စိတ်ဝိညာဉ် ခွဲထွက်ခြင်း
Vol. 44 Ch. 602
လူသူကင်းမဲ့သော တောင်တက်လမ်း၌ တိုက်ပွဲဝင် သံချပ်ကာကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ဖြည်းဖြည်းချင်း ရှေ့ဆက်လာနေ၏။ သို့သော်သူက အေးအေးဆေးဆေး လမ်းလျှောက်နေပုံပေါ်သည်။ သူ၏မျက်လုံးများက ဝံပုလွေတစ်ကောင်သဖွယ် စူးရှနေပြီး ခြေလှမ်း လေးငါးလှမ်းခန့် လှမ်းပြီးနောက် ရှေ့တွင်လေဟာနယ် လှိုင်းဂယက်များ ပေါ်လာချိန်၌ သူကရပ်တန့်ပြီး မျက်လုံးမှိတ်လိုက်တော့သည်။
ဝှစ် ဝှစ်
ရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းသော မိချောင်းခေါင်း သတ္တဝါကိုးကောင်က သူ၏မျက်ခုံးနှစ်ဖက်ကြား ပြန်ဝင်လာလေသည်။ လူငယ်က စိတ်ထဲတောင်မထားဘဲ မျက်လုံးမှိတ်လျက် လှုပ်ရှားမှုမရှိ ရပ်နေလေသည်။ သူ၏ခန္ဓာကိုယ်က စတင်တုန်ယင်လာပြီးနောက် နှုတ်ခမ်းထောင့်က နာကျင်သည့် အမူအရာ ဖော်ပြလာတော့သည်။ မျက်တောင် နှစ်ခတ်စာအတွင်း သူ၏မျက်လုံးကို ထပ်ဖွင့်လာပြီး အသက်ပြင်းပြင်း တစ်ချက်ရှုကာ ခရီးဆက်တော့သည်။
ဒုတိယအဆင့် စမ်းချောင်းဝါလမ်းကြောင်း၌ ကျန်းရီသည် ၁၃ရက်ကြာ လျှောက်လှမ်းခဲ့ပြီး လမ်း၏အဆုံးကို မတွေ့ရသေးပေ။ သို့သော် လမ်းကြောင်းကို အနည်းငယ် ပိုရှည်ရန် မျှော်လင့်နေမိသည်။ သို့မှသာ သူ၏စိတ်ဝိညာဉ်ကလည်း ပိုသန်မာလာမှာပဲဖြစ်သည်။
လွန်ခဲ့သည့် သုံးရက်နှင့်ယှဉ်လျှင် သူ၏စိတ်ဝိညာဉ်သည် ငါးဆယ်ရာခိုင်နှုန်းကျော် ပိုသန်မာလာပြီဖြစ်သည်။ ထိုဆန်းကြယ်သော ခံစားချက်က သူ၏စိတ်ဝိညာဉ်သည် နှစ်ဆပိုသန်မာလာသည်နှင့် စိတ်ဝိညာဉ်က နောက်တစ်ဆင့်သို့ အဆင့်တက်လာသည်ဟု ခံစားနေရမိသည်။
ကျန်းရီသည် ဝိညာဉ်ဝါးမျို မိချောင်းများ၏ တိုက်ခိုက်မှုကို မကြောက်ပေ။ သူ၏စိတ်ဝိညာဉ် ဖွဲ့တည်မှုသည် ဝိညာဉ်ဝါးမျို မိချောင်းကို အပိုင်းပိုင်းအစိတ်အစိတ် ဖိချေရန်အတွက် တစ်ချက်သာ တိုက်ခိုက်ရန် လိုအပ်သည်။ သူတို့က သူအတွက် ပြိုင်ဘက်မဟုတ်တော့ချေ။
သူက မြန်မြန်ဆန်ဆန်လည်း မလျှောက်ရဲချေ။ ဝိညာဉ်ဝါးမျို မိချောင်း တစ်ဒါဇင်ကျော် သို့မဟုတ် အကောင်တစ်ရာကျော်တောင် သူ့ကိုတစ်ပြိုင်နက်ထဲ တိုက်ခိုက်လာလျှင် သူမည်သို့ ဖြစ်မည်နည်း။ သူ၏စိတ်ဝိညာဉ်က သေချာပေါက် ပြိုလဲသွားမှာပဲဖြစ်သည်။ သူသည် ရတနာများကို ရယူရန် ရည်ရွယ်ချက် မရှိသောကြောင့် အလျင်လိုနေစရာ အကြောင်းမရှိပေ။ ထို့ကြောင့် ငြိမ်းငြိမ်းချမ်းချမ်း လျှောက်လှမ်းနေပြီး စိတ်ဝိညာဉ်အဆင့်ကို မြင့်တင်ရန် ဦးစွာရည်ရွယ်လိုက်လေ၏။
