အခန်း (၅၂၆-၅၂၈)
Vol. 36 Ch. 526-528
အခန်း (၅၂၆) - သည်းမခံနိုင်ခြင်း
~“ဟေ့ကောင် ပေါက်စ၊ ခုနက ဘာပြောလိုက်တာလဲ။ မင်းကများ ငါတို့ကို ဝါစဉ်ပြတယ်လို့ စွပ်စွဲရဲတယ်ပေါ့လေ”
“မင်းကများ ဆေးပညာရှင်တွေကို မထီမဲ့မြင် လုပ်ရဲတယ်ပေါ့။ ငါတို့ကို စော်ကားရဲတယ်ပေါ့”
“ဒီကောင်စုတ်လေး မယဉ်ကျေးလိုက်တာ။ အဘိုးကြီးအိုတွေလို့ ခေါ်ရဲတဲ့ မင်းက အသက်ရှင်ချင်သေးရဲ့လား”
လျိုချင်းယန်၏ အကျယ်ကြီး ကြွေးကြော်လိုက်သော စကားသံကြောင့် ပဉ္စမထပ်ရှိ ဆေးပညာရှင်များနှင့် သိုင်းပညာရှင် အများအပြားမှာ မျက်နှာပျက်ကာ ဒေါသအိုး ပေါက်ကွဲသွားတော့သည်။ သတ်ဖြတ်လိုသော အရှိန်အဝါများ တဟုန်ထိုး မြင့်တက်လာပြီး လျိုချင်းယန်အား အပိုင်းပိုင်း ဆွဲဆုတ်ပစ်ချင်နေကြတော့၏။
သို့သော် ဤနေရာကား နတ်သမီး ပင်လယ် မျှော်စင် ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ အလွယ်တကူ လက်ရဲဇက်ရဲ လုပ်ရဲခြင်း မရှိချေ။
“ဘာလဲ။ အပြောခံရတော့ မခံနိုင်ဘူးလား။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတဲ့ ခင်ဗျားတို့ အဘိုးကြီးအို လူရမ်းကားတွေကို ကျွန်တော် ဝေဖန်တာ ဘာဖြစ်လဲ မကြိုက်ဘူးလား။ မကြိုက်ရင် နေလိုက်ဗျာ၊ ကျွန်တော်လည်း ခင်ဗျားတို့ကို လုံးဝ မကြိုက်ဘူး ကျွန်တော် ဘာလုပ်လုပ် ခင်ဗျားတို့ကို ဒုက္ခပေးနေလို့လားဗျာ။ အပြင်ထွက်ပြီး ကျင့်ကြံရေး ဆေးလုံးစားတာကို ခင်ဗျားတို့က လိုက်ဆဲနေတာလား။ တကယ်လို့ တိုက်ချင်ရင်တော့ လာခဲ့ကြ၊ ဒီက နတ်သမီး ပင်လယ် မျှော်စင်မှာ ဘယ်သူက လက်တုံ့ပြန်ရဲလဲဆိုတာ ကျွန်တော် သိချင်တယ်” လျိုချင်းယန်သည် လူအုပ်ကို အားရပါးရ ဆဲဆိုကြိမ်းမောင်းလိုက်တော့၏။
“ဘယ်သူက တိုက်ရဲလဲ။ လာခဲ့စမ်း စမ်းကြည့်လိုက်ကြလေ”
လျိုချင်းယန်သည် ဒေါသတကြီး ကြွေးကြော်ရင်း ပန်းကန်တစ်ခုကို ဆွဲယူကာ လူအုပ်ကို လက်ညှိုးထိုးပြီး စိန်ခေါ်လိုက်၏။
လျိုချင်းယန်မှာ တကယ်ကို သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီ ဖြစ်သည်။
သူ၏ ဆဲဆိုမှု မုန်တိုင်းအောက်တွင် ဆေးပညာရှင်များနှင့် သိုင်းပညာရှင်တို့မှာ
မတုံ့မပြန်နိုင်ဘဲ နှုတ်ဆိတ်သွားကြရတော့သည်။
ဖုန်းဝူချန်၊ ပေတိုယန်နှင့် မြောင်ချင်းချင်းတို့ သုံးဦးစလုံးလည်း လျိုချင်းယန်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။ လျိုချင်းယန်၏ စကားလုံးများက ဓားသွားလို ထက်မြက်ကာ ရင်ဘတ်ထဲထိ တည့်တည့်စိုက်နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့မိချေ။
အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သွား၏။ လူတိုင်းက လျိုချင်းယန်၏ ကြမ်းတမ်းသော စကားလုံးများကြောင့် တအံ့တသြဖြင့် ကြည့်နေကြသည်။
လျိုချင်းယန်၏ စော်ကားခြင်းကို ခံလိုက်ရသော ဆေးပညာရှင်များနှင့် သိုင်းပညာရှင်တို့ကမူ မကျေနပ်သော အမျက်ဒေါသဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေကြ၏။ သူတို့၏ မျက်နှာများသည်လည်း သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
“မိုက်ရူးရဲကောင်” ဒေါသထွက်နေသော ပဉ္စမအဆင့် ဆေးပညာရှင်တစ်ဦးက ဆဲဆိုကြိမ်းဝါးလိုက်ရင်း သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများ တဟုန်ထိုး ထွက်ပေါ်လာတော့၏။
လျိုချင်းယန်ကလည်း ထိုဆေးပညာရှင်တို့ကို ခပ်ပြင်းပြင်း စိုက်ကြည့်လိုက်ရင်း ဒေါသတကြီး အော်လိုက်လေသည်– “လာရဲရင် လာခဲ့လေ ခင်ဗျားတို့ ဒီ နတ်သမီး ပင်လယ် မျှော်စင်မှာ လက်တစ်ချက်တောင် ရွယ်ရဲမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အခိုင်အမာ ပြောရဲတယ်။ လာခဲ့စမ်း၊ ကျွန်တော့်ကို သတ်ကြည့်လိုက်လေ၊ ခင်ဗျားတို့က အင်မတန် အစွမ်းထက်၊ အင်မတန် ထည်ဝါတာ မဟုတ်လား။ ကျွန်တော် ဒီမှာပဲ မတ်တပ်ရပ်နေမယ်။ ဘယ်သူကများ သတ္တိရှိလဲဆိုတာ ကြည့်ရသေးတာပေါ့”
“ခင်ဗျားလား အစွမ်းထက်တာ။ ဒါမှမဟုတ် ခင်ဗျားလား။ ကျွန်တော့်ကို သတ်ရဲတဲ့ သတ္တိ ရှိရဲ့လား မရှိရင်တော့ ပါးစပ်ပိတ်ထားလိုက်စမ်း၊ ဒီပန်းကန်တွေက ခင်ဗျားတို့ရဲ့ ပါးစပ်တွေကို ပိတ်ပေးနိုင်လိမ့်မယ်နော်” လျိုချင်းယန်သည် တစ်ယောက်ချင်းစီကို လက်ညှိုးထိုးကာ မထီမဲ့မြင် ကြိမ်းမောင်းနေသည်။ သူက တကယ့်ကို ရဲတင်းလွန်းလှချေသည်။
လျိုချင်းယန်၏ ကြိမ်းမောင်းသံများက တကယ့်ကို ရင်ထဲ အေးမြသွားစေသော်လည်း လူအများအပြားကို ဒေါသထွက်စေတော့၏။
သို့သော် လျိုချင်းယန်မှာ မကြောက်ပေ။ သူ့တွင် အားကိုးရာတစ်ခုခု မရှိဘဲနှင့် ဒီလောက် ရဲရဲတင်းတင်း စိန်ခေါ်ဝံ့မှာ မဟုတ်ဘဲလေ။
“မိုက်တယ်.. မင်း ဆဲတာ ကောင်းတယ်” ဖုန်းဝူချန်က ပြုံးရယ်ကာ ချီးကျူးစကားဆိုရင်း အေးဆေးစွာ ဆက်စားနေ၏။
“သူတို့က အပြောခံချင်လို့ အပြစ်ရှာနေတာလေ” ဟု ပေတိုယန်ကလည်း ပခုံးတွန့်ကာ ရယ်မောပြောဆိုလိုက်သည်။
