ခင်ဗျားတို့ရဲ့လက်သီးတွေက မကြီးဘူးလား
Vol. 5 Ch. 42
ကျုံးချင် သဘောတူလိုက်သည်ကို မြင်တွေ့ချိန်၌ စင်မြင့်ပေါ်မှ ဝူယွင်သည်လည်း အေးစက်စက် ရယ်မောလိုက်သည်။
သူ၏မျက်လုံးထဲတွင် ဤဆရာတပည့်နှစ်ယောက်သည် သေလူများဖြစ်သော်လည်း ကျုံးချင် သဘောမတူမည်ကို သူ အမှန်တကယ် ကြောက်နေခဲ့သည်။
အကြောင်းအရင်းမှာ သူ၏အကြံအစည်အရ လင်းဖုန်းကို မုရုံရွှယ်၏လက်ချက်ဖြင့် သေစေပြီး သူမ၏အတွင်းစိတ်နတ်ဆိုးကို သူမကိုယ်တိုင်ဖြေရှင်းစေလိုသောကြောင့်ပင်။
ဤနည်းလမ်းဖြင့် မုရုံရွှယ်၏အနာဂတ်လမ်းစဉ်သည် အတွင်းစိတ်နတ်ဆိုးများမရှိဘဲ ဖြောင့်ဖြူးနေပေမည်။
"တပည့်...စိန်ခေါ်မှုကို လက်ခံလိုက်ပါ"
ဝူယွင်က အေးဆေးတည်ငြိမ်စွာဖြင့် လှမ်းခေါ်လိုက်သည်။
သူ၏အသံဆုံးသည်နှင့် ယနေ့တွင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော မုရုံရွှယ်သည် လေပေါ်သို့ တက်လှမ်းပြီး သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။
လင်းဖုန်းဟူသော သူမ၏ငယ်ချစ်ဦးဟောင်းကို သူမသည် နောက်တစ်ကြိမ် လှည့်မကြည့်တော့ဘဲ သူမထံ၌ ပြင်းထန်သော အေးစက်မှုသာ ရှိနေသည်။
"မြန်မြန်ကြည့်လိုက်စမ်း...စီနီယာအစ်မမုရုံ ထွက်လာပြီ"
ထိုအချိန်တွင် သေခြင်းရှင်ခြင်းစင်မြင့်အောက်၌ တပည့် အမြောက်အများ စုဝေးနေကြပြီး မုရုံရွှယ် ထွက်လာသည်ကို မြင်တွေ့ချိန်၌ သူတို့အားလုံး အားပေးလိုက်ကြသည်။
သူတို့၏မျက်လုံးထဲတွင် မုရုံရွှယ်သည် ငြင်းချက်ထုတ်ရန် မလိုသော ရိုသေလေးစားဖွယ် တည်ရှိမှုကြီးပင်။
"စီနီယာအစ်မမုရုံ....သူ့ကို ဓားတစ်ချက်တည်းနဲ့ သတ်လိုက်ပါ"
"ဟုတ်တယ်... စီနီယာအစ်မ မုရုံ...ဓားတစ်ချက်တည်းနဲ့ သတ်လိုက်ပါ...သူက စီနီယာအစ်မကို မျှော်လင့်ရဲတယ်...စီနီယာအစ်မနဲ့ လက်ထပ်ဖို့ စိတ်ကူးရဲတယ်ပေါ့လေ"
"ဟုတ်တယ်... ဟုတ်တယ်... ကိုယ့်ရုပ်ကို မှန်ထဲ ပြန်မကြည့်ဘူး..."
