အခန်း (၅၃၅-၅၃၇)
Vol. 36 Ch. 535-537
အခန်း (၅၃၅) - ကိုယ်လုပ်သော ကံ၊ ကိုယ်ခံစေ
~အေးစက်ပြီး လှပသော မျက်လုံးများက တုန်လှုပ် မယုံကြည်နိုင်ဖြစ်နေသော မော့လင်အာကို လှည့်ကြည့်လိုက်၏။
လင်ရှောင်ရှောင်က သူမ၏ လေသံတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များဖြင့် ခပ်စူးစူး ပြောဆိုလေသည်။
“မော့လင်အာ၊ နင့်ရဲ့ အရည်အချင်းတွေက တကယ်တော့ အစွမ်းထက်ပါတယ်။ လူအများစုကို နောက်မှာ ကျန်ခဲ့အောင် စွမ်းဆောင်နိုင်ခဲ့တာပေါ့”
“ဒါပေမဲ့ အစ်ကိုဖုန်းရဲ့ ဒီနှစ်တွေအတွင်း ကြိုးစားအားထုတ်မှုက နင် ထင်တာထက်ကို ကျော်လွန်လွန်းနေတယ်”
“ပါးစပ်ပိတ်ထား.. ငါ့အကြောင်းကို နင် ဘာကိစ္စ လာပြောနေရတာလဲ။ ဒီနှစ်တွေအတွင်း ငါ ဘာတွေ စွန့်လွှတ်ခဲ့ရတယ်ဆိုတာ နင်.. သိလို့လား” မော့လင်အာသည် သူမ၏ စိတ်ကို လုံးဝ မထိန်းချုပ်နိုင်တော့ဘဲ လင်ရှောင်ရှောင်ကို ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။
မော့လင်အာသည် သူတစ်ပါးက သူမကို လက်ညှိုးထိုး ပြောဆိုသည်ကို မခံနိုင်ချေ။ အထူးသဖြင့် လင်ရှောင်ရှောင်က ပြောဆိုခြင်းကို သူမ ပို၍ မုန်းတီး၏။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ပြောဆိုခြင်းသည် သူမကို လင်ရှောင်ရှောင်ထက် နိမ့်ကျသည်ဟု ခံစားရစေပြီး၊ ဖုန်းဝူချန်ကို စွန့်ခွာခဲ့သည့် သူမ၏ ဆုံးဖြတ်ချက်က အမှားတစ်ခု ဖြစ်သည်ဟု လူအများက ယုံကြည်စေသောကြောင့်ပင်တည်း။
သို့သော် မော့လင်အာသည် သူမကိုယ်တိုင်ပင် လင်ရှောင်ရှောင်ကို အကြီးအကျယ် မနာလို ဖြစ်နေပြီ ဆိုသည်ကို သတိမထားမိခဲ့ချေ။
ဖုန်းဝူချန် မပေါ်လာမီက မော့လင်အာသည် ၀င်္ကပါပင်လယ်နယ်မြေ၌ ဩဇာအာဏာ အပြည့်ရှိသူ ဖြစ်သည်။ သို့သော် ဖုန်းဝူချန် ပေါ်လာပြီးနောက် သူမသည် ကောင်းကင် ပြိုကျသွားသလို ခံစားလိုက်ရပြီး လုံခြုံရာ ဆိပ်ကမ်း ကို ဆုံးရှုံးလိုက်ရ၏။
မော့လင်အာ မကျေနပ်ချေ။ ဖုန်းဝူချန်၏ ခြေထောက်အောက်တွင် နင်းချေခံရခြင်းကို မခံမရပ်နိုင် ဖြစ်နေလေ၏။
ဒီနှစ်တွေအတွင်း သူမ ကြိုးစားအားထုတ်ခဲ့ရသမျှ၊ မော့လင်အာ ရယူခဲ့သော ဂုဏ်ပုဒ်သည် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် ဘာမှ မဟုတ်တော့ချေ။
သို့သော်လည်း ဤအရာအားလုံးကို ပြောင်းလဲနိုင်သော ခွန်အား သူမ၌ မရှိခဲ့ပေ။
“ဖုန်းဝူချန်၊ နင်က တိုင်းပြည် အသေးစားလေးက သာမန် အစိပ်အပိုင်းလေးပဲ” မော့လင်အာသည် အလွန်အမင်း ဒေါသတကြီးဖြင့် ဖုန်းဝူချန်ကို အော်ဟစ်လိုက်တော့သည်။
ထိုအခါ၊ လျိုချင်းယန်က ဂုဏ်ယူဟန်ဖြင့် ဆိုလေသည်–
“နင် မြင်တာက အပေါ်ယံလေးပဲ”
“တကယ်တော့ အစ်ကိုဖုန်း ဒီနှစ်တွေအတွင်း ကြိုးစားခဲ့တာ နင် စိတ်ကူးနဲ့တောင် မှီမှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကတည်းက အစ်ကိုဖုန်းက အင်ပါယာကို သိမ်းပိုက်ပြီးတော့ အင်အားကြီး အင်ပါယာ လေးခုကို ငြိမ်းချမ်းအောင် လုပ်ခဲ့တာ။ သူက အင်ပါယာ လေးခုထဲမှာ အစွမ်းအထက်ဆုံးသူအဖြစ် ကျော်ကြားခဲ့တာ”
လွန်ခဲ့သော နှစ်များကတဲ့လား။
ဖုန်းဝူချန်သည် ယခုမှ အသက်နှစ်ဆယ်ကျော်လေး ရှိဦးမည်။
လွန်ခဲ့သည့် နှစ်များက သူသည် အသက် ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်လောက်သာ ရှိသေးသည် မဟုတ်ပါလား။
ပရိသတ်အပေါင်း အကြီးအကျယ် တုန်လှုပ် သွားကြ၏။ အသက် ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ် အရွယ်တွင် အင်ပါယာ လေးခုကို ငြိမ်းချမ်းအောင် လုပ်နိုင်ပြီး ၎င်းတို့ထဲတွင် အစွမ်းအထက်ဆုံးသူအဖြစ် ကျော်ကြားခဲ့သည်… ထိုပါရမီရှင်သည် မည်မျှ ကောင်းလိမ့်မည်နည်း။
ဖုန်းဝူချန်သည် ခေါင်းခါလိုက်၏။ “မော့လင်အာ၊ မင်း ငါ့ကို တကယ်ပဲ စိတ်ပျက်အောင် လုပ်လိုက်တယ်။ ဒီနှစ်တွေအတွင်း မင်း နည်းနည်းလေးမှ မပြောင်းလဲသွားရုံမကဘူး၊ အကျင့်တွေ ပိုတောင် ဆိုးလာသေးတယ်”
“ဘာလို့ ငါ ပြောင်းလဲရမှာလဲ။ ငါ ဘာ အမှား လုပ်ခဲ့မိလို့လဲ။ ငါ့ကိုယ်ငါ ပိုပြီး သန်မာအောင် ကြိုးစားခဲ့တယ်။ မော့မိသားစုအတွက် လက်စားချေဖို့၊ နင့်ကို လက်တုံ့ပြန်ဖို့ ငါ ကြိုးစားခဲ့တာ။ ငါ ဒီနေ့ ဒီနေရာကို ရောက်လာတာ ငါ့ရဲ့ ကိုယ်ပိုင် စွမ်းရည်နဲ့ ရောက်လာခဲ့တာ၊ ငါ ဘယ်နေရာမှာ မှားနေလို့လဲ” မော့လင်အာက စိတ်ခံစားမှုများ မြင့်တက်လာလျက် မာန်မာနတကြီး ပြောဆိုလိုက်၏။
“လင်အာ ..မင်း ဒဏ်ရာတွေက ပြင်းထန်တယ်၊ စိတ်လှုပ်ရှား မနေနဲ့” ကျူးကော်လျန်ချန်က စိုးရိမ်သော လေသံဖြင့် ဆိုသည်။
“ပါးစပ်ပိတ်ထား” မော့လင်အာက ကျူးကော်လျန်ချန်ကို ရုတ်တရက် ဟောက်လိုက်သည်။
သူမ၏ စိတ်လှုပ်ရှားမှုကြောင့် မော့လင်အာ၏ အစစ်အမှန် သဘာဝ ပေါ်ထွက်လာခဲ့ရ၏။
