အခန်း (၃၇၉)
Vol. 38 Ch. 379
တုပိုင်၏ စေ့စပ်သူဟောင်း ဖန်းချင်းယီက လှောင်ပြောင်လိုက်သည်။
“တုပိုင်… ရှင်က သိပ်မောက်မာပြီး တုမိသားစုနဲ့တောင် အဆက်အသွယ်ဖြတ်ခဲ့တာ မဟုတ်လား။ အခု ကိုယ့်အသက်ဘေး လွတ်ဖို့အတွက် အန်တီကျီမင်းကျစ်ရဲ့ အကူအညီကို လာတောင်းနေရတာလား။ ရှင်က ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ”
တုပိုင်က သူ့ဦးနှောက်ထဲရှိ အိပ်မက်စနစ်နှင့် တိုက်ရိုက် ဆက်သွယ်လိုက်သည်။
“မင်း ဒီအခြေအနေကို ကြိုခန့်မှန်းထားပြီးသားလား”
“ခန့်မှန်းထားပြီးသားပါ” အလင်းရောင်အရိပ်က ပြောသည်။ “မူလအစီအစဉ်အတိုင်းပဲ ဆက်သွားမယ်။ မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက်ဖို့ ၊ သိုင်းပညာ အမြန်ဆုံး တက်ဖို့နဲ့ ထိပ်တန်း သိုင်းကျမ်းတွေ ရဖို့… ဒါတွေအားလုံးအတွက် ပေမင်ဓားဂိုဏ်းကို အားကိုးရမယ်။ မင်းလို စူပါပါရမီရှင်တစ်ယောက်အဖို့ ပေမင်ဓားဂိုဏ်းလို စွမ်းအင်ကြွယ်ဝတဲ့ နေရာမျိုးက ရေထဲရောက်တဲ့ ငါးတစ်ကောင်လိုပဲ။ ကျင့်ကြံမှုအဆင့်တွေ ဒုံးပျံလို ထိုးတက်သွားစေလိမ့်မယ်”
လီတောက်ယွဲ့က ပြောလိုက်သည်။ “အစ်မကျီ… တုပိုင်က ဘာပဲပြောပြော အစ်မရဲ့ သွေးသားရင်း သားတစ်ယောက်ပဲလေ။ သူ့ကို ကွပ်မျက်လိုက်တာကို ဒီအတိုင်း ကြည့်နေတော့မလို့လား။ အစ်မတို့ သားအမိကြားမှာ နားလည်မှုလွဲတာတွေ ၊ နာကြည်းစရာတွေ ရှိကောင်းရှိနိုင်ပေမဲ့ ဘာပဲဖြစ်ဖြစ် သွေးက ရေထက် ပျစ်ပါတယ်”
ကျီမင်းကျစ်သည် လူအုပ်ထဲမှ ထွက်လာပြီး တုပိုင်၏ ရှေ့တွင် ရပ်လိုက်သည်။ ဘေဂျင်းမြို့တော်၌ နောက်ဆုံးတစ်ခေါက် တွေ့ဆုံခဲ့ခြင်းမှ လွဲ၍ သူမသည် ဤသားကို မတွေ့ရသည်မှာ အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူမသည် ယန်ပေနယ်စားမင်း အိမ်တော်မှ သမီးတစ်ယောက် ဖြစ်သော်လည်း အသက် ၇ နှစ်အရွယ်ကတည်းက ပေမင်ဓားဂိုဏ်းသို့ ဝင်ရောက်ကာ ပညာသင်ကြားခဲ့သည်။ အသက် ၁၇ နှစ်အရွယ်တွင် ပေမင်ဓားဂိုဏ်းနှင့် မိသားစု၏ ညွှန်ကြားချက်အရ တုဟွေးနှင့် လက်ထပ်ခဲ့ပြီး သားသမီး မွေးဖွားခဲ့သည်။
တုရှန်ကို မွေးဖွားပြီး ၆ လ မပြည့်မီမှာပင် သူမသည် ပေမင်ဓားဂိုဏ်းသို့ ပြန်လည် ထွက်ခွာခဲ့သည်။
သူမ၏ သိုင်းပညာ ပါရမီမှာ မြင့်မားသောကြောင့် သူမ၏ ဘဝသည် နှစ်ပိုင်း ကွဲပြားနေသည်။ တစ်ဝက်က တုမိသားစုတွင် ဖြစ်ပြီး ကျန်တစ်ဝက်က ပေမင်ဓားဂိုဏ်းတွင် ဖြစ်သည်။
