အခန်း (၅၃၂-၅၃၄)
Vol. 36 Ch. 532-534
အခန်း (၅၃၂) - ဂုဏ်ပုဒ်
~ကြီးမားသော ဩဇာအရှိန်အဝါသည် ကျူးကော်မိသားစု အကြီးအကဲအပေါ်သို့ ဖိနှိပ်လိုက်တော့၏။ ထိုဖိအားကြောင့် သူ၏ တစ်ကိုယ်လုံး ဆွဲဆုတ် ခံနေရသလို ခံစားလိုက်ရ၏။
ကျူးကော်မိသားစု အကြီးအကဲသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားပြီး မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လွင်နေ၏။
သူ၏ ကြောက်ရွံ့မှုသည် ထျန်းရှန်းဇီကို ထိတ်လန့်ရုံမျှသာ မဟုတ်ချေ။
သူ့ကို အကြီးအကျယ် တုန်လှုပ်စေသည့် အချက်မှာ ထျန်းရှန်းဇီက ဖုန်းဝူချန်ကြောင့် သူ၏ ဖိနှိပ်သော အရှိန်အဝါကို ထုတ်လွှတ်ပြီး လူအများရှေ့တွင် ပေါ်တင် နှိမ်ချလိုက်ခြင်း ဖြစ်လေ၏။
ကျူးကော်မိသားစုသည် ၀င်္ကပါပင်လယ်နယ်မြေ၏ အကြီးအကဲ ဖြစ်သည့်အတွက် မိသားစု အကြီးအကဲ၏ ဂုဏ်ပုဒ်သည် နယ်မြေတစ်ခုလုံးတွင် မည်မျှ ကြီးမားသည်ကို လူတိုင်း ခန့်မှန်းကြည့်နိုင်၏။ သို့သော် ထျန်းရှန်းဇီသည် ဖုန်းဝူချန်အတွက် သူ့ကို လုံးဝ မလေးစားဘဲ ပေါ်တင် ဖိနှိပ်လိုက်ရ၏။
ကျူးကော်မိသားစု အကြီးအကဲသည် တစ်ခုခုကို သဘောပေါက်သွားပြီး ဖုန်းဝူချန်ကို အကြီးအကျယ် တုန်လှုပ်စွာ ကြည့်လိုက်တော့၏။
ခန်းမတစ်ခုလုံးတွင် လေထုက ဖိစီးနေပြီး လူတိုင်း၏ ရင်ဘတ်ထဲမှ နှလုံးခုန်သံများ တဒုတ်ဒုတ် မြည်နေကြ၏။
ခန်းမဝင်ပေါက်တွင် ထျန်းရှန်းဇီသည် ကျန်းဝူဖုန်းနှင့် အခြား အကြီးအကဲ အနည်းငယ်တို့နှင့်အတူ ဝင်ရောက်လာ၏။ ထိုအခါ ကြောက်ရွံ့ထိတ်လန့်နေသော လူအများ၏ အကြည့်များသည် သူတို့ထံသို့ ချက်ချင်း ဝေ့ဝဲသွားတော့သည်။
“စီနီယာ ထျန်းရှန်းဇီ၊ အကြီးအကဲ ကျန်း” လူအုပ်ကြီးက ရိုသေစွာ ဦးညွှတ် ဂါရဝပြုလိုက်ကြ၏။
ထျန်းရှန်းဇီ၏ ဇရာရသော မျက်နှာသည် အနည်းငယ် တည်ကြည် ခက်ထန်နေလေ၏။ သူကိုယ်တိုင် ကျင်းပသော ဆေးပညာရှင် ဆွေးနွေးပွဲ၌ လူတစ်ဦးက ပြဿနာရှာဝံ့လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ဒါက အဋ္ဌမအဆင့် ဆေးပညာရှင်ဖြစ်သူ သူ့ကို လုံးဝ အရေးမစိုက်ခြင်းပင်တည်း။
ကျန်းဝူဖုန်းသည် ဖုန်းဝူချန်ကို အရင်ဆုံး တစ်ချက်ကြည့်လိုက်၏။ ဖုန်းဝူချန် အထိအခိုက် မရှိသည်ကို မြင်ရသောအခါမှ သူသည် စိတ်သက်သာရာ ရသွားတော့သည်။
သို့သော် ဖုန်းဝူချန်၏ မျက်နှာသည် မကောင်းသည်ကိုတော့ မည်သူမဆို မြင်နိုင်၏။
“ဟမ့်” ထျန်းရှန်းဇီသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ လူတိုင်းသည် ထိတ်လန့်တကြား ခေါင်းငုံ့သွားကြရတော့၏။
“မင်းတို့ သတ္တိ တော်တော် ကောင်းကြတယ်” ထျန်းရှန်းဇီက ဒေါသတကြီး ဟောက်လိုက်ရင်း သူ၏ စူးရှသော အကြည့်များက လူအုပ်ကြီးကို ဝေ့ဝဲသွား၏။
“စီနီယာ ထျန်းရှန်းဇီ၊ ဒီ... ဒီကောင်စုတ်လေးစုတ်က ဒီမှာ ပြဿနာ ရှာနေတာပါ။ သူတို့ ဆေးပညာရှင် နှစ်ဦးကိုပါ သတ်ပစ်လိုက်ပါသေးတယ်” ဆေးပညာရှင်တစ်ဦးက ကြောက်လန့်တကြား အစီရင်ခံသည်။
“ဟုတ်ပါသည် စီနီယာ ထျန်းရှန်းဇီ၊ ဒီလက်အောက်ငယ်သားတို့ ဒီမှာ ပြဿနာရှာဖို့ လုံးဝ မရဲပါဘူး။ သူတို့က စပြီး လုပ်ခဲ့ကြတာပါ”
“ဒီကောင်စုတ်လေးက သခင်လေး ကျူးကော်ရဲ့ စေ့စပ်ထားသူကို ဒဏ်ရာရအောင် လုပ်ရုံမကဘူး၊ သခင်လေး ကျူးကော်ကိုပါ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေခဲ့ပါတယ်။ ဒါကြောင့် မိသားစု အကြီးအကဲက ဝင်ပြီး ဆုံးမပေးဖို့ လုပ်တာပါ”
လူအုပ်ကြီးသည် အခြေအနေကို အလျင်အမြန် ရှင်းပြလိုက်ကြပြီး လက်ညှိုးများက ဖုန်းဝူချန်ထံသို့သာ ဝိုင်းညွှန်နေကြ၏။
“တိတ်စမ်း” ထျန်းရှန်းဇီက ဒေါသတကြီး အော်ဟစ်လိုက်ရာ လူတိုင်းသည် ချက်ချင်းဆိုသလို ပါးစပ်ပိတ်သွားကြတော့သည်။
ခန်းမသည် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွား၏။ ကျူးကော်မိသားစု အကြီးအကဲပင် စကားတစ်ခွန်းမျှ မပြောဝံ့တော့ချေ။
လူအုပ်ကြီးက အလွန် စိတ်ရှုပ်ထွေးနေကြသည်။ ဖုန်းဝူချန်က လူသတ်ရုံမက ပြဿနာရှာနေသည်မှာ ထင်ရှားပါလျက် ထျန်းရှန်းဇီက သူတို့ပြောသည်ကို နားမထောင်ချင်ဟန် ရှိနေလေ၏။
'ဘာတွေ ဖြစ်နေတာလဲ၊ စီနီယာ ထျန်းရှန်းဇီ ဒီကောင်စုတ်လေးက မလုပ်ခဲ့ရင် ဘယ်သူက ပြဿနာရှာဝံ့မှာလဲ။'
'ဒီကောင်စုတ်လေးစုတ်ကြောင့် ငါတို့ ဒုက္ခရောက်ကုန်ပြီ။ ဆေးပညာရှင် ဆွေးနွေးပွဲမှာ အခုလို ကမောက်ကမ ဖြစ်ရတာ စီနီယာ ထျန်းရှန်းဇီ ဒေါသ မထွက်ရင်တောင် ထူးဆန်းနေပြီ'