မရေမတွက်နိုင်သော ထောက်ခံသံများ ထွက်ပေါ်လာသည်။
သို့ရာတွင် ထိုအသံများသည် မုရုံရွှယ်၏နားထဲသို့ ရောက်ချိန်၌ ကြားရသည်မှာ အလွန်နားခါးနေသည်။
သူမကို လင်းဖုန်းနှင့် တွဲပြောနေခြင်းသည် စော်ကားမှုတစ်ခုဖြစ်ပြီး သူမ၏ လက်ရှိ အဆင့်အတန်းကို အရှက်ခွဲမှုတစ်ခုပင်။
သူမသည် လင်းဖုန်းဟူသော နာမည်ကို ဤလောကကြီးထဲမှ အမြန်ဆုံး ပျောက်ကွယ်သွားစေလိုသည်။ ထိုသို့ဖြစ်လာမှသာ သူမ မုရုံရွှယ်သည် ဤကဲ့သို့လူမျိုးနှင့် လက်ထပ်ရန် ရည်ရွယ်ခဲ့ဖူးသည်ကို မည်သူမျှ သိနိုင်တော့မည် မဟုတ်ချေ။
ပရိသတ်အားလုံး၏အကြည့်အောက်တွင် လင်းဖုန်းသည် လက်ဗလာဖြင့် သေခြင်းရှင်ခြင်း စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ တက်လှမ်းလာသည်။
"မှတ်ထားကြပါ...မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့် ရှိတယ်...ဘာပဲဖြစ်ဖြစ် ဘယ်သူမှ ဝင်မပါရဘူး"
ဝူယွင်က ကျုံးချင်ကို တစ်ချက်ကြည့်ပြီး တည်ငြိမ်အေးဆေးစွာ ပြောဆိုလိုက်သည်။
"ပြဿနာ မရှိဘူး"
ကျုံးချင်က နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ...တိုက်ပွဲစပြီလို့ ငါ ကြေညာတယ်"
ဝူယွင်က အော်ဟစ်လိုက်သည်နှင့် သူတို့နှစ်ယောက်၏တိုက်ပွဲ တရားဝင်စတင်တော့သည်။
ရလဒ်ထင်ရှားပြီးသား တိုက်ပွဲတစ်ခုအတွက် ဝူယွင်သည် များစွာကြည့်ချင်စိတ် မရှိချေ။ နောက်ဆုံးရလဒ်သည် သူ၏တပည့်မလေးက သူမ၏ရင်ထဲကဆူးကို ဖယ်ရှားလိုက်သည်ထက် ပိုမည်မဟုတ်ပေ။
ထိုသို့ပြောဆိုပြီးသည်နှင့် သူသည် ထိပ်ဆုံးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
သို့ရာတွင် သူ ထိုင်လိုက်သည်နှင့် သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး ရုတ်တရက် မတ်တပ် ထရပ်လိုက်၏။
သူ သေခြင်းရှင်ခြင်းစင်မြင့်ကို စူးစိုက်၍ ကြည့်လိုက်သည်။
သူ စတင်ကြောင်း ကြေညာလိုက်သည်နှင့် မုရုံရွှယ်က တိုက်ခိုက်မှုကို စတင်လိုက်တော့သည်။
အကြောင်းအရင်းမှာ သူမသည် လင်းဖုန်းနှင့် အချိန်တခဏမျှပင် ရှုပ်ထွေးမနေလိုဘဲ သူ့ကို အမြန်ဆုံးရှင်းလင်းပြီး ထွက်ခွာသွားလိုသောကြောင့်ပင်။
သို့ရာတွင် မည်သူမျှ ထင်မှတ်မထားသည်မှာ မုရုံရွှယ်၏တိုက်ခိုက်မှုကို လင်းဖုန်းက လွယ်လင့်တကူ လက်ခံလိုက်ပြီး လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် တုံ့ပြန်တိုက်ခိုက်လိုက်ခြင်းပင်။ ထိုကြောင့် မုရုံရွှယ်သည် အန္တရာယ်ရှိသော အခြေအနေသို့ ကျရောက်သွားခြင်းဖြစ်သည်။
"ဘယ်...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ဝူယွင်သည် မျက်လုံးအပြူးသားဖြင့် ကြည့်နေပြီး သူ့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
မုရုံရွှယ်ကို သူတို့ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်ပြီး သူမ၏ပါရမီစွမ်းအားကို သူတို့ ရှင်းရှင်းလင်းလင်း သိထားသည်။ သူမအနေဖြင့် သူမထက် အဆင့်မြင့်သူတစ်ယောက်ကို တိုက်ခိုက်ရန်ပင် လွယ်ကူသော်လည်း ယခုချိန်၌ လင်းဖုန်း၏လက်ချက်ဖြင့် တရစပ် ဆုတ်ခွာနေရသည်။
ဤလင်းဖုန်းသည် ယခင်က ကျင့်ကြံ၍မရသော အမှိုက်ကောင်ဟု ကောလဟလများ ထွက်နေသည် မဟုတ်လော....
