← Chapters

စင်မြင့်ပေါ် ရောက်တာနဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ရလိမ့်မယ်

Vol. 5 Ch. 41

စင်မြင့်ပေါ် ရောက်တာနဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ရလိမ့်မယ်

Vol. 5 Ch. 41

ထို့ကြောင့် ရွှေရောင်အဆင့်ပါရမီ ဆိုသည်မှာ ကောင်းမွန်သော်လည်း မည်သူ၏ရှေ့၌ ရှိနေသည့်အပေါ် မူတည်သေးသည်။

အစစ်အမှန် ပြိုင်ဘက်ကင်း အစွမ်းထက် ကျင့်ကြံသူများ၏ရှေ့တွင် ထိုအရာသည် အရေးမပါလှချေ။

"ဟမ့်.... စကားတစ်ခွန်းတည်းနဲ့ မင်းက ငါ့ကို ရွှယ်အာကို ထျန်းယွင်ဂိုဏ်းကနေ ထုတ်ပယ်ခိုင်းနေတယ်.... မင်း နောက်နေတာ မဟုတ်ဘူး ဆိုမှတော့... ကောင်းပြီလေ ဒါဆိုရင် ငါ မေးမယ် ....အကြောင်းအရင်းက ဘာလဲ...မင်းက ကျေနပ်လောက်တဲ့ ဖြေရှင်းချက်ကို မပေးနိုင်ရင် ငါ့ကို ရိုင်းပြတယ်လို့ အပြစ်မတင်နဲ့"

ဝူယွင်သည် ဒေါသထွက်နေဆဲပင်။

မုရုံရွှယ်သည် သူ၏ဘဝတွင် ရရှိခဲ့ဖူးသမျှ တပည့်များအနက် အထူးချွန်ဆုံးတပည့် ဖြစ်သည်။

တခြားလူများသည် သူမကို ဝိုင်းချီးကျူးနေကြချိန်မှာ ဤကျူးကော်ချင်းကမူ သူ့ကို မုရုံရွှယ်နှင့် အဆက်အသွယ်ဖြတ်ရန်ပင် ပြောဆိုနေသည်။

သူ၏အမြင်အရဆိုလျှင် ကျူးကော်ချင်းသည် သူ၏ထျန်းယွင်ဂိုဏ်း၌ ဤကဲ့သို့ ထူးချွန်သော တပည့်မျိုး ရှိနေသဖြင့် မနာလိုခြင်းသာ ဖြစ်ပေမည်။

"အမှန်အတိုင်း ပြောရရင် သူက မပြစ်မှားသင့်တဲ့လူကို ပြစ်မှားမိထားတယ်... သူ သယ်ဆောင်လာတဲ့ ကံကြမ္မာဆိုးက မင်းတို့ ထျန်းယွင်ဂိုဏ်း တစ်ဂိုဏ်းလုံးကို ဒုက္ခပေးလိမ့်မယ်"

ကျူးကော်ချင်းက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုသည်။

"ဟား ဟား ဟား ဟား...."

သို့သော် ကျူးကော်ချင်း၏စကားကို ကြားချိန်တွင် ဝူယွင်က သူ၏ဗိုက်ကိုနှိပ်ပြီး ရယ်မောလိုက်သည်။

"မပြစ်မှားသင့်တဲ့လူကို ပြစ်မှားမိတယ်.... ဟုတ်လား"

"ဒီလောက် ငယ်ရွယ်တဲ့ ရွှယ်အာက ဘယ်သူ့ကို ပြစ်မှားနိုင်မမို့လို့လဲ"

"ပြီးတော့ ငါတို့ထျန်းယွင်ဂိုဏ်းမှာ သူ ရှိနေသရွေ့ သူ့ကို ဘယ်သူက ဘာလုပ်နိုင်မှာလဲ"

"ငါ ပြောပြလိုက်မယ်....ငါ အပိုပြောတာ မဟုတ်ဘူး....မြင့်မြတ်နယ်မြေတစ်ခုက လူဆိုရင်တောင်မှ ငါတို့ထျန်းယွင်ဂိုဏ်းကို အနိုင်ယူနိုင်လောက်အောင် အစွမ်းထက်မှာ မဟုတ်ဘူး"

