ရန်သူဟောင်း၏ရှေ့တွင် သူမ ပြန်လည်တိုက်ခိုက်နိုင်မည့် အခွင့်အရေးပင် မရှိချေ....
Vol. 5 Ch. 49
သူမ၏ရှေ့ရှိ ကျုံးချင်ကို မဆိုထားနှင့် အရှေ့ပိုင်းဒေသမှ အစွမ်းထက်ဆုံးသူများပင်လျှင် သူမ၏ရန်သူဟောင်းများရှေ့တွင် ပြောပလောက်သည့်အရာ မဟုတ်ချေ။
"မိန်းကလေး.... မင်းကို ငါ မကာကွယ်ပေးနိုင်ဘူးဆိုတာ မင်း ဘယ်လိုသိလဲ"
ကျုံးချင်သည် ရယ်မောခြင်းမပြုဘဲ မနေနိုင်တော့ချေ။
ကျုံးချင်၏ ကြည်လင်သော မျက်လုံးများကို ကြည့်ရှုရင်း ပိုင်လင်း အံ့အားသင့်သွားသည်။ အရှေ့ပိုင်းဒေသမှ လူသားအားလုံး ဤမျှထိ ကြင်နာတတ်ကြသလော။ သူမသည် ကျေးဇူးမတင်ဘဲ မနေနိုင်အောင် ဖြစ်မိသည်။ သို့ရာတွင် ဤအကြောင်းကြောင့်ပင် ကျုံးချင်ကို သူမ ဝင်မပါစေလိုခြင်း ဖြစ်သည်။ အကြောင်းအရင်းမှာ သူမအတွက်ဖြင့် ကျုံးချင်ကိုလည်း ဒုက္ခရောက်စေမိမည်ကို စိုးရိမ်သောကြောင့်ပင်။
"ရှင့်ရဲ့စေတနာကို ကျွန်မ လေးစားမိတယ်.... ဒါပေမဲ့ ကျွန်မရဲ့ ရန်သူက ဒီကျားဖြူလေး မဟုတ်ဘူး တခြားလူပါ...ပြီးတော့ ရှင် စိတ်ကူးမယဉ်နိုင်လောက်တဲ့ ပုဂ္ဂိုလ်မျိုးပဲ.....ရှင်သာ ကျွန်မကို ကူညီရင် ရှင်ပါ ဒုက္ခရောက်သွားလိမ့်မယ်"
"ခုဏကတောင် ရှင် ကျွန်မကို မကူညီခဲ့သင့်ဘူး"
ပိုင်လင်းက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် သတိပေးလိုက်သည်။
သူမသည် အပိုစကားများ ပြောဆိုနေခြင်း မဟုတ်ချေ။ ထိုလူများသည် သူမကို ရှာတွေ့ရန်အတွက် မည်သည့်အရာကိုမဆို ပြုလုပ်ကြပေလိမ့်မည်။ သူမ၏ အကြွင်းအကျန် စိတ်ဝိညာဥ်စွမ်းအားမှတစ်ဆင့် ခြေရာခံမိပါက သူမနှင့် ထိတွေ့ခဲ့သည့် ကျုံးချင်ကိုလည်း သူတို့ ရှာတွေ့သွားနိုင်ခြေ အလွန်များပြားသည်။
ကျုံးချင် နားမလည်မည်ကို စိုးရိမ်သည့်အလား သူမက ထပ်မံ၍ပြောဆိုသည်။
"အတိုချုပ်ပြောရရင် ကျွန်မရဲ့နောက်ကို လိုက်နေတဲ့ ရန်သူတွေ ရှိတယ်....အဲ့ဒီရန်သူတွေက အရမ်းအစွမ်းထက်တယ်... ရှင် တွေးတောနိုင်တာထက်တောင် ကျော်လွန်နေတယ်"
"ရှင် ယုံယုံမယုံယုံ ဒါက အမှန်တရားပဲ"
ပိုင်လင်းသည် စကားပြောဆိုခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏ အထောက်အထားကို ထုတ်ဖော်ပြောဆိုခြင်း မပြုချေ။ သို့ရာတွင် သူမ၏စကားများသည် အခြေအနေ၏ လေးနက်မှုကို ကျုံးချင်အား ရှင်းပြရန် လုံလောက်နေလေပြီ။
သို့ရာတွင် သူမ မသိရှိသည်မှာ...
