ထျန်းယွင်ဂိုဏ်းဘိုးဘေး၏ လှည့်ကွက်
Vol. 5 Ch. 47
ကျူးကော်ချင်းနှင့် တခြားလူများအားလုံး ခေါင်းခါယမ်း၍ သက်ပြင်းချလိုက်ကြသည်။
ဤအဖြစ်အပျက်များအားလုံးသည် ဝူယွင်၏ မာန်မာနကြောင့် ဖြစ်ပွားခဲ့ပြီး ထျန်းယွင်ဂိုဏ်း၏ လက်ရှိအကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်ဟု ပြောဆိုလျှင် မလွန်ချေ။
တစ်ချိန်တည်းမှာပင် ကျူးကော်ချင်းသည် ကျုံးချင်၏ နည်းစနစ်များနှင့် အစွမ်းအစများကြောင့် ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ရာနှင့်ချီသော နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူများ....
မီတာလေးရာ ရှည်လျားသော ဓားကြီးတစ်လက်ဖြင့် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူကို တိုက်ရိုက်ဒူးထောက်စေခဲ့သည်။
ဤကဲ့သို့ စွမ်းအား ဤကဲ့သို့ နည်းစနစ်များနှင့်ဆိုလျှင် ကျုံးချင်သည် သူတို့ ယခင်က ထင်မှတ်ထားသည်ထက်ပင် ပိုမိုသန်မာအားကောင်းနေပေ၏။
"ညီနောင်ကျူးကော်...ကျေးဇူးပြုပြီးတော့ ငါတို့ထျန်းယွင်ဂိုဏ်းကို ဒီဘေးဒုက္ခကနေ ကယ်တင်ပေးပါ...ဒီကိစ္စ ရပ်တန့်သွားအောင် အဲ့ဒီစီနီယာဆီသွားပြီး ဖျောင့်ဖျပေးပါလား..."
ဝူယွင်က မျှော်လင့်ချက်အပြည့်ဖြင့် ပြောဆိုလိုက်သည်။
"မင်းက ကိုယ့်ပြဿနာ ကိုယ်ရှာခဲ့တာလေ.... ငါက ဘယ်လိုလုပ်ပြီး ကယ်နိုင်မှာလဲ"
ကျူးကော်ချင်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုသည်။
"ဒါပေမဲ့ မင်း လဲကျနေတုန်းမှာ ထပ်ကန်တာမျိုးတော့ ငါ လုပ်မှာ မဟုတ်ဘူး... အမှန်အတိုင်း ပြောရရင် ငါက ဒီစီနီယာအကြောင်းကို သိထားပေမယ့် တကယ်တမ်းကျ သူနဲ့ မတွေ့ဖူးဘူး...ဒါကြောင့် ငါ့မှာ သူ့ကို ဖျောင့်ဖျပေးဖို့ နည်းလမ်း မရှိဘူး"
"ဒါ့ပြင် ငါက အဲ့ဒီစီနီယာကို သိရင်တောင် ဘာထူးမှာလဲ"
"ဝမ်တာအိုတောင်ဂိုဏ်းချုပ်လေး တစ်ယောက်က အဲ့ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ အတွေးကို ဘယ်လိုလုပ်ပြီး လွှမ်းမိုးနိုင်မှာလဲ"
"ဒါကြောင့် ငါတို့ဝမ်တာအိုတောင်က မင်းတို့ကို ကူညီပေးဖို့ဆိုတာ လက်တွေ့မကျဘူး"
"ဒီအခြေအနေမှာ ဘယ်သူမှ မင်းတို့ကို မကယ်နိုင်ဘူး.....မင်းတို့ ထျန်းယွင်ဂိုဏ်းက ကိုယ့်ဘာသာကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်..."