"ကောင်းပြီ....ကောင်းပြီ...ကောင်းပြီလေ...ဒီနေ့ မင်းပြောတဲ့ စကားကို မင်း မှတ်မိပါစေ.... ဘာပဲဖြစ်ဖြစ် ငါ မင်းကို သတိပေးပြီးပြီ....ယုံတာ မယုံတာက မင်းရဲ့ကိစ္စပဲ....အကျိုးဆက်ကို မင်းတို့ဘာသာ ခံယူကြပေါ့"

ကျူးကော်ချင်း၏မျက်နှာထားသည်လည်း မကောင်းချေ။ ဝမ်တာအိုတောင်နှင့် ထျန်းယွင်ဂိုဏ်းကြား နှစ်ပေါင်းများစွာ ခင်မင်မှုကို ထောက်ထားပြီး သူ သတိပေးခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူ တတ်နိုင်သမျှ လုပ်ပေးပြီးပြီ ဖြစ်သောကြောင့် မည်သည့်စကားမျှ ထပ်ပြောရန် မလိုတော့ချေ။

ထို့ပြင် ဤသည်မှာ ယခင်ကတည်းက သူ၏ကိစ္စ မဟုတ်ပေ။

ထိုသို့ပြောဆိုပြီးနောက်...

ကျူးကော်ချင်းသည် မဟာအကြီးအကဲချုပ်ကို ခေါ်ပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။

"ခဏနေအုံး..."

သူ၏နောက်မှ ဝူယွင်၏အော်သံ ထပ်မံ၍ ထွက်ပေါ်လာသည်။

ကျူးကော်ချင်းက လှည့်ကြည့်လိုက်သည်။

"အခုအချိန်ထိ တည်ဆောက်ခဲ့တဲ့ ငါတို့ထျန်းယွင်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က မင်းတို့ ဝမ်တာအိုတောင်လို ဂိုဏ်းအသေးစားလေးတစ်ဂိုဏ်းက စိတ်ကူးနိုင်တဲ့အရာမျိုး မဟုတ်ဘူး...မင်းရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ငါတို့ထျန်းယွင်ဂိုဏ်း ကိစ္စက မင်းတို့ ဝမ်တာအိုတောင် ဝင်ပါရမယ့်ကိစ္စ မဟုတ်ဘူး"

"ပြီးတော့ ဝင်္ကပါပြင်ဆင်တဲ့ ကိစ္စအတွက် နောက်နောင် ဝမ်တာအိုတောင်က ဒုက္ခခံစရာ မလိုတော့ဘူး"

ထိုသို့ပြောဆိုပြီးနောက်....

ဝူယွင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏အင်္ကျီလက်ကို ခါယမ်းကာ ထွက်ခွာသွားတော့သည်။

"ကောင်းတယ်....ကောင်းတယ်...အရမ်းကောင်းတယ်..."

ကျူးကော်ချင်းက ဒေါသကြောင့် အံ့တင်းတင်းကြိတ်လိုက်သည်။ ဝူယွင်၏စကားများသည် ရှင်းလင်းပြတ်သားပေ၏။ ဤကိစ္စကြောင့် သူသည် ထျန်းယွင်ဂိုဏ်းနှင့် ဝမ်တာအိုတောင်အကြားမှ ဆက်ဆံရေးကို လုံးလုံးလျားလျား ဖြတ်တောက်လိုက်ခြင်းပင်။

သူသည် စေတနာနှင့် သတိပေးခဲ့သည့်တိုင် ကျေးဇူးမတင်သည့်အပြင် အငြိုးအတေးပင် ထားခံလိုက်ရသည်။

"အဲဒီ စီနီယာကို မင်းတို့ တကယ်ကြီး ပြစ်မှားမိတဲ့အချိန်ကျရင် အခုလိုမျိုး မောက်မာနိုင်အုံးမလားဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့"

ကျူးကော်ချင်းသည်လည်း ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီး အင်္ကျီလက်ကို ခါယမ်းကာ မဟာအကြီးအကဲနှင့်အတူ ထွက်ခွာသွားတော့သည်။

"ဟူး...ဂိုဏ်းချုပ် ဒီကိစ္စက..."