အပြင်ဘက်ရှိ ကျောက်စိမ်းဖြူရင်ပြင်၌ ပို့ဆောင်ရေး အစီအရင်သည် အကြိမ်ပေါင်းများစွာ လင်းထိန်လာ၏။ လင်းချီကျန့်၊ လင်းရှီယာ့၊ ထူလုံနှင့် ကျန်သည့်သူများသည် တတိယအဆင့်သို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။ ရှေးမင်းဆွေမင်းမျိုး မျိုးဆက်များစွာကလည်း ဒုတိယအဆင့်သို့ ဝင်ရောက်သွားကြပြီဖြစ်သည်။ ထုတ်ပြောရန် ထိုက်တန်သည့် အရာတစ်ခု ရှိပေ၏။
မဟာမျိုးဆက် တစ်ဦးဖြစ်သော လျိုရှင်းသည် သာမာန်အဆင့် ခက်ခဲမှု၌ အရှိန်အဟုန် ရလာခဲ့သည်။ ရက်အနည်းငယ်အတွင်း သူကအဆင့်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ကာ ယခုဆို ပဉ္စမအဆင့်ကို ရောက်နေပြီဖြစ်သည်။
လျိုရှင်းသည် တစ်ဆင့်လျှင် တစ်မှတ်သာပေးသော သာမာန်အဆင့် ခက်ခဲမှုကို ရွေးချယ်ခဲ့မိတာ နှမြောစရာကောင်း၏။ ထို့ကြောင့် သူသည် မည်သည့်ရတနာကိုမှ မရနိုင်ပေ။ သူသည် ပိုမြန်မြန်ဆန်ဆန် ဖြတ်သန်းကောင်း ဖြတ်သန်းနိုင်မည် ဖြစ်သော်ငြား သာမာန်အဆင့် ခက်ခဲမှုက သူ့ကို နိမ့်ပါးသည့်ရလဒ် ရစေခဲ့တော့သည်။
ရှီးဖေး၊ ရီချန်းနှင့် ကျန်သည့်သူများက စတုတ္ထအဆင့်သို့ ဝင်ရောက်ပြီး သူတို့ဆီမှ သတင်းမရတော့ပေ။ ပဉ္စမအဆင့်သို့ မည်သူမှ ဝင်ရောက်ခြင်းမရှိ။ အပြင်ဘက်ရှိလူများက ပဉ္စမနှင့် စတုတ္ထရတနာကို မည်သူရမည်ဟု ခန့်မှန်းရန် ကြိုးစားနေကြသည့် လူများကလည်း အလွန်သံသယ ဝင်လာတော့သည်။
လူတိုင်းက ထိုရတနာနှစ်ခုကို ရယူနိုင်သေးစဉ် ထိပ်ဆုံးရတနာ သုံးမျိုးကမူ ကံဖြင့်သာ ဆုံးဖြတ်မှာပဲဖြစ်သည်။ ရတနာအားလုံးကို ဆက်တိုက် ရယူနိုင်မည်ဆိုလျှင် ထိုလူက အလုံးစုံခွန်အား သန်မာသည်ဟု ဆိုရမှာပဲဖြစ်သည်။ ဆယ်ရက်ကျော်က ကုန်ဆုံးသွားခဲ့ချေပြီ။ ကျန်းရီအကြောင်း သတင်းမရပေ။ ကျန်းရီအပေါ် လောင်းကြေးထပ်ထားသည့် သူများက တိတ်တဆိတ် ကျိန်ဆဲနေကြပြီဖြစ်သည်။ သူတို့အားလုံးက ကျန်းရီသည် စမ်းချောင်းဝါ လမ်းကြောင်း၌ သေဆုံးပြီဟု ယူဆနေကြတာ သိသာ၏။ သူတို့၏ ကောင်းကင်ဘုံ ကျောက်တုံးများအားလုံး အချည်းနှီး ဖြစ်ကုန်တော့သည်။