ယခုအခါ ပေမင်ဓားဂိုဏ်းသည် ကြီးကျယ်ခမ်းနားသော အခမ်းအနားကြီးတစ်ခု ကျင်းပရန် ရှိနေသဖြင့် သူမသာမက ဖန်းချင်းယီပါ ပေမင်ဓားဂိုဏ်းသို့ အပြေးအလွှား ပြန်လာကြခြင်း ဖြစ်သည်။
တုပိုင်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်ပြီးနောက် ကျီမင်းကျစ်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“တုပိုင်… မင်းရဲ့ ဦးလေးလေးက မင်းနဲ့ စကားပြောပြီးပြီလို့ ကြားတယ်။ မင်းကို မိသားစုဆီ ပြန်လာဖို့ ပြောခဲ့တယ် မဟုတ်လား”
တုပိုင် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… အဲ့လိုကိစ္စမျိုး ရှိခဲ့ဖူးတယ်”
ကျီမင်းကျစ်က ပြောသည်။ “ငါ့အဖေနဲ့ ငါလည်း ဒီကိစ္စကို ဆွေးနွေးပြီးသွားပြီ။ သူကတော့ သဘောမတူဘူး။ ဒါပေမဲ့ ငါက အာမခံပြီး မင်းကို တုမိသားစုဆီ ပြန်ခေါ်မယ်။ မင်းက ပေမင်ဓားဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းစာရင်းမှာ အဆင့်နိမ့်ထဲမှာပဲ ရှိသေးတယ်။ ပြီးတော့ မင်းရဲ့ ပါရမီကလည်း မဆိုးဘူး။ အန်ချိုကျွန်းသံတမန် တစ်ယောက်ယောက်ရဲ့ တပည့်အဖြစ် ခံယူလိုက်တာနဲ့ မင်း သေဒဏ်ကနေ ကင်းလွတ်ခွင့် ရသွားလိမ့်မယ်”
တုပိုင်သည် ရင်းနှီးသလိုလို စိမ်းသက်သလိုလို ဖြစ်နေသော ဤအမျိုးသမီးကို ကြည့်လိုက်သည်။
သံသယဖြစ်စရာ မလိုအောင်ပင် သူမသည် ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း တုပိုင်၏ မိခင်အရင်း ဖြစ်ပြီး သူတို့နှစ်ဦး၏ ရုပ်ရည်မှာ အတော်လေး ဆင်တူကြသည်။
တုပိုင်၏ အလွန် ချောမောသော မျက်နှာသည် သူ၏ ရှေ့မှ ဤအမျိုးသမီးဆီမှ အမွေရထားခြင်း ဖြစ်သည်။
တုပိုင် ရုတ်တရက် မေးလိုက်သည်။
“ဖန်းချင်းယီက သူ့ဂုဏ်သိက္ခာ ညှိုးနွမ်းတယ်ဆိုပြီး ကျွန်တော့်ကို မလိုလားခဲ့တုန်းက ၊ တုမိသားစုကို ဖိအားပေးပြီး ကျွန်တော့်ကို သတ်ခိုင်းတုန်းက ခင်ဗျား ဘယ်မှာ ရှိနေလဲ”
ကျီမင်းကျစ်၏ ကျက်သရေရှိပြီး လှပသော မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ “အဲ့ဒီတုန်းက ငါက ပေမင်ဓားဂိုဏ်းမှာ ရှိနေတာ။ သိုင်းပညာ အဆင့်တက်ဖို့ အရေးကြီးနေတဲ့ အချိန် ဖြစ်နေတယ်”
