နောက်ကျမှ နောင်တရတာက မြက်ပင်လောက်တောင် တန်ဖိုးမရှိဘူး
Vol. 5 Ch. 44
ထိုအရာများသည် သက်မဲ့ပစ္စည်းများ ဖြစ်ကြောင်း သိသာထင်ရှားနေသော်လည်း ယခုအချိန်တွင် ပန်းပုရုပ်များသည် မျက်လုံးများကို တပြိုင်နက်တည်း ဖွင့်လိုက်ကြပြီး ခြေလက်များကို လှုပ်ရှားလိုက်ကြသည်မှာ အလွန်ထူးဆန်းနေသည်။
ထို့နောက် သူတို့၏ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး အလင်းရောင်များကြားတွင် သူတို့၏ပုံသဏ္ဌာန်များ ရုတ်တရက် ကြီးထွားလာသည်။
အချိန်တခဏအကြာတွင် ဤသစ်သားပန်းပုရုပ် အုပ်စုသည် လူအစစ်နှင့်မခွဲခြားနိုင်သော ပန်းပုရုပ်လူသားများအဖြစ် ပြောင်းလဲသွားကြ၏။
ဤှသည်မှာ သူတို့ကို တစ်စုံတစ်ခုက ဆင့်ခေါ်လိုက်သည့်အလားပင်။
လူသားများအဖြစ် ပြောင်းလဲသွားသည့် အချိန်မှာပင် သူတို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ အဝေးမှ လေဟာနယ်တံခါးပေါက်ဆီသို့ ပျံသန်းသွားကြသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင်...
ထျန်းယွင်ဂိုဏ်းသားများသည် ကျုံးချင်၏ရှေ့ရှိ လေဟာနယ်တံခါးပေါက်မှ ပုံရိပ်များ ပြေးထွက်လာသည်ကို မြင်တွေ့လိုက်ကြရသည်။
တစ်ယောက်...
နှစ်ယောက်...
ခုနစ်ယောက်..
ရှစ်ယောက်...
သုံးဆယ်...
လေးဆယ်...
နှစ်ရာ...
သုံးရာ...
အရေအတွက်မှာ တရိပ်ရိပ်တက်နေဆဲဖြစ်ပြီး
အလွန်များပြားသည်။
ထိုလူများသည် ကျိုင်းကောင်များအလား လေဟာနယ်တံခါးပေါက်ထဲမှ တဖွဲဖွဲထွက်လာကြရာ အရေအတွက် များပြားလွန်းသဖြင့် ထျန်းယွင်ဂိုဏ်းသားများ၏ဦးရေပြားများကို ထုံကျင်သွားစေသည်။
သို့သော် ဤသည်မှာ ကြောက်စရာ အကောင်းဆုံးအချက် မဟုတ်သေးချေ။
သူတို့ကို အမှန်တကယ် ထိတ်လန့်စေသည်မှာ လေဟာနယ်တံခါးပေါက်ထဲမှ ထွက်လာသောလျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်များသည် ခြွင်းချက်မရှိ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူများ ဖြစ်နေခြင်းပင်။
"ဘယ်....ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ဤမြင်ကွင်းကြောင့် ဝူယွင်သည် စကားပင် မပြောနိုင်လောက်အောင် ကြက်သေသေသွားသည်။
သူ၏ထျန်းယွင်ဂိုဏ်းသည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူငါးဆယ်ကျော်ကို စုစည်းနိုင်ခဲ့ခြင်းမှာ ဂိုဏ်း၏သမိုင်းတလျှောက်၌ ကွယ်လွန်သွားသော အကြီးအကဲများ၏အလောင်းများကို လျှို့ဝှက်နည်းလမ်းဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အရေးကြီးသော အချိန်များတွင် အသက်ရှင်စဉ်က အင်အား၏ရှစ်ဆယ်ရာခိုင်နှုန်းဖြင့် တိုက်ပွဲဝင်နိုင်စေရန် စီမံထားသောကြောင့်ပင်။
သို့ရာတွင် ယခုချိန်၌...
