သေရမည်ကို ကြောက်ရွံ့သော ထျန်းယွင်ဂိုဏ်း ဘိုးဘေး
Vol. 5 Ch. 46
"အ အရှင်....ကျွန်တော့်ရဲ့အသက်ကို ချမ်းသာပေးပါ"
"အရှင်...ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ..."
ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော အဘိုးအို၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။
သူသည် အသက်ချမ်းသာပေးရန် အကြိမ်ကြိမ် တောင်းပန်နေပေ၏။
သူ့အသံတွင် ငိုသံများပင် ရောယှက်နေသည်။
ဤသည်မှာ သူသည် သတ္တိနည်း၍ မဟုတ်ဘဲ သူ၏လည်ပင်းပေါ်တွင် တင်ထားသော ဓားကြီးသည် သူ၏မျက်လုံးထဲတွင် အလွန်ကြောက်မက်ဖွယ်ကောင်းနေသောကြောင့်ပင်။
မီတာလေးရာ...
မီတာလေးရာ အတိအကျရှည်လျားကာ...
ရုပ်ဝတ္ထုအဖြစ် တည်ရှိနေသော ဓားကြီးတစ်လက်ပင်။
သူသည် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်သန်ခဲ့သော်လည်း ဤမျှထိကြီးမားသော လက်နက်အကြောင်း တစ်ကြိမ်တစ်ခါမျှ မကြားဖူးသည့်အပြင် မြင်တွေ့ခဲ့ဖူးခြင်းလည်း မရှိချေ။
ဤသည်က သူ့ကို အကြောက်ရွံစေဆုံးအရာ မဟုတ်သေးချေ။
သူ့ကို အကြောက်ရွံဆုံး ဖြစ်စေသည်မှာ ဤ မီတာလေးရာ ရှည်လျားသော ဓားကြီးထဲတွင် သူ၏စိတ်ဝိညာဉ်ကို တုန်လှုပ်စေသော အရာများစွာအား ချိပ်ပိတ်ထားခြင်းပင်။
လက်ဝဲဘက်တွင် နတ်ဆိုးနတ်ဘုရားများ... လက်ယာဘက်တွင် သရဲတစ္ဆေနတ်ဘုရားများ...
ဤခံစားချက်မှာ...
ဆင်ကြီးတစ်ကောင်က သူ၏ခြေထောက်ကို ကြက်ပေါက်လေးတစ်ကောင်၏ခေါင်းပေါ်သို့ တင်ထားသကဲ့သို့ ခံစားချက်မျိုးပင်။
သူ မကြောက်ရွံ့ဘဲ နေမည်လော....
အထူးသဖြင့် အဘိုးအိုသည် ဤအသက်အရွယ်ထိ နေထိုင်လာခဲ့သူ ဖြစ်သောကြောင့် အသက်ရှင်သန်ရခြင်း၏ခက်ခဲမှုကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသူ ဖြစ်သည်။
သူသည် ထျန်းယွင်ဂိုဏ်း၏ အနောက်ဘက်တောင်ကုန်းတွင် နှစ်ရာပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ တခြားလူများက သူသေဆုံးပြီဟု ထင်မှတ်ထားချိန်တွင်ပင် သူ ထွက်မလာခဲ့ချေ။ သူ၏ရည်ရွယ်ချက်မှာ သက်တမ်းမကုန်မီ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီး သက်တမ်းရှည်စေရန်ပင်။
နောက်ဆုံးတွင်...
