← Chapters

ဆရာပေးတဲ့ လုံခြုံမှုဆိုတာ ဒါမျိုးလား

Vol. 5 Ch. 43

ဆရာပေးတဲ့ လုံခြုံမှုဆိုတာ ဒါမျိုးလား

Vol. 5 Ch. 43

ပဉ္စမအကြီးအကဲသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။

"မလုပ်ပါနဲ့... ဒီဘက်ကို မလာနဲ့..."

သို့သော် အခြေအနေသည် ဤအဆင့်ထိ ရောက်ရှိလာခဲ့ပြီးဖြစ်ရာ ကျုံးချင်ထံတွင် ညှာတာထောက်ထားနေရန် အကြောင်းပြချက် မရှိတော့ချေ။

လေဟာနယ်ကို ဆုတ်ဖြဲသွားသော လက်ဝါးပုံရိပ်ယောင်ကြီးသည် စတုတ္ထအကြီးအကဲထံသို့ ချက်ချင်းရောက်ရှိသွားပြီး သူ့ကို လက်ထဲတွင် မြဲမြံစွာ ဖမ်းဆုပ်လိုက်၏။

"ခွေးတိရစ္ဆာန်လေး.... သူ့ကို လွှတ်ပေးလိုက်စမ်း ....မဟုတ်ရင် မင်းရဲ့အရိုးတွေကို ငါ အမှုန့်ကြိတ်ပစ်မယ်"

သူ၏ငယ်သားဖြစ်သော စတုတ္ထအကြီးအကဲသည် ကျုံးချင်၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရသဖြင့် ဝူယွင်က ကျယ်လောင်စွာ အော်ဟစ်ပြီး ခြိမ်းခြောက်လိုက်သည်။

"မင်းရဲ့လူကို ငါ့ကို လွှတ်ပေးဖို့ ပြောနေတာတောင် မင်းရဲ့လေသံက မာနေတုန်းပါလား..."

ကျုံးချင်က လှောင်ပြောင်လိုက်ပြီး သူ၏လက်ကို အနည်းငယ် ဖျစ်ညှစ်လိုက်သည်။

စတုတ္ထအကြီးအကဲ၏ခန္ဓာကိုယ်သည် ဝုန်းခနဲမြည်သံကြီးနှင့်အတူ ပေါက်ကွဲသွားပြီး အရိုးအစအနပင် မကျန်ရစ်တော့ဘဲ သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

နောက်ထပ် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အကြီးအကဲတစ်ဦး ထပ်မံ၍ သေဆုံးသွားလေပြီ။

"ပြေးကြတော့...."

ကျုံးချင်၏ သံမဏိကဲ့သို့ ပြတ်သားသော နည်းလမ်းများသည် ကြည့်ရှုနေကြသော တပည့်များကိုလည်း ကြောက်လန့်သွားစေခဲ့သည်။ ကျုံးချင်၏ နည်းစနစ်များမှ ထွက်ပေါ်လာသော စွမ်းအားဂယက်လှိုင်းအနည်းငယ်သည်ပင် သူတို့ ခံနိုင်ရည်ရှိသော ပမာဏထက် ကျော်လွန်နေသဖြင့် အဝေးသို့ အလုအယက် ထွက်ပြေးကြတော့သည်။

"မင်းက သေလမ်းရှာနေတာပဲ....ဒီနေ့ မင်းကို အသားပြားဖြစ်အောင် မလုပ်နိုင်ရင် ငါ လူမဟုတ်တော့ဘူး"

နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အကြီးအကဲနှစ်ဦး ဆက်တိုက်သေဆုံးသွားသဖြင့် ဝူယွင်၏မျက်လုံးများ နီမြန်းလာခဲ့သည်။

မြင့်မြတ်နယ်မြေတစ်ခုတွင်ပင် နေမင်းနက်နဲသိမ်မွေ့နယ်ပယ်သည် အမြင့်ဆုံးသောအင်အားကို ကိုယ်စားပြုကြောင်း သိထားရပေမည်။

