အခန်း (၅၁၁-၅၁၃)
Vol. 35 Ch. 511-513
အခန်း ၅၁၁ - လင်းယုန်ငယ် တောင်ပံဖြန့်ခြင်းနှင့် တတိယပုံစံကို ပေါင်းစပ်ခြင်း
လော့မင်ရှန်နှင့် လော့ဟုန်တို့သည် ရှေ့မှောက်က ရတနာပစ္စည်းများကို ကြည့်ကာ မှင်တက်မိနေကြသည်။
ခန်းမထဲတွင် ပုံနေသော ရတနာများသည် လော့မိသားစုထက်တစ်ခုလုံးတွင် ရှိသည့် ပိုင်ဆိုင်မှုများထက်ပင် အဆပေါင်းများစွာ... ဆယ်ဆမက ပိုများနေသည်။ ကျမ်းစာများမှာပင် အုပ်ရေ ရာကျော်ရှိပြီး ၎င်းတို့ထဲမှ အများစုမှာ အလယ်အလတ်အဆင့် ကျမ်းစာများ ဖြစ်ကြသည်။
လော့မိသားစုနှင့် မယှဉ်နိုင်သည်သာမက... အချို့သော ဂိုဏ်းငယ်လေးများ၏ စုဆောင်းမှုမှာပင် ဤမျှလောက်သာ ရှိပေလိမ့်မည်။
လော့မင်ရှန်၏ စကားကို ကြားသောအခါ လော့ချန်က ပြုံး၍ ဆိုသည်။
“ဂိုဏ်းကြီး သုံးဂိုဏ်းရဲ့ အခြေခံဆိုတာ ဒါတင်မကသေးဘူး... ဒါက သူတို့ရဲ့ အပေါ်ယံ အရေပြားလောက်တောင် မရှိသေးပါဘူး...”
လော့မင်ရှန် သတိပြန်ဝင်လာပြီး တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
“ဒါဆို ဒီပစ္စည်းတွေက...”
“ကျွန်တော် တကယ်ပဲ သူများရဲ့ ရတနာတိုက်ကို ဖောက်လာခဲ့တာပါ... ဒါပေမဲ့ ရွှမ်ယွမ်ဂိုဏ်းတော့ မဟုတ်ဘူး... ဆွန်မိသားစုပါ...”
လော့မင်ရှန်မှာ အံ့အားသင့်စွာ မေးလိုက်သည်။
“ဆွန်မိသားစု... ဘယ်ဆွန်မိသားစုလဲ...”
လော့ချန်သည် လက်ဖြင့် အသာဝှေ့ယမ်းလိုက်ပြီး အနက်ရောင် အဝတ်ဖြင့် ထုပ်ထားသော အရာတစ်ခုကို ထုတ်ယူကာ လော့ဟုန်ထံသို့ ရိုသေစွာ ကမ်းပေးလိုက်သည်။
“အဖေ... ဒါက ကျွန်တော် အဖေ့ကို ပေးမယ်လို့ ကတိပေးထားခဲ့တဲ့ အရာပါ...”
လော့ဟုန်သည်လည်း အံ့သြနေရပြီး လော့ချန် ကမ်းပေးသော အထုပ်ကို ကြည့်ကာ တစ်ခုခုကို တွေးမိသွားဟန်ဖြင့် စားပွဲပေါ်တွင် တင်၍ ချက်ချင်း ဖြေကြည့်လိုက်သည်။
“ဆွန်ယင်ယန်...”
စားပွဲပေါ်ရှိ ခေါင်းပြတ်ကို ကြည့်ရင်း လော့ဟုန်မှာ ဆွံ့အသွားရပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားရင်း လော့ချန်ကို ကြည့်လိုက်သည်။
“ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ...”
လော့ချန်က ဆိုသည်။
“ကျွန်တော် ဆွန်မိသားစုကို အမြစ်ပြတ် သတ်ခဲ့ပြီ... ဆွန်ယင်ယန်ရဲ့ ခေါင်းကို ဖြတ်ပြီး အဖေ့အတွက် လက်စားချေပေးခဲ့ပါပြီ...”
“ဘာ... မင်းက ဆွန်မိသားစုကို အမြစ်ပြတ် သုတ်သင်ခဲ့တာလား...”
ထိုစကား ထွက်လာသည်နှင့်...
လော့မင်ရှန်နှင့် လော့ဟုန်တို့မှာ ချက်ချင်းပင် ထိတ်လန့်သွားကြတော့သည်။ လော့ဟုန်သည် လော့ချန်ကို ကြည့်ကာ ယခုတိုင် မယုံကြည်နိုင်သေးဘဲ ရှိနေသည်။
“ငါသိသလောက်တော့ ဆွန်ယင်ယန်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ် သန်မာသူပဲ... ဆွန်မိသားစုတစ်ခုလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ ဆယ်ယောက်ထက် မနည်း ရှိတာလေ...”
