← Chapters

အခန်း (၅၃၈-၅၄၀)

Vol. 36 Ch. 538-540

အခန်း (၅၃၈-၅၄၀)

Vol. 36 Ch. 538-540

အခန်း (၅၃၈) - သွမ့်မိုမင်နှင့် တိုက်ပွဲ (၁) -

~“ဖုန်းဝူချန် လာ တိုက်ကြစို့”

သွမ့်မိုမင်သည် စွမ်းအင်လှိုင်းများ တရကြမ်း ထုတ်လွှတ်ရင်း ဖုန်းဝူချန်ကို အော်ဟစ်လိုက်သည်။ သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါသည် ကောင်းကင်သို့ပင် ထိုးဖောက်သွားတော့၏။

“သူ့ရဲ့ စွမ်းအားတွေ ထပ်တိုးလာပြန်ပြီ ကောင်းကင်လူသား ဘုံ ပဉ္စမအလွှာရဲ့ အထွတ်အထိပ်ပဲ” ပေတိုယန်၏ အမူအရာက တစ်ဖန် ပြောင်းလဲသွားရ၏။

“ဆဋ္ဌမအဆင့် ဆေးလုံးတွေက တကယ်ကို ကြောက်စရာ ကောင်းတာပဲ ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာကို တစ်လုံးတည်းနဲ့ ဒီလောက် ပြန်ကောင်းလာရတယ်လို့” လျိုချင်းယန်သည် တုန်တုန်ယင်ယင် ဖြစ်သွားတော့၏။

“ဒီလို ဆေးလုံးတွေမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ပါလာတယ်။ တစ်နာရီကြာရင် သူ့ဒဏ်ရာတွေက အနည်းဆုံး ခြောက်လလောက် ကုသရလိမ့်မယ်၊ ဒါမှမဟုတ် ပိုကြာမယ်။ အခြေအနေ ဆိုးရင် ကျင့်ကြံမှု အဆင့်ပါ ကျဆင်းသွားနိုင်တယ်။ မဖြစ်မနေ လိုအပ်မှသာ ဒီလို ဆိုးကျိုးပါတဲ့ ဆေးလုံးတွေကို သုံးသင့်တာ” လင်ရှောင်ရှောင်က မျက်မှောင်ကြုတ်လျက် ဆိုသည်။

“မော့လင်အာကို သူ တကယ် ဂရုစိုက်ပုံရတယ်၊ မဟုတ်ရင် အစ်ကိုဖုန်းကို သတ်ချင်လောက်အောင် ဒီလောက် စိတ်မလောဘူး” မြောင်ချင်းချင်းက လေးနက်စွာ သုံးသပ်လိုက်၏။

“မင်းတို့အားလုံး နောက်ဆုတ်လိုက်ကြ” ဖုန်းဝူချန်က လေးနက်သော အသံဖြင့် မှာကြားလိုက်သည်။

လက်ရှိ အခြေအနေတွင် ဖုန်းဝူချန် တစ်ဦးတည်းသာလျှင် သွမ့်မိုမင်နှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည် ဖြစ်၏။ ထိုသို့ တိုက်ခိုက်နိုင်သည်မှာပင် သွမ့်မိုမင်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသောကြောင့်တည်း။ သွမ့်မိုမင်ကသာ သူ့ရဲ့ အမြင့်ဆုံး အစွမ်းအထက်ဆုံး အနေအထားတွင် ရှိနေပါက ဖုန်းဝူချန်သည် ပြိုင်ဘက် မဖြစ်နိုင်ချေ။

“ဒုန်း”

သွမ့်မိုမင်၏ ကြွေးကြော်သံ ပြီးသည်နှင့် သူသည် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုနှင့်အတူ ထွက်ခွာသွားတော့သည်။ သူ၏ အရှိန်သည် ကောင်းလောက်အောင် လျင်မြန်ပြီး ကြမ်းတမ်းသော စွမ်းအင်လှိုင်းများက လေဟာနယ်ကို ပြင်းထန်စွာ လှုပ်ခတ်စေသည်။

“ချီလင် ချပ်ဝတ်” ဖုန်းဝူချန်က ခပ်တိုးတိုး အော်ဟစ်လိုက်ပြီး၊ တစ်ချိန်တည်းမှာပင် လောကဖျက်ဆီး စွမ်းအားနှင့် အထွတ်အထိပ် ခန္ဓာ အဆင့်နှစ် ကိုပါ တိုက်ရိုက် လှုံ့ဆော်လိုက်၏။ ထို့နောက် သူ၏ ချီလင်ချပ်ဝတ်ကို ခေါ်ယူကာ ကောင်းကင်သို့ ခုန်ပျံတက်သွားတော့သည်။

“သေဖို့ ပြင်ထား” သွမ့်မိုမင်က ဒေါသတကြီး ထပ်မံ ကြွေးကြော်လိုက်ပြီး ပြင်းပြင်းထန်ထန် လိုက်ပါသွား၏။

" ဝရော "

ကောင်းကင်သို့ တက်လှမ်းသွားသော ဖုန်းဝူချန်၏ ခွန်အားသည် အရှိန်ဖြင့် တိုးတက်လာ၏။ မျက်တောင် တစ်ခတ်အတွင်းမှာပင် သူသည် ကောင်းကင်လူသား ဘုံ ဒုတိယအလွှာမှ စတုတ္ထအလွှာသို့ ခုန်တက် သွားသည်။ အရှိန်အဝါက ကြီးမားထည်ဝါလှသည်။ တောက်ပသော အနီရောင်-နက်ပြာရောင် အလင်းရောင်များက လေဟာနယ်ကို ဖုံးအုပ်ထားပြီး ပြိုင်ဘက်ကင်းသော ယ စွမ်းအားက လေဟာနယ်ကို လှိုင်းထသွားစေတော့၏။

သွမ့်မိုမင်သည် ကောင်းလောက်အောင် လျင်မြန်သဖြင့် လျင်မြန်စွာ ချဉ်းကပ်လာသည်။ ဖုန်းဝူချန်သည် ချက်ချင်းဆိုသလို သူ၏ လက်အိတ် ကို ထုတ်ယူလိုက်ရာ သူ၏ စွမ်းအင်သည် တစ်ဖန် ပေါက်ကွဲ တိုးတက်လာပြီး ကောင်းကင်လူသား ဘုံ ပဉ္စမအလွှာ ကို ထိုးဖောက် ဝင်ရောက်သွားတော့သည်။

“မင်း တိုက်ခိုက်နိုင်တဲ့ စွမ်းအားကို ဒီအဆင့်အထိ မြှင့်တင်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး” သွမ့်မိုမင်က အမျက်ဒေါသဖြင့် ကြွေးကြော်လိုက်၏။ သူ၏ ရင်ထဲတွင်မူ တိတ်တဆိတ် တုန်လှုပ်နေလေ၏။ ၀င်္ကပါပင်လယ်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သော သူပင် ဤသို့ မလုပ်နိုင်ချေ။

“နက်နဲသော အဆင့်လတ် သိုင်းကျမ်း နတ်ဘုရားလက်သီး ချေမှုန်းခြင်း”

သွမ့်မိုမင်သည် အော်ဟစ်လိုက်ပြီး လက်သီးဖြင့် အဝေးမှ ထိုးနှက်လိုက်၏။ သူ၏ ဩဇာအာဏာ ကြီးမားပြီး စွမ်းအားသည် မုန်တိုင်းသဖွယ် ကောင်းကင်ယံကို လွှမ်းခြုံသွားပြီး လေဟာနယ်ကို ဆုတ်ဖြဲပစ်မည့် ပုံရိပ်ကို ပေးစွမ်း၏။

သွမ့်မိုမင်၏ လက်သီးချက် အားအင်သည် တောင်တန်းကြီး တစ်ခုလုံးကိုပင် ပြာမှုန့်

ဖြစ်သွားစေနိုင်သည့် အစွမ်း ရှိ၏။

“ကောင်းကင် အမျက်ဒေါသ လက်ဝါး တတိယအလွှာ”

ဖုန်းဝူချန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်ဝါးသုံးချက်ကို ဆက်တိုက် ထုတ်လွှတ်လိုက်ရာ လက်ဝါးချက်တိုင်းသည် တစ်ခုပေါ်တစ်ခု ထပ်ဆင့်သွားပြီး စွမ်းအားသည် ကြမ်းတမ်းပြီး ဩဇာကြီးမားလှ၏။

“ဒုန်း”

" ဝရော "