သူ၏ပြဿနာကို ဖြေရှင်းပြီးနောက် ကျင့်ကြံနိုင်ခဲ့သည်ဆိုလျှင်ပင် ဤမျှထိ မြန်မြန်ဆန်ဆန် တိုးတက်လာရန်မှာ မဖြစ်နိုင်ချေ။
သို့သော် မယုံကြည်နိုင်ဆုံးမှာ မုရုံရွှယ် ကိုယ်တိုင်ပင်။
လင်းဖုန်း၏မိုးသက်မုန်တိုင်းကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"မဖြစ်ဘူး...မဖြစ်နိုင်ဘူး...ဘာလို့ ဒီလိုဖြစ်ရတာလဲ"
သူမ၏ရှေ့က လင်းဖုန်းကို ကြည့်ရင်း သူမ၏ မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းနေသည်။ သူမ၏အသိအမြင်အရ လင်းဖုန်းသည် သေချာပေါက် ဤကဲ့သို့ပုံစံမျိုး မဟုတ်ချေ။
သူသည် အမှိုက်ကောင်သာ ဖြစ်သင့်ပေ၏။
သူ့ထံ၌ ဤကဲ့သို့ စွမ်းအားမျိုး ရှိနေသည်မှာ မဖြစ်သင့်ချေ။
"နင် သွားသေလိုက်တော့..."
"မိုးပြာကြွေလွင့် ဓားသိုင်း..."
လင်းဖုန်း ရုတ်တရက် ထုတ်ဖော်လိုက်သော စွမ်းအားကြောင့် မုရုံရွှယ် ထိတ်လန့်သွားသည်။
သူမကဲ့သို့ ဂုဏ်သတင်းကြီးမားသော သူတော်စင်မိန်းမပျိုတစ်ယောက်သည် အမှိုက်ကောင်တစ်ကောင်၏ ရိုက်နှက်ခြင်းကို ခံရပြီး ဆုတ်ခွာနေရသည်ကို သူမ ခွင့်မပြုနိုင်ချေ။
သူမသည် စူးရှစွာ အော်ဟစ်လိုက်ပြီး သူမ မကြာသေးမီက သင်ယူထားသော ဘုရင်အဆင့်ဓားသိုင်းတစ်ခုကို ထုတ်သုံးလိုက်၏။
ဤဘုရင်အဆင့်ဓားသိုင်းသည် ထျန်းယွင်ဂိုဏ်း၏ ရတနာနည်းစနစ်ပင်။
လူငယ်မျိုးဆက်သစ် တပည့်များအနက် သူမတစ်ယောက်သာ ဤဓားသိုင်းကို ကျင့်ကြံခွင့် ရှိပြီး သူမတစ်ယောက်သာ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤဓားသိုင်းကို ထုတ်သုံးလိုက်သည်နှင့် လောကကြီးတခွင်လုံး အရောင်ပြောင်းသွားသည်။
မရေမတွက်နိုင်သော တောက်ပသည့် ဓားချီအလင်းတန်းများက လေထုကို လွှမ်းခြုံကာ လင်းဖုန်းထံသို့ ဖိနှိပ်လိုက်၏။
"သူက မိုးပြာကြွေလွင့်ဓားသိုင်းကို တိုက်ရိုက် ထုတ်သုံးလိုက်တာလား"
ဝူယွင်က ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သက်ပြင်းချလိုက်သည်။
အရမ်းကောင်းတယ်...
