← Chapters

ရန်သူမှ သောက်စကားများသောအခါ

Vol. 16 Ch. 227

ရန်သူမှ သောက်စကားများသောအခါ

Vol. 16 Ch. 227

“ဟမ်” ယီစီ၏ အမူအရာကြောင့် အန်လင်းမှာ စိတ်ထင့်လာသည်။

ဖြစ်နိုင်တာက တကယ်ကြီး ချက်ခ်အလွတ်ကြီးလား။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ ပိုင်နက်၏ မက်မွန်ပွင့်ဥယျာဉ်တော် အတွင်း၌။

ရိုးရှင်းသည့် တာအိုဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ပါးနှစ်ဖက်အား လက်ထောက်ကာဖြင့် ပြတင်းပေါက် အပြင်ဘက်ရှိ မက်မွန်ပွင့်များအား ကြည့်ကာ သက်ပြင်း ချလိုက်လေသည်။

သူမ၏ သွယ်လျလှပသော လက်ချောင်းလေးများသည် သူမ၏ ဦးခေါင်းထက်ရှိ ဆံနွယ်များအား ရစ်ခွေကာ ဆော့ကစားလျက်နှင့် အဝေးသို့ တွေဝေငေးမောစွာဖြင့် ကြည့်နေမိသည်။

“ရှောင်ဇီလေးကို ဘာတွေကများ စိတ်အနှောင့်အယှက် ပေးနေတာလဲ” (ဇီ= ခရမ်း)

သူမ၏ နောက်ကျောဘက်မှ နွေးထွေးနူးညံ့သည့်အသံ ထွက်ပေါ်လာသည်ကြောင့် လက်တွေ့ဘဝထဲသို့ ပြန်လည် ရောက်ရှိလာသည်။

“ခမည်းတော် သမီးကို နာမည်ပြောင် မခေါ်ပါနဲ့ဆို။ အဲဒီ မကောင်းဆိုးဝါး ကောင်ကို ထပ်ပြီးတွေးမိအောင် လုပ်နေတာလား” ထိုအမျိုးသမီးသည် သူမနောက်ကျောဘက်ရှိ တင့်တယ်လှပြီး မုတ်ဆိတ်များနှင့် လူအား ညည်းညူကာဖြင့် ပြောလိုက်သည်။

ထိုလူသည် ကိုးပြည်ထောင် နိုင်ငံတော်၏ အုပ်ချုပ်သူ ဖြစ်သော်လည်း သမီးဖြစ်သူ၏ အပြစ်တင်မှုအပေါ် စိတ်ဆိုးခြင်း မရှိချေ။ ထို့အခါ အသာ ရယ်မောလိုက်ပြီးနောက် “အဲဒါဆိုရင် အန်လင်းနဲ့ ခမည်းတော်တို့လို သူရဲကောင်းတွေက အတော်လေးတူတာပဲ။ သူ့ရဲ့ သားရဲတွေ နာမည်က ရှောင်းဟုန်၊ တပိုင် အဲလိုမျိုး မဟုတ်လား။ အဲဒီနာမည်တွေက လက်တွေ့ဆန်ပြီး နားထောင်ရ ကောင်းတယ်လေ”

“ဟွန့် ခမည်းတော်က သမီးကို သားရဲလို့ မြင်နေတဲ့ သဘောလား” ထိုအမျိုးသမီးသည် မခံမရပ်နိုင်စွာဖြင့် ပြန်ပြောသည်။

ထိုအမျိုးသားမှာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီးနောက် ပြောစရာစကားပင် ပျောက်ဆုံးသွားရသည်။

သမီးဖြစ်သူသည် ယခင်ကထက် ပိုမိုကာ ငြင်းခုံလာနေသည်ဟု ခံစားမိသည်။ သူမအား နူးညံ့သိမ်မွေ့ တင့်တယ်သည့် အမျိုးသမီးလေးတစ်ဦး ဖြစ်စေချင်သော်လည်း မည်သည့်ကြောင့်ရယ် မသိ သူမ၏ ဒေါသသည် လတ်တလော ကာလတွင် ပိုပို ဆိုးဝါးလာနေသည်။