သွေးနီရောင် လက်ဝါးရာနှင့် အပြာရောင် စွမ်းအင်တို့ တိုက်မိကြရာ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ မြည်ဟည်းသွားသည်။ သူတို့၏ ရူးသွပ်စွာ တိုက်ခိုက်မှုတွင် စွမ်းအင်လှိုင်းများ တရကြမ်း တိုက်ခတ်သွားပြီး အရောင်နှစ်ရောင်က ကောင်းကင် တစ်ဝက်စီကို လွှမ်းမိုးထားတော့သည်။

“ဟမ့်.. အစွမ်းအစနည်းနည်း ရှိတာပဲ” သွမ့်မိုမင်က ပြင်းပြင်းထန်ထန် ဟောက်လိုက်သည်။

“အချိန် တစ်နာရီပဲ ရှိတယ်” ဖုန်းဝူချန်က အေးစက်စွာ သတိပေးလိုက်၏။

ပြင်းထန်သော တိုက်ပွဲများတွင် ဖုန်းဝူချန်သည် ဘယ်လိုနည်းနှင့်မျှ အားနည်းခြင်း မရှိခဲ့ချေ။ ချီလင်ချပ်ဝတ် တစ်ခုတည်းကပင် ကြီးမားသော ခုခံကာကွယ်မှု စွမ်းအားကို ပေးစွမ်းနိုင်ပြီး ဖုန်းဝူချန်၏ ခန္ဓာကိုယ် ခိုင်မာမှုနှင့် ပေါင်းစပ်လိုက်သည့်အခါ ခုခံကာကွယ်မှု စွမ်းအားသည် လုံးဝ ကောင်း၏။

“ဒီလောက် ဒဏ်ရာ ပြင်းထန်နေတဲ့ကြားက ဒီလို စွမ်းအားမျိုး ရှိနေတယ်” ပေတိုယန် မျက်မှောင်ကြုတ်လိုက်၏။ သူ၏ မျက်လုံးများတွင် စိုးရိမ်သော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

“ဪ... သူက ၀င်္ကပါပင်လယ်နယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ၊ သူ့ခွန်အားက ရိုးရှင်းမှာ မဟုတ်ဘူး” မြောင်ချင်းချင်းက ကောက်ချက်ချလာသည်။

“ထန် …ထန်”

" ဝရော "

ဆယ်စက္ကန့်ကျော် ကြာသော အရူးအမူး စွမ်းအင် တိုက်ခိုက်မှုများ အပြီးတွင် နားကွဲလောက်အောင် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ဖျက်ဆီးလိုသော စွမ်းအားများ ပြန့်ကျဲသွားပြီး လူနှစ်ဦးလုံး နောက်သို့ လွင့်စဉ်သွားကြသည်။ ပတ်ပတ်လည်ရှိ ကိုက်တစ်ရာအတွင်းရှိ လေဟာနယ်သည် တုန်ယင်သွားချေ၏။

ထျန်းဟိုင်မြို့တော်အတွင်းရှိ ကျင့်ကြံသူများစွာသည် အဝေးမှ ပျံ့နှံ့လာသော တုန်ခါမှုများကို ခံစားမိကြပြီး မြင့်မားသော စွမ်းအင်ကို အာရုံခံမိကြ၏။

သို့သော် ထျန်းဟိုင်မြို့တော်ကဲ့သို့သော အင်အားကြီးသူများ များပြားသည့် နေရာမျိုးတွင် ကောင်းကင်လူသား ဘုံမှ အစွမ်းထက်သူများ တိုက်ခိုက်ခြင်းသည် ထူးခြားသော မြင်ကွင်း မဟုတ်တော့ချေ။

ကောင်းကင်ယံ တိုက်ပွဲနေရာကို တစ်ဖန် ပြန်ကြည့်လိုက်ရာ လွင့်စင်သွားသော ဖုန်းဝူချန်သည် သူ၏ အနက်ရောင် တောင်ပံများကို ရုတ်တရက် ခါယမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းလိုက်တော့သည်။

“ဒုန်း”

သူ၏ တောင်ပံများ ထပ်မံ တုန်ခါသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဖုန်းဝူချန်၏ ပုံရိပ်သည် မည်းနီရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး လျှပ်ခနဲ ပျောက်ကွယ်သွား၏။ သူ၏ အရှိန်အဝါသည် လွှမ်းမိုးနေပြီး အလွန် ကြမ်းတမ်းလှ၏။

“လာခဲ့” အန္တရာယ်ကို သိရှိလိုက်ရသော သွမ့်မိုမင်၏ တိုက်ခိုက်လိုသော စိတ်ဓာတ်များ ရူးသွပ်စွာ မြင့်တက်လာသည်။ သူသည် ကောင်းကင်သို့ ရှည်လျားစွာ ဟစ်အော်လိုက်ရာ သူ၏ ကြမ်းတမ်းသော အရှိန်အဝါသည် လေမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“ဘုန်းဘုန်းဘုန်း”

“ဝှစ်. ဝှစ်..”

ပြင်းထန်သော လက်ချင်းထိ တိုက်ခိုက်မှု သည် ဆက်လက် ဖြစ်ပေါ်လာ၏။ လူနှစ်ဦးလုံးသည် သူတို့၏ အံ့အားသင့်ဖွယ် အရှိန်နှင့် ခွန်အားကို အသုံးပြု၍ ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲနေကြသည်။ ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပေါ်လာပြီး တိုက်ရိုက် ထိမှန်မှုတိုင်းသည် လူတစ်ဦး၏ နှလုံးသားကို ခေတ္တမျှ ရပ်တန့် သွားစေ၏။

“ကောင်းကင်လူသား ဘုံ ဒုတိယအလွှာမှာ ရှိနေတဲ့ မင်းက ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မယ်လို့ မထင်ခဲ့ဘူး” သွမ့်မိုမင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သို့သော် သူကလည်း အားမလျော့ချေ။

သွမ့်မိုမင်ကိုယ်တိုင်ကလည်း အစွမ်းထက်သော တိုက်ခိုက်နိုင်စွမ်း ရှိသူဖြစ်သည်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီး ဆေးလုံး သောက်ထားသော်ငြားလည်း သူက အင်အားကြီးနေဆဲ ဖြစ်၏။

တကယ်လို့ တခြား ပြိုင်ဘက်သာ ဖြစ်ခဲ့ပါက ဖုန်းဝူချန်၏ ပြင်းထန်သော ထိုးစစ်များကြောင့် အရှုံးပေးသွားလောက်ပြီ ဖြစ်၏။

သို့သော် သွမ့်မိုမင် အံ့အားသင့်နေသည်မှာ သူ၏ လိမ္မာပါးနပ်ပြီး ရက်စက်သော တိုက်ခိုက်မှုများကို ဖုန်းဝူချန်က အလွယ်တကူ ရှောင်တိမ်းနိုင်ခြင်းပင်။ ဖုန်းဝူချန်သည် သူ၏ လှုပ်ရှားမှုများကို ကြိုတင် သိမြင်နေသည်ဟု သူ ခံစားလိုက်ရတော့၏။

“၀င်္ကပါပင်လယ်နယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင်က ငါ ထင်ထားတာထက်တောင် ပိုပြီး သန်မာနေတယ်” ဖုန်းဝူချန်က အေးစက်စက် ချီးကျူးလိုက်သည်။

ပြင်းထန်သော တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေစဉ် ပြိုင်ဘက် နှစ်ဦးစလုံးသည် အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ အစွမ်းအစ အားလုံးကို ထုတ်ဖော် အသုံးပြုလာကြ၏။

သို့သော် ခိုင်မာသော ခုခံကာကွယ်မှု ရှိသည့် ဖုန်းဝူချန်သည် တဖြည်းဖြည်း အားနည်းချက် ရှိလာတော့သည်

လက်ချင်းထိ တိုက်ခိုက်မှုသည် ဖုန်းဝူချန်၏ အားသာချက် ဖြစ်သည်ကို ထည့်တွက်ကြည့်ပါက ဖုန်းဝူချန် အားနည်းလာခြင်းသည် သွမ့်မိုမင်၏ ကြီးမားသော ခွန်အားကို ဖော်ညွှန်းနေလေ၏။

“သွမ့်မိုမင်ရဲ့ အရှိန်အဝါက ခန်းမသခင်ထက် သာလွန်နေတယ်။ ခန်းမသခင်မှာ ခန္ဓာကိုယ် ခိုင်မာပေမယ့် အရှိန်နဲ့ ခွန်အားက သွမ့်မိုမင်ကို မယှဉ်နိုင်သေးဘူး” ပေတိုယန်က မျက်မှောင်ကြုတ်လျက် သုံးသပ်သည်။