ထိုအခိုက်အတန့်၌ လက်ရှိ ရှိနေသူ အားလုံးသည် မော့လင်အာ၏ အစစ်အမှန် သဘာဝကို မြင်တွေ့လိုက်ကြရတော့၏။
“မော့လင်အာ၊ နင်က ကယ်တင်လို့ မရတော့ဘူး။ နင်က ကိုယ့်ကိုယ်ကိုယ် အစ်ကိုဖုန်းနဲ့ တန်းတူလို့ သဘောထားပြီး သူ့ကို နင်းချေချင်ခဲ့တာ။ ဒါပေမဲ့ သူ ဒီနေရာကို ရောက်ဖို့ ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာ နင် လုံးဝ မသိဘူး” လျိုချင်းယန်က ခေါင်းခါလိုက်သည်။
“အစ်ကိုဖုန်းက.. အင်ပါယာ လေးခုကို တစ်ယောက်တည်း ငြိမ်းချမ်းအောင် လုပ်ခဲ့တာ။ နင့်မှာ အဲ့ဒီ စွမ်းရည်မျိုး ရှိလား” လျိုချင်းယန်က လှောင်ပြုံးဖြင့် မေးလိုက်၏။
“အစ်ကိုဖုန်းက ယန်ဟော် အင်ပါယာရဲ့ အနက်ရောင် အလံတပ်သားတွေနဲ့ ကောင်းကင် အရိပ် မြင်းစီးတပ်သားတွေကို အင်ပါယာ လေးခုရဲ့ အစွမ်းအထက်ဆုံး စစ်သားတွေအဖြစ် ပြောင်းလဲခဲ့တာ။ နင့်မှာ အဲ့ဒီလို စွမ်းရည်မျိုး ရှိလား။ ဒီ ထိပ်တန်း တပ်ဖွဲ့ နှစ်ခုထဲမှာ နင်ထက် ကျင့်ကြံမှု စွမ်းအား ပိုမြင့်တဲ့ ဒါဇင်ပေါင်းများစွာသော သူတွေ ရှိတယ်။ သူတို့က အင်ပါယာရဲ့ ထိပ်တန်း စစ်သားလေးတွေပဲ ရှိသေးတာ။ သူတို့ရဲ့ ပါရမီတောင် နင်ထက် မသာပါဘူး”
“နင်က ကိုယ့်ကိုယ်ကိုယ် အစ်ကိုဖုန်းထက် ပိုသန်မာတယ်လို့ ထင်နေတာ။ ဒါပေမဲ့ နင် မသိတာက အစ်ကိုဖုန်းက နင့်ကို သတ်ချင်ရင် လက်ညှိုးတစ်ချောင်းတည်းနဲ့ လုံလောက်တယ်ဆိုတာပဲ။ မြောင်ချင်းချင်းတောင် နင့်ကို သတ်ဖို့ဆို လက်ဖဝါး တစ်ချက် လှန်လိုက်ရုံပဲ ရှိတယ်”
“အဲ့ဒီနောက်မှာ အစ်ကိုဖုန်းက ကျိုးနယ်မြေတွေနဲ့ နတ်ဘုံနယ်မြေတွေအထိ သွားခဲ့တယ်။ သူရဲ့ သန်မာတဲ့ စွမ်းအားနဲ့ အင်အားကြီး အဖွဲ့အစည်း အများအပြားကို ရှင်းထုတ်ခဲ့ပြီး ကျိုးနယ်မြေတွေနဲ့ နတ်ဘုံနယ်မြေတွေကို နာခံစေခဲ့တယ်။ သူတို့ရဲ့ အကြီးအကဲ ဖြစ်လာခဲ့တယ်။ နင် စိတ်ကူးနဲ့တောင် မှီနိုင်စွမ်း မရှိတဲ့ ကိစ္စတွေက အများကြီးပဲ။ နင့်မှာ ဘာ အရည်အချင်းရှိလဲ”
လျိုချင်းယန်၏ စကားလုံးများ ဆက်တိုက် ထွက်လာသည့်အခါ လက်ရှိ ရှိနေသူ အားလုံး တုန်လှုပ်သွားကြသည်။ မော့လင်အာပင် လုံးလုံးလျားလျား အံ့အားသင့်သွားတော့၏။
ဤလူများထဲတွင် ပါရမီရှင်များ ရှိကြသော်လည်း ကျူးကော်လျန်ချန်ပင်လျှင် ထို စွမ်းရည်မျိုး ရှိသည်ဟု မည်သူမျှ မပြောဝံ့ကြချေ။
သူတို့ထဲက ဘယ်သူက သူတို့၏ ဖခင်များနှင့် အင်အားကြီး နောက်ခံများ၏ အကူအညီမပါဘဲ ဒီနေ့လို အောင်မြင်မှုမျိုး ရခဲ့တာလဲ။
သူတို့ ဘာသာ သူတို့ဆိုလျှင် အခါပေါင်း မရေမတွက်နိုင်အောင် သေဆုံးခဲ့ရလောက်ပြီ ဖြစ်မည်။
“မာန်မတက်နဲ့တော့။ နိုးထလာပါတော့.. နင် ဒီဘဝမှာ အစ်ကိုဖုန်းကို ဘယ်တော့မှ မကျော်ဖြတ်နိုင်ဘူး.. နင့်ရဲ့ ဒီလို သဘောထားမျိုးနဲ့ဆို ဘယ်လောက်ပဲ ကြိုးစားကြိုးစား အချည်းနှီးပဲ။ ကိုယ့်ကိုယ်ကို ပိုပြီး အရှက် မရပါစေနဲ့တော့..ဟား”
လျိုချင်းယန်က အေးစက်စွာ လှောင်ရယ်လိုက်ပြီး မော့လင်အာ၏ တန်ဖိုးကို လုံးဝ ဖယ်ရှားလိုက်တော့သည်။
“ငါ ..အရှက်ရစရာပဲ…”
မော့လင်အာ၏ မျက်နှာတွင် မျက်ရည်များ စီးကျလာ၏။ သူမ၏ ပုံပန်းသဏ္ဌာန်မှာ ဝိညာဉ် ပျောက်ဆုံးနေသူ တစ်ဦးသဖွယ် ဖြစ်နေတော့၏။
ဤအခိုက်အတန့်၌ မော့လင်အာသည် သူမ၏ အတွင်းစိတ်က အလင်းရောင် တစ်စက်ကလေးမျှ မရှိသော မှောင်မိုက်သော ကမ္ဘာထဲသို့ ထိုးကျသွားပြီဟု ခံစားလိုက်ရတော့၏။
“လျန်ချန်၊ မင်း မော့လင်အာနဲ့ ပတ်သက်တာ အခုချက်ချင်း ဖြတ်တောက်လိုက်..မဟုတ်ရင် ကျူးကော်မိသားစုကို ပြန်လာဖို့ မကြိုးစားနဲ့တော့” ကျူးကော်မိသားစု အကြီးအကဲက အေးစက်စွာ ဟောက်လိုက်သည်။
ဖုန်းဝူချန်၏ ခွန်အားက သူ့မျှော်လင့်ချက်ကို ကျော်လွန်သွားသည်လေ။
ကျူးကော်မိသားစု အကြီးအကဲသည် မော့လင်အာကြောင့် ဖုန်းဝူချန်ကို ရန်စချင်စိတ် လုံးဝ မရှိတော့ချေ။
“ဖေဖေ ..ဖေဖေ. ဘာလို့ ဒီလို လုပ်ရတာလဲ..လင်အာရဲ့ နှလုံးသားက ပျက်စီးနေပြီ” ကျူးကော်လျန်ချန်က ဝမ်းနည်းစွာ ငြင်းဆန်လိုက်သည်။
“ဟမ့်.. သူ ကိုယ်တိုင်.. ဖန်တီးခဲ့တာပဲ ဘယ်သူ့ကိုမှ အပြစ်တင်စရာ မလိုဘူး မိန်းမ တစ်ယောက်အတွက် မင်းရဲ့ အနာဂတ်ကို မဖျက်ဆီးပါနဲ့..” ကျူးကော်မိသားစု အကြီးအကဲက သွေးအေးပြီး ရက်စက်စွာ ပြောဆိုလိုက်၏။
“ငါ အရှက်ရပြီ…” မော့လင်အာ၏ မျက်လုံးများက လေဟာနယ်သဖွယ် ဖြစ်နေ၏။ သူမ၏ ကိုယ်ခန္ဓာသည် ယိမ်းယိုင်နေပြီး ဝိညာဉ်သည် ခန္ဓာကိုယ်မှ နှုတ်ယူသွားသကဲ့သို့ ထွက်ခွာသွားတော့သည်။
မော့လင်အာသည် အရာအားလုံးကို ဆုံးရှုံးလိုက်ရ၏။ ဖုန်းဝူချန်၏ ပေါ်ထွက်လာမှုသည် သူမကို လုံးလုံးလျားလျား ရှုံးနိမ့်စေပြီး အရှက်ရစေခဲ့၏။
“လင်အာ”
