မီတာ ၄၀၀ ရှည်သောဓား....သုညစည်းတံဆိပ်
Vol. 5 Ch. 45
"သူ့ကို မင်းတို့ ဆန္ဒအတိုင်း စီရင်ဖို့ ငါ ပေးအပ်လိုက်မယ်...ဒီကိစ္စကို ဒီမှာတင် ပြီးလိုက်ကြစို့.... ဘယ်လိုသဘောရလဲ"
ဝူယွင်သည် ကျုံးချင်ကို ကြည့်ပြီး စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်သည်။
"မင်း သူ့ကို ကြိုက်သလို လုပ်လို့ရတယ်.... ငါ့မှာ ဘာကန့်ကွက်ချက်မှ မရှိဘူး"
ဝူယွင်၏ စူးစမ်းလိုသော အကြည့်က ကျုံးချင်အပေါ်သို့ ကျရောက်နေသည်။
ဤအချိန်တွင် မုရုံရွှယ်၏အသက်ဖြင့် ထျန်းယွင်ဂိုဏ်းကို ကယ်တင်နိုင်မယ်ဆိုလျှင် သူ လိုလိုလားလား ပေးအပ်လိုက်ပေမည်။
ဝူယွင်၏စကားများက မုရုံရွှယ်ကို ချောက်ကမ်းပါးထဲသို့ လုံးလုံးလျားလျား တွန်းချလိုက်သည့်အလားပင်။
ဤသည်က သူမ ဂုဏ်ယူခဲ့ရသောဂိုဏ်းဖြစ်ပြီး သူမ ဂုဏ်ယူဝံ့ကြွားခဲ့ရသော အဆင့်အတန်းပင်။
သို့ရာတွင် ပြင်းပြသော အသက်ရှင်လိုစိတ်က မုရုံရွှယ်ကို မြေပြင်ပေါ်သို့ တိုက်ရိုက်ဒူးထောက်ကျသွားစေသည်။ သူမသည် လင်းဖုန်းဆီသို့ တွားသွားကာ သူ၏ဘောင်းဘီစကိုဆွဲပြီး အသည်းအသန် တောင်းပန်လိုက်တော့သည်။
"လင်းဖုန်း...လင်းဖုန်း... ငါ မှားပါတယ်...ဒါတွေက ငါ့ရဲ့အပြစ်ပါ"
"တကယ်တော့ ငါ နင့်ကို အမြဲ ချစ်ခဲ့တာပါ....ပြီးတော့ နင်က လူတွေကြားထဲက နဂါးနဲ့ ဖီးနစ် ဖြစ်လာမယ်ဆိုတာ ငါ အမြဲ ယုံကြည်ခဲ့တယ်"
"အရင်တုန်းက ငါ အဲ့ဒီလို လုပ်ခဲ့တာ ငါ့ရဲ့ဆန္ဒ လုံးဝမပါခဲ့ဘူး... ဒါတွေအားလုံးက ထျန်းယွင်ဂိုဏ်းက ငါ့ကို အတင်းအဓမ္မ ခိုင်းစေခဲ့လို့ပါ"
ထိုသို့ပြောရင်းနှင့် မုရုံရွှယ်က ဝူယွင်ကို ယုတ်မာကောက်ကျစ်စွာ လက်ညှိုးထိုးပြပြီး အော်ဟစ်လိုက်သည်။
"သူတို့အားလုံးက ငါ့ကို အတင်းအကျပ် ခိုင်းခဲ့တာပါ....ငါ့ကို သူတော်စင်မိန်းမပျိုဆိုပြီး ပြောကြတယ်"
"ကျေးဇူးပြုပြီး နင် ငါ့ကို အသိအမှတ်ပြုပေးပါနော်"
"ငါတို့တွေက ငယ်ချစ်ဦးတွေလေ"
"ငါက နင့်ရဲ့ ရွှယ်အာလေ....ကျေးဇူးပြုပြီး ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ... ငါက နင့်ရဲ့ အစေခံ လုပ်ပါ့မယ်"
သို့ရာတွင်...