တုပိုင်က ပြောလိုက်သည်။ “တကယ်လို့ ကျွန်တော်သာ တုမိသားစုဆီ ပြန်မလာဘူးဆိုရင် ခင်ဗျားက ကျွန်တော့်ရဲ့ အသက်အသေအရှင်ကို ဂရုစိုက်မှာ မဟုတ်ဘူးပေါ့ ဟုတ်လား”
ကျီမင်းကျစ်က ပြောသည်။ “မင်း ကိုယ့်ဘာသာကိုယ် အထင်မလွဲစေနဲ့။ ပြီးခဲ့တာတွေ ပြီးပါစေတော့”
ဖန်းချင်းယီက အေးစက်စွာ ဝင်ပြောသည်။ “တုပိုင်… ရှင်က ဧကရာဇ်ပေးသနားတဲ့ အင်ပါယာနယ်စားဘွဲ့ ရထားတယ် မဟုတ်လား။ ဒါက တုမိသားစုကို ပါးရိုက်လိုက်တာပဲ။ ဦးလေးကြီးတုဟွေးနဲ့ ဦးလေးတုကျန်းတောင်မှ ဘွဲ့ထူးဂုဏ်ထူး မရှိကြဘူး။ ရှင်က ဘွဲ့ထူးရထားတော့ တယ်ဟုတ်ပါလား။ ဒါဆို အခု ဘာလို့ တုမိသားစုဆီက အသက်ကယ်ဖို့ လာတောင်းဆိုနေရပြန်တာလဲ။ ရှင် တုပိုင်က အစွမ်းကုန် တတ်နိုင်တဲ့သူ မဟုတ်ဘူးလား။ အခုကြည့်ရတာ ရှင့်အရိုးတွေက သိပ်ပျော့နေသလိုပဲ”
ထို့နောက် ဖန်းချင်းယီက ကျီမင်းကျစ်ကို ပြောလိုက်သည်။ “အန်တီက ကျွန်မရဲ့ ယောက္ခမ ဖြစ်သလို အန်တီအရင်းလည်း ဟုတ်တယ်။ ကျွန်မ အကြံပေးချင်တာက စိတ်မပျော့ပါနဲ့။ လယ်သမားနဲ့ မြွေ ပုံပြင်လို ဖြစ်သွားမှာကို သတိထားပါ”
ကျီမင်းကျစ်က တုပိုင်ကို ကြည့်ပြီး မေးလိုက်သည်။
“မင်း ဘယ်လို ဆုံးဖြတ်မလဲ။ တုမိသားစုဆီ ပြန်လာခဲ့။ ငါကိုယ်တိုင်ကတော့ မင်းကို တပည့်အဖြစ် လက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ ငါ့မှာ တပည့်ရင်းတွေ ရှိပြီးသားမို့လို့ပဲ။ ဒါပေမဲ့ တခြား စီနီယာအစ်မတွေကို မင်းကို လက်ခံပေးဖို့ ငါပြောပေးလို့ ရတယ်။ ဒီနည်းလမ်းနဲ့ မင်းက ပေမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းသား ဖြစ်လာပြီး အလိုအလျောက် သတ်ဖြတ်ခြင်းစာရင်းကနေ ပယ်ဖျက်ခံရလိမ့်မယ်”
တုပိုင်က ပြတ်သားစွာ ပြောလိုက်သည်။
“ကျွန်တော် ငြင်းတယ်”
ယခု တုမိသားစုဆီ ပြန်ဝင်လိုက်လျှင် သူ့မွေးစားအဖေ လီဝမ်ဟွေ့ကို ဘယ်နား သွားထားရမလဲ။ အထူးသဖြင့် သူ့ကို ချစ်ခင်မြတ်နိုးသော ဧကရာဇ်ကို ဘယ်လို မျက်နှာပြရမလဲ။
ဧကရာဇ်က သူ့ကို နယ်စားဘွဲ့ ပေးခဲ့သည်မှာ သူ့အတွက် ဒေါသထွက်ပေးခြင်း ဖြစ်သလို အနာဂတ်တွင် တုပိုင်၏ ဂုဏ်သိက္ခာသည် တုမိသားစုထက် ကျော်လွန်စေချင်၍ ဖြစ်သည်။
အကယ်၍ ယခု တုမိသားစုဆီ ပြန်ဝင်လိုက်လျှင် ဧကရာဇ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်နေပေလိမ့်မည်။
တုပိုင်၏ စကားကို ကြားလိုက်ရသောအခါ ကျီမင်းကျစ်၏ လှပသော မျက်နှာထား ပျက်သွားသည်။