ကျူးကော်လျန်ချန်သည် နောက်မှ လိုက်သွားချင်သော်လည်း ကျူးကော်မိသားစု အကြီးအကဲက တားဆီးလိုက်တော့သည်။
ယိမ်းယိုင်နေသော မော့လင်အာသည် ဖုန်းဝူချန်ရှေ့သို့ ရောက်လာ၏။ သူမ၏ မျက်လုံးများတွင် လေဟာနယ်သာ ရှိပြီး မျက်ရည်များက ဆက်တိုက် စီးကျနေသည်။
“ဖုန်းဝူချန်၊ ငါ အရာအားလုံး ဆုံးရှုံးသွားပြီ။ အကြီးအကျယ် အရှက်ရသွားပြီ။ ငါ ဒီနေ့ ဒီနေရာကို ရောက်ဖို့ မလွယ်ခဲ့ဘူး။ ကျူးကော်မိသားစုက ငါ့ကို မလိုချင်တော့ဘူး... နင် ပျော်နေပြီလား။ ဒါ နင်ပဲ အားလုံးက နင့်ကြောင့်ပဲ နင် ငါ့ဆီက အရာအားလုံးကို ယူသွားခဲ့တာ” မော့လင်အာသည် သူမ၏ ရင်ထဲမှ မကျေနပ်မှုနှင့် ဒေါသများကို ထုတ်ဖော်ရင်း ဝမ်းနည်းစွာ ကြွေးကြော်လိုက်သည်။
မြောင်ချင်းချင်းက ခပ်အေးအေး ဆိုလိုက်သည်။
“နင် ကိုယ့်ဖာသာကိုယ် ဖန်တီးခဲ့တာ အစ်ကိုဖုန်းက နင့်ကို ဂရုစိုက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ နင်က အစ်ကိုဖုန်းကို လက်တုံ့ပြန်ချင်လို့ပဲ။ နင် ခံရမှာ ခံရတာပဲ၊ အစ်ကိုဖုန်းကို အပြစ် မတင်နဲ့”
“ဟုတ်တယ်၊ သူ့ကို အပြစ် မတင်ရဘူး။ ဟန်ခွန်းဆိုတဲ့ ဆေးပညာရှင်က သူ့ရဲ့ လက်အောက်ခံ၊ အကြီးအကဲ နီက သူ့ရဲ့ တပည့်၊ အကြီးအကဲ ထျန်းရှန်းဇီနဲ့ အကြီးအကဲ ကျန်းက သူ့ကို လေးလေးစားစား ဆက်ဆံတယ်။ ငါလို မိန်းမအားနည်းတဲ့သူက သူ့ကို ဘယ်လိုလုပ် အပြစ်တင်ရဲမှာလဲ။ ဟုတ်တယ်၊ ငါ ကိုယ့်ဖာသာကိုယ် ဖန်တီးခဲ့တာ၊ ငါ့အပြစ်ပဲ၊ ဒါပေမဲ့ ငါ ဒီလိုမျိုး ခံစားရဖို့ ထိုက်တန်ရဲ့လား။ ငါ လက်စားချေချင်တာ မှားလို့လား။ ဘာလို့ ကံကြမ္မာက ငါ့အပေါ် ဒီလောက် ရက်စက်ရတာလဲ။ ဘာလို့လဲ ငါ လက်မခံနိုင်ဘူး၊ ငါ လက်မခံနိုင်ဘူး…” မော့လင်အာသည် ပြောလေလေ စိတ်လှုပ်ရှားလာလေ ဖြစ်ပြီး နောက်ဆုံးတွင် သတိလစ် မေ့မြော သွားတော့၏။
“လင်အာ” ကျူးကော်လျန်ချန်က အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး အလျင်အမြန် ပြေးထွက်သွားတော့သည်။
“လျန်ချန် ပြန်လာခဲ့” ကျူးကော်မိသားစု အကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်၏။
“ဖေဖေ၊ လင်အာက ကျွန်တော့်ရဲ့ အချစ်စစ်ပါ။ ဒီဘဝမှာ ကျွန်တော် သူ့ကိုပဲ ချစ်တယ်။ ကျွန်တော် သူ့ကို မစွန့်ပစ်နိုင်ဘူး. ဖေဖေ့ကို မလိမ္မာတဲ့သားအတွက် ခွင့်လွှတ်ပါ” ကျူးကော်လျန်ချန်က ဝမ်းနည်းစွာ ဆိုလိုက်ပြီး သတိမေ့နေသော မော့လင်အာကို ဖမ်းရန် ပြေးထွက်သွားတော့၏။
ဖုန်းဝူချန်ကို စူးစူးရဲရဲ ကြည့်လိုက်ရင်း ကျူးကော်လျန်ချန်က အညှိုးတကြီး လေသံဖြင့် ကြုံးဝါးလေသည်။
“ဖုန်းဝူချန်.. သူတို့က မင်းကို ကြောက်ကြပေမယ့် ငါတော့ မကြောက်ဘူး။ မင်း လင်အာကို လုပ်ခဲ့တာတွေအတွက် ဆယ်ဆ ပြန်ပေးဆပ်ရစေရမယ်။ ဒါ မပြီးသေးဘူး စောင့်နေလိုက်”
အခန်း (၅၃၆) - ဆေးဧကရာဇ်၏ သင်ကြားပို့ချမှု
~“မလိမ္မာတဲ့ သား ပြန်လာခဲ့စမ်း” ကျူးကော်မိသားစု အကြီးအကဲသည် ဒေါသအလျောက် အော်ဟစ်လိုက်တော့သည်။
သို့သော်လည်း ကျူးကော်လျန်ချန်က လုံးဝ ဂရုမစိုက်ချေ။ သတိမေ့နေသော မော့လင်အာကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့၏။
ကျူးကော်လျန်ချန်သည် ဖုန်းဝူချန်နှင့် ရန်သူ ဖြစ်ရန်ပင် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ဟန် ရှိချေ၏။
“ဆေးဧကရာဇ်၊ စိတ်ချပါ၊ ဒီလက်အောက်ငယ်သား အဆင့်မရှိတဲ့ သားကို သေချာပေါက် ဆုံးမပါ့မယ်။ သခင်ကို ဘယ်တော့မှ ဒုက္ခ မပေးစေရပါဘူး” ကျူးကော်မိသားစု အကြီးအကဲသည် ပျာယာခတ်စွာဖြင့် ဖုန်းဝူချန်အား လက်များ ဆုပ်ကာ ကတိပြု လျှောက်တင်သည်။
“ကျူးကော်လျန်ချန်ကိုတော့ ကျွန်တော် တော်တော်လေး လေးစားမိပါတယ်” ဖုန်းဝူချန်က လျစ်လျူရှုစွာ ဆိုသည်။
သူ ချစ်ရသူအတွက် ဘာကိုမှ မကြောက်ဘဲ ရင်ဆိုင်ဝံ့သော ကျူးကော်လျန်ချန်၏ သတ္တိသည် တကယ်ပင် လေးစားထိုက်ပါသည်။
“ကျွန်တော့် ကိစ္စတွေ ရှင်းလင်းပြီးသွားပါပြီ။ ဆေးပညာရှင် ဆွေးနွေးပွဲကို အချိန် အတော်ကြာအောင် နှောင့်နှေးစေခဲ့မိတဲ့အတွက် တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ စီနီယာ ထျန်းရှန်းဇီ၊ ဆေးပညာရှင် ဆွေးနွေးပွဲကို စတင်နိုင်ပါပြီ” ဖုန်းဝူချန်က ညင်သာစွာ ပြောဆိုလိုက်၏။
*
ဆေးပညာရှင် ဆွေးနွေးပွဲသည် ဆေးပညာရှင်များအတွက် အမြင်ချင်း ဖလှယ်ရာ ပလ္လင်တစ်ခု ဖြစ်သည်မှာ သေချာသည်။ ထို့အပြင် အထူးချွန်ဆုံး လူငယ် ဆေးပညာရှင်အချို့ကို ရွေးချယ်ရန်အတွက် စွမ်းရည်ကို စမ်းသပ်သည့် ပွဲတော်လည်း ဖြစ်၏။
ဆေးပညာရှင်တိုင်းအတွက် ဆေးပညာရှင် ဆွေးနွေးပွဲသည် အလွန် ခမ်းနားသော ပွဲတော် ဖြစ်ချေ၏။ ဆွေးနွေးပွဲတွင် ပါဝင်နိုင်ခြင်းသည် သူတို့အတွက် ကြီးမားသော ဂုဏ်နှင့် မာနကို ဆောင်ကျဉ်းပေး၏။