ထိုအမျိုးသမီးမှာ လင်းကျွင်းကျွင်းမှလွဲ အခြားမဟုတ်ပေ။ အန်လင်းကြောင့် ကြိမ်ပေါင်းများစွာ စိတ်ဆိုးဒေါသ ထွက်လာပြီးသည့်နောက်တွင် သူမရှေ့၌ ကျက်သရေရှိ တင့်တယ်သည့် အမျိုးသားတစ်ဦး ပေါ်လာသည်။ သူမသည် ကိုးပြည်ထောင် နိုင်ငံတော်တွင် စွမ်းအားအကြီးဆုံးသော တည်ရှိမှုဖြစ်သည့် ကောင်းကင်ဘုံ ပိုင်နက်၏ အုပ်ချုပ်သူ _ ကောင်းကင်အရှင်သခင် ဖြစ်လေသည်။

ကောင်းကင် အရှင်သခင်သည် သူ၏ သမီးတော် ၇ ပါးအား သက်တံရောင်အလိုက် နာမည်များ မှည့်ခေါ်လိုသော်လည်း ဇနီးဖြစ်သူ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကြောင့် ထျန်းရှို့၊ ထျန်းယန်၊ ထျန်းရုန်၊ ထျန်းချန်၊ ထျန်းရှန်၊ ထျန်းချင်၊ ထျန်းယွီ ဟူ၍သာ မှည့်လိုက်ရသည်။

သမီးတော်အားလုံးတို့သည် သူမတို့၏မိခင် ပေးထားသည့် အမည်များကိုသာ သဘောကျ နှစ်ခြိုက်ကြသည်။ ထို့ကြောင့် ထိုအရောင်များအလိုက် ပေးအပ်ထားသည့် အမည်နာမများမှာ ကောင်းကင်အရှင်သခင် တစ်ဦးတည်းသာလျှင် ခေါင်းမာစွာဖြင့် ဆက်လက် ခေါ်ဆိုနေခြင်း ဖြစ်သည်။

ကောင်းကင် အရှင်သခင်သည် စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်မှ အန်လင်းသည်လည်း သူ၏ သားရဲများအား အရောင်များအလိုက် နာမည်မှည့်ခေါ်သည့် အကြောင်း သိရှိရသည့်အခါတွင် သူ၏ဝိညာဉ်ဖက်အား ရှာတွေ့လိုက်ရပြီဟု ခံစားမိလေသည်။ အန်လင်းအား နှစ်အနည်းငယ်ခန့် အေးအေးချမ်းချမ်း နေစေလိုသည်ကြောင့် မဟုတ်ခဲ့လျှင် လွန်ခဲ့သည့် အချိန်များကာဖြင့် ဆင့်ခေါ်ထားပြီး ဖြစ်သည်။

“အဲဒီ ခွေးအန်လင်းအကြောင်း တွေးနေပြန်ပြီလား” ကောင်းကင်အရှင်သခင် ပေါ့ပါးစွာဖြင့် ပြုံးလိုက်သည်။

“ဟမ်.. အဲဒီ ခွေးကောင်က သမီးကို ဆင်းရဲသွားအောင် အနိုင်ကျင့်လိုက်ပြန်တယ်” လင်းကျွင်းကျွင်းသည် မကျေနပ်စွာဖြင့် နှုတ်ခမ်းဆူလေသည်။

ကောင်းကင် အရှင်သခင်သည် ထိုအကြောင်းအား ကြားလိုက်သည့်အခါ အတော်လေး ပျော်ရွှင်လာမိသည်။ “အဲဒါက သတင်းကောင်းပဲလေ။ ခရမ်းကြယ်စင်မျိုးနွယ်စုရဲ့ အချက်အလက်တွေ များနိုင်သလောက်များများ တူးဖော်နိုင်တာ ကောင်းတာပေါ့။ အဲဒါတွေက ကောင်းကင်ဘုံပိုင်နက် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘယ်လောက်တောင် ကြီးကြီးမားမား အထောက်အကူ ပြုနိုင်သလဲ ခမည်းတော်တို့ သိကြတယ်လေ။ အန်လင်းကတော့ တကယ့်ကို ပါရမီရှင်ပဲ။ ဒီကောင်လေးကို ပိုပိုပြီး သဘောကျလာနေပြီ”