လေထုထဲတွင်ပျံသန်းရင်း မဟာအကြီးအကဲသည် ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်၏။ အမှန်အားဖြင့် သူသည် ဤရလဒ်မျိုးကို မြင်တွေ့လိုခြင်း မရှိချေ။

"တကယ်တော့....ဂိုဏ်းချုပ်က ဘာလို့ စီနီယာကျုံးချင်အကြောင်းကို ဝူယွင်ကို ရှင်းရှင်းလင်းလင်း မပြောပြလိုက်တာလဲ.... ခင်ဗျား ပြောတာ မမှားဘူးဆိုတာ သက်သေပြလို့ ရတာပဲ"

မဟာအကြီးအကဲက မနေနိုင်တော့ဘဲ မေးမြန်းလိုက်၏။

ကျူးကော်ချင်းက မဟာအကြီးအကဲ၏ မေးခွန်းကြောင့် ရယ်ချင်စိတ်ပေါက်သွားသည်။

"ငါက ဘာလို့ သူ့ကို ရှင်းပြရမှာလဲ....ငါက ဘာလို့ သူ့ရှေ့မှာ သက်သေပြရမှာလဲ"

"ဒါက ငါတို့ ဝမ်တာအိုတောင်ရဲ့ ကိစ္စ မဟုတ်ဘူး....ငါ့အတွက်လည်း ဘာအကျိုးအမြတ်မှ မရနိုင်ဘူးဆိုတော့ ငါနဲ့ ဘာဆိုင်လို့လဲ"

"ပြီးတော့ ငါက စကားတွေအများကြီး ပြောမိရင် အဲ့ဒီစီနီယာကို ပြစ်မှားမိမယ့် အန္တရာယ်လည်း ရှိသေးတယ်....ဒါက ကျေးဇူးတင်မခံရမယ့် ကိစ္စပဲ"

"ဒါ့ပြင် ဖုန်းထျန်းမြို့က ကိစ္စတွေကို ငါတို့တောင် စုံစမ်းလို့ရရင် ထျန်းယွင်ဂိုဏ်းက သိဖို့ ခက်ခဲလို့လား.... သူတို့က မာန်တက်လွန်းပြီးတော့ စိတ်ထဲမထားတာ ပျင်းလွန်းလို့ မစုံစမ်းတာပဲ ဖြစ်မှာပါ"

"ဂိုဏ်းချုပ်ရဲ့တွေးတောမှုက တကယ့်ကို ပြည့်စုံတာပဲ"

မဟာအကြီးအကဲက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

"အဲဒီနေ့ တကယ်ရောက်လာရင် ထျန်းယွင်ဂိုဏ်း အနေနဲ့ နည်းနည်းလောက်ပိုပြီး အသိဉာဏ်ရှိလာပါစေလို့ပဲ ငါ မျှော်လင့်မိတယ်"

ကျူးကော်ချင်းသည် တဖြည်းဖြည်း ဝေဝါးကျန်ရစ်ခဲ့သော ထျန်းယွင်ဂိုဏ်းကို ပြန်လှည့်ကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူသည် အရှိန်မြှင့်ကာ ဝမ်တာအိုတောင်သို့ အလျင်အမြန် ပြန်သွားလိုက်၏။

ဖုန်းထျန်းမြို့...

လင်းမိသားစု....

ကျုံးချင်သည် နောက်မီကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး လင်းဖုန်းက သူ၏နံဘေးတွင် ဆန်းကြယ်စွမ်းရည်များကို ကျင့်ကြံနေသည်။

ဆန်းကြယ်စွမ်းရည်....

