← Chapters

အခန်း (၃၈၀)

Vol. 38 Ch. 380

အခန်း (၃၈၀)

Vol. 38 Ch. 380

တုပိုင်က စိတ်ထဲမှ ပြောလိုက်သည်။ “စနစ်… ဒီတစ်ခါတော့ ငါ့အမိန့်အတိုင်းပဲ လုပ်ကြတာပေါ့”

တုပိုင်သည် လီတောက်ယွဲ့၏ ရှေ့သို့ တည့်တည့်လျှောက်သွားပြီး ပြောလိုက်သည်။

“ဂိုဏ်းချုပ်လီ… ခင်ဗျား အနေရခက်နေစရာ မလိုပါဘူး။ ကျွန်တော် ခင်ဗျားအသက်ကို ကယ်ခဲ့တာက အချိန်ကိုက် ဖြစ်သွားလို့ပါ။ ခင်ဗျားအနေနဲ့ ကျေးဇူးပြန်ဆပ်စရာ မလိုပါဘူး။ ကျွန်တော့်ကြောင့် ဂိုဏ်းနဲ့ ပြဿနာဖြစ်မှာ ကြောက်နေရင်လည်း အခုပဲ ကျွန်တော်နဲ့ ပြတ်ပြတ်သားသား စည်းတားလိုက်လို့ ရပါတယ်”

ထို့နောက် တုပိုင်သည် ကျီမင်းကျစ်ရှေ့သို့ လျှောက်သွားပြီး ပြောလိုက်သည်။

“အန်တီကျီ… လူမှုရေးကျင့်ဝတ်တွေ ၊ သံယောဇဉ်တွေကြောင့် ကျွန်တော့်ကို ကယ်ဖို့ ကြိုးစားနေစရာ မလိုပါဘူး။ ကျွန်တော် တုမိသားစုကနေ ထွက်ပြေးလာကတည်းက တုမိသားစုရဲ့ ကျေးဇူးကို ဘာမှမလိုချင်တော့ပါဘူး။ ကိုယ့်အသက်ကိုယ် ကယ်မယ်။ ဘယ်သူ့အကူအညီမှ မလိုဘူး”

နောက်ဆုံးတွင် တုပိုင်သည် အန်ချိုကျွန်းသခင်၏ ရှေ့သို့ ရောက်လာပြီး အေးစက်စွာ ပြောလိုက်သည်။

“ဘယ်သူက ကျွန်းသခင်လဲ။ ခင်ဗျားတို့ ပေမင်ဓားဂိုဏ်းက တော်တော် အာဏာပြပါလား။ သတ်ချင်တဲ့သူရှိရင် ထသတ်လိုက်တာပဲလား။ ကျွန်တော်က အင်ပါယာသစ္စာဖောက် ယန်ရှောင်ကို သတ်တာ ၊ ပေမင်ဓားဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ။ အမတ်မင်းကျီချင်းကို ဧကရာဇ်ဆီ သစ္စာရှိအောင် တိုက်တွန်းတာ ၊ ခင်ဗျားတို့ ပေမင်ဓားဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ။ ခင်ဗျားတို့ ပေမင်ဓားဂိုဏ်းမှာ ဘာအခွင့်အာဏာရှိလို့ လူလွှတ်ပြီး ကျွန်တော့်ကို လိုက်ဖမ်းခိုင်းတာလဲ။ အန်ချိုကျွန်းက ဘာအခွင့်အရေးနဲ့ ကျွန်တော့်ကို သတ်ချင်နေတာလဲ။ သတ်ဖြတ်ခြင်းစာရင်းတဲ့… အဆင့်တွေတောင် ခွဲထားလိုက်သေးတယ်။ ခင်ဗျားက ပေမင်ဓားဂိုဏ်းရဲ့ ဧကရာဇ်လား။ တရားရေးဝန်ကြီးလား။ ဒါမှမဟုတ် ကောင်းကင်ဘုံက နတ်မင်းကြီးလား”

ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ခန်းမဆောင်တစ်ခုလုံးရှိ လူများအားလုံး မျက်နှာပျက်သွားကြသည်။ အမြဲတမ်း မျက်နှာသေနှင့် နေတတ်သော ရန်လိုသည့် အန်ချိုကျွန်းသခင်ဟယ် ပင်လျှင် မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

