်မသာ သူ့ကို တပည့်အဖြစ် တိုက်ရိုက်လက်ခံလိုက်မယ်ဆိုရင် ရန်လိုမှုတွေကို ငြိမ်းချမ်းရေးအဖြစ် ပြောင်းလဲလိုက်နိုင်မှာပါ။ ဘယ်လိုသဘောရလဲ”
အန်ချိုကျွန်းသခင်က ကျီမင်းကျစ်ကို ကြည့်ပြီး ပြောလိုက်၏။ “အို… တုပိုင်က မင်းရဲ့ သားဖြစ်နေတာလား။ ဒါဆိုရင် မင်းအနေနဲ့ သူ့ကို ဂိုဏ်းဝင်ခွင့်ပြုပြီး သေဒဏ်ကနေ ကင်းလွတ်ခွင့် ပေးချင်လား”
ထိုအချိန်တွင် အခြား အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။
အပိုင်း ၃၇၈ ပြီး၏။