← Chapters

အမြုတေစုစည်းခြင်း အဆင့် နတ်ဆိုးနှစ်ကောင်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခြင်း

Vol. 18 Ch. 179

အမြုတေစုစည်းခြင်း အဆင့် နတ်ဆိုးနှစ်ကောင်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခြင်း

Vol. 18 Ch. 179

"ဝေါင်း..."

ခြင်္သေ့ကြီးမှာ ပြင်းထန်သော တိုက်ခိုက်မှုများကို မနည်းခုခံနေရင်းဖြင့် မော့ကြည့်လိုက်ချိန်တွင် နီရဲသောဓားရှည်ကြီးမှာ သူ့ထံသို့ နောက်တစ်ကြိမ် အားပြင်းစွာ ခုတ်ပိုင်းလာသည်ကို တွေ့လိုက်ရလေသည်။

သူသည် ကာကွယ်ရန်အတွက် သူ၏ ရှေ့ခြေထောက်နှစ်ဖက်ကို မြှောက်လိုက်သော်လည်း၊ ထိုခဏမှာပင် သူ၏ လည်ပင်းနောက်ဘက်၌ အေးစိမ့်သော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။

ရှန်းယီသည် သွေးစွန်းနေသောခြင်္သေ့ကြီး၏ ပခုံးရိုးပေါ်သို့ တက်နင်းလိုက်ပြီးနောက်၊ သူ၏ လက်ငါးချောင်းမှာ ချန်းယွင်ဆေဘာဓား၏ လက်ကိုင်ပေါ်၌ရှိနေ၏။ သူသည် ထိုဓားကို ဆွဲထုတ်ကာ ဝေ့ယမ်းလိုက်ရာ၊ ဓားမှ ထွက်ပေါ်လာသော မြူမည်းများသည် ကောင်းကင်ယံသို့ ပက်ဖျန်းလိုက်သော မှင်ရည်ပျစ်ပျစ်များအလား ရှည်လျားစွာ ပေါ်ထွက်လာလေသည်။

ရှုး...

မျက်နှာပြာ ခြင်္သေ့ကြီး၏ အလွန်တရာ ခိုင်မာလှသော နတ်ဆိုးခန္ဓာကိုယ်မှာ ယခင်က မူလရည်ရွယ်ချက် နှင့် မြားဒဏ်ရာများကို ခံနိုင်ရည်ရှိခဲ့သော်လည်း၊ ယခု ထိုအေးစက်သော ဓားသွားရှေ့တွင်မူ တို့ဖူးကဲ့သို့ပင် နူးညံ့ပျော့ပြောင်းနေတော့သည်။

ပေတစ်ဆယ်ခန့် မြင့်မားသော သွေးစီးကြောင်းများမှာ ရေပန်းတစ်ခုအလား ဒလဟော စီးထွက်လာ၏။

ရှန်းယီသည် ဆေဘာဓားကို ကိုင်ဆောင်ကာ အောက်သို့ ဆက်တိုက် ခုတ်ပိုင်းလိုက်ရာ၊ နတ်ဆိုး၏ အားအကောင်းဆုံး ခုခံမှုကို ဖျက်ဆီးပစ်လိုက်ပြီး အစိမ်းရောင် အလင်းတန်းကို အမြင့်ဆုံး အာနိသင် ရရှိစေလေသည်။

မမြင်ရသော လှိုင်းလုံးများမှာ ပျံ့နှံ့သွားပြီး ၎င်း၏ ကြွက်သားများနှင့် အရိုးများကို သီးခြားစီ ဖြစ်သွားစေ၏။

ကျားနဂါး တာအိုဓားမှာလည်း အဆက်မပြတ် ခုတ်ပိုင်းနေ၏။ ၎င်းမှာ ချန်းယွမ်ဆေဘာဓားကဲ့သို့ မထက်ရှသော်လည်း၊ ၎င်း၏ ကြီးမားသော အရွယ်အစားမှာ အားသာချက်ဖြစ်ရာ ခြင်္သေ့ကြီး၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်စေလေသည်။