နောက်ထပ်စကားများကို လော့ဟုန် ဆက်မပြောနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ခနကပင် အေးအေးဆေးဆေး ရှိလှသည့် နုနယ်သော လူငယ်လေး လော့ချန်၏ အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။
ထက်မြက်လှသော အရှိန်အဝါတစ်ခုသည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားပြီး လေထုမှာ ရေကဲ့သို့ပင် တည်ငြိမ်လေးလံသွားရသည်။
လော့ချန်က ဆိုသည်။
“ကျွန်တော်လည်း သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ ကို ရောက်နေပါပြီ... ပြီးတော့ ဓားဆန္ဒ ၇၀ ရာခိုင်နှုန်းကိုလည်း နားလည်ထားပါပြီ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အောက်က ဘယ်သူ့ကိုမှ ကျွန်တော် မကြောက်ပါဘူး...”
“ဓားဆန္ဒ ၇၀ ရာနှုန်း... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အောက်မှာ ဘယ်သူ့ကိုမှ မကြောက်ဘူး ဟုတ်လား...”
လော့ဟုန်၏ လက်များမှာ သူ၏ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။
‘ကျင့်ကြံဆင့်ကို မဆိုထားနှင့်... တစ်နှစ်ကျော်အတွင်းမှာ ဓားဆန္ဒ ၇၀ ရာနှုန်းကို နားလည်သွားတာက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဓားကျင့်စဉ် ပါရမီလဲ...’
‘ဂိုဏ်းကြီး သုံးဂိုဏ်းလုံးရဲ့ လူငယ်မျိုးဆက် ဓားသမားတွေထဲမှာ ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး...’
“ကောင်းတယ်... အရမ်းကောင်းတယ်...”
လော့ဟုန်သည် လော့ချန်၏ ပခုံးကို အားပါပါ ပုတ်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ မျက်ရည်စများ စို့လာသည်။
လော့ချန်သည် မတ်မတ်ရပ်နေပြီး သူ၏ အကြည့်များမှာ ခိုင်မာပြတ်သားလှသည်။
“အဖေ... ကျွန်တော် အဖေ့ကို စိတ်မပျက်စေဘူးလို့ အရင်က ပြောခဲ့တယ်... ဒီနေ့ကစပြီး ကျွန်တော် အဲဒီ ကျိမိသားစု နတ်ဘုရားသားတော် ကျိယွမ်ဟောင်ထက် မနိမ့်ကျစေရဘူး... ဘယ်သူ့ထက်မှ မနိမ့်ကျစေရဘူး...”
“မင်း ငါ့ကို စိတ်မပျက်စေခဲ့ပါဘူး... မင်းက ငါ့အတွက် ဂုဏ်ယူစရာပဲ...”
လော့ဟုန်သည် လော့ချန်ကို ကြည့်ကာ အသံများပင် တုန်ယင်နေပြီး ဆွန်ယင်ယန်၏ ခေါင်းပြတ်ကို ကြည့်လိုက်သည့်အခါ သူ၏ မျက်ဝန်းထဲမှ အရှိန်အဝါမှာ လျှပ်စီးအလား ပြင်းထန်သွားသည်။
“ဆွန်ယင်ယန်... ကျိမိသားစု... မင်းတို့ ငါ့ကို ဖျက်ဆီးခဲ့ရင်ကော ဘာဖြစ်လဲ... ဒီလိုနဲ့ ငါ့ကို ဒူးထောက်ခိုင်းလို့ ရမယ် ထင်နေလား... ငါ့သားက ငါ့ထက် အဆတစ်ရာ... အဆတစ်ထောင် ပိုတော်လာလိမ့်မယ်... ဟားဟားဟား...”
“ဘုန်း...”
လော့ဟုန်သည် လက်ဝါးဖြင့် ရိုက်ချကာ ဆွန်ယင်ယန်၏ ခေါင်းကို မှုန့်မှုန့်ညက်ညက် ကြေမွသွားစေပြီး အားရပါးရ ရယ်မောလိုက်တော့သည်။
ထိုရယ်သံထဲတွင် သူ၏ နှစ်ရှည်လများ မကျေနပ်မှုများ၊ ဒေါသများနှင့် စိတ်ညစ်ညူးမှုများ ပြည့်နှက်နေသည်။
သူသည် ဆွန်ယင်ယန်ကြောင့် သိုင်းပညာအုတ်မြစ်ကို ထိခိုက်ခဲ့ရပြီး ကျင့်ကြံ၍ မရတော့ဘဲ ဘဝတစ်ဝက်ခန့် စိတ်ဓာတ်ကျခဲ့ရသည်။ ယနေ့တွင်မူ သူ၏ စိတ်ထဲမှ အမည်းရောင် တိမ်တိုက်များ ကင်းစင်သွားပြီး မျှော်လင့်ချက်များ ပြန်လည် တောက်ပလာခဲ့ချေပြီ။
‘တစ်နှစ်ကျော်အတွင်းမှာ ခန္ဓာသန့်စင်ခြင်းနယ်ပယ်ကနေ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထိ ရောက်လာတဲ့အပြင် ဓားဆန္ဒ ၇၀ ရာနှုန်းကိုပါ နားလည်ခဲ့တာ... ရှေးဟောင်း ကျိမိသားစုရဲ့ မျိုးဆက်တွေထဲမှာတောင် ဘယ်နှစ်ယောက်က သူ့ကို ယှဉ်နိုင်မှာလဲ...’