မမျှော်လင့်ထားသော အပြောင်းအလဲများ ဖြစ်မလာခင် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်သည်က ပို၍ကောင်းမွန်ပေမည်။
ဤမိုးပြာကြွေလွင့်ဓားသိုင်းအောက်တွင် ကောင်စုတ်လေးလင်းဖုန်းထံ၌ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် ရှိတော့မည် မဟုတ်ချေ။
အကြောင်းအရင်းမှာ ဤဓားသိုင်းကို ထုတ်သုံးလိုက်သည်နှင့် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ရသည့်တိုင် မုရုံရွှယ်ထံ၌ တိုက်ခိုက်နိုင်စွမ်း ရှိသွားပြီဖြစ်သောကြောင့်ပင်။
လင်းဖုန်းကိုမူ ထည့်ပြောနေရန်ပင် မလိုအပ်တော့ချေ။
သို့သော် နောက်ထပ်အချိန်တခဏတွင် သူ စောစီးစွာ စိတ်လှုပ်ရှားမိကြောင်း သိလိုက်ရသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားမှုကြောင့် တုန်ယင်သွားသည်။
မုရုံရွှယ်၏ မိုးပြာကြွေလွင့်ဓားသိုင်း ကို ရင်ဆိုင်ရချိန်တွင် လင်းဖုန်းက လက်သီးတစ်ချက်ကို ပေါ့ပေါ့ပါးပါး ထိုးနှက်လိုက်သည်အား သူ မြင်တွေ့လိုက်ရသည်။
"ကောင်းကင်ဂိုဏ်းချုပ် လက်သီး..."
ထိုအသံဆုံးသည်နှင့် ကြီးမားသော ရွှေရောင်ပုံရိပ်ယောင်ကြီးတစ်ခု လင်းဖုန်း၏နောက်တွင် စုစည်းလာသည်။ လက်သီးပုံစံရှိသော ထိုပုံရိပ်ယောင်ကြီးမှ ထိုးနှက်လိုက်ရာ မိုးကောင်းကင်ယံအပြည့်ရှိနေသော ဓားချီအလင်းတန်းများ ချက်ချင်းပျက်စီးသွားသည်။
ထိုလက်သီးချက်အောက်တွင် မုရုံရွှယ်သည် ကြိုးပြတ်သွားသော စွန်တစ်ခုအလား နောက်သို့ လွင့်ထွက်သွားတော့သည်။
"ဘာ.... ဒါကလည်း ဘုရင်အဆင့် ဆန်းကြယ်နည်းစနစ်ပဲ..."
"ဒီကောင်လေးဆီမှာ ဘာလို့ ဘုရင်အဆင့် ဆန်းကြယ်နည်းစနစ် ရှိနေရတာလဲ"
ပွဲကြည့်စင်ပေါ်မှ ဝူယွင်နှင့်တခြားသူများ မယုံကြည်နိုင် ဖြစ်နေကြသည်။
သူတို့ ထျန်းယွင်ဂိုဏ်းပင်လျှင် ဘုရင်အဆင့် ဓားနည်းစနစ်တစ်ခုကို ရရှိရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပြီး မုရုံရွှယ်၏ ထူးခြားသော ပါရမီကြောင့်သာ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် လင်းဖုန်းသည်...
ဖုန်းထျန်းမြို့လေးမှ သာမန်မိသားစု၏ လူငယ်လေးတစ်ယောက်သည် မည်သည်ကြောင့် ဘုရင်အဆင့် ဆန်းကြယ်နည်းစနစ်ကို ထုတ်သုံးနိုင်ရသနည်း...
တိုက်ပွဲကို ကြည့်နေကြသော မရေမတွက်နိုင်သည့် တပည့်များသည်လည်း စင်မြင့်ပေါ်မှ ရုတ်တရက် အပြောင်းအလဲကြောင့် ထိတ်လန့်သွားကြပြီး သူတို့၏မျက်နှာများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူတို့ လေးစားရသော စီနီယာအစ်မမုရုံ ရက်ရက်စက်စက် အရိုက်ခံနေရသည်ကို သူတို့ အမှန်တကယ် မြင်တွေ့လိုက်ရသည်။
ကွင်းပြင်တစ်ခုလုံးတွင် ကျုံးချင်တစ်ယောက်သာ လက်နောက်ပစ်ပြီး ယခင်အတိုင်း တည်ငြိမ်စွာ မတ်တတ်ရပ်နေသည်။
ယခုအချိန်တွင် မုရုံရွှယ်ကို လွင့်ထွက်သွားအောင် လုပ်လိုက်သော လင်းဖုန်းသည် ညှာတာမှုကို မပြသတော့ချေ။
သူ ခံစားခဲ့ရသော အရှက်တကွဲအကျိုးနည်းသည့် ဖြစ်ရပ်များက သူ၏စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ထင်ဟပ်လာသည်။
သူ၏အဘိုး ဒေါသကြောင့် သေဆုံးခဲ့ရခြင်း....