သူမ၏မူရင်းဇစ်မြစ်ကို ကျုံးချင်က သူ၏ကောင်းကင်ဘုံမျက်လုံးအောက်တွင် ရှင်းလင်းစွာ မြင်တွေ့ခဲ့ပြီး ဖြစ်သည်ကိုပင်။ သူမပြောဆိုသော ရန်သူများနှင့် ပတ်သက်၍လည်း သူမ၏အချက်အလက်များမှတစ်ဆင့် အများစုကို ကျုံးချင်က ခန့်မှန်းထားပြီး ဖြစ်သည်။
"မိန်းကလေး ငါ့ရဲ့နောက်ကို လိုက်ခဲ့ဖို့ အကြံပြုချင်သေးတယ်"
ကျုံးချင်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"မင်းရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် တခြားရန်သူတွေကို ထားလိုက်အုံး... ခုဏကလို သားရဲတစ်ကောင်နဲ့ ထပ်တွေ့ရင်တောင် မင်း သေသွားနိုင်တယ်"
ကျုံးချင်၏စကားများကြောင့် ပိုင်လင်း၏ မျက်နှာ ရှုံမဲ့သွားသည်။ အမှန်တကယ်ကိုပင် သူမ၏ လက်ရှိအခြေအနေသည် ကောင်းမွန်ခြင်း မရှိလှချေ။ အထူးသဖြင့် အကြွင်းအကျန် စိတ်ဝိညာဥ်စွမ်းအားကို ထုတ်သုံးလိုက်ပြီးနောက် သူမ၏ဒဏ်ရာများ ပို၍ဆိုးရွားလာခဲ့သည်။ သာမန် တောရိုင်းတိရစ္ဆာန်တစ်ကောင်ကပင်လျှင် သူမ၏အသက်ကို ယူဆောင်သွားနိုင်သည်။ ကျုံးချင်၏နောက်သို့ လိုက်ပါသွားလျှင် အနည်းဆုံးအနေဖြင့် သူမ၏အသက်ကို ယာယီကယ်တင်နိုင်ပေမည်။
ထို့ကြောင့် ပိုင်လင်းသည် အနည်းငယ် တွေဝေသွားပြီးနောက် ပြောဆိုလိုက်၏။
"ဒါပေမဲ့ ဒါက ရှင့်ကို တကယ်ကြီး ဒုက္ခရောက်စေလိမ့်မယ်"
"ကံကြမ္မာရေစက်က ငြိတွယ်နေပြီပဲ... ဘာမှ ထပ်ပြောမနေနဲ့တော့"
ကျုံးချင်က ပြုံးလိုက်သည်။
ကျုံးချင်၏ခေါင်းမာနေမှုကို မြင်တွေ့ချိန်၌ ပိုင်လင်းသည် ကောင်းကျိုးဆိုးကျိုးများကို ခဏတာ ချိန်ဆပြီးနောက် သဘောတူလိုက်ရတော့သည်။ အနည်းဆုံးအနေဖြင့် လောလောဆယ်တွင် သူမသည် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရပေမည်။
ကျုံးချင်က ပြုံးလိုက်ပြီး လင်းဖုန်းကို ပိုင်လင်းအား တွဲကူစေကာ အတူတကွ ထွက်ခွာခဲ့ကြသည်။ လူပိုတစ်ဦး ပါလာခဲ့သဖြင့် ကျုံးချင်သည် လမ်းခရီးတွင် အချိန်အကြာကြီး မနေတော့ဘဲ ရှန်ကျန်းဂိုဏ်းသို့ အလျင်အမြန် ပြန်လာခဲ့သည်။
မကြာမီ သူတို့သုံးယောက်သား မူဖူတောင်သို့ နောက်ဆုံးတွင် ပြန်ရောက်လာကြသည်။
"တပည့်က ဆရာနဲ့ စီနီယာအစ်ကိုကို ဂါရဝပြုပါတယ်"
ကျုံးချင်တို့ ပြန်ရောက်လာသည်ကို မြင်တွေ့ချိန်၌ မူဖူတောင်ကို စောင့်ကြပ်နေသော စုယဲ့သည် အလျင်အမြန် လာရောက်ကြိုဆိုလေ၏။
သူ၏တပည့်လေးကို မြင်တွေ့ချိန်က ကျုံးချင်က စုယဲ့၏ခေါင်းကို ပွတ်သပ်လိုက်သည်။
"ဆရာ... ကျွန်တော် မကြာသေးခင်က အရမ်း ကြိုးစားပြီးတော့ ကျင့်ကြံနေပါတယ်"
စုယဲ့သည် ကျုံးချင်က သူ့ကို ပျင်းရိနေသည်ဟု ထင်မှတ်မည်အား စိုးရိမ်သဖြင့် အလျင်အမြန် သတင်းပို့လေသည်။
"ငါ သိတယ်.... ငါ သိပါတယ်"
ကျုံးချင်က ရယ်မောလိုက်သည်။ စနစ်၏ တုံ့ပြန်ချက်အရ စုယဲ့ မည်မျှထိ ကြိုးစားကျင့်ကြံနေသည်ကို သူ သိရှိထားပြီးဖြစ်သည်။ မမျှော်လင့်ထားသော ကိစ္စရပ်များ မရှိပါက စုယဲ့သည် မကြာမီတွင် ချန်ရွှမ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်တော့ပေမည်။
"လင်းဖုန်း...မိန်းကလေးပိုင်လင်းကို ခေါ်သွားပြီးတော့ နေရာချပေးလိုက်ပါ"
ကျုံးချင်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ"
လင်းဖုန်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး ကျုံးချင်၏အနားသို့ ကပ်ကာ လေသံတိုးတိုးဖြင့် တိတ်တဆိတ် မေးမြန်းလိုက်သည်။
"ဒါနဲ့ ဆရာ.... ဒီမိန်းကလေးပိုင်လင်း ကျွန်တော့်ရဲ့ အနာဂတ် ဂျူနီယာညီမလေး ဖြစ်လာမှာမလား..."