ဖုန်းဝူချန်သည် အဆင့်မြင့် ဝိညာဉ်လက်နက် လက်အိတ်ကိုပင် ထုတ်ယူထားသော်ငြားလည်း သွမ့်မိုမင်က မည်သည့် ရတနာကိုမျှ အသုံးမပြုဘဲ သူ၏ ခွန်အားစစ်စစ်ဖြင့်သာ ဖုန်းဝူချန်ကို ခုခံနေခြင်း ဖြစ်သည်။

“အစ်ကိုဖုန်းရဲ့ သိုင်းပညာတွေနဲ့ သူ့ကို နှိမ်နင်းနိုင်ဖို့ မျှော်လင့်ပါတယ်” လျိုချင်းယန်၏ မျက်နှာတွင် စိုးရိမ်သော အရိပ်အယောင်များ ပေါ်နေတော့သည်။

“ဘုန်း”

“ဝီ.. ဝီ”

ပြင်းထန်သော တိုက်ပွဲသည် နောက်ဆုံးတွင် ပြီးဆုံးသွားရ၏။

လက်နှစ်ဖက် ထိပ်တိုက် တိုက်မိရာ ဖုန်းဝူချန် လွင့်စင်သွားတော့၏။

“အစ်ကိုဖုန်း” လျိုချင်းယန်တို့ အဖွဲ့သည် ပို၍ ပို၍ စိုးရိမ်လာကြသည်။

ဒဏ်ရာ ပြင်းထန်စွာ ရထားသည့်တိုင် သွမ့်မိုမင်သည် ဖုန်းဝူချန်ကို နှိမ်နင်းနိုင်နေသေး၏။

၀င်္ကပါပင်လယ်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင်သည် ခွန်အား အလွန်အမင်း ကြီးမားချေသည်။

‘သူက ငါ့ထက် နည်းနည်းပဲ ပိုသန်မာတာ၊ ဒါပေမဲ့ ကွာဟချက်က ဒီလောက် ထင်ရှားနေတယ်’ ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်ပြီး ကြိတ်၍ ချီးကျူးမိသည်။ သူ၏ လက်မောင်းတွင် ထုံကျင်နေသည်ကို ခံစားလိုက်ရသည် လေ။

ကောင်းကင်လူသား ဘုံ ပဉ္စမအလွှာသည် ဖုန်းဝူချန်၏ အစွမ်းကုန် အဆင့်အတန်း ဖြစ်၏။

သွမ့်မိုမင်၏ ခွန်အားက ဖုန်းဝူချန်၏ ကန့်သတ်ချက်ကို ကျော်လွန်နေသည်။ ခန္ဓာကိုယ် သန်မာမှု မရှိသည့်တိုင် သွမ့်မိုမင်၏ စွမ်းအားက ဖုန်းဝူချန်ကို သဘာဝအတိုင်း ဖိနှိပ်နေလေ၏။

"ဝုန်း..ဝုန်း"

ထက်ရှသော စွမ်းအားများက သွမ့်မိုမင်၏ ခန္ဓာကိုယ်မှ တစ်ဖန် ထပ်မံ ထွက်ပေါ်လာသည်။ လေဟာနယ်ကို တုန်ခါသွားစေပြီး ပို၍ ဒေါသထွက်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။

“ဖုန်းဝူချန်၊ ငါတို့ ရွယ်တူတွေထဲမှာ ကျူးကော်လျန်ချန်ကလွဲလို့ ငါ့ရဲ့ ထိုးစစ်ကို ဒီလောက်ကြာကြာ ခံနိုင်တဲ့ မင်းက ပထမဆုံးပဲ” သွမ့်မိုမင်က အော်ဟစ်လိုက်၏။ သူ၏ စွမ်းအားများ လျင်မြန်စွာ စုစည်းလာတော့သည်။

“ဖုန်းဝူချန် ဒါ အဆုံးသတ်ပြီ” သွမ့်မိုမင်က အေးစက်စွာ ကြေညာလိုက်၏။

သူ၏ မျက်လုံးများတွင် ရက်စက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ဝေဝါးသွားပြီး ဖုန်းဝူချန်အား သေဒဏ် စီရင်လိုက်တော့၏။

“နက်နဲခြင်း အဆင့်မြင့် သိုင်းကျမ်း ထိတ်လန့်လှိုင်းလုံး လက်ဝါး”

အခန်း (၅၃၉) - သွမ့်မိုမင်နှင့် တိုက်ပွဲ (၂) -

~“နက်နဲသော အဆင့် မြင့်မားသည့် သိုင်းကျမ်း ထိတ်လန့်လှိုင်းလုံး လက်ဝါး”

သွမ့်မိုမင်သည် ဒေါသတကြီး မာန်သွင်းလိုက်သည်။ လက်သင်္ကေတများကို ဖော်လိုက်ရာ မျက်စိကျိန်းစရာ အပြာရောင် အလင်းများ စုစည်းလာ၏။ စွမ်းအင်များသည် ဖိသိပ်ထားသကဲ့သို့ ခံစားရ၏။

“ရွှစ်”

"ဝုန်း..ဝုန်း"

သွမ့်မိုမင်သည် လက်ဝါးဖြင့် ရိုက်ချလိုက်၏။ အကျယ် အတောင် ခြောက်ဆယ်မှ ခုနစ်ဆယ် ခန့်ရှိသော အပြာရောင် လက်ဝါးရာကြီးသည် လေကို ဆုတ်ဖြဲသွားပြီး ဖုန်းဝူချန်ဆီသို့ ဖျက်ဆီးလိုသော အရှိန်အဝါဖြင့် ချဉ်းကပ်လာတော့သည်။ ပြင်းထန်သော ဖိအားနှင့် ခွန်အားကြောင့် ဖုန်းဝူချန်သည် အသားများ ဆုတ်ဖြဲခံရသလို နာကျင်မှုကို ခံစားလိုက်ရ၏။

ဖုန်းဝူချန်၏ ကန့်သတ်ချက်ကို သိရှိပြီးဖြစ်သော သွမ့်မိုမင်သည် ဤတစ်ကြိမ်တွင်မူ လုံးဝ သနားညှာတာခြင်း မရှိတော့ချေ။

“မင်းရဲ့ စွမ်းအားက ငါ့ထက် ပိုတယ်ဆိုတာ မှန်ပေမယ့် ငါ့ကို အထင်သေးလွန်းနေပြီလား” ဖုန်းဝူချန်က အေးစက်စွာ ပြန်ပြောလိုက်၏။

သူ၏ အရှိန်အဝါက ရုတ်တရက် မြင့်တက်လာပြီး လောကအဆုံး ကောင်းကင်အပြစ်ဒဏ် ဓားချက် ၏ ဩဇာကြီးမားသော စွမ်းအားများ ထွက်ပေါ်လာတော့သည်။

သွမ့်မိုမင်၏ ခွန်အားသည် ဖုန်းဝူချန်ထက် သာလွန်နေသည်မှာ အမှန်ပင်။ သို့သော် နက်နဲသောအဆင့် မြင့်မားသည့် သိုင်းကျမ်းတစ်ခုတည်းဖြင့် ဖုန်းဝူချန်ကို အနိုင်ယူနိုင်သည်ဟု တွေးခြင်းက သူ့ကို အထင်သေးလွန်း ရာ ရောက်နေလေ၏။

ဖုန်းဝူချန်၏ အရှိန်အဝါ မြင့်တက်လာသည်ကို ခံစားလိုက်ရသောအခါ သွမ့်မိုမင်သည် မျက်မှောင် အနည်းငယ် တွန့်ချိုးသွားသည်။ သူ၏ မျက်နှာက ပို၍ ပို၍ တင်းမာလာတော့၏။

ယခင်က ပြင်းထန်သော လက်ချင်းထိ တိုက်ခိုက်မှုများတွင် ဖုန်းဝူချန်ကို လွင့်စင်အောင် လုပ်နိုင်ခဲ့သော်လည်း အနည်းငယ်မျှပင် ဒဏ်ရာ မရအောင် မလုပ်နိုင်ခဲ့သည်က သွမ့်မိုမင်ကို ဖုန်းဝူချန်ကို ပိုမို အလေးအနက် ထားစေခဲ့၏။