ထိုကဲ့သို့ အကြီးအကဲနှစ်ယောက် တပြိုင်နက်တည်း သေဆုံးသွားခြင်းက သူ့ကို မည်သည်ကြောင့် နှလုံးမကွဲစေဘဲ နေမည်နည်း။

"ဂိုဏ်းချုပ်ဝူ.... ဘာလို့ ဒီလောက် စောစောစီးစီး အော်ဟစ်နေတာလဲ....နောက်ထပ် တစ်ယောက် ကျန်သေးတယ်လေ"

ကျုံးချင်သည် နောက်ဆုံးကျန်ရစ်သော ပဉ္စမအကြီးအကဲကို စိုက်ကြည့်ရင်း ကျီစယ်စနောက်လိုသောအပြုံးဖြင့် ပြောဆိုသည်။

"ဂိုဏ်းချုပ် ကယ်ပါအုံး...."

တတိယအကြီးအကဲနှင့် စတုတ္ထအကြီးအကဲတို့ ဆက်တိုက်သေဆုံးသွားခြင်းက ပဉ္စမအကြီးအကဲကို ကြောက်လန့်တကြား ဖြစ်သွားစေသည်။ ဤမျှ တိုတောင်းသော အကွာအဝေးအတွင်း၌ ရှိနေသဖြင့် သူသည် ကျုံးချင်နှင့် အကွာအဝေးကို ကွာဝေးစေရန် မျှော်လင့်ချက်ဖြင့် သူ၏အသက်သွေးကို လောင်ကျွမ်းစေကာ အရှိန်မြှင့်တင်လိုက်သည်။

သို့ရာတွင် ကျုံးချင်သည် သူ့ကို လွှတ်မပေးခဲ့ချေ။ ထိုအစား သူသည် လက်ညှိုးညွှန်လိုက်၏။

လောင်ကျွမ်းနေသော နေမင်းကြီးကဲ့သို့ ပူပြင်းသော အလင်းတန်းတစ်တန်းသည် ကျုံးချင်၏ လက်ညှိုးမှ ပျံ့လွင့်လာပြီး ပဉ္စမအကြီးအကဲ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်သွားလေသည်။

ပဉ္စမအကြီးအကဲသည် ထွက်ပြေးနေသော ဟန်ပန်အတိုင်း ရှိနေသော်လည်း ချက်ချင်းဆိုသလိုပင် အသက်ပျောက်သွားကာ အလောင်းကောင်အဖြစ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

"မင်း...."

"မင်း ကောင်းကောင်းအသေဖြောင့်မှာ မဟုတ်ဘူး"

ပဉ္စမအကြီးအကဲ ထပ်မံ၍ သေဆုံးသွားသည်ကို မြင်တွေ့ချိန်၌ ဝူယွင်က နီမြန်းနေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်၏။

"ကျုပ်က ကောင်းကောင်းအသေဖြောင့်မှာ မဟုတ်ဘူး.....ဟုတ်လား"

ကျုံးချင်က ပြုံးလိုက်ပြီးနောက် အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။

"လက်သီးပိုကြီးတဲ့လူက ဆုံးဖြတ်ခွင့် ရှိတယ်လို့ ခင်ဗျားပဲ ပြောခဲ့တာ မဟုတ်ဘူးလား....ကျုပ်က ခင်ဗျားတို့နဲ့ ဘယ်သူ့ရဲ့လက်သီးက ပိုကြီးလဲဆိုတာ ယှဉ်ကြည့်နေရုံပါပဲ...ဘာလို့ ဂိုဏ်းချုပ်ဝူက ဒီလောက်တောင် ဒေါသထွက်နေရတာလဲ"

"မင်း..."

