← Chapters

ကျုံးချင်က အရင်က ငါတို့တွေနှင့် မဆိုင်တဲ့ အမြင့်တစ်ခုကို ရောက်အောင် မြှင့်တင်ပေးခဲ့တယ်

Vol. 5 Ch. 50

ကျုံးချင်က အရင်က ငါတို့တွေနှင့် မဆိုင်တဲ့ အမြင့်တစ်ခုကို ရောက်အောင် မြှင့်တင်ပေးခဲ့တယ်

Vol. 5 Ch. 50

"ကျွန်မ..."

မည်သည်ကြောင့်မှန်းမသိသော်လည်း ယခုအချိန်တွင် ပိုင်လင်း ရူးချင်စိတ်ပေါက်လာသည်။ သူမ၏စကားများကို ကျုံးချင် ယုံကြည်လာအောင် မည်သို့လုပ်ဆောင်ရမည်ကို သူမ မသိတော့ချေ။ သူမ၏စကားများ အမှန်ဖြစ်ကြောင်း မည်သို့ သက်သေပြရမည် ဆိုသည်ကိုလည်း သူမ မသိရှိပေ။

"မိန်းကလေးပိုင်က ဒီနေရာကို ရောက်လာမှတော့ ကိုယ့်အိမ်ကိုယ်ယာလိုပဲ သဘောထားပါ.... မင်း အရင်ပြန်ပြီး အနားယူလိုက်ပါအုံး... ငါ ခဏနေကျရင် လုပ်စရာကိစ္စ ရှိသေးလို့ အပြင်ခဏ သွားစရာရှိတယ်"

ကျုံးချင်က သူမကို ညင်သာသောလေသံဖြင့် နှစ်သိမ့်လိုက်သည်။

"ကောင်းပြီလေ....ကောင်းပါပြီ"

ကျုံးချင်သည် သူမ၏စကားများကို မယုံသည့်အပြင် အခြေအနေ၏ လေးနက်မှုကိုလည်း သဘောပေါက်ပုံမရဟု တွေးတောမိပြီး သူမ ဆက်ပြောနေလျှင်လည်း အပိုဖြစ်မည်ကို သူမ သိလိုက်သည်။ ထို့ကြောင့် သူမသည် ဝမ်းနည်းပူဆွေးသော မျက်နှာထားဖြင့် ယာယီပြန်သွားရုံသာ တတ်နိုင်တော့သည်။

ပိုင်လင်း ထွက်ခွာသွားသည်ကို မြင်တွေ့ချန်၌ ကျုံးချင်က အပြုံးနှင့် ခေါင်းခါယမ်းလိုက်၏။ ပိုင်လင်း၏အတွေးများကို သူ သိရှိထားသည်။ သို့သော် သူသည် သူမကို မူဖူတောင်ဆီ ခေါ်ဆောင်လာပြီးဖြစ်သောကြောင့် များစွာတွေးတောလျှင်ပင် မည်သို့ထူးခြားလာမည်နည်း။ သူမ၏နောက်က ပြဿနာကြီးနှင့် ပတ်သက်လျှင်မူ ရောက်လာသည့်အချိန်၌ သူ ဖြေရှင်းလိုက်ရုံပင်။

ကျုံးချင်သည် အချိန်တခဏကြာမျှ လက်ဖက်ရည် သောက်သုံးပြီးနောက် ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်သွားခဲ့သည်။ ချင်းနောင်နှင့်လန်နင်တို့က ကမ္ဘာငယ်လေးထဲတွင် အဓိက စီမံကိန်းများကို ပြီးစီးအောင် လုပ်ဆောင်ပေးခဲ့သော်လည်း သူ စီစဉ်ရမည့် အသေးစိတ် အချက်အလက်များ ကျန်ရှိနေသေးသည်။ အထူးသဖြင့် နှစ်များတလျှောက် တက်ရောက်စာရင်းသွင်းခြင်းမှတဆင့် စနစ်က ပေးထားသော ပစ္စည်းအမျိုးမျိုးကို သူ သေချာခွဲခြားပြီး သိမ်းဆည်းရန် လိုအပ်သည်။ ဤအရာများ အားလုံးသည် အနာဂတ်တွင် အသုံးဝင်လာပေလိမ့်မည်။