သူသည် အန်ချိုကျွန်းကို ဆယ်နှစ်ကျော်ကြာ အုပ်ချုပ်လာခဲ့ပြီး လောကီသိုင်းလောကတစ်ခုလုံးကို ချုပ်ကိုင်လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုကဲ့သို့ ပြစ်တင်ဝေဖန်တာကို တစ်ခါမှ မခံခဲ့ရဖူးသလို ဒီလောက်ထိ မျက်နှာဖြတ်ရိုက်ခံရတာမျိုးလည်း မကြုံဖူးခဲ့ပေ။

တကယ်တမ်းတွင် တုပိုင်က ဟန်ဆောင်ပြီး မိုက်ရူးရဲဆန်ပြနေခြင်း မဟုတ်ပေ။ ပထမအချက်အနေဖြင့် တုပိုင်သည် တုမိသားစုနှင့် အဆက်အသွယ် ဖြတ်ထားပြီးသား ဖြစ်သည်။ ယခုမှ တုမိသားစု၏ ကျေးဇူးကို ခံယူလိုက်လျှင် နောင်တစ်ချိန် တုမိသားစုကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ။ ဖန်းချင်းယီ၏ လှောင်ပြောင်မှုများကို ဘယ်လို ခံနိုင်မလဲ။

ဒုတိယအချက်အနေဖြင့် လီတောက်ယွဲ့ ကိုယ်တိုင်က သဘောမတူချင်ပေ။ တုပိုင်က သူမအသက်ကို မကယ်ခဲ့ဘူးဆိုရင် ထားပါတော့ ၊ အခုက ကယ်ခဲ့တာ ဖြစ်နေတော့ သူ(မ) အနေခက်နေသည်။

စနစ်က သူ့အတွက် စီစဉ်ပေးထားသော လမ်းကြောင်းက ကောင်းမွန်သော်လည်း သိက္ခာကျလွန်းသည်။ အကယ်၍ အနာဂတ်တွင် သူက လီတောက်အန်းကို သတ်ဖြတ်ခြင်းကဲ့သို့ ပေမင်ဓားဂိုဏ်းကို စော်ကားမိသည့် ကိစ္စမျိုး လုပ်မိလျှင် လီတောက်ယွဲ့က သူ့ကို ဂိုဏ်းမှ ထုတ်ပယ်လိမ့်မည်။ ထိုအခါ ပေမင်ဓားဂိုဏ်း၏ သတ်ဖြတ်ခြင်းစာရင်း ပြန်ဝင်လာမည် ဖြစ်ပြီး တုပိုင်က မည်သည်တို့ ဆက်လုပ်ရမည်နည်း။

ထို့ကြောင့် တုပိုင်သည် ပြဿနာကို အပြီးတိုင် ရှင်းလင်းပစ်ချင်ခြင်း ဖြစ်သည်။

“စနစ်… ဒုတိယအစီအစဥ်ကို အကောင်အထည်ဖော်မယ်” တုပိုင်က စိတ်ထဲမှ ပြောလိုက်သည်။ “ငါတို့ အရင်က အိမ်မက်ထဲမာ ကြိုတင်စမ်းသပ်မှုလုပ်ဖူးတယ် မဟုတ်လား။ အဲ့တုန်းက အောင်မြင်ခဲ့တယ်လေ”

အလင်းရောင်အရိပ်က ပြောသည်။ “စနစ်ရှင်… ငါတို့ ကြိုတင်စမ်းသပ်မှု လုပ်ခဲ့ပေမဲ့ ငါတို့က အနာဂတ်ကိုကြိုမြင်နေရတဲ့ ပရောဖက်တွေ မဟုတ်ဘူးလေ။ ကြိုတင်စမ်းသပ်မှုက ၁၀၀ ရာခိုင်နှုန်း မသေချာဘူး။ အနည်းငယ်လေး လွဲချော်သွားတာနဲ့ မင်း အပိုင်းပိုင်းအစအန ဖြစ်သွားလိမ့်မယ်။ ပြီးတော့ အိပ်မက်ထဲမှာ စမ်းသပ်တုန်းက တစ်ဝက်ပဲ ရောက်သေးတာ။ အန္တရာယ် အရမ်းများတယ်”