ကျုံးချင်ကို ဝိုင်းရံထားသော ထူထပ်များပြားသည့် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်များ အားလုံးသည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အဆင့်များ ဖြစ်နေကြသည်။
အကြမ်းဖျင်း ရေတွက်ကြည့်လျှင်ပင် သူတို့၏ အရေအတွက်သည် တစ်ထောင်ကျော်ခန့် ရှိနေနိုင်သည်။
နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ထောင်ကျော်...
ဤသည်မှာ မည်ကဲ့သို့အင်အားမျိုး ဖြစ်သနည်း...
ဝူယွင် လုံးလုံးလျားလျား မယုံကြည်နိုင် ဖြစ်နေသည်။
ရုတ်တရက် ထွက်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်များသည် မိုးကောင်းကင်သို့ လက်သီးတစ်ချက်စီ ထိုးနှက်လိုက်ကြရာ ဝူယွင်နှင့်တခြားသူများ ထုတ်လွှတ်လိုက်သော သတ်ဖြတ်ခြင်း နည်းစနစ်များသည် ငှက်များအလား ချက်ချင်းလွင့်ထွက်သွားလေသည်။
တစ်ချိန်တည်းမှာပင် သူတို့ သယ်ဆောင်လာသော အားကောင်းသည့် လက်ကျန်စွမ်းအင်များသည် တိုက်ရိုက်ထွက်ပေါ်လာပြီး ဝူယွင်နှင့် တခြားလူများကို လွှမ်းခြုံသွားသည်။
ကံကောင်းထောက်မစွာဖြင့် ဝူယွင်နှင့်တခြားလူများသည် အခြေအနေမဟန်သည်ကို မြင်လိုက်ရသဖြင့် ပထမဆုံး အခွင့်အရေး ရသည်နှင့် အသည်းအသန် နောက်ဆုတ်လိုက်ကြသည်။
သို့ရာတွင် ထိုသို့ ဆုတ်ခွာလိုက်သည့်တိုင်...
ဝူယွင်နှင့် သူ၏နောက်လိုက်ငါးဆယ်ကျော်သည် လက်ကျန်စွမ်းအားလှိုင်း၏ ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားကြသည်။
ထိုလူငါးဆယ်ကျော်ထဲမှ ဆယ်ယောက်ကျော်သည် နေရာမှာပင် သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားကြ၏။
နောက်ထပ်ဆယ်ယောက်ခန့်သည် နေရာမှာပင် ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး တိုက်ခိုက်နိုင်စွမ်း ရှစ်ဆယ်ရာခိုင်နှုန်း ဆုံးရှုံးသွားကြသည်။
ကြွင်းကျန်သောလူများသည် အနည်းငယ် သက်သာသော်လည်း ဒဏ်ရာကင်းစင်သူဟူ၍ တစ်ယောက်မျှ မရှိချေ။
ထိပ်ဆုံးမှ ရင်ဆိုင်ခဲ့သော ဝူယွင်သည် ထိပ်တိုက်တွေ့ဆုံမှုတွင် လက်တစ်ဖက် ပြတ်သွားခဲ့သည်။ ဤသည်မှာလည်း သူ၏စွမ်းအား ကြီးမားသောကြောင့်သာ ဖြစ်ပြီး ထိုသို့မဟုတ်ပါက ထိုအချိန်မှာပင် သူ ချက်ချင်းသေဆုံးသွားပေလိမ့်မည်။
ဝူယွင်သည် ဆေးလုံးတစ်လုံးကို အလျှင်အမြန် ဝါးမျိုလိုက်ပြီး နံဘေးပတ်ဝန်းကျင်မှ လူများကို ကြည့်လိုက်ကာ သူ၏မျက်လုံးများထဲတွင် သွေးကြောများ ယှက်သန်းနေသည်။
သူသည် အသက်ကို အမောတကောရှူနေရပြီး ကျုံးချင်ကို ကြည့်ကာ သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှု မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
"မင်း... မင်းက တကယ်တမ်းကျ ဘယ်သူလဲ..."