တကယ်လို့ တခြား ပြိုင်ဘက်သာ ဖြစ်ခဲ့ပါက သွမ့်မိုမင်၏ လက်သီးချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဖြစ်လိမ့်မည်။

ဤအချက်က ဖုန်းဝူချန်သည် သာမန် ပုဂ္ဂိုလ် မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြသနေချေ၏။

“လောကအဆုံး ကောင်းကင်အပြစ်ဒဏ် ဓားချက်”

မည်းနီရောင် အလင်းများ ကောင်းကင်သို့ ထိုးတက်သွားသည်။ လောကအဆုံး၏ ဩဇာကြီးမားသော စွမ်းအားများသည် သူ၏ ညာဘက်လက်မောင်းပေါ်တွင် စုစည်းလာရာ သွေးများဖြင့် လိမ်းကျံထားသကဲ့သို့ ထင်ရပြီး ထွက်ပေါ်လာသော စွမ်းအားသည် ဆွဲဆောင်မှုရှိ၏။

ဖုန်းဝူချန် ထုတ်လွှတ်လိုက်သော ကြီးမားသည့် စွမ်းအားကြောင့် သွမ့်မိုမင်၏ မျက်နှာသည် နောက်ဆုံးတွင် ပြောင်းလဲသွားတော့သည်။ ထို ဆွဲဆောင်မှုရှိသော စွမ်းအားသည် သူ့အတွက် အန္တရာယ် တစ်ခု ဖြစ်နေလေ၏။

“ဒါ မြေကမ္ဘာ အဆင့် သိုင်းကျမ်းပဲ” သွမ့်မိုမင်က တုန်လှုပ်စွာ ကြွေးကြော်လိုက်တော့၏။

'ဖုန်းဝူချန် သုံးတဲ့ မြေကမ္ဘာ အဆင့် သိုင်းကျမ်းက ထူးခြားတယ်။ သူ့စွမ်းအားက တော်တော်ကို ဩဇာကြီးမားတာပဲ' သွမ့်မိုမင် အတွင်းစိတ်မှ တွေးလိုက်မိတော့၏။

“ရွှစ်”

"ဝုန်း..ဝုန်း"

ဖုန်းဝူချန်၏ ကြွေးကြော်သံ ပြီးသည်နှင့် သူသည် လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်၏။ အတောင် ခုနစ်ဆယ် အရွယ်ရှိသော လခြမ်းပုံသဏ္ဌာန် မည်းနီရောင် စွမ်းအင်ဓားချက်သည် ပြင်းထန်ပြီး ဩဇာအာဏာ အလွန်ကြီးမားသော အရှိန်အဝါဖြင့် ထွက်ပေါ်လာတော့၏။

“ဒုန်းဒုန်းဒုန်း”

"ဝုန်း..ဝုန်း"

“ဖောက် ဖောက်”

မျက်တောင် တစ်ခတ်အတွင်းမှာပင် ထို စွမ်းအင်နှစ်ခုသည် ပြင်းထန်စွာ တိုက်မိကြပြီး ပေါက်ကွဲသွားတော့သည်။ ပေါက်ကွဲသည့် နေရာတစ်ဝိုက်ရှိ လေဟာနယ်သည် ပြင်းထန်စွာ တုန်ဟီးသွားပြီး ပေါက်ကွဲမှု ဗဟိုချက်တွင် အက်ကွဲကြောင်း ဆယ်ခုကျော် ဖြစ်ပေါ်လာချေ၏။ ဖျက်ဆီးလိုသော ပေါက်ကွဲ စွမ်းအင်များက ဆူနာမီလှိုင်းသဖွယ် အရပ်မျက်နှာ အားလုံးသို့ တရကြမ်း လှိမ့်ထွက်သွားသည်။ တိုက်ခိုက်သူ နှစ်ဦးစလုံးသည် ထို စွမ်းအင်များကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရပြီး သွေးများ ပန်းထွက်ကာ နောက်သို့ လွင့်စဉ်သွားတော့သည်။

ဖုန်းဝူချန်သည် သွမ့်မိုမင်ကို ဒဏ်ရာရစေနိုင်ခြင်းက သူ၏ မြေကမ္ဘာ အဆင့် သိုင်းကျမ်း၏ စွမ်းအားကို သက်သေပြနေလေ၏။

သွမ့်မိုမင်သည် သူ၏ နက်နဲသောအဆင့် သိုင်းကျမ်းဖြင့် ဖုန်းဝူချန်ကို ဒဏ်ရာရစေနိုင်ခြင်းကမူ သူ၏ ကိုယ်ပိုင် စွမ်းရည် မည်မျှ ကြီးမားသည်ကို ပြသနေလေ၏။

စွမ်းအင်လှိုင်းများ အတောင် တစ်ရာကျော်အထိ ပျံ့နှံ့သွားရာ ထျန်းဟိုင်မြို့တော် အပေါ်သို့ ရောက်ရှိပြီး မြို့တော်တစ်ခုလုံး ခေတ္တမျှ တုန်လှုပ်သွားတော့သည်။

“ဘယ်လောက် ပြင်းထန်တဲ့ တိုက်ပွဲလဲ၊ ဒါ ကောင်းကင်လူသား ဘုံ ပဉ္စမအလွှာ ကျင့်ကြံသူတွေရဲ့ တိုက်ပွဲပဲ ဒီ အငွေ့အသက်တွေထဲက တစ်ခုက တော်တော် ရင်းနှီးနေတယ်”

“သူတို့ အသက်နဲ့ရင်းပြီး တိုက်နေကြတာလား။ ဒီ စွမ်းအားက ကောင်းကင်လူသား ဘုံ ဆဋ္ဌမအလွှာ ကျင့်ကြံသူနဲ့တောင် ယှဉ်နိုင်တယ်။ ဘယ်သူတွေလဲ မသိဘူး”

“ဒါ.. မြေကမ္ဘာအဆင့် သိုင်းကျမ်းပဲ”

ဖုန်းဝူချန်နှင့် သွမ့်မိုမင်တို့၏ ပြင်းထန်သော တိုက်ပွဲသည် ထျန်းဟိုင်မြို့တော်ရှိ ကျင့်ကြံသူများ၏ စိတ်ဝင်စားမှုကို နောက်ဆုံးတွင် ဖမ်းစားလိုက်ရ၏။ အစပိုင်းတွင် သူတို့က ဂရုမစိုက်ခဲ့ကြသော်လည်း စွမ်းအားက ပို၍ ပို၍ ကောင်းလာပြီး မြေကမ္ဘာ အဆင့် သိုင်းကျမ်းများကို အသုံးပြုလာသောအခါ ပရိသတ်၏ စူးစမ်းလိုစိတ်ကို လှုံ့ဆော်ပေးလိုက်၏။

မြေကမ္ဘာ အဆင့် သိုင်းကျမ်းများကို ပိုင်ဆိုင်ထားသော ခွန်အားကြီးသူ အများစုသည် များသောအားဖြင့် ကြီးမားသော နောက်ခံများ ရှိကြသည်။

ထိုအကြောင်းကြောင့်ပင် ထျန်းဟိုင်မြို့တော်ရှိ လူများ၏ စိတ်ဝင်စားမှုကို ဖမ်းစားလိုက်၏။

ထို့ကြောင့် ထျန်းဟိုင်မြို့တော်ရှိ ခွန်အားကြီး ပုဂ္ဂိုလ်များစွာသည် ဘာတွေ ဖြစ်နေလဲဆိုတာ သိရှိရန် တိုက်ပွဲနေရာသို့ ဦးတည် လာရောက်ခဲ့ကြတော့သည်။

စွမ်းအင်လှိုင်းများက ငါးမိနစ် အပြည့် ကြာမြင့်ခဲ့ပြီးမှ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

တိုက်ခိုက်သူ နှစ်ဦးစလုံးသည် ထို ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြသည်။ သို့သော် သူတို့၏ ဒဏ်ရာများသည် တိုက်ခိုက်နိုင်စွမ်းကို ထိခိုက်စေလောက်အောင် မပြင်းထန်ကြချေ။

“မြေကမ္ဘာ အဆင့် အလယ်အလတ် သိုင်းကျမ်း” သွမ့်မိုမင်သည် နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။ သူ၏ အမူအရာက တင်းမာနေတော့သည်။