"မင်းလို ကောင်စုတ်လေးက ဒီလောက်ထိ ဉာဏ်ကောင်းနေတာလား"
ကျုံးချင်က ရယ်မောလိုက်၏။
လင်းဖုန်းကလည်း ရယ်မောလိုက်သည်။ ပိုင်လင်းသည် သူ၏ အနာဂတ် ဂျူနီယာညီမလေး ဖြစ်ကြောင်း သိလိုက်ရသဖြင့် လင်းဖုန်းသည် အလွန် တက်ကြွလာပြီး သူမအတွက် အရာအားလုံးကို စေ့စပ်သေချာစွာ စီစဉ်ပေးလေသည်။ သူမအတွက် အစားအသောက် အနေအထိုင်စသည့် အရာအားလုံး ပြည့်စုံနေသည်။
ရက်အနည်းငယ် ကုန်ဆုံးသွားသည်။
ပိုင်လင်းသည် ခြံဝန်းတံခါးဝတွင် မတ်တတ်ရပ်ပြီး အဝေးရှိ တောင်တန်းများကို ငေးမောကြည့်နေကာ မျက်မှောင်ကြုတ်ထားသည်။
ဤအခြေအနေထိ ကျရောက်ခဲ့ရခြင်းကြောင့် လူ့သဘောသဘာဝ၏ အေးစက်မှုနှင့် သစ္စာဖောက်မှုအမျိုးမျိုးကို သူမအား သိမြင်စေခဲ့သည်။ အရှေ့ပိုင်းဒေသသို့ ရောက်ရှိပြီးနောက် သူမသည် အခက်အခဲပေါင်းများစွာကို ကြံ့ကြံ့ခံခဲ့ရပြီး သေလုမျောပါး အခြေအနေများနှင့် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည်။ ကျုံးချင်နှင့်အတူ မူဖူတောင်သို့ ရောက်ရှိလာမှသာ သူမအတွက် ပျောက်ဆုံးနေသော နွေးထွေးမှုကို ပြန်လည်၍ ခံစားလိုက်ရသည်။ ကျုံးချင် လင်းဖုန်း သို့မဟုတ် စုယဲ့ ဖြစ်စေ သူတို့အားလုံး သူမကို ကောင်းစွာဂရုစိုက်ကြသည်။
သို့သော် ထိုအချက်ကြောင့်ပင် သူမ ပို၍စိတ်မကောင်း ဖြစ်မိပြီး မူဖူတောင်သို့ မလာခဲ့သင့်ကြောင်း နောင်တရမိသည်။ အကြောင်းအရင်းမှာ မြောက်ပိုင်းနတ်ဆိုးလိုဏ်ဂူမှ လူများက သူမ ထုတ်လွှတ်လိုက်သော အကြွင်းအကျန် စိတ်ဝိညာဥ်စွမ်းအား အငွေ့အသက်ကို အနံ့ခံမိခြင်း ရှိမရှိ သူမ အတည်မပြုနိုင်သောကြောင့် ဖြစ်သည်။ သူတို့ အမှန်တကယ် ရောက်ရှိလာခဲ့လျှင် သူမ သေချာပေါက် လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ထို့ပြင် မူဖူတောင်သည်လည်း သူမနှင့်အတူ ရောနှော၍ ဒုက္ခရောက်သွားပေလိမ့်မည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျုံးချင်၏ အထောက်အထားကို သိရှိခဲ့ရသည်။ သူသည် ရှန်ကျန်းဂိုဏ်းမှ မူဖူတောင်၏တောင်သခင်မျှသာ ဖြစ်သည်။ သူမသည် ကျုံးချင်ကို အထင်သေးခြင်း မဟုတ်ဘဲ သူ၏စွမ်းအားသည် သူမ၏ရန်သူဟောင်းများကို ရင်ဆိုင်ရလျှင် ပြန်လည်တိုက်ခိုက်နိုင်မည့် အခွင့်အရေး ရှိမည်မဟုတ်ဟု ထင်မြင်မိသောကြောင့်ပင်။