ထိုသို့ပြောဆိုပြီးသည်နှင့် ကျူးကော်ချင်းက သူ၏လက်ကိုဝှေ့ယမ်းပြီး သူ၏လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။
နေရာ၌ ကျန်ရစ်ခဲ့သော ဝူယွင်၏မျက်နှာ ဖြူဖျော့နေပြီး စိတ်ဝိညာဉ်လွင့်ပါးသွားသည့်အလားပင်။
ဤအချိန်တွင် သူ၏ရင်ထဲမှ နောင်တတရားကို ဖော်ပြရန်အတွက် စကားလုံး မရှိတော့ချေ။
သူ သေရမည်မှာ သေချာနေပြီ ဖြစ်သဖြင့် သူ ထျန်းယွင်ဂိုဏ်းထဲ၌သာ သေဆုံးလိုသည်။
သူသည် မိုးကောင်းကင်ယံသို့ ပျံတက်လိုက်ပြီး ထျန်းယွင်ဂိုဏ်းဘက်သို့ အလျင်အမြန် ပြန်လာခဲ့တော့သည်။
သူ၏စိတ်နှလုံးသား အလွန်အမင်းလေးလံနေသည်။ အကြောင်းအရင်းမှာ သူ ဝမ်တာအိုတောင်နှင့် အသွားအပြန် ပြုလုပ်နေချိန်တွင် ထျန်းယွင်ဂိုဏ်း ပျက်စီးသွားလောက်ပြီ ဖြစ်သောကြောင့်ပင်။
အလျင်အမြန် ထွက်ခွာသွားပြီး ယခုချိန်၌ အလျင်အမြန် ပြန်လာနေသော ဝူယွင်သည် သူ၏နောက်ဆုံးလက်ကျန် မိုင်တစ်ထောင် ကူးပြောင်းရေးအဆောင်လက်ဖွဲ့နှစ်ခုကို သုံးလိုက်ပြီး ထျန်းယွင်ဂိုဏ်းသို့ နောက်ဆုံးတွင် ပြန်ရောက်လာခဲ့သည်။
ထျန်းယွင်ဂိုဏ်း မရှိတော့ဟု သူ ထင်မှတ်ထားခဲ့ပေ၏။
သို့ရာတွင် ထျန်းယွင်ဂိုဏ်း ရှိနေသေးရုံသာမက တိုက်ပွဲလည်း ရပ်စဲသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားခဲ့သည်။
"ဘာ... ဘာတွေ ဖြစ်နေတာလဲ"
ဝူယွင်သည် မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိပြီး သူ အမြင်မှားနေသည်ဟုပင် တွေးထင်မိသည်။
ဤအချိန်တွင် ထျန်းယွင်ဂိုဏ်း၏ပင်မခန်းမဆောင်ထဲတွင် ကျုံးချင်သည် ပင်မထိုင်ခုံပေါ်တွင် လှဲလျောင်းနေပြီး ထျန်းယွင်ဂိုဏ်း၏ဘိုးဘေးကြီးက နောက်တွင်မတ်တတ်ရပ်ကာ သူ၏ ပခုံးများကို နှိပ်နယ်ပေးနေသည်အား မြင်တွေ့လိုက်ရသည်။
ဤကိစ္စနှင့် ပတ်သက်ပြီး ကျုံးချင် အမှန်တကယ်ကို ဘာမျှမတတ်နိုင်တော့ပေ။
သူသည် မီတာလေးရာ ရှည်လျားသော ဓားကြီးသည် ထျန်းယွင်ဂိုဏ်းဘိုးဘေးကြီး ကောင်းရှစ်ကျီး၏ခေါင်းကို ဖြတ်ရန် ဟန်ပြင်လိုက်၏။
သို့ရာတွင် မထင်မှတ်ဘဲ သူ ဓားထုတ်လိုက်သည်နှင့် ကောင်းရှစ်ကျီးက ဘုန်းခနဲ မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။
တွေဝေခြင်းအလျဉ်းမရှိဘဲ ကောင်းရှစ်ကျီးသည် သူ၏လက်ကို ချက်ချင်း မြှောက်လိုက်ပြီး ကောင်းကင်ဘုံကတိသစ္စာ ပြုလိုက်၏။ သူသည် ကျုံးချင်၏အစေခံ ဖြစ်လာကာ ထျန်းယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးသည်လည်း နောက်နောင်တွင် ကျုံးချင်ကို အလုပ်အကျွေးပြုမည်ဟု ကတိပေးလိုက်သည်။ ကျုံးချင်အပေါ် အနည်းငယ်မျှ မလေးမစား လုပ်ခြင်း သို့မဟုတ် သစ္စာဖောက်ခြင်း ရှိပါက သူ၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ် ပျက်စီးပါစေသားဟု ကျိန်ဆိုလိုက်၏။