ကောင်းကင် အရှင်သခင်သည် ခေတ္တရပ်လိုက်ပြီးနောက် “ဒီလိုဆိုရင်ကော နောက်ရက်နည်းနည်းလောက် ကျရင် ဘဏ္ဍာတိုက်ထဲက ချီကျောက်တုံး ၅၀၀ ထုတ်ယူသွားလိုက်။ ချမ်းသာခြင်း နတ်ဘုရားဆီကနေ ထုတ်ယူလိုက်ပြီးရင် အဲဒီ ခွေးကောင်လေးကို ပိုင်ဆိုင်သမျှနဲ့ ဖို့ပစ်လိုက်ပေါ့”

လင်းကျွင်းကျွင်းသည် မျက်လုံးများ ဝေ့ကြည့်လိုက်ပြီးနောက် “ခမည်းတော်ရဲ့ ကြွားဝါလိုမှုကို မဖျက်ဆီးချင်ပါဘူး။ ဒါပေမဲ့လည်း ချီကျောက်တုံး ၁၀၀၀ ဆိုရင်တောင် မလုံလောက်ဘူး”

“ဘာာာာ” ကောင်းကင် အရှင်သခင်မှာ ထိတ်လန့်တကြား ရေရွတ်မိသွားလေသည်။

ခရမ်းကြယ်စင် မျိုးနွယ်စုများထံမှ အချက်အလက်များ စုဆောင်းခြင်းသည် ထျန်းယွီပြုလုပ်နေကျ ဖြစ်သည့်အတွက် ကောင်းကင်အရှင်သခင်မှာ အသေးစိတ်ကျကျ မေးမြန်းဖူးခြင်း မရှိချေ။

သူသိသည်မှာ အန်လင်းထံတွင် အချက်အလက် အများအပြား ရှိခြင်းဟူ၍သာ ဖြစ်သည်။

“ကောင်းတယ်ဟေ့” ကောင်းကင် အရှင်သခင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဟစ်ကြွေးလိုက်သည်။ “ကောင်းကင်ဘုံပိုင်နက်ကတော့ အရမ်းကံကောင်းနေတာပဲ။ အန်လင်းက တကယ်ကို လူငယ်သူရဲကောင်းပဲ။ ဒီအချက်အလက်တွေနဲ့ဆိုရင် အဲဒီ စမ်းသပ်မှုရဲ့ တတိယအဆင့်ကို ရောက်နိုင်ပြီမဟုတ်လား”

လင်းကျွင်းကျွင်း၏မျက်နှာမှာ ပြုံးယောင်ယောင် ဖြစ်လာလေသည်။ သူမသည် ခေါင်းညိတ်ကာဖြင့် “တတိယအဆင့်ကို လုပ်ဆောင်နေပါပြီ။ အဲဒီအကြောင်း တင်ပြဖို့ ပြင်ဆင်နေတုန်းပါ”

ကောင်းကင်အရှင်သခင်သည် ပီတိဖြစ်စွာဖြင့် လှိုက်လှိုက်လှဲလှဲ ရယ်မောနေမိသည်။ “အန်လင်းကတော့ တခြားသူတွေ မလုပ်နိုင်တာကို တကယ် လုပ်နိုင်စွမ်းရှိတာပဲ။ သူ့ရဲ့ ခွန်အားနဲ့ ကံကောင်းမှုက အမြင့်ဆုံးမှာ ရောက်နေပုံပဲ။ ရှောင်ဇီလေးက သူနဲ့ နီးစပ်ချင်တယ်ဆိုရင် ခမည်းတော်က မတားမြစ်ပါဘူးနော်”