လော့ချန်သည် ဖခင်ဖြစ်သူ ဤမျှအထိ ပျော်ရွှင်နေသည်ကို မမြင်ရသည်မှာ ကြာပြီဖြစ်၍ လေးနက်စွာ ဆိုသည်။
“အဖေ... စိတ်ချပါ... ကျွန်တော့်ရဲ့ ကျင့်ကြံဆင့် ပိုမြင့်လာတဲ့အခါ အဖေ့ရဲ့ ဒဏ်ရာကို ပျောက်ကင်းစေမယ့် ဝိညာဉ်ဆေးကို သေချာပေါက် ရှာပေးပါ့မယ်...”
“ဒါက မလောပါဘူး... မင်း အေးအေးဆေးဆေး ကျင့်ကြံပါ...”
နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၍ လော့ဟုန်သည် မိမိ၏ ဒဏ်ရာအခြေအနေကို ကောင်းကောင်း သိထားသည်။
သာမန် ဝိညာဉ်ဆေးများမှာ ဘာမှ အသုံးမဝင်ချေ။ မိမိကိုယ်ကိုယ်ထက် လော့ချန်ကိုသာ ပို၍ စိတ်ပူနေပြီး လော့ချန်အား မိမိကြောင့် အန္တရာယ် မဖြစ်စေလိုပေ။
လော့မင်ရှန်က မေးလိုက်သည်။
“ချန်အာ... အပြင်မှာတော့ လျှပ်ယွမ်ဂိုဏ်းက ဆွန်မိသားစုကို သွေးဝိညာဉ်ဂိုဏ်းက သတ်သွားတာလို့ ဘာလို့ သတင်းတွေ ထွက်နေတာလဲ... အဲဒါကြောင့် လျှပ်ယွမ်ဂိုဏ်းကတောင် စစ်ခင်းဖို့ ပြင်နေကြတယ်...”
လော့ချန်က ဆိုသည်။
“ကျွန်တော် နည်းလမ်းအချို့ သုံးပြီး ဒီကိစ္စကို သွေးဝိညာဉ်ဂိုဏ်းပေါ် ပုံချလိုက်တာပါ...”
“ကောင်းတယ်...”
လော့မင်ရှန်က ခေါင်းညိတ်လိုက်ပြီး ထပ်မံ မှာကြားသည်။
“ဒါပေမဲ့ မင်းက အခုမှ ကြီးထွားလာစ အချိန်ဆိုတော့ အပြင်မှာ လုပ်ကိုင်တဲ့အခါ သည်းခံနိုင်သလောက် သည်းခံပါ... မဆင်မခြင် မလုပ်ပါနဲ့ဦး...”
သူသည် လော့ချန်ကို အပြစ်တင်နေခြင်း မဟုတ်ဘဲ လော့ချန်၏ ဘေးကင်းရေးကို စိတ်ပူနေပြီး မလိုအပ်သော ပြဿနာများ မတက်စေလိုခြင်းသာ ဖြစ်သည်။
လော့ချန်က ဆိုသည်။
“အဖိုး စိတ်ချပါ... ကျွန်တော့်မှာ အတိုင်းအတာ ရှိပါတယ်... ကျွန်တော်က ပြဿနာကို အရင် မရှာသလို ပြဿနာ တက်လာရင်လည်း မကြောက်ပါဘူး... သတ်သင့်ရင် သတ်ရမှာပဲ... အနည်းဆုံးတော့ ရန်သူ တစ်ယောက် လျော့သွားရင် နောက်ဆက်တွဲ ပြဿနာ တစ်ခု လျော့သွားတာပဲလေ...”
လော့မင်ရှန်မှာ အတန်ကြာ ဆွံ့အသွားပြီးမှ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ချန်အာ... မင်း တကယ်ပဲ ကြီးပြင်းလာပြီပဲ...”