'ထင်ရှားတာက ဒီကောင်စုတ်လေးစုတ်က စပြီး တိုက်ခိုက်ခဲ့တာပါ၊ သူတို့က ဘာလို့ ငါတို့ကို အပြစ်တင်နေရတာလဲ။'
လူအုပ်ကြီးသည် ရင်ထဲတွင် မွန်းကျပ်နေကြသော်ငြားလည်း မည်သူမျှ စိတ်ခံစားချက်ကို ထုတ်ဖော်ပြောဆိုရဲခြင်း မရှိတော့ချေ။
“လင်အာ သတိ ပြန်ရလာပြီ” ဒဏ်ရာပြင်းထန်စွာ ရထားသော ကျူးကော်လျန်ချန်သည် မော့လင်အာ နိုးလာသည်ကို သတိထားမိလိုက်သောအခါ သူ့မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာတော့သည်။
“ကျူးကော်... အစ်ကိုပါ ဒဏ်ရာရသွားတာလား။ အစ်ကို.. ဒဏ်ရာရတာ ဖုန်းဝူချန်ကြောင့်… လား” အားနည်းနေသေးသည့် မော့လင်အာက ကျူးကော်လျန်ချန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။
“ဘာမှ မဖြစ်ပါဘူး၊ သေးသေးလေးပါ” ကျူးကော်လျန်ချန်က ပြုံးရယ်ကာ ပြောဆိုသော်လည်း သူ့ရင်ထဲတွင်ကား ခါးသီးမှုများ ပြည့်နှက်နေလေ၏။
၀င်္ကပါပင်လယ်နယ်မြေ၏ ထိပ်တန်း အင်းကွက် ပညာရှင်၊ ဝူကျိနယ်မြေ တစ်ခုလုံးတွင် ဒုတိယ အကောင်းဆုံး ပါရမီရှင်ဟု ပြိုင်ဘက် မရှိခဲ့သူ။
သို့သော် ဖုန်းဝူချန် ပေါ်လာခြင်းသည် ကျူးကော်လျန်ချန်၏ မာန်မာနနှင့် အောင်မြင်မှု အားလုံးကို တစ်ခဏအတွင်း ပြိုပျက်သွားစေရ၏။
“စီနီယာ ထျန်းရှန်းဇီ၊ သူတို့ ပြောတာ အမှန်တွေပါ။ ကျွန်တော်တို့က စီနီယာကို မလေးမစား လုပ်ချင်တာ မဟုတ်ပါဘူး။ ဖုန်းဝူချန်က ဒီမှာ လူသတ်တာကို ကျွန်တော်တို့ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။ သူက ဆေးပညာရှင် နှစ်ဦးကို သတ်ရုံမက ကျွန်တော့် စေ့စပ်သူကို ဒဏ်ရာရစေပြီး ကျွန်တော့်ကိုပါ ဒဏ်ရာ ပြင်းထန်အောင် လုပ်ခဲ့တာပါ။ ကျေးဇူးပြုပြီး တရားမျှတမှုကို ဖော်ထုတ်ပေးဖို့ တောင်းပန်ပါတယ်” ကျူးကော်လျန်ချန်သည် သူ၏ ဒဏ်ရာများကို ဖိထားရင်း ခါးသီးသော လေသံဖြင့် တောင်းဆိုလာ၏။
“စီနီယာ ထျန်းရှန်းဇီ၊ ကျွန်မ ဖုန်းဝူချန်ကို သိပါတယ်။ သူက ယန်ဟော် အင်ပါယာရဲ့ စစ်သူကြီးပါ။ သူတို့အားလုံး ယန်ဟော် အင်ပါယာက လာကြတာပါ။ သူတို့ အဆင့်အတန်းနဲ့ဆို ဒီ ဆေးပညာရှင် ဆွေးနွေးပွဲကို တက်ဖို့ အခွင့်အရေး လုံးဝ မရှိပါဘူး” မော့လင်အာကပါ ဝင်ရောက် ပြောဆိုလိုက်သည်။
“အနောက်ဖျားက ယန်ဟော် အင်ပါယာလား” လူတိုင်း အံ့အားသင့်သွားကြ၏။
သို့သော် မော့လင်အာကတော့ သူမ စကားပြောနေစဉ် ထျန်းရှန်းဇီနှင့် ကျန်းဝူဖုန်းတို့၏ မျက်နှာအိုကြီးများသည် ပို၍ ပို၍ အရောင်အသွေး ဆိုးဝါးလာသည်ကို သတိမထားမိခဲ့ချေ။
“လင်အာ၊ ဖုန်းဝူချန်က ဆဋ္ဌမအဆင့် အင်းကွက် ပညာရှင်” ကျူးကော်လျန်ချန်သည် တိုးတိုးလေး ကပ်ပြောလိုက်၏။ ဖုန်းဝူချန်တွင် ဆေးပညာရှင် ဆွေးနွေးပွဲ တက်ရောက်ရန် အခွင့်အရေး မရှိကြောင်း မော့လင်အာ၏ ပြောဆိုချက်က လုံးဝ မသင့်လျော်ကြောင်းကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။
“ဘာ ဆဋ္ဌမအဆင့် အင်းကွက် ပညာရှင်? ရှင်ထက်တောင် အဆင့် မြင့်တယ်ပေါ့” မော့လင်အာ၏ ဖြူဖျော့နေသော မျက်နှာလှလှလေးသည် ချက်ချင်းဆိုသလို တင်းမာသွားပြီး ဖုန်းဝူချန်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။
မော့လင်အာ၏ စကားသည် တကယ်ပင် မသင့်လျော်ချေ။ ဖုန်းဝူချန်သည် ဆဋ္ဌမအဆင့် အင်းကွက် ပညာရှင် ဖြစ်သည်ကို သိရှိရသောအခါ သူသည် ဆေးပညာရှင် မဟုတ်သည့်တိုင် ဆေးပညာရှင် ဆွေးနွေးပွဲတွင် ပါဝင်ရန် အခွင့်အရေး အပြည့်အဝ ရှိ၏။
ကျူးကော်လျန်ချန်သည် မျက်နှာပျက်စွာ ခေါင်းညိတ်လိုက်သော်လည်း ဖုန်းဝူချန်က ဆွေးနွေးပွဲ၌ ဆူပူသောင်းကျန်းခြင်းနှင့် ဆေးပညာရှင် နှစ်ဦးကို သတ်ပစ်ခြင်းတို့က ထျန်းရှန်းဇီကို ဒေါသထွက်စေပြီဟု သူ ယုံကြည်သည်။ ကျူးကော်လျန်ချန်၏ အမြင်တွင် ဖုန်းဝူချန်နှင့် အပေါင်းအပါများ သေပြီ ဟုသာ မြင်တော့၏။
“ဖုန်းဝူချန်က ဒီမှာ ဆေးပညာရှင်တွေကို သတ်ရဲတယ်။ သူတို့ သေတာ သေချာပြီ။ ငါတို့ ဝင်လုပ်စရာတောင် မလိုတော့ဘူး။ သူတို့ ကိုယ့်ဖာသာကိုယ် သေဒဏ်ပေးပြီးပြီ” ကျူးကော်လျန်ချန်သည် သူ့မျက်နှာဖြူဖျော့ပေါ်တွင် ရက်စက်သော အပြုံး တစ်ချက် ပေါ်လာရင်း တီးတိုး ရေရွတ်လိုက်သည်။