နာမည်အတိုင်းပင် ထိုအရာများသည် ကျင့်ကြံသူတစ်ဦး၏စွမ်းရည်များ ဖြစ်ပြီး ကျင့်ကြံနည်းစနစ်များ၏ အဆင့်များကဲ့သို့ပင် မတူညီသော အဆင့်များ ခွဲခြားထားသည်။

လက်တွေ့တိုက်ပွဲတွင် ပို၍အဆင့်မြင့်သော ဆန်းကြယ်စွမ်းရည်များကို ပိုင်ဆိုင်ထားခြင်းက အားသာချက်များ ရရှိစေသည်။

သို့ရာတွင်...

ဆန်းကြယ်စွမ်းရည်များကို ကျင့်ကြံရာတွင်လည်း ကန့်သတ်ချက်များရှိသည်။

ဆန်းကြယ်စွမ်းရည် အဆင့်မြင့်လေလေ လိုအပ်ချက် မြင့်မားလေလေပင်။

လင်းဖုန်း၏ လက်ရှိ ချန်ရွှမ်နယ်ပယ်စွမ်းအားနှင့်ဆိုလျှင် ကျုံးချင် ပိုင်ဆိုင်သော အနိမ့်ဆုံးအဆင့် ဆန်းကြယ်စွမ်းရည်ကို ကျင့်ကြံရန် လိုအပ်ချက်ကို မီရုံမျှသာ ရှိသေးသည်။

အမှန်အားဖြင့်....

ကျုံးချင်သည် ဆန်းကြယ်စွမ်းရည်များအပြင် လင်းဖုန်းကို ကာကွယ်ရေးပစ္စည်းများလည်း ပေးထားသည်။

ဥပမာအနေဖြင့် သစ်သားပန်းပုရုပ်များပင်။

အလိုအလျောက် ကာကွယ်ပေးသည့် ပန်းပုရုပ်များ ဖြစ်စေ တိုက်ခိုက်ရာတွင် သုံးသည့် ပန်းပုရုပ်များ ဖြစ်စေ ကျုံးချင်က သူ့ကို အိတ်တစ်အိတ်လုံး ပေးထားသည်။

ဆရာတပည့်ဆက်ဆံရေးကို ဘေးဖယ်ထားလျှင်ပင် လင်းဖုန်းသည် သူ၏အတွေ့အကြုံရမှတ်ကို ရှာပေးမည့် ကလေးလေး ဖြစ်နေပေ၏။

ထို့ကြောင့် ကျုံးချင်သည် လင်းဖုန်းထံ၌ တစုံတရာ အမှားအယွင်း ဖြစ်သွားမည်ကို လက်မခံနိုင်ချေ။

အချိန်များ ကုန်လွန်သွားကာ....

မျက်စိတစ်မှိတ်အတွင်း လင်းဖုန်းသည် ထျန်းယွင်ဂိုဏ်းသို့ သွားရမည့်အချိန် နီးကပ်လာလေပြီ။

ကျုံးချင်သည် လင်းဖုန်းကိုခေါ်ပြီး လင်းမိသားစုဝင်များကို နှုတ်ဆက်ကာ ထျန်းယွင်ဂိုဏ်းသို့ ခရီးနှင်ခဲ့ကြသည်။

သဘောတူထားသော စိန်ခေါ်ပွဲနေ့တွင် သူတို့နှစ်ယောက်သား ထျန်းယွင်ဂိုဏ်း၏တောင်ခြေသို့ နောက်ဆုံးတွင် ရောက်ရှိလာကြ၏။

"မင်းက လင်းဖုန်းလား...."

"ဒီနေ့ သူတော်စင်မိန်းမပျိုကို လာပြီးစိန်ခေါ်တာလား"

ဂိုဏ်းတံခါးဝတွင် ထျန်းယွင်ဂိုဏ်းမှ အကြီးအကဲတစ်ဦး စောင့်ဆိုင်းနေသည်။ သူက ကျုံးချင်ကို တစ်ချက်ကြည့်ပြီး လှောင်ပြောင်လိုက်သည်။

"မင်းမှာ ဒီကိုလာပြီး အသေခံရဲတဲ့ သတ္တိမျိုး ရှိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး"

"မင်း ဘာပြောလိုက်တာလဲ"

ကျုံးချင်က မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်သော အကြည့်ဖြင့် ထိုအကြီးအကဲကို ကြည့်လိုက်သည်။