သူ သေခါနီးဆဲဆဲအချိန်တွင် ကံကောင်းထောက်မစွာဖြင့် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီး သက်တမ်းနှစ်ထောင်ပေါင်းများစွာ ပို၍ရရှိလာခဲ့သည်။ သူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးပြီးချင်း သူ မသေလိုသေးချေ။
ထို့ကြောင့် မီတာလေးရာ ရှည်လျားသော ဓားကြီး သူ၏လည်ပင်းပေါ် ရောက်ရှိလာသည့်အချိန်၌ပင် သူ ချက်ချင်းဆုံးဖြတ်ချက်ချလိုက်၏။
သူ၏အရှိန်နှုန်း မလုံလောက်မည်ကို သူ၏ဟန်ပန် ရိုးသားမှု မရှိမည်ကိုပင် သူ စိုးရိမ်နေမိသည်။
အဘိုးအိုသည် ရုတ်တရက် ဒူးထောက်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်လိုက်သည်ကို မြင်တွေ့ချိန်၌ ကျုံးချင်လည်း အနည်းငယ် ကြောင်အမ်းသွားသည်။
သူသည် စနစ်၏လမ်းညွှန်ချက်အတိုင်း သုညစည်းတံဆိပ်ကို လေ့လာနေခြင်းပင်။
ထိုအချိန်၌ ဤအဘိုးအို ထွက်ပေါ်လာခဲ့သည်။
ထို့ကြောင့် သူသည် စနစ်၏လမ်းညွှန်ချက်အတိုင်း စမ်းသပ်ကြည့်လိုက်ခြင်း ဖြစ်သည်။
သူက သုညစည်းတံဆိပ်ကို မီတာ လေးရာ ရှည်လျားသော ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲလိုက်၏။ ထို့နောက် အထူးပြုလုပ်ချက်များ အနေဖြင့် သူ ယခင်ဘဝက မြင်တွေ့ဖူးသော ဒဏ္ဍာရီလာသားရဲတချို့ကို ရုပ်လုံးဖော်၍ ထည့်သွင်းလိုက်သည်။
မူလက ဤှသည်မှာ ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဖြစ်လာလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ယခုမှ နေမင်းနက်နဲသိမ်မွေ့နယ်ပယ်တွင်သာ ရှိနေပေ၏။ သူ၏ဝှက်ဖဲများကို အကုန်အစင် ထုတ်သုံးမှသာ ဤအဘိုးအိုကို ကိုင်တွယ်ကောင်း ကိုင်တွယ်နိုင်ပေလိမ့်မည်။ သို့ရာတွင် ဤကိစ္စသည် သေချာပေါက် လွယ်ကူမည် မဟုတ်ချေ။
ဤအဘိုးအိုကို တိုက်ရိုက်ခြိမ်းခြောက်နိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
ဤသည်မှာ သူ့အတွက် ဒုက္ခများစွာကို သက်သာသွားစေသည်။
သို့သော်...
ထျန်းယွင်ဂိုဏ်းသားများ၏ စိတ်ဓာတ်များမှာမူ ပြိုလဲပျက်စီးကုန်လေပြီ။
သူတို့၏ဘိုးဘေးကြီးသည် ပြိုင်ဘက်ကင်းစွမ်းအားကို ထုတ်ဖော်ပြီး ကျူးကျော်လာသူကို ပါးရိုက်သတ်ဖြတ်လိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။ သို့သော် တိုက်ပွဲမစတင်မီမှာပင် ဘိုးဘေးကြီးသည် ဒူးထောက်လိုက်လိမ့်မည်ဟု မည်သူက ထင်မှတ်မိမည်နည်း။
ဤရလဒ်သည် သူ၏ခမ်းနားထည်ဝါသော ထွက်ပေါ်လာမှုနှင့် နှိုင်းယှဉ်လျှင် ကွာခြားချက် ကြီးမားလွန်းပေ၏။
ယခုအချိန်တွင်...
သူတို့၏မျက်လုံးများထဲမှ မျှော်လင့်ချက်အလင်းရောင်များ ကွယ်ပျောက်သွားတော့သည်။
သူတို့ထံ၌ အနာဂတ် မရှိတော့ချေ။
လူအများသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားကြသည်။
သူတို့အတွက်မူ ဤကဲ့သို့ အတက်အကျကြမ်းသော စိတ်ခံစားမှုရထားကို စီးနင်းရခြင်းက နှိပ်စက်လွန်းရာ ရောက်နေသည်။
"ဘိုး... ဘိုးဘေးကြီး"
အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံအတွင်းမှ ဝူယွင်၏စိတ်ဓာတ်လည်း ပြိုလဲသွားပြီး နေရာမှာပင် ကြက်သေသေနေမိသည်။
သူ၏ဘိုးဘေးကြီးအတွက် သူ အားပေးရန် ပြင်ဆင်နေရုံမျှသာ ရှိသေးသည်။ သူ အသံပင် မထွက်လိုက်ရသေးမီ သူ၏ဘိုးဘေးကြီးက အရှုံးပေးလိုက်သလော။
ဤအချက်က သူ ဤတစ်ကြိမ် ပြစ်မှားမိလိုက်သူမှာ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သက်သေပြနေသည်။
ထိုသို့မဟုတ်ပါက...
သူ၏မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ဘိုးဘေးကြီးသည် ဤကဲ့သို့ လွယ်လင့်တကူ ဒူးထောက်မည်လော...
ဤအချိန်တွင် သူလည်း မည်ကဲ့သို့လုပ်ရမှန်း မသိတော့ချေ။ သူ စစ်ကူရှာရန် ယာယီ ထွက်ပြေး၍ ရကောင်းရနိုင်သော်လည်း မည်သည့်နေရာတွင် သွားရှာရမည်နည်း။
အရှေ့ပိုင်းဒေသမှ မြင့်မြတ်နယ်မြေတချို့ဆီ သူ သွားရမည်လော....
ထိုမြင့်မြတ်နယ်မြေများက သူ့ကို ကူညီချင်စိတ် ရှိမရှိကို ဘေးဖယ်ထားလျှင်ပင်...
အကယ်၍ သူတို့ ကူညီချင်သည် ဆိုလျှင်ပင် မည်သို့ ထူးခြားလာမည်နည်း။
သူ၏ဘိုးဘေးကြီးပင် ဒူးထောက်နေရသည့် အခြေအနေတွင် မြင့်မြတ်နယ်မြေများသည် မည်သည့်အရာအား လုပ်ပေးနိုင်မည်နည်း။
အချိန်တခဏကြာသည်အထိ...
ဝူယွင်ထံတွင် နောင်တများဖြင့် ပြည့်နှက်နေတော့သည်။
ကျုံးချင် ဤမျှထိ အစွမ်းထက်မှန်းသာ သိရှိခဲ့လျှင် သူ ပြစ်မှားရဲမည် မဟုတ်ချေ။ ထို့ပြင် ကျုံးချင်ကို ရန်သူအဖြစ်သို့ ရောက်ရှိသွားအောင် သူ တွန်းပို့မိမည်လည်း မဟုတ်ပေ။
သို့သော် ကျုံးချင် ပြောသကဲ့သို့ပင်...
ဤလောကကြီးတွင် နောင်တအတွက် ဆေးမရှိချေ။
ထိုအချိန်တွင် လွန်ခဲ့သော ရက်အနည်းငယ်က ဝမ်တာအိုတောင်မှ ကျူးကော်ချင်း၏ သတိပေးစကားကို သူ ရုတ်တရက် သတိရလိုက်သည်။
ထျန်းယွင်ဂိုဏ်း အနေဖြင့် မုရုံရွှယ်နှင့် အဆက်အသွယ် ဖြတ်သင့်ကြောင်းနှင့် သူမသည် မပြစ်မှားသင့်သော လူတစ်ယောက်ကို ပြစ်မှားမိထားသဖြင့် ထျန်းယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးကိုလည်း ဘေးဒုက္ခရောက်စေနိုင်ကြောင်း ကျူးကော်ချင်းက ပြောဆိုခဲ့သည်။
ထိုစဉ်က သူ မယုံကြည်ခဲ့ချေ။
ထျန်းယွင်ဂိုဏ်းသည် မြင့်မြတ်နယ်မြေတစ်ခုနှင့်ပင် ယှဉ်နိုင်ပြီး မည်သူ့ကိုများ မပြစ်မှားနိုင်ရမည်နည်းဟု သူ တွေးတောခဲ့သည်။
ယခု ပြန်လည်စဉ်းစားကြည့်ချိန်၌ ထိုနေ့က ကျူးကော်ချင်း ပြောခဲ့သည့် မပြစ်မှားသင့်သူဟူသည်မှာ ကျုံးချင် ဖြစ်နေသည် မဟုတ်လော.....