'ဒီလူငယ်က တကယ်တော့ ဘယ်သူလဲ။ သူက ယန်ဟော် အင်ပါယာရဲ့ စစ်သူကြီး သက်သက်တော့ မဟုတ်ဘူး။ ဆဋ္ဌမအဆင့် အင်းကွက် ပညာရှင် နယ်ပယ်က သူ့ရဲ့ နောက်ခံက မပေါ့ဆသင့်ဘူးဆိုတာ ပြနေတယ်။ ထျန်းရှန်းဇီနဲ့ အဖွဲ့က သူ့ရဲ့ ဂုဏ်ပုဒ်ကို အရင်ကတည်းက သိနေပုံရတယ်' ကျူးကော်မိသားစု အကြီးအကဲသည် မျက်နှာ တည်တင်းစွာဖြင့် ဖုန်းဝူချန်ကို အကဲခတ်ရင်း အတွင်းစိတ်မှ ဆင်ခြင်မိ၏။
“မင်းတို့ အားလုံး ပါးစပ်ပိတ်ထား” ထျန်းရှန်းဇီသည် ကျူးကော်လျန်ချန်နှင့် မော့လင်အာတို့အား ဒေါသတကြီး အော်ဟစ်လိုက်၏။ သူက သူတို့ကို ချက်ချင်း မှုတ်ထုတ်ပစ်လိုက်ချင်သည် အလားပင်။
ထျန်းရှန်းဇီနှင့် အဖွဲ့သည် ဖုန်းဝူချန်ထံသို့ အလျင်အမြန် ချဉ်းကပ်လာကြသည်။ လူတိုင်း၏ အကြည့်များသည် ဖုန်းဝူချန်ထံသို့ တစ်ပြိုင်တည်း ရောက်ရှိသွားပြီး မကြာမီ ဒုက္ခရောက်တော့မည်ဟူသော လှောင်ပြုံးများ ပေါ်လာကြ၏။
သို့သော် မည်သူမျှ သူတို့၏ ကျေနပ်မှုကို အပြည့်အဝ မခံစားရမီ နောက်ဖြစ်ပျက်သွားသည့် အရာက လူတိုင်း၏ မျက်နှာကို ကျောက်ရုပ်လို တောင့်ခဲသွားစေသည်။ ထိတ်လန့်မှုနှင့် အံ့အားသင့်မှုများ မျက်နှာများတွင် ပျံ့နှံ့သွားတော့၏။
ထျန်းရှန်းဇီနှင့် အဖွဲ့သည် ဖုန်းဝူချန်ထံ ရောက်သည်နှင့် လက်သီးလက်ဝါး ယှဉ်ကာ တစ်ပြိုင်နက်တည်း ဦးညွတ်ဂါရဝပြုလိုက်ကြသည်။
“ဆေးဧကရာဇ်..” ဟူ၍။
“ဒုန်း”
ရိုသေစွာ ခေါ်ဝေါ်လိုက်သော ထိုအသံသည် ဆွေးနွေးပွဲခန်းမ တစ်ခုလုံးတွင် မိုးခြိမ်းသံနှယ် ပေါက်ကွဲသွားတော့သည်။ လူတိုင်း၏ မျက်နှာများ တင်းမာသွားပြီး ကြောက်ရွံ့မှုများ အရှိန်အဟုန်ဖြင့် တွားတက်လာကြသည်။
“ဆေး... ဆေးဧကရာဇ်” ထျန်းရှန်းဇီတို့၏ ဤမျှ ရိုသေသော အပြုအမူကို မြင်ရသော ကျူးကော်မိသားစု အကြီးအကဲ၏ မျက်နှာသည် ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်ကာ မျက်လုံးများပင် ပြူးကျယ်ထွက်လာာတော့၏။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဆဋ္ဌမအဆင့် အင်းကွက် ပညာရှင် နယ်ပယ်က ဒီလိုမျိုး... မဖြစ်သင့်ဘူး…” ကျူးကော်လျန်ချန်သည် အကြီးအကျယ် တုန်လှုပ် သွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေတော့သည်။
ထျန်းရှန်းဇီကိုယ်တိုင်က အဋ္ဌမအဆင့် ဆေးပညာရှင်၊ ကျန်းဝူဖုန်းက သတ္တမအဆင့် လက်နက်ပြုလုပ်သူ၊ အခြား သတ္တမအဆင့် ဆေးပညာရှင် နှစ်ဦးလည်း ရှိသေးသည်။ ထို လေးဦး၏ ဂုဏ်ပုဒ်သည် အလွန်အမင်း မြင့်၏။
ထိုသူများက ဆဋ္ဌမအဆင့် အင်းကွက် ပညာရှင် တစ်ဦးကို ဤမျှ ရိုသေမှု ပြသသည်ကို ကျူးကော်လျန်ချန် လုံးဝ မယုံနိုင်ချေ။
“ဆေးဧကရာဇ်… ဒီ…” မော့လင်အာပင် စကားမပြောနိုင်လောက်အောင် ငိုင်တိုင်သွားတော့သည်။ သူမ၏ စိတ်သည် လုံးဝ လေဟာနယ်သဖွယ် ဖြစ်သွားချေ၏။
အံ့အားသင့်ဆုံးသူမှာ မော့လင်အာပင် ဖြစ်သည်။ သူမက သူမ၏ အဆင့်အတန်းနှင့် ကျင့်ကြံမှုက ဖုန်းဝူချန်ကို အလွယ်တကူ ခြေမှုန်းနိုင်သည်၊ ယန်ဟော် အင်ပါယာ၏ စစ်သူကြီးတစ်ဦးသည် သူမရှေ့တွင် ဘာမှ မဟုတ်ဟု ထင်ထားခဲ့သည်။
သို့သော် မော့လင်အာ မမျှော်လင့်ထားခဲ့သည်မှာ ဖုန်းဝူချန်၏ ဂုဏ်ပုဒ်သည် တစ်ဖန် ရာ တစ်ခု ဖြစ်လာပြန်သည်ကိုပင်တည်း။
“သူက တကယ်တမ်း..ဘယ်သူများလဲ။ စီနီယာ ထျန်းရှန်းဇီနဲ့ ကျန်းမိသားစု အကြီးအကဲက သူ့ကို ဘယ်လိုလုပ် ဒီလောက် ရိုသေနေရတာလဲ”
“စီနီယာ ထျန်းရှန်းဇီတို့က သူ့ကို ဆေးဧကရာဇ်လို့ ခေါ်နေကြတာ.. ဒါက ဒဏ္ဍာရီလာ ဆေးပညာ နယ်ပယ်ပဲ”
“ငါတို့.. တကယ်ပဲ ဘေးဆိုးကြီးကို ဖန်တီးခဲ့ကြပြီလား..မစော်ကားသင့်တဲ့ သူကို သွားစော်ကားခဲ့မိပြီ.. စီနီယာ ထျန်းရှန်းဇီတို့ သူ့ကို ဒီလို ရိုသေနေတာကို ကြည့်ပြီး ငါတို့…”
အခန်း (၅၃၃) - သွေးအေးပြီး ရက်စက်ခြင်း
~“အဆုံးသတ်ပြီ…”
ဆွေးနွေးပွဲ ကျင်းပရာ နေရာရှိ လူတိုင်း၏ ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်မှုများ ပြည့်နှက်နေလေ၏။
ထျန်းရှန်းဇီနှင့် ကျန်းဝူဖုန်း (ဝူဖုန်း) တို့ လေးဦးစလုံးက ဖုန်းဝူချန်အား ရိုသေစွာ ခေါ်ဝေါ်လိုက်သော ဂုဏ်ပုဒ်သည် လက်ရှိ ရှိနေသူ အားလုံးကို ကြောက်လန့်တကြား ဖြစ်သွားစေတော့၏။
“ဆေးဧကရာဇ်” ဟူသော စကားလုံးနှစ်လုံးတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအင်တစ်ခု ပါဝင်နေပြီး လူအုပ်ကြီးကို ဖိနှိပ်ထားကာ အသက်ရှူပင် ကျပ်စေ၏။
ခန်းမကြီးထဲတွင် ဆူညံသံများ ထွက်ပေါ်လာ၏။
..သူက တကယ်တော့ ဘယ်သူလဲ။ ထျန်းရှန်းဇီနဲ့ ဝူဖုန်းတောင် ဒီလောက် ရိုသေနေရတာ..