“တုပိုင်… ငါက မင်းရဲ့ အမေအရင်းနော်။ ပြီးတော့ ငါက တုမိသားစုဝင်လည်း ဖြစ်တယ်။ မင်းသာ ကိုယ့်လမ်းကိုယ်ပိတ်မယ်ဆိုရင် ငါ့ကို ရက်စက်တယ်လို့ မဆိုနဲ့”
တုပိုင်က ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ငယ်ငယ်ကတည်းက ခင်ဗျားနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်က ကျွန်တော့်မှာ သိပ်မရှိပါဘူး။ ခင်ဗျားကို အမေလို့တောင် မမှတ်မိတော့ပါဘူး”
ကျီမင်းကျစ်၏ မျက်နှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။
ထိုအချိန်တွင် ခန်းမဆောင်ထဲရှိ လူအားလုံး၏ မျက်လုံးများက သူမ၏ မျက်နှာပေါ်သို့ ကျရောက်နေကြသည်။ အထူးသဖြင့် မိုချို၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်များနှင့် ဝမ်းသာအားရ ဖြစ်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
အန်ချိုကျွန်း၏ သံတမန်အများစုသည် အမြဲတမ်း လျှို့ဝှက်စွာ တိုက်ခိုက်နေကြသူများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် ၁၀ နှစ်ကြာလျှင် အန်ချိုကျွန်းသခင် ရာထူးကို အသစ် လဲလှယ်တော့မည် ဖြစ်ပြီး လက်ရှိ ရှိနေသူများထဲမှ တစ်ယောက်ယောက်က ဆက်ခံရမည် ဖြစ်သောကြောင့်ပင်။
အန်ချိုကျွန်း၏ အာဏာသည် အလွန်အမင်း ကြီးမားလှသည်။ ပြင်ပကမ္ဘာနှင့် ဆက်ဆံရေး အားလုံးနီးပါးကို ချုပ်ကိုင်ထားသည်။ အန်ချိုကျွန်း၏ သတ်ဖြတ်ခြင်းစာရင်း တစ်ခုတည်းဖြင့်ပင် ပြင်ပလောကမှ လူပေါင်းများစွာ၏ အသက်အသေအရှင်ကို ဆုံးဖြတ်နိုင်သည်။
ထို့ကြောင့် ပေမင်ဓားဂိုဏ်းချုပ်သည် ထိပ်ဆုံးတွင် သီးသန့် နေထိုင်ပြီး ရေရာမှု မရှိသော်လည်း အန်ချိုကျွန်းသခင်ကမူ လောကီသိုင်းလောက၏ အရှင်သခင်နီးပါး ဖြစ်နေသည်။
သစ္စာဖောက် ကျီချင်းကျူမှ လွဲ၍ ယန်ရှောင်နှင့် လီတောက်အန်း နှစ်ယောက်စလုံးသည် ပေမင်ဓားဂိုဏ်း၏ အန်ချိုကျွန်းမှ အမိန့်ကို နာခံကြရသည်။
အရည်အချင်းနှင့် သိုင်းပညာအရ ဆိုလျှင် မိုချိုသည် အမြင့်ဆုံး ဖြစ်သည်။ သို့သော် သူမသည် ရက်စက်ကြမ်းကြုတ်ပြီး စိတ်နေသဘောထား အလွန်ညံ့ဖျင်းသည်။
လွန်ခဲ့သော ၁၀ နှစ်အတွင်း သူမသည် အကြိမ်ကြိမ် ရာထူးချခံခဲ့ရသည်။ မြူခိုးကျွန်းမှ ရှောင်ယောင်ကျွန်း ၊ ထိုမှတစ်ဆင့် အန်ချိုကျွန်းသို့ ရောက်လာခြင်း ဖြစ်သည်။