ဆေးပညာ နယ်ပယ်တွင် နက်နဲသော အဆင့်အတန်းရှိသည့် ဆေးပညာရှင်များသည် ၎င်းတို့၏ အတွေ့အကြုံများကို ဝေမျှကြ၏။ အခြား ဆေးပညာရှင်များကတော့ စိတ်ဝင်တစား နားထောင်နေကြတော့၏။
ဖုန်းဝူချန်သည် ခန်းမထဲတွင် ဆိတ်ငြိမ်စွာ ထိုင်နေပြီး ဘာမှ မပြောသော်လည်း ဆေးပညာရှင်များ၏ အမြင်ချင်း ဖလှယ်မှုများကို စိတ်ဝင်စားစွာ နားထောင်နေလေ၏။
လင်ရှောင်ရှောင်နှင့် လျိုချင်းယန်တို့ကတော့ ခန်းမအပြင်ဘက်မှ လှပသော ပင်လယ်ရှုခင်းများကို ကြည့်ရှုနေကြတော့သည်။
အချိန်ကုန်လွန်သွားပြီး နှစ်နာရီနီးပါး ကြာမြင့်ခဲ့သော အစည်းအဝေးသည် နောက်ဆုံးတွင် ပြီးဆုံးသွားရ၏။
“ဆေးဧကရာဇ်ရဲ့ နယ်ပယ်ကို ခင်ဗျားတို့ အများစု ကြားဖူးကြပါလိမ့်မယ်။ အဲ့ဒါက ဆေးပညာရှင်တွေကြားထဲမှာ ဒဏ္ဍာရီလာ နယ်ပယ်တစ်ခုပါ။ ဒီနေ့မှာတော့ ဆေးဧကရာဇ်က ကျွန်တော်တို့ကို သင်ကြားပို့ချပေးဖို့အတွက် စီစဉ်ထားပါတယ်။ ဆေးဧကရာဇ်ကို အားလုံး ကြိုဆိုလိုက်ပါခင်ဗျာ” ထျန်းရှန်းဇီက စင်မြင့်ပေါ်တွင် ပျော်ရွှင်စွာ ပြောဆိုလိုက်၏။ သူသည် ဤအခိုက်အတန့်ကို ဆယ်စုနှစ်များစွာ စောင့်မျှော်ခဲ့ရသကဲ့သို့ပင် ဖြစ်ချေ၏။
“ဆေးဧကရာဇ်က သင်ခန်းစာ ပို့ချပေးမယ်တဲ့လား” ဆေးပညာရှင် အများအပြား အံ့အားသင့်သွားကြတော့သည်။
'သူက တကယ်ပဲ ဆေးဧကရာဇ် နယ်ပယ်ကို ရောက်နေတာလား။ ဂုဏ်ထူးဆောင် ဘွဲ့ပေးထားတာ မဟုတ်ဘူးလား'
'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဆေးဧကရာဇ်က ဒီလောက် ငယ်နေတာ၊ ဒဏ္ဍာရီလာ ဆေးဧကရာဇ် နယ်ပယ်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး'
'ဆေးဧကရာဇ်က ဆေးပညာရှင်လား။ သူက ဆဋ္ဌမအဆင့် အင်းကွက် ပညာရှင် မဟုတ်ဘူးလား'
ခန်းမထဲတွင် ရှိနေသူ အားလုံး အကြီးအကျယ် တုန်လှုပ်နေကြသည်။ ဖုန်းဝူချန်သည် ဒဏ္ဍာရီလာ ဆေးဧကရာဇ် နယ်ပယ်သို့ ရောက်နေသည်ကို မည်သူမျှ မယုံကြည်နိုင်ကြချေ။ သူတို့က ထိုဂုဏ်ပုဒ်သည် ရိုသေမှုအရ ပေးထားသော ဘွဲ့တစ်ခုသာ ဖြစ်သည်ဟု ယူဆနေကြ၏။
“တိတ်ဆိတ်ကြ” ထျန်းရှန်းဇီက လက်ဟန်ဖြင့် အားလုံးကို တည်ငြိမ်စေသည်။ သူသည် လူအုပ်၏ သံသယများကို ရှင်းပြရန် စိတ်မပါတော့ချေ။
ဖုန်းဝူချန်သည် စင်မြင့်ပေါ်သို့ တက်လာသည်နှင့် ခန်းမတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထျန်းရှန်းဇီနှင့် အဖွဲ့ကတော့ ကျောင်းသားများသဖွယ် ရှေ့ဆုံးတန်းတွင် ရိုသေစွာ ထိုင်နေကြ၏။
ထျန်းရှန်းဇီ၏ ထိုလုပ်ရပ်က ဆေးပညာရှင်များစွာကို ပို၍ပင် အံ့အားသင့်စေတော့သည်။
ဖုန်းဝူချန်သည် တကယ်ပင် ဆေးဧကရာဇ် နယ်ပယ်သို့ ရောက်နေပါသလော။
ဖုန်းဝူချန်သည်လည်း လူတိုင်း၏ သံသယများကို သဘာဝအတိုင်း သတိထားမိသည်။ သို့သော်လည်း သူက လုံးဝ ဂရုမစိုက်ချေ။
ဖုန်းဝူချန်၏ ပို့ချမှုသည် ဆေးပညာရှင်များနှင့် အမြင်ချင်း ဖလှယ်ခြင်း၊ သူတို့၏ မှားယွင်းမှုများကို ထောက်ပြခြင်းနှင့် ပြင်ဆင်ရန် အကြံပေးခြင်းများသာ ဖြစ်၏။
အစပိုင်းတွင် မည်သူမျှ မယုံကြည်ကြသော်လည်း ဖုန်းဝူချန်က သူတို့၏ မှားယွင်းမှုများကို ထောက်ပြကာ ပြင်ဆင်ရန် အကြံဉာဏ်များ ပေးလိုက်သည့်အခါ ဆေးပညာရှင်များစွာ အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ကြရပြီး တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့၏။ ဆဋ္ဌမနှင့် သတ္တမအဆင့် ဆေးပညာရှင်များပင် မယုံနိုင်သော အမူအရာများ ပြသနေကြ၏။
ဖုန်းဝူချန် ထောက်ပြလိုက်သော မှားယွင်းမှုနှင့် ပြင်ဆင်ရန် အကြံဉာဏ်တိုင်းသည် ထို ဆေးပညာရှင်များအား အလင်းရောင်များ ပေးစွမ်းလိုက်သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် ဖုန်းဝူချန်၏ သင်ကြားမှုသည် လူတိုင်းကို အကျိုးဖြစ်ထွန်းစေပြီး ဆေးပညာ နယ်ပယ်တွင် သူတို့၏ အမြင်များ ကျယ်ပြန့်သွားသည် ဟု ခံစားလိုက်ကြရသည်။
စကားပုံတစ်ခုရှိသည် မဟုတ်ပါလား။ သူ ပြောသည်ကို ခဏ နားထောင်ခြင်းသည် စာအုပ်ကို ဆယ်နှစ် ဖတ်ရသည်ထက် ပိုကောင်းသည်တဲ့။
ဖုန်းဝူချန်သည် ဆေးပညာ၏ ပို၍ နက်နဲသော အကြောင်းအရာများကို ပြောဆိုသောအခါ ပရိသတ်သည် ပို၍ပင် တုန်လှုပ်လာကြသည်။ သူ ဆွေးနွေးသော အသေးစိတ် အချက်အလက်များနှင့် နည်းလမ်းများစွာသည် သူတို့ စိတ်ကူးနှင့်ပင် မမီနိုင်သည့် နယ်ပယ်များ ဖြစ်ပြီး ထျန်းရှန်းဇီပင် တစ်ခါမျှ မထိဖူးခဲ့သော နယ်ပယ်များ ဖြစ်၏။
ဆေးပညာရှင် အများအပြားသည် အစပိုင်းက မယုံကြည်မှုမှသည် ကိုးကွယ်ချစ်မြတ်နိုးမှု သို့ ပြောင်းလဲသွားကြတော့၏။ သူတို့၏ မျက်နှာများတွင် လေးစားမှုနှင့် စိတ်လှုပ်ရှားမှုများ ရောထွေးနေလေ၏။