ဖုန်းဝူချန် ထုတ်လွှတ်လိုက်သော မြေကမ္ဘာ အဆင့် အလယ်အလတ် သိုင်းကျမ်းသည် စွမ်းအား အလွန် ကောင်း၏။ ထို့ကြောင့်ပင် သွမ့်မိုမင်ကို ဒဏ်ရာရစေနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဖုန်းဝူချန်၊ မင်းမှာ မြေကမ္ဘာ အဆင့် သိုင်းကျမ်း ရှိသေးလား” သွမ့်မိုမင်က အေးစက်စွာ မေးမြန်းလိုက်၏။ သူသည် သူ၏ ခန္ဓာကိုယ်ထဲမှ စစ်မှန်သော ချီစွမ်းအင်ကို အစွမ်းကုန် လှုံ့ဆော်လိုက်သည်။ သူ၏ အရှိန်အဝါသည် အနည်းငယ် အားနည်းသွားသော်လည်း တိုက်ခိုက်နိုင်စွမ်းကို မထိခိုက်တော့ချေ။

သွမ့်မိုမင်၏ အရှိန်အဝါက တစ်ဖန် လျင်မြန်စွာ မြင့်တက်လာပြီး သူ၏ လက်များသည် လက်သင်္ကေတများကို ဖော်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှ ပို၍ စွမ်းအားများ ထွက်ပေါ်လာပြီး ရူးသွပ်စွာ ပြင်းထန်လာသည်။

“မြေကမ္ဘာ အဆင့် သိုင်းကျမ်း” ဖုန်းဝူချန်၏ အမူအရာက အနည်းငယ် မည်းမှောင်သွားတော့၏။

“ဖုန်းဝူချန်၊ ငါ့ရဲ့ စွမ်းအားအပြည့်အစုံကို ပြမယ် ” သွမ့်မိုမင်က အေးစက်စွာ ကြွေးကြော်လိုက်သည်။ သူ၏ အတွေးဖြင့် အလယ်အလတ် ဝိညာဉ်လက်နက်တစ်ခုကို ခေါ်ယူလိုက်၏။

ဖန်ခွက် တစ်လုံးပင်။

သွမ့်မိုမင်က ထို ဖန်ခွက်ထဲသို့ သူ၏ စွမ်းအားကို စီးဆင်းစေလိုက်သည်နှင့် ဖန်ခွက်သည် အပြာရောင် အလင်းများ ဝင်းလက်သွားပြီး အားကောင်းသော အရှိန်အဝါများ ထုတ်လွှတ်လိုက်တော့သည်။

"ဝုန်း..ဝုန်း"

သွမ့်မိုမင်၏ အရှိန်အဝါက တစ်ဖန် ထပ်မံ မြင့်တက်လာပြီး သူ၏ အငွေ့အသက်သည် ချက်ချင်းဆိုသလို ကောင်းကင်လူသား ဘုံ ပဉ္စမအလွှာ၏ အထွတ်အထိပ် သို့ ပြန်ရောက်သွားရ၏။

“အလယ်အလတ် ဝိညာဉ်လက်နက် သွမ့်မိုမင်ရဲ့ အငွေ့အသက်က ကောင်းကင်လူသား ဘုံ ပဉ္စမအလွှာရဲ့ အထွတ်အထိပ်ကို ပြန်ရောက်သွားပြီ” လျိုချင်းယန်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“သူ့ခွန်အားက တကယ်ပဲ ကြောက်စရာ ကောင်းတာပဲ” ပေတိုယန်က စိုးရိမ်သော လေသံဖြင့် ဆိုလိုက်ပြီး သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။ သူသည် သူများထက် နိမ့်ကျသည်ဟု ခံစားလိုက်ရ၏။

“အစ်ကိုကြီးဖုန်း အစွမ်းကုန် ထုတ်မသုံးသေးတာ ဖြစ်ရမယ်” လင်ရှောင်ရှောင်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“မြေကမ္ဘာ အဆင့် အစောပိုင်း သိုင်းကျမ်း ကြယ်ခုနစ်လုံး ကောင်းကင် ဖောက်ခွဲ လက်ဝါး”

သွမ့်မိုမင်သည် ပြင်းထန်စွာ ဟစ်အော်လိုက်ပြီး လက်ဝါးချက် တစ်ချက် ထပ်မံ ထုတ်လွှတ်လိုက်သည်။ ယခင် လက်ဝါးရာနှင့် နှိုင်းယှဉ်ပါက ဤ လက်ဝါးချက်၏ စွမ်းအားက တစ်ဒါဇင်ကျော်မျှ ပို၍ အားကောင်းနေသည်

“ရွှစ်”

"ဝုန်း..ဝုန်း"

အလွန် ကောင်းသော ထို လက်ဝါး ပုံရိပ်သည် တောင်ထိပ်ကြီးသဖွယ် ဖုန်းဝူချန်ထံသို့ တရကြမ်း ရိုက်ချလာသည်။ မည်သူမျှ တားဆီး၍ မရချေ။ ၎င်း ဖြတ်သန်းသွားသော လေဟာနယ်သည် ပြင်းထန်စွာ တုန်ခါပြီး ဆူပူသောင်းကျန်းနေတော့၏။

ဖုန်းဝူချန်၏ မျက်နှာက တင်းမာသွားသည်။ အတွေးတစ်ချက်ဖြင့် နဂါးနတ်ဘုရား ဓား သည် လေထဲတွင် ပေါ်လာတော့သည်။

"ဝုန်း..ဝုန်း"

နဂါးနတ်ဘုရား ဓား ပေါ်လာသည်နှင့် ဖုန်းဝူချန်၏ အရှိန်အဝါက ရူးသွပ်စွာ မြင့်တက်သွားပြီး သူ၏ ဓားချီများ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။

“နောက်ထပ် အဆင့်မြင့် ဝိညာဉ်လက်နက် ဒုတိယအဆင့် ပုံသွင်းမှု ဒီဓားက တခြား အဆင့်မြင့် ဝိညာဉ်လက်နက်တွေနဲ့ လုံးဝ မတူဘူး။ သူ့ရဲ့ အငွေ့အသက်က မယုံနိုင်လောက်အောင်ကို ကြမ်းတမ်းနေတယ်” သွမ့်မိုမင်သည် တစ်ဖန် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ ရင်ထဲတွင် မသက်မသာ ခံစားချက်တစ်ခု ပေါ်လာတော့၏။

“ဝိညာဉ်ချေမှုန်း ဓားသိုင်း.. ဝိညာဉ်ချေမှုန်း.. နတ်ငို သရဲအော်သံ”

ဖုန်းဝူချန်သည် ထက်ရှစွာ မာန်သွင်းလိုက်ပြီး နဂါးနတ်ဘုရား ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်၏။ စွမ်းအင်များဖြင့် ပြည့်နှက်နေသော သွေးနီရောင် ဓားအလင်း ထွက်ပေါ်လာပြီး လုံးဝ မရပ်မနားနိုင်တော့ချေ။ ဓားအလင်း၏ လမ်းကြောင်း တစ်လျှောက်တွင် မည်းနက်သော အက်ကွဲကြောင်းများ လေဟာနယ်ထဲတွင် စီးဆင်းသွား၏။

သူ့ထံသို့ ဦးတည်လာသော ဓားအလင်းကို မြင်ရသောအခါ သွမ့်မိုမင်၏ မျက်နှာသည် ချက်ချင်းဆိုသလို ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပြီး မျက်လုံးများပင် ပြူးကျယ်သွားတော့သည်။

ကြီးမားသော ဓားအလင်းသည် သွမ့်မိုမင်ကို အလွန် သတိထားစေ၏။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဘယ်လို… သူ့ရဲ့ မြေကမ္ဘာ အဆင့် ဓားသိုင်းက ဒီလို စွမ်းအင်မျိုး ပိုင်ဆိုင်ရတာလဲ။ ဒါ… ဒါက မြေကမ္ဘာ အဆင့် ဓားသိုင်း မဟုတ်ဘူး” သွမ့်မိုမင်သည် တုန်တုန်ရီရီဖြင့် ပြောဆိုလိုက်သည်။ မည်းနီရောင် ဓားအလင်းကို ကြည့်ရင်း သူ၏ အမူအရာ တောင့်ခဲနေလေ၏။

“ဘုန်းဘုန်းဘုန်း”

“အား”

တစ်ခဏအတွင်းမှာပင် ဓားအလင်းသည် လက်ဝါးရာနှင့် တိုက်မိပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ပတ်ဝန်းကျင်ရှိ တောင်များ တစ်လျှောက် ပဲ့တင်ထပ်သွားရာ နားကွဲမတတ် ဆူညံ၏။ ခွန်အားကြောင့် သွမ့်မိုမင်သည် သွေးများ ပန်းထွက်ကာ အမြောက်ဆံသဖွယ် နောက်သို့ လွင့်စဉ်သွားတော့သည်။