ကျုံးချင် သဘောမတူမည်ကို စိုးရိမ်သည့်အလား ကောင်းရှစ်ကျီးသည် အစောပိုင်းက ကျုံးချင်ကို ပြစ်မှားမိခဲ့သော အကြီးအကဲ အနည်းငယ်ကို ဓားချက်နှစ်ချက်ဖြင့် အလျင်အမြန် ခုတ်သတ်လိုက်သည်။
သူ၏အဓိက ရည်ရွယ်ချက်မှာ မိသားစုထက် ဖြောင့်မတ်မှန်ကန်မှုကို ဦးစားပေးကြောင်း ပြသရန်ပင်။
ဤချောမွေ့သော လုပ်ရပ်များက ကျုံးချင်ကို လုံးလုံးလျားလျား ကြောင်အမ်းသွားစေခဲ့သည်။
သို့ရာတွင် သူသည် ကောင်းကျိုးဆိုးကျိုးများကို သေချာချိန်ဆပြီးနောက် ဤလူကို လက်ခံလိုက်ခြင်းက ပိုကောင်းမည်ဟု သူ တွေးမိလေ၏။
အကြောင်းအရင်းမှာ သူသည် ထျန်းယွင်ဂိုဏ်း တစ်ဂိုဏ်းလုံးကို ဖျက်ဆီးလိုက်လျှင်ပင် သူ့အတွက် မည်သည့်အကျိုးအမြတ်မျှ ရရှိမည် မဟုတ်သည့်အပြင် အသက်ရှင်ကျန်ရစ်သူတချို့မှ ပြဿနာမရှာဟုလည်း သူ အာမခံနိုင်ခြင်း မရှိပေ။
သို့သော် ယခု၌မူ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် အစေခံတစ်ယောက်ကို ရရှိလိုက်ရုံသာမက ထျန်းယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးကိုလည်း သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေခဲ့သည်။ ထို့ပြင် သူတို့ သစ္စာဖောက်မည်နှင့် သူ၏နောက်ကျောအား ဓားဖြင့်ထိုးမည်ကိုလည်း စိုးရိမ်ရန် မလိုတော့ပေ။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံ ကတိသစ္စာ ဆိုသည်မှာ ပေါ့ပေါ့တန်တန်ကိစ္စတစ်ရပ် မဟုတ်ချေ။
ထို့ကြောင့် အင်အားစုတစ်ခုကို သူ အလကား ရလိုက်ခြင်းမှာ သေချာပေါက် အမြတ်ထွက်ခြင်းဖြစ်ပြီး နောင်အနာဂတ်တွင် သေချာပေါက် အသုံးဝင်ပေလိမ့်မည်။
ဤအခြေအနေများကြောင့် ကျုံးချင်က သူ၏သစ်သားရုပ်သေးများအားလုံးကို ပြန်ရုတ်သိမ်းလိုက်ခြင်းပင်။
သေခြင်းရှင်ခြင်းတိုက်ပွဲသည် ဤသို့ဖြင့် ပြီးဆုံးသွားခဲ့ပေ၏။
"ဟီး ဟီး...အရှင် လက်ဖက်ရည် တစ်ခွက်လောက် ထပ်သောက်ပါအုံး"
ကောင်းရှစ်ကျီးက ကျုံးချင်ကို အလွန်ဂရုတစိုက် ပြုစုနေသည်။
ထိုအချိန်တွင် သူ၏မျက်လုံးများ ရုတ်တရက် တောက်ပသွားပြီး တစ်စုံတစ်ခုကို ရှာတွေ့သွားသည့်အလားပင်။
ထို့နောက် သူသည် လေဟာနယ်ထဲသို့ ရုတ်တရက် ဖမ်းဆွဲလိုက်ရာ ဝမ်တာအိုတောင်မှ ယခုလေးတင် ပြန်ရောက်လာသော ဝူယွင်သည် ကောင်းရှစ်ကျီး၏ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီး ကျုံးချင်၏ရှေ့သို့ ခွေးသေတစ်ကောင်အလား ပစ်ချခံလိုက်ရသည်။