“မင်းတို့ မကြာခင် မပျော်ရတော့ဘူး။ ဆေးပညာရှင်တွေကို စော်ကားတဲ့ မင်းတို့တစ်သိုက် သေဖို့သာ ပြင်ထားကြတော့” စတုတ္ထအဆင့် ဆေးပညာရှင်တစ်ဦးက ခြိမ်းခြောက်ပြောဆိုလိုက်လေ၏။ သူက လျိုချင်းယန်ကို အရှင်လတ်လတ် ဝါးမြိုပစ်ချင်နေတော့သည်။
“ဆေးပညာရှင် ဆွေးနွေးပွဲ ပြီးတာနဲ့ မင်းတို့တွေ ထျန်းဟိုင်မြို့တော်ကနေ အသက်ရှင်ရက် ပြန်ထွက်သွားဖို့ မစဉ်းစားနဲ့တော့” ထျန်းကျီဘုံ ဆဋ္ဌမအလွှာမှ သိုင်းပညာရှင်တစ်ဦးကလည်း အံကို ကြိတ်ကာ မကျေမချမ်း ခြိမ်းခြောက်လိုက်လေ၏။
“မိုက်မဲတဲ့ ကလေးတွေ” လူအများက ခေါင်းယမ်းကာ ရှုံ့ချနေကြတော့သည်။
“သတ္တိရှိရင် အခုပဲ လုပ်လိုက်၊ မရှိရင်တော့ ပါးစပ်ပိတ်ထားကြ” လျိုချင်းယန်က မထီမဲ့မြင် ပြောဆိုလိုက်တော့သည်။
နီဖုန်းယွင်နှင့် ကျန်းမိသားစု အကြီးအကဲတို့ကဲ့သို့သော သူများမှာ အတွင်းစိတ်မှ တိတ်တဆိတ် ရယ်မောနေကြတော့၏။
‘ ပဋိပက္ခမဖြစ်စေရမည့် နေရာတွေ အများကြီး ရှိလျက်နဲ့မှ ဖုန်းဝူချန်တို့ လူစုကို လာပြီး ပြဿနာရှာတဲ့ သူတို့က တကယ်ကို ကိုယ့်ကိုယ်ကို အဆုံးစီရင်တာပဲ’ဟု တွေးနေကြတော့၏။
ဖုန်းဝူချန်၏ အဆင့်အတန်းကြောင့် နတ်သမီး ပင်လယ် မျှော်စင်၌ သူတို့သာ လက်ရဲဇက်ရဲ လုပ်ခဲ့မည်ဆိုလျှင် အဋ္ဌမအဆင့် ဆေးပညာရှင် ထျန်းရှန်းဇီပင် ဖုန်းဝူချန်ကို ဘာမှ မလုပ်ရဲချေ။
ပဉ္စမထပ်သည် နောက်ဆုံးတွင် တိတ်ဆိတ်ငြိမ်သက်သွား၏။ ဆေးပညာရှင်များနှင့် သိုင်းပညာရှင်တို့လည်း စကားပြောခြင်းကို ရပ်တန့်လိုက်ကြသော်လည်း သူတို့၏ စူးရှ၊ ကြမ်းတမ်းပြီး သတ်ဖြတ်လိုသော အကြည့်များက လျိုချင်းယန်နှင့် အဖော်များထံတွင်သာ စူးစိုက်နေဆဲ ဖြစ်သည်။
ဖုန်းဝူချန်နှင့် အပေါင်းအပါများကတော့ စားသောက်ခြင်းကိုသာ အာရုံစိုက်နေကြပြီး သူတို့ကို လုံးဝ အရေးမစိုက်သည့် ဟန်က လူတိုင်းကို ပို၍ ဒေါသထွက်စေတော့၏။
သို့သော်လည်း သူတို့ဘာမှ မတတ်နိုင်ချေ။ ဤနေရာကား နတ်သမီး ပင်လယ် မျှော်စင် ဖြစ်နေလေ၏။
ကျူးကော်လျန်ချန်နှင့် သွမ့်မိုမင်တို့ကဲ့သို့ ထူးချွန်ပြောင်မြောက်သော အဆင့်အတန်းရှိသူများ မဟုတ်သော်ငြားလည်း၊ လူတိုင်းကတော့ မိမိကိုယ်မိမိ အရည်အချင်းရှိသူများဟု ထင်နေကြသည်ချည်း ဖြစ်သည်။
---
နတ်သမီး ပင်လယ် မျှော်စင် (သတ္တမထပ်) -
နတ်သမီး ပင်လယ် မျှော်စင်၏ သတ္တမထပ်တွင်မူ ထျန်းရှန်းဇီ ဦးဆောင်သော အစွမ်းထက် ဆေးပညာရှင်များစွာနှင့် အလွန်ဩဇာကြီးမားသော ပုဂ္ဂိုလ်များ စုဝေးနေကြလေ၏။
ဤတစ်ကြိမ် ကျင်းပသော ဆေးပညာရှင် ပြိုင်ပွဲကို ထျန်းရှန်းဇီ ကိုယ်တိုင် စီစဉ်ခြင်း ဖြစ်၏။
အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ထျန်းရှန်းဇီမှာ ဆံပင်နှင့် မုတ်ဆိတ်ဖြူများဖြင့် တည်ကြည်သည့် မျက်နှာပိုင်ရှင်ဖြစ်ပြီး တာအိုကျင့်ကြံသူများ၏ ခန့်ညားထည်ဝါသော ဟန်ပန်များ လွှမ်းခြုံနေသည်။
အဋ္ဌမအဆင့် ဆေးပညာရှင် ထျန်းရှန်းဇီသည် ထျန်းကျီဘုံ၏ ဆဋ္ဌမအလွှာသို့ပင် ရောက်ရှိနေပြီဖြစ်၏။ ၀င်္ကပါပင်လယ်နယ်မြေ၌သာ မက၊ ဝူကျိနယ်မြေ တစ်ခုလုံးတွင်ပါ ထျန်းရှန်းဇီသည် ကျန်းဝူဖုန်းနှင့် ပခုံးချင်းယှဉ်နိုင်သော ထူးခြားသည့် အဆင့်အတန်းတစ်ခုကို ရယူထားသည်။
“သခင် ကျန်း၊ ယန်ရန်ရဲ့ သွေးကြောတွေကို ကုသပေးခဲ့တဲ့ ဆေးဧကရာဇ် ရောက်လာပြီလား။ ဘယ်သူ ဖြစ်နိုင်မယ်ဆိုတာကိုရော ခင်ဗျား သိသလား” ထျန်းရှန်းဇီက စားပွဲဝိုင်းတွင် စကားပြောဆိုနေသော အခြား ဆေးပညာရှင်များကို တစ်ချက် ဝေ့ကြည့်ရင်း တီးတိုး စူးစမ်း မေးမြန်းလိုက်သည်။
“ရောက်နေပါပြီ။ ဒီ နတ်သမီး ပင်လယ် မျှော်စင်မှာပဲ ရောက်နေတာပါ” ကျန်းဝူဖုန်းက ခေါင်းညိတ်၍ ပြန်ဖြေသည်။
“ဪ... တကယ်လား” ထျန်းရှန်းဇီသည် ရုတ်တရက် စိတ်လှုပ်ရှားလာတော့၏။
“ခန်းမသခင်က ဒီ နတ်သမီး ပင်လယ် မျှော်စင်ရဲ့ ပဉ္စမထပ်မှာ ရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဂုဏ်ပုဒ်ကို တခြားသူတွေ မသိစေချင်တဲ့အတွက် ကျွန်တော်တို့က ပဉ္စမထပ်မှာ နေရာချထားပေးတာပါ” ဟန်ခွန်းကလည်း စကားဝိုင်းထဲ ဝင်ရောက်ပြောဆိုလာတော့၏။
“ဪ... ဒါဆိုလည်း တော်ပါပြီ။ အဲ့ဒီလို ဆေးဧကရာဇ် ဂန္ထဝင်ပုဂ္ဂိုလ်နဲ့ တွေ့ဆုံဖို့ ကျွန်တော် တကယ်ကို ဆန္ဒပြင်းပြနေမိတာပါ” ထျန်းရှန်းဇီ ခေါင်းညိတ်လိုက်၏။ သူ့အိုမင်းသော မျက်လုံးများတွင် မျှော်လင့်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရသည်။
“အချိန်တန်လို့ သင်္ဘောပေါ် တက်ကြတဲ့အခါ ခင်ဗျားတို့ သဘာဝအတိုင်း တွေ့ဆုံခွင့် ရလာပါလိမ့်မယ်” ဟန်ခွန်းက ပြုံးရယ်ကာ ပြောဆိုလိုက်လေ၏။
ထျန်းရှန်းဇီသည် သူ၏ မုတ်ဆိတ်ဖြူများကို ပွတ်သပ်လိုက်ရင်း ရယ်မောလိုက်၏။ “ခဏနေရင် သင်္ဘောပေါ် တက်တဲ့အခါ ဆေးဧကရာဇ်နဲ့ သူ့အဖွဲ့သားတွေအတွက် အမြင့်ဆုံး အဆင့်ရှိတဲ့ အခန်းကို စီစဉ်ပေးလိုက်ပါ” ဟု ညွှန်ကြားလိုက်သည်။
“သခင် ကျန်း၊ ဒီပုဂ္ဂိုလ်က တကယ်ပဲ ဆေးဧကရာဇ် အဆင့်အထိ ရောက်နေတာလား” သတ္တမအဆင့် ဆေးပညာရှင်တစ်ဦးက အနည်းငယ် မယုံနိုင်ဟန်ဖြင့် မေးမြန်းလိုက်သည်။