“ဒါ မဖြစ်နိုင်ဘူး” သွမ့်မိုမင်၏ ရင်ထဲတွင် ထိတ်လန့်မှုများ ပို၍ ပို၍ တိုးလာသည်။ ဖုန်းဝူချန်သည် ဤမျှ ဓားသိုင်းကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်တော့ချေ။

ဓားအလင်း တစ်ချက်တည်းကပင် သွမ့်မိုမင်ကို ပြင်းပြင်းထန်ထန် အနိုင်ယူလိုက်ရ၏။

ဓားအလင်း၏ စွမ်းအားသည် စိတ်ကူး၍ပင် မရနိုင်တော့ချေ။

"ဝုန်း..ဝုန်း"

အလွန်အမင်း အားကောင်းသော လှိုင်းများ ပျံ့နှံ့သွားပြီး လေဟာနယ်ကို တုန်ခါစေကာ ပြိုကျတော့မည့် အလား ဖြစ်နေလေ၏။

၀င်္ကပါပင်လယ်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် သွမ့်မိုမင်သည် ဖုန်းဝူချန်၏ လက်ချက်ဖြင့် ပြတ်ပြတ်သားသား ရှုံးနိမ့်သွားရ၏။

“အဲ့ဒါ… သွမ့်မိုမင်ပဲ”

“၀င်္ကပါပင်လယ်နယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင် ရှုံးနိမ့်သွားပြီ”

ဘာတွေ ဖြစ်နေလဲဆိုတာ သိရှိရန် ရောက်လာကြသော ခွန်အားကြီး ပုဂ္ဂိုလ်များစွာသည် ထို အရှိန်အဝါကို ခံစားလိုက်ရပြီး သွမ့်မိုမင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရကာ လွင့်စင်သွားသည်ကို မြင်ရသောအခါ မျက်နှာများတွင် တုန်လှုပ်မှုများ ပြသနေကြတော့၏။

အခန်း (၅၄၀) - ရတနာ ရှာဖွေခြင်း

~သွမ့်မိုမင် ရှုံးနိမ့်သွားခြင်းက တိုက်ပွဲကို လာရောက်ကြည့်ရှုကြသော ကျင့်ကြံသူများစွာကို အကြီးအကျယ် တုန်လှုပ် သွားစေတော့သည်။

အင်အားကြီး ပုဂ္ဂိုလ်များစွာတို့၏ မျက်နှာများသည် မယုံကြည်နိုင်ခြင်းများနှင့် အံ့အားသင့်မှုများ ရောထွေးလျက် တိတ်ဆိတ်နေကြ၏။

၀င်္ကပါပင်လယ်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သော သွမ့်မိုမင်၏ ဂုဏ်သတင်းသည် နယ်မြေ

တစ်ခုလုံးတွင် ပဲ့တင်ထပ်နေခဲ့ပြီး သူ့ကို မသိသူ မရှိချေ။

သွမ့်မိုမင်၏ စွမ်းအားဖြင့် ကောင်းကင်လူသား ဘုံ သတ္တမအလွှာ ကျင့်ကြံသူနှင့်ပင် ယှဉ်ပြိုင်နိုင်၏။

“ဒါ သွမ့်မိုမင် တကယ်ပဲ ဘယ်လိုဖြစ်နိုင်မှာလဲ.. သွမ့်မိုမင်က တကယ် ရှုံးနိမ့်သွားတာလား”

“ဒီလူငယ်က ဘယ်သူလဲ။ ကောင်းကင်လူသား ဘုံ ပဉ္စမအလွှာ အထွတ်အထိပ်က ဘယ်လိုလုပ် သွမ့်မိုမင်ကို အနိုင်ယူနိုင်မှာလဲ။ သွမ့်မိုမင်က သတ္တမအလွှာ ရောက်နေတာလေ”

“ဒီလူတွေကို ငါ မှတ်မိတယ်။ သူတို့ ခုနကမှ သင်္ဘောပေါ်က ဆင်းလာတာ၊ သူက သွမ့်မိုမင်ကို တကယ် အနိုင်ယူလိုက်တာလား”

“သူက ကောင်းကင်လူသား ဘုံ ပဉ္စမအလွှာပဲ ရှိတာ၊ သွမ့်မိုမင်ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ သူ လှည့်စားတဲ့ နည်းလမ်း တစ်ခုခု သုံးခဲ့တာပဲ ဖြစ်ရမယ်”

အင်အားကြီး ပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ တုန်လှုပ်သော ဆွေးနွေးမှုများဖြင့် ခန်းမတစ်ခုလုံး ဆူညံသွားတော့၏။ သူတို့သည် ဖုန်းဝူချန်ကို မသိကြသလို၊ ဖုန်းဝူချန်၏ ဆေးပညာရှင် ဂုဏ်ပုဒ်ကိုလည်း မသိကြချေ။

ဖုန်းဝူချန်၏ ဂုဏ်ပုဒ်ကို သိရှိသူများကတော့ ပင်လယ်ကူး သင်္ဘောပေါ်တွင် ရှိနေကြဆဲ ဖြစ်၏။

ကောင်းကင်ယံတွင် လွင့်စင်သွားသော သွမ့်မိုမင်သည် ဒဏ်ရာ ပြင်းထန်စွာ ရရှိနေပြီး မျက်နှာသည် ဖြူဖျော့လျက် တိုက်ပွဲကို ဆက်လက် ဆင်နွှဲနိုင်ခြင်း မရှိတော့ချေ။

ဖုန်းဝူချန်မှာတော့ ဒဏ်ရာ သေးငယ်စွာသာ ရရှိခဲ့သော်လည်း သူ၏ မျက်နှာကတော့ ဖြူဖျော့နေဆဲပင်။ ဝိညာဉ်ချေမှုန်း ဓားသိုင်း ကို အစွမ်းကုန် အသုံးပြုလိုက်ရသဖြင့် သူ၏ စွမ်းအင် အများအပြား ကုန်ဆုံးသွား၏။

သို့သော် ဤတိုက်ပွဲသည် ဖုန်းဝူချန် အနိုင်ရခဲ့သော တိုက်ပွဲပင်တည်း။

“ဘယ်လို... ဘယ်လိုလုပ် ဒီလို ဓားသိုင်းမျိုး ပိုင်ဆိုင်နေရတာလဲ”

သွမ့်မိုမင်သည် ဖုန်းဝူချန်ကို အငြိုးကြီးစွာ စိုက်ကြည့်ရင်း ဒေါသတကြီး သွားများ ကြိတ်ကာ ဆိုသည်။

ဖုန်းဝူချန်သည် ဆေးလုံးတစ်လုံးကို ထုတ်ယူ မြိုချလိုက်ပြီးနောက်– “အရင်က ပြောခဲ့သလိုပဲ၊ မင်း စဉ်းစားပြီးပြီဆိုရင် မော့လင်အာအတွက် သေရတာ တန်တယ်လို့ ထင်ရင် လာပြီး သေတွင်း တူးလိုက်ပါ” ဟု ပြန်ဖြေလိုက်၏။

ထိုစကားများနှင့်အတူ ဖုန်းဝူချန်သည် ဦးဆောင်ကာ ပျံသန်း ထွက်ခွာသွားတော့သည်။ လင်ရှောင်ရှောင်နှင့် အဖွဲ့လည်း သူ့နောက်မှ အနီးကပ် လိုက်ပါသွားကြ၏။

“အား”

တိုက်ပွဲ ရှုံးနိမ့်ခြင်းနှင့် မော့လင်အာအတွက် လက်စားမချေနိုင်ခြင်းတို့ကြောင့် သွမ့်မိုမင်သည် ကောင်းကင်သို့ ဒေါသတကြီး ဟစ်အော်လိုက်တော့သည်။

အခင်းဖြစ်ပွားရာသို့ ခုမှ ရောက်ရှိလာသော ကျင့်ကြံသူများစွာတို့သည် ထို အော်ဟစ်သံကြောင့် ကြောက်လန့်တကြား တုန်ရီ သွားကြတော့၏။

*

—-----

ကြာ်တာရာနယ်မြေ၊ နဂါးနတ်ဘုရား နန်းတော်၌၊

“ခန်းမသခင်ကို ဂါရဝပြုပါတယ်”