ကျုံးချင်၏ အကြည့်ကြောင့် အကြီးအကဲသည် အလိုအလျောက် ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်သွားမိသည်။

သို့ရာတွင် သူသည် ကြောက်ရွံ့ပုံမပြဘဲ လှောင်ပြောင်လိုက်၏။

"ဘာလဲ....မင်းက ငါ့ကို လက်ပါချင်နေသေးတာလား"

"ငါ မမှားဘူးဆိုရင် မင်းက ဒီကောင့်ရဲ့ဆရာဖြစ်ပြီးတော့ မကြာခင်က လမင်းနက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့်သားရဲကို သတ်ခဲ့တဲ့လူ မဟုတ်လား....မင်းမှာ စွမ်းအားတချို့ ရှိတာကို ငါ မငြင်းပေမယ့် ဒါက ထျန်းယွင်ဂိုဏ်းဆိုတာ မမေ့နဲ့....မင်းရဲ့ အပြုအမူကို ထိန်းသိမ်းစမ်း"

"မဟုတ်ရင် မင်း ဘယ်လိုသေသွားလဲဆိုတာတောင် သိလိုက်မှာ မဟုတ်ဘူး..."

သို့ရာတွင် သူ၏စကား မဆုံးသေးခင်မှာပင်...

ကျုံးချင်က မည်သည့်စကားမျှ မပြောဘဲ သူ့ကို ပါးဖြတ်ရိုက်လိုက်သည်။

"ဘာ....မင်း တကယ်ကြီး ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့"

"ဒါ ထျန်းယွင်ဂိုဏ်းကွ.... မင်း သေချင်နေပြီလား"

"ရပ်လိုက်... အား... အား..."

သူ၏ကြောက်လန့်ပြီး မယုံကြည်နိုင်သော အကြည့်များအောက်တွင် ကျုံးချင်က သူ့ကို ပါးဖြတ်ရိုက်ပြီး အသွေးအသားများအဖြစ် ကြေမွှပျက်စီးသွားစေသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးက ဂိုဏ်းတံခါးဝတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

"ဘာ...."

"သူက အကြီးအကဲဖန်းကို ထျန်းယွင်ဂိုဏ်းရဲ့ဝင်ပေါက်မှာတင် သတ်ပစ်လိုက်တာလား..."

ဤမြင်ကွင်းသည် မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ချက်ချင်းရရှိသွားသည်။ လူများအားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ ထျန်းယွင်ဂိုဏ်း၏ဝင်ပေါက်တွင် လူသတ်ရဲလောက်အောင် ရဲတင်းသူမျိုး ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးပေ။

"ထျန်းယွင်ဂိုဏ်းက တကယ်ကြီး တာဝန်ယူမယ့်သူ ဘယ်သူမှ ထွက်မလာတော့ဘူးလား"

သို့ရာတွင် ဤလူများ၏ ရန်လိုသော အကြည့်များကို ရင်ဆိုင်ရသည့်တိုင် ကျုံးချင်သည် ကြောက်ရွံ့ခြင်း မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ထျန်းယွင်ဂိုဏ်းသို့ မော့ကြည့်လိုက်ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး သူ့ထံမှ ထွက်ပေါ်လာသည်။

"ငါ့ရဲ့ထျန်းယွင်ဂိုဏ်းမှာ ပြဿနာလာရှာရဲတဲ့ သတ္တိက မဆိုးဘူးပဲ"

အချိန်တခဏအကြာတွင် ဂိုဏ်းချုပ်ဝူယွင်သည် အဘိုးအိုတချို့နှင့်အတူ ဂိုဏ်းထဲမှ ထွက်လာပြီး ကျုံးချင်နှင့်လင်းဖုန်းကို ဝိုင်းရံလိုက်ကြသည်။

"ငါ့ကို ဖြေရှင်းချက် ပေးစမ်း...."