“အတွေးတစ်ခုတည်းနဲ့ ဆေးလုံးကို ဖော်စပ်နိုင်တာက အင်မတန်မှ ထူးခြားလှတာပေါ့” ကျန်းဝူဖုန်းက ဂုဏ်ယူဟန် အနည်းငယ်ဖြင့် ခန့်ညားစွာ ပြန်ပြောလိုက်၏။
ကျန်းဝူဖုန်းသည် သတင်းအချက်အလက် အများကြီး ထုတ်ဖော်ခြင်း မပြုချေ။
အချိန်ကုန်လွန်လာပြီး သင်္ဘောပေါ် တက်ရမည့်အချိန် ရောက်လာတော့၏။ ဆိပ်ခံတံတားတွင် ခမ်းနားထည်ဝါသော သင်္ဘောကြီးတစ်စင်း ဆိုက်ကပ်ထားပြီး ဖြစ်သည်။
“ဒီလောက် ကြီးတဲ့ သင်္ဘောကြီးလား သင်္ဘောပေါ်မှာ.. နန်းတော်တစ်လုံးတောင် ဆောက်ထားတာပဲ” လျိုချင်းယန်သည် ပဉ္စမထပ် ပြတင်းပေါက်မှနေ၍ ကမ်းခြေတွင် ဆိုက်ကပ်ထားသော သင်္ဘောကြီးကို ကြည့်ကာ မျက်လုံးများ ပြူးသွားတော့၏။
လူအများက နတ်သမီး ပင်လယ် မျှော်စင်မှ တဖြည်းဖြည်း ထွက်ခွာသွားကြတော့သည်။ ထျန်းရှန်းဇီနှင့် အဖွဲ့က ဦးဆောင်ပြီး အောက်ထပ်သို့ ဆင်းသွားကြပြီး၊ ၎င်းနောက်တွင် ဆဋ္ဌမထပ်မှ လူများက အနီးကပ် လိုက်ပါလာကြလေ၏။ အမြင့်ဆုံးအဆင့်မှ အနိမ့်ဆုံးအဆင့်အထိ အဆင့်အတန်း အလိုက် ထွက်ခွာခြင်းက သူတို့၏ ဂုဏ်သိက္ခာကို ဖော်ပြနေလေ၏။
မော့လင်အာ၊ ကျူးကော်လျန်ချန်တို့လို ဆေးပညာရှင်များနှင့် အင်အားကြီး သိုင်းပညာရှင်များစွာသည် လှေကားထစ်များမှ ဆင်းသက်လာကြသည်။ ဖုန်းဝူချန်နှင့် အဖွဲ့ကို လွဲချော်သွားခဲ့သည်ကိုပင် မသိကြချေ။
ဆေးပညာရှင်များနှင့် အင်အားကြီး ပုဂ္ဂိုလ်များစွာက တန်းစီ၍ သင်္ဘောပေါ် တက်ကြသည်။ အခိုင်းအစေများကလည်း လာရောက် နှုတ်ဆက်ကြ၏။ သင်္ဘောတွင် ထျန်း၊ တိ၊ ရွှမ်းနှင့် ဟွမ်ဟူသော အဆင့်မြင့်မှ အဆင့်နိမ့်အထိ အခန်းများ ရှိသည်။ အမြင့်ဆုံး အဆင့်ရှိ အခန်းများကို ဂုဏ်သတင်းကျော်ဇောသော၊ အစွမ်းထက်သော ဆေးပညာရှင်များနှင့် အင်မတန် အင်အားကြီးသော ပုဂ္ဂိုလ်များအတွက် သဘာဝအတိုင်း ကြိုတင် ဘိုကင်ယူထားပြီး ဖြစ်သည်။
ဆဋ္ဌမထပ်မှ ထင်ရှားသော ပုဂ္ဂိုလ်များကို တိအဆင့် အခန်းများတွင် စီစဉ်ထားပြီး၊ ပဉ္စမနှင့် စတုတ္ထထပ်မှ လူများကို ရွှမ်းအဆင့် အခန်းများတွင် ထားကာ၊ ကျန်လူများကိုမူ ဟွမ်အဆင့် အခန်းများတွင် ထားသည်။ ယင်းအစီအစဉ်ကလည်း အဆင့်အတန်း ခွဲခြားမှုကို ဖော်ပြနေလေတော့၏။
ဖုန်းဝူချန်၏ လက်ထဲတွင်မူ ဟန်ခွန်းက ပေးလိုက်သော အမြင့်ဆုံး အဆင့်ရှိသော အခန်းလက်မှတ် ရှိနေသည်။
သို့သော် ဖုန်းဝူချန်နှင့် အဖွဲ့ သင်္ဘောပေါ် တက်စဉ်တွင် မော့လင်အာနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံမိတော့၏။
“အစ်ကို ကျူးကော်…” မော့လင်အာသည် နောက်သို့ လှည့်ကာ လှမ်းခေါ်လိုက်စဉ်မှာပင် သင်္ဘောပေါ် တက်လာသော ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်ကို ရုတ်တရက် လှမ်းမြင်လိုက်ရတော့၏။ မော့လင်အာ၏ မျက်နှာလှလှလေးတွင် အရင်ဆုံး အံ့အားသင့်မှုများ ပေါ်ပေါက်လာတော့သည်။
တစ်ခဏအကြာတွင်မူ မော့လင်အာ၏ မျက်နှာလှလှလေးသည် ရုတ်တရက် ခဲပွင့်သလို အေးစက်သွားတော့၏။
“လင်အာ၊ ဘာဖြစ်တာလဲ” ကျူးကော်လျန်ချန်သည် တစ်ခုခုကို သတိထားမိလိုက်သဖြင့် မော့လင်အာ၏ အေးစက်နေသော မျက်နှာကို လှည့်ကြည့်ကာ စူးစမ်း မေးမြန်းလိုက်ရင်း သူမ၏ အကြည့်နောက်သို့ လိုက်ပါသွားသည်။
ဖုန်းဝူချန်လည်း သင်္ဘောပေါ် တက်ပြီး ခေါင်းမော့ကြည့်လိုက်သည့် အခိုက်တွင် မော့လင်အာနှင့် မျက်လုံးချင်း ဆုံမိသွားတော့၏။
ဖုန်းဝူချန်သည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။ သူတို့၏ အကြည့်များ ထိတွေ့မိသွားရာ ထူးဆန်းသော လေထုတစ်ခု ဖန်တီးလိုက်တော့သည်။
အခန်း (၅၂၇) - မလိုမုန်းထား အဆိပ်အတောက် စကားလုံးများ
“အစ်ကိုဖုန်း… မော့လင်အာ..ကျွန်မတို့ကို မြင်သွားပြီထင်တယ်”
မြောင်ချင်းချင်း၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွား၏။ သူမ၏ မျက်ဝန်းလှလှများတွင် မလိုမလားဟန် တစ်ချက် ရိပ်ခနဲ ဖြတ်ပြေးသွားသည်။
“မြင်တော့ ဘာဖြစ်လဲ.. စောစောစီးစီး တွေ့ရမယ့်သူတွေပဲကိုး” လျိုချင်းယန်က ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်၏။ သူ၏ အေးစက်သော အကြည့်က မော့လင်အာထံသို့ မထီမဲ့မြင် ဝေ့ဝဲသွားတော့သည်။
“သွားရအောင်” ဖုန်းဝူချန်ကတော့ တည်ငြိမ်စွာ ဆိုလိုက်သည်။ မော့လင်အာကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပစ်ပေးလိုက်ပြီးနောက် လင်ရှောင်ရှောင်၏ ကျောက်စိမ်းလက်ကလေးကို ဆုပ်ကိုင်ကာ ရှေ့သို့ ဆက်လျှောက်သွားတော့၏။
ဖုန်းဝူချန်သည် ထိုစဉ်အခါက သူတို့၏ ဆက်ဆံရေးဟောင်းကို ထောက်ထား၍သာ မော့လင်အာကို သတ်ပစ်ခြင်း မပြုခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူတို့သည် လုံးဝ သူစိမ်းများ ဖြစ်တော့၏။ အတိတ်က ခံစားချက်ဟူသမျှသည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“လင်အာ၊ သူတို့က မင်းကို အနိုင်ကျင့်ကြတာလား” ကျူးကော်လျန်ချန်က အေးစက်သော လေသံဖြင့် မေးမြန်းလိုက်၏။ သူ၏ မျက်လုံးများက ဖုန်းဝူချန်နှင့် အဖွဲ့ထံတွင် စိုက်နေပြီး မော့လင်အာဘက်ကနေ ရပ်တည်ပေးရန် အသင့်အနေအထား ရှိနေလေတော့သည်။