နဂါးနတ်ဘုရား နန်းတော်မှ လူများက လေးလေးစားစား နှုတ်ဆက်လိုက်ကြရာ ဆေးဧကရာဇ် တောင် တစ်လျှောက် ပဲ့တင်ထပ်သွားတော့သည်။

“အစ်ကိုဖုန်း၊ ကျွန်တော်နဲ့ ချင်းချင်း လျူမိသားစုကို ခဏ ပြန်တော့မယ်ဗျ။ အိမ်ကနေ ကြာနေပြီဆိုတော့ ကျွန်တော့် အဘိုးကြီးက ကျွန်တော့် ခြေထောက်ကို ရိုက်ချိုးမလား မသိဘူး” နဂါးနတ်ဘုရား နန်းတော်သို့ ရောက်သည်နှင့် လျိုချင်းယန်သည် မြောင်ချင်းချင်းကို ခေါ်ကာ ရွှေ့ပြောင်းခြင်း အခင်းအကျင်းသို့ အလျင်အမြန် ပြေးသွားတော့သည်။

“သုံးရက်နေရင် ပြန်လာခဲ့နော်” ဖုန်းဝူချန်က သတိပေးလိုက်၏။

“ကောင်းပါပြီ” လျိုချင်းယန်သည် ရွှေ့ပြောင်းခြင်း အခင်းအကျင်းထဲမှနေ၍ ခေါင်းညိတ်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း သူတို့နှစ်ဦး ပျောက်ကွယ်သွားတော့သည်။

“ချန်အာ..ရှောင်ရှောင်.. နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ”

ရှောင်ချင်းချင်းသည် အပျော်ဆုံးဖြစ်ပြီး ပထမဆုံး နှုတ်ဆက်၏။

“ဖေဖေ၊ မေမေ၊ အကြီးအကဲ” ဖုန်းဝူချန်က ပြုံးလျက် နှုတ်ဆက်သည်။

လင်ရှောင်ရှောင်ကလည်း ချိုသာစွာ ပြုံးလျက်– “ဦးလေးဖုန်း၊ ဒေါ်ဒေါ်ရှောင်၊ အကြီးအကဲ” ဟု ပြန်လည် နှုတ်ဆက်လာသည်။

“ရှောင်ရှောင်၊ ခဏနေရင် ဒေါ်ဒေါ်ရှောင်နဲ့ မြို့တော်ကို အထည်တွေ သွားကြည့်ရအောင်။ မင်းတို့ နှစ်ယောက်လုံးအတွက် ဒေါ်ဒေါ်ရှောင် အဝတ်တွေ ချုပ်ပေးမယ်။ ဒေါ်ဒေါ်ရှောင် လန်ယွဲ့ကိုလည်း ပြောထားပြီးပြီ” ရှောင်ချင်းချင်းက ပျော်ရွှင်စွာ ပြုံးလျက် ဆိုသည်။

“ဟုတ်ကဲ့ပါ” လင်ရှောင်ရှောင်က လိမ္မာစွာ ခေါင်းညိတ်လိုက်၏။

“သခင်လေးရဲ့ ဒဏ်ရာတွေ ဘာဖြစ်တာလဲ” ဖုန်းချီယန်က မျက်မှောင်ကြုတ်လျက် ဖုန်းဝူချန်၏ ဒဏ်ရာများကို အလျင်အမြန် စစ်ဆေးတော့သည်။

“ဘာမှ မဖြစ်ပါဘူး အကြီးအကဲ၊ စိတ်ချပါ။ ကျွန်တော် ခဏလေးအတွင်း ပြန်ကောင်းလာပါလိမ့်မယ်” ဖုန်းဝူချန်က ညင်သာစွာ ပြုံးလျက် ဆိုသည်။ ပျံသန်း ပြန်လာစဉ်ကပင် သူ၏ ဒဏ်ရာများ တစ်ဝက်နီးပါး ပျောက်ကင်း နေပြီ ဖြစ်၏။

“ဆေးပညာရှင် ဆွေးနွေးပွဲက ဘယ်လိုလဲ” ဖုန်းကျန့်ရှုံးက ပြုံးလျက် မေးမြန်းလိုက်၏။ ဖုန်းဝူချန်၏ ဒဏ်ရာများကိုတော့ သူ သိပ် စိုးရိမ်ခြင်း မရှိချေ။

ဆေးဧကရာဇ်ဖြစ်သော ဖုန်းဝူချန်အတွက် ထိုသို့သော ဒဏ်ရာများသည် အရေးမကြီးသည်မှာ သေချာ၏။

“ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ သူတို့ အတွေ့အကြုံ ဖလှယ်ကြတာနဲ့ ဆေးပညာရှင် စွမ်းရည်တွေကို ယှဉ်ပြိုင်ကြတာတွေကိုပဲ ကြည့်နေရတာပါ” ဖုန်းဝူချန်က ညင်သာစွာ ပြုံးလျက် ပြန်ဖြေလိုက်၏။

“ကြည့်နေရတာ?” ဖုန်းကျန့်ရှုံးသည် ခေတ္တမျှ ကြောင်အမ်းသွားသည်။ သူသည် ရပ်တန့်လိုက်ပြီး ဖုန်းဝူချန်ကို လှည့်ကြည့်ရာ သူ့မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာတော့သည်။

လင်ရှောင်ရှောင်နှင့် စကားပြောဆိုရသည်ကို ပျော်ရွှင်နေသော ရှောင်ချင်းချင်း၏ ပြုံးနေသော မျက်နှာက ရုတ်တရက် ရပ်တန့်သွားသည်။ သူမက မကျေမနပ်ဖြစ်သော လေသံဖြင့် ဆိုသည်– “ဘာတွေ ဖြစ်နေတာလဲ။ ချန်အာက ငေးကြည့်နေရုံပဲလား။ ဒါ လုံးဝ မတရားဘူး။ ချန်အာက ဆေးဧကရာဇ် မဟုတ်ဘူးလား။ သူတို့ လွန်လွန်းနေပြီ သူတို့အားလုံးက ဆေးဧကရာဇ်တွေ ဖြစ်နေလို့လား။ ချန်အာ၊ သူတို့က အနိုင်ကျင့် လွန်းနေပြီ။ မေမေ့ကို ခေါ်သွား။ ဘယ်သူကများ ငါ့သားကို အထင်မသေးရဲလဲဆိုတာ မေမေ လိုက်ကြည့်ချင်တယ်”

“မေမေရယ်၊ အဲ့ဒါ… မေမေ ထင်သလို မဟုတ်ပါဘူးဗျာ” ဖုန်းဝူချန်က ခပ်ရှက်ရှက် ပြုံးလိုက် တော့၏။ ရှောင်ချင်းချင်း၏ ဤမျှ ပြင်းထန်သော တုံ့ပြန်မှုကို သူ မမျှော်လင့်ထားခဲ့ချေ။

“ဖုန်းကတော်၊ ခန်းမသခင်ရဲ့ ဆေးပညာ နယ်ပယ်က ဆေးပညာရှင် ဆွေးနွေးပွဲက လူတွေထက် အများကြီး သာလွန်ပါတယ်။ ထျန်းရှန်းဇီတောင် ခန်းမသခင်ကို အလေးအမြတ်ပြုပြီး နောက်ဆုံးမှာ သင်ခန်းစာ ပို့ချပေးဖို့ တောင်းပန်ခဲ့လို့ ခန်းမသခင်က ငေးကြည့်နေခဲ့ရတာပါ” ဟု ပေတိုယန်က အလျင်အမြန် ရှင်းပြလိုက်သည်။

“အဲ့ဒါ ..ဒေါ်ဒေါ် ထင်ထားတဲ့အတိုင်းပဲ။ ငါ့ သားလေးရဲ့ ဆေးဧကရာဇ် နယ်ပယ်ကို ဘယ် ဆေးပညာရှင်ကမှ ကျော်လွန်နိုင်မှာ မဟုတ်ဘူးလေ” ရှောင်ချင်းချင်းသည် ပေတိုယန်၏ စကားကို ကြားမှ စိတ်ချသွားတော့သည်။

“ဒေါ်ဒေါ်ရှောင်၊ အစ်ကိုဖုန်းက ဆေးပညာရှင် ဆွေးနွေးပွဲ တစ်ခုလုံးမှာ အစွမ်းအထက်ဆုံး ဆေးပညာရှင်ပဲ။ သူတို့အားလုံး အစ်ကိုဖုန်းဆီက သင်ယူကြရတာပါ” ဟု လင်ရှောင်ရှောင်က ပြုံးလျက် ဆိုသည်။