လင်းကျွင်းကျွင်းသည် သူမဖခင်၏ စကားများနောက်ကွယ်မှ ရည်ရွယ်ချက်အား သဘောပေါက်သည့် အတွက် သူမ၏ ကြွေရုပ်သဖွယ် မျက်နှာထက်တွင် ရှက်သွေး ဖြာလာလေတော့သည်။ ပြန်ပြောတော့မည့် ဆဲဆဲမှာပင် သူမ သိုလှောင်လက်စွပ်အတွင်းရှိ အသံလွှင့်အစီအရင် တုန်ခါနေသည်ကို သိလိုက်ရသည်။

သူမသည် အသံလွှင့် အစီအရင်အား ထုတ်ယူလိုက်ပြီး နောက်တွင် ခေါ်ဆိုနေသူမှာ အလင်းသခင် ယီစီဖြစ်ကြောင်း သိလိုက်ရသည်။

“ဟမ် အလင်းသခင် ယီစီက ဘာလို့ ခေါ်နေတာလဲ” သူမသည် အတော်လေး စဉ်းစားမရနိုင်ဘဲ ရှိနေသော်လည်း ခေါ်ဆိုမှုအား လက်ခံလိုက်သည်။

အသံလွှင့်အစီအရင်ထံမှ အသံတစ်သံ ထွက်ပေါ်လာသည်။ သို့သော်လည်း ယီစီ၏အသံ မဟုတ်ချေ။ ထိုအသံမှာ အလွန်အမင်း ရင်းနှီးလွန်းလှသည့်အသံ ဖြစ်လေသည်။

“ဟေး လင်းကျွင်းကျွင်း နင်တရားလွန်သွားပြီ။ အဲဒီ ချက်ခ်လက်မှတ် အလွတ်က ဘာအဓိပ္ပာယ်လဲ”

ထိုအသံမှာ အန်လင်းကလွဲ အခြားမရှိချေ။ လွန်စွာဆိုးဝါးသည့် စိတ်အခြေအနေတွင် ရှိနေသည်မှာ ထင်ရှားလွန်းပြီး ခေါ်ဆိုမှု ချိတ်ဆက်မိသည်နှင့် ချက်ချင်းဆိုသလို ပြစ်တင် ကြိမ်းမောင်းတော့သည်။

လင်းကျွမ်းကျွမ်းသည် သူ၏ပြောစကားကြောင့် ကြောင်အနေမိသည်။ သို့သော်လည်း သူမသည် ထက်မြက်သည့် လင်းကျွင်းကျွင်း ဖြစ်သည်ကြောင့် ဖြစ်ပျက်နေသည်များအား အချိန်မဆိုင်းဘဲ နားလည်လိုက်လေသည်။ “အင်မော်တယ် ဆေးလုံးနဲ့ လဲလှယ်နေတာလား”

“ဟုတ်တယ်။ ဘယ်လိုပဲပြောပြောပဲ ကျုပ်လိုမျိုး ရိုးသားတဲ့လူကို ခင်ဗျားက ဘယ်လိုလုပ်ပြီး နှိပ်စက် အနိုင်ကျင့်နိုင်ရတာလဲ”

“ခင်ဗျားရဲ့ မသင့်တော်တဲ့ အပြုအမူကြောင့် ဆိုးဝါးတဲ့ ကမ္မနဲ့ ရင်ဆိုင်ရမှာ မကြောက်ဘူးလား။ ခင်ဗျားက ကျုပ်တို့လို ပစ္စည်းမဲ့ လူတန်းစားတွေကို နိုင်ထက်စီးနင်း လုပ်နေနတာ ခင်ဗျားရဲ့ အာဏာရှိ အဖေကြောင့်လား။ ခင်ဗျားက ပုံစံတွေ အများကြီးကို အင်မော်တယ်ဆေးလုံး တစ်လုံးတည်းနဲ့ လဲသွားတာနဲ့တင် ကံကောင်းလွန်းနေပြီ။ အခုတော့ သောက်ချက်ခ်လက်မှတ် အလွတ်ကြီး ပေးလိုက်တာတဲ့လား။ ခင်ဗျားမှာ အသိစိတ် မရှိဘူးလား”