ဝူယွင်သည် ကျုံးချင်၏စကားများကြောင့် ဒေါသထွက်လွန်းသဖြင့် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူသည် ကျုံးချင်ကို စူးစိုက်ကြည့်ကာ သူ၏မျက်လုံးများထဲတွင် ဒေါသများ တောက်လောင်နေသည်။

"ကျူပ်ကို အဲ့ဒီလို မုန်းတီးတဲ့ မျက်လုံးတွေနဲ့ မကြည့်ပါနဲ့"

ကျုံးချင်က တည်ငြိမ်စွာ ပြောဆိုသည်။

"ကျုပ်က ဒီနေ့ကိစ္စကို ကြီးကျယ်သွားအောင် မလုပ်ချင်ဘူး....ဒါကြောင့် ခင်ဗျားကို အခွင့်အရေး တစ်ခု ပေးမယ်"

"ဒီဘက်ကို ခင်ဗျားကိုယ်တိုင်လာပြီးတော့ ကျုပ်ရဲ့တပည့်ရှေ့မှာ ဒူးထောက်ပြီး ဦးညွှတ်တောင်းပန်လိုက်စမ်း..."

ဤလွှမ်းမိုးချုပ်ကိုင်သော စကားလုံးများ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ဆူညံပွက်လောရိုက်သွားသည်။

မာန်တက်လိုက်တာ...

တကယ့်ကို မာန်တက်လွန်းနေသည်။

ထျန်းယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို သူတစ်ယောက်တည်းဖြင့် ရင်ဆိုင်နေရသော်လည်း ကျုံးချင်သည် ထျန်းယွင်ဂိုဏ်းချုပ်ကို ဒူးထောက်၍ တောင်းပန်ခိုင်းနေခြင်းပင်။

ကျုံးချင်၏နောက်တွင် ရပ်နေသော လင်းဖုန်းတစ်ယောက်သာလျှင် စိတ်လှုပ်ရှားမှုကြောင့် သူ၏မျက်လုံးများ နီမြန်းလာခဲ့သည်။

သူ၏ရှေ့မှပုံရိပ် ရှိနေသရွေ့ ဤလောကကြီးထဲတွင် မည်သူမျှ သူ့ကို အနိုင်ကျင့်၍ မရနိုင်သကဲ့သို့ ခံစားလိုက်ရသည်။

ဤသည်မှာ သူ၏ဆရာမှ ပေးစွမ်းသော အကြွင်းမဲ့လုံခြုံမှုပင်။

ကျုံးချင်၏စကားများကြောင့် ဝူယွင်၏မျက်နှာ ဒေါသကြောင့် ရှုံ့မဲ့သွားသည်။ သူသည် ကျုံးချင်ကို အေးစက်စက်အကြည့်ဖြင့် စူးစိုက်ကြည့်ပြီး ပြောဆိုလိုက်၏။

"ခွေးတိရစ္ဆာန်လေး.... မင်းမှာ စွမ်းအားတချို့ ရှိတာကို ငါ မငြင်းနိုင်ပေမယ့် ငါတို့ထျန်းယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို မင်းက ယှဉ်ပြိုင်နိုင်မယ်လို့ ထင်နေတာလား...မြင့်မြတ်နယ်မြေတစ်ခုနဲ့တောင် ယှဉ်နိုင်တဲ့ ငါတို့ထျန်းယွင်ဂိုဏ်းကို မင်းက လာကစားလို့ရမယ်လို့ ထင်နေတာလား"

"ငါ့ကို ဒူးထောက်ပြီး တောင်းပန်ခိုင်းရဲတာက မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ"

ဝူယွင်၏စကားဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ချက်ချင်းပြည့်နှက်သွားတော့သည်။

"ဝုန်း...ဝုန်း...ဝုန်း..."

တဝုန်းဝုန်းမြည်ဟီးသံများနှင့်အတူ အနက်ရောင် ခေါင်းတလား နှစ်ဆယ့်ခုနစ်လုံးသည် ထျန်းယွင်ဂိုဏ်း၏ နောက်ကျောဘက် တောင်ကုန်းမှ ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုအရာများသည် အလင်းတန်းများအသွင် ပြောင်းလဲကာ လေထုကို ဖြတ်သန်းပြီး ကျုံးချင်၏ခေါင်းပေါ်တွင် ရပ်တန့်လိုက်ကြ၏။

"ဝုန်း..."