တစ်ဖက်တွင်မူ ဖေးထျန်းက အလွန်စိတ်ခံစားချက် ကောင်းနေသည်။ ကျန်းရီသေမှန်း သိရချိန်၌ သူကစိတ်ကျေနပ်နေပြီး ကောင်းကင်ကျောက်တုံး တစ်ထောင်ကျော်လည်း သူအနိုင်ရခဲ့သည်။ သူသည် တော်ဝင်မင်းသားတစ်ပါး ဖြစ်သော်ငြား သူ၏အဆင့်အတန်းက ဖေးချီအောက် နိမ့်နေလေရာ ကောင်းကင်ဘုံ ကျောက်တုံးများ ရတာနည်းသည်။ သူအနိုင်ရထားသည့် ကောင်းကင်ဘုံ ကျောက်တုံးများ အားလုံးက အချီကြီး ပွတာပဲဖြစ်သည်။
အပြင်လောက၌ အရပ်သားများသည် သူတို့၏ ငွေကြေးအဖြစ် ခဲယမ်းရွှေများကို အသုံးပြုနေစဉ် သိုင်းပညာရှင်များကမူ ကောင်းကင်ဘုံ ကျောက်တုံးများ အသုံးပြုကြသည်။ ကောင်းကင်ဘုံ ကျောက်တုံးများ ရှိခြင်းက သူတို့စိတ်တိုင်းကျ အမြင့်ဆုံးအဆင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသွား သိုင်းပညာရှင် အဖွဲ့တစ်ဖွဲ့ ဖန်တီးနိုင်မည်ဟု ဆိုလိုတာပဲဖြစ်သည်။ ထို့အပြင် ကောင်းကင်ဘုံ ကျောက်တုံးများ၌ လျို့ဝှက်ကျင့်ကြံခံနှင့် မဟာအစီအရင်များကဲ့သို့သော အရာများက ကောင်းကင်ဘုံ ကျောက်တုံးများ လိုအပ်လေရာ ကျန်သည့် နည်းလမ်းများဖြင့်လည်း အသုံးပြုနိုင်လေသည်။
အချိန်က ကုန်ဆုံးသွားပြီး လူများစွာက အဆင့်များကို ဆက်လက်ကျော်ဖြတ်နေသည်။ လူအများစုက သာမာန်အဆင့် ကြောက်မက်ဖွယ်ကောင်းခြင်း အဆင့်ထဲသို့ ရောက်သွားကြသည်။ ဒုတိယအဆင့်နှင့် တတိယအဆင့်ကို ဝင်ရောက်ပြီးနောက် သခင်လေးများ သခင်မလေးများအချို့က သတင်းမရတော့ချေ။
သုံးရက်ကြာပြီးနောက် လူတစ်ယောက်က နောက်တစ်ဆင့်သို့ တက်သွားသည်။ သူက ရှေးမဟာမျိုးနွယ်စုမှ လျိုရှင်းပင်ဖြစ်သည်။ သူသည် ဆဋ္ဌမအဆင့်ကို ကျော်ဖြတ်ပြီး ခြောက်မှတ် ရသွားပြီဖြစ်သည်။ နောက်တစ်ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့လျှင် ပဉ္စမမြောက် ရတနာကို ရပေလိမ့်မည်။
လျိုရှင်းက အသက်၂၃နှစ်ရှိပြီဖြစ်ရာ သူ၏အသက်အရွယ်အတွက် မည်သည့်သူက ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်သို့ ရောက်ပြီဖြစ်သည်။ ဂုဏ်သတင်းကြီးသော မျိုးနွယ်စုကိုးစုမှ မျိုးဆက်များနှင့်ယှဉ်လျှင် သူကအတော် နိမ့်ကျ၏။ အတိတ်တုန်းက သူကပါရမီကို ထုတ်ဖော်ရတာ မနှစ်ခြိုက်ခဲ့ပေ။ သို့သော် ယခုတစ်ခေါက်တွင်မူ မည်သည့်ရတနာမှ မရခဲ့လျှင် ကိစ္စမရှိပေ။ သူ့အတွက် အမည်တစ်ခု တည်ဆောက်နိုင်အုံးမှာပဲဖြစ်သည်။ အဆင့်များ ကျော်ဖြတ်ခြင်းက အရည်အချင်းရှိသည်ဟု တွေးတော၍ မရသော်ငြား သူအဆင့်များကို ကျော်ဖြတ်သည့်အရှိန် မြန်ဆန်ပုံက မယုံနိုင်စရာ ကောင်းလှသည်။
တစ်နေ့ထဲတွင် ထူလုံ၊ လင်းချီကျန့်နှင့် ကျန်သည့်သူများ အားလုံးက စတုတ္ထအဆင့်သို့ ဝင်ရောက်သွားကြသည်။ ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုမှ မျိုးဆက်များအားလုံးသည် စတုတ္ထအဆင့်၌ ပိတ်မိနေကြသည်။ ကျောက်စိမ်းဖြူ ရင်ပြင်အတွင်းရှိ လူတိုင်းက စတုတ္တနှင့် ပဉ္စမရတနာကို ရမည့်လူ မည်သူဆိုတာ မခန့်မှန်းနိုင် ဖြစ်နေကြသည်။ အမျိုးမျိုးသော မျိုးဆက်များကလည်း အရည်အချင်းမျိုးစုံ ပိုင်ဆိုင်ထားလေ၏။ လင်းချီကျန့်နှင့် ထူလုံတို့သည် နောက်ဆုံးမှ ဝင်သွားတာ ဖြစ်နိုင်သော်ငြား သူတို့က စတုတ္ထအဆင့်တွင် သတ္တဝါများနှင့် ရင်ဆိုင်နိုင်ရန် လက်နက် သို့မဟုတ် အရည်အချင်းတစ်ခု ရှိနေလျှင် မည်ကဲ့သို့ဖြစ်မည်နည်း။
“ငါအောင်မြင်သွားပြီ”
တစ်ချိန်ထဲတွင် ငရဲအဆင့် ခက်ခဲမှုထဲတွင် ဝမ်းသာအားရ အော်သံတစ်သံ ပေါ်ထွက်လာလေ၏။
ကျန်းရီက လမ်းကျဉ်းလေးထဲတွင် ရပ်နေလေသည်။ သူကမျက်လုံးမှိတ်ထားသော်ငြား မျက်နှာ၌ မျှော်လင့်ချက် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေလေသည်။ သူ၏ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်က အကန့်အသတ်သို့ ရောက်ခဲ့ပြီး ဆင့်ကဲပြောင်းလဲလာမှုကို ခံစားနေရသည်။ ရက်အနည်းငယ်အတွင်း သူက မရေမတွက်နိုင်အောင် များပြားသည့် စိတ်ဝိညာဉ်ဝါးမျို မိချောင်းများစွာကို သတ်ဖြတ်ခဲ့ပြီး သူ၏စိတ်ဝိညာဉ်က ဆက်တိုက် ပိုသန်မာလာတော့သည်။ ယခုအချိန်တွင် ကျန်းရီသည် တစ်ချက်ထဲဖြင့် စိတ်ဝိညာဉ်ဝါးမျို မိချောင်းကို အလွယ်တကူ သတ်နိုင်နေပြီဖြစ်သည်။ မည်သည့်ထိခိုက်မှုကိုမှ ခံစားရမှာ မဟုတ်ပေ။ သူသည် ယခင်ကနှင့် အဆင့်မတူတော့ချေ။ ယခုအချိန်တွင် သူ၏ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်က ယခင်ကထက် နှစ်ဆပိုကြီးမားနေပြီ ဖြစ်သည်။ အနီရောင် အလင်းတန်းတစ်ခု ထုတ်ဖော်နေပြီး မီးနဂါးနှစ်ကောင် ကူးခတ်နေတာကို ခပ်ဖျော့ဖျော့ မြင်နေရ၏။ ယင်းက မီးနဂါးဓား၏ သေးငယ်သော ပုံစံဖြစ်နေသည်။