လင်းမိသားစု နိမ့်ပါးသွားခြင်း...
သူ ခံစားခဲ့ရသော နာကြည်းချက်များအားလုံး ဤအချိန်တွင် သူ၏စိတ်ထဲမှ ပွင့်အံ့ထွက်လာပြီး နောက်ဆုံးလက်သီးတစ်ချက်အဖြစ် စုစည်းကာ မုရုံရွှယ်ထံသို့ ထိုးနှက်လိုက်၏။
ဤလက်သီးချက်ကိုကြည့်ရင်း မုရုံရွှယ်၏ မျက်လုံးများ ဝေဝါးနေသည်။
သူမထံ၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
သူမ၏မျက်နှာထားသည် ရူးသွပ်နေသူကဲ့သို့ပင် ဖြစ်လာပေ၏။
"ဘာလို့လဲ....ဘာလို့လဲ...."
"ဘာလို့ ဒီအမှိုက်ကောင်မှာ ဒီလိုစွမ်းအားမျိုး ရှိနေရတာလဲ"
"ဘာလို့ သူ့ဆီမှာလည်း ဘုရင်အဆင့် ဆန်းကြယ်နည်းစနစ် ရှိနေရတာလဲ"
သို့သော် သူမ၏စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေသော်လည်း များစွာမတွေးတောနိုင်တော့ချေ။ ထိုလက်သီးချက် နီးကပ်လာသည်နှင့်အမျှ သေခြင်းတရား၏ခြိမ်းခြောက်မှုက ပို၍ပြင်းထန်လာသည်ကို သူမ သိရှိထားသည်။
ဤအမှိုက်ကောင်လင်းဖုန်း၏ လက်ချက်ဖြင့် သူမ ရှုံးနိမ့်သွားပြီကို သူမ ဝန်ခံရတော့ပေမည်။
ထို့ပြင် သူမသည် သူ၏လက်ချက်ဖြင့် သေပင်သေသွားနိုင်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတော်စင်မိန်းမပျို ဖြစ်လာခြင်းမှ သူမကို ပေးထားသော ဂုဏ်ယူမှုများအားလုံး ပျက်စီးသွားပြီး မည်ကဲ့သို့အသက်ဆက်ရှင်ရမည်ကိုသာ သူမ တွေးတောမိသည်။ သူမသည် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဆရာ ကယ်ပါအုံး"
ဝူယွင်ကလည်း ဤမြင်ကွင်းကို မြင်တွေ့ပြီးဖြစ်သည်။ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားတော့သည်။
ဤကောင်စုတ်လေးသည် သူ၏ရှေ့မှာတင် သူ၏တပည့်ကို အမှန်တကယ် သတ်ဖြတ်လိုသလော....
"ကောင်စုတ်လေး ရပ်လိုက်စမ်း...."
ဝူယွင်က ဒေါသတကြီး အော်ငေါက်ပြီး လေထုထဲသို့ တက်လှမ်းကာ လင်းဖုန်းထံသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
စင်အောက်၌ရှိနေသော ကျုံးချင်သည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူ၏မျက်နှာထားသုန်မှုန်သွားပြီး လင်းဖုန်း၏နံဘေးတွင် ချက်ချင်းထွက်ပေါ်လာကာ ထိုတိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။
ဝူယွင်သည်လည်း ဤအခွင့်အရေးကိုသုံးပြီး မုရုံရွှယ်ကို တွဲထူကာ ပွဲကြည့်စင်မြင့်ပေါ်သို့ ပြန်ရောက်သွားပြီး သူမ၏ဒဏ်ရာများကို စစ်ဆေးလိုက်၏။ မုရုံရွှယ် အဆင်ပြေနေသည်ကို မြင်တွေ့မှသာ သူ၏မျက်လုံးများ အနည်းငယ် ပုံမှန် ပြန်ဖြစ်သွားသည်။
"အရှက်မဲ့လိုက်တဲ့ ထျန်းယွင်ဂိုဏ်း...."