ကျူးကော်မိသားစု အကြီးအကဲသည် ပို၍.. ပို၍ စူးစမ်းလိုစိတ်နှင့် ကြောက်ရွံ့မှုများ တိုးလာတော့သည်။
သူ့အပြင် အဆင့်မြင့် ဆေးပညာရှင်များနှင့် အင်အားကြီး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်ကြီးများလည်း အလွန် စိတ်ဝင်စားနေကြချေ၏။
ထျန်းရှန်းဇီနှင့် ဝူဖုန်းကို ဤမျှ ရိုသေ လေးစားအောင် လုပ်နိုင်သည့် ထိုမျှ ငယ်ရွယ်သော လူ တစ်ယောက်ကို သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
“ဆေးဧကရာဇ်၊ ကျေးဇူးပြုပြီး ဒေါသဖြေပါ” ထျန်းရှန်းဇီက လျင်မြန်စွာ ရိုသေစွာ တောင်းပန်လာ၏။
သူ၏ ရင်ထဲတွင်မူ ပစ္စုပ္ပန်၌ ရှိနေသူ အားလုံးကို သတ်ပစ်လိုက်ချင်စိတ် ပေါက်နေလေ၏။
ဖုန်းဝူချန်၏ လမ်းညွှန်သင်ကြားမှု ကို ထျန်းရှန်းဇီတို့ အလွယ်တကူ ရရှိခဲ့ရခြင်း မဟုတ်ချေ။ သို့ပါသော်ငြားလည်း အချိန်တိုလေး အတွင်းမှာပင် တစ်စုံတစ်ဦးက ဖုန်းဝူချန်ကို စော်ကားလိုက်ပြီ ဖြစ်သည်။
ဖုန်းဝူချန်က ဒေါသတကြီး ထွက်ခွာသွားမည်ကို ထျန်းရှန်းဇီ တကယ်ကို စိုးရိမ်မိ၏။ ထိုသို့ ဖြစ်ခဲ့ပါက ဖုန်းဝူချန်ထံမှ ဆေးပညာဆိုင်ရာ လမ်းညွှန်မှုများကို သူတို့ မေ့လိုက်ရတော့မည် ဖြစ်သည်။
ဤအချိန်၌ မည်သည့် ကိစ္စပင် ဖြစ်ပျက်ခဲ့ပါစေ၊ ဖုန်းဝူချန်၏ အမှားပင် ဖြစ်ပါစေကာမူ၊ ထျန်းရှန်းဇီတို့က ဖုန်းဝူချန်သည် အမှန် ဖြစ်သည်ဟုသာ ပြောဆိုရတော့မည် ဖြစ်၏။
“ဆေးဧကရာဇ်၊ ဘာတွေ ဖြစ်ခဲ့တာလဲ ခင်ဗျာ” ဝူဖုန်းက ရိုသေစွာ မေးလိုက်သည်။
“သေးငယ်တဲ့ ကိစ္စပါဗျာ။ နတ်သမီး ပင်လယ် မျှော်စင်ရဲ့ ပဉ္စမထပ်က လူစာရင်းကို ကျွန်တော့်ကို ပေးပါ” ဖုန်းဝူချန်က လျစ်လျူရှုစွာ ဆိုသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ နတ်သမီး ပင်လယ် မျှော်စင်၏ ပဉ္စမထပ်တွင် ရှိခဲ့ကြသော ဆေးပညာရှင်များနှင့် အင်အားကြီး ပုဂ္ဂိုလ်တို့၏ နှလုံးသားများ ထိတ်ခနဲ ခုန်သွားကြတော့သည်။ သူတို့၏ သတ္တိသည် လုံးဝ ပြိုကွဲသွားရ၏။
ထူးဆန်းပြီး ကောင်းသော လေထုက ခန်းမတစ်ခုလုံးသို့ သိပ်သည်းသွားသည်။ မည်သူမျှ စကားမပြောဝံ့ကြဘဲ လူတိုင်း၏ ကျောပြင်တွင် ချွေးအေးများ စိမ့်ထွက်နေသည်။
“အဲ့ဒီစာရင်းကို ယူလာခဲ့” ထျန်းရှန်းဇီက ခပ်အေးအေး အမိန့်ပေးလိုက်ပြီး သူ၏ အကြည့်က လူအုပ်ကြီးကို တစ်ဖန် ဝေ့ဝဲသွားတော့သည်။
အခိုင်းအစေတစ်ဦးက စာရင်းကို အလျင်အမြန် ယူလာပြီး ရိုသေစွာဖြင့်– “သေဆုံးသွားတဲ့ သူနှစ်ဦးရဲ့ နာမည်ကို ခြစ်ထားပြီးပါပြီရှင့်” ဟု အသိပေးလာသည်။
ထျန်းရှန်းဇီက ထိုစာရင်းကို ဖုန်းဝူချန်အား အလွန် ရိုသေစွာ ကမ်းပေးလိုက်၏။
“နီဖုန်းယွင်၊ ထျန်းတောင်းဂိုဏ်းရဲ့ ဒုတိယ အကြီးအကဲ၊ ရှန်ဝူဂိုဏ်းရဲ့ ပထမ အကြီးအကဲ၊ ကျန်းမိသားစု အကြီးအကဲ၊ ကော မိသားစု… သူတို့က လွဲလို့ နတ်သမီး ပင်လယ် မျှော်စင်ရဲ့ ပဉ္စမထပ်မှာ ရှိခဲ့ကြတဲ့ ဆေးပညာရှင် အားလုံးကို အရည်အချင်း မရှိလို့ ပယ်ဖျက်လိုက်ပြီ” ဖုန်းဝူချန်က လျစ်လျူရှုသော လေသံဖြင့် ဆိုသည်။
“အရည်အချင်း ပယ်ဖျက်လိုက်ပြီလား” ထိုစကားကို ကြားလိုက်ရသည့်အခါ ပဉ္စမထပ်မှ ဆေးပညာရှင် တစ်ဒါဇင်ကျော်၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြတော့သည်။
“ဟုတ်တယ်.. အရည်အချင်း ပယ်ဖျက်လိုက်ပြီ” ဖုန်းဝူချန်က အေးစက်စွာ ထပ်ပြောလိုက်ပြီး သူ၏ စူးရှသော အကြည့်က ထိုဆေးပညာရှင်များထံသို့ ဝေ့ဝဲသွား၏။
မော့လင်အာ၏ ဖြူဖျော့သော မျက်နှာလှလှလေးသည် အလွန်ရုပ်ဆိုးသွားတော့သည်။ သူမသည် ဖုန်းဝူချန်ကို မကျေမနပ်ဖြစ်သော ရင်ထဲမှ အမျက်ဒေါသများဖြင့် စိုက်ကြည့်လိုက်၏။
ဤနှစ်များတစ်လျှောက် သူမ၏ ကြိုးစားအားထုတ်မှုများ၊ လူတိုင်း လိုက်မမီနိုင်သော သူမ၏ လက်ရှိ အဆင့်အတန်းကို ပြန်တွေးမိ၏။
သို့သော် မော့လင်အာ မမျှော်လင့်ထားခဲ့သည်မှာ သူမ၏ နှစ်ပေါင်းများစွာ ကြိုးပမ်းမှုသည် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် လုံးဝ အရာမဝင် ဖြစ်နေသည်ကိုပင်တည်း။
ဖုန်းဝူချန် ပြသလိုက်သော ဂုဏ်ပုဒ်သည် သူမသာမက ကျူးကော်မိသားစုပင် ယှဉ်နိုင်စွမ်း မရှိချေ။
သူမက ဖုန်းဝူချန်ကို ယခင်က မလေးမစား လုပ်ခဲ့သည်ကို ပြန်တွေးမိပြီး ဖုန်းဝူချန်က သူမအား ပြက်လုံး တစ်ခုပမာ အရေးမလုပ်ခဲ့သည်ကို သိလိုက်ရသောအခါ မော့လင်အာသည် မျက်နှာပျက်ရသည်ဟု ခံစားရပြီး ဖုန်းဝူချန်အပေါ် သူမ၏ မကျေနပ်မှုသည် ပို၍ နက်ရှိုင်းလာတော့၏။
“ဒီကိစ္စကို ကန့်ကွက်ချင်တဲ့သူ ရှိရင် ရှေ့ကို ထွက်ခဲ့ပါ” လျိုချင်းယန်က လှောင်ပြုံးဖြင့် ပြောဆိုလိုက်သည်။
ထိုစဉ်က နတ်သမီး ပင်လယ် မျှော်စင်၏ ပဉ္စမထပ်တွင် နီဖုန်းယွင်နှင့် ကျန်းမိသားစု အကြီးအကဲတို့မှ လွဲ၍ ကျန် ဆေးပညာရှင်များနှင့် အင်အားကြီး ပုဂ္ဂိုလ်များအားလုံးသည် ဖုန်းဝူချန်တို့ အဖွဲ့ကို အဆိပ်အတောက် စကားလုံးများဖြင့် ခဏခဏ ပြောဆိုခဲ့ကြ၏။