"ဝုန်း..."

"ဝုန်း..."

နောက်ထပ် ပေါက်ကွဲသံများနှင့်အတူ အနက်ရောင် ခေါင်းတလား နှစ်ဆယ့်ခုနစ်လုံးသည် ဘဝုန်းခနဲ ပွင့်ထွက်သွားတော့သည်။

ကွဲအက်သွားသော ခေါင်းတလားများထဲမှ ပုံရိပ် နှစ်ဆယ့်ခုနစ်ခု ထွက်ပေါ်လာသည်။

ဤပုဂ္ဂိုလ် နှစ်ဆယ့်ခုနစ်ဦးသည် မျက်လုံးများ စုံမှိတ်ထားကြပြီး သေခြင်းတရား အငွေ့အသက်များ ပြည့်နှက်နေသဖြင့် သက်ရှိများ မဟုတ်ကြသည့်အလားပင်။ သို့ရာတွင် သူတို့ တစ်ဦးစီထံမှ နေမင်းနက်နဲသိမ်မွေ့နယ်ပယ်၏ အရှိန်အဝါကို အမှန်တကယ် ထုတ်လွှတ်ထားကြသည်။

နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူနှစ်ဆယ့်ခုနစ်ဦး...

ဤသည်က ကြောက်မက်ဖွယ် ကောင်းပေ၏။

သို့ရာတွင် ဤသည်မှာ ကျုံးချင်ကို ကိုင်တွယ်ရန် ဝူယွင် ထုတ်သုံးလိုက်သော အင်အားအပြည့်အစုံ မဟုတ်သေးချေ။

ထျန်းယွင်ဂိုဏ်း၏ အရပ်မျက်နှာ အသီးသီးမှ အဘိုးအိုဆယ်ယောက်ကျော်သည် လေထုအတွင်းသို့ တက်လှမ်းလာကြသည်။ ဤပုဂ္ဂိုလ်များ အားလုံးသည် ထျန်းယွင်ဂိုဏ်း၏ အကြီးအကဲများ ဖြစ်ကြ၏။

ဝူယွင်နှင့် အတူလိုက်ပါလာသော လူအနည်းငယ်ကို ပေါင်းလိုက်လျှင် စုစုပေါင်း နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ ငါးဆယ်ကျော် ရှိနေသည်။

ဤကဲ့သို့ လူစာရင်းသည် အရှေ့ပိုင်းဒေသရှိ မြင့်မြတ်နယ်မြေ အနည်းငယ်မှလွဲ၍ အရာအားလုံးကို ဖျက်ဆီးနိုင်ပေမည်။

ထို့ပြင် ဤသည်မှာ ထျန်းယွင်ဂိုဏ်း၏ အင်အားအကုန်အစင် မဟုတ်သေးချေ။ မရေမတွက်နိုင်သော လမင်းနက်နဲသိမ်မွေ့နယ်ပယ်နှင့် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် ကျွမ်းကျင်သူများလည်း ကျန်ရှိနေပေ၏။

သို့သော် ကျုံးချင်ကဲ့သို့ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်မျိုးကို ရင်ဆိုင်ရာတွင် ထိုအဆင့် ကျင့်ကြံသူများသည် များစွာအထောက်အကူ ဖြစ်မည် မဟုတ်ပေ။

"ဒါက ငါတို့ထျန်းယွင်ဂိုဏ်းရဲ့ အင်အားအစစ်အမှန်လား"

မုရုံရွှယ်သည် နံဘေးတစ်ဖက်သို့ ဆုတ်ခွာပြီးဖြစ်သည်။ ကျုံးချင်သည် ထျန်းယွင်ဂိုဏ်း၏ အကြီးအကဲသုံးဦးကို လွယ်လင့်တကူ သတ်ဖြတ်လိုက်သည်ကို မြင်တွေ့ချိန်၌ သူမ အမှန်တကယ်ကို ထိတ်လန့်သွားခဲ့သည်။