ဝူယွင်က အသွေးအသားများ ဖြစ်သွားသော အကြီးအကဲကို တစ်ချက်ကြည့်ပြီး မျက်နှာထား တင်းမာခက်ထန်စွာဖြင့် ကျုံးချင်ကို စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။

"ခင်ဗျားတို့ ထျန်းယွင်ဂိုဏ်းက ဧည့်သည်တွေကို ကောင်းကောင်း ဧည့်မခံဘဲနဲ့ ....ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် ပုရွက်ဆိတ်တစ်ကောင်ကို လွှတ်ပြီး ကျုပ်ရှေ့မှာ လာပြီးရိုင်းပြခိုင်းနေလို့.. ခင်ဗျားတို့ ဂိုဏ်းအတွက် အမှိုက်ရှင်းပေးလိုက်တာလေ"

ကျုံးချင်က အေးစက်စက်ပြုံးရင်း ပြောဆိုသည်။

"ဒါက ဘာပြဿနာ ရှိလို့လဲ"

"လေလုံးထွားလိုက်တာ.... လူသတ်ပြီးတော့တောင် စကားလှအောင် ပြောတတ်သေးတယ်.... ငါ့အထင်တော့ မင်းက သေချင်နေတာပဲ"

ဝူယွင်၏နံဘေးမှ အကြီးအကဲတစ်ဦး၏မျက်နှာ မည်းမှောင်သွားပြီး ကျုံးချင်ကို တိုက်ခိုက်ရန် လက်မြှောက်လိုက်သည်။

သို့သော် နောက်ဆုံးအချိန်တွင် ဝူယွင်က သူ့ကို တားဆီးလိုက်သည်။

"ဂိုဏ်းချုပ် ဘာလို့ ကျွန်တော့်ကို တားတာလဲ"

အကြီးအကဲက နားမလည်စွာဖြင့် မေးမြန်းလိုက်၏။

"ငါ့ရဲ့ထျန်းယွင်ဂိုဏ်းထဲမှာ ပြဿနာ လာရှာရဲတဲ့သူထဲက ဘယ်သူမှ အသက်ရှင်ရက် ပြန်မထွက်သွားဖူးဘူး...သူက သေမယ့်ကံ ပါလာပြီးသားပဲ... ဘာလို့ ဒီအချိန်လေးကို အလေးထားနေမှာလဲ"

ဝူယွင်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြောဆိုသည်။

"အဓိကအချက်က ငါ ရွှယ်အာရဲ့အတွေးတွေကို မြင်နေရတယ်.... သူက ဒီလက်ထပ်စာချုပ်ဟောင်းကို အမည်းစက်တစ်ခုလို့ အမြဲတမ်း သဘောထားနေတာ.... ဒီအမည်းစက်ကို သူကိုယ်တိုင် မဖယ်ရှားနိုင်ရင် သူ့ရဲ့အနာဂတ် စိတ်အခြေအနေကို ထိခိုက်မှာ စိုးရိမ်တယ်"

"ဒါကြောင့် ရွှယ်အာကို ဒီအမည်းစက် သူ့ဘာသာ ဖယ်ရှားခိုင်းလိုက်ပါ... ပြီးမှ အဲဒီကောင်လေးကို ရှင်းပစ်လည်း နောက်မကျပါဘူး"

"ဂိုဏ်းချုပ်က ဉာဏ်ပညာကြီးမားပါပေတယ်"

ထိုအကြီးအကဲ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

မုရုံရွှယ်သည် ယခုချိန်၌ သူတို့ဂိုဏ်း၏ အဖိုးတန်ရတနာလေးပင်။ သူမ၏ ရှေ့ဆက်မည့် လမ်းခရီးတွင် အနည်းငယ်မျှသော အတားအဆီးကိုပင် သူတို့ ခွင့်ပြုမည် မဟုတ်ချေ။

"ဧည့်သည်တော်တို့... လိုရင်းကိုပဲ ပြောကြတာပေါ့"

ဝူယွင်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဖြည်းညှင်းစွာ ပြောဆိုသည်။

"မင်းတို့နှစ်ယောက်က အဲ့ဒီလက်ထပ်စာချုပ်အတွက် ရွှယ်အာကို လာပြီးစိန်ခေါ်တာ မဟုတ်လား"