ဤပစ္စည်းများအားလုံးကို ကမ္ဘာငယ်လေးထဲ ရွှေ့ပြောင်းရသည့် အကြောင်းအရင်းမှာ ပထမအချက်အနေဖြင့် ကမ္ဘာငယ်လေးကို သူနှင့်အတူ သယ်ဆောင်သွား၍ရပြီး ပစ္စည်းများ သိမ်းဆည်းရန်နှင့်ထုတ်ယူရန် အဆင်ပြေသောကြောင့်ပင်။ ဒုတိယအချက်မှာ ကျုံးချင်အတွက် ကမ္ဘာငယ်လေးသည် လောကကြီးတွင် အလုံခြုံဆုံးနေရာ ဖြစ်သည်။ ထို့ပြင် သူ၏ပစ္စည်း တစ်ခုချင်းစီသာ ပေါက်ကြားသွားလျှင် ပြဿနာကြီးကြီးမားမား ဖြစ်လာနိုင်သဖြင့် ကမ္ဘာငယ်လေးထဲတွင် သိမ်းဆည်းထားခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပေ၏။

တစ်ချိန်တည်းမှာပင်....

ရှန်ကျန်းဂိုဏ်း၏ ပင်မခန်းမဆောင်ထဲတွင်...

ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်သည် ထိပ်ဆုံးတွင် ထိုင်နေပြီး တခြားအကြီးအကဲများနှင့် တောင်သခင်များ စုဝေးနေကြသည်။

"ဂိုဏ်းချုပ်...ကျွန်တော်တို့ သတင်းတွေ ရထားပါတယ်....ကျွန်တော်တို့ရဲ့ မူဖူတောင်သခင်က အရှေ့ပိုင်းဒေသက ဖုန်းထျန်းမြို့မှာ လမင်းနက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့် သားရဲတစ်ကောင်ကို သုတ်သင်ရှင်းလင်းခဲ့တယ်....အဲ့ဒီသားရဲကို သူ သုတ်သင်ရှင်းလင်းတာက ဆံနီမိစ္ဆာအိုကြီးကို သတ်တာထက်တောင် ပိုပြီးရိုးရှင်းပုံရတယ်"

အကြီးအကဲတစ်ဦးက ပြောဆိုသည်။

"ဒါတင်မကသေးဘူး.... သူက သူ့တပည့် လင်းဖုန်းရဲ့ကိစ္စကြောင့် ထျန်းယွင်ဂိုဏ်းကိုလည်း သွားခဲ့ပုံရတယ်"

နောက်ထပ် အကြီးအကဲတစ်ဦးက ဖြည့်စွက်၍ပြောဆိုသည်။

"အဲ့ဒီနောက်မှာ လောကကြီးကို တုန်လှုပ်စေတဲ့ တိုက်ပွဲတစ်ခုက ထျန်းယွင်ဂိုဏ်းထဲမှာဖြစ်ပွားခဲ့ပြီးတော့ မူဖူတောင်သခင်ကြောင့် ဖြစ်ဖို့များတယ်.....နောက်ဆုံးရလဒ်ကို မသိရပေမယ့် မူဖူတောင်သခင်က လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က မူဖူတောင်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတယ်"

ဤသတင်းနှစ်ခု ပျံ့နှံ့သွားသည်နှင့် ခန်းမဆောင်တစ်ခုလုံး၌ အသက်ရှူသံများ ရပ်တန့်သွားကြလေသည်။ ထျန်းယွင်ဂိုဏ်းဆိုသည်မှာ သူတို့ရှန်ကျန်းဂိုဏ်းအတွက် ကြီးမားသော မွန်းစတားကြီးတစ်ကောင် ဖြစ်ပြီး မြင့်မြတ်နယ်မြေတစ်ခုနှင့် နီးစပ်သော တည်ရှိမှုကြီးပင်။