"အရှင်.... ဒီလူယုတ်မာ ဝူယွင်ကို ကျွန်တော် ဖမ်းမိပါပြီ....သူ့ကို ဘယ်လို စီရင်ချင်လဲ"
ကောင်းရှစ်ကျီးက ကျုံးချင်ကို ဂရုတစိုက် မေးမြန်းလိုက်သည်။
မြေပြင်ပေါ်ရှိ ဝူယွင်သည် ကောင်းရှစ်ကျီး၏ စကားကို ကြားလိုက်ရပြီးနောက် သူ၏ဘိုးဘေးကြီးကို မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်၏။
ကျုံးချင်သည် ထျန်းယွင်ဂိုဏ်းကို ဆက်လက်၍ ဖျက်ဆီးခြင်း မပြုတော့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။ ဘိုးဘေးကြီးသည် သူ၏အစေခံ ဖြစ်သွားလေပြီ။
ဝူယွင် ကြောင်အနေသည်ကို မြင်တွေ့ချိန်၌ ကောင်းရှစ်ကျီးသည် သူ၏အတွေးများကို သိနေသကဲ့သို့ အသံသတင်းစကားကို အလျင်အမြန် ပေးပို့လိုက်သည်။
"အစေခံ ဖြစ်ရတာ ဘာမှားလို့လဲ....သေတာထက်စာရင် အစေခံ ဖြစ်ရတာ ပိုကောင်းတယ်....ထျန်းယွင်ဂိုဏ်း ပျက်စီးသွားတာထက် ပိုကောင်းတယ်.... ဘာကြောင်နေတာလဲ မြန်မြန် အပြစ်ဝန်ခံပြီး ရိုသေမှုကို ပြလိုက်စမ်း"
ထိုစကားကို ကြားချိန်၌ ဝူယွင်က ခါးသီးစွာဖြင့် သဘောတူလိုက်သည်။
ဤသည်မှာ အမှန်ပင်။
ဤအခြေအနေတွင် အစေခံဖြစ်ရခြင်းက အရာအားလုံး ဆုံးရှုံးရသည်ထက် ပို၍ကောင်းမွန်သည် မဟုတ်လော။
ထို့ကြောင့် ဝူယွင်သည်လည်း အလျင်အမြန် ဝပ်တွားလိုက်ပြီး မြေပြင်ပေါ်သို့ သူ၏ခေါင်းနှင့်ဆောင့်ကာ ဦးတိုက်လိုက်သည်။
"စီနီယာ....ကျွန်တော် ဝူယွင်က အဆင်အခြင်မဲ့ပြီးတော့ မိုက်မဲခဲ့မိပါတယ်...ကျေးဇူးပြုပြီးတော့ စီနီယာက ခွင့်လွှတ်ပေးပါ"
သိသာထင်ရှားသည်မှာ ကျုံးချင် ယခင်က ပြသခဲ့သော ပြိုင်ဘက်ကင်းစွမ်းအားကို ရင်ဆိုင်ရပြီးနောက် ဝမ်တာအိုတောင် အသွားအပြန် ခရီးစဉ်မှ အတွေ့အကြုံများနှင့် နောင်တများကြောင့် ဝူယွင်သည် သူ၏မာန်မာနကို စွန့်လွှတ်လိုက်ခြင်းပင်။
ဤရလဒ်မှာ သူ့အတွက် လက်မခံနိုင်စရာ မဟုတ်ပေ။
အနည်းဆုံးတော့ သူ ထျန်းယွင်ဂိုဏ်းကို ထိန်းသိမ်းထားနိုင်ပေမည်။
ဝူယွင်၏ ရိုးသားပုံရသော သဘောထားကို မြင်လိုက်ရမှသာ ကောင်းရှစ်ကျီး သက်ပြင်းချနိုင်တော့သည်။
ဝူယွင်သည် ခေါင်းမာပြီး အရှုံးပေးမည့်အစား သေလမ်းရွေးသွားမည်ကို သူ အမှန်တကယ် ကြောက်ရွံ့နေခဲ့သည်။
သူ့ကို အစေခံအဖြစ် လက်ခံရန် ကျုံးချင် သဘောတူအောင် သူ မနည်းကြိုးစားခဲ့ရခြင်း ဖြစ်ပေ၏။ အကယ်၍ ကျုံးချင်သာ စိတ်ပြောင်းသွားလျှင် သူ သေချင်စိတ် ပေါက်သွားမိမည်မှာ သေချာပေါက်ပင်။
ဝူယွင်အား မည်သို့စီရင်ရမည်ကို ကျုံးချင် စဉ်းစားနေပုံရသည်အား မြင်တွေ့ချိန်၌ ကောင်းရှစ်ကျီးသည် အလျင်အမြန် ဒူးထောက်လိုက်၏။