ကျီမင်းကျစ်၏ သိုင်းပညာသည် အမြင့်ဆုံး မဟုတ်သော်လည်း လက်ရှိ ကျွန်းသခင်၏ အချစ်ဆုံး တပည့်ဖြစ်ပြီး ရာထူးဆက်ခံရန် အလားအလာ အရှိဆုံးသူ ဖြစ်သည်။
ယခု မိုချိုက တုပိုင်ကို အသုံးချပြီး သူမကို ရွံရှာဖွယ် ဖြစ်အောင် လုပ်နေခြင်းမှာ နောက် ၁၀ နှစ်အကြာတွင် သူမ၏ အနာဂတ်ကို ဖျက်ဆီးလိုသော ရည်ရွယ်ချက် ဖြစ်ကြောင်း ထင်ရှားလှသည်။
ကျီမင်းကျစ်က တုပိုင်ကို ကြည့်ပြီး ပြောလိုက်သည်။
“ဘာပဲပြောပြော မင်းနဲ့ငါက သားအမိအရင်းတွေပဲ။ သွေးက ရေထက် ပျစ်တယ်။ မင်းက ငါ့ကို အမေလို့ ငြင်းပယ်နိုင်ပေမဲ့ ငါက မင်းကို သားအဖြစ် ငြင်းပယ်လို့ မရဘူး။ ဒီနေ့ မင်းကို ငါတစ်ခါ ကယ်လိုက်မယ်။ ဒီနောက်ပိုင်း မင်းနဲ့ငါ ကျေးဇူးကြွေး ပြတ်ပြီ”
ထို့နောက် ကျီမင်းကျစ်သည် လီတောက်ယွဲ့ ရှေ့သို့ သွားကာ ဦးညွှတ်ပြီး ပြောလိုက်သည်။
“ညီမလေး လီတောက်ယွဲ့… ညီမရဲ့ တပည့် လီချန်ချန်လည်း ဆုံးသွားပြီဆိုတော့ လက်ရှိမှာ တပည့် မရှိတော့ဘူး။ အစ်မရဲ့ သား တုပိုင်ကို တပည့်အဖြစ် လက်ခံပေးပြီး သူ့အသက်ကို ကယ်တင်ပေးပါလို့ တောင်းဆိုချင်ပါတယ်”
လီတောက်ယွဲ့ ရုတ်တရက် အနေခက်သွားသည်။ ပထမအချက်အနေဖြင့် မတော်တဆမှုများကြောင့် သူမနှင့် တုပိုင်ကြားတွင် ထူးဆန်းသော ရင်းနှီးမှုမျိုး ရှိနေသဖြင့် သူ့ကို ရင်ဆိုင်ရ ခက်ခဲနေခြင်း ဖြစ်သည်။
ဒုတိယနှင့် အရေးကြီးဆုံး အချက်မှာ တုပိုင်နှင့် ပေမင်ဓားဂိုဏ်းသည် လမ်းကြောင်းချင်း မတူညီကြပေ။ ပေမင်ဓားဂိုဏ်းသည် ပါရမီရှင်များစွာကို တပည့်များအဖြစ် လက်ခံထားပြီး တချို့ကို အတွင်းစည်းတပည့်အဖြစ်ပင် လက်ခံထားသော်လည်း အဓိက ရည်ရွယ်ချက်မှာ အာဏာရှိသော မိသားစုများကို ထိန်းချုပ်ကာ ကမ္ဘာအနှံ့ ဖြန့်ကျက်ထားရန် ဖြစ်သည်။
သို့သော် တုပိုင်ကမူ အလွန် အန္တရာယ်များသည့် လူတစ်ယောက် ဖြစ်သည်။ အနာဂတ်တွင် သူသည် ပေမင်ဓားဂိုဏ်း၏ ညွှန်ကြားချက်ကို လိုက်နာမည့်သူ လုံးဝ မဟုတ်ပေ။ ထိုအချိန်ရောက်လျှင် သူ့ဆရာပါ ရောပြီး ဒုက္ခရောက်နိုင်သည်။
ထို့ကြောင့် လီတောက်ယွဲ့ အမှန်တကယ် လက်မခံချင်ပေ။
ကျီမင်းကျစ်က ပြောသည်။ “ညီမလေး… အစ်မရဲ့ ပုန်ကန်တတ်တဲ့ သားမိုက်ရဲ့ အသက်ကို ကယ်ပေးပါ။ ဒီကျေးဇူးကို အစ်မ ဘယ်တော့မှ မမေ့ပါဘူး။ တကယ်လို့ နောင်တစ်ချိန် သူ ပုန်ကန်ခဲ့ရင်တောင် ညီမလေးအနေနဲ့ သူ့ကို ဂိုဏ်းကနေ ထုတ်ပယ်လိုက်လို့ ရပါတယ်။ ညီမလေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး”