လင်းဖုန်းကို ရင်ခွင်ထဲတွင် ကာကွယ်ထားရင်း ကျုံးချင်က စင်မြင့်ပေါ်မှဝူယွင်ကို သုန်မှုန်နေသော မျက်နှာထားဖြင့်ကြည့်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"တိုက်ပွဲ မစခင်တုန်းက ခင်ဗျားကိုယ်တိုင် ပြောခဲ့တာလေ.... စင်မြင့်ပေါ် ရောက်တာနဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲပဲ... ဘာဖြစ်ဖြစ် ဘယ်သူမှ ဝင်မပါရဘူးဆို ...ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့စကားတွေက လေလည်တာလောက်ပဲ တန်ဖိုးရှိတာလား"
"ဟမ့်...အဲ့ဒီလိုဆိုရင်တောင် ဘာဖြစ်လဲ"
ကျုံးချင်၏မေးခွန်းကို ရင်ဆိုင်ရချိန်တွင် ဝူယွင်၏မျက်နှာသည် နီမြန်းမသွားသည့်အပြင် အမူအယာပျက်ယွင်းခြင်းပင် မရှိဘဲ အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
"စည်းမျဉ်းဆိုတာက ဘယ်တုန်းကမဆို လက်သီးပိုကြီးတဲ့လူက ဆုံးဖြတ်တာပဲ..."
"ဟား ဟား ဟား ဟား..."
"ကောင်းလိုက်တဲ့ စည်းမျဉ်း...လက်သီးပိုကြီးတဲ့လူက ဆုံးဖြတ်တယ်ပေါ့"
ဝူယွင်၏စကားများကြောင့် ကျုံးချင် အလွန်ဒေါသထွက်သွားသဖြင့် လှောင်ပြောင်ရယ်မောလိုက်သည်။
"ဒါဆိုရင် ခင်ဗျားတို့ ထျန်းယွင်ဂိုဏ်းရဲ့ လက်သီး ဘယ်လောက်ထိကြီးလဲဆိုတာ ကျုပ် ကြည့်ချင်သေးတယ်"
"ကောင်လေး....မင်းရဲ့လေသံက မသေးပါလား"
ဝူယွင်က ကျုံးချင်ကို သတ်ဖြတ်ချင်သော မျက်နှာထားဖြင့် စိုက်ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။
"မင်းက ငါ့ရဲ့ထျန်းယွင်ဂိုဏ်းမှာ ပြဿနာ လာရှာရဲတယ်....ပြီးတော့ ငါတို့ထျန်းယွင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ကိုတောင် လူပုံအလယ်မှာ သတ်ရဲတယ် မင်း ထွက်ပြေးလို့ လွတ်မယ်လို့ ထင်နေတာလား"
"တတိယအကြီးအကဲ....စတုတ္ထအကြီးအကဲ... ပဉ္စမအကြီးအကဲ...."
"ရှိပါတယ်"
"ဒီဆရာတပည့်နှစ်ယောက်ကို သတ်ပစ်လိုက်စမ်း"
"ဟုတ်ကဲ့..."
ဝူယွင်၏အသံ ဆုံးသည်နှင့် အဘိုးအိုသုံးဦးသည် သူ၏နောက်မှ ထွက်လာပြီး ကျုံးချင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာကြသည်။
သူတို့သုံးယောက်ထံမှနေ၍ အားကောင်းသော ကျင့်ကြံခြင်းစွမ်းအားလှိုင်းများ ထွက်ပေါ်နေသည်။
နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူသုံးယောက်...