"အရှင်....ဒီဝူယွင်က အရှင်ကို ဒေါသထွက်အောင် လုပ်ခဲ့တာ သေဒဏ်အကြိမ်တစ်သောင်းနဲ့ ထိုက်တန်တဲ့ ပြစ်မှုပါ... သူ့ကို အကြိမ်တစ်ရာ သတ်ရင်တောင် အရှင်ရဲ့ဒေါသက ပြေပျောက်မှာ မဟုတ်ပါဘူး"
"ဒါပေမဲ့ ကျွန်တော်က အရှင့်ကို မျက်နှာသာတစ်ခုလောက် ပေးဖို့ တောင်းဆိုချင်တယ်....သူ့ကိုလည်း အရှင့်ရဲ့အစေခံ ဖြစ်ခွင့်ပေးလိုက်ပါ.... သူက နွားလို မြင်းလို အရှင့်ကို အလုပ်အကျွေး ပြုပြီးတော့ ဒီနေ့ သူလုပ်ခဲ့တဲ့ အမှားတွေကို တစ်သက်လုံး ပြန်ပေးဆပ်ပါစေ"
ကျုံးချင်က ကောင်းရှစ်ကျီးကို လှည့်ကြည့်လိုက်သည်။
သူ ဝန်ခံရမည်မှာ ဤအဘိုးကြီးသည် အမှန်တကယ်ကို တွေးခေါ်မြော်မြင်တတ်ပြီး အခြေအနေနှင့် အချိန်အခါကိုလိုက်၍ ပြုမူတတ်သူပင်
အချိန်အတော်ကြာ တွေဝေနေပြီးနောက် ကျုံးချင်သည် နောက်ဆုံးတွင် ခေါင်းညိတ်ပြကာ သဘောတူလိုက်၏။
အကြောင်းအရင်းမှာ သူ ဝူယွင်ကို သတ်ရန်အတွက် ဓားချက်တစ်ချက်ထက် မပိုပေ။ သို့ရာတွင် ဝူယွင်ကို သူ၏ခွေးတစ်ကောင် ဖြစ်ခွင့် ပေးလိုက်ခြင်းကလည်း စိတ်ဝင်စားစရာ ကောင်းသော အကြံတစ်ခု ဖြစ်ပုံရသည်။
ဝူယွင် ကြောင်အနေသေးသည်ကို မြင်တွေ့ချိန်၌ ကောင်းရှစ်ကျီးက အော်ဟစ်လိုက်သည်။
"ဘာကြောင်နေတာလဲ... မြန်မြန်လေး... ကောင်းကင်ဘုံ ကတိသစ္စာကို ကျိန်ဆိုလိုက်လေ"
ဝူယွင် အသိပြန်ဝင်လာပြီး ကောင်းကင်ဘုံ ကတိသစ္စာကို အလျင်အမြန် ကျိန်ဆိုလိုက်သည်။
"ကျွန်တော် ဝူယွင်က စီနီယာကျုံးချင်ကို အရှင်သခင်အဖြစ် ရိုသေလေးစားပါ့မယ်လို့ ကောင်းကင်ဘုံ ကတိသစ္စာ ပြုပါတယ်.... ဒါကို ဖောက်ဖျက်ခဲ့ရင် ကောင်းကင်နဲ့ မြေပြင်ရဲ့ ခွင့်လွှတ်မှုကို မရပါစေနဲ့"
ဤကောင်းကင်ဘုံကတိသစ္စာကို ကျိန်ဆိုပြီးသည်နှင့် ကျုံးချင်က နားလည်သဘောပေါက်လိုက်သည်။
ဝူယွင်သည် တခြားအတွေးများကို တွေးရဲတော့မည် မဟုတ်ချေ။
အမှန်တကယ်ကိုပင် ဘဝဆိုသည်မှာ မမျှော်လင့်ထားသော အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေပေ၏။
သူ့တပည့်၏ကိစ္စလေးကို သူ လာဖြေရှင်းခြင်းသာ ဖြစ်သော်လည်း မထင်မှတ်ဘဲ ထျန်းယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားစေပြီး ဘိုးဘေးကြီးနှင့် ဂိုဏ်းချုပ်သည် သူ၏အစေခံများ ဖြစ်သွားကြသည်။
"ထတော့"
ကျုံးချင်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
သူတို့သည် သူ၏အစေခံများ ဖြစ်သွားကြသဖြင့် သူ၏ရုပ်သေးများနှင့် တူညီသွားလေပြီ။ ထို့ကြောင့် ယခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ထပ်ပြောနေရန် မလိုတော့ချေ။
"ဟုတ်ကဲ့..."