ဖုန်းဝူချန်က မော့လင်အာကို လှည့်ပင် မကြည့်တော့ချေ။ သူမအား လေဟာနယ်တစ်ခုပမာ သဘောထားကာ လင်ရှောင်ရှောင်၏ လက်ကို ဆွဲပြီး ဆက်လက် လျှောက်လှမ်းသွား၏။
“ဖုန်းဝူချန်”
သူ၏ လုံးဝလျစ်လျူရှုမှုနှင့် အထက်စီးဆန်သော ဟန်ပန်ကြောင့် မော့လင်အာသည် ဒေါသအလျောက် မနေနိုင်တော့ဘဲ ဟန့်တား ရန်တွေ့လိုက်တော့သည်။
ဖုန်းဝူချန်က ခြေလှမ်းရပ်လိုက်ပြီး လျစ်လျူရှုသော လေသံဖြင့် ပြန်မေး၏– “ဘာကိစ္စ ရှိလို့လဲ”
“ဟေး ဒါ မမလေး မော့လင်အာ မဟုတ်လား… ကြာပြီနော် မတွေ့တာ” လျိုချင်းယန်က အံ့အားသင့်ဟန် ဆောင်လိုက်သော်လည်း သူ၏ စကားလုံးတိုင်းမှာ လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်ကို မော့လင်အာတို့ဘက်က ကောင်းကောင်း သိလိုက်ကြတော့၏။
“လင်အာက သူတို့ကို သိတာပဲ။ ဒါပေမဲ့ ပြဿနာဟောင်းတွေ ရှိခဲ့ဖူးပုံရတယ်” ကျူးကော်လျန်ချန်သည် အနည်းငယ် မျက်မှောင်ကြုတ်လျက် တီးတိုးရေရွတ်လိုက်ပြီး ဖုန်းဝူချန်ကို အကဲခတ်ကြည့်လိုက်၏။
….လှလိုက်တဲ့ ကောင်မလေး…
သူ၏ အကြည့်က လင်ရှောင်ရှောင်ထံသို့ ရောက်သွားသည့်အခါ သူမ၏ အလှကြောင့် ဆွဲဆောင်မှု ခံလိုက်ရသည်ကို ဝန်ခံရမည်။
သို့သော်လည်း မော့လင်အာက သူ့ဘေးတွင် ရှိနေသည့်အတွက် ကျူးကော်လျန်ချန်သည် မရဲတရဲသာ ကြည့်ရဲပြီး လင်ရှောင်ရှောင်ကို စိုက်ကြည့်ရန်ပင် သတ္တိမရှိချေ။
သင်္ဘောပေါ်သို့ တစ်ဦးပြီး တစ်ဦး တက်ရောက်လာသော ဆေးပညာရှင်များနှင့် အင်အားကြီး ပုဂ္ဂိုလ်များစွာတို့သည် ထိုမြင်ကွင်းကြောင့် ခေတ္တမျှ ရပ်တန့်ကာ ဖြစ်ပျက်နေသည်များကို စူးစမ်းလိုက်ကြ၏။
“ဆေးဧကရာဇ်က မော့လင်အာကို သိတယ်ဆိုပါလား” နီဖုန်းယွင်နှင့် ရှန်ဝူဂိုဏ်းချုပ်တို့လည်း အံ့အားသင့်စွာ တီးတိုးပြောဆိုလိုက်ကြသည်။
“နှစ်တွေ အများကြီး ကြာပြီးနောက်မှာ ယန်ဟော် အင်ပါယာက သာမန် စစ်သူကြီး တစ်ယောက်က ဝူကျိ နယ်မြေကို ရောက်လာလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားခဲ့မိပါ့မလဲရှင်” မော့လင်အာသည် သူမ၏ စကားလုံးများတွင် မထီမဲ့မြင်ပြုသည့် အဆိပ်အတောက်များ စိမ့်ဝင်လျက် ခပ်အေးအေး ပြောဆိုလိုက်၏။
“ဘာလဲ၊ ခင်ဗျား လာလို့ ရရင် ကျွန်တော်တို့က လာလို့ မရဘူးလား။ ဒီ ၀င်္ကပါ ပင်လယ်နယ်မြေက ခင်ဗျားတို့ အိမ်လား” လျိုချင်းယန်က လှောင်ပြောင်ပြုံးရယ်ရင်း တုံ့ပြန်လိုက်သည်။
“နင့်ပါးစပ်ကို ပိတ်ထားတာ ပိုကောင်းမယ်..မဟုတ်ရင် နင့်ရဲ့ လျှာကို ဖြတ်ပစ်လိုက်မယ်” မော့လင်အာက ခြိမ်းခြောက်လိုက်၏။ သူမ၏ အေးစက်သော အကြည့်က လျိုချင်းယန်ကို ဝေ့ဝဲသွားစဉ်မှာပင် ထျန်းယွမ်ဘုံ၏ နဝမအလွှာ အဆင့်မှ စွမ်းအားများ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
မော့လင်အာ၏ ဤလုပ်ရပ်သည် ဖုန်းဝူချန်နှင့် အဖွဲ့ကို ခြောက်လှန့်ရန် ရည်ရွယ်ဟန် တူ၏။ သူမ၏ လက်ရှိ ကျင့်ကြံမှု အဆင့်ကို ကြွားလုံးထုတ်လိုက်ခြင်းလည်း ဖြစ်၏။
“ဪ... တကယ်လား။ ဒါဆို လုပ်ကြည့်လိုက်လေ ဒီနေရာမှာ ခင်ဗျား တကယ် လက်ရဲဇက်ရဲ လုပ်ရဲမယ်လို့ ကျွန်တော် လုံးဝ မယုံကြည်ဘူး” လျိုချင်းယန်က ပေါ်တင်ပင် လှောင်ပြောင်လိုက်ပြီး ခပ်တင်းတင်း တုံ့ပြန်လိုက်တော့သည်။
နှစ်ဦးသား ရင်ဆိုင်တွေ့ဆုံမှုကြောင့် ပတ်ဝန်းကျင်ရှိ လေထုက ချက်ချင်းဆိုသလို အေးစက်တင်းမာသွားတော့၏။
“ဘာတွေ ဖြစ်နေကြတာလဲ၊ အစ်ကို ကျူးကော်” ထိုအခိုက်အတန့်၌ နောက်ထပ် လူငယ်တစ်ချို့ကပါ ရှေ့သို့ တစ်ယောက်ပြီးတစ်ယောက် တိုးလာကြသည်။
ကျူးကော်လျန်ချန်က သူတို့ကို ဝင်မပါရန် အရိပ်ပြလိုက်၏။
မော့လင်အာသည် ဒေါသအိုး ပေါက်ကွဲလုနီးပါး ဖြစ်နေစဉ်မှာပင် ဖုန်းဝူချန်က ဝင်ရောက်ပြောဆိုလိုက်၏။
“တခြား ဘာမှ မရှိဘူးဆိုရင်တော့ ငါတို့ သွားတော့မယ်”
“နင်တို့ ဒီသင်္ဘောပေါ်ကို ဘယ်လိုပဲ ရောက်လာရောက်လာ၊ ငါပြောချင်တာက ဒီနေရာက နင်တို့နဲ့ သင့်တော်တဲ့ နေရာ မဟုတ်ဘူး။ နင်တို့ အရည်အချင်း မမီဘူး။ သင်္ဘောပေါ် တက်လာရင်တောင် ရှက်ရမှာပဲ ရှိမယ်…” မော့လင်အာက မထီမဲ့မြင် ပြုံးရယ်လျက် ငေါက်ငမ်းလိုက်၏။
“အဲ့ဒါက မင်းနဲ့ ဘာမှ မဆိုင်ဘူး” ဖုန်းဝူချန်သည် အမူအရာ မပြောင်းဘဲ လျစ်လျူရှုစွာ အကြောင်းပြန်လိုက်သည်။
“သခင်လေး ကျူးကော်၊ ဒီလူတွေက မယဉ်မကျေး အပြုအမူတွေ လုပ်ခဲ့ပြီး နတ်သမီး ပင်လယ် မျှော်စင်ရဲ့ ပဉ္စမထပ်မှာ ကျွန်တော်တို့ ဆေးပညာရှင်တွေကို စော်ကားခဲ့ကြတာပါ” စတုတ္ထအဆင့် ဆေးပညာရှင်တစ်ဦးက ချက်ချင်းဆိုသလို ရှေ့သို့ တိုးလာပြီး ဒေါသတကြီး တိုင်ကြားတော့သည်။
“ဟုတ်ပါသည် ဒီကောင်စုတ်လေးစုတ်လေးက မိုက်ရူးရဲလွန်းပြီး ကျွန်တော်တို့ကို လုံးဝ အရေးမစိုက်ခဲ့ပါဘူး” အခြား အင်အားကြီး ပုဂ္ဂိုလ် တစ်ဦးကလည်း မကျေမချမ်း ဒေါသတကြီး ဝင်ရောက်ပြောဆိုလေ၏။