"မင်းက ဘယ်အင်အားစုက လာတာလဲ"
ကျုံးချင်သည် သူ့ကို အထင်အမြင်သေးစွာ စိုက်ကြည့်ပြီး အေးစက်တင်းမာစွာ တုံ့ပြန်လိုက်သည်။
"အခုချိန်ကျမှ ခင်ဗျားက ကျုပ်ကို ဒါတွေ မေးနေတာက အဓိပ္ပာယ် ရှိသေးတယ်လို့ ထင်နေတာလား"
"ကောင်းပြီ ကောင်းပြီ ကောင်းပြီလေ....ဒါဆိုရင် ဒီတစ်ကြိမ်မှာ ငါတို့ထျန်းယွင်ဂိုဏ်းက အရှုံးပေးလိုက်ပါပြီ...ဧည့်သည်တော်ရဲ့လက်သီးက ပိုကြီးတယ်ဆိုတာလည်း ငါ ဝန်ခံပါတယ်"
ဝူယွင်သည် လက်ပြတ်သွားသော ပြင်းထန်သည့် နာကျင်မှုကို အောင့်အီးသည်းခံရင်း တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။
"ဒါကြောင့် ကျေးဇူးပြုပြီး အခု ထျန်းယွင်ဂိုဏ်းကနေ ထွက်သွားပေးပါ....ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို ဘာမှမဖြစ်ခဲ့သလို သဘောထားပါ့မယ်လို့ ငါတို့ထျန်းယွင်ဂိုဏ်းက ကတိပေးပါတယ်.... နောက်နောင်ကျရင် ဧည့်သည်တော်ရဲ့ကိစ္စတွေမှာ ဝင်မစွက်ဖက်တော့ပါဘူး... ဘယ်လိုသဘောရလဲ"
"...."
ကျုံးချင်သည် မေးခွန်းထုတ်လိုမှုများ ပြည့်နှက်နေသော မျက်နှာထားဖြင့် ဝူယွင်ကို ကြည့်လိုက်ပြီး အနည်းငယ်ကြောင်တောင်တောင် ဖြစ်သွားသည်။
သူ ရယ်ချင်စိတ်လည်း ပေါက်သွားပေ၏။
"ခင်ဗျားပြောပုံက ကျုပ်ကို ခွင့်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သဘောလား"
"ပြီးတော့ ဒီနေ့ကိစ္စကို ဘာမှ မဖြစ်ခဲ့သလို သဘောထားမယ် ဟုတ်လား... ခင်ဗျားက အခြေအနေကို ရှင်းရှင်းလင်းလင်း မသိသေးဘူးလား"
"ကိုယ့်မာနနဲ့ကိုယ် နေနေတုန်းပဲလား"
"မင်းက ဘာလိုချင်တာလဲ"
ဝူယွင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။ ဤအချိန်ကျမှသာ သူ၏ထျန်းယွင်ဂိုဏ်းသည် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်နှင့် တွေ့ကြုံနေရပြီ ဖြစ်ကြောင်း သူ ရုတ်တရက် နားလည်သဘောပေါက်လိုက်သည်။
"အစကတော့ ကျုပ်က ဘာမှ မလိုချင်ဘူး...ကျုပ်ရဲ့တပည့်ကို ခေါ်ပြီး စိန်ခေါ်ပွဲ ကတိကဝတ်ကို လာဖြည့်ဆည်းတာပဲ..ကျုပ်နဲ့ ကျုပ်ရဲ့တပည့် ဂိုဏ်းတံခါးဝနေ ဝင်လာကတည်းက မင်းတို့ထျန်းယွင်ဂိုဏ်းက စပြီးတော့ ရွံစရာကောင်းအောင် လုပ်ခဲ့တာလေ"
"ဒါပေမဲ့ ကျုပ် လျစ်လျှူရှုခဲ့တယ်....ဘာပဲဖြစ်ဖြစ် ကျုပ်က ကိစ္စတွေကို ကြီးကျယ်အောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး"
"ခုဏကတောင် ကျုပ် ခင်ဗျားကို အခွင့်အရေးနှစ်ကြိမ် ပေးခဲ့သေးတယ်.... ဒါပေမဲ့ ကံဆိုးစွာနဲ့ ခင်ဗျားက တန်ဖိုးမထားခဲ့ဘူး"
" 'ဒီရွာကျော်သွားရင် နောက်ထပ်ဆိုင်မရှိတော့ဘူး' ဆိုတဲ့ ဆိုရိုးစကားကို ခင်ဗျား သိမှာပါ..."