မုရုံရွှယ်၏ နာကျင်စွာ တောင်းပန်နေမှုများကို ရင်ဆိုင်ရချိန်၌ လင်းဖုန်း၏ မျက်နှာပေါ်တွင် လျစ်လျူရှုထားမှုများသာ ရှိနေသည်။
ဤအမျိုးသမီး၏ အစစ်အမှန် အကျင့်စရိုက်ကို သူ မြင်နေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သူမ၏ စကားလုံးအနည်းငယ်ကြောင့် သူ မည်သို့ စိတ်ပျော့သွားမည်နည်း။
လင်းဖုန်း စိတ်မလှုပ်ရှားသည်ကို မြင်တွေ့ချိန်၌ မုရုံရွှယ်သည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"နင်က ဘာလို့ ငါ့ကို လျစ်လျူရှုထားတာလဲ"
"နင်လို အသုံးမကျတဲ့ကောင်က ဘယ်လိုလုပ်ပြီး ငါ့ကို အနိုင်ယူနိုင်မှာလဲ"
"ငါက နင့်ကို အောက်ကျို့ပြီးတော့ တောင်းပန်ခဲ့ပြီးပြီလေ.... နင်က ဘာထပ်လိုချင်သေးတာလဲ"
ထိုသို့ပြောဆိုရင်းနှင့်...
သူမက ရုတ်တရက် တိုက်ခိုက်လိုက်သည်။ သူမ၏လက်ထဲတွင် ဓားမြှောင်တစ်ချောင်း ထွက်ပေါ်လာပြီး လင်းဖုန်းထံသို့ ဦးတည်၍ ရူးသွပ်စွာ ထိုးစိုက်လိုက်၏။
"နင် ငါ့ကို လွှတ်မပေးချင်မှတော့ နင်လည်း သေလိုက်တော့"
မုရုံရွှယ်၏ ရုတ်တရက်တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်၌ လင်းဖုန်းက လွယ်လင့်တကူ ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူသည် လက်ပြန်တစ်ရိုက်ကာ သူမ၏လက်ထဲမှ ဓားမြှောင်ကို လုယူလေသည်။
"မင်းက တကယ့်ကို ကယ်တင်လို့ မရတော့တဲ့ကောင်မပဲ"
လင်းဖုန်းက သူမကို လျစ်လျူရှုသောအမူအယာဖြင့် ကြည့်လိုက်၏။ ထို့နောက် သူ၏လက်မှဓားကို လှုပ်ရှားလိုက်ပြီးနောက် သူမ၏လည်ပင်းကို လှီးဖြတ်လိုက်တော့သည်။
မုရုံရွှယ် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ခေတ်တစ်ခေတ်၏ သူတော်စင်မိန်းမပျိုလေးသည် သေဆုံးသွားခဲ့လေပြီ။
"အား...ခွေးတိရစ္ဆာန်လေး....မင်းက ငါ့ရဲ့သမီးကို သတ်ရဲတယ်ပေါ့.... ငါ မင်းကို သတ်မယ်"
ဖရိုဖရဲအခြေအနေများကြားတွင် မုရုံရွှယ်သည် လင်းဖုန်း၏လက်ချက်ဖြင့် သေဆုံးသွားသည်ကို မုရုံဟိုင်က မြင်တွေ့လိုက်ရသည်။ မုရုံဟိုင်သည် ချက်ချင်းဆိုသလိုပင် သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် လင်းဖုန်းဆီသို့ ပြေးဝင်လာသည်။ သူသည် လင်းဖုန်းကို အပိုင်းပိုင်းဆုတ်ဖြဲပစ်မည့်အလားပင်။
သို့ရာတွင် သူ လင်းဖုန်း၏အနီးသို့ မရောက်နိုင်ခင်မှာပင် သစ်သားပန်းပုရုပ်မှ ပြောင်းလဲလာသော ကျင့်ကြံသူတစ်ဦးက သူ့ကို တိုက်ရိုက်ခြေမွှဖျက်ဆီးလိုက်သည်။
ကျုံးချင်သည် မုရုံသားအဖ၏အလောင်းများကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ခဲ့ချေ။
ထိုအစား သူသည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး အနည်းငယ် သောက်လိုက်သည်။
ထို့နောက် သူသည် လင်းဖုန်းကို စိတ်သက်သာရာရသည့် အပြုံးဖြင့် ပြုံးပြလိုက်၏။
ထိုအချိန်မှာပင် တိတ်ဆိတ်နေသော စနစ်ထံမှ ရုတ်တရက် အသံထွက်ပေါ်လာသည်။
[တင် - တပည့်လင်းဖုန်းကို ကြီးပြင်းလာအောင် လုပ်ဆောင်ပေးနိုင်သည့်အတွက် လက်ခံသူအား ဂုဏ်ယူပါသည်]
[အိမ်ရှင်အတွက် ဆုလက်ဆောင် - ဝိညာဉ်လက်နက်....သုညစည်းတံဆိပ်]
[သုညစည်းတံဆိပ် မိတ်ဆက်...သုညစည်းတံဆိပ် တွင် သတ်မှတ်ထားသော အဆင့် မရှိချေ... လက်ခံသူ၏စွမ်းအားနှင့်အတူ ကြီးထွားလာပေမည်... တစ်ချိန်တည်းမှာပင် လက်ခံသူသည် ထိုအရာ၏ပုံသဏ္ဌာန်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ပြီး အထူးပြုလုပ်ချက်များကို စိတ်ကြိုက်ဖန်တီးနိုင်သည်....မှတ်ချက် သုညစည်းတံဆိပ်၏စွမ်းအားသည် အထူးပြုလုပ်ချက်များ သို့မဟုတ် ပုံသဏ္ဌာန်နှင့်အတူ ပြောင်းလဲမည် မဟုတ်ပေ...အိမ်ရှင်၏စွမ်းအားနှင့်သာ ချိတ်ဆက်ထားသည်]
"အော်..."