“သခင်လေး ကျူးကော်၊ ဒီလူတွေကို ကောင်းကောင်း အပြစ်ပေးလိုက်ပါ သင်္ဘောပေါ်ကနေ ကန်ချပစ်လိုက်ပါ” နောက်ထပ် ဆေးပညာရှင်တစ်ဦးက ဒေါသတကြီး ကြွေးကြော်လိုက်ပြန်သည်။
“ဟုတ်တယ်.. သင်္ဘောပေါ်ကနေ ကန်ချပစ်လိုက်” ကျန်လူများကပါ တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြပြီး၊ သူတို့၏ မျက်နှာများတွင် အနိုင်ရ၍ အေးစက်သော လှောင်ရယ်သံများ ပေါ်ပေါက်လာတော့၏။
ဘေးမှ စောင့်ကြည့်နေသူများထဲတွင် နီဖုန်းယွင်နှင့် အဖွဲ့၏ မျက်နှာများသည် အကြီးအကျယ် မည်းမှောင်သွားကြသည်ကို တွေ့ရသည်။ ဖုန်းဝူချန်က သူ၏ ဂုဏ်ပုဒ်ကို ထုတ်ဖော်ခြင်းမှ တားမြစ်ထားခြင်း မရှိပါက သူတို့သည် လွန်ခဲ့သော အချိန်များကတည်းက လက်စားချေပေးလိုက်ကြမည် ဖြစ်၏။
“ဖုန်းဝူချန်၊ ကိုယ့်ကိုယ်ကို အထင်မကြီးလွန်းပါနဲ့။ နင့်လို သာမန် စစ်သူကြီး တစ်ယောက်က ငါ့မျက်စိအောက်မှာ ဘာမှ မဟုတ်ဘူး။ ငါ့ရှေ့မှာ မာန်တက်နေဖို့ မကြိုးစားနဲ့။ ငါ့ရဲ့ လက်ရှိ အဆင့်အတန်းကို မင်း တစ်သက်လုံး ကြိုးစားရင်တောင် လိုက်မမီနိုင်ဘူး ငါ စကားတစ်လုံးတည်းနဲ့ နင်တို့ရဲ့ ဘဝတွေကို သေတာထက် ပိုဆိုးအောင် လုပ်ပစ်နိုင်တယ်” မော့လင်အာက အေးစက်စွာ အော်ဟစ်လိုက်တော့သည်။
ဖုန်းဝူချန်၏ လျစ်လျူရှုဟန်ကြောင့် မော့လင်အာသည် ရူးသွပ်လုနီးပါး ဖြစ်လာ၏။ ဘာကြောင့်မှန်း မသိသော်လည်း ဖုန်းဝူချန်သည် စကားအနည်းငယ်ဖြင့်ပင် သူမကို အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်စေနိုင်စွမ်း ရှိနေလေ၏။
စိတ်လှုပ်ရှားနေသော မော့လင်အာကို ဖုန်းဝူချန်က စိတ်ဝင်စားမှုမရှိသော အကြည့်ဖြင့် လှည့်ကြည့်လိုက်ပြီး ပြောဆိုလိုက်၏– “နှစ်တွေကြာလာတော့ နင် ပြောင်းလဲသွားမလားလို့ ငါ ထင်ခဲ့မိတာ။ ဒါပေမဲ့ နည်းနည်းလေးမှ မပြောင်းလဲတာဘူး၊ စိတ်မကောင်းစရာပဲ၊ နင်ပြောတာ မှန်ပါတယ်။ နင့်ရဲ့ လက်ရှိ အဆင့်အတန်းက တကယ်ကို မြင့်မားလွန်းပါတယ်။ တော်ရုံလူက လိုက်မမီနိုင်ဘူး။ ဒါပေမဲ့... အဲ့ဒါတွေက ငါနဲ့ ဘာဆိုင်လို့လဲ။ ဘာတစ်ခုမှ မသက်ဆိုင်ဘူး”
ထို့နောက် ဖုန်းဝူချန်သည် လင်ရှောင်ရှောင်၏ ကျောက်စိမ်းလက်ကလေးကို ဆုပ်ကိုင်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားတော့၏။
“ငါ အမုန်းဆုံးက နင်တို့လို ဟန်ဆောင်ကောင်းတဲ့ အမှိုက်တွေပဲ” မော့လင်အာက လွန်စွာ မထီမဲ့မြင်ဟန်ဖြင့် အေးစက်စွာ အော်ဟစ်လိုက်၏။
ဖုန်းဝူချန်ကတော့ မည်သည့် အာရုံစိုက်မှုမျှ မပေးချေ။ မော့လင်အာနှင့် ပတ်သက်ပြီး စိတ်ဝင်စားမှု လုံးဝ မရှိတော့၏။
သို့သော် မော့လင်အာ၏ ဆဲဆိုကြိမ်းမောင်းသော စကားများသည် လင်ရှောင်ရှောင်ကိုမူ ဒေါသထွက်စေခဲ့သည်။ လင်ရှောင်ရှောင်က ထိုနေရာ၌ပင် မော့လင်အာကို သတ်ပစ်လိုက်ချင်စိတ် ပေါက်သွားတော့၏။
သို့ရာတွင် ဤနေရာကား ဆေးပညာရှင် ပြိုင်ပွဲဖြစ်သည့်အတွက် လင်ရှောင်ရှောင်သည် သူမ၏ ဒေါသများကို ထိန်းချုပ်ထားရတော့သည်။
“ဟန်ဆောင်တာက မင်းပဲ” လျိုချင်းယန်က ဘေးမှ ဖြတ်သွားရင်း စကားတစ်ခွန်းချန်ခဲ့သည်။
“မော့လင်အာ၊ ဒီနေ့ ရှင် နောင်တရစေရမယ်” မြောင်ချင်းချင်းကလည်း ခေါင်းခါလိုက်ရင်း သူတို့နောက်မှ လိုက်ပါသွားတော့သည်။
မော့လင်အာ၏ မျက်နှာလှလှလေးသည် ဒေါသအလျှောက် အေးခဲသွားပြီး သူမ၏ အမျက်ဒေါသက ကောင်းကင်သို့ပင် ထိုးတက်နေတော့၏။ စောင့်ကြည့်နေသော လူအုပ်ကြီးလည်း တဖြည်းဖြည်း လူစုခွဲကာ သူတို့၏ အခန်းများကို သွားရောက် ရှာဖွေကြတော့၏။
“လင်အာ၊ သူတို့ကို အစ်ကို.. သွားသတ်ပေးရမလား” ကျူးကော်လျန်ချန်က မော့လင်အာ၏ ဒေါသထွက်နေပုံကို မြင်ရသောအခါ လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
“လောလောဆယ်တော့ မလိုသေးပါဘူး။ ဒီနေ့ ဆေးပညာရှင် ပြိုင်ပွဲက စီနီယာ ထျန်းရှန်းဇီက ဦးဆောင်တာဆိုတော့ တိုက်ပွဲစလိုက်လို့ စီနီယာ ထျန်းရှန်းဇီကို ထိခိုက်နစ်နာသွားမှာ စိုးရတယ်။ ဒါပေမဲ့.. သူတို့ကို ရှက်ရအောင် လုပ်လို့တော့ ရပါသေးတယ်” မော့လင်အာက အေးစက်စွာ ပြောဆိုလိုက်၏။
ကျူးကော်လျန်ချန် ခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူ၏ နောက်က လူများကို တစ်ချက်ကြည့်လိုက်ပြီး လျှောက်သွားနေသော ဖုန်းဝူချန်တို့ကို မေးစေ့ဖြင့် မေးငေါ့ပြလိုက်သည်။
ထိုလူများသည် ကျူးကော်လျန်ချန်၏ ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်သွားကြပြီး ဖုန်းဝူချန်တို့ နောက်သို့ လျင်မြန်စွာ လိုက်ပါသွားကြတော့၏။
“လင်အာ၊ မင်း သူတို့ကို ဘယ်လို သိတာလဲ” ကျူးကော်လျန်ချန်က မော့လင်အာ ဒေါသထွက်နေသည်ကို သိနေ၍ အတင်းအကျပ် မေးခြင်း မပြုရဲဘဲ ဂရုတစိုက် မေးမြန်းလိုက်၏။