“ဒါပေမဲ့ ပြဿနာကို အပြီးတိုင် ရှင်းနိုင်တယ်” တုပိုင်က ပြောလိုက်သည်။ “စနစ်… မင်း ငါ့ကို အရင်ကလည်း အန္တရာယ်တွင်းထဲ တွန်းပို့ဖူးတာပဲ။ အဲ့တုန်းကလည်း ငါသေလုနီးပါး ဖြစ်ခဲ့တာပဲလေ”

အလင်းရောင်အရိပ်က ခဏတာ တိတ်ဆိတ်သွားပြီး ပြောသည်။ “မင်းအပေါ် ငါတို့ ရင်းနှီးမြှုပ်နှံမှု များလာလေလေ ၊ ငါတို့ ပိုသတိထားရလေလေပဲ။ အောင်မြင်နိုင်ခြေ ပိုများလေလေ ၊ စွန့်စားရမှာကို ပိုကြောက်လေလေ ဖြစ်လာတယ်”

တုပိုင်က ပြောလိုက်သည်။ “ဒါပေမဲ့ ကြီးကျယ်ခမ်းနားတဲ့ အလုပ်ကို လုပ်တဲ့သူတွေမှာ ကံတရား ရှိတတ်ကြတယ် မဟုတ်လား”

အလင်းရောင်အရိပ်က အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။

“ကောင်းပြီ… မင်းက မစ်ရှင်ပိုင်ရှင်ပဲလေ။ ပြီးတော့ မင်းက ရှေ့ဆက်ရမယ့်လမ်းကို ကိုယ်တိုင် ပိတ်လိုက်ပြီဆိုတော့ ဒီတစ်ခါ မင်းသဘောအတိုင်းဒုတိယအစီအစဥ်ကို စမယ်”

“ဒုတိယအစီအစဥ်၊ နတ်မိစ္ဆာ စမ်းသပ်စစ်ဆေးမှု တရားဝင် စတင်ပါပြီ”

အောင်မြင်မှု ဆုလာဘ် ၁: အန်ချိုကျွန်း၏ သတ်ဖြတ်ခြင်းစာရင်းမှ အပြီးတိုင် ပယ်ဖျက်ခံရမည်။

အောင်မြင်မှု ဆုလာဘ် ၂: ပေမင်ဓားဂိုဏ်းမှ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦး၏ တပည့်ရင်းအဖြစ် လက်ခံခြင်း ခံရမည်။

အောင်မြင်မှု ဆုလာဘ် ၃: ပေမင်ဓားဂိုဏ်း၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်။

“ကြိုတင်စမ်းသပ်မှု ရလဒ်အရ အောင်မြင်နိုင်ခြေ ၇၀% ကျော် ရှိပါတယ်။ ကျရှုံးခဲ့ရင်တော့ အပိုင်းပိုင်းအစအန ဖြစ်သွားပါလိမ့်မယ်”

**--**--**--**--**--**--**--**

တုပိုင်၏ စကားကို ကြားပြီးနောက် အန်ချိုကျွန်းသခင် ဟယ်သည် ဒေါသထွက်မည့်အစား ရယ်မောလိုက်သည်။

“ဟားဟားဟားဟား…”

“မင်းနာမည်က တုပိုင် ဟုတ်လား” အန်ချိုကျွန်းသခင်က ပြောလိုက်သည်။ “မင်းပြောတာ ကောင်းတယ်။ ငါတို့ ပေမင်ဓားဂိုဏ်းမှာ ဘာအရည်အချင်း ရှိလို့လဲ ၊ ငါ့မှာ မင်းကို သေဒဏ်ပေးဖို့ ဘာအခွင့်အာဏာ ရှိလို့လဲ ဟုတ်လား။ ပေမင်ဓားဂိုဏ်းက ကမ္ဘာကို ဖြန့်ကျက်ဖို့ ဘာအရည်အချင်း ရှိလို့လဲ ဟုတ်လား”