အန်လင်းမှာ ဒေါသပေါက်ကွဲနေသည့် အတွက် ကရားရေလွှတ် ပြောဆိုတော့သည်။

ယီစီသည် သူ့အား ကျပ်မပြည့်သူလို ကြည့်နေခြင်းအား မခံစားနိုင်ပေ။ ထျန်းယွီသည် သူ့အား ရိုက်စားပြုလုပ်ခဲ့သော်လည်း သူ့အနေဖြင့် မည်သို့မျှ မလုပ်နိုင်ပေ။ ထို့ကြောင့် သူမ၏ အသိစိတ်အား နှိုးဆွပေးနိုင်ရန် စကားလုံးများကိုသာလျှင် အသုံးချရပေမည်။

“အဟမ်း.. ရှောင်ဇီက သူ့ကို တကယ်ကြီး ရိုက်စားလုပ်လိုက်တာလား” ကောင်းကင် အရှင်သခင်သည် သူ၏သမီးဖြစ်သူအား စူးစူးစမ်းစမ်း ကြည့်လိုက်သည်။

လင်းကျွင်းကျွင်းသည် ဖခင်၏စကားကြောင့် ရင်ဘတ်ထဲ တင်းကျပ်လာသည်။ ထိုအသံလွှင့် အစီအရင်အား ဖြတ်တောက် ပစ်လိုက်ချင်မိသည်။

ဟုတ်သည်။ 'ယွီ' စာလုံးနှင့် ပတ်သက်၍ ယီစီထံ ရည်ရွယ်ချက်ရှိရှိ အကြောင်းမကြားခြင်းပင်။

ကောင်းကင်ဘုံ ပိုင်နက်သို့ ပြန်ရောက်သည်နှင့် သူမအား အကြိမ်ပေါင်းများစွာ အနိုင်ကျင့်ခဲ့သည့် အန်လင်းအား လှည့်စားဖို့ရန် တွေးမိခဲ့ခြင်းကြောင့်ပင်။ တုန်ရွှာနန်းတော်တွင် အရှက်ရနေမည့် အန်လင်းအား မြင်ယောင်ကြည့်မိသည်။ ထိုအချိန်ကျမှသာ ယီစီထံ အခြေအနေအား ရှင်းလင်းပြသမည်ဟု ကြံရွယ်ထားခြင်းပင်။

သူမ၏ အစီအစဉ်တွင် အမှားအယွင်းမရှိပေ။ သို့သော်လည်း ယခုတွင်မူ သူမ၏ဖခင်မှာ သူမ၏အနားတွင် မတ်တတ်ရပ်ကာဖြင့် ပြောဆိုနေသမျှကို နားထောင်နေခြင်း ဖြစ်သည်ကြောင့် အရာအားလုံး ပြောင်းလဲသွားပေပြီ။ သူမ၏ဖခင်အား မည်သို့ ရှင်းပြရမည်နည်း။ သူမသည် ချက်ခ်လက်မှတ် အလွတ်အား ပေးခဲ့သူမဟုတ်။ သို့သော်လည်း ယခုတွင် အရာအားလုံး သူမ၏ဖခင်အရှေ့ ဖြစ်ပွားသွားခြင်းပင်။ သူမရှင်းပြလျှင်တောင် သူမသည် အန်လင်းအား နောက်ပြောင်လိုသည်ဟု တွေးထင်သွားနိုင်သည့် အတွက် အတော်လေး ရှက်ရွံ့ဖွယ်ဖြစ်သည်။

အသံလွှင့် အဆောင်လက်ဖွဲ့၏ တစ်ဖက်မှနေ အန်လင်း၏ ပေါက်ကွဲသံ အဆက်မပြတ် ထွက်ပေါ်လာနေလေသည်။ လင်းကျွင်းကျွင်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်လာပြီး သူမ၏ပါးလေးများ နီမြန်းလာကာ အန်လင်းအား အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်လာမိသည်။