ထိုခဏမှာပင် လူငယ်လေးသည် ရှည်လျားသော ဆေဘာဓားကို ခြင်္သေ့ကြီး၏ နဖူးအတွင်းသို့ ထိုးစိုက်လိုက်ပြီးနောက်၊ လည်ပင်းဒဏ်ရာရှိ အမွှေးအမျှင်များနှင့် အသားများကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

သူ၏ လက်မောင်းများမှ ခွန်အားများကို ရုတ်တရက် အသုံးပြုကာ ထိုခြင်္သေ့ကြီး၏ ဦးခေါင်းကို ခန္ဓာကိုယ်မှ ပြတ်ထွက်သွားအောင် အတင်းအကျပ်ဆွဲဖြဲရန် ကြိုးစားလိုက်လေ၏။

ထိုကြောက်မက်ဖွယ်ကောင်းပြီး ခွန်အားကြီးမားလှသော သားရဲကြီးမှာ ဤအချိန်၌ ထိတ်လန့်တကြား ရုန်းကန်နေရှာ၏။

သို့သော် သူ ပို၍ ရုန်းကန်လေလေ၊ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ဆက်သွယ်ထားသော အသားများမှာ ပိုမိုပြတ်တောက်သွားလေ ဖြစ်ရာ၊ သူ၏ ဦးခေါင်းမှာ ခန္ဓာကိုယ်နှင့် မလွဲမသွေ ကွဲကွာရတော့မည့် အခြေအနေသို့ ရောက်ရှိနေလေသည်။

ထိုအချိန်မှာပင်

ကောင်းကင်ယံ၌ ဖရိုဖရဲ ဖြစ်နေသော အမွှေးအမျှင်များ၊ အရေးအကြောင်းများ ပြည့်နှက်နေသော အစိမ်းရောင် အရေပြား၊ ကျယ်လောင်စွာ ဟထားသော ပါးစပ်နှင့် ထက်မြက်သော အစွယ်များ ရှိသည့် ကြောက်မက်ဖွယ် မျက်နှာကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာလေသည်။

ရှန်းယီသည် အောက်သို့ ငုံ့ကြည့်လိုက်လေ၏။

မျှော်လင့်ထားသည့်အတိုင်းပင်၊ အခြား ခြင်္သေ့နတ်ဆိုးမှာ ပုံရိပ်ယောင်ထဲမှ ရုန်းထွက်နိုင်ခဲ့ပြီ ဖြစ်ပြီး သူ၏ မျက်နှာမှာ ကြမ်းကြုတ်ခက်ထန်နေ၏။

ကောင်းကင်ယံရှိ ခြင်္သေ့ဦးခေါင်း ပုံရိပ်ကြီးမှာ သူ၏ လက်ချက်ပင်။

နောက်တစ်ခဏတွင် ထိုခြင်္သေ့ဦးခေါင်းကြီး၏ ပါးစပ်အတွင်းမှ ပြင်းထန်သော လေပြင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာလေ၏။

သစ်ပင်ကြီးများမှာ အမြစ်မှ ကျွတ်ထွက်သွားပြီး တောင်ကြားတစ်ခုလုံးရှိ အရာအားလုံးမှာ လေထဲသို့ လွင့်စင်သွားတော့သည်။

"..."

ရှန်းယီမှာမူ သူ၏ လက်ထဲရှိ ခြင်္သေ့ဦးခေါင်းကို ဆွဲဖြဲရန်သာ အာရုံစိုက်ထားခဲ့၏။

လေပြင်းများမှာ တဝုန်းဝုန်း တိုက်ခတ်နေပြီး သရဲတစ္ဆေများ ငိုကြွေးသံ၊ ဝံပုလွေများ၏ဟိန်းသံများနှင့် တူနေလေသည်။

ထိုလေထဲတွင် ရှင်းပြ၍မရသော အေးစိမ့်မှုတစ်ခု ပါဝင်နေ၏။ အရေပြားနှင့် ထိတွေ့မိသောအခါ အေးစိမ့်မှုကို မခံစားရသော်လည်း၊ ချီပင်လယ် နှင့် အဓိကသွေးကြောအမှတ်များမှာ အေးခဲသွားသကဲ့သို့ တုံ့ဆိုင်းသွားစေ၏။