ဖုန်းဝူချန်၏ ဆေးပညာ လမ်းကြောင်းမှ ကျွမ်းကျင်မှုသည် သူတို့ စိတ်ကူးထဲကထက် ကျော်လွန်ကြောင်းကို သူတို့ နက်နက်ရှိုင်းရှိုင်း သိရှိသွားကြပြီ ဖြစ်ချေ၏။
ဖုန်းဝူချန်၏ ပို့ချချက်ကို နားထောင်ခွင့်ရခြင်းသည် သူတို့၏ ဘဝတစ်သက်တာတွင် အဖိုးမဖြတ်နိုင်သော အရာ၊ တန်ဖိုးမဖြတ်နိုင်သော ရတနာဖြစ်ပြီး သူတို့အတွက် ကြီးမားသော ဂုဏ်တစ်ခုလည်း ဖြစ်၏။
သို့သော် ဤအရာအားလုံးကို ထျန်းရှန်းဇီက သူတို့အတွက် ဖန်တီးပေးခဲ့ခြင်းပင်တည်း။
ထျန်းရှန်းဇီ၏ မေတ္တာရပ်ခံမှုများ မရှိခဲ့ပါက ဖုန်းဝူချန်သည် သဘောတူမည် မဟုတ်ချေ။
နောက်ဆုံးတွင် ဖုန်းဝူချန်သည် စစ်မှန်သော ဆေးပညာအကြောင်းကို ပြောဆိုသောအခါ အတွေးတစ်ချက်တည်းဖြင့် ဆေးလုံး ဖော်စပ်ခြင်း ဟူသော နတ်ဘုရား နည်းစနစ်ကို လူတိုင်း၏ ရှေ့တွင် လက်တွေ့ ပြသလိုက်သည်။ ထို မှော်ဆန်ပြီး အစွမ်းထက်သော နည်းစနစ်က သူတို့အားလုံးကို ကြောင်အမ်းသွားစေတော့သည်။
အတွေးတစ်ချက်တည်းဖြင့် ဆေးလုံး ဖော်စပ်ခြင်း နတ်ဘုရား စွမ်းရည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့်နောက်တွင် ဖုန်းဝူချန်သည် ဒဏ္ဍာရီလာ ဆေးဧကရာဇ်၏ နယ်ပယ်သို့ ရောက်ရှိနေပြီဟု လူတိုင်း ယုံကြည်သွားကြတော့၏။
ထိုမျှ ကောင်းသော တည်ရှိမှု သည် အင်အားကြီး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်ကြီးများ၏ မျက်လုံးများကို ဖွင့်ပေးလိုက်ရ၏။
ဆေးပညာရှင်များ၏ မျက်နှာတွင်မူ ဘဝတစ်သက်တာတွင် အတွေးတစ်ချက်တည်းဖြင့် ဆေးလုံး ဖော်စပ်ခြင်း နတ်ဘုရား စွမ်းရည်ကို မြင်တွေ့လိုက်ရသည့်အတွက် နောင်တ မရှိတော့ဟု ရေးထွင်းထား၏။
“ဆေးဧကရာဇ်၊ ဆေးလုံး ဖို မလိုဘဲ ဆေးဖော်စပ်တဲ့ နယ်ပယ်ကို ဘယ်လို ရောက်အောင် သွားရမှာပါလဲ” ထျန်းရှန်းဇီသည် စိတ်အားထက်သန်စွာ အကြံဉာဏ် တောင်းခံ၏။
လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် ဖုန်းဝူချန်ကို ကြည့်နေကြတော့သည်။
“ဆေးလုံး ဖိုဆိုတာ ပြင်ပ အရာဝတ္ထုတစ်ခုသာ ဖြစ်ပါတယ်။ ခင်ဗျားတို့ ရင်ထဲမှာ ဖို ရှိနေသရွေ့ တစ်နေ့နေ့တော့ အောင်မြင်မှာပါ။ ကဲ... သင်ခန်းစာ ဒီမှာပဲ ပြီးပါပြီဗျ” ဖုန်းဝူချန်က ပြုံးရယ်သော လေသံဖြင့် ဆိုလိုက်ပြီး ပလ္လင်မြင့်ပေါ်တွင် ထရပ်လိုက်တော့သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ လူတိုင်းသည် အစပိုင်းတွင် အံ့အားသင့်သွားကြပြီး နောက်ပိုင်းတွင်မူ မလိုချင်သော အမူအရာများ ပေါ်လာကြတော့သည်။
ဖုန်းဝူချန်၏ ပို့ချမှုသည် သူတို့အတွက် အလွန် အကျိုးဖြစ်ထွန်းစေခဲ့ပြီး ဆေးပညာ လမ်းကြောင်းတွင် လမ်းမှားများစွာကို ရှောင်ရှားနိုင်စေမည်မှာ သေချာ၏။
“ဆေးဧကရာဇ်၊ တပည့်ရဲ့ အရိုအသေပေးတာကို ခံယူပါ” ဆေးပညာရှင်များသည် တစ်ဦးပြီးတစ်ဦး ဒူးထောက်လိုက်ကြပြီး ဖုန်းဝူချန်အား နတ်ဘုရားတစ်ပါးပမာ အမြင့်ဆုံး ရိုသေမှုများ ပြသလိုက်ကြ၏။
ဆေးဧကရာဇ်၏ ရှေ့မှောက်တွင် ဆေးပညာရှင်တိုင်းသည် တပည့် သာ ဖြစ်၏။
မော့လင်အာသာ ဤအခိုက်အတန့်၌ ရှိနေခဲ့ပါက အကြီးအကျယ် တုန်လှုပ် သွားမည်မှာ သေချာသည်။
ဖုန်းဝူချန်၏ ဂုဏ်ပုဒ်သည် သာမန် မဟုတ်ချေ။ ဝူကျိနယ်မြေ တစ်လျှောက်လုံးရှိ ဆေးပညာရှင်များက သူ့ကို နတ်ဘုရားတစ်ပါးပမာ ကိုးကွယ်နေကြ၏။ သူမ၏ အဆင့်အတန်းက ဖုန်းဝူချန်၏ အဆင့်အတန်းနှင့် လုံးဝ ယှဉ်နိုင်စွမ်း မရှိချေ။
“ဆေးဧကရာဇ်၊ သင်ကြားပို့ချပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်” ထျန်းရှန်းဇီက လေးစားမှုကို ဖော်ပြရန် စိတ်ပါလက်ပါ ဦးညွှတ်လိုက်သည်။
အဋ္ဌမအဆင့် ဆေးပညာရှင် ထျန်းရှန်းဇီပင် ဖုန်းဝူချန်၏ ပို့ချချက်ကို နားထောင်ခြင်းမှ အကျိုးအများကြီး ရရှိခဲ့သည်။ ဖုန်းဝူချန်၏ ဆေးပညာ လမ်းကြောင်းမှ အောင်မြင်မှုများသည် အလွန် မြင့်မြတ်၏။
ထျန်းရှန်းဇီသည် ဖုန်းဝူချန်၏ အဆင့်နှင့် ဝေးကွာလွန်းလှချေသည်။
ဖုန်းဝူချန်က စိတ်ထဲ မထားဟန်ဖြင့်၊
“ဆေးပညာရှင်ဆိုတာ ဆေးပညာရဲ့ ရည်ရွယ်ချက်ကို လူတွေက ချစ်ခင်ဖို့ပါ။ ကိုယ့်အစွမ်းကို ထုတ်ပြဖို့ မဟုတ်ပါဘူး”
“ဆေးဧကရာဇ်ရဲ့ ဆုံးမစကားကို ဒီလက်အောက်ငယ်သားတို့ နာခံပါ့မယ်” ဆေးပညာရှင်များက ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။
“ကောင်းပြီ၊ ကျွန်တော့်မှာ တခြား လုပ်စရာ ကိစ္စတွေ ရှိသေးတဲ့အတွက် ခွင့်ပြုပါဦး။ နောင်အခါ ဆေးပညာမှာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ကြုံလာရင် ကြယ်တာရာ နယ်မြေက. နဂါးနတ်ဘုရား နန်းတော်ကို လာပြီး ကျွန်တော့်ကို ရှာနိုင်ပါတယ်။ ကျွန်တော်က အဲ့ဒီက ခန်းမသခင်ပါ။ ဒါပေမဲ့ ကျွန်တော် ဆင်းရဲလို့ အခကြေးငွေကတော့ တော်တော်လေး ကြီးပါတယ်နော်” ဖုန်းဝူချန်က လှိုက်လှဲသော အပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။