"ဒါက မမျှော်လင့်ထားတဲ့ ဆုလက်ဆောင် ပါလား"
စနစ်၏အသံကို ကြားလိုက်ရချိန်၌ ကျုံးချင်၏ မျက်လုံးများ တောက်ပသွားသည်။
သူ့တပည့်၏အတွင်းစိတ်နတ်ဆိုးကို ဖြေရှင်းပေးလိုက်ခြင်းဖြင့် ဤကဲ့သို့ မမျှော်လင့်ထားသော အကျိုးအမြတ်ကို ရလာလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။
အတွေးတစ်ချက်ဖြင့် အဖြူရောင်အလင်းတန်းများ ထုတ်လွှတ်ထားသော ဓားရှည်တစ်ချောင်းက ကျုံးချင်၏လက်ထဲတွင် ထွက်ပေါ်လာသည်။
"ဒါက သုညစည်းတံဆိပ်လား..."
စနစ်၏ သုညစည်းတံဆိပ် မိတ်ဆက်စကားကို ပြန်တွေးရင်း ကျုံးချင်က စစ်ဆေးကြည့်လိုက်သည်။
အဝေးတစ်နေရာတွင်...
တစ်ဖက်သတ်ဆန်သော သတ်ဖြတ်မှုများ ဆက်လက်၍ ဖြစ်ပွားနေသည်။
ဝူယွင်သည် သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ဟိုပြေးဒီပြေးလုပ်နေပြီး စိုးရိမ်ပူပန်မှုကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေသည်။
သူ စဉ်းစား၍ရသမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ကျုံးချင် ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့ပေ။ ထျန်းယွင်ဂိုဏ်း၏အရာအားလုံး ပျက်စီးသွားသည်ကို သူ လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ယခုအချိန်တွင် သူ၏ ယခင်မာန်တက်ခဲ့မှုများအတွက် ခါးသီးသော အကျိုးဆက်ကို အမှန်တကယ် မြည်းစမ်းနေရလေပြီ။
"မဖြစ်ဘူး.... ဒီအတိုင်း ဆက်ဖြစ်နေလို့ မဖြစ်ဘူး"
"ငါ အကူအညီ တောင်းမှ ရမယ်"
"ငါ အကူအညီရဖို့ နည်းလမ်းရှာရမယ်"
"ထျန်းယွင်ဂိုဏ်းကို ငါ့ရဲ့လက်ထဲမှာ ဒီလိုမျိုး ပျက်စီးသွားခွင့် မပေးနိုင်ဘူး"
ဝူယွင်၏အသံ တုန်ရီနေသည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ပြီး ဟာကွက်တစ်ခုကို တွေ့လိုက်သဖြင့် အပြင်ဘက်သို့ ထွက်ပြေးရန် သူ၏အသက်စွမ်းအားကို တိုက်ရိုက် လောင်ကျွမ်းစေလိုက်သည်။
သူ တိုက်ပွဲနယ်မြေမှ လွတ်မြောက်သွားသည့် အချိန်မှာပင် ထျန်းယွင်ဂိုဏ်း၏ နက်ရှိုင်းသော နေရာမှ လျှို့ဝှက်ဆန်းကြယ်သော လှုပ်ရှားမှုတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာသည်။
ဤလှုပ်ရှားမှုမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး ချိပ်ပိတ်ထားသော ရှေးဦးနတ်ဘုရားသားရဲတစ်ကောင်သည် ယခုအချိန်တွင် နိုးထလာသည့်အလားပင်။
ထို့နောက် သူတို့ မြင်လိုက်ရသည်မှာ...