လော့မင်ရှန်သည် ငယ်စဉ်က သတ်သင့်လျှင် သတ်တတ်သူ တစ်ဦး ဖြစ်ခဲ့သည်။
သို့သော်လည်း အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူ၏ ထက်မြက်မှုများမှာ မှေးမှိန်ခဲ့ရသည်။ လော့ချန်၏ စကားက သူ ငယ်စဉ်က လောကထဲတွင် လှည့်လည်ခဲ့စဉ်က အချိန်များကို ပြန်လည် သတိရသွားစေခဲ့သည်။
သူတို့ သုံးဦး အတန်ကြာ စကားပြောပြီးနောက် လော့ချန်သည် အဖိုးနှင့် ဖခင်အတွက် သင့်တော်သော ကျင့်စဉ်အချို့ကို ကိုယ်တိုင် ရွေးချယ်ပေးခဲ့သည်။
တစ်ညတာ ကုန်ဆုံးသွားခဲ့ချေပြီ။
နောက်တစ်နေ့ မနက်ခင်းတွင် လော့ချန်သည် ချီရှန်မြို့မှ ထွက်ခွာပြီး လင်ကျန်းမြို့သို့ ဦးတည်သွားလိုက်သည်။
အဝေးသို့ ထွက်ခွာသွားသော လော့ချန်၏ နောက်ကျောကို ကြည့်ရင်း လော့မင်ရှန်က သက်ပြင်းချကာ ဆိုသည်။
“လင်းယုန်ငယ်ကလေးဟာ နောက်ဆုံးတော့ တောင်ပံဖြန့်ပြီး ပျံသန်းသွားပြီပေါ့...”
လော့ဟုန်က ခေါင်းညိတ်လိုက်သည်။
ဖခင် တစ်ဦးအနေဖြင့် လော့ချန်၏ ရည်မှန်းချက်ကို သူ မည်သို့ မမြင်ဘဲ နေမည်နည်း။ သူ လုပ်ပေးနိုင်သည့် အရာမှာ လော့ချန်အတွက် အနှောင့်အယှက် မဖြစ်စေဘဲ သူ ပိုမို မြင့်မားစွာ... ပိုမို ဝေးဝေး ပျံသန်းနိုင်ရန် အစွမ်းကုန် ကြိုးစားပေးရန်သာ ရှိပေတော့သည်။
တိမ်ပင်လယ်၏ အထက်တွင်...
“ရွှမ်ဖုန်းစွမ်းအင်ပေါက်ကွဲမှုကျင့်စဉ်ကို အဆင့်တစ်ခု ရောက်ဖို့ဆိုတာ အချိန် ထပ်လိုဦးမယ်... နောက်ပိုင်းမှာ နတ်ဆိုးမုန်တိုင်းကိုပဲ အာရုံစိုက်ပြီး တတိယပုံစံနဲ့ စတုတ္ထပုံစံကို အမြန်ဆုံး ပေါင်းစပ်နိုင်အောင် ကြိုးစားရမယ်...”
လော့ချန်က စဉ်းစားနေမိသည်။
ဓားကွက် နှစ်ကွက်သာ ပေါက်စပ်ထားသော နတ်ဆိုးမုန်တိုင်းမှာ သူ၏ အစွမ်းနှင့် ယှဉ်လျှင် နောက်ကျကျန်နေခဲ့ချေပြီ။
ဓားဆန္ဒ ၇၀ ရာနှုန်းကို ရောက်ရှိသွားခြင်းနှင့် ရှေးဟောင်းသန်မာသူကြီး၏ သိုင်းဝိညာဉ်စိတ်ဆန္ဒထဲက ဓားကျင့်စဉ် နိယာမများကြောင့် လော့ချန်သည် နတ်ဆိုးမုန်တိုင်းအတွက် နားလည်မှုအသစ်များ ရရှိခဲ့ပြီး ဓားကွက်အသစ်ကို ပေါင်းစပ်ရန် စိတ်အားထက်သန်နေမိသည်။
“တတိယပုံစံဖြစ်တဲ့ လျှပ်စီးဓားကွက်နဲ့ စတုတ္ထပုံစံဖြစ်တဲ့ မိုးကြိုးအသံ... ဒီဓားကွက် နှစ်ခုလုံးက မိုးကြိုးနဲ့ ပတ်သက်နေတာပဲ... မိုးကြိုးတိမ်တိုက်တွေ ရှိတဲ့ နေရာတစ်ခုကို ရှာပြီး လေ့ကျင့်ရမယ်...”
“ဝှစ်...”