“ဖုန်းဝူချန်က ကျွန်မရဲ့ အဖေကို သတ်တဲ့ လူသတ်သမားပဲ။ ကျွန်မရဲ့ မော့မိသားစု တစ်စုလုံးကို သူ ဖျက်ဆီးပစ်ခဲ့တာ” မော့လင်အာက ခပ်အေးအေး ပြောဆိုလိုက်၏။ သူမသည် အတိတ်က အဖြစ်အပျက်များကို မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သကဲ့သို့ ပြန်လည် ခံစားနေရ၏။
“ဘာ..မင်းအဖေကို သတ်တဲ့ လူသတ်သမားလား” ကျူးကော်လျန်ချန်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားတော့သည်။
“လင်အာ၊
မင်း ဒီလောက် ဒေါသထွက်နေတာ အံ့ဩစရာ မရှိတော့ပါဘူး။ စိတ်ချပါ။ ဆေးပညာရှင် ပြိုင်ပွဲ ပြီးတာနဲ့ သူတို့ကို သတ်ပစ်ဖို့ ငါ ကူညီပေးမယ်” ဟု သူက အာမခံလိုက်၏။
“မပူပါနဲ့။ အလျင်လိုစရာ မလိုသေးဘူး ..သူတို့ ဝူကျိ နယ်မြေကို ရောက်လာမှတော့ မြန်မြန် သတ်ပစ်လိုက်တာက အရမ်း မလွယ်လွန်းဘူးလား။ သူတို့ရဲ့ ဘဝတွေကို အသက်ရှင်လျက် ငရဲဖြစ်သွားအောင် ကျွန်မ လုပ်ပစ်ချင်တယ်။ သူတို့ ကျွန်မကို စော်ကားခဲ့တာတွေကို ဆယ်ဆ ပြန်ပြီး လက်စားချေမယ်” မော့လင်အာက အဆိပ်အတောက် စကားလုံးများဖြင့် ခါးသီးစွာ ပြောဆိုလိုက်၏။ သူမ၏ မျက်နှာလှလှလေးသည်လည်း မလိုမုန်းထား အမျက်ဒေါသများဖြင့် ထုံမွှမ်းလျက် ရှိတော့သည်။
“လင်ရှောင်ရှောင်၊ အဆင့်အတန်းဆိုတာ ဘာလဲ သိလားလို့ နင် ပြောခဲ့တာမလား။ နင့်ကို ငါ့ခြေထောက်အောက်မှာ နင်းချေပြပြီး အဆင့်အတန်းဆိုတာ ဘာလဲဆိုတာ ငါ ပြပေးမယ်” မော့လင်အာက အဆိပ်အတောက်များ ထုတ်လွှတ်ရင်း ကျိန်ဆဲလိုက်လေတော့၏။
အခန်း (၅၂၈) - ထျန်းအဆင့် အခန်း၏ ဂုဏ်သိက္ခာ
~ခမ်းနားထည်ဝါသော သင်္ဘောကြီးပေါ်တွင် ဆေးပညာရှင်များ၊ အင်အားကြီး သိုင်းပညာရှင်များသည် ၎င်းတို့၏ လက်မှတ်နံပါတ်များအလိုက် အခန်းများသို့ ဝင်ရောက် အနားယူကြတော့သည်။
သင်္ဘောတွင် အထပ်လေးခု ပါရှိပြီး၊ ထျန်း (ကောင်းကင်) - အဆင့် အခန်းများကို အမြင့်ဆုံး အထပ်တွင် ထားရှိလေ၏။ ထျန်း ၊ တိ၊ ရွှမ်း ၊ ဟွမ် ဟူ၍ ရှိပါသည်။
ထို ထျန်းအဆင့် အခန်းများသို့ ဝင်ရောက်နိုင်သော သူများကို လူတိုင်းက မနာလိုစွာ ငေးမောကြည့်ရှုကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအခန်းများသည် သူတို့၏ ဂုဏ်ပုဒ် ကို ကိုယ်စားပြုသည့်အပြင် အမြင့်ဆုံးသော ဝန်ဆောင်မှုကို ခံစားခွင့်ရှိသောကြောင့်ပင်တည်း။
သင်္ဘောအား ကောင်းကင်လူသား ဘုံအလွှာမှ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာက စောင့်ကြပ်နေသဖြင့် မည်သူမျှ ချဉ်းကပ်ဝံ့ခြင်း မရှိပေ။
ထို့ကြောင့် ထျန်းဟိုင်မြို့တော်မှ လူများမှာ ဝေးရာမှသာ လှမ်းမျှော်ကြည့်ရှုနိုင်ကြသည်။
“ဆရာ... အခန်းနံပါတ် ဘယ်လောက်လဲရှင့်” အခိုင်းအစေ တစ်ဦးက ပြုံးရယ်လျက် မေးမြန်းသည်။
“ထျန်း” ဖုန်းဝူချန်သည် လက်မှတ်ကို ကမ်းပေးလိုက်၏။
“ဆရာ..လိုက်ပို့ပါရစေရှင့်” ထျန်းနံပါတ်ကို ကြားလိုက်ရသည့်အခါ အခိုင်းအစေ၏ မျက်လုံးများ တောက်ပသွားပြီး သူမ၏ အမူအရာသည်လည်း အလွန် ရိုသေလေးစားဟန်ဖြင့် ပြောင်းလဲသွားတော့သည်။
“ထျန်းနံပါတ်”
အခိုင်းအစေက လက်မှတ်ကို လှမ်းယူလိုက်မည့် အခိုက်အတန့်၌ လူတစ်ဦးက ၎င်းကို လှမ်း၍ ဆတ်ခနဲ ဆွဲလုလိုက်၏။
“ဒီ ထျန်းနံပါတ် လက်မှတ်က အတုဖြစ်နေမလားလို့ စဉ်းစားမိတယ်” လူငယ်တစ်ဦးက လှောင်ပြုံးဖြင့် မေးလိုက်၏။ သူ့နောက်တွင်လည်း အခြားလူငယ်များစွာက ရပ်နေကြသည်။
“အစ်ကိုဖုန်း၊ သူတို့တွေက ကျူးကော်လျန်ချန်ရဲ့ လူတွေဗျ။ တမင်သက်သက်ကို ပြဿနာ လာရှာတာ” လျိုချင်းယန်က မျက်နှာတွင် အေးစက်သော အသွင် ဆောင်လျက် တီးတိုး သတိပေးလိုက်သည်။
ဖုန်းဝူချန်သည် ခေါင်းအနည်းငယ် ညိတ်လိုက်၏။ သူတို့သည် ကျူးကော်လျန်ချန်၏ လူများဖြစ်သည်ကို ချက်ချင်းဆိုသလို သိလိုက်သော်လည်း မည်သည့်အဖွဲ့မှ သခင်လေးများ ဖြစ်သည်ကိုမူ တပ်အပ် မသိသေးချေ။
“မင်းတို့ရုပ်ရည်နဲ့များ ထျန်းအဆင့် အခန်းမှာ နေဦးမတဲ့လား” အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး လူတစ်ဦးက မထီမဲ့မြင် သရော်ပြောဆိုလိုက်သည်။
ထိုသူ၏ လက်ထဲမှ ထျန်းနံပါတ်ပြားကို ကြည့်နေသော အခိုင်းအစေ၏ မျက်နှာလှလှလေးမှာမူ မည်သည့် ပြောင်းလဲမှုမျှ မရှိချေ။
သင်္ဘော၏ စတုတ္ထထပ်တွင် ရှိနေသော ဟန်ခွန်းကမူ အေးစက်သော အကြည့်ဖြင့် စောင့်ကြည့်နေသည်။
“မင်းတို့ပဲလား ထျန်းအဆင့် အခန်းတဲ့လား။ ဟမ့် နတ်သမီး ပင်လယ် မျှော်စင်ရဲ့ ပဉ္စမထပ်မှာ နေတဲ့သူတွေက ထျန်းအဆင့် အခန်းကို ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးဘူး။ ဒါ အတု ဖြစ်ရမယ်။ မင်းတို့ ကောင်လေးတွေက တော်တော်ကို ရဲတင်းကြပါကလား” စတုတ္ထအဆင့် ဆေးပညာရှင်တစ်ဦးက သရော်လိုက်သည်။
“ဟေ့ကောင်တွေ၊ မင်းတို့ အတုကို ကိုင်ပြီး လူလိမ်ရဲတဲ့ သတ္တိက တော်တော်ကောင်းတယ်။ မင်းတို့ ရူးချင်ယောင် ဆောင်တာကိုလည်း ကန့်သတ်ချက်လေးတော့ ထားသင့်တယ် မဟုတ်လား”
“နတ်သမီး ပင်လယ် မျှော်စင်ရဲ့ သတ္တမထပ်က သူဌေးကြီးတွေပဲ ထျန်းအဆင့် အခန်းမှာ နေနိုင်တာ။ မင်းတို့ ကိုယ်မင်းတို့ ဘာများ မှတ်နေလဲ”