ကြီးမားသော လက်ကြီးတစ်ဖက်သည် ထျန်းယွင်ဂိုဏ်း၏ နက်ရှိုင်းသော နေရာမှ ရုတ်တရက် ထွက်ပေါ်လာပြီး တိုက်ပွဲနယ်မြေကို လွှမ်းခြုံသွားပေ၏။
ဤလက်ဝါးရိုက်ချက်သည်...
ကောင်းကင်နှင့်မြေပြင်ကို ပြိုကျစေနိုင်သည့်အလား ကြီးမားသောစွမ်းအားများကို သယ်ဆောင်လာသည်။
သစ်သားပန်းပုရုပ်မှ ပြောင်းလဲလာသော ထိပ်သီးကျင့်ကြံသူ ဆယ်ယောက်ကျော်သည် ဤလက်ဝါးရိုက်ချက် တစ်ချက်တည်းအောက်တွင် တိုက်ရိုက်သေဆုံးသွားကြသည်။
"ဒီဘိုးဘေးကြီးက နှစ်ရာဂဏန်းလောက်ပဲ အိပ်ပျော်နေလိုက်တာ....လူတွေက ငါတို့ထျန်းယွင်ဂိုဏ်းကို အနိုင်ကျင့်နေကြပြီပဲ"
"လူတိုင်းက ငါ မရှိတော့ဘူး ငါ သေသွားပြီလို့ ထင်နေကြတာလား"
ကောင်းကင်ဘုံတေးသွားကဲ့သို့သော အသံနှင့်အတူ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော ဘိုးဘေးအိုကြီးတစ်ဦးသည် ထျန်းယွင်ဂိုဏ်း၏ နက်ရှိုင်းသောနေရာမှနေ၍ လေထုထဲသို့ တက်လှမ်းကာ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
သူသည် မာန်တက်နေသောဟန်ပန်ဖြင့် မြင်ကွင်းတစ်ခုလုံးကို ကြည့်ရှုလိုက်၏။
သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် လူအမြောက်အများကို အသက်ရှူမွန်းကြပ်သွားစေသည်။
ဤအဘိုးအို ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ ထျန်းယွင်ဂိုဏ်းသားများသည် သူတို့၏ ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလားပင်။
"ဘိုးဘေးကြီး...."
"တကယ့်ကို ဘိုးဘေးကြီးပါလား"
"ဘိုးဘေးကြီးက မသေသေးဘူးပဲ"
"တကယ့်ကို ဝမ်းသာစရာပဲ.... ဘိုးဘေးကြီး သူက ကျွန်တော်တို့ ထျန်းယွင်ဂိုဏ်းကို ဖျက်ဆီးချင်နေတာပါ....ရန်သူကို သုတ်သင်ပေးဖို့ ဘိုးဘေးကြီးကို ရိုသေစွာ တောင်းဆိုပါတယ်"
ထျန်းယွင်ဂိုဏ်းသားများအားလုံး တပြိုင်နက်တည်း ဒူးထောက်လိုက်ကြပြီး ဘိုးဘေးကြီးကို အရိုအသေပြုလိုက်ကြ၏။
အဝေးတစ်နေရာတွင်...