“ငါ လက်မခံနိုင်ဘူး..ဆေးပညာရှင် ဆွေးနွေးပွဲကို ထျန်းရှန်းဇီက စီစဉ်တာ။ မင်းမှာ ဘာ အခွင့်အရေးရှိလို့ ငါတို့ကို ပယ်ဖျက်ရတာလဲ” စတုတ္ထအဆင့် ဆေးပညာရှင် အဘိုးအို တစ်ဦးက စိတ်မထိန်းနိုင်တော့ဘဲ မျက်နှာ တင်းမာစွာဖြင့် ဒေါသတကြီး မေးမြန်းလိုက်၏။
“ဒီက ဆေးပညာရှင် ဆွေးနွေးပွဲဗျ ခွန်အား ပြသဖို့ နေရာ မဟုတ်ဘူး” အခြား ဆေးပညာရှင်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“ထျန်းရှန်းဇီ၊ ခင်ဗျားက ဒီ ဆေးပညာရှင် ဆွေးနွေးပွဲကို စီစဉ်သူပဲ။ ခင်ဗျားကို စီနီယာ၊ အဋ္ဌမအဆင့် ဆေးပညာရှင်အဖြစ် လေးစားလို့ ကျွန်တော်တို့ လာခဲ့ကြတာ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီကို အရှက်လာရဖို့ လာခဲ့ကြတာ မဟုတ်ဘူး။ ခင်ဗျားက ဒီလူငယ်လေးကို ကျွန်တော်တို့ကို ဒီလို စော်ကားခွင့် ပေးရသလား” ပဉ္စမအဆင့် ဆေးပညာရှင်တစ်ဦးက ဖုန်းဝူချန်၏ လုပ်ရပ်ကို လွန်စွာ မကျေနပ်ဟန်ဖြင့် စောဒကတက်လာသည်။
ထျန်းရှန်းဇီက အေးစက်စွာ ချေပလိုက်သည်– “မကျေနပ်ဘူးဆိုရင် အလျင်အမြန် ထွက်သွားလိုက်”
ထျန်းရှန်းဇီသည် လုံးဝ ယဉ်ကျေးခြင်း မရှိဘဲ မျက်နှာမပေးနေချေ။
ဤ ဆေးပညာရှင်များသည် သူတို့ကိုယ် သူတို့ အလွန် အထင်ကြီးလွန်းပြီး မာန်မာနများဖြင့် ပြည့်နှက်နေလေ၏။
ထျန်းရှန်းဇီက သူတို့အတွက် ဖုန်းဝူချန်ကို စော်ကားဝံ့ပါမည်လား။
ထျန်းရှန်းဇီ၏ အဖြေကြောင့် ထို ဆေးပညာရှင် တစ်ဒါဇင်ကျော် ကြက်သေ သေသွားကြသည်။
“ကောင်းပြီ..တော်တော် ကောင်းတယ်. ထျန်းရှန်းဇီ၊ ခင်ဗျားက အဋ္ဌမအဆင့် ဆေးပညာရှင် ဖြစ်ရုံနဲ့ ..ကျွန်တော်တို့က ဒီကောင်စုတ်လေးရဲ့ စော်ကားမှုကို သည်းခံရမယ်လို့ မထင်ပါနဲ့။ ခင်ဗျားက သူ့ကို အကာအကွယ် ပေးနေပြီဆိုရင် ဒီ အဘိုးကြီး.. သွားပါပြီ” ပဉ္စမအဆင့် ဆေးပညာရှင် တစ်ဦးက မကျေမချမ်း ရေရွတ်လိုက်ရင်း ဝတ်ရုံ လက်စကို ပစ်ခါ၍ ထွက်ခွာသွားတော့သည်။
“ဒီနေ့ကစပြီး ပဉ္စမအဆင့် ဆေးပညာရှင် ကျိုးဝူရန်က ဝူကျိနယ်မြေက ဆေးပညာရှင် ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ အရည်အချင်း လုံးဝ မရှိတော့ပါ” ထျန်းရှန်းဇီက ခပ်အေးအေး ကြေညာလေသည်။
ဝူကျိနယ်မြေ၏ ဆေးပညာ လောကတွင် သူ၏ စကားသည် ဥပဒေပင် ဖြစ်၏။
“ဒီမှာ ရှိနေတဲ့ မည်သည့် ဆေးပညာရှင်မဆို မကျေနပ်ဘူးလို့ ခံစားရရင် ဘယ်အချိန်မဆို ထွက်ခွာနိုင်ပါတယ်။ ကျုပ် လုံးဝ မတားဘူး” ထျန်းရှန်းဇီက ထွက်ခွာသွားသော ပဉ္စမအဆင့် ဆေးပညာရှင်ကို လှည့်ပင် မကြည့်ဘဲ အေးစက်စွာ ဆိုလိုက်၏။
“ဘုန်း”
“အား”
ထို ပဉ္စမအဆင့် ဆေးပညာရှင်သည် ဆွေးနွေးပွဲခန်းမထဲမှ ထွက်ခွာသွားသည်နှင့် အော်ဟစ်သံ တစ်သံ ပေါ်လာတော့သည်။ သူ၏ ခန္ဓာကိုယ်သည် မီးတောက်များ ဝါးမြိုခြင်း ခံလိုက်ရပြီး မီးခိုးနက်များ တရဟော ထွက်ပေါ်လာ၏။
အချိန်တိုလေးအတွင်းမှာပင် ထို ပဉ္စမအဆင့် ဆေးပညာရှင်သည် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားရ၏။
ဖုန်းဝူချန်က လက်ရဲဇက်ရဲ လုပ်လိုက်ခြင်းပင်။ သူသည် သွေးအေးပြီး ရက်စက်လွန်းသည်။
ခန်းမထဲတွင် မည်သူမျှ စကားမပြောဝံ့ကြတော့ချေ။ မည်သည့် ဆေးပညာရှင်ကမှ ထွက်ခွာခြင်း မပြုတော့ပေ။
“ငါ နာမည်ခေါ်တဲ့သူတွေ ထရပ်ပါ” ဖုန်းဝူချန်က ဆက်လက်၍ နာမည်များကို တစ်ယောက်ချင်းစီ ခေါ်ဆိုလိုက်၏။ သူ၏ လေသံတွင် မည်သည့် ခံစားချက်မျှ မပါဝင်ချေ။
ဖုန်းဝူချန် နာမည်ခေါ်လိုက်သော သူများသည် တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြတော့သည်။
သူတို့၏ အရေအတွက်သည် သုံးဆယ်ကျော်အထိ ရှိ၏။
ဖုန်းဝူချန်၏ အေးစက်သော အကြည့်များက ထိုလူများအပေါ် ဝေ့ဝဲသွားရာ သူတို့သည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်သွားကြသည်။ ရေခဲလှောင်အိမ်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။
“နတ်သမီး ပင်လယ် မျှော်စင်ရဲ့ ပဉ္စမထပ်မှာ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတွေကို ခင်ဗျားတို့က ရန်ရှာခဲ့ကြသေးလား” ဖုန်းဝူချန်က အေးစက်စွာ မေးမြန်းလိုက်၏။
လူ သုံးဆယ်ကျော်တို့သည် ကြောက်လန့်တကြား ခေါင်းခါလိုက်ကြပြီး မည်သူမျှ စကားမပြောဝံ့တော့ချေ။
“ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတွေက အရည်အချင်း မရှိဘူးလို့ ခင်ဗျားတို့ ဘယ်နေရာမှာ မြင်ခဲ့ကြတာလဲ။ ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ ဆေးပညာ နယ်ပယ်ကို အထင်ကြီးလွန်းလို့၊ မာန်မာန ကြီးလွန်းလို့ လူတိုင်းကို အထင်သေးခဲ့ကြတာလား” ဖုန်းဝူချန်က သူ၏ လေသံကို အေးခဲအောင် လုပ်ကာ ထပ်မံ မေးမြန်းလိုက်သည်။
လူ ဒါဇင်ပေါင်းများစွာတို့သည် ခေါင်းပင် မော့ဝံ့ဘဲ တိတ်ဆိတ်နေကြတော့၏။
“ခင်ဗျား ပြောပြပါဦး၊ ကျွန်တော်တို့ အရည်အချင်း မမီဘူးလို့ ခင်ဗျား ဘယ်နေရာမှာ မြင်ခဲ့တာလဲ” ဖုန်းဝူချန်သည် စတုတ္ထအဆင့် ဆေးပညာရှင် တစ်ဦးကို ခေါ်လိုက်၏။ သူ၏ လေသံတွင် အမိန့်ပေးမှုက ထင်ရှား၏။