ထိုစကားကို ကြားလိုက်သည်နှင့် လူတိုင်း ပျော်ရွှင်သွားကြတော့၏။ အဘယ်ကြောင့်ဆိုသော် ဆေးဧကရာဇ်ထံမှ လမ်းညွှန်မှုကို အချိန်မရွေး ရယူနိုင်ခြင်းသည် သူတို့၏ ဆေးပညာ နယ်ပယ်အတွက် အလွန် အကျိုးဖြစ်ထွန်းစေမည် ဖြစ်သောကြောင့်တည်း။
သူတို့အတွက်တော့ ရွှေဒင်္ဂါးတွေဆိုတာ မြေကြီးက ဖုန်တွေလိုပဲ ဖြစ်ပါ၏။
“ဆေးဧကရာဇ်ကို ရိုသေစွာ ပို့ဆောင်ပါတယ်”
ဆေးပညာရှင်များ အားလုံးသည် ဖုန်းဝူချန်ကို ရိုသေစွာ လိုက်ပါ ပို့ဆောင်လိုက်ကြသည်။
သူတို့သည် အလွန် နှမြောတသ ဖြစ်ကြသော်ငြားလည်း မည်သူမျှ သူ့ကို တားဆီးဝံ့ခြင်း မရှိသလို အလွန်အကျွံ တောင်းဆိုဝံ့ခြင်းလည်း မရှိချေ။
“ဆေးဧကရာဇ်၊ ၀င်္ကပါပင်လယ်နယ်မြေမှာ ခက်ခဲတဲ့ ပြဿနာ တစ်စုံတစ်ရာ ရှိခဲ့ရင် ထျန်းဟိုင်မြို့ကို လာခဲ့ပါ။ တပည့်က အသက်နဲ့လဲပြီး အကူအညီပေးပါ့မယ်” ထျန်းရှန်းဇီက ဆွေးနွေးပွဲ ကျင်းပရာ ဝင်ပေါက်တွင် ရိုသေစွာ ကတိပြုလာသည်။
ထျန်းရှန်းဇီ၏ စကားကြောင့် ၀င်္ကပါပင်လယ်နယ်မြေတွင် မည်သူကများ ဖုန်းဝူချန်ကို စိန်ခေါ်ဝံ့တော့မည်နည်း။
ဝူကျိနယ်မြေနှင့် အနောက်ဒေသမှ အင်အားစုများကလည်း ထိုနည်းအတူပင် ပြောဆိုလိုက်ကြ၏။
ဤ ဆေးပညာရှင် ဆွေးနွေးပွဲသည် ဖုန်းဝူချန်ကို ဝူကျိနယ်မြေ တစ်လျှောက်လုံးတွင် ကျော်ကြားသူတစ်ဦး အဖြစ် သံသယမရှိ ပုံဖော်ပေးလိုက်ရ၏။
အခန်း (၅၃၇) - သွမ့်မိုမင်၏ တိုက်ခိုက်ခြင်း
~သင်္ဘောပေါ်မှ ထွက်ခွာလာပြီးနောက် လျိုချင်းယန်သည် ဖုန်းဝူချန်ကို ကြည့်ရင်း ခေါင်းခါလိုက်၏။
အလွန် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သကဲ့သို့ စိုးရိမ်သော အမူအရာ ပြနေလေ၏။
“ဘာ အရေးကြီး ကိစ္စလဲကွ” ဖုန်းဝူချန်က စိတ်ဝင်စားစွာဖြင့် လျိုချင်းယန်ကို ကြည့်လိုက်၏။
“ဆေးပညာရှင် ဆွေးနွေးပွဲက ဆေးပညာရှင် အားလုံးကို အစ်ကိုဖုန်းရဲ့ ခြေထောက်အောက် နင်းချေလိုက်တာ... စီနီယာ ထျန်းရှန်းဇီတောင် လေးလေးစားစား ရှိနေရတာ... ဒါ ကြောက်စရာ မကောင်းဘူးလားဗျာ” လျိုချင်းယန်က အံ့အားသင့်သော အကြည့်ဖြင့် ဖုန်းဝူချန်ကို ကြည့်လိုက်တော့သည်။
“…”
ဖုန်းဝူချန် မတုံ့ပြန်နိုင်အောင် ဖြစ်သွားချေ၏။
“ဟင်းဟင်း”
လင်ရှောင်ရှောင်နှင့် မြောင်ချင်းချင်းတို့မှာ ရယ်မောခြင်းကို မထိန်းချုပ်နိုင်တော့ဘဲ ပြုံးရယ်လိုက်ကြသည်။
“အစ်ကိုဖုန်း၊ ဒီနေ့ကစပြီး ဝူကျိနယ်မြေ တစ်ခုလုံးကို အစ်ကိုဖုန်း ဘေးတိုက် လျှောက်သွားလို့ရပြီဗျာ” လျိုချင်းယန်က ရယ်မောရင်း မျက်ခုံးပင့်ကာ ပြောဆိုလိုက်သည်။
ဖုန်းဝူချန်က ခေါင်းခါလိုက်၏။
“ဒီ အားလပ်ချိန်လေးကို သုံးပြီးတော့ ရတနာ ရှာတာက ပိုကောင်းလိမ့်မယ်”
“အစ်ကိုကြီးဖုန်း၊ ရတနာ မြေပုံအကြောင်း ဘာ သတင်းများ ရသေးလဲဟင်” ဟု လင်ရှောင်ရှောင်က ရုတ်တရက် မေးမြန်းလိုက်သည်။
ဖုန်းဝူချန်က ခေါင်းခါလိုက်ရင်း–
“မရသေးဘူး။ သူတို့ ရှာနေကြတုန်းပဲ ထင်တယ်။ ရတနာ မြေပုံ ရှိပေမယ့် တိကျတဲ့ နေရာကို ရှာဖွေဖို့က မလွယ်ပါဘူး။ တခြား ရတနာတွေကို သွားရှာကြရအောင်”
“တခြား ရတနာတွေလား” ပေတိုယန်က အံ့အားသင့်စွာ ဖုန်းဝူချန်ကို ကြည့်လိုက်၏။
“ဝူကျိနယ်မြေရဲ့ နယ်နိမိတ်မှာပေါ့ကွ... အဲ့ဒါက ဝူကျိနယ်မြေနဲ့ အင်အားကြီးနယ်မြေတွေ ဆုံတဲ့ နေရာပေါ့။ အရင်ဆုံး နဂါးနတ်ဘုရား နန်းတော်ကို ပြန်ကြရအောင်”
“ခန်းမသခင်၊ အဲ့ဒါ မော့မိသားစုဆီက ရတဲ့ ရတနာ မြေပုံထဲက ရတနာလားဗျ” ပေတိုယန်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ပြုံးလိုက်ကာ၊
“မှန်တယ်၊ ငါတို့ မြန်မြန် သွားရမယ်။ အဲ့ဒီ ရတနာကို အမြန်ဆုံး ရှာတွေ့ဖို့က အရေးကြီးတယ်”
“မော့မိသားစုက ပျက်စီးသွားပြီ မဟုတ်ဘူးလား။ ခန်းမသခင်က ရတနာကို တခြားသူတွေ လက်ထဲ ရောက်သွားမှာကို စိုးရိမ်နေတာလား” ပေတိုယန်က မျက်မှောင်ကြုတ်လိုက်၏။
“ငါ အဲ့ဒါကို မြန်မြန် ရှာတွေ့ချင်ရုံ သက်သက်ပါ။ ဘာလို့လဲဆိုတော့ တခြား ရတနာတွေကို ရှာဖို့ အချိန် လိုသေးလို့လေ” ဖုန်းဝူချန်က ညင်သာစွာ ပြုံးရယ်လျက် ပြောဆိုလိုက်သည်။
ဖုန်းဝူချန် ပြောသော ရတနာများသည် မော့မိသားစု၏ မြေပုံတွင် မှတ်သားထားသော ရတနာများ မဟုတ်ချေ။ ရှေးဟောင်း မူလ စွမ်းအားများ ကို ဆိုလိုခြင်း ဖြစ်၏။
ရှေးဟောင်း မူလ စွမ်းအားများသည် ဖုန်းဝူချန်အတွက် အလွန် အရေးကြီးသည်။ ၎င်းတို့သည် သူ့ကို ပို၍ သန်မာလာစေမည့် အသက်သွေးကြောများ ဖြစ်သောကြောင့်တည်း။
ဆေးပညာရှင် ဆွေးနွေးပွဲသို့ အလျင်အမြန် ရောက်ရှိရန် လိုအပ်သောကြောင့် ဖုန်းဝူချန်သည် သူ့မိဘများနှင့်ပင် အချိန်ပေး နေထိုင်နိုင်ခြင်း မရှိခဲ့ချေ။ ထိုအချက်က သူ့ကို အပြစ်ရှိသလို ခံစားစေခဲ့၏။