ထိုအချိန်ကျမှသာ ဝူယွင် မတ်တပ်ရပ်ရဲတော့သည်။
"မင်းတို့နှစ်ယောက်က ထျန်းယွင်ဂိုဏ်းရဲ့ နောက်ဆက်တွဲ ကိစ္စတွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းလိုက်ကြတော့"
ကျုံးချင်က မတ်တတ်ထရပ်ရင်း ပြောဆိုလိုက်၏။
"ငါ အပြင်ထွက်နေတာ ကြာပြီ....ပြန်သွားပြီးတော့ ရက်နည်းနည်းလောက် အနားယူဖို့ အချိန်တန်ပြီ"
"ဟုတ်ကဲ့ပါ အရှင်....စိတ်ချပါ....ထျန်းယွင်ဂိုဏ်းရဲ့ နောက်ဆက်တွဲ ကိစ္စတွေကို ကျွန်တော်တို့က သေချာပေါက် ကောင်းကောင်းမွန်မွန် ဖြေရှင်းလိုက်ပါ့မယ်"
ကောင်းရှစ်ကျီးနှင့်ဝူယွင်တို့ တပြိုင်နက်တည်း ပြောဆိုလိုက်ကြသည်။
"ဒါကိုယူထားကြ.... တစ်ခုခု လိုအပ်ရင် ငါ အကြောင်းကြားလိုက်မယ်"
ကျုံးချင်က သိုလှောင်လက်စွပ်တစ်ခုကို ထုတ်ပြီး ကောင်းရှစ်ကျီးထံသို့ ပစ်ပေးလိုက်သည်။ ထို့နောက် သူသည် ပင်မခန်းမဆောင်၏အပြင်ဘက်သို့ ထွက်ခွာသွားလေ၏။
"အရှင့်ကို နှုတ်ဆက်ပါတယ်"
သူတို့နှစ်ယောက်သား ရိုသေစွာ လိုက်လံပို့ဆောင်ခဲ့ကြသည်။ ကျုံးချင်သည် လင်းဖုန်းနှင့်အတူ ထျန်းယွင်ဂိုဏ်းမှ ထွက်ခွာသွားပြီးမှသာ သူတို့ ပြန်လှည့်လာသည်။
"မင်း....မင်းကြောင့် ထျန်းယွင်ဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်စီးလုနီးပါး ဖြစ်သွားရတယ်"
ခန်းမထဲသို့ ပြန်ရောက်သည်နှင့် ကောင်းရှစ်ကျီးက ဝူယွင်ကို မျက်စောင်းထိုးပြီး ဆူပူကြိမ်းမောင်းလိုက်၏။
ဝူယွင်သည် ခေါင်းငုံ့ထားပြီး ခွန်းတုံ့ပြန်ဝံ့ခြင်း မရှိချေ။
"ဒါပေမဲ့....အခု ကြည့်ရသလောက်တော့ အဆိုးထဲကအကောင်းလည်း ဖြစ်နိုင်တယ်"
ကောင်းရှစ်ကျီးက စဥ်းစားတွေးတောရင်း ပြောဆိုလိုက်သည်။
"အဆိုးထဲကအကောင်း... ဟုတ်လား...."