"ပြီးတော့ 'ဒီလောကကြီးမှာ နောင်တအတွက် ဆေးမရှိဘူး' ဆိုတဲ့ စကားကိုလည်း ခင်ဗျား သိမှာပါ"
"ကိစ္စတွေက ဒီအဆင့်ထိ ရောက်လာမှတော့ သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့"
"ဒါကြောင့် အခု ကျုပ်က ခင်ဗျားကို စိတ်မကောင်းဘူးလို့ပဲ ပြောနိုင်တော့မယ်....ဘာလို့လဲဆိုတော့ အခုကစပြီး ခင်ဗျားတို့ ထျန်းယွင်ဂိုဏ်းက ပိုးဟပ်တစ်ကောင်ဆိုရင်တောင် ကျုပ်က တိုက်ရိုက်ခြေမွှပစ်မှာမလို့ပဲ"
"ဘာလို့လဲဆိုတော့ တစ်နေ့ကျရင် တစ်ယောက်ယောက်က ရုတ်တရက် ထွက်ပေါ်လာပြီးတော့ ထျန်းယွင်ဂိုဏ်းအတွက် လက်စားချေမယ်လို့ လာပြောမှာကို ကျုပ် မလိုချင်ဘူး"
"ကျုပ်က မကြောက်တတ်ပေမယ့် အဲ့ဒါက စိတ်ရှုပ်ထွေးဖို့ကောင်းတယ်လို့ မြင်တယ်"
"အသက်တွေ အများကြီးကို သတ်ရမှာမလို့ ကျုပ် တကယ်ပဲ စိတ်မကောင်း ဖြစ်မိတယ်.... ဒါပေမဲ့ သူတို့ တကယ် အပြစ်တင်သင့်တာက ခင်ဗျားပဲ....ခင်ဗျားလို မိုက်မဲတဲ့ ဂိုဏ်းချုပ်က သူတို့ကို သတ်လိုက်တာပဲ"
ကျုံးချင်၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။
ထိုသို့ပြောဆိုရင်းနှင့် သူသည် ကမ္ဘာငယ်လေးထဲမှ စားပွဲနှင့် ကုလားထိုင်များကို ထုတ်ယူကာ ပြင်ဆင်လိုက်ပြီး စားပွဲတွင်ထိုင်ကာ လက်ဖက်ရည်ကို စတင်၍ ဖျော်စပ်နေတော့သည်။
ဤတိုတောင်းသော စကားအနည်းငယ်ဖြင့် ထျန်းယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို သေဒဏ်စီရင်လိုက်ခြင်းပင်။
သူ ဤကမ္ဘာသို့ ရောက်လာသည်မှာ မကြာသေးသော်လည်း ဤကျင့်ကြံခြင်းကမ္ဘာ၏နိယာမများကို သူ အလွန်ရင်းနှီးကျွမ်းဝင်နေလေပြီ။
ယနေ့တွင် သူသာ စွမ်းအားမကြီးခဲ့လျှင် သူ့ထံ၌ ဝှက်ဖဲများ အလုံအလောက် မရှိခဲ့လျှင်...
သူနှင့်သူ၏တပည့် မည်ကဲ့သို့သေသွားမှန်းပင် သိလိုက်ရမည် မဟုတ်ချေ။
ထျန်းယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးရှိ မည်သူတစ်ဦးတစ်ယောက်ကမျှ သူတို့အတွက် စကားတစ်ခွန်း ဝင်ပြောပေးမည် မဟုတ်ဘဲ လက်ခုပ်လက်ဝါးတီးပြီး အားပေးကြပေမည်။
ဤလူများအနက် အပြစ်ကင်းမဲ့တဲ့သူ အမြောက်အများ ပါကောင်းပါပေလိမ့်မည်။
သို့ရာတွင် မည်သည်ကြောင့် သူ အရေးစိုက်ရမည်နည်း....