ထျန်းယွင်ဂိုဏ်းအတွင်းမှ တိုက်ပွဲသည် ကျုံးချင်နှင့် အမှန်တကယ် သက်ဆိုင်နေလျှင် သူသည် ထျန်းယွင်ဂိုဏ်းတွင် တိုက်ခိုက်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်သည်ဆိုသည့် သဘောပင် မဟုတ်လော။

ထိုသို့ဆိုလျှင် ဤစွမ်းအားသည်...

"ကြည့်ရတာတော့ ကျုံးချင်က ငါတို့တွေ ထင်ထားတာထက် ပိုပြီးကြောက်စရာကောင်းနေပုံပဲ"

ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က အံ့အားတသင့်မရေရွတ်ဘဲ မနေနိုင်တော့ချေ။ သူ့ထံ၌ ထိတ်လန့်မှုနှင့် ဝမ်းမြောက်မှုကို ရောယှက်၍ ခံစားနေရသည်။

"ဒါပေမဲ့ ဂိုဏ်းချုပ်...ကျုံးချင်ရဲ့စွမ်းအားကို ခဏထားလိုက်အုံး.... ကျုံးချင်သာ ထျန်းယွင်ဂိုဏ်းနဲ့ တကယ်ကြီး ပဋိပက္ခ ဖြစ်ခဲ့ရင် သူ အထိအခိုက်မရှိ ပြန်လာနိုင်ရင်တောင်မှ ကျွန်တော်တို့ ရှန်ကျန်းဂိုဏ်းအနေနဲ့ သတိထားရမယ်"

ထိုအချိန်တွင် အကြီးအကဲတစ်ဦးက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။

ထိုစကားကို ကြားချိန်၌ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က မျက်မှောင်ကြုတ်လိုက်သည်။

အကြောင်းအရင်းမှာ ထိုအကြီးအကဲ၏စိုးရိမ်ပူပန်မှုသည် အခြေအမြစ် ရှိသောကြောင့်ပင်။ ကျုံးချင်နှင့် ထျန်းယွင်ဂိုဏ်းကြား၌ အမှန်တကယ် အငြိုးအတေးများ ဖြစ်ခဲ့လျှင် ဤသည်မှာ ကျုံးချင်နှင့်ထျန်းယွင်ဂိုဏ်းကြားရှိ ရိုးရှင်းသည့် ပဋိပက္ခတစ်ခု မဟုတ်တော့ချေ။ ဤသည်က သူတို့၏ ရှန်ကျန်းဂိုဏ်းနှင့် ထျန်းယွင်ဂိုဏ်းကြားမှ ပဋိပက္ခ ဖြစ်သွားနိုင်သည်။ ထို့ပြင် ထျန်းယွင်ဂိုဏ်းသည် ကျုံးချင်ကို လောလောဆယ်တွင် မည်သည့်အရာမျှ မလုပ်နိုင်လျှင်ပင် ရှန်ကျန်းဂိုဏ်းအပေါ် တစ်စုံတစ်ခု မလုပ်ဆောင်လာဟု အာမမခံနိုင်ချေ။

"အမိန့်ပေးလိုက်စမ်း....အပြင်မှာ ရှိနေတဲ့ ရှန်ကျန်းဂိုဏ်းသားတွေအားလုံးကို ချက်ချင်းပြန်ခေါ်လိုက်တော့"

"ဒုတိယအချက်ကတော့ ထျန်းယွင်ဂိုဏ်းရဲ့ လှုပ်ရှားမှုတိုင်းကို အနီးကပ်စောင့်ကြည့်ဖို့ ကင်းထောက်တွေ ချက်ချင်းစေလွှတ်လိုက်လိုက်စမ်း"