လီတောက်ယွဲ့သည် တုပိုင်ကို ကြည့်ပြီး အခက်တွေ့နေသည်။
တုပိုင်အပေါ် ထားရှိသော သူမ၏ ခံစားချက်များက ရှုပ်ထွေးလွန်းလှသည်။ ပထမဆုံးအနေဖြင့် တုပိုင်က သူမ၏ အသက်သခင် ကျေးဇူးရှင် ဖြစ်သည်။
“ကောင်းပါပြီ… ကောင်းပါပြီ” လီတောက်ယွဲ့က ပြောလိုက်သည်။ “ကျွန်မ တုပိုင်ကို အမည်ခံတပည့်အဖြစ် လက်ခံပြီး အန်ချိုကျွန်းရဲ့ သတ်ဖြတ်ခြင်းစာရင်းကနေ ပယ်ဖျက်ပေးပါ့မယ်”
ထိုအချိန်တွင် တုပိုင်၏ စိတ်ထဲမှ ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်သည်။
“အောင်မြင်သွားပြီ… နောက်ဆုံးတော့ မင်း လီတောက်ယွဲ့ရဲ့ တပည့် ဖြစ်သွားပြီ။ ပေမင်ဓားဂိုဏ်းကို ဖွင့်နိုင်မယ့် သော့ချက်ကို ရရှိသွားပြီ”
သို့သော် တုပိုင်၏ ရင်ထဲတွင် မီးဟုန်းဟုန်းတောက်သကဲ့သို့ ဒေါသများ ပြည့်နှက်နေသည်။
“စနစ်… ဒါက မင်းစီစဉ်ထားတဲ့ လမ်းကြောင်းလား” တုပိုင် အေးစက်စွာ မေးလိုက်သည်။ “ငါ့ကို ဘောလုံးတစ်လုံးလို ဟိုကန်ဒီကန် အလုပ်ခံခိုင်းတာလား။ ပြီးတော့ ရည်မှန်းချက် ပြည့်ဖို့အတွက် ငါက သနားစရာကောင်းအောင် နေပြပြီး ကျောရိုးမရှိတဲ့ ကောင်လို လုပ်ရမှာလား”
အလင်းရောင်အရိပ်က အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
“စနစ်ရှင်… ပန်းတိုင်ရောက်ဖို့က အရေးကြီးတယ်လို့ ငါထင်တယ်။ ဘယ်လိုနည်းလမ်း သုံးသုံးလေ။ ပြီးတော့ ဒီတစ်ခါက ကျီချင်းကျူရဲ့ အခြေအနေနဲ့ လုံးဝ မတူဘူး။ ဒီတစ်ခါက ပန်းတိုင်ကို တိုက်ရိုက် ရောက်သွားတာ”
တုပိုင် အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်သည်။
“မလုပ်နိုင်ဘူး… သူတောင်းစားလို တောင်းရမ်းပြီး ရလာတဲ့ အစားအစာကို ငါလက်မခံနိုင်ဘူး။ ပြီးတော့ မစ်ရှင်တစ်ခုလုံးရဲ့ အရှင်သခင်က ငါ မဟုတ်ဘူးလား”
အလင်းရောင်အရိပ်က ပြောသည်။ “ဟုတ်ပါတယ်။ ဒါပေမဲ့ အခု အောင်မြင်နေပြီလေ။ မင်း ပေမင်ဓားဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းစာရင်းကနေ လွတ်မြောက်သွားပြီ။ ပြီးတော့ ပေမင်ဓားဂိုဏ်းထဲကိုလည်း အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီ”
အပိုင်း ၃၇၉ ပြီး၏။