“သိပ်ကောင်းတဲ့ မေးခွန်းပဲ” ကျွန်းသခင်က ဆက်ပြောသည်။ “ငါ့ရဲ့ သံတမန်တို့… မင်းတို့အားလုံးက ပေမင်ဓားဂိုဏ်း ကိုယ်စားပြုပြီး လောကီကမ္ဘာထဲ လျှောက်သွားနေကြတာ။ အပြင်လောကမှာ မင်းတို့က အထွတ်အထိပ်ပဲ။ လူတိုင်းက မင်းတို့ကို လေးစားကြတယ် ၊ ကြောက်ရွံ့ကြတယ်။ ဒါပေမဲ့ မင်းတို့ စဉ်းစားဖူးလား… ငါ့ရဲ့ စီရင်ပိုင်ခွင့်အာဏာက ဘယ်က ရလာတာလဲဆိုတာကို”

“အကြွင်းမဲ့အင်အားကြောင့်ပါ” ဖန်းချင်းယီက ဝင်ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျွန်မတို့ ပေမင်ဓားဂိုဏ်းက ကမ္ဘာ့အမြင့်ဆုံး သိုင်းပညာကို ပိုင်ဆိုင်ထားလို့ပါပဲ။ အင်အားက တရားမျှတမှုပါပဲ”

တုပိုင်သည် ဖန်းချင်းယီ၏ အဆင့်အတန်းမှာ အမှန်တကယ် ထူးခြားနေကြောင်း သတိထားမိလိုက်သည်။

ခန်းမဆောင်တစ်ခုလုံးတွင် အန်ချိုကျွန်းသံတမန် ဒါဇင်ပေါင်းများစွာ ရှိသော်လည်း အားလုံးက အသက် ၄၀ ကျော်များ ဖြစ်ကြသည်။ ဖန်းချင်းယီ တစ်ယောက်တည်းသာ အသက် ၂၀ ကျော် ရှိသေးသည်။ ဤခန်းမဆောင်ထဲတွင် သူမသည် သိသိသာသာ ငယ်ရွယ်လွန်းနေသည်။

သူမသည် အနောက်ဘက်တွင် ရပ်နေသော်လည်း စည်းကမ်း သိပ်မလိုက်နာပေ။ သူမ ပြောချင်သည့်အချိန်တွင် ပြောပြီး အလွန် မောက်မာပုံရသည်။

ထို့အပြင် အန်ချိုကျွန်းသံတမန် ဒါဇင်ပေါင်းများစွာသည် တုယွမ်မဟာဆရာသခင်အဆင့်သို့ ရောက်ရှိထားကြပြီ ဖြစ်သည်။ ဖန်းချင်းယီကမူ မဟာဆရာသခင်အဆင့် ရောက်ရန် အလိုရှိနေသေးသည်။ သူမက မည်သည့်အရည်အချင်းမျိုးဖြင့် အန်ချိုကျွန်းသံတမန်တွေကြားထဲ ရောက်နေရသနည်း။

ထိုသည်များသာမက ထိုစဉ်က တုရှန် (တုပိုင်၏ မူလနာမည်) သည် မိန်းမစိုး ဖြစ်နေပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိခဲ့သည်။ တုမိသားစုက သူ့ကို လျစ်လျူရှုထားသော်လည်း အစားအသောက် အဝတ်အစားအတွက် ပူစရာမလိုခဲ့ပေ။ ဖန်းချင်းယီ၏ ဖခင် ဖန်းချင်းကျွော့၏ ဖိအားပေးမှုကြောင့်သာ တုမိသားစုက တုပိုင်ကို လုံးဝ စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။ ဤကမ္ဘာရှိ ဖန်းမိသားစုသည် သာမန် နှစ်တစ်ထောင် သက်တမ်းရှိ အရပ်ဘက်အရာရှိ မျိုးရိုးလောက် မရိုးရှင်းပုံရသည်။