အချိန်တခဏအကြာတွင် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က ဆုံးဖြတ်ချက်ချလိုက်သည်။ ဤအန္တရာယ်များသည့် လောကကြီးတွင် မမျှော်လင့်ထားသည့် ကိစ္စများအတွက် ပြင်ဆင်ထားရန် မရှိမဖြစ် လိုအပ်ပေ၏။ ထိုသို့မဟုတ်ပါက သူ မည်သို့သေဆုံးသွားမှန်းပင် သိလိုက်မည် မဟုတ်ချေ။

အမိန့်များကို ဆက်တိုက်ထုတ်ပြန်ပြီးနောက် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က ဆက်လက်၍ ပြောဆိုသည်။

"အားလုံးပဲ....မကြာသေးခင်က စပြီးတော့ မူဖူတောင်သခင်က ငါတို့တွေကို အစက မပိုင်ဆိုင်ခဲ့တဲ့ အမြင့်တစ်ခုဆီ တဖြည်းဖြည်း မြှင့်တင်ပေးခဲ့တာကို သတိထားမိကြမှာပါ.... ဒါကြောင့် အနာဂတ်မှာ ငါတို့ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေက အရင်အဆင့်တွေ ဟုတ်ချင်မှ ဟုတ်တော့မယ်"

"ဒါတွေက ပိုပြီးမြင့်မားတဲ့အဆင့်တွေ ဖြစ်လာလိမ့်မယ်"

"ဒါပေမဲ့ ငါတို့တွေက ပိုပြီးဖွံ့ဖြိုးတိုးတက်ချင်ရင် ဒီအတွေ့အကြုံတွေက လိုအပ်တယ်"

"ဒါကြောင့် မင်းတို့အားလုံး လက်ပိုက်ကြည့်မနေကြနဲ့...စွမ်းအားတိုးတက်ဖို့ လိုအပ်တဲ့သူတွေက တိုးတက်အောင် လုပ်ကြပါ"

အကြီးအကဲများနှင့်တောင်သခင်များသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ကြပြီး ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏စကားကို သဘောတူလိုက်ကြသည်။

"ဒါနဲ့ ဂိုဏ်းချုပ်...ဂိုဏ်းရဲ့အခန်းကဏ္ဍတွေမှာ တိုးတက်အောင် လုပ်တာအပြင် ကျွန်တော်တို့ဂိုဏ်းရဲ့ အခြေခံအဆောက်အအုံတွေကိုလည်း အများကြီး တိုးတက်အောင်လုပ်ဖို့ လိုအပ်တယ်"

ထိုအချိန်မှာပင် တတိယအကြီးအကဲက ပြောဆိုသည်။

"ဥပမာအနေနဲ့ ကျွန်တော်တို့ဂိုဏ်းရဲ့ လက်ယာတောင်စောင့် ဝင်္ကပါဆိုရင် အပေါ်ယံ ဟန်ပြသက်သက်ပဲ... ဆံနီမိစ္ဆာအိုကြီးကိုတောင် မတားနိုင်ခဲ့ဘူး....အခု ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေက ထျန်းယွင်ဂိုဏ်းအဆင့်ထိ မြင့်တက်လာပြီဆိုတော့ လက်ယာတောင်စောင့်ဝင်္ကပါကို အားဖြည့်သင့်တယ်"

"မင်း ပြောတဲ့ အချက်ကို ငါ သဘောတူတယ်"

ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က ပြောဆိုသည်။

"ဒါပေမဲ့ ငါတို့ဂိုဏ်းထဲမှာ အဲ့ဒီပညာရပ်ကို ကျွမ်းကျင်တဲ့သူ မရှိဘူး...အကူအညီ တောင်းမယ်ဆိုရင်တောင် ဝမ်တာအိုတောင်ကပဲ ကူညီပေးနိုင်လိမ့်မယ်"