လင်းဖုန်းကဲ့သို့ အမှိုက်ကောင်မျိုးတွင် မည်သည်ကြောင့် ဤကဲ့သို့ ကျောထောက်နောက်ခံမျိုး ရှိနေရသနည်း။

သို့သော် ထျန်းယွင်ဂိုဏ်း၏လူအင်အားကို မြင်လိုက်ရချိန်၌ သူမ၏ရင်ထဲမှ ထိတ်လန့်မှုများ အားလုံး အမုန်းတရားများအဖြစ် ပြောင်းလဲသွားသည်။

"ဆရာ သူတို့ကို သတ်ပစ်ပါ... သူတို့ကို သတ်ကို သတ်ပစ်ရမယ်"

"သူတို့ကို လွတ်မြောက်ခွင့် မပေးပါနဲ့"

မုရုံရွှယ်သည် သတ်ဖြတ်လိုစိတ် အပြည့်ရှိသော လေသံဖြင့် အော်ဟစ်လိုက်၏။

"မပူပါနဲ့ ရွှယ်အာ...ဒီနေ့ သူတို့ ပြေးလို့ လွတ်မှာ မဟုတ်ဘူး..."

ဝူယွင်၏မျက်နှာထား အေးစက်တင်းမာနေပြီး မုရုံရွှယ်ကို ပြောဆိုလိုက်သည်။

"ရွှယ်အာ မင်း အရင်နောက်ဆုတ်နေလိုက်... ဒီလို တိုက်ပွဲအဆင့်က မင်း ပါဝင်ပတ်သက်နိုင်တဲ့ အရာမျိုး မဟုတ်သေးဘူး"

"ဟုတ်ကဲ့ပါ ဆရာ...တပည့်က ဆရာ့ဆီကနေ သတင်းကောင်းကို စောင့်နေပါ့မယ်"

ထိုသို့ပြောဆိုပြီးနောက် မုရုံရွှယ်သည် နေရာမှ အလျှင်အမြန် ထွက်ပြေးကာ အဝေးမှနေ၍ တိုက်ပွဲကို စောင့်ကြည့်နေတော့သည်။

ကွင်းပြင်အလယ်တွင် ဝူယွင်သည် လေပေါ်သို့ ပျံသန်းသွားပြီး ထျန်းယွင်ဂိုဏ်းမှ လူများနှင့် တစ်တန်းတည်း မတ်တတ်ရပ်ကာ ကျုံးချင်ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"ခွေးတိရစ္ဆာန်လေး....အခု မင်း ဘာပြောစရာ ရှိသေးလဲ"

"ဒီလူစာရင်းက တကယ့်ကို အင်အားကြီးတာပဲ"

ကျုံးချင်က သူ၏ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်ရှုကာ မချီးကျူးဘဲ မနေနိုင်တော့ချေ။

"ဒါပေမဲ့ ကျုပ်မှာ ဘာပြောစရာရှိလဲလို့ မေးရင်... ကျုပ်က ဒီစကားကို ထပ်ပြောရမှာပဲ"

"ဒီဘက်ကို ခင်ဗျားကိုယ်တိုင်လာခဲ့...ခင်ဗျား ဒူးထောက်ပြီး ကျူပ်ရဲ့တပည့်ကို ဦးညွှတ်တောင်းပန်လိုက်....ဒါဆိုရင် ဒီနေ့ကိစ္စ ဒီမှာတင် ပြီးသွားမယ်"

"မောက်မာလိုက်တာ..."

ဝူယွင်က အေးစက်တင်းမာသောလေသံဖြင့် အော်ငေါက်လိုက်၏။

"မင်း ဘယ်လောက်ပဲ သန်မာပါစေ....ငါတို့ထျန်းယွင်ဂိုဏ်းရဲ့ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူငါးဆယ်ကျော်ထက် ပိုပြီးသန်မာနိုင်ပါ့မလား"

"မင်းတို့အားလုံး ငါ့ရဲ့အမိန့်ကို နာခံကြစမ်း....ဒီလူယုတ်မာကို ဝိုင်းပြီး တိုက်ခိုက်သတ်ဖြတ်ကြစမ်း...."