အကူအညီရှာရန်နှင့် ထျန်းယွင်ဂိုဏ်းကို ကယ်တင်ရန်အတွက် ထွက်ပြေးရန် ကြံစည်နေသော ဝူယွင်သည် ဘိုးဘေးကြီး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းဝမ်းသာအားရ ဖြစ်သွားကာ သူ၏မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။
"ဘိုးဘေးကြီး"
"တကယ့်ကို ဘိုးဘေးကြီးပါလား... ဘိုးဘေးကြီးက မသေသေးဘူး....ပြီးတော့ သူ့အရှိန်အဝါကို ကြည့်ရတာတော့ သူက ဒဏ္ဍာရီလာ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်ကို ရောက်နေပုံရတယ်"
"ငါတို့ထျန်းယွင်ဂိုဏ်း ကယ်တင်ခံရပြီ"
ဝူယွင်၏ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။
အခြေအနေသည် ဤမျှထိ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားမည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ချေ။
ထျန်းယွင်ဂိုဏ်း၏ဘိုးဘေးကြီးက တကယ် သေဆုံးခြင်းမရှိသေးဘဲ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်သို့ပင် ရောက်ရှိနေလေပြီ။
ယခုဆိုလျှင် ထျန်းယွင်ဂိုဏ်းသည် အရှေ့ပိုင်းဒေသ၏ မြင့်မြတ်နယ်မြေများအနက်မှ တစ်ခု ဖြစ်လာရန် လုံလောက်သော အရည်အချင်းများ ရှိနေပြီဟု ပြောဆိုလျှင် လွန်မည်မဟုတ်ချေ။ အကြောင်းအရင်းမှာ အရှေ့ပိုင်းဒေသတွင် မြင့်မြတ်သောနယ်မြေ ဖြစ်လာရန် အခြေခံအကျဆုံး လိုအပ်ချက်မှာ ဂိုဏ်းတွင် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက်ရှိနေရန် ဖြစ်သောကြောင့်ပင်။
အတိုချုပ်ပြောရလျှင်...
သူ၏ထွက်ပေါ်လာမှုသည်...
ထျန်းယွင်ဂိုဏ်းသားများအတွက် အလင်းတန်းတစ်တန်းအလားပင်။
သူတို့၏စိတ်နှလုံးသားထဲမှ မှိုင်းညို့မှုများ အားလုံးကို ဖယ်ရှားပေးပြီး သူတို့၏ အနာဂတ်ကို လင်းလက်စေသည်။
ထို့ပြင် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ရှေ့တွင် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူများ မည်မျှထိများများ ရှိနေပါစေ ပြောပလောက်သောအရာ မဟုတ်တော့ပေ။
သူသည် ထွက်ပေါ်လာခြင်းပင် မရှိသေးဘဲ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူဆယ်ယောက်ကျော်ကို သတ်ဖြတ်လိုက်သည်။ ဤအချက်က မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်၏ ကြောက်မက်ဖွယ်ကောင်းမှုကို မြင်သာစေသည်။
မရေမတွက်နိုင်သော အကြည့်များသည် လေထဲတွင် ရပ်နေသော ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည့် ဘိုးဘေးကြီးကို ကြည့်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ "ပြိုင်ဘက်ကင်း" ဟူသော စာလုံးကို ဘိုးဘေးကြီး၏ခန္ဓာကိုယ်ပေါ်တွင် ရေးထိုးထားသည့်အလားပင်။
နောက်ဆုံးအောင်ပွဲရလဒ်ကို သူတို့၏ထျန်းယွင်ဂိုဏ်း ပိုင်ဆိုင်တော့ပေမည်။
သို့သော်...
ထိုအချိန်မှာပင် သူတို့ လုံးလုံးလျားလျား မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပျက်သွားသည်။
မီတာလေးရာ ရှည်လျားသော ဓားကြီးတစ်လက်က လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုဓားကြီးသည် အေးစက်သော ချီစွမ်းအားများကို ထုတ်လွှတ်ထားပြီး တစ်ဖက်တွင် နဂါးနှင့် ဖီးနစ်များပျံသန်းနေပုံဖြင့် နတ်ဘုရားသားရဲပုံရိပ်ယောင်များ ရစ်သိုင်းလွှမ်းခြုံထားသည်။ တခြားတစ်ဖက်တွင် သရဲတစ္ဆေများ ညည်းတွားနေသံများ ထွက်ပေါ်နေကာ သေခြင်းတရား အငွေ့အသက်များ ထူထပ်သိပ်သည်းစွာ ရှိနေသည်။
ဤမီတာလေးရာ ရှည်လျားသော ဓားကြီးသည် မြေကြီးမှ ဆန့်တန်းလာပြီး ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော ဘိုးဘေးကြီး၏လည်ပင်းထံသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။
အစောပိုင်းက ပြိုင်ဘက်ကင်းသည့်ဟန်ပန်ဖြင့် ထွက်ပေါ်လာသော ဘိုးဘေးကြီးသည် ရုတ်တရက် လေထဲတွင် ဒူးများပျော့ခွေသွားပြီး ဒူးထောက်ရက်သား ပြုတ်ကျသွားတော့သည်။