တစ်စုံတစ်ယောက်သည် ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းပြီး ဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်ရောက်လိုက်သည့် အချိန်ကစပြီး အရာအားလုံးကို ရင်ဆိုင်ရန် ပြင်ဆင်ထားရပေမည်။
ထို့ပြင်...
သူ လောင်းကြေး မထပ်ရဲချေ။
အနာဂတ်တွင် ကောင်းကင်ဘုံက မျက်နှာသာပေးသော ကလေးတစ်ယောက် သို့မဟုတ် ကံတရားကောင်းသော ကလေးတစ်ယောက်သည် ဤလူများကြားမှ ထွက်ပေါ်လာပြီး သူ့ကို လက်စားချေမချေကို မည်သူက သိနိုင်မည်နည်း....
သူ ထိုကိစ္စကို ကြောက်ရွံခြင်းမရှိချေ။
သို့ရာတွင် သူ့ထံ၌ တပည့်များရှိပြီး အနာဂတ်တွင် မိသားစု ရှိလာနိုင်သည်။
လက်ဖက်ရည်က ကောင်းလိုက်တာ...
ကျုံးချင်က ခေါင်းခါယမ်းလိုက်ပြီး လက်ဖက်ရည်ကို အရသာခံ၍ သောက်လိုက်သည်။
သူ၏လက်ထဲမှ ခွက်ကို ချလိုက်သည့် အချိန်မှာပင် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ထောင်ကျော်သည် တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။
ထိုလှုပ်ရှားမှုနှင့်အတူ...
ထျန်းယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးအတွက် ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာသည့်အလားပင်။
ဝုန်း...
ထျန်းယွင်ဂိုဏ်း၏ မရေမတွက်နိုင်သော ကြိုးပမ်းအားထုတ်မှုများ စုစည်းထားသည့် အဆောက်အအုံများသည် ဝုန်းခနဲ ပြိုကျပျက်စီးသွားတော့သည်။
ဝူယွင်၏နံဘေးမှ အကြီးအကဲများသည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူဆယ်ယောက်ကျော်၏ ဝိုင်းရံခြင်းကို ချက်ချင်းခံလိုက်ရသည်။
ဝှက်ဖဲအနည်းငယ်ရှိသော အကြီးအကဲများသည် အချိန်တခဏကြာမျှ အသည်းအသန်ခုခံ၍ တောင့်ခံနိုင်ခဲ့သည်။
သို့ရာတွင် အင်အားနည်းသော အကြီးအကဲများသည် အပြန်အလှန်တိုက်ခိုက်မှု အနည်းငယ် လုပ်ပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားကြသည်။
"မင်း... ငါ မှားတယ်.... ဒီလောက်ဆိုရင် မလုံလောက်သေးဘူးလား"
ဝူယွင်၏မျက်လုံးများ နီမြန်းနေပြီး သူ၏ခန္ဓာကိုယ် တုန်ရီနေသည်။
ယခုအချိန်တွင် သူ အမှန်တကယ် ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏စိတ်နှလုံးသားထဲတွင် အမှန်တကယ် ကြောက်ရွံ့နေလေပြီ။
အကြောင်းအရင်းမှာ ဤအတိုင်း ဆက်သွားနေပါက ထျန်းယွင်ဂိုဏ်းတစ်ဂိုဏ်းလုံး သူ၏လက်ထဲတွင် လုံးလုံးလျားလျား ပျက်စီးသွားတော့မည် ဖြစ်သောကြောင့်ပင်။
ကျုံးချင်သည် သူ မည်သို့မျှ ပြစ်မှား၍ မရနိုင်သော ပုဂ္ဂိုလ်ဖြစ်ကြောင်းလည်း သူ နက်နက်ရှိုင်းရှိုင်း သိရှိသွားသည်။
သူ ကျုံးချင်ကိုကြည့်ပြီး ရူးသွပ်စွာ အော်ဟစ်လိုက်၏။
"ငါ့ကို မင်းတပည့်ရဲ့ရှေ့မှာ ဒူးထောက် တောင်းပန်စေချင်တာ မဟုတ်ဘူးလား...ငါ လိုလိုလားလား လုပ်ပါ့မယ်...ဒီလောက်ဆိုရင် မလုံလောက်သေးဘူးလား"
သို့သော် ကျုံးချင်သည် သူ၏စကားကို မကြားသည့်အလား သူ၏ယခင်ပုံစံအတိုင်း လက်ဖက်ရည်ကို ဆက်လက်၍ သောက်သုံးနေသည်။
နောက်ကျမှ နောင်တရခြင်းသည် မြက်ပင်လောက်ပင် တန်ဖိုးမရှိချေ။
ယခင်က သူ အခွင့်အရေးပေးခဲ့စဥ်တွင် ဝူယွင် မည်သို့ပြုလုပ်နေခဲ့သနည်း....