"ကောင်စုတ်လေး...ငါတို့ထျန်းယွင်ဂိုဏ်းမှာ ပြဿနာလာရှာရဲတာကို နောင်တရစေရမယ်"
တတိယအကြီးအကဲက အေးစက်စက် အော်ငေါက်လိုက်ပြီး ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက ကျုံးချင်ကို တိုက်ရိုက် လွှမ်းခြုံလိုက်၏။
စတုတ္ထအကြီးအကဲနှင့်ပဉ္စမအကြီးအကဲတို့သည်လည်း နောက်ကျမခံဘဲ တခြားဘက်နှစ်ဖက်မှနေ၍ လွှမ်းမိုးချုပ်ကိုင်နိုင်သော တိုက်ခိုက်မှုများဖြင့် ကျုံးချင်ကို တိုက်ခိုက်လိုက်ကြသည်။
သူတို့သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုသည် ကျုံးချင်၏ဆုတ်ခွာလမ်းကို တိုက်ရိုက်ပိတ်ဆို့လိုက်ခြင်းပင်။
သို့ရာတွင် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူသုံးယောက်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ကျုံးချင်သည် လုံးဝကြောက်ရွံ့ခြင်း မရှိဘဲ သူ၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခုသာ ရှိနေသည်။
သူသည် ညာလက်ကို လေဟာနယ်ထဲသို့ ညင်သာစွာ ဆန့်တန်းလိုက်၏။
သူသည် တတိယအကြီးအကဲ၏ တိုက်ခိုက်မှုကို လွယ်လင့်တကူ ချိုးဖျက်လိုက်ပြီး သူ၏လက်ဖြင့် တိုက်ရိုက်ခြေမွှဖျက်ဆီးလိုက်သည်။
"ဒါကို ခင်ဗျားက လက်သီးကြီးတယ်လို့ ခေါ်တာလား"
"ပုရွက်ဆိတ်လေးတွေပဲ..."
ကျုံးချင်၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရှိနေပြီး လေဟာနယ်ထဲသို့ သူ၏လက်ကို ညင်သာစွာ ဖမ်းဆုပ်လိုက်သည်နှင့် လေထုထဲရှိ တတိယအကြီးအကဲ ပေါက်ကွဲသွားသည်။
"ဘာ...."
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်၌ ဝူယွင်အပြင် စတုတ္ထအကြီးအကဲနှင့် ပဉ္စမအကြီးအကဲလည်း ကြောင်အမ်းသွားကြသည်။
တတိယအကြီးအကဲသည် အစွမ်းထက်သော နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် ကျုံးချင်၏လက်ချက်နှင့် ချက်ချင်းအသတ်ခံလိုက်ရသလော...
"မင်းတို့နှစ်ယောက် မြန်မြန်နောက်ဆုတ်ကြစမ်း... သူက မင်းတို့ ယှဉ်နိုင်တဲ့လူ မဟုတ်ဘူး"
ဝူယွင်က အော်ဟစ်လိုက်သည်။
ထိုစကားကိုကြားချိန်တွင် စတုတ္ထအကြီးအကဲနှင့်ပဉ္စမအကြီးအကဲတို့သည် တိုက်ခိုက်မှုကို အတင်းအကြပ် ရုတ်သိမ်းလိုက်ရသည့် တန်ပြန်ဒဏ်ကို ဂရုမစိုက်ဘဲ လေဟာနယ်ကို နင်းကာ ထွက်ပြေးကြတော့သည်။
"ခင်ဗျားတို့ရဲ့ လက်သီးတွေက အရမ်းကြီးတယ်မဟုတ်ဘူးလား"
"ဘာလို့ ထွက်ပြေးနေကြတာလဲ"
"ဒီနေရာကို ပြန်လာခဲ့စမ်း..."
ကျုံးချင်က သူ၏လက်ကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်ရာ ပုံရိပ်ယောင်အသွင် ပြောင်းလဲသွားသော လက်ဝါးကြီးက စတုတ္ထအကြီးအကဲကို တိုက်ရိုက်ဖမ်းဆုပ်လိုက်သည်။