"ကျုပ်က လိုရင်းကို တန်းပြောခဲ့တယ်....ဒါပေမဲ့ ခင်ဗျားတို့က အချိန်ဖြုန်းဖို့ ခွေးတစ်ကောင် အရင်လွှတ်လိုက်မယ်လို့ ဘယ်သူက ထင်မိမှာလဲ"

ကျုံးချင်က လှောင်ပြောင်လိုက်သည်။

ဝူယွင်၏မျက်လုံးထဲတွင် သိသာထင်ရှားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားပြီးနောက် သူက နောက်သို့ချာခနဲလှည့်ကာ ပြောဆိုသည်။

"ဒီလိုဆိုမှတော့ ငါ့ရဲ့နောက်ကို လိုက်ခဲ့ပါ"

အချိန်တခဏအကြာတွင်...

ကျုံးချင်က လင်းဖုန်းကို ခေါ်ပြီး ထျန်းယွင်ဂိုဏ်းထဲသို့ ဝင်ရောက်ကာ "သေခြင်းရှင်ခြင်း စင်မြင့်" ဟု ခေါ်သော နေရာသို့ ရောက်ရှိလာကြသည်။

စင်မြင့်၏ထိပ်တွင် မတ်တတ်ရပ်ပြီးနောက်...

ဝူယွင်က အောက်ဘက်ရှိ ကျုံးချင်နှင့်သူ၏တပည့်ကို ငုံ့ကြည့်လိုက်၏။

"ငါ့ရဲ့ထျန်းယွင်ဂိုဏ်းမှာ အပျော်တမ်း ယှဉ်ပြိုင်တာမျိုး မရှိဘူး... မင်းက စိန်ခေါ်ချင်မှတော့ သေတဲ့အထိ တိုက်ခိုက်ရမယ်"

ဝူယွင်က အေးစက်တင်းမာစွာ ပြောဆိုသည်။

"ဒါကြောင့် တိုက်ပွဲစပြီဆိုတာနဲ့ ဘာပဲဖြစ်ဖြစ် ဘယ်သူမှ ဝင်မပါရဘူး....မင်းတို့ သဘောတူလား"

"ကောင်းပြီလေ"

ကျုံးချင်သည် စဉ်းစားမနေဘဲ လင်းဖုန်း၏ကိုယ်စား သဘောတူလိုက်၏။

ထိုသို့ပြောဆိုရင်းနှင့် ကျုံးချင်က နံဘေးရှိ လင်းဖုန်းကို လှည့်ကြည့်ပြီး တီးတိုးပြောဆိုလိုက်သည်။

"တပည့်.... မင်း ကြားတယ်မလား...စိန်ခေါ်ပွဲဆိုမှတော့ သေတဲ့အထိ တိုက်ခိုက်ရမှာပဲ သူတို့က မင်းကို အသက်ရှင်ရက် ပြန်မလွှတ်ဘူးလို့ အတိအလင်း ပြောနေတာပဲ..."

"ဟုတ်ကဲ့ပါ ဆရာ....ကျွန်တော် နားလည်ပါပြီ"

လင်းဖုန်းသည် သံယောဇဉ်ကြီးသူတစ်ယောကိပင်။ သူသည် မုရုံမိသားစုနှင့် အဆက်အသွယ် ဖြတ်ထားသည်မှာ အချိန်ကြာမြင့်ပြီဖြစ်သော်လည်း ရန်လိုသော လုပ်ရပ်မျိုး တစ်ကြိမ်တစ်ခါမျှ မလုပ်ခဲ့ချေ။

သူသည် နောက်ဆုံးတွင် မုရုံရွှယ်ကို မည်ကဲ့သို့ ဆက်ဆံရမည်ကို စဉ်းစားနေဆဲပင်။

သို့သော် သူတို့သည် စည်းမျဉ်းစည်းကမ်းတွေကို သုံးပြီး သူ၏အသက်ကို ယူရန် ကြံစည်ထားလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။

ဤသို့ဆိုမှဖြင့် သူသည်လည်း ညှာတာနေရန် မလိုတော့ပေ။

All Chapters