လော့ချန်၏ ပုံရိပ်မှာ ပြေးမြင်းလွင်ပြင်ဆီသို့ ဦးတည်သွားလိုက်သည်။
ပြေးမြင်းလွင်ပြင်၏ ရာသီဥတုမှာ ပြောင်းလဲလွယ်လှပြီး အလယ်ပိုင်း ဒေသတွင် မိုးကြိုးတိမ်တိုက်များ မကြာခဏ ရှိတတ်ကာ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းမှာ ပုံမှန်ကိစ္စ တစ်ခုပင် ဖြစ်သည်။
နှစ်ရက် ကြာပြီးနောက် လော့ချန်သည် ပြေးမြင်းလွင်ပြင်၏ အလယ်ပိုင်း ဒေသသို့ ရောက်ရှိလာခဲ့သည်။
နေမွန်းတည့် အချိန် ဖြစ်သော်လည်း ကမ္ဘာလောကမှာ မှောင်မည်းနေပြီး မည်းမှောင်နေသော တိမ်တိုက်များမှာ တစ်လောကလုံးကို အမှောင်ထုထဲတွင် ဝါးမြိုပစ်တော့မည့်အလား ရှိနေသည်။
အေးစိမ့်လှသော တိမ်ပင်လယ်ထဲတွင် လော့ချန်သည် လျှစ်စီးဓားကို ကိုင်ဆောင်ကာ မျက်စိမှိတ်၍ မတ်မတ် ရပ်နေသည်။ သူ၏ ဝတ်ရုံစများမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်နေပြီး သူသည် တောင်ကြီး တစ်လုံးကဲ့သို့ပင် တည်ငြိမ်နေ၏။ သူသည် မိမိကိုယ်ကိုယ် ကာကွယ်သည့် ချီစွမ်းအင်များကို အသုံးမပြုဘဲ စိတ်ရော ကိုယ်ပါ ထိုတိမ်ပင်လယ်ထဲတွင် နှစ်မြှုပ်ကာ လေနှင့် မိုးကြိုးတို့၏ နိယာမများကို ခံစားနေသည်။
ထိုသို့ ရပ်နေသည်မှာ နေ့တစ်ဝက်ခန့် ရှိသွားခဲ့ပြီ ဖြစ်သည်။
မှောင်မှိုင်းနေသော ကမ္ဘာလောကမှာ ပိုမို မှောင်မည်းလာခဲ့သည်။
“ဂျိန်း...”
ရုတ်တရက် ပြင်းထန်လှသော မိုးကြိုး အငွေ့အသက်များ ဆူဝေလာပြီး ဖြူဖွေးလှသော လျှပ်စီးတစ်ခုသည် ကောင်းကင်ယံကို လင်းလက်သွားစေကာ တိမ်ပင်လယ်ကို ဖြတ်တောက်သွားသည်။ ရှေးဟောင်း နတ်ဆိုးတစ်ကောင်က နတ်ဘုရားဓားကို ကိုင်ဆောင်ကာ တစ်လောကလုံးကို ပိုင်းဖြတ်ပစ်လိုက်သည့်အလား ထိတ်လန့်ဖွယ် ကောင်းလှသည်။
“လျှပ်စီးလက်ခြင်း... လေမုန်တိုင်း ထလာပြီး မိုးကြိုးတွေ ပေါက်ကွဲထွက်စေရမယ်...”
လျှပ်စီး ပျောက်ကွယ်သွားသည့် ခဏတွင် လော့ချန်သည် မျက်လုံးကို ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် မိုးကြိုးများ ပါဝင်နေသကဲ့သို့ ရှိနေပြီး ဓားကို ခုတ်ချလိုက်၏။
“နတ်ဆိုးမုန်တိုင်း...”
“ဘုန်း...”
ဤဓားကွက်၏ အစွမ်းမှာ ခန့်မှန်း၍ မရနိုင်လောက်အောင်ပင်။ ပတ်ဝန်းကျင်ရှိ မိုးကြိုး အငွေ့အသက်များမှာ ထိုဓားကွက်ဆီသို့ ဆွဲငင်ခံလိုက်ရပြီး တောက်ပလှသော အလင်းတန်းများ ထွက်ပေါ်လာကာ ကမ္ဘာလောကတွင် နောက်ထပ် မိုးကြိုးတစ်ခု ထပ်မံ မွေးဖွားလာသည့်နှယ် ရှိတော့သည်။
တတိယပုံစံ လျှပ်စီးဓားကွက်ကို ပေါင်းစပ်ခြင်း...
အောင်မြင်ပြီ။
အခန်း ၅၁၁ ပြီးပါပြီ။
အခန်း ၅၁၂ - အထူးအခွင့်အရေးနှင့် ရောက်ရှိလာသူ
“နောက်ဆုံးတော့ အောင်မြင်သွားပြီ... ထင်ထားတာထက်တောင် ပိုချောမွေ့နေပါလား...”
တိမ်ပင်လယ်ထဲတွင် အချိန်အတော်ကြာအောင် မပြယ်ဘဲ ကျန်ရစ်နေသည့် ဓားရာကြီးကို ကြည့်ရင်း လော့ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
တတိယပုံစံကို ပေါင်းစပ်ရန် နှစ်ရက်သာ အချိန်ယူခဲ့ရသည်။ ၎င်းမှာ သူ ခန့်မှန်းထားသည်ထက် များစွာ ပိုမိုမြန်ဆန်နေခဲ့ပြီး ဓားဆန္ဒ အဆင့်အတန်း တစ်ဟုန်ထိုး တိုးတက်သွားခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
“အခု နတ်ဆိုးမုန်တိုင်းက အရင်ကထက် အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းလောက် ပိုသန်မာလာပြီ... ဒါက ကြယ်ငါးပွင့် ဓားကျင့်စဉ်ထက် ကျော်လွန်သွားပြီး ကြယ်ခြောက်ပွင့် အဆင့်ကို ရောက်သွားပြီပဲ...”