“ဟားဟား ဒီကောင်စုတ်လေးတွေကများ အရေးပါတဲ့ အထူး ဧည့်သည်တော်တဲ့လား”
ပတ်ဝန်းကျင်တွင် လူအများအပြား စုဝေးလာကြ၏။ ၎င်းတို့ထဲတွင် နတ်သမီး ပင်လယ် မျှော်စင်၏ ပဉ္စမထပ်မှ ဆေးပညာရှင်များလည်း ပါဝင်နေပြီး ဖုန်းဝူချန်တို့ အဖွဲ့ ထျန်းအဆင့် အခန်းတွင် နေထိုင်ကြောင်း ကြားသည့်အခါ လှောင်ပြောင်ဖို့ အခွင့်ကောင်းကို ယူလိုက်ကြတော့သည်။ သူတို့၏ ရယ်သံများသည် ဖုန်းဝူချန်နှင့် အဖွဲ့ကို အရှက်ရစေရန် တမင်ဖန်တီးလိုက်ခြင်းပင်တည်း။
လျိုချင်းယန်က လှောင်ပြောင်ဟန်ဖြင့် ပြုံးလိုက်၏။ “အာ… ဘာလဲ။ မနာလို ဖြစ်နေကြတာလား။ ဒါမှမဟုတ် မကြေမချမ်း ဖြစ်နေတာလား။ ဟွမ် (အဝါ) - လက်မှတ်နဲ့ ရွှမ်း (အနက်) - လက်မှတ်တွေက ဘာမှ မဟုတ်ဘူး ထင်တယ်နော်။ ကျွန်တော်တို့က ထျန်းအဆင့် အခန်းမှာ နေရတော့ ခင်ဗျားတို့ သေလောက်အောင် မနာလို ဖြစ်နေကြတာ အံ့ဩစရာတော့ မရှိပါဘူး။ သူများကောင်းစားတာကို မမြင်ချင်ကြဘူးလား။ ခင်ဗျားတို့ ဘာကြောင့် ဒီအပေါ်ထိ ရောက်လာမှန်းတောင် မသိဘူး။ ခင်ဗျားတို့ရဲ့ ညစ်ညမ်းတဲ့ ပါးစပ်ကြောင့်များလားဗျာ”
“ဒီကောင်စုတ်လေးစုတ် ..မင်းကများ ငါတို့ကို စော်ကားရဲတယ်ပေါ့” သခင်လေး တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်၏။
“မင်း တော်တော် ရင့်သီးတာပဲ” နောက်တစ်ဦးကလည်း ဒေါသဖြင့် ကြွေးကြော်လိုက်တော့သည်။
“ရင့်သီးတော့ ဘာတတ်နိုင်လဲ။ ခင်ဗျားတို့ ဘာလုပ်ချင်လဲ။ လက်ရဲဇက်ရဲ လုပ်ရဲတဲ့ သတ္တိရော ရှိရဲ့လား။ ခင်ဗျားတို့မှာ အဲ့ဒီ သတ္တိမရှိဘူးလို့ ကျွန်တော် ထင်တာပဲ.. မာန်မာနတို့၊ စော်ကားမှုတို့ဆိုတာတွေ ကျွန်တော် ကြားဖူးတာ ကြာလှပေါ့ဗျာ” လျိုချင်းယန်က အေးစက်သော မာန်မာနဖြင့် ပြောဆိုလိုက်သည်။
လျိုချင်းယန်၏ ထက်မြက်သော စကားလုံးများက သူတို့၏ ဒေါသကို ရုတ်ချည်းပင် မီးလောင်ရာ လေထိုးလိုက်သလို ဖြစ်စေတော့သည်။
“ဒီကောင်စုတ်လေးတွေ ဘယ်လောက်ကြာကြာ မာန်တက်နိုင်ဦးမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့။ အတုကို ကိုင်ပြီး လူတွေကို လိမ်လည်တယ်။ မင်းတို့က ထျန်းရှန်းဇီကို စော်ကားတာ၊ ဒီမှာရှိတဲ့ ဆေးပညာရှင်တိုင်းကို စော်ကားတာ။ အခုချက်ချင်း အသိတရားနဲ့ ထွက်သွားလိုက်၊ မဟုတ်ရင် ပင်လယ်ထဲ ခုန်ချလိုက်” ထိုလူက အေးစက်စွာ ပြောဆိုလိုက်ပြီး လက်မှတ်ကို ပေါ့ပေါ့ဆဆပင် ကြမ်းပြင်ပေါ် ပစ်ချလိုက်တော့၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါမှ အခိုင်းအစေ၏ မျက်နှာသည် နောက်ဆုံးတွင် အေးခဲ တင်းမာသွားတော့သည်။
“ထွက်သွား” လူအုပ်ကြီးကလည်း တစ်ပြိုင်နက်တည်း ထပ်ဆင့် အော်ဟစ်လိုက်ကြ၏။
ဖုန်းဝူချန်တို့ အဖွဲ့နှင့် ရန်ငြိုးဟောင်းရှိခဲ့ဖူးသော ဆေးပညာရှင်များနှင့် သိုင်းပညာရှင်တို့၏ မျက်နှာများတွင်မူ ကဲ့ရဲ့ပြုံးရယ်ခြင်းများဖြင့် ပြည့်နှက်နေသည်။
“ဒီလက်မှတ်က အတု မဟုတ်ပါဘူး” လူတိုင်းက လှောင်ပြုံးများဖြင့် ကြည့်နေကြစဉ်မှာပင် အခိုင်းအစေက ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်သည်။
သူမ၏ စကားကြောင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ မျက်နှာများသည် ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။ သူတို့၏ မထီမဲ့မြင် ပြုနေသော အပြုံးများသည် ချက်ချင်း တင်းမာသွားကြ၏။
“ထျန်းအဆင့် လက်မှတ်က… တကယ်ကြီးလား” လက်မှတ်ကို ကြမ်းပြင်ပေါ် ပစ်ချခဲ့သော လူ၏ မျက်နှာတွင်မူ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့၏။ သူသည် ပြဿနာကြီးတစ်ခုကို ဖန်တီးလိုက်မိပြီဟု နားလည်သွားတော့သည်။
“မင်း တကယ်လို့ အတည်ပြုလို့ ရဲ့လား.. ဒီ အဘိုးကြီးက သူတို့နဲ့ နတ်သမီး ပင်လယ် မျှော်စင်ရဲ့ ပဉ္စမထပ်မှာ အတူရှိခဲ့တာ။ သူတို့မှာ ထျန်းအဆင့် အခန်းမှာ နေနိုင်လောက်တဲ့ ဂုဏ်ပုဒ် ဘယ်လိုမှ ရှိစရာ အကြောင်း မရှိဘူး” ပဉ္စမအဆင့် ဆေးပညာရှင်တစ်ဦးက သံသယဖြင့် မေးမြန်းလိုက်၏။
“သူတို့ ထျန်းအဆင့် အခန်းမှာ နေနိုင်တာကို ငါ လုံးဝ မယုံဘူး။ သူတို့က ဆေးပညာရှင်လည်း မဟုတ်ဘူး၊ အင်အားကြီး အဖွဲ့အစည်းက ဩဇာကြီးသူတွေလည်း မဟုတ်ဘူး။ ထျန်းအဆင့် အခန်းမှာ နေဖို့ ဘာ အခွင့်အရေး ရှိလို့လဲ.. ထျန်းအဆင့် အခန်းမှာ နေသင့်တာက ငါတို့လို လူတွေပဲ။ ဒီလို ကောင်စုတ်လေးတွေ မဟုတ်ဘူး” အခြား ပဉ္စမအဆင့် ဆေးပညာရှင်တစ်ဦးက ဆေးပညာရှင်၏ အမူအရာကို ဆောင်ကာ အေးစက်စွာ ပြောဆိုသည်။
“ဟုတ်တယ် ..သူတို့က ထျန်းအဆင့် အခန်းနဲ့ မတန်ဘူး” လူအုပ်ကြီးကလည်း တစ်ညီတစ်ညွတ်တည်း ထပ်ဆင့် ပြောဆိုလိုက်ကြ၏။
“သူတို့မှာ ထျန်းအဆင့် လက်မှတ်ရှိရင် နေခွင့် ရှိပါတယ်” အခိုင်းအစေက တည်ငြိမ်ပြီး ယုံကြည်မှုရှိသော လေသံဖြင့် ပြန်ပြောဆိုလိုက်၏။ သူမသည် လူကို မဟုတ်ဘဲ လက်မှတ်ကိုသာ အသိအမှတ် ပြု၏။
ထို့အပြင် ထျန်းအဆင့် လက်မှတ်ကို ကိုင်ဆောင်ထားသူ မည်သူမဆို အလွန်အရေးပါသော ပုဂ္ဂိုလ် ဖြစ်ရမည်။