ကျူးကော်ချင်း၏သတိပေးချက်ကို သတိရလိုက်သည်နှင့် ဝူယွင်၏နောင်တရစိတ်က ပို၍ပြင်းထန်လာသည်။
ယနေ့တွင် ထျန်းယွင်ဂိုဏ်း ကြုံတွေ့နေရသော ဘေးဒုက္ခကို သူ ရှောင်လွှဲနိုင်ခဲ့သည့် အခွင့်အရေးအား အကြိမ်ကြိမ်ရရှိခဲ့ပေ၏။
သို့ရာတွင် သူသည် ထိုအခွင့်အရေးများအနက် တစ်ခုကိုမျှ အသုံးမချခဲ့မိချေ။
"ဟုတ်တယ် ဟုတ်တယ် ဒါက အမှန်ပဲ... ဝမ်တာအိုတောင်.... ငါ ဝမ်တာအိုတောင်ကို အကူအညီ တောင်းလို့ရတယ်"
ဝူယွင်သည် နောင်တရနေရင်းနှင့် အသက်ကယ်ကြိုးတစ်ချောင်းကို ဖမ်းဆုပ်မိလိုက်သကဲ့သို့ ဖြစ်သွားသည်။
"ဝမ်တာအိုတောင်က ကျူးကော်ချင်းက ဒီလူနဲ့ ပတ်သက်မှု ရှိလောက်တယ်"
"မဟုတ်ရင် ကျူးကော်ချင်းက ဒီလူ ဒီလောက် ထိ အစွမ်းထက်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး ကြိုသိနေမှာလဲ"
"ငါ ဝမ်တာအိုတောင်ကို အကူအညီ တောင်းရင် သူတို့က ငါ့ရဲ့ထျန်းယွင်ဂိုဏ်းကို ဒီတစ်ကြိမ် လောက် လွှတ်ပေးဖို့ ဒီလူကို ဖျောင်းဖျပေးနိုင်လောက်တယ်"
ယခုအချိန်တွင် နောင်တရနေသော ဝူယွင်အတွက်...
အခြေအနေကို ပြန်လည် ကယ်တင်နိုင်မည့် အခွင့်အရေး ရှိနေသရွေ့ သူ လက်မလွှတ်လိုချေ။
သူသည် တိုက်ပွဲဒဏ်သင့်နေသော ထျန်းယွင်ဂိုဏ်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမျှ မပြောဘဲ ဝမ်တာအိုတောင်ဘက်သို့ ပြေးထွက်သွားတော့သည်။
ဝမ်တာအိုတောင်သို့ ခရီးစဉ်သည် ရှည်လျားပေ၏။
ထို့ကြောင့် ဝူယွင်သည် မိုင်တစ်ထောင် ကူးပြောင်းရေးအဆောင်လက်ဖွဲ့ကို နှမြောမနေဘဲ ထုတ်သုံးလိုက်သည်။
ဤမိုင်တစ်ထောင် ကူးပြောင်းရေးအဆောင်လက်ဖွဲ့များသည် အလွန်တန်ဖိုးကြီးပြီး ကျင့်ကြံသူများအတွက် အကောင်းဆုံး အသက်ကယ် ရတနာများအဖြစ် သတ်မှတ်ထားကြသည်။
ပုံမှန်ဆိုလျှင် ဝူယွင်သည် ထိုအရာများကို သုံးစွဲမည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ဝမ်တာအိုတောင်သို့ အမြန်ဆုံး ရောက်ရှိရန်အတွက် သူ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
လမ်းတလျှောက်တွင်...