ကိုယ်တွင်းအမြုတေမှ ချီစွမ်းအားများ၏လည်ပတ်မှုပင် အဆပေါင်းများစွာ နှေးကွေးသွားလေသည်။

၎င်းမှာ ခန္ဓာကိုယ်မှတစ်ဆင့် ချီပင်လယ် သွေးကြောများကို တိုက်ရိုက် ထိခိုက်စေခြင်း ဖြစ်လေ၏။

ဤနည်းလမ်းမှာ ထူးဆန်းလှသည်ဟု ဆိုနိုင်ပေသည်။

သို့သော် လက်တွေ့တွင်မူ အဆင်ပြေသေး၏။

မည်သို့ပင်ဖြစ်စေ သူသည် ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာရှင်တစ်ဦး ဖြစ်ရာ၊ အကယ်၍ ကိုယ်တွင်းအမြုတေကို အသုံးမပြုနိုင်ပါက သူ အသုံးမပြုဘဲနေနိုင်ပေသည်။

"ရပ်လိုက်စမ်း"

ခြင်္သေ့နတ်ဆိုးမှာ သူ၏ယင်လေပြင်း အတတ်မှာ ထိုလူငယ်၏ လှုပ်ရှားမှုများအပေါ် အဘယ်ကြောင့် သက်ရောက်မှု မရှိရသနည်းဆိုသည်ကို အံ့သြနေရန် အချိန်မရှိပေ။

သူ၏ မြင့်မားလှသော ခန္ဓာကိုယ်ကြီးမှာ အလျင်အမြန် ရှေ့သို့ ပြေးဝင်လာလေသည်။

ယင်လေပြင်းကို ကပ်ဘေးမိုးစက် နှင့် တွဲဖက် အသုံးပြုရလေ၏။ ယခင်တစ်ခုမှာ ချီပင်လယ်ကို တိုက်ခိုက်ရန်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ကြွက်သားများနှင့် အရိုးများကို တိုက်စားရန် ဖြစ်ပေသည်။

အကယ်၍ သူ၏ ညီကို တစ်ဖက်လူ၏ လက်ထဲတွင် အမှန်တကယ် အသေခံခိုင်းလိုက်ပါက။

သူ၏ အင်အားမှာ များစွာ လျော့နည်းသွားမည်။

ပေတစ်ဆယ်ကျော် ရှည်လျားသော လှံကြီးတစ်စင်းမှာ သူ၏ ကြီးမားသော သားရဲလက်သည်းများအတွင်း၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ၎င်းမှာ ကြက်‌သွေးရောင်နှင့်နက်မှောင်သော အရောင်ရှိပြီး လှံရိုးနှင့် လှံထိပ်မှာ တစ်သားတည်း ဖြစ်နေကာ မြွေဟောက်နီတစ်ကောင်အလား လိမ်ယှက်နေလေသည်။

ဤကဲ့သို့ ရှည်လျားသော လှံကြီးမှာ ခြင်္သေ့နတ်ဆိုး၏ လက်ထဲတွင် အလွန်တရာ လိုက်ဖက်လှပြီး၊ သူ၏ တောက်ပသော ငွေရောင် ကြေးခွံနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် အလွန်ပင် ခန့်ညားထည်ဝါနေတော့သည်။

သူသည် လေထဲသို့ ခုန်တက်လိုက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော လှံချက်တစ်ခုကို ထိုးနှက်လိုက်လေ၏။

ရှန်းယီသည် ခဏမျှ လက်တစ်ဖက်ကို လွှတ်လိုက်ပြီး သူ၏ မျက်လုံးများမှာ နောက်တစ်ကြိမ် တောက်ပလာလေသည်။

ရွှေလင်းတ၏မျက်လုံး စွမ်းအင်အောက်တွင် သူ့ထံသို့ ထိုးစိုက်လာသော ကြက်သွေးရောင်လှံမှာ အလွန်တရာ နှေးကွေးသွား၏။

သူသည် လက်ဝါးဖြင့် ပေါ့ပေါ့ပါးပါးပင် ရိုက်ထုတ်လိုက်ရာ လှံရှည်ကြီးမှာ လမ်းကြောင်းပြောင်းသွားပြီး ခြင်္သေ့ကြီး၏ ကျောရိုးအတွင်းသို့ တိုက်ရိုက် ထိုးစိုက်မိသွားလေသည်။

"ဂါး..."