အပြင်ပန်းကြည့်လျှင် နတ်ဆိုးမုန်တိုင်းမှာ သိသိသာသာ ပြောင်းလဲမှု မရှိဘဲ မရေမတွက်နိုင်သော ဓားချီများဖြင့် ဖွဲ့စည်းထားသည့် ဓားချီလေဝဲကြီး ဖြစ်နေဆဲပင်။
သို့သော်လည်း စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပါက မရေမတွက်နိုင်သော ဓားချီများကြားတွင် ထက်မြက်လှသော သတ်ဖြတ်ခြင်း အငွေ့အသက်များ ကိန်းအောင်းနေသည်ကို ချက်ချင်းပင် တွေ့ရှိနိုင်သည်။
၎င်းမှာ ဓားချီတစ်ခုလုံး၏ အရှိန်အဝါကို များစွာ မြင့်တက်စေပြီး အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသွားစေသည်။
ယခင်က နတ်ဆိုးမုန်တိုင်းနှင့် ပဉ္စမပုံစံဖြစ်သည့် ကြယ်ကြွေခြင်းတို့မှာ အစွမ်းချင်း တူညီခဲ့ကြသည်။
ယခုမူ နတ်ဆိုးမုန်တိုင်းမှာ ပို၍သာလွန်သွားပြီး လော့ချန်၏ အစွမ်းအထက်ဆုံး ဓားကွက် ဖြစ်လာခဲ့ချေပြီ။
ထိုသို့ဆိုရာတွင် ကြယ်ကြွေခြင်းမှာ အသုံးမဝင်တော့ဟု မဆိုလိုပေ။
နတ်ဆိုးမုန်တိုင်းသည် တစ်ချက်တည်းနှင့် အသေသတ်သည့် ဓားကွက်ဖြစ်ပြီး ကြယ်ကြွေခြင်းမှာမူ ကမ္ဘာလောကကို တုန်လှုပ်စေသည့် အတိုင်းအတာ ကျယ်ပြန့်သော တိုက်ကွက် ဖြစ်သဖြင့် တစ်ခုချင်းစီတွင် ကိုယ်ပိုင် အသုံးဝင်မှုများ ရှိကြသည်။
“သံပူတုန်း ထုနှက်ရမယ်... စတုတ္ထပုံစံကိုပါ ပေါင်းစပ်နိုင်မလား ကြည့်ရအောင်...”
လော့ချန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူကာ မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး ကောင်းကင်ယံဓားစွမ်းရည်၏ စတုတ္ထပုံစံဖြစ်သော မိုးကြိုးအသံကို ပေါင်းစပ်ရန် စတင် ကြိုးစားလိုက်သည်။
ဤသို့ဖြင့် နောက်ထပ် သုံးရက် ကုန်ဆုံးသွားခဲ့သည်။
“မရသေးဘူး...”
လော့ချန်သည် မျက်လုံးဖွင့်လိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
ဤသုံးရက်အတွင်း သူသည် တိမ်ပင်လယ်ကို လေ့လာပြီး မိုးကြိုးများကို ခံစားခဲ့သော်လည်း စတုတ္ထပုံစံ မိုးကြိုးအသံကို ပေါင်းစပ်ရန် အချက်အချာကို ရှာမတွေ့ခဲ့ဘဲ တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားနေရသည်။
အဓိက အကြောင်းရင်းမှာ စတုတ္ထပုံစံ မိုးကြိုးအသံ၏ နိယာမမှာ တတိယပုံစံထက် များစွာ ပိုမို ရှုပ်ထွေးသောကြောင့် ဖြစ်သည်။
မိုးကြိုးအသံမှာ သာမန် မိုးကြိုးနိယာမ သက်သက်သာမကဘဲ အသံကို အသုံးပြု၍ ရန်သူ၏ အာရုံခံစားမှုများကိုပါ ထိခိုက်စေနိုင်ခြင်း ဖြစ်သည်။
လော့ချန် ဆက်လက် လေ့ကျင့်သင့်၊ မသင့် စဉ်းစားနေစဉ်မှာပင် လော့ယောင်ထံမှ သတင်း ရောက်ရှိလာသည်။
ဝိညာဉ်ကျောက်များနှင့် သွေးကြောဖွင့်ဆေးလုံးများ ပြင်ဆင်ပြီးစီးပြီ ဖြစ်သည်။
“ထားလိုက်ပါတော့... တစ်လှမ်းချင်းစီ သွားရမှာပဲ... အခု နတ်ဆိုးမုန်တိုင်းက သုံးဖို့ လုံလောက်နေပြီဆိုတော့ အရင်ဆုံး ကျင့်ကြံဆင့် တက်အောင် လုပ်ရမယ်...”