ထို့ကြောင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် သူမသည် မြောက်ပိုင်းနတ်ဆိုးလိုဏ်ဂူမှ ရန်သူများ ရုတ်တရက် ထွက်ပေါ်လာမည်ကို ကြောက်ရွံ့ပြီး နေ့တိုင်းလိုလို စိတ်သောကရောက်နေခဲ့သည်။
"ငါ ဒီနေရာကို မလာခဲ့သင့်ဘူး"
ကျုံးချင်နှင့်တခြားသူများ သူမကြောင့် ဒုက္ခရောက်နိုင်သည်ကို တွေးတောမိတိုင်း သူမ ဝမ်းနည်းမိသည်။ ကျုံးချင်နှင့်လင်းဖုန်းသာ အမှန်တကယ် ဒုက္ခရောက်ခဲ့လျှင် သူမ သေဆုံးသွားလျှင်ပင် မျက်လုံးမှိတ်နိုင်မည် မဟုတ်ချေ။
သို့သော် သူမ၏ လက်ရှိဒဏ်ရာများသည် သူမ ထင်မှတ်ထားသည်ထက် ပို၍ပြင်းထန်နေသည်။ ဤဒဏ်ရာများသည် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ မဟုတ်ဘဲ အကြွင်းအကျန်စိတ်ဝိညာဥ်၌ ရရှိထားသော ထိခိုက်ဒဏ်ရာများပင်။ သူမ၏ အခြေအနေသည် ယခင်ကတည်းက မကောင်းသဖြင့် ယခုတစ်ကြိမ်တွင် လုံးလုံးလျားလျား ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။ သူမအနေဖြင့် အကြွင်းအကျန်စိတ်ဝိညာဥ်ကို နွေးထွေးမှုပေးပြီး ပြန်လည်အားဖြည့်ပေးရုံသာ တတ်နိုင်တော့သည်။
ဤအခြေအနေတွင် သူမ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကိုလည်း အနည်းငယ်မျှ အသုံးပြု၍ မရတော့ချေ။ သူမ ထွက်ခွာသွားလိုသော်လည်း သူမ၏ လက်ရှိအခြေအနေနှင့်ဆိုလျှင် တောင်အောက်သို့ပင် ရောက်နိုင်မည် မဟုတ်ချေ။ ထိုအကြောင်းကို တွေးမိသဖြင့် သူမက ကျုံးချင်ကို ထပ်မံ၍သွားရှာရန် ဆုံးဖြတ်လိုက်၏။
ဤအချိန်တွင် ကျုံးချင်သည် အနောက်ဘက်တောင်ကုန်းမှ ဒုက္ခပင်လယ်နှင့် သစ်သီးခြံ တံခါးဝအနီးမှ ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် စနစ်မှ တက်ရောက်စာရင်းသွင်းခြင်းဖြင့် ရရှိထားသော တခြားပစ္စည်းများကို ကမ္ဘာငယ်လေးထဲသို့ ရွှေ့ပြောင်းနေသည်။ သူ ထိုင်လိုက်သည့်အချိန်မှာပင် ပိုင်လင်း ရောက်ရှိလာသည်ကို သူ မြင်တွေ့လိုက်ရသည်။
"အရှင်ကျုံး...."