“ကျွန်… ကျွန်တော်…” စတုတ္ထအဆင့် ဆေးပညာရှင်၏ မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး စကားတစ်ခွန်းပင် ကောင်းကောင်း မပြောနိုင်တော့ချေ။
“ဘုန်း”
“အား”
လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ဖုန်းဝူချန်သည် ထို စတုတ္ထအဆင့် ဆေးပညာရှင်ကို မီးတောက်များ တလူလူဖြင့် လောင်ကျွမ်း စေသည်။ မီးခိုးနက်များ ထွက်ပေါ်လာပြီး ဝါးမြိုသော မီးအဆိပ်၏ ဝေဒနာကြောင့် ဝက်သတ်သကဲ့သို့ အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။
တစ်ခဏအတွင်းမှာပင် ထို စတုတ္ထအဆင့် ဆေးပညာရှင်သည် သူ၏ ကိုယ်ပိုင် မီးအဆိပ်ဖြင့်ပင် ဝါးမြိုခြင်း ခံလိုက်ရပြီး ဘာတစ်ခုမျှ မကျန်တော့ချေ။
သူ၏ ရက်စက်သော နည်းလမ်းများသည် လက်ရှိ ရှိနေသူ အားလုံးကို တစ်ဖန် ထပ်မံ ခြောက်လှန့် လိုက်ပြန်သည်။
ထျန်းရှန်းဇီနှင့် အခြား သတ္တမအဆင့် ဆေးပညာရှင် နှစ်ဦးတို့သည် စကားမပြောနိုင်တော့ဘဲ ကြောင်အမ်းအမ်း ဖြစ်နေကြ၏။ ဖုန်းဝူချန်၏ ဤသို့သော လုပ်ရပ်မျိုးကို သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
ကျန်းဝူဖုန်းသည်လည်း ဖုန်းဝူချန်က မီးအဆိပ်ကို ထိန်းချုပ်နိုင်ကြောင်းကို သူတို့ကို တစ်ခါမျှ မပြောပြခဲ့ချေ။
“ခင်ဗျား ပြောပါဦး” ဖုန်းဝူချန်၏ အေးစက်သော အကြည့်သည် ကောင်းကင်လူသား ဘုံ၏ ပဉ္စမအလွှာမှ သိုင်းပညာရှင်တစ်ဦးထံသို့ ရောက်သွားတော့သည်။
ဖုန်းဝူချန်သည် မျက်နှာပင် မပျက်ဘဲ လက်ဖျားလေး တစ်ချက် ခါရုံဖြင့် ဆေးပညာရှင်တစ်ဦးကို သတ်ပစ်လိုက်၏။
“မသိပါဘူး၊ ကျွန်တော် မသိပါဘူး၊ ကျေးဇူးပြုပြီး မသတ်ပါနဲ့၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့” ကောင်းကင်လူသား ဘုံ၏ ပဉ္စမအလွှာ သိုင်းပညာရှင်သည် ကြောက်လန့်တကြား ဒူးထောက်ကာ ခေါင်းများ ဆောင့်၍ အသနားခံတော့သည်။
“ဒုန်း”
“အွတ်”
ဖုန်းဝူချန်သည် မျက်တောင်တစ်ခတ်အတွင်း နေရာရွှေ့ပြောင်း သွားပြီး ထိုလူ၏ ရှေ့တွင် ထူးဆန်း နက်နဲစွာ ပေါ်လာ၏။
ထိုသူ၏ ဦးခေါင်းကို ရက်စက်စွာ ရိုက်ချလိုက်ရာ သွေးတစ်လုပ် ပန်းထွက်ပြီး ထိုနေရာ၌ပင် သေဆုံးသွားလေတော့သည်။
ကောင်းကင်ဘုံလူသား ဘုံ၏ ပဉ္စမအလွှာ သိုင်းပညာရှင် တစ်ဦးသည် ဖုန်းဝူချန်၏ လက်ဝါးချက် တစ်ချက်တည်းဖြင့် အသက်ပျောက်သွားရလေ၏။
အခန်း (၅၃၄) - မော့လင်အာ၏ တုန်လှုပ်ခြင်း
~ရက်စက်မှု လုံးဝ မပါသော ထို နည်းလမ်းများသည် လူတိုင်း၏ ရင်ထဲ၌ ကြောက်ရွံ့မှုကိုသာ ဖြစ်ပေါ်စေတော့၏။
ဖုန်းဝူချန် မေးလိုက်သော မေးခွန်းတိုင်းကို အဖြေ မပေးနိုင်သူတိုင်း သေဆုံးရန် သေချာ ၏။
ဖုန်းဝူချန်သည် လူတိုင်းကို စိတ်ရှည်လက်ရှည်ဖြင့် တစ်ဦးချင်းစီ မေးမြန်းနေသော်လည်း အဖြေ မပေးနိုင်သူတိုင်း သေဒဏ်ကို ခံယူရတော့သည်။
ဆယ်မိနစ်ကျော် ကြာပြီးနောက်တွင် လူ ခြောက်ဦး သေဆုံးခဲ့ရ၏။
“အခု ခင်ဗျား ပြောပြဖို့ အလှည့်ပဲ” ဖုန်းဝူချန်သည် ပဉ္စမအဆင့် ဆေးပညာရှင်တစ်ဦးကို ကြည့်လိုက်ပြီး– “ပဉ္စမအဆင့် ဆေးပညာရှင် တစ်ယောက်အနေနဲ့ ခင်ဗျားမှာတော့ ပိုကောင်းတဲ့ ဆုံးဖြတ်ချက် ရှိရမယ်။ ကျွန်တော်တို့ အရည်အချင်း မရှိဘူးလို့ ခင်ဗျား ဘယ်နေရာမှာ မြင်ခဲ့တာလဲ” ဟု မေးမြန်းလိုက်သည်။
“ဆေး… ဆေးဧကရာဇ်ကို လျှောက်တင်ပါတယ်၊ ဒီလက်အောက်ငယ်သား ပြောခဲ့တာ… ပြောခဲ့တာက…” ထို ပဉ္စမအဆင့် ဆေးပညာရှင်သည် အကြီးအကျယ် ကြောက်လန့်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူက အသက်ရှူပင် ကျပ်နေတော့သည်။
“ဖြည်းဖြည်း ပြောပါ။ အလျင်လိုစရာ မလိုပါဘူး။ ကျွန်တော့်မှာ အချိန်တွေ အများကြီး ရှိပါတယ်” ဖုန်းဝူချန်က လျစ်လျူရှုစွာ ဆို၏။
“ဒီ ဒီလက်အောက်ငယ်သား မာနကြီးပြီး ခွေးမျက်လုံးနဲ့ သူများကို အထင်မသေးသင့်ပါဘူး။ ဆေးပညာရှင်တွေနဲ့ ဂုဏ်ပုဒ်ရှိတဲ့ သိုင်းပညာရှင် အချို့သာ နတ်သမီး ပင်လယ် မျှော်စင်ရဲ့ ပဉ္စမထပ်ကို တက်ခွင့်ရှိပါတယ်။ ဒီ ဒီလက်အောက်ငယ်သားက ဆေးဧကရာဇ်ကို ငယ်လွန်းတယ်၊ ပြီးတော့ ဆေးပညာရှင် မဟုတ်ဘူးလို့ ထင်ခဲ့မိလို့…” ပဉ္စမအဆင့် ဆေးပညာရှင်သည် ကြောက်လန့်တကြား ဖြေဆိုလိုက်၏။
“ဪ... ဒီလိုကိုး” ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။
သို့သော် ဖုန်းဝူချန်က လက်ရဲဇက်ရဲ လုပ်ခြင်း မရှိသဖြင့် ထို ဆေးပညာရှင်သည် သေမင်းရဲ့ တံစဉ်းမှ လွတ်မြောက်သွားပြီဟု ခံစားရပြီး သက်ပြင်းချလိုက်မိ၏။
“ဟမ့် ခွေးမျက်လုံးနဲ့ သူများကို အထင်သေးတာကို သိတယ်ပေါ့။ ပဉ္စမအဆင့် ဆေးပညာရှင်ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘာထင်နေလဲ” လျိုချင်းယန်က မျက်နှာတွင် မထီမဲ့မြင်ဟန်ဖြင့် ပြောဆိုလိုက်သည်။
ထို ဆေးပညာရှင်သည် ကြောက်လန့်တကြား ပြန်ဖြေသည်– “ဒီ ဒီလက်အောက်ငယ်သား အမှားကို သိပါတယ်၊ ခွေးမျက်လုံးနဲ့ သူများကို အထင်မသေးသင့်ပါဘူး။ ဆေးဧကရာဇ် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