တတိယပုံစံကို ပေါင်းစပ်ထားသော နတ်ဆိုးမုန်တိုင်းဖြင့် လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အောက်ရှိ သန်မာသူများကို အသာစီး ရယူနိုင်နေပြီဖြစ်သည်။
အဆင့် ၉ အစောပိုင်း သန်မာသူနှင့် တွေ့လျှင်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပြီး ချက်ချင်း ရှုံးနိမ့်သွားမည် မဟုတ်ပေ။
အတွေးပေါင်းစုံ ဖြတ်ပြေးသွားပြီးနောက် လော့ချန်၏ ကိုယ်ဟန်မှာ လှစ်ခနဲ လှုပ်ရှားသွားပြီး လင်ကျန်းမြို့ဘက်သို့ ဦးတည် ထွက်ခွာလာခဲ့သည်။
အရှိန်အပြည့်ဖြင့် ခရီးနှင်လာခဲ့ရာ သုံးရက် မပြည့်မီမှာပင် လော့ချန်သည် လင်ကျန်းမြို့သို့ ရောက်ရှိလာခဲ့သည်။
လင်ယွမ်ပြတိုက်...။
လှပတင့်တယ်လှသော ဂေဟာတစ်ခုမှာ ဝါးတောအုပ်လေးအတွင်း ဖုံးကွယ်နေပြီး ဘေးတွင် အေးချမ်းဆိတ်ငြိမ်လှသော ဇရပ်လေး တစ်ဆောင် ရှိနေသည်။
ဇရပ်လေးအတွင်းတွင် လူနှစ်ဦး မတ်မတ်ရပ်နေကြသည်။
ရှေ့ဆုံးမှ အမျိုးသမီးမှာ ဆွဲဆောင်မှုရှိပြီး အလှကြီး လှပနေကာ ခန္ဓာကိုယ် အချိုးအစားမှာလည်း အပြစ်ပြောစရာ မရှိပေ။ ဆံပင်ရှည်များမှာ ခါးအထိ ကျဆင်းနေပြီး အလွန်ပင် ညှို့ဓာတ် ပြင်းလှသည်။
၎င်းမှာ လော့ယောင် ပင်ဖြစ်သည်။
ကလေးမျက်နှာနှင့် အားမူမှာ ဘေးတွင် အနီးကပ် လိုက်ပါလာပြီး ကျောက်စိမ်းစားပွဲပေါ်ရှိ သိုလှောင်လက်စွပ်ကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။
“ကြယ်လေးပွင့် ဝိညာဉ်ကျောက် ခြောက်ရာကျော်နဲ့ သွေးကြောဖွင့်ဆေးလုံး တစ်ဆယ့်နှစ်လုံးတောင်လား... သခင်မလေး... ဒါတွေ အကုန်လုံးက လော့ချန် လိုချင်တာတွေလား... ဆေးလုံးတွေက ထားပါတော့... သူက သွေးကြောနိုးကြားမှုနယ်ပယ် အစောပိုင်း ဓားသမားတစ်ယောက်ပဲလေ... ဝိညာဉ်ကျောက်တွေ အများကြီးကို ဘာလုပ်ဖို့လဲ... သူက ဆေးဆရာ ဖြစ်သွားတာတော့ မဟုတ်ပါဘူးနော်...”
လော့ယောင်က ပြုံးလျက် အားမူ၏ ပါးလေးကို ဆွဲညှစ်လိုက်သည်။
“နင်က သူ ပိုက်ဆံမပေးမှာ စိတ်ပူနေတာမလား...”
အားမူ၏ မျက်နှာလေးမှာ နီမြန်းသွားသည်။
“ကျွန်မက သခင်မလေးအတွက် စဉ်းစားပေးတာပါ... ပြီးခဲ့တဲ့တစ်ခေါက်က သူ့အတွက် ကောင်းကင်ယံဓားစွမ်းရည် သိုင်းကျမ်းတွေကို ရှာပေးဖို့ ဟိုးဟိုးကျော်အောင် လုပ်ခဲ့တာကြောင့် မိသားစုထဲက လူတချို့က စကားသံတွေ ထွက်နေကြပြီ... အထူးသဖြင့် သခင်မကြီးက...”
“အခုလည်း သူ့အတွက် ဒီဝိညာဉ်ကျောက်တွေနဲ့ ဆေးလုံးတွေကို စီစဉ်ပေးပြန်ပြီ... မိသားစုက လူတွေသာ သိသွားရင်...”