“ဒါ ကောင်းတယ် တော်တော် ကောင်းတယ်” ရှောင်ချင်းချင်း ဝမ်းသာအားရ ရယ်မောလိုက်၏။

ခန်းမဆောင်ကြီးထဲတွင် ဖုန်းဝူချန်၊ ဖုန်းကျန့်ရှုံး၊ ဖုန်းချီယန်နှင့် အခြားသူများသည် ပျော်ရွှင်စွာ စကားပြောဆိုနေကြသည်။

ရှောင်ချင်းချင်းကတော့ လင်ရှောင်ရှောင်နှင့် လန်ယွဲ့

( ရေ နတ်သူငယ် ) ကို ခေါ်ကာ ကြယ်တာရာ နယ်မြေမြို့သို့ သွားတော့သည်။

နောက် သုံးရက်ကြာအောင် ဖုန်းဝူချန်သည် မိသားစုနှင့် အချိန်ဖြုန်းခဲ့ပြီး ဖုန်းကျန့်ရှုံးတို့၏ ကျင့်ကြံမှု လမ်းကြောင်းကိုလည်း လမ်းညွှန်ပေးခဲ့၏။

ယခုအခါ ဖုန်းမိသားစုသည် ယန်ဟော် အင်ပါယာတွင် အစွမ်းထက်ဆုံး အင်အားစု ဖြစ်နေပြီဖြစ်ရာ အရေးကြီးသည့် ကိစ္စ မရှိပါက ဖုန်းကျန့်ရှုံးနှင့် ကျန်သူများသည် နဂါးနတ်ဘုရား နန်းတော်တွင်သာ ကျင့်ကြံနေကြတော့သည်။

သုံးရက်ကြာပြီးနောက် လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ လျူမိသားစုမှ ပြန်ရောက်လာကြသည်။ ဖုန်းဝူချန်တို့ အဖွဲ့လည်း သူတို့၏ ရတနာ ရှာဖွေရေး ခရီးစဉ်ကို စတင်ခဲ့ကြတော့၏။

ဤ ရတနာ ရှာဖွေရေး ခရီးစဉ်တွင် ဖုန်းဝူချန်၊ လင်ရှောင်ရှောင်၊ လျိုချင်းယန်၊ မြောင်ချင်းချင်း၊ ပေတိုယန်၊ ကျန်းကျွင်းလန်၊ ယဲ့ထျန်းချင်းနှင့် လန်ယွဲ့တို့ အပါအဝင် စုစုပေါင်း ရှစ်ဦး ပါဝင်၏။

ပိုင်မိနှင့် လေ့ထျန်းကျွယ်တို့ကဲ့သို့သော သူများသည် ကောင်းကင်လူသား ဘုံသို့ ချိုးဖျက်ရန် တံခါးပိတ် ကျင့်ကြံနေကြဆဲဖြစ်ရာ ဤ ရတနာ ရှာဖွေရေး ခရီးစဉ်တွင် မပါဝင်နိုင်သေးချေ။

မြေပုံပေါ်ရှိ မှတ်သားချက်များသည် ရတနာ၏ နေရာကိုသာ ကြမ်းတမ်းသော ပုံစံဖြင့် ပြသထားသည်။ ၎င်း၏ တိကျသော နေရာကို မည်သူမျှ မသိကြချေ။

သို့ဖြစ်၍ ရတနာ၏ တိကျသော နေရာကို ရှာဖွေရန် ဖုန်းဝူချန်တို့ အဖွဲ့ အချိန် အတော်ကြာ ယူရပေမည်။

နှစ်ပတ်ကြာပြီးနောက် ဝူကျိနယ်မြေနှင့် အကြီးအကဲတို့ နယ်မြေကြားရှိ နယ်နိမိတ်သို့ ရောက်ရှိလာကြသည့်အခါ သူတို့ အချိန်များစွာ သုံးစွဲခဲ့ရပြီဟု ခံစားလိုက်ကြရ၏။

“မြေပုံပေါ်က မှတ်သားချက်တွေက ဒီနေရာတစ်ဝိုက်မှာ ဖြစ်ရမယ်။ ကွဲပြီး ရှာကြရအောင်။ ရတနာရဲ့ နေရာက လျှို့ဝှက်လွန်းတယ်။ ဘယ်နေရာကိုမှ မလွှတ်သင့်ဘူး”ဟု ဖုန်းဝူချန်သည် မြေပုံကို ကြည့်ရင်း လေးနက်စွာ ‌သုံးသပ်ပြသည်။

သူတို့သည် ယခုအခါ ဝူကျိနယ်မြေနှင့် အကြီးအကဲတို့ နယ်မြေကြားရှိ နယ်နိမိတ်တွင် လူသူကင်းမဲ့သော ရှေးဟောင်း သစ်တောကြီးထဲ၌ ရှိနေကြသည်။

အလွန် ရှုပ်ထွေးသော ရှေးဟောင်း သစ်တောကြီးထဲတွင် ရတနာကို ရှာဖွေရန် အလွန် ခက်ခဲ၏။

တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆုံးမရှိ ဆက်နေသော တောင်တန်းကြီးများကိုသာ မြင်နိုင်တော့၏။

“အစ်ကိုကြီးဖုန်း၊ မို မိသားစုက မှတ်သားထားတဲ့ နေရာကို ကြည့်ရင် သူတို့ ဒီမှာ ရတနာရှိတယ်ဆိုတာ သိလို့ လာရှာကြရမှာပဲ။ မို မိသားစုက ချန်ထားခဲ့တဲ့ အမှတ်အသားတွေကို ကျွန်မတို့ ရှာတွေ့နိုင်မယ်ဆိုရင် ရတနာရဲ့ တိကျတဲ့ နေရာကို မကြာခင် ရှာဖွေနိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်” လင်ရှောင်ရှောင်က ပြောလာသည်။

“မှန်တယ်။ မို မိသားစုက ဒီနားတစ်ဝိုက်မှာ ရှိတယ်လို့ သေချာတယ်ဆိုရင် သူတို့ အမှတ်အသား တစ်ခုခု ချန်ထားခဲ့ရမှာပဲ။ အစ်ကိုတို့ သေချာ ရှာရမယ်” ဖုန်းဝူချန်က ခေါင်းညိတ်၍ သဘောတူလိုက်၏။

ဤသည်မှာ နတ်ဘုရား အပြစ်ဒဏ် ( နတ်ဘုရား အပြစ်ပေးခြင်း ) စွမ်းအား နှင့် ပတ်သက်နေသည်။ ဖုန်းဝူချန်သည် ပေါ့ပေါ့ဆဆ မလုပ်ရဲပါချေ။

နတ်ဘုရား အပြစ်ဒဏ် စွမ်းအားသည် ဖုန်းဝူချန် မဖြစ်မနေ ရယူလိုသော အရာ ဖြစ်၏။

သို့သော် ဤမျှ ကြီးမားကျယ်ပြန့်သော ရှေးဟောင်း တောင်တန်းကြီးထဲတွင် ရတနာ ရှာဖွေခြင်းက ပင်လယ်ထဲတွင် အပ် ရှာသကဲ့သို့ ခက်ခဲလှ၏။

ဖုန်းဝူချန်သည် မြေပုံကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်မိသည်။

'မဖြစ်နိုင်ဘူးလို့ ထင်ရလေလေ ဖြစ်နိုင်ချေ များလေလေပါပဲ... ဒါပေမဲ့ ဒီလိုနေရာမျိုးက မဖြစ်နိုင်တာတွေက များလွန်းနေတယ်။ ရှာတွေ့ဖို့ ဘယ်လောက်ကြာဦးမလဲ မသိဘူး...'

ရတနာ ရှာဖွေခြင်းတွင် ခေါင်းကိုက်စရာ အကောင်းဆုံး အပိုင်းမှာ ရတနာ၏ နေရာကို ရှာဖွေခြင်းပင်တည်း။

ဖုန်းဝူချန်သည် လောကဖျက်ဆီး စွမ်းအား ကို အသက်သွင်းလိုက်ပြီး ပတ်ဝန်းကျင်ကို သတိထား၍ အာရုံခံလိုက်၏။ ဤ လျှို့ဝှက်နေသော နတ်ဘုရား အပြစ်ဒဏ် စွမ်းအား ကို လှုံ့ဆော်ရန်အတွက် မူလ စွမ်းအားများကို အသုံးပြုရန် သူ မျှော်လင့်နေလေ၏။

All Chapters