ခြင်္သေ့ကြီးသည် နောက်ဆုံးအကြိမ် အော်ဟစ်လိုက်ပြီးနောက်၊ ရှန်းယီ၏ လက်ချက်ဖြင့် ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ ဆွဲဖြဲခံလိုက်ရတော့သည်။

မိမိ၏ညီ ဤကဲ့သို့ ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်ကို မျက်မြင်တွေ့လိုက်ရသောအခါ။

သွေးကြောများကြောင့် ခြင်္သေ့နတ်ဆိုး၏ မျက်လုံးများမှာ နီရဲလာပြီး သူသည် လှံရှည်ကို ဆွဲထုတ်ကာ ပြင်းထန်စွာ ပြန်လည် ထိုးနှက်လိုက်လေသည်။

ဤအချိန်တွင် မည်သည့်စကားမှ ပြောနေရန် မလိုအပ်တော့ပေ။ လက်ထဲရှိ လက်နက်ဖြင့် အသေအလဲ တိုက်ခိုက်ရန်သာ ရှိတော့သည်။

ရှန်းယီသည် ဘေးသို့ ရှောင်လိုက်ပြီး ချန်းယွမ်ဆေဘာဓားကို ဆွဲထုတ်ကာ အလားတူပင် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်၏။

သတ္တုချင်း ထိခိုက်သံတစ်ခုသာ ကြားလိုက်ရလေသည်။

ကြက်‌သွေးရောင်လှံကြီးမှာ ဆေဘာဓား၏ ခုတ်ပိုင်းမှုအောက်တွင် တစ်ခဏမျှပင် မခံဘဲ တိုက်ရိုက် ပြတ်တောက်သွားလေသည်။

မျက်နှာပြာ ခြင်္သေ့နတ်ဆိုးမှာ သိသိသာသာ အံ့အားသင့်သွား၏။ သူ၏ လှံရှည်မှာ မဟာလနတ်ဆိုးဘုရင် ချီးမြှင့်ထားသော နတ်ဘုရားလက်နက် ဖြစ်သည်။

ဤလူငယ် ကိုင်ဆောင်ထားသည်မှာ မည်သို့သော ရတနာ ဖြစ်ပါသနည်း။

သို့သော် သူ့အား စဉ်းစားရန် အချိန်မပေးခဲ့ပေ။

မြူနက်များ သယ်ဆောင်လာသော ဆေဘာဓားရှည်မှာ သူ၏ နှလုံးသားဆီသို့ အဟုန်မပျက် တိုးဝင်လာလေသည်။

ခြင်္သေ့နတ်ဆိုးသည် ကျိုးပဲ့နေသော လှံဖြင့် ကာကွယ်ရန် ကြိုးစားသော်လည်း၊ တစ်ဝက်ကျိုးနေသော လှံရိုးမှာ ထပ်မံ၍ အပိုင်းပိုင်း ပြတ်သွားလေသည်။

သူသည် အလိုအလျောက်ပင် ဓားကို လက်ဖြင့် ဖမ်းဆုပ်ရန် ကြိုးစားလိုက်ရာ သူ၏ လက်ဝါးမှာ စုတ်ပြဲသွားပြီး အေးစက်သော ဓားသွားမှာ သူ၏ ရင်ဘတ်အတွင်းသို့ အလွယ်တကူ ထိုးစိုက်ဝင်သွားလေသည်။

သူ့ကို တိုက်ရိုက် နှစ်ပိုင်းမဖြတ်သွားရခြင်းမှာ။

သူသည် နောက်ဆုံးအချိန်တွင် သတိဝင်လာပြီး လူငယ်လေး၏ လက်မောင်းကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဖက်ထားနိုင်ခဲ့ခြင်းကြောင့်ပင်။

"..."