"ဒါပေမဲ့ ဝမ်တာအိုတောင်က ဘယ်လို အဆင့်အတန်းမျိုးလဲဆိုတာ မင်းတို့ သိတဲ့အတိုင်းပဲ.... မြင့်မြတ်နယ်မြေတွေတောင် သူတို့ရဲ့အကူအညီကို မကြာခဏ တောင်းခံနေရတာ ဆိုတော့ ငါတို့လို ဒုတိယတန်းစား ဂိုဏ်းငယ်လေးတစ်ဂိုဏ်းကို သူတို့က ဂရုစိုက်ပါ့မလား"

ထိုစကားကို ကြားချိန်၌ လက်ရှိနေရာတွင်ရှိနေသည့် လူများအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန် ပြောဆိုသည်မှာ အကြောင်းမဲ့သက်သက် မဟုတ်ချေ။ သူတို့သည် ဝမ်တာအိုတောင်ကို ဖိတ်ခေါ်ချင်လျှင်ပင် အခကြေးငွေအမြောက်အများ ပေးရပေလိမ့်မည်။ ထို့ပြင် ဝမ်တာအိုတောင် တန်ဖိုးထားနိုင်မည့် ရှန်ကျန်းဂိုဏ်းတွင်ရှိသည့် တစ်ခုတည်းသောအရာမှာ ကျုံးချင် ပေးထားသည့် ဘုရင်အဆင့် နည်းစနစ်ပင်။ သို့ရာတွင် ဤဘုရင်အဆင့်နည်းစနစ်ကို ပေးလိုက်၍ မဖြစ်ပေ။

လူများအားလုံး ဦးနှောက်ခြောက်အောင် စဉ်းစားနေကြစဉ်မှာပင် တပည့်တစ်ဦး ရုတ်တရက် ရောက်ရှိလာပြီး သတင်းပို့သည်။

"သတင်းပို့ပါတယ် ဂိုဏ်းချုပ်... ဝမ်တာအိုတောင် ဂိုဏ်းချုပ်က တွေ့ခွင့်တောင်းနေပါတယ်"

"ဘာ...."

ဤသတင်းပို့ချက်ကို ကြားလိုက်ရချိန်၌ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန် ချက်ချင်းကြက်သေသေသွားသည်။ တခြားအကြီးအကဲများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ဤသည်မှာ အမှန်တကယ်ကို "သရဲအကြောင်းပြောချိန်၌ သရဲထွက်ပေါ်လာသည်" ဟူသော စကားကဲ့သို့ ဖြစ်နေသည်။

သို့သော် ဝမ်တာအိုတောင်သည် မည်သည်ကြောင့် သူတို့၏ရှန်ကျန်းဂိုဏ်းသို့ ရုတ်တရက် ရောက်လာသနည်း။

"မြန်မြန် လိုက်ခဲ့ကြစမ်း... သူတို့ကို အရင် သွားကြိုရအောင်"

စကားထပ်မပြောတော့ဘဲ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် အဆင့်မြင့်အကြီးအကဲများကို ဦးဆောင်ပြီး ကြိုဆိုရန် ထွက်ခွာသွားတော့သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့မျက်လုံးထဲတွင် ဝမ်တာအိုတောင်ဆိုသည်မှာ ကြီးမားသော မွန်းစတားကြီးတစ်ကောင်ပင်။

ထိုအချိန်တွင် ကျူးကော်ချင်းသည် အကြီးအကဲတချို့နှင့်အတူ ရှန်ကျန်းဂိုဏ်း၏တံခါးဝတွင် စောင့်ဆိုင်းနေသည်။ ဝမ်တာအိုတောင်ကို ကယ်တင်ပေးခဲ့သည့်အတွက် ကျုံးချင်ကို သူတို့ အစဥ်အမြဲ ကျေးဇူးဆပ်ချင်ခဲ့ကြသည်။ မူလက ကျုံးချင်ကို သူကိုယ်တိုင် ကျေးဇူးတင်စကား ပြောဆိုရန် ရည်ရွယ်ထားသော်လည်း ထျန်းယွင်ဂိုဏ်း၏အဖြစ်အပျက်ကို သိရှိပြီးနောက် ဤအကြံအစည်ကို စွန့်လွှတ်လိုက်ကြသည်။