လက်မှတ်သည် အတု ဖြစ်စရာ အကြောင်း လုံးဝ မရှိ။ အဘယ်ကြောင့်ဆိုသော် ထျန်းအဆင့် လက်မှတ်များကို ဆေးပညာရှင် ဆွေးနွေးပွဲ၏ အကြီးအကဲများသာ ကိုင်ဆောင်ခွင့် ရှိပြီး သာမန်လူများ လက်လှမ်းမမီနိုင်သည်ကို အခိုင်းအစေက ကောင်းစွာ သိရှိထားသောကြောင့်တည်း။
ထိုသို့ ပြောဆိုပြီးနောက် အခိုင်းအစေသည် လက်မှတ်ကို ကောက်ယူရန် အောက်သို့ ကိုင်းလိုက်စဉ် ဖုန်းဝူချန်က တားဆီးလိုက်၏။
“အဲ့ဒါကို ပစ်ချလိုက်တဲ့သူကပဲ ပြန်ကောက်ပါစေ” ဖုန်းဝူချန်က စိတ်လှုပ်ရှားမှုမရှိသော လေသံဖြင့် ဆိုလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ အခိုင်းအစေသည် ဖုန်းဝူချန်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်တော့သည်။
“မင်း” လက်မှတ်ကို ပစ်ချခဲ့သော လူ၏ မျက်နှာသည် ဒေါသအလျှောက် ဖြူဖျော့သွားပြီး ဒေါသကြောင့် သွားများကို ကျိတ်ထားသော်လည်း အော်ဟစ်ရန် မတတ်နိုင်ဘဲ ခန္ဓာကိုယ်သည် တုန်ယင်နေတော့၏။
သူသည် ဖုန်းဝူချန်တို့ အဖွဲ့ကို အရှက်ရစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုမူ ကိုယ်တိုင် အရှက်ရမည့် အခြေအနေ ရောက်နေလေ၏။
“မင်း မကောက်ဘူးဆိုရင် ထျန်းရှန်းဇီ မြင်သွားမယ်၊ ဒါမှမဟုတ် တခြားသူတစ်ယောက်က ထျန်းရှန်းဇီကို သွားပြောရင် ဘာဖြစ်မယ်ဆိုတာ ငါ မသိဘူး။ ထျန်းအဆင့် လက်မှတ်ကို မင်း ပေါ့ပေါ့ဆဆ ပစ်ချခဲ့တာကို သိသွားရင်တော့ ကျူးကော်လျန်ချန်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တာပဲ” ဖုန်းဝူချန်က သရော်သော အကြည့်ဖြင့် ပြောဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ထိုလူ၏ မျက်နှာသည် ချက်ချင်းဆိုသလို ထိတ်လန့်တုန်လှုပ်သွားတော့ပြီး ထျန်းအဆင့် လက်မှတ်ကို ကောက်ယူရန် အလျင်အမြန် ကိုင်းညွတ်လိုက်ရတော့၏။
ဤနေရာတွင် ထျန်းရှန်းဇီကို မည်သူမျှ စော်ကားဝံ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ပြုလုပ်ပါက နောက်ဆက်တွဲ ရလဒ်သည် သေခြင်းသာ ဖြစ်လိမ့်မည်တည်း။
“ဆရာ.. ကြွပါရှင့်” အခိုင်းအစေသည် ထျန်းအဆင့် လက်မှတ်ကို ယူလိုက်ပြီး ဖုန်းဝူချန်နှင့် အဖွဲ့ကို လေးစားစွာ ဦးဆောင်ကာ စတုတ္ထထပ်သို့ တက်သွားတော့သည်။
ထိုအခိုက်အတန့်၌ မည်သူမျှ ဝင်ရောက် စွက်ဖက်ရဲခြင်း မရှိတော့ချေ။ သူတို့သည် ဖုန်းဝူချန်တို့ အဖွဲ့ တက်သွားသည်ကိုသာ ဒေါသတကြီး စိုက်ကြည့်နေနိုင်ကြတော့၏။
လှေကားမှ တက်သွားကြစဉ် ဖုန်းဝူချန်နှင့် လူငယ်များ ဆက်လက် တက်လှမ်းနေကြသည်ကို မြင်ရသောအခါ လူအုပ်ကြီးသည် အလွန်ပင် သိချင်စိတ် ပြင်းပြသွားကြ၏။
ဖုန်းဝူချန်နှင့် အဖွဲ့ စတုတ္ထထပ်သို့ ရောက်သည်အထိ တက်သွားကြသည်ကို မြင်ရသောအခါ ပရိသတ်အပေါင်း၏ သိချင်စိတ်သည် ထိတ်လန့်ခြင်း အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“အစ်ကို ကျူးကော်၊ သူတို့ ထျန်းအဆင့် အခန်းမှာ နေနေကြပါတယ်” လူငယ်သခင်လေး အချို့က ပြန်လည် သတင်းပို့ကြ၏။
“ဘာ ..ထျန်းအဆင့် အခန်းမှာလား.. ဘယ်လိုဖြစ်နိုင်မှာလဲ” ကျူးကော်လျန်ချန်သည် အံ့အားသင့်စွာ ထရပ်လိုက်၏။ သူ၏ မျက်နှာတွင် မယုံကြည်နိုင်ခြင်းများ အပြည့်အဝ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။
“သာမန် အင်ပါယာလေးက စစ်သူကြီး တစ်ယောက်က ထျန်းအဆင့် အခန်းမှာ နေနိုင်စရာ အကြောင်း လုံးဝ မရှိဘူး။ အရည်အချင်း လုံးဝ မမီဘူး၊ ကျွန်မတို့တောင် တိအဆင့် အခန်းလောက်ပဲ ရတာလေ” မော့လင်အာသည် မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်၏။ သူမသည်လည်း အကြီးအကျယ် တုန်လှုပ်နေလေ၏။
ကျူးကော်မိသားစု၏ သခင်လေးဖြစ်သော ကျူးကော်လျန်ချန်ပင်လျှင် သူ့အတွက် တိအဆင့် အခန်းကိုသာ စီစဉ်ပေးနိုင်ပြီး၊ သူ့ဖခင်ကသာ ထျန်းအဆင့် အခန်းအတွက် အရည်အချင်း ပြည့်မီ၏။ ထျန်းအဆင့် အခန်းတွင် နေထိုင်နိုင်သူ၏ ဂုဏ်သိက္ခာ မည်မျှ ကြီးမားကြောင်းကို ထိုအချက်က ဖော်ပြနေတော့၏။
ကျူးကော်လျန်ချန်ပင် အရည်အချင်းမမီပါလျှင် ဖုန်းဝူချန်နှင့် အပေါင်းအပါများက မည်သို့လျှင် အရည်အချင်းမီနိုင်ပါအံ့နည်း။
“တကယ် အမှန်ပါပဲဗျ.. သူတို့ ကိုင်ထားတာ ထျန်းအဆင့် လက်မှတ်ပါ” လူတစ်ဦးက အခိုင်အမာ ပြောဆိုလာသည်။
ထိုစကားကို ကြားရသောအခါ၊ ကျူးကော်လျန်ချန် မျက်မှောင်ကြုတ်သွား၏။
ထို့နောက် အမိန့်ပေးလိုက်တော့၏။ “ထျန်းအဆင့် အခန်းကို တကယ့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေအတွက် သီးသန့်ထားတာပါ။ ဖုန်းဝူချန်တို့ အဖွဲ့က ဘယ်လိုလုပ် အဲဒီမှာ နေနိုင်မှာလဲ။ လီကျီဖေး၊ နံပါတ် ၆ ထျန်းအဆင့် အခန်းကို သွားပြီး ငါ့အဖေကို အကြီးအကဲ ထျန်းရှန်းဇီကများ အမှားလုပ်မိလားဆိုတာ မေးခိုင်းလိုက်စမ်း”
“ဟုတ်ကဲ့ပါ…ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်” လီကျီဖေးက ရိုသေစွာ ခေါင်းညိတ်၍ အမိန့်ကို ခံယူလိုက်တော့၏။