ကျုံးချင် စိတ်မလှုပ်ရှားသည်ကို မြင်တွေ့ချိန်၌ ဝူယွင် ရူးမတတ် ဖြစ်သွားသည်။ ဂိုဏ်းထဲမှ ထိပ်သီးကျင်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရခြင်းနှင့် အဆောက်အအုံများ တစ်ခုပြီးတစ်ခု ပျက်စီးနေခြင်းတို့ကို ကြည့်ပြီး သူ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
ရုတ်တရက်...
မုရုံရွှယ်သည် ဖရိုဖရဲအခြေအနေကြားထဲတွင် ထွက်ပြေးနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ သူ၏စိတ်နှလုံးသားထဲတွင် အမုန်းတရားများ ပြည့်နှက်နေသော်လည်း အသက်ကယ်ဆေးမြစ် တစ်ခုကို ဖမ်းဆုပ်မိသကဲ့သို့ ခံစားလိုက်ရသည်။
သူ လေပေါ်သို့ တက်လှမ်းလိုက်ပြီး မုရုံရွှယ်ကို မြေပြင်ပေါ်သို့ လဲကျသွားအောင် ရိုက်ချလိုက်သည်။
"ခွေးမ...ဒါတွေက... မင်း...မင်း ပြဿနာရှာလို့ ဖြစ်ရတာတွေလေ.....မြန်မြန်သွားပြီး သူ့ကို ရပ်အောင် လုပ်စမ်း"
"မလုပ်ပါနဲ့.... မလုပ်ပါနဲ့....တပည့်ကို မလုပ်ပါနဲ့..."
ယခုအချိန်တွင် မုရုံရွှယ်သည် ကြောက်လန့်လွန်းသဖြင့် ရူးသွပ်နေသော မိန်းမတစ်ယောက်ကဲ့သို့ ဖြစ်နေလေပြီ။ ဝူယွင် ထိုသို့ ပြောဆိုလိုက်ချိန်၌ သူမသည် ချက်ချင်းဒူးထောက်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်လိုက်၏။
အခြေအနေများသည် မည်သည်ကြောင့် ဤကဲ့သို့ ဖြစ်လာရသည်ကို သူမ နားမလည်နိုင်ချေ။
သူမ တချိန်က အထင်သေးခဲ့သော အမှိုက်ကောင်တွင် မည်သည်ကြောင့် ဤကဲ့သို့ ကျောထောက်နောက်ခံမျိုး ရှိနေရသနည်း။
မည်သည်ကြောင့် ကျုံးချင်သည် သူမကို မရွေးချယ်ဘဲ လင်းဖုန်းကို ရွေးချယ်ခဲ့သနည်း...သူမထံတွင် ရွှေရောင်အဆင့်ပါရမီ ရှိနေပေ၏။
သို့သော် ဝူယွင်သည် မုရုံရွှယ်၏တောင်းပန်မှုကို လျစ်လျူရှုပြီး သူမကို ကောက်မ၍ လွှင့်ပစ်လိုက်ရာ ကျုံးချင်နှင့်လင်းဖုန်းတို့၏ ခြေရင်းသို့ တိုက်ရိုက်ကျရောက်သွားသည်။