ယခုမူ ဆေးပညာရှင် ဆွေးနွေးပွဲ ပြီးဆုံးသွားပြီဖြစ်ရာ ဖုန်းဝူချန်သည် မနှောင့်နှေးတော့ဘဲ အလျင်အမြန် ပြန်သွားတော့သည်။
“သတ်ဖြတ်လိုတဲ့ အရှိန်အဝါ” ဖုန်းဝူချန်နှင့် အဖွဲ့ ထျန်းဟိုင်မြို့တော်မှ ပျံသန်း ထွက်ခွာလာစဉ် ဖုန်းဝူချန်သည် ရုတ်တရက် ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ သူတို့ကို ဦးတည်လာသော ပြင်းထန်သည့် သတ်ဖြတ်လိုသော အရှိန်အဝါကို ခံစားမိလိုက်၏။
“ကျူးကော်လျန်ချန်များလား” လျိုချင်းယန်သည်လည်း ထို ပြင်းထန်သော သတ်ဖြတ်လိုသော အရှိန်အဝါကို ခံစားမိလိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“ကျူးကော်လျန်ချန် မဟုတ်ဘူး။ တခြား တစ်ယောက်။ မော့လင်အာအတွက် ကျူးကော်လျန်ချန်နဲ့ ပြိုင်ခဲ့တဲ့ ပါရမီရှင်ပဲ။ ဒီ အငွေ့အသက်က သူ့ဟာပါ” ပေတိုယန်က မျက်မှောင်ကြုတ်လျက် ဆိုသည်။
“သန့်ရှင်းသော တိမ်တိုက်ဂိုဏ်းက ပါရမီရှင်လား” လျိုချင်းယန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူ၏ စိတ်ထဲတွင် သွမ့်မိုမင်သည် ကျူးကော်လျန်ချန်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော ပုံရိပ်ကို ပြန်မြင်ယောင်လာတော့သည်။
သွမ့်မိုမင်သည် သန့်ရှင်းသော တိမ်တိုက်ဂိုဏ်း၏ သခင်လေးဖြစ်သည်။ သူ၏ ကျင့်ကြံမှု အဆင့်မှာ ကောင်းကင်လူသား ဘုံ၏ သတ္တမအလွှာ သို့ ရောက်ရှိနေပြီဖြစ်ပြီး အလွန်အမင်း အစွမ်းထက်သူ ဖြစ်ချေ၏။
၀င်္ကပါပင်လယ်နယ်မြေတွင် သွမ့်မိုမင်သည် ထိပ်တန်း လူငယ် ပါရမီရှင်များထဲမှ တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံရပြီး အစွမ်းအထက်ဆုံးသူအဖြစ် လူသိများသည်။
မြောင်ချင်းချင်းက ရှေ့သို့ သတိကြီးစွာ ကြည့်လိုက်ပြီး လေးနက်စွာ ပြောဆိုသည်– “သူက မော့လင်အာရဲ့ အခြေအနေကို သိနေပုံရတယ်”
“ကံမကောင်းတာက သန့်ရှင်းသော တိမ်တိုက်ဂိုဏ်းက သိုင်းပညာရှင်တွေ ဆေးပညာရှင် ဆွေးနွေးပွဲကို မလာခဲ့တာပဲ။ မဟုတ်ရင် သူ ကျွန်တော်တို့ကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူး” လျိုချင်းယန်က မျက်မှောင်ကြုတ်လျက် ဆိုသည်။
“ရွှစ်”
အနက်ရောင် အရိပ်တစ်ခု လင်းခနဲ ပေါ်လာ၏။ သူက သန့်ရှင်းသော တိမ်တိုက်ဂိုဏ်း၏ သခင်လေး သွမ့်မိုမင်ပင်တည်း။ သူ့ကိုယ်တစ်လျှောက်လုံးတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေလေ၏။
သွမ့်မိုမင်၏ မျက်နှာသည် မည်းမှောင်နေပြီး ဖုန်းဝူချန်တို့ အဖွဲ့ကို ဒေါသတကြီး စူးစိုက်ကြည့်နေ၏။
“ဖုန်းဝူချန်၊ ငါ မင်းကို အကြာကြီး စောင့်နေတာ” သွမ့်မိုမင်က ခါးသီးသော လေသံဖြင့် ဆိုသည်။ စကားလုံးတိုင်းတွင် အရိုးထဲအထိ ခိုက်စေမည့် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေပြီး စွမ်းအားများက တဟုန်ထိုး ထွက်ပေါ်လာရာ လေဟာနယ်ကိုပင် တုန်ခါသွားစေပြီး မျက်စိစူးလောက်အောင် တောက်ပသော အပြာရောင် အလင်းရောင်များ ထွက်ပေါ်လာတော့သည်။
“ဒီတစ်ခါတော့ ဒုက္ခ ရောက်ပြီ။ ဒီလို စွမ်းအားနဲ့ဆို ငါတို့ အားလုံး ပူးပေါင်းရင်တောင် သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး” ပေတိုယန်က လေးနက်သော လေသံဖြင့် ဆိုသည်။
ဖုန်းဝူချန်က သွမ့်မိုမင်ကို လျစ်လျူရှုစွာ ကြည့်လိုက်ပြီး မေးမြန်းသည်– “မင်း ဒီကို မော့လင်အာအတွက် လာတာလား”
“အပိုတွေ တော်စမ်း ..,လင်အာကို ဒဏ်ရာရအောင် လုပ်ရဲတာ မင်း အခု အသက်နဲ့ ပြန်ပေးဆပ်ဖို့ ပြင်ထား” သွမ့်မိုမင်က ဒေါသတကြီး ကြွေးကြော်လိုက်သည်။ စကားများများ ပြောမနေတော့ဘဲ ဖုန်းဝူချန်ထံသို့ ပြင်းပြင်းထန်ထန် ပြေးဝင် တိုက်ခိုက်တော့သည်။
“သတိထား” လင်ရှောင်ရှောင်သည် ဖုန်းဝူချန်၏ ရှေ့တွင် ရုတ်တရက် ရောက်သွားပြီး အပြာရောင် အကာအကွယ် အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။
သွမ့်မိုမင်သည် မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာပြီး သူ၏ စွမ်းအား ပါသည့် လက်သီးဖြင့် လင်ရှောင်ရှောင် ဖန်တီးလိုက်သော အကာအကွယ် အတားအဆီးကို ရက်စက်စွာ ထိုးနှက်လိုက်တော့သည်။
“ဟမ့်.. ငါ့ရဲ့ စွမ်းအားကို မင်းတို့ တားနိုင်မယ် ထင်နေတာလား” သွမ့်မိုမင်က မထီမဲ့မြင်ဟန်ဖြင့် ဆိုသည်။
“ဒီလောက် အားနည်းတဲ့ စွမ်းအားနဲ့ဆို နင် ငါ့ရဲ့ အတားအဆီးကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး” လင်ရှောင်ရှောင်က တုံးတိတိ တုံ့ပြန်သည်။ သူမသည် သွမ့်မိုမင်ကိုသာမက သွမ့်မိုမင်၏ ဖခင်ကိုပင် မကြောက်ရွံ့တော့ချေ။
“ဒုန်း”
“အ့”