လှောင်ပြောင်သော အကြည့်ဖြင့် လျိုချင်းယန်က ပြုံးရယ်ကာ အေးစက်စွာ မေးသည်– “ငါတို့ ဒီကို ပြဿနာရှာဖို့၊ ရမ်းကားဖို့ လာတာလို့ ဘယ်သူ ပြောခဲ့တာလဲ။ ဘယ်သူ ပြောခဲ့လဲဆိုတာ တစ်ယောက်ယောက် ပြောပြနိုင်မလား”
သူတို့အား မေးခွန်းတိုင်း မေးလိုက်တိုင်းသည် သူတို့အတွက် အကြောက်ရွံ့ဆုံး အခိုက်အတန့်ပင် ဖြစ်သည်။ အဖြေ မပေးနိုင်ပါက သေခြင်းကို ရင်ဆိုင်ရမည် ဖြစ်၏။
“မင်း ပြောစမ်း” ဖုန်းဝူချန်သည် စတုတ္ထအဆင့် ဆေးပညာရှင်တစ်ဦးကို လက်ညှိုးထိုးလိုက်သည်။
ဖုန်းဝူချန် လက်ညှိုးထိုးလိုက်သည်ကို မြင်ရသောအခါ ထို ဆေးပညာရှင်သည် အလွန်အမင်း ကြောက်လန့်သွားပြီး ဒူးထောက်ကာ အသနားခံတော့သည်– “ဆေးဧကရာဇ်၊ အသက်ကို ချမ်းသာပေးပါ..ဒီလက်အောက်ငယ်သား အဲ့ဒီစကားတွေ မပြောခဲ့ပါဘူး၊ တကယ် မပြောခဲ့ပါဘူး၊ ကျိန်ရဲပါတယ်၊ ဒီလက်အောက်ငယ်သား အဲ့ဒီတုန်းက ဘာမှ မပြောခဲ့ပါဘူး။ ဆေးဧကရာဇ် အမှန်တရားကို ခွဲခြားသိမြင်ပေးပါ”
“ကောင်းပြီ.. ဒါဆို..မင်း ပြောစမ်း၊ မင်းက ပထမဆုံး စပြောခဲ့တာလို့ ငါ မှတ်မိတယ်” ဖုန်းဝူချန်သည် အခြား ဆေးပညာရှင် တစ်ဦးထံသို့ လျင်မြန်စွာ လှည့်လိုက်၏။
“ဆေးဧကရာဇ်၊ အသက်ချမ်းသာပေးပါ၊ ဒီ..ဒီလက်အောက်ငယ်သားက သခင် ခိုးဝင်လာတာလို့ ထင်ခဲ့မိလို့ ဆေးဧကရာဇ်ရဲ့ ဂုဏ်ပုဒ်ကို မသိခဲ့ပါဘူး။ ဒါကြောင့် မလေးမစား ပြောဆိုခဲ့မိတာပါ” ထို ဆေးပညာရှင်သည် ကြောက်လန့်တကြား ဒူးထောက်လိုက်၏။
“ခိုးဝင်လာတယ်…ဆေးပညာရှင် ဆွေးနွေးပွဲကို စီစဉ်တဲ့သူတွေက မျက်မမြင်တွေလို့ ခင်ဗျား ဆိုလိုချင်တာလား” ဖုန်းဝူချန်က အေးစက်စွာ မေးမြန်းလိုက်၏။ သူ၏ လေသံက အေးစက်မှု အဆင့်ဆင့် မြင့်တက်လာတော့သည်။
“ဒီ ဒီလက်အောက်ငယ်သား အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး” ထို ဆေးပညာရှင်သည် ထိတ်လန့်တကြား ခေါင်းခါလိုက်ပြီးနောက် ထျန်းရှန်းဇီကို လှည့်၍–
“စီနီယာ ထျန်းရှန်းဇီ၊ ဒီလက်အောက်ငယ်သားတို့ ဆေးပညာရှင် ဆွေးနွေးပွဲ စီစဉ်သူတွေရဲ့ ရည်ရွယ်ချက်ကို မေးခွန်းထုတ်ရဲမှာ မဟုတ်ပါဘူး” ဟု ပြောကြားလာသည်။
“ဘုန်း”
“အား”
ဖုန်းဝူချန်သည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ လက်ဝှေ့ယမ်းလိုက်ရာ ထို ဆေးပညာရှင်သည် မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာပြီး ထိတ်လန့်စွာ အော်ဟစ်လိုက်၏။ နောက်ဆုံးတွင် မီးလောင်ကျွမ်းခြင်း ခံလိုက်ရပြီး ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားရ၏။
ဆေးပညာရှင် တစ်ဦးသည် မီးအဆိပ်ဖြင့် မီးလောင်သေဆုံးသွားသည်ကို ကြည့်နေရသော လူတိုင်းသည် ရင်ထဲမှ ကြောက်ရွံ့မှုကို ထိန်းချုပ်ရန် ခက်ခဲနေကြတော့သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ဖုန်းဝူချန်သည် သူတို့အား တစ်ဦးပြီးတစ်ဦး မေးမြန်းနေသည်။ ဆေးပညာရှင် အချို့မှလွဲ၍ ကျန်သူများမှာ အဖြေပေးနိုင်သည်ဖြစ်စေ၊ မပေးနိုင်သည်ဖြစ်စေ သေဒဏ်ကိုသာ ရင်ဆိုင်ရသည်။
ဤ လုပ်ရပ်များ တစ်လျှောက်လုံးတွင် ထျန်းရှန်းဇီ၊ ကျူးကော်လျန်ချန်တို့နှင့် အခြားသူများသည် စကားတစ်ခွန်းမျှ မဆိုကြဘဲ ပရိသတ်အဖြစ်သာ ရပ်ကြည့်နေခဲ့ကြ၏။
ဖုန်းဝူချန်သည် သူ၏ ရက်စက်သော နည်းလမ်းများကို လက်ရှိ ရှိနေသူ အားလုံးအား အမှန်တကယ် ပြသလိုက်ရ၏။
“အခုဆိုရင် လူတိုင်း နားလည်သွားသင့်ပါပြီ။ ကျွန်တော့်ရဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာက ကန့်သတ်ချက် ရှိပါတယ်။ ဒီလူတွေက မလိုမုန်းထားတဲ့ စကားလုံးတွေနဲ့ ခဏခဏ စော်ကားခဲ့လို့ ကျွန်တော် သတ်ပစ်လိုက်တာပါ။ ကန့်ကွက်ချင်တဲ့သူ ရှိသေးလား” ဖုန်းဝူချန်က တည်ငြိမ်စွာ မေးလိုက်၏။
မည်သူကများ ကန့်ကွက်ရဲပါမည်နည်း။ သူတို့ အသက်ကို ငြီးငွေ့နေကြပြီလား။
ဖုန်းဝူချန်က ထို ဆေးပညာရှင်များကို စတင် စော်ကားခဲ့ပြီးမှ သတ်ခဲ့လျှင်ပင် လက်ရှိ ရှိနေသူ မည်သူမျှ ကန့်ကွက်ရဲမည် မဟုတ်တော့ချေ။
မေးခွန်းများ ဆက်တိုက် မေးမြန်းပြီးနောက်တွင် ဖုန်းဝူချန်နှင့် အဖွဲ့သည် ရမ်းကားနေခြင်း မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး သူများကို အထင်သေးခဲ့ကြသော ဆေးပညာရှင်များသာလျှင် မှားယွင်းကြောင်း လူတိုင်း နားလည်သွားတော့၏။
ဖုန်းဝူချန်တို့ အဖွဲ့ ငယ်ရွယ်သည်ကို မြင်ရသောအခါ သူတို့၏ မျက်နှာကို ဖော်ထုတ်ရန် ရည်ရွယ်ပြီး စော်ကားသော စကားများ ပြောဆိုခဲ့ကြခြင်းပင်တည်း။
“ဟန်ခွန်း၊ ဒီ ရှုပ်ထွေးနေတာတွေကို ရှင်းလင်းလိုက်ပါ” ဖုန်းဝူချန်က ဆိုလိုက်သည်။
“ဟုတ်ကဲ့ပါ ခန်းမသခင်” ဟန်ခွန်းက ရိုသေစွာ ခေါင်းညိတ်လိုက်၏။
ဟန်ခွန်း၏ အဖြေကြောင့် ပရိသတ်အပေါင်းသည် ထပ်မံ တုန်လှုပ် သွားကြတော့သည်
ဟန်ခွန်းသည် ဖုန်းဝူချန်အား ခန်းမသခင် ဟု ခေါ်ဝေါ်လိုက်သည်လော။
ဟန်ခွန်းက ဝူကျိနယ်မြေ၌ သတ္တမအဆင့်သို့ တက်လှမ်းရန် အလားအလာ အများဆုံးဟု ကျော်ကြားသော အစွမ်းထက် ဆဋ္ဌမအဆင့် ဆေးပညာရှင် ဖြစ်သည်။ သူ၏ ဂုဏ်ပုဒ်သည် သတ္တမအဆင့် ဆေးပညာရှင်များနှင့် ပခုံးချင်းယှဉ်နိုင်သော အဆင့်အတန်း ဖြစ်၏။