သူသည် မိုင်တစ်ထောင် ကူးပြောင်းရေးအဆောင်လက်ဖွဲ့နှစ်ခုကို ဆက်တိုက်အသုံးပြုလိုက်၏။ ထိုအဆောင်လက်ဖွဲ့များက သူ့ကို လေဟာနယ်ကန့်သတ်ချက်များအား ဖြတ်ကျော်ကာ သယ်ဆောင်သွားပြီး အချိန်ခဏအကြာတွင် ဝမ်တာအိုတောင်၏ဝင်ပေါက်သို့ သူ ရောက်ရှိသွားသည်။
ဝမ်တာအိုတောင်၏ ပင်မခန်းမဆောင်ထဲတွင်....
ကျူးကော်ချင်းသည် အကြီးအကဲအမြောက်အများကို ဦးဆောင်ပြီး သစ်သားပန်းပုရုပ်နှစ်ရုပ်၏ လျှို့ဝှက်ချက်များကို လေ့လာနေစဉ် ဂိုဏ်းတံခါးဝ၏အပြင်ဘက်မှ ဝူယွင်၏အသံကို ရုတ်တရက် ကြားလိုက်ရသည်။
"အမ်..."
"ဝူယွင်လား...."
"သူက ဒီနေရာကို ဘာလာလုပ်တာလဲ"
"သူက ငါတို့ ဝမ်တာအိုတောင်နဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီ မဟုတ်လား"
ကျူးကော်ချင်း နားမလည်နိုင် ဖြစ်သွားသည်။
သို့သော် လူရောက်လာပြီဖြစ်သဖြင့် သူ တွေ့ဆုံကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဝူယွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ်မှာပင် နောက်ဆုံးတွင် ကျူးကော်ချင်းသည် အကြီးအကဲတစ်သိုက်ကို ဦးဆောင်ပြီး ပျံသန်းလာသည်။
ကျူးကော်ချင်းနှင့် တခြားသူများသည် ဝူယွင်၏ ဖရိုဖရဲပုံစံကို မြင်လိုက်ရချိန်၌...
သူတို့အားလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဝူယွင်၏အဝတ်အစားများ စုတ်ပြတ်နေပြီး သူ၏အရှိန်အဝါ အားနည်းနေသည်။ အရေးကြီးဆုံးမှာ သူ့ထံတွင် လက်တစ်ဖက် ပျောက်ဆုံးနေခြင်းပင်။
ကျူးကော်ချင်းနှင့်တခြားသူများ အသက်ရှူမှားသွားကြသည်။
ဤသည်မှာ ထျန်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်ပင်။ မည်သူကများ ထျန်းယွင်ဂိုဏ်းချုပ်ကို ဤကဲ့သို့ ပုံစံ ဖြစ်သွားအောင် လုပ်နိုင်မည်နည်း။
"ဝူယွင်....မင်း ဘာဖြစ်လာတာလဲ"
ကျူးကော်ချင်းက မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
"ညီနောင်ကျူးကော်....ကျေးဇူးပြုပြီး ငါတို့ထျန်းယွင်ဂိုဏ်းကို ကယ်ပါအုံး"
ဝူယွင်သည် ကျူးကော်ချင်းကို မြင်တွေ့ချိန်၌ အလျင်အမြန် ချဉ်းကပ်သွားပြီး မည်သည့်စကားမျှ မပြောဘဲ လေးလေးနက်နက်ဦးညွှတ်လိုက်သည်။
"မင်းတို့ထျန်းယွင်ဂိုဏ်းကို ကယ်ရမှာလား"
ကျူးကော်ချင်း ပို၍ပင် ဇဝေဇဝါ ဖြစ်သွားပေ၏။
"တကယ်တမ်းက ဘာတွေဖြစ်ခဲ့တာလဲ"
ဝူယွင်သည် ထိုမေးခွန်းကို ကြားချိန်၌ ခါးသီးစွာ ပြုံးလိုက်ပြီး သုန်မှုန်သော မျက်နှာထားဖြင့် ပြောဆိုသည်။
"ညီနောင်ကျူးကော် အရင်တုန်းက မင်း ပြောတာကို နားမထောင်ခဲ့မိတာ ငါ့ရဲ့အပြစ်ပါ.... ဒါကြောင့်... ဒါကြောင့်..."