ရှန်းယီ မျက်မှောင်ကြုတ်လိုက်၏။

မျှော်လင့်ထားသည့်အတိုင်းပင် တာအိုသန္ဓေသား အဆင့်ကို အနိုင်ယူနိုင်သော နတ်ဆိုးအရှင် တစ်ဦးဖြစ်ရာ၊ သူ၏ ခွန်အားမှာ ရှန်းယီ၏ အင်မော်တယ်နတ်ဆိုးပြောင်းခဲခြင်းခြောက်ဆင့်ထက် မနိမ့်ပါးဘဲ အနည်းငယ်ပင် ပိုသာနေလေသည်။

"မရူးမိုက်နေနဲ့တော့"

"ငါ ရူးမိုက်နေတာ မဟုတ်ဘူး"

ခြင်္သေ့နတ်ဆိုးမှာ သူ၏အံသွားများကို ကြိတ်ထားလေသည်။

"လက်လွှတ်လိုက်တော့၊ ငါ မင်းကို အဲဒီ ယုန်နတ်ဆိုးဆီ ခေါ်သွားပေးမယ်"

ရှန်းယီက ဖြည်းညှင်းစွာ ပြောလိုက်၏။

"ငါ မင်းကို မယုံဘူး"

ခြင်္သေ့နတ်ဆိုးသည် တစ်ဖက်လူ၏ လက်မောင်းကို တွန်းထုတ်ရန် အစွမ်းကုန် ကြိုးစားနေ၏။ ဤလူငယ်၏ နည်းလမ်းများနှင့်ဆိုလျှင် ကျောက်စိမ်းဖြူယုန် မှာ အသက်ရှင်နေဦးမည်ဟု မည်သို့ ယုံကြည်နိုင်ပါမည်နည်း။

သူသည် ဓားသွားကို သူ၏ ရင်ဘတ်ထဲမှ အနည်းငယ် ဆွဲထုတ်နိုင်ခဲ့ချိန်မှာပင်၊ စိတ်အေးသွားရမည့်အစား...

တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်လှသော နတ်ဆိုးစွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို သူ မြင်လိုက်ရလေသည်။

"..."

ယင်လေပြင်း၏ သက်ရောက်မှုကြောင့် ချီစွမ်းအား လည်ပတ်မှု နှေးကွေးနေသော်လည်း လုံးဝ အသုံးမပြု၍ မရသည်တော့ မဟုတ်ပေ။

ဤနတ်ဆိုးစွမ်းအား၏ ပံ့ပိုးမှုဖြင့် ၎င်းတို့နှစ်ဦးကြားရှိ ဟန်ချက်မှာ ချက်ချင်းပင် ပျက်ပြားသွားလေသည်။

ဖတ်...

ရှန်းယီသည် ခြင်္သေ့နတ်ဆိုး၏ ခန္ဓာကိုယ်ကို အလွယ်တကူ ဖြတ်တောက်လိုက်ပြီး၊ သူ မူလပုံစံသို့ မပြောင်းလဲမီမှာပင် သူ၏နတ်ဆိုးအမြုတေကို လျင်မြန်စွာ သိမ်းဆည်းလိုက်လေသည်။

【အမြုတေစုစည်းခြင်း အဆင့် မျက်နှာပြာခြင်္သေ့နတ်ဆိုးကို သတ်ဖြတ်ခဲ့သည်၊ စုစုပေါင်း သက်တမ်း ၈၉၀၀ နှစ်၊ ကျန်ရှိသက်တမ်း ၃၃၀၀ နှစ်၊ စုပ်ယူခြင်းပြီးဆုံး】

【အမြုတေစုစည်းခြင်း အဆင့် မျက်နှာပြာ ခြင်္သေ့နတ်ဆိုးကို သတ်ဖြတ်ခဲ့သည်၊ စုစုပေါင်း သက်တမ်း ၈၆၀၀ နှစ်၊ ကျန်ရှိသက်တမ်း ၃၄၀၀ နှစ်၊ စုပ်ယူခြင်းပြီးဆုံး】