အန်ချိုကျွန်းသခင်က ပြောလိုက်သည်။

“တုပိုင်… ပေမင်ဓားဂိုဏ်းက ကမ္ဘာ့အမြင့်ဆုံး သိုင်းပညာကို ပိုင်ဆိုင်ထားလို့ပဲ။ အင်အားက တရားမျှတမှု ဖြစ်တဲ့အတွက် ငါတို့က မင်းကို တရားစီရင်နိုင်တယ်။ မင်းကို သေဒဏ်ပေးနိုင်တယ်။ မင်းက ကျောရိုးရှိပြပြီး အသနားမခံချင်ဘူးပေါ့လေ။ ကောင်းပြီ… မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်။ မူလက မင်းကို ကြိုးပေးမလို့ပဲ။ အခုတော့ မင်းက ခန်းမဆောင်ပေါ်မှာ အော်ဟစ်ပြီး ပေမင်ဓားဂိုဏ်းရဲ့ အာဏာကို မေးခွန်းထုတ်တဲ့အတွက် မင်းကို စတုတ္ထအဆင့် ရာဇဝတ်ကောင်ကနေ တတိယအဆင့် ရာဇဝတ်ကောင်အဖြစ် တိုးမြှင့်လိုက်ပြီး ခေါင်းဖြတ်သတ်ဖို့ အမိန့်ပေးလိုက်တယ်”

တုပိုင် ရှေ့တစ်လှမ်း တိုးလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော် ကောင်းကင်ပြစ်ဒဏ်ခံယူဖို့ လျှောက်ထားပါတယ်။ နတ်မိစ္ဆာ စမ်းသပ်စစ်ဆေးမှုကို ခံယူမယ်”

ဤစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လီတောက်ယွဲ့ ၊ ကျီမင်းကျစ် ၊ မိုချို နှင့် အန်ချိုကျွန်းသခင် အပါအဝင် လူတိုင်း မျက်နှာ အရောင် ပြောင်းလဲသွားကြသည်။

ကောင်းကင်ပြစ်ဒဏ်ဆိုသည်မှာ အန်ချိုကျွန်း၏ အမြင့်ဆုံးသော ပြစ်ဒဏ် ဖြစ်သည်။ အန်ချိုကျွန်း၏ အမြင့်ဆုံး တောင်ထိပ်သည် မိုးကောင်းကင်ကို ထိုးဖောက်တော့မည့် ဓားမည်းကြီးတစ်လက်နှင့် တူသည်။ ဤတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာထောင်ချီ မြင့်မားပြီး တောင်ထိပ်တွင် ခြေချစရာ နေရာလေးတစ်ခုသာ ရှိသည်။ တစ်တောင်လုံးကို သတ္တုနက်များဖြင့် ဖွဲ့စည်းထားပြီး ကျောက်တုံးဟူ၍ မရှိသလောက်ပင်။

ညနေတိုင်းတွင် မိုးခြိမ်းသံများနှင့်အတူ လျှပ်စီးများ ပစ်ခတ်လေ့ ရှိသည်။ ဤလျှပ်စီးသည် လီချန်ချန်ကို ပစ်ခတ်ခဲ့သော လျှပ်စီးမျိုး မဟုတ်ပေ။ စစ်မှန်သော ကမ္ဘာပျက်မတတ် ပြင်းထန်သည့် သဘာဝလျှပ်စီး ဖြစ်သည်။ တစ်ချက်ပစ်လိုက်သည်နှင့် လူတစ်ယောက် မပြောနှင့် လူရာထောင်ချီပင် ပြာကျသွားနိုင်သည်။

ထို့အပြင် ဤတောင်သည် ကီလိုမီတာပေါင်းများစွာ မြင့်မားပြီး ခြေချစရာ တစ်နေရာသာ ရှိသဖြင့် လျှပ်စီးပစ်လျှင် ရှောင်တိမ်းစရာ နေရာ လုံးဝမရှိပေ။ လျှပ်ကာဝတ်စုံများ ၊ ဖိနပ်များ ဝတ်ဆင်ထားလျှင်လည်း လုံးဝ အသုံးဝင်မည် မဟုတ်ပေ။

ကောင်းကင်ပြစ်ဒဏ် စီရင်မည်ဆိုလျှင် အဝတ်အစားများကို ဗလာကျင်းစေပြီး ထက်မြက်သော ဓားသွားသဖွယ် တောင်ထိပ်တွင် ချည်နှောင်ကာ ကမ္ဘာပျက်မတတ် ပြင်းထန်သော လျှပ်စီးဒဏ်ကို ခံစေခြင်း ဖြစ်သည်။

အန်ချိုကျွန်း၏ သတ်ဖြတ်ခြင်းစာရင်းတွင် ကောင်းကင်အဆင့်ရာဇဝတ်ကောင်များကိုသာ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းဖြင့် ကွပ်မျက်လေ့ ရှိသည်။

အပိုင်း ၃၈၀ ပြီး၏။

All Chapters