ဘီး
ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်၏ အနီရောင် အလင်းက ပိုမိုတောက်ပလာစဉ် ကျန်းရီက အင်မတန် စိတ်လှုပ်ရှားလာလေ၏။ ဆိုရလျှင် သူ၏စိတ်ဝိညာဉ် ဖွဲ့တည်မှုက အလွန်ထူးဆန်းနေပြီဖြစ်ရာ ဆင့်ကဲပြောင်းလဲပြီးနောက် မည်ကဲ့သို့ ဖြစ်မည်မှန်း သူမသိပေ။
ဘီး
ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်က ရုတ်တရက် အားဖြည့်ပေးလိုက်ပြီး ကျန်းရီသည် သူမြင်လိုက်ရသည့် အရာကြောင့် အံ့သြမှင်သက်သွားလေသည်။ သူ၏စိတ်ဝိညာဉ်က နှစ်ခုခွဲနိုင်ပြီး မီနဂါးဓားနှစ်လက်အဖြစ် ပြောင်းလဲသွားတော့သည်။
မီးနဂါးဓား နှစ်လက်ထဲတွင် တစ်လက်က ယခင်ကနှင့် အရွယ်အစား တစ်ထပ်ထဲတူပြီး ကျန်တစ်လက်ကမူ တစ်ဝက်ခန့်သာရှိသည်။
သေစမ်း ငါ့ရဲ့ဝိညာဉ်က ပြိုကွဲနေတာလား။ ငါရူးသွားမှာလား။
စိတ်ဝိညာဉ်ပေါ်ရှိ တောက်ပမှု မှိန်ဖျော့သွားချိန်၌ ကျန်းရီက အပြည့်အဝ မှင်သက်သွားတော့သည်။ လူတိုင်းက အရူးများသည် ရူးသွားခြင်းမှာ သူတို့၏စိတ်ဝိညာဉ် ပြိုကွဲသွားသောကြောင့် ဖြစ်သည်ဟု အမြဲတမ်း ပြောကြသည်။ လူထူးလူဆန်း များစွာက သူတို့စိတ်ဝိညာဉ်နှင့် ပတ်သတ်ပြီး တစ်ခုခု မှားယွင်းနေကြ၏။ ယခုကျန်းရီ၏ စိတ်ဝိညာဉ်က နှစ်ခြမ်းကွဲသွားသောအခါ သူ၏စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်း ပြိုကွဲသွားသည်နှင့် ဆင်တူသည် မဟုတ်လား။
တစ်ခုခုတော့ မဟုတ်သေးဘူး။
ကျန်းရီက သူ၏စိတ် အလွန်ကြည်လင်နေမှန်း သဘောပေါက်သွားသည်။ စိတ်ဝိညာဉ်က ခွဲထွက်သွားသည့်တိုင် ထူးဆန်းမှုကို မခံစားရဘဲ သူကယခင်ကနှင့် တစ်ထပ်တည်း ညီနေဆဲဖြစ်သည်။
ဘီး
မလှမ်းမကမ်း၌ နောက်ထပ်ဝိညာဉ်ဝါးမျို မိချောင်းတစ်ကောင်က တိုက်ခိုက်လာရာ ကျန်းရီက အာရုံစူးစိုက်ရတော့သည်။ သူ၏စိတ်ဝိညာဉ်က ယခု ကွဲထွက်နေပြီဖြစ်ရာ ယခင်ကကဲ့သို့ အစွမ်းထက်သေးသည်လော။ ထိုဝိညာဉ်ဝါးမျို မိချောင်းကြောင့် သူအဖျက်အဆီး မခံရစေရန် မျှော်လင့်နေမိသည်။
ချီ ချီ