ဤအသိပေးချက် နှစ်ခုကို မြင်တွေ့ရပြီးမှသာ။

ရှန်းယီ နောက်ဆုံး၌ စိတ်အေးသွားလေသည်။

အမြုတေစုစည်းခြင်း အဆင့် နတ်ဆိုးအရှင် နှစ်ကောင်ကို တစ်ပြိုင်နက် ရင်ဆိုင်ရခြင်းမှာ အတော်လေး ဖိအားများလှပေသည်။

သူသည် နတ်ဆိုးနှစ်ကောင်လုံး၏ သွေးအဆီအနှစ်များကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက်၊ အခြားခြင်္သေ့၏ နတ်ဆိုးအမြုတေကိုလည်း ယူလိုက်သည်။

ထို့နောက် အလောင်းတစ်လောင်းစီကို လက်တစ်ဖက်စီဖြင့် ဆွဲကာ လေဟုန်စီးနင်းနည်းစနစ် ကို အသုံးပြု၍ ထိုနေရာမှ ပျောက်ကွယ်သွားလေတော့သည်။

ဤမျှ ကြီးမားသော လှုပ်ရှားမှုကြောင့် မဟာလနတ်ဆိုးဘုရင်သာ ရောက်ရှိလာပါက အနည်းငယ် ဒုက္ခရောက်နိုင်ပေသည်။

ချင်ကျိုး နယ်မြေအတွင်း၌သာ ဆင်ခြင်ဖော်ထုတ်ခြင်းကို လုပ်ဆောင်ရန်မှာ ပို၍ ကောင်းပေသည်။

အခြေအနေမှာ ရှန်းယီ ထင်ထားသည်ထက် ပို၍ ချောမွေ့ခဲ့ရာ ညစာအတွက် အချိန်မီ ပြန်ရောက်နိုင်ဦးမည်။

လင်းပိုင်ဝေ့က သူ့ကို ပြောစရာ ရှိသည်ဟု ဆိုထားရာ၊ ဘာဖြစ်မည်ကို သူ မသိပေ။

...

ထင်ယန်စီရင်စု၏အစွန်အဖျား

ရှန်းယီသည် ကြီးမားလှသော ခြင်္သေ့အလောင်း နှစ်လောင်းကို ပစ်ချလိုက်သည်။

သူသည် သူ၏စနစ်မျက်နှာပြင်ကို ပြတ်သားစွာ ဖွင့်လိုက်လေ၏။

သူသည် မူလက ကောင်းကင်ဝါးမြိုစွမ်းအင်စားသုံးခြင်းကျင့်စဥ်ကို အရင်ဆုံး အဆင့်တက်ရန် စီစဉ်ထားသော်လည်း၊ ခြင်္သေ့၏ပါရမီစွမ်းအားမှာ အတော်လေး အသုံးဝင်သည်ကို တွေ့လိုက်ရသဖြင့် ၎င်းမှာ ပြောင်းလဲခြင်းသတ္တမအဆင့်အတွက်ကောင်းမွန်သော ကုန်ကြမ်းတစ်ခု ဖြစ်နိုင်ပေသည်။

【ကျန်ရှိ နတ်ဆိုးသက်တမ်း - ၁၇၈၉၅ နှစ်】

ရှန်းယီသည် နတ်ဆိုးအမြုတေကို ပါးစပ်ဖြင့်ကိုင်လိုက်ပြီး နတ်ဆိုးသက်တမ်းများကို သူ၏ သိုင်းပညာများအတွင်းသို့ စီးဆင်းသွားစေလိုက်လေသည်။(လက်နဲ့ကိုင်ရတာပျင်းသွားပြီ)

နတ်ဆိုးသိုင်းပညာများနှင့် ပတ်သက်လာလျှင် သက်တမ်းနှစ်ပေါင်း သောင်းချီသည်ပင် ရုတ်တရက်ဆိုသလို များပြားလှသည်ဟု မထင်ရတော့ပေ။

All Chapters