ထိုစကားကို ကြားချိန်တွင် ကျူးကော်ချင်း၏ မျက်နှာထား အံ့အားသင့်မှုကြောင့် ပြောင်းလဲသွားတော့သည်။
"စီနီယာကျုံးချင်က မင်းတို့ ထျန်းယွင်ဂိုဏ်းကို ဖျက်ဆီးချင်နေတာလို့ ဆိုလိုတာလား"
"အတိအကျပဲ"
ဝူယွင်က သုန်မှုန်သောမျက်နှာဖြင့် တုံ့ပြန်အဖြေပေးလိုက်၏။
"ဒါပေမဲ့ စီနီယာကျုံးချင်က သူ့တပည့်နဲ့ မုရုံရွှယ်ရဲ့ ကိစ္စကြောင့် ဒေါသထွက်နေရင်တောင်မှ မင်းတို့ ထျန်းယွင်ဂိုဏ်းကို ဖျက်ဆီးတဲ့အထိတော့ မဖြစ်သင့်ဘူး မဟုတ်လား"
ကျူးကော်ချင်းက နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
သူ ကျုံးချင်နှင့် မဆက်ဆွဖူးသော်လည်း ချင်းနောင်နှင့်လန်နင်တို့၏ ပြောပြချက်အရ ကျုံးချင်သည် အကြောင်းမဲ့သက်သက် လူသတ်မည့်လူစာမျိုး မဟုတ်ကြောင်း သိခဲ့ရသည်။
ကျူးကော်ချင်း၏ မေးခွန်းကြောင့်...
ဝူယွင်က ခေါင်းခါယမ်းပြီး ခါးသီးစွာ သက်ပြင်းချလိုက်သည်။
"ဟူး....ဒါတွေအားလုံးက ငါ့ရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်တွေကြောင့်ပါပဲ..."
ထို့နောက် ဝူယွင်သည် ကျုံးချင် တောင်ပေါ်သို့ တက်လာသည်မှစ၍ ဖြစ်ပျက်သမျှ အကြောင်းစုံကို အသေးစိတ် ပြန်ပြောပြလိုက်၏။
ထိုစကားများကို နားထောင်ပြီးနောက်...
ကျူးကော်ချင်း အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားသည်။
သူ မနေနိုင်တော့ဘဲ ဝူယွင်ကို လက်ညှိုးထိုးပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
"မင်း...မင်း....ဒါတွေအားလုံးက မင်းကြောင့် ဖြစ်လာခဲ့တာ မဟုတ်လား...ငါ မင်းကို သတိပေးခဲ့ပြီးသားလေ... နားမထောင်တာက ထားလိုက်တော့...မင်းက သူ့ကို ပြင်းပြင်းထန်ထန် ရန်စစော်ကားလိုက်သေးတယ်.... အခု သူက မင်းတို့ ထျန်းယွင်ဂိုဏ်းကို ဖျက်ဆီးချင်နေပြီဆိုမှတော့....မင်း ငါတို့ဝမ်တာအိုတောင်ကို လာရင်တောင် ဘာအကျိုးထူးမှာလဲ"