လက်သီးချက်သည် အတားအဆီးကို ဝင်တိုက်လိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ အပြာရောင် အတားအဆီးသည် ပြင်းထန်စွာ တောက်ပသွားပြီး မျက်စိကျိန်းစရာ အပြာရောင် အလင်းများ ထွက်ပေါ်လာ၏။ ပြိုင်ဘက်ကင်းသော စွမ်းအား များ ပေါက်ကွဲထွက်လာသည်။ သွမ့်မိုမင်၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားသော်လည်း ခုခံရန် နောက်ကျသွားပြီ ဖြစ်သည်။ သူသည် သွေးတစ်လုတ် အန်ထုတ်လိုက်ရကာ နောက်သို့ လွင့်စင်သွားတော့၏။
“ဝူး”
စွမ်းအင် လှိုင်းများ ဆက်တိုက် တိုက်ခတ်သွားရာ လေဟာနယ်ကို ပြင်းထန်စွာ တုန်ဟီးသွားစေသည်။ ထို လေမုန်တိုင်းများကြောင့် အောက်ခြေရှိ သစ်တောများသည် လဲပြိုသွားပြီး ထျန်းဟိုင်မြို့တော်ကိုပင် ထိခိုက်စေတော့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” သွမ့်မိုမင်၏ မျက်နှာတွင် ထိတ်လန့်မှုများ အပြည့်အဝ ထင်ဟပ်နေ၏။ သူ၏ ကြီးမားသော ခွန်အားက ထျန်းယွမ်ဘုံ သတ္တမအလွှာမှ ဖန်တီးသော အတားအဆီးကို မချိုးဖျက်နိုင်သည်ကို သူ မယုံနိုင်တော့ချေ။
ထို ပြင်းထန်သော တိုက်ခိုက်မှုက သွမ့်မိုမင်ကို ဒဏ်ရာ ပြင်းထန်စွာ ရစေခဲ့သည်။ တိုက်ခိုက်မှု စွမ်းအား ပြင်းထန်လေလေ၊ ရရှိသော ဒဏ်ရာက ပို၍ ပို၍ ပြင်းထန်လေလေ ဖြစ်၏။
“မဟုတ်ဘူး၊ ဒါ ထျန်းယွမ်ဘုံ သတ္တမအလွှာရဲ့ စွမ်းအား မဟုတ်ဘူး။ ဒီ အတားအဆီးရဲ့ စွမ်းအားက ထျန်းကျီဘုံ ထက်တောင် ပိုကောင်းနေတယ်” ၀င်္ကပါပင်လယ်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် သွမ့်မိုမင်သည် အပြာရောင် အတားအဆီး၏ စွမ်းအားကို ချက်ချင်း သဘောပေါက်လိုက်တော့သည်။
“ဘာလဲ၊ ထပ်ကြိုးစားချင်သေးလား” လင်ရှောင်ရှောင်က အေးစက်စွာ မေးမြန်းလိုက်သည်။
သွမ့်မိုမင်၏ ခွန်အားဖြင့် လင်ရှောင်ရှောင်ကို နည်းနည်းကလေးမျှပင် ထိခိုက်စေရန် မဖြစ်နိုင်တော့ချေ။
ဤမျှ အတားအဆီးကို တစ်ကြိမ် စမ်းသပ်ခြင်းက လုံလောက်ရ၏။ ထပ်ကြိုးစားခြင်းက မိုက်မဲရာ ရောက်၏။
သွမ့်မိုမင်က ခါးခါးသီးသီး ကြုံးဝါးလိုက်သည်။
“ဖုန်းဝူချန်၊ ဒီနေ့ မင်း ကံကောင်းသွားတယ်။ ဒါပေမဲ့ ဒါ မပြီးသေးဘူးလို့ မထင်နဲ့။ နောက်မှ.. သေမယ်”
“ငါ ဒီနေ့ မင်းကို မသတ်ဘူး။ ဒါပေမဲ့ မော့လင်အာက တကယ်ပဲ တန်ဖိုးရှိရဲ့လားဆိုတာ မင်း စဉ်းစားကြည့်ဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ တန်တယ်လို့ ထင်ရင် ပြန်လာပြီး သေတွင်း ထပ်တူးဖို့ မလောပါနဲ့” ဟု ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
“မော့လင်အာရဲ့ နှလုံးသားက ကျူးကော်လျန်ချန်ဆီမှာ ရှိနေတာကို မင်းက ဘာလို့ သူ့အတွက် ဝင်ပြီး ရပ်တည်ပေးနေရတာလဲ”
လျိုချင်းယန်က လက်ဝါးဖြန့်ကာ အေးစက်စွာ လှောင်ပြောင်လိုက်ခြင်းပါ။
“ပါးစပ်ပိတ်ထား” သွမ့်မိုမင် ဒေါသတကြီး ဟောက်လိုက်သည်။
သွမ့်မိုမင်က ဖုန်းဝူချန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး ..
“ဖုန်းဝူချန်၊ မင်းက ဆေးဧကရာဇ် မဟုတ်ဘူးလား။ ဘာလို့ မိန်းမနောက်မှာ ပုန်းနေတာပဲ သိနေရတာလဲ။ ငါနဲ့ ရင်ဆိုင် တိုက်ခိုက်ဖို့ သတ္တိ ရှိရဲ့လား”
ထိုစကားကို ကြားလိုက်ရသောအခါ ဖုန်းဝူချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ဆိုသည်– “မင်းက အခု ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေပြီ။ သေတွင်း ကိုယ်ရှာသလို မဟုတ်မှာ မင်း အာမခံနိုင်သလား”
ထိုစဉ်၊ သွမ့်မိုမင်သည် ဆေးလုံး တစ်လုံးကို ထုတ်ယူကာ မြိုချလိုက်၏။ သူ၏ မူလ အားနည်းနေသော ခန္ဓာကိုယ်သည် ရုတ်တရက် ၆၀ ရာခိုင်နှုန်းအထိ ပြန်လည် ကောင်းမွန်လာပြီး သူ၏ အရှိန်အဝါက ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။
“ဆဋ္ဌမအဆင့် ဝိညာဉ်ဆေးကြော ဆေးလုံး” ဖုန်းဝူချန် လွှတ်ခနဲ ရေရွတ်လိုက်၏။
“ဝိညာဉ်ဆေးကြော ဆေးလုံးတဲ့လား ဘယ်လို ဆေးလုံးလဲ. အဲ့ဒီလောက် အစွမ်းထက်တဲ့ ကုသနိုင်စွမ်းက. ” လျိုချင်းယန်သည် မျက်လုံးများ ပြူးထွက်မတတ် အံ့အားသင့်စွာ အော်ဟစ်လိုက်တော့သည်။
ပေတိုယန်လည်း အလားတူပင်၊ တုန်လှုပ်နေလေသည်။
“သူ့ရဲ့ ဒဏ်ရာတွေ ၆၀ ရာခိုင်နှုန်း ပြန်ကောင်းသွားတာလား., ဒါ ဘယ်လိုလုပ် ဖြစ်ပြီးတော့.. ဝိညာဉ်ဆေးကြော ဆေးလုံးက တကယ်ပဲ အဲ့ဒီလောက် အစွမ်းထက်သလား”
လျိုချင်းယန်သည် ဖုန်းဝူချန်ကို အချိန်အတော်ကြာ လိုက်ပါခဲ့သော်လည်း ဤမျှ ကောင်းသော ဆေးလုံးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်ပြီး–
ကောက်ချက်ချလိုက်၏။
“ဒါက ဒဏ်ရာတွေကို ခဏတာ ပြန်ကောင်းစေတဲ့ ဆေးလုံး တစ်မျိုးပဲ။ အစွမ်းထက်ပေမယ့် တစ်နာရီပဲ ခံတယ်။ သူ့ရဲ့ အရှိန်အဝါက ကောင်းကင်လူသား ဘုံရဲ့ ပဉ္စမအလွှာကို ပြန်ရောက်နေပြီ” ဟု ပြောဆိုလိုက်တော့၏။