ပိုင်လင်းက ကျုံးချင်ကို ရိုသေစွာ ဦးညွှတ်လိုက်သည်။ ကျုံးချင်သည် ရှန်ကျန်းဂိုဏ်း၏ တောင်သခင်လေးတစ်ယောက်သာ ဖြစ်ပြီး သူ၏စွမ်းအားသည် သူမ၏ လက်အောက်ငယ်သားဟောင်း တစ်ယောက်လောက်ပင် မရှိနိုင်ချေ။ သို့ရာတွင် ကျုံးချင်၏ အသက်ကယ်ကျေးဇူးကို သူမ နက်နက်ရှိုင်းရှိုင်း မှတ်မိနေသည်။
"မိန်းကလေးပိုင် ဘာလို့ ကောင်းကောင်း အနားမယူဘဲ ငါ့ဆီ ရောက်လာတာလဲ"
ကျုံးချင်က ပြုံးလိုက်သည်။
"အရှင်ကျုံး....ကျွန်မ လာတာက ကျွန်မကို တောင်အောက်ပို့ပေးဖို့ တောင်းဆိုချင်လို့ပါ"
ပိုင်လင်းက တိုက်ရိုက်ပြောဆိုလိုက်သည်။
"ဘာလို့လဲ.... ဒီမှာ နေရတာ အဆင်မပြေလို့လား"
ကျုံးချင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းသည်။
"အရှင်ကျုံး....ကျွန်မမှာ တကယ့်ကို အစွမ်းထက်တဲ့ ရန်သူတွေ ရှိနေတယ်... သူတို့ရဲ့ စွမ်းအားက တကယ့်ကို ရှင် တွေးတောနိုင်တာထက် ကျော်လွန်နေတယ်.... သူတို့သာ ကျွန်မကို ဒီနေရာမှာ ခြေရာခံမိသွားရင် ရှင့်ရဲ့ ရှန်ကျန်းဂိုဏ်းအတွက် ဘေးဒုက္ခ ဖြစ်သွားလိမ့်မယ်... ကျွန်မက ရှင့်ကို ဒုက္ခမရောက်စေချင်ဘူး"
ပိုင်လင်းက တည်ကြည်လေးနက်သော လေသံဖြင့် ပြောဆိုသည်။
"မင်း ငါ့ကို အဲ့ဒီအကြောင်း ပြောပြီးပြီလေ... ကောင်းပြီ ကောင်းပြီလေ....ငါ သိပြီ...မင်း စိတ်အေးအေးနဲ့ အနားယူပြီး ပြန်ပြီးကျန်းမာလာအောင်လုပ်ပါ.... ဒီကိစ္စတွေကို မတွေးနဲ့"
ကျုံးချင်က ရေနွေးကြိုပြီး လက်ဖက်ရည်ဖျော်ရင်း အပြုံးနှင့် ပြောဆိုလိုက်သည်။
"ကျွန်မက နောက်နေတာ မဟုတ်ဘူး"
ကျုံးချင် စိတ်မလှုပ်ရှားသည်ကို မြင်တွေ့ချိန်၌ ပိုင်လင်း၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ထက်ဟပ်လာသည်။ ကျုံးချင် မယုံသေးကြောင်း သိလိုက်ရသဖြင့် သူမသည် အချိန်တခဏကြာခန့် တွေဝေသွားပြီးနောက် ထပ်မံ၍ ပြောဆိုလိုက်သည်။
"တကယ်တော့ ကျွန်မရဲ့ အစစ်အမှန် အထောက်အထားက မြောက်ပိုင်းနတ်ဆိုးလိုဏ်ဂူက နတ်ဆိုးမပဲ"
"ငါ သိတယ်.... ငါ သိပါတယ်..."
"အမ်... ငါ့ရဲ့လက်ဖက်ခြောက်ညှပ်က ဘယ်ရောက်သွားပါလိမ့်"
"ငါ ဒီနားမှာ တင်ထားတာ သေချာပါတယ် ဘယ်ရောက်သွားတာပါလိမ့်..."
ကျုံးချင်သည် လက်ဖက်ရည်ဖျော်စပ်သည့် ပစ္စည်းအစုံအလင်ကို မွှေနှောက်၍ ရှာဖွေနေသည်။ လွန်ခဲ့သောတစ်ခေါက် သူ လက်ဖက်ရည် ဖျော်စပ်စဥ်တွင် ညှပ်ကို မည်သည့်နေရာ၌ ထားမိသည်အား ပြန်လည်စဉ်းစားရင်း ကြမ်းပြင်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်ရှုနေသည်။
နေရာမှာပင် ပိုင်လင်း၏ နူးညံ့သောမျက်နှာလေး မည်းမှောင်သွားပြီး ရှုံ့မဲ့မသွားဘဲ မနေနိုင်တော့ချေ။ သူမသည် အသက်ပြင်းပြင်း ရှိုက်လိုက်၏။ သူမ စကားဆက်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျုံးချင်က သူမကို မော့ကြည့်လိုက်သည်အား မြင်တွေ့လိုက်ရသည်။
"မိန်းကလေးပိုင်မှာ တခြားပြောစရာ ရှိသေးလား..."