အကြောင်းအရင်းမှာ ထျန်းယွင်ဂိုဏ်းကို ရှင်းလင်းရာတွင် ကျုံးချင်၏ ပေါ့ပါးသော နည်းစနစ်များနှင့်စွမ်းအားကို ကြည့်လျှင် ထျန်းနန်ကို ရှင်းလင်းပေးခြင်းသည် သူ့အတွက် အလွန်သေးငယ်သော ကိစ္စလေး ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူ ဂရုပင်မစိုက်သော ကိစ္စမျိုးဖြစ်သဖြင့် သူတို့၏ကျေးဇူးတုံ့ပြန်မှုကို လိုအပ်ခြင်းမရှိမည်မှာ သေချာပေါက်ပင်။ သူတို့သည် ကျုံးချင်ကို မဆင်မခြင် သွားရောက်ရှာဖွေခြင်းက သူ့အတွက် အနှောင့်အယှက် ဖြစ်စေရုံသာ ရှိပေမည်။

ပြီးခဲ့သည့်တစ်ခေါက်က ဖုန်းထျန်းမြို့ လင်းအိမ်တော်၌ တွေ့ခွင့်ငြင်းပယ်ခံရသည်နှင့် ပေါင်းစပ်လိုက်လျှင် ကျူးကော်ချင်း၏အတွေးကို ပို၍ သေချာသွားစေသည်။ ဤအချိန်တွင် ဖုန်းထျန်းမြို့မှ ပေးပို့လိုက်သော ထောက်လှမ်းရေး သတင်းထဲမှ အရေးကြီးသည့် သဲလွန်စတစ်ခုကို ကျူးကော်ချင်း ရုတ်တရက် သတိရသွားသည်။ ဤသည်မှာ ကျုံးချင်သည် ရှန်ကျန်းဂိုဏ်းမှ မူဖူတောင်၏ တောင်သခင်ဖြစ်သည် ဆိုသည့်အချက်ပင်။

ကျုံးချင်ကဲ့သို့ အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးသည် ရှန်ကျန်းဂိုဏ်းငယ်လေးတွင် မည်သည်ကြောင့် နှိမ့်ချပြီး နေထိုင်နေသည်ကို ကျူးကော်ချင်း မသိရှိချေ။ သို့ရာတွင် သူ၏အမြင်အရ သူသည် ရှန်ကျန်းဂိုဏ်းနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန် လိုအပ်လာပေ၏။

သူသည် ကျုံးချင်ကို တိုက်ရိုက်ဆက်သွယ်ခြင်းမှာ မသင့်တော်သော်လည်း ရှန်ကျန်းဂိုဏ်းကို ဆက်သွယ်ခြင်းက အဆင်ပြေနိုင်သည်။ ရှန်ကျန်းဂိုဏ်းနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ခြင်းသည် ကျုံးချင်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ခြင်းနှင့် ထပ်တူထပ်မျှပင်။ သူ ရှန်ကျန်းဂိုဏ်းအတွက် တစ်စုံတစ်ခုကို လုပ်ဆောင်ပေးနိုင်လျှင် ဝမ်တာအိုတောင်အပေါ်ထားရှိသည့် ကျုံးချင်၏ကျေးဇူးတရားကို ပြန်ဆပ်ရာ ရောက်ပေမည်။

ထို့ကြောင့် ဆုံးဖြတ်ချက် ချမှတ်ပြီးနောက်...

ကျူးကော်ချင်းသည် သူ၏လက်အောက်ငယ်သား အကြီးအကဲများကို ခေါ်ဆောင်ပြီး ရှန်ကျန်းဂိုဏ်းနှင့် သံတမန် ဆက်ဆံရေး တည်ဆောက်ရန် အလျင်အမြန် ရောက်ရှိလာခြင်း ဖြစ်သည်။

All Chapters