အဲဒီကောင်ပဲ၊ အမြဲတမ်း အဲဒီကောင်၊ အဲဒီကောင်က ငါ့ကို အမြဲ အနိုင်ယူနေတာ။

ကောင်းကင် အရှင်သခင်သည် လင်းကျွင်းကျွင်း၏ အမူအရာများမှတစ်ဆင့် အဖြစ်အပျက်များအား အကြမ်းဖျင်း ခန့်မှန်းမိသွားပြီ ဖြစ်သည်။ ခေါင်းယမ်းကာဖြင့် သူမ၏ ပခုံးကို ပုတ်လိုက်သည်။ “သမီးတို့နှစ်ယောက်က ရန်ဘက်တွေအဖြစ် ကံတရားက သတ်မှတ်ပေးလိုက်တာပဲ...” (တရုတ်ပြည်တွင် ရန်ဘက် ဆိုသည်မှာ အဓိပ္ပာယ်နှစ်မျိုးရှိသည်။ ချစ်သူတွေအဖြစ် သတ်မှတ်ပေးလိုက်သည်ဟု ဖော်ပြနိုင်သလို အမြဲတကျက်ကျက် ရန်သတ်နေသည့် အတွဲများသည်လည်း မပြေလည်နိုင်သည့် ရန်ဘက်များ ဖြစ်ပုံရသော်လည်း လွန်စွာနီးကပ်သည့် ဆက်ဆံရေးမျိုးရှိသည်ဟု ဆိုလိုသည်_)

ကောင်းကင် အရှင်သခင်သည် လင်းကျွင်းကျွင်း ပြုလုပ်နေသည့်အရာများအား ဂရုစိုက်လှခြင်း မရှိသော်လည်း ယခုတွင်မူ လင်းကျွင်းကျွင်းသည် လွယ်လင့်တကူ ရှက်ရွံ့လျက်ရှိပြီး စိတ်ရှုပ်ထွေးနေသည်ကို သူမ၏ အမူအရာများမှတစ်ဆင့် မြင်တွေ့နေရသည်။

“ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းလိုက်တော့နော်။ အဲဒီခွေးကောင်လေးကို ဒေါသပြေအောင်  လုပ်ပေးလိုက်။ ဟားဟား” ကောင်းကင်အရှင်သခင်သည် ဤနေရာတွင် ဆက်ရှိနေဦးမည်ဆိုလျှင် သူ၏သမီးဖြစ်သူမှာ ပိုမိုစိတ်ဖိစီးလာမည်ကို သိသည့်အတွက် လှည့်ပြန်သွားတော့သည်။

အန်လင်းမှာ တစ်ချိန်လုံး ပေါက်ပေါက်ဖောက်နေဆဲ ဖြစ်သည်။

“တော်လိုက်တော့။ အင်မော်တယ်ဆေးလုံး လိုချင်တာ မဟုတ်လား။ ယီစီကို လွှဲပေးလိုက်”

ကောင်းကင်အရှင်သခင် ထွက်ခွာသွားသည်နှင့် လင်းကျွင်းကျွင်းသည် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“အမ်”

“ဟုတ်ကဲ့ပါ သခင်မ ထျန်းယွီ”

ခေတ္တမျှ ရပ်တန့်သွားပြီးနောက်တွင် သူ၏နည်းလမ်းမှာ အလုပ်ဖြစ်ကြောင်း သဘောပေါက်လိုက်သည့် အတွက် အန်လင်းသည် အသံလွှင့်အစီအရင်အား စိတ်လှုပ်ရှားစွာဖြင့် ယီစီထံ လွှဲပြောင်းပေးလိုက်သည်။

လင်းကျွင်းကျွင်းသည် အခြေအနေများအား အေးစက်စွာဖြင့် ယီစီထံ ရှင်းပြလိုက်သည်။

သူမ၏ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြင့် ရှိနေပြီး အသံလွှင့်အစီအရင်အား ဖြတ်တောက်ပစ်လိုက်သည်။ ဟွန့်ခနဲ နှာမှုတ်လိုက်ပြီးနော လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူမ၏စိတ်ထဲ၌ ထိုလှောင်ပြောင် သရော်နေမည့် အမျိုးသား၏ပုံရိပ် ပေါ်လာလေသည်။

“အန်လင်း နင်ဒီအတွက် ပြန်ပေးဆပ်ရမယ်မှတ်”

******

All Chapters