ဝူယွင်၏အမိန့်ပေးသံနှင့်အတူ မိုးကောင်းကင်ယံထက်မှ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ ငါးဆယ်ကျော် တပြိုင်နက်တည်း လှုပ်ရှားလာကြသည်။ သူတို့၏လက်စည်းသင်္ကေတများ ပြောင်းလဲသွားပြီး နည်းစနစ်အမျိုးမျိုးကို ထုတ်ဖော်လိုက်ကြ၏။

မျက်စိတစ်မှိတ်အတွင်းတွင် ထူထပ်သိပ်သည်းသော တိုက်ခိုက်မှုများသည် လေထုထဲတွင် ယှက်နွယ်သွားပြီး လေဟာနယ်သည် ဗလာဟင်းလင်း အခြေအနေအဖြစ်သို့ ပြောင်းလဲသွားသည်။

ယခုအချိန်တွင် ကောင်းကင်နှင့်မြေပြင် အရောင်ပြောင်းသွားသည်။

ဝူယွင်သည် ရှေ့မှဦးဆောင်ကာ ဆန်းကြယ်နည်းစနစ်တစ်ခုကို အသုံးပြု၍ ကျုံးချင်အား လွှမ်းခြုံရန် ဟန်ပြင်လိုက်သည်။

"ခွေးတိရစ္ဆာန်လေး.... မင်းကို သုတ်သင်ဖို့ ငါတို့ထျန်းယွင်ဂိုဏ်းက လူတွေအများကြီးကို စေလွှတ်လိုက်တာကြောင့်.... မင်း သေရတာတောင် ဂုဏ်ယူဖို့ကောင်းနေပြီ"

သို့ရာတွင် မိုးကောင်းကင်ယံပေါ်ရှိ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူငါးဆယ်ကျော်၏ စုပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ကျုံးချင်သည် ငြိမ်သက်စွာ မတ်တ်ရပ်နေပြီး မျက်နှာပေါ်တွင် မည်သည့်ကြောက်ရွံ့မှု အရိပ်အယောင်မျှ မတွေ့ရချေ။

ထို့အစား သူသည် ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်၏။

"ဟူး...."

"ကျုပ်က ခင်ဗျားတို့ကို အခွင့်အရေး ပေးခဲ့တယ်..... ဒါပေမဲ့ ခင်ဗျားတို့က တန်ဖိုးမထားခဲ့ဘူး"

"ခင်ဗျားတို့က ဘယ်သူ့မှာ လူပိုများလဲဆိုတာ ယှဉ်ချင်တာလား... ရတယ်လေ...ဘယ်သူ့မှာ လူပိုများလဲဆိုတာ ယှဉ်ကြည့်ကြတာပေါ့"

ကျုံးချင်၏အသံ ဆုံးသည်နှင့် သူ၏ရှေ့မှ လေဟာနယ်သည် ချက်ချင်းလှုပ်ခတ်သွားပြီး လေဟာနယ်တံခါးပေါက်တစ်ခုက လေထုထဲတွင် ထွက်ပေါ်လာသည်။

ဤလေဟာနယ်တံခါးပေါက်သည် ကျုံးချင်၏ ကမ္ဘာငယ်လေးနှင့် ချိတ်ဆက်ထားသော တံခါးပေါက်ပင်။

ထိုလေဟာနယ်တံခါးပေါက် ပွင့်သွားသည့် အချိန်မှာပင် ကမ္ဘာငယ်လေးအတွင်း၌ ကျုံးချင် စင်ပေါ်တွင်တင်ထားသော သစ်သားပန်းပုရုပ် အုပ်စုကြီး လှုပ်ရှားလာကြသည်။

All Chapters