ဝိညာဉ်ဝါးမျို မိချောင်းက တစ်ဟုန်ထိုး ဝင်လာချိန်၌ ကျန်းရီက စိတ်မပူတော့ပေ။ ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ် နှစ်ခုကို ထိန်းချုပ်ရန် အတွေးများကို သုံးလိုက်ပြီး ဝိညာဉ်ဝါးမျို မိချောင်းကို ပိုင်းဖြတ်လိုက်တော့သည်။ ရလဒ်က သူ့ကိုထိတ်လန့်သွားစေပြန်၏။
ဘန်း
ဝိညာဉ်ဝါးမျို မိချောင်း တစ်ဟုန်ထိုး ဝင်လာစဉ် ကျန်းရီ၏ သေးငယ်သော ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်က ဝိညာဉ်ဝါးမျို မိချောင်းဆီသို့ တိုက်ရိုက် ပိုင်းဖြတ်လိုက်ပြီး ချက်ချင်းပင် အဖြူရောင် မီးခိုးအဖြစ် ပြောင်းလဲသွားစေတော့၏။ ထိုသေးငယ်သော စိတ်ဝိညာဉ်က သူ၏စိတ်ဝိညာဉ် ကွဲမထွက်ခင်ကထက် နှစ်ဆခွန်အား ပိုကြီးနေ၏။ ယင်းက အင်မတန် ကြမ်းတမ်းလှပေသည်။
ဖောင်း ဖောင်း ဖောင်း
ဝိညာဉ်ဝါးမျို မိချောင်းများက တစ်ကောင်ပြီးတစ်ကောင် ရောက်လာလေရာ ကျန်းရီ၏ ပိုကြီးသည့် စိတ်ဝိညာဉ်က လှုပ်ရှားရန်တောင် မလိုပေ။ ပိုသေးသော စိတ်ဝိညာဉ်က အနားတစ်ဝိုက် ပျံသန်းနေပြီး အရာအားလုံးကို သတ်ဖြတ်နေသောကြောင့် ဖြစ်သည်။ ထူးဆန်းသည့်အရာက ပိုသေးငယ်သော စိတ်ဝိညာဉ်သည် ဝိညာဉ်ဝါးမျို မိချောင်းများမှ ဖွဲ့တည်လာသည့် အကြွင်းအကျန် မိချောင်းများကို မဝါးမျိုပေ။ ထိုအစား အဓိက စိတ်ဝိညာဉ်နားတစ်ဝိုက်တွင် လည်ပတ်နေပြီး စတင်ပြန့်ကားလာပြန်၏။
“အမ် ဒီကွဲထွက်လာတဲ့ စိတ်ဝိညာဉ်လေးက အလွန် အစွမ်းထက်တာပဲ။ စိတ်ဝိညာဉ် တစ်ခုနဲ့ မတူဘူး။ အဓိက စိတ်ဝိညာဉ်ရဲ့ လက်အောက်ငယ်သား ညီငယ်လေးလိုပဲ”
ပိုကြီးသော စိတ်ဝိညာဉ်သည် ယခင်စိတ်ဝိညာဉ်နှင့် တူနေပြီး သေးငယ်သော စိတ်ဝိညာဉ်ကမူ မည်သည့် သတိပြုမှုမှ ရှိမနေပေ။ ထိုအစား ဝိညာဉ်စွမ်းအင်ဖြင့် ပြုလုပ်ထားသော ဓားတစ်စင်းမှာ တိုက်ခိုက်မှုအတွက် သုံးသည့် ထက်မြသော ဓားလက်နက်တစ်ခု ဖြစ်နေတော့သည်။
သူက အနီးကပ်ကြည့်ပြီး ထိုစိတ်ဝိညာဉ်လေးက သူ၏အဓိက စိတ်ဝိညာဉ်ကို မထိခိုက်စေကြောင်း သိလိုက်ရသည်။ လုပ်ဆောင်ချက် အတိအကျကို မသိသော်ငြား အနည်းဆုံးတော့ သူသည် အဓိက စိတ်ဝိညာဉ်ကို ကာကွယ်ပေးနေတာ ဖြစ်ရမည်။ ထိုဝိညာဉ်ဝါးမျို မိချောင်းများအားလုံးကို အလွယ်တကူ ပိုင်းဖြတ်နိုင်စွမ်းလည်း ရှိနေ၏။ အဓိက စိတ်ဝိညာဉ်ကို တစ်စုံတစ်ခုက တိုက်ခိုက်ချင်လျှင် ရှေးဦးစွာ ဤစိတ်ဝိညာဉ်လေးကို ဖျက်ဆီးရမှာပဲဖြစ်သည်။
***