ထိုမျှ အစွမ်းထက်သော ဆေးပညာရှင်သည် ဖုန်းဝူချန်၏ လက်အောက်ခံ ဖြစ်နေသည်လော။
ဤအခိုက်အတန့်တွင် လူတိုင်းသည် မိုး ပြိုကျနေသည်ဟု ခံစားလိုက်ကြရ၏။
ပထမ ထျန်းရှန်းဇီနှင့် ကျန်းဝူဖုန်းတို့က အလွန် ရိုသေမှု ပြသခြင်း၊ ယခု ဟန်ခွန်းက လက်အောက်ခံ ဖြစ်နေခြင်းတို့သည် သူတို့အတွက် လက်ခံရန် အလွန်ခက်ခဲသော အာရုံယောင်မှားမှု သဖွယ် ဖြစ်နေတော့၏။
“ဒီ ပြဿနာ ရှင်းလင်းပြီးသွားပြီ နောက်တစ်ခု ဆက်လုပ်မယ်” ဖုန်းဝူချန်က အမှုမထားဘဲ ဆိုသည်။
ထျန်းရှန်းဇီတို့နှင့် အဖွဲ့သည် နှုတ်ဆိတ်နေကြသည်။ ဖုန်းဝူချန်၏ ရာ စွမ်းရည်ကို လူမိုက်ပင် မြင်နိုင်သည်။ ထျန်းရှန်းဇီနှင့် ကျန်းဝူဖုန်းပင် ခေါင်းညွှတ်နေရ၏။
ဖုန်းဝူချန်၏ အကြည့်က အကြီးအကဲ ဝမ်ထံသို့ ရောက်သွား၏။ သူ၏ မီးအဆိပ်များ ငြိမ်သက်သွားပြီဖြစ်သော်လည်း သူသည် အားအင်ချိနဲ့ကာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေ၏။
“အကြီးအကဲ ဝမ်၊ ခင်ဗျားကို ဘာလို့ မသတ်လိုက်တာလဲဆိုတာ သိလား” ဖုန်းဝူချန်က အေးစက်စွာ မေးမြန်းလိုက်သည်။
အကြီးအကဲ ဝမ်သည် ခေါင်းခါလိုက်၏။ ဖုန်းဝူချန်ကို နတ်ဆိုး တစ်ကောင်ပမာ ကြည့်နေလေ၏။
“ခင်ဗျားက ဆေးပညာရှင် ဆွေးနွေးပွဲရဲ့ စည်းကမ်းကို ထိန်းသိမ်းဖို့ လုပ်ခဲ့တာ မှန်တယ်။ ဒါပေမဲ့ ခင်ဗျား မှားတာက မျက်ကန်းတစ္ဆေမကြောက် လုပ်ပြီး ယုံကြည်ချက် ခိုင်မာမှု မရှိတာပဲ.., ခင်ဗျားက.. ဒီလူတွေ ဘယ်လို အမှိုက်တွေလဲ ဆိုတာ မသိဘူးလား” ဖုန်းဝူချန်က ခပ်စူးစူး မေးမြန်းလိုက်သည်။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်.. ဆေးဧကရာဇ်ရဲ့ ဆုံးမစကားကို နာခံပါတယ်။ ကျွန်တော် မှားသွားပါတယ်” အကြီးအကဲ ဝမ်က ကြောက်လန့်တကြား လျှောက်တင်သည်။
“ပထမဆုံး အမှားဆိုတော့..
ခွင့်လွှတ်လိုက်မယ်၊ ဒါပေမဲ့..ခင်ဗျား ဒီမှာ ဆက်နေဖို့ အခွင့်အရေး မရှိတော့ဘူး” ဖုန်းဝူချန်က အေးစက်စွာ ဆိုသည်။ “နီဖုန်းယွင်၊ သူ့ကို လိုက်ပို့လိုက်ပါ”
“ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်၊ အသက်ချမ်းသာပေးလို့ပါ” အကြီးအကဲ ဝမ်သည် ခေါင်းကို ဆောင့်၍ ကျေးဇူးတင်စကား ဆိုလိုက်ပြီးမှ လုံးဝ စိတ်သက်သာရာ ရသွားတော့၏။
သူသည် ဂုဏ်ပုဒ်များ ဆုံးရှုံးသွားသော်ငြားလည်း အသက်ရှင်ခွင့်ရသည်ကို ကံကောင်းသည်ဟုသာ မှတ်ယူလိုက်တော့သည်။
“ဟုတ်ကဲ့ပါ သခင်” နတ်သမီး ပင်လယ် စံအိမ် လေလံပွဲ၏ ဒုတိယ အကြီးအကဲ နီဖုန်းယွင်က ရိုသေစွာ ဆိုသည်။
နီဖုန်းယွင်၏ ခေါ်ဝေါ်မှုကြောင့် ပရိသတ်အပေါင်း တစ်ဖန် ထပ်မံ တုန်လှုပ် ပြီး အကြီးအကျယ် ကြက်သေ သေသွားကြတော့သည်။
နီဖုန်းယွင်သည် ဆဋ္ဌမအဆင့် ဆေးပညာရှင်၊ နတ်သမီး ပင်လယ် စံအိမ် လေလံပွဲ၏ ဒုတိယ အကြီးအကဲ ဖြစ်သည်။ သူ၏ ဂုဏ်ပုဒ်သည်လည်း ကောင်းလှသည်။ သို့သော် သူသည် ဖုန်းဝူချန်၏ တပည့် ဖြစ်နေသည်ကို မည်သူမျှ မမျှော်လင့်ထားခဲ့ချေ
လူတိုင်း၏ ရင်ထဲတွင် စူးစမ်းလိုစိတ်များ ပို၍ ပို၍ ပြင်းထန်လာတော့၏။
ဖုန်းဝူချန်သည် တကယ်တော့ ဘယ်သူလဲ။
ဟန်ခွန်းက သူ၏ လက်အောက်ခံ၊ နီဖုန်းယွင်က သူ၏ တပည့် ဖြစ်သည်လာ။
ကျူးကော်လျန်ချန်နှင့် မော့လင်အာတို့သည် စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ ကိုယ်ခန္ဓာများ ကျောက်တုံးသဖွယ် တောင့်ခဲနေကြ၏။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… သူက ဘယ်လိုလုပ် ဒီလိုမျိုး ဂုဏ်ပုဒ်တွေ ရနေရတာလဲ” ကျူးကော်လျန်ချန်သည် မျက်နှာတွင် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်ခြင်းများ အပြည့်ဖြင့် ရေရွတ်လိုက်သည်။ ဖုန်းဝူချန်ကို ပြဿနာရှာရန် လူလွှတ်ခဲ့မိသည်ကို ပြန်စဉ်းစားမိပြီး နောင်တများ တပူပူ ဖြစ်နေတော့၏။
“ဒါ မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး” မော့လင်အာသည် သူမ၏ ခေါင်းကိုသာ မယုံနိုင်ဟန်ဖြင့် ခါယမ်းနေ၏။ ဖုန်းဝူချန်သည် ဤမျှ အဆင့်အတန်းကို ပိုင်ဆိုင်သည်ကို သူမ လက်ခံနိုင်စွမ်း မရှိချေ။
သူတို့သည် ဖုန်းဝူချန်၏ အတိအကျ ဂုဏ်ပုဒ်ကို မသိကြသော်ငြားလည်း သူ၏ အဆင့်အတန်းသည် အလွန်အမင်း ကောင်းပြီး ကျူးကော်မိသားစုထက် များစွာ သာလွန်ကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း သိနေကြပြီလေ။
မော့လင်အာ၏ အမူအရာကို သတိထားမိလိုက်သော လျိုချင်းယန်က လှောင်ပြုံးဖြင့် ဆိုလိုက်၏–
“မော့လင်အာ၊ နင် နောင်တရလိမ့်မယ်လို့ ငါ ပြောခဲ့တာ မဟုတ်လား။ ယန်ဟော် အင်ပါယာရဲ့ စစ်သူကြီး ဖြစ်ရုံနဲ့ အရည်အချင်း မရှိဘူးလို့ နင့်ကို ဘယ်သူက ပြောခဲ့တာလဲ။ နင်က အရမ်း မာန်ကြီးလွန်းတယ်၊ ဖုန်းဝူချန်ကို အထင်သေးခဲ့တယ်။ ကျူးကော်မိသားစုရဲ့ ထောက်ခံမှုနဲ့ သူ့ကို ခြေထောက်အောက် နင်းချေနိုင်မယ် ထင်ခဲ့တာလား။ ဖုန်းဝူချန်ရဲ့ လက်ရှိ အောင်မြင်မှုက နင် ထင်တာထက်တောင် ပိုပြီး ကောင်းနေပြီ။ နင် သူ့ကို တစ်သက်လုံး ယှဉ်နိုင်မှာ မဟုတ်ဘူး”