ထိုစကားကို ကြားသောအခါ လော့ယောင်၏ မျက်နှာတွင် မကျေနပ်မှုအချို့ ပေါ်လာခဲ့သည်။
“သိတော့ ဘာဖြစ်လဲ... ငါက ချီစွမ်းအင်ဆေးလုံး နှစ်သိန်းလောက်ကိစ္စကိုတောင် အမိန့်မပေးနိုင်တော့ဘူးလား...”
အားမူက မျက်လွှာချလိုက်၏။
“အဲဒီလို မဟုတ်ပါဘူး... မိသားစုရဲ့ စည်းကမ်းအရ နယ်မြေအဆင့် ပါရမီရှင်တွေမှသာ ဒီလို အထူးအခွင့်အရေးမျိုးကို ခံစားခွင့်ရှိတာလေ... သခင်မကြီးက သခင်မလေးကို အမြဲတမ်း ပြဿနာရှာနေတာ... အကယ်၍ လော့ချန်က အသုံးမကျတဲ့ သိုင်းဝိညာဉ် နိုးကြားထားတာကို သူသာ သိသွားရင်...”
လော့ယောင်သည် မျက်ခုံးအစုံကို အနည်းငယ် ကြုတ်လိုက်ပြီး ဤအကြောင်းအရာကို ဆက်မပြောလိုတော့ဘဲ ဆိုသည်။
“စိတ်ချပါ... ဒီပစ္စည်းတွေကို လော့ချန်က ပြတိုက်ကနေ ဝယ်ယူတာပါ... သူက ချီစွမ်းအင်ဆေးလုံးတွေနဲ့ ပေးချေမှာပဲ...”
“ဝယ်ယူတာ ဟုတ်လား...”
အားမူ၏ မျက်ဝန်းထဲတွင် အံ့သြမှုများ ဖြစ်ပေါ်လာခဲ့သည်။
“သူ့ရဲ့ ကျင့်ကြံဆင့်နဲ့ ချီစွမ်းအင်ဆေးလုံး နှစ်သိန်းတောင် ဘယ်လိုလုပ် ရှိမှာလဲ...”
ချီစွမ်းအင်ဆေးလုံး နှစ်သိန်းဆိုသည်မှာ ငွေကျပ် သိန်းနှစ်သောင်းဟူသော ဧရာမ ကြွယ်ဝမှုကြီး ဖြစ်သည်။
သာမန် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများကို မဆိုထားနှင့်... စတုတ္ထနယ်ပယ် ပုဂ္ဂိုလ်ကြီးအချို့မှာပင် ဤမျှလောက်ထိ ကြွယ်ဝချင်မှ ကြွယ်ဝပေလိမ့်မည်။ အစွမ်းထက်သူများမှာ ငွေရှာရ မြန်သော်လည်း အသုံးစရိတ်မှာလည်း အလွန်ပင် ကြီးမားလှသည်။
စတုတ္ထနယ်ပယ် ပုဂ္ဂိုလ်ကြီးများအတွက် သင့်တော်သော ကြယ်ငါးပွင့် ဝိညာဉ်ဆေးလုံး တစ်လုံးဆိုလျှင်ပင် ငွေကျပ် ဆယ်သန်းခန့် အလွယ်တကူ ပေးရတတ်သည်။
လော့ယောင်၏ နှုတ်ခမ်းအစုံမှာ ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ငါလည်း သိချင်နေတာ... သူ ဒီလောက်များတဲ့ ကြွယ်ဝမှုကို ဘယ်ကနေ ရလာသလဲဆိုတာ...”
“အားမူ... နင်ကော မထင်ဘူးလား... ဝူးယန်မြို့က ဆွန်မိသားစု အမြစ်ပြတ် သုတ်သင်ခံရပြီး မကြာခင်မှာပဲ သူက ဒီလောက် ချမ်းသာလာတာလေ...”
အားမူမှာ ထိတ်လန့်သွားပြီး မျက်လုံးများပင် ဝိုင်းသွားရသည်။
“သခင်မလေး ပြောချင်တာက လော့ချန်က ဝူးယန်မြို့က ဆွန်မိသားစုကို သတ်ခဲ့တာလို့လား... အဲဒါ မဖြစ်နိုင်တာ... ဂိုဏ်းကြီး သုံးဂိုဏ်းက လူတွေတောင် သွေးဝိညာဉ်ဂိုဏ်းက လုပ်တာလို့ ပြောနေကြတာပဲလေ...”
လော့ယောင်က ခပ်အေးအေးပင် ပြုံးလျက်ဆိုသည်။
“အဲဒါက အထူးဆန်းဆုံးပဲလေ... ငါသိသလောက်တော့ သွေးဝိညာဉ်ဂိုဏ်းက အခု တာယွဲ့မင်းဆက်မှာ အခြေမချနိုင်သေးဘူးမလား...”
“သူတို့ အခုအချိန်မှာ အင်အားကို တိတ်တဆိတ် စုဆောင်းနေသင့်တာ... ဒီလိုမျိုး ဂိုဏ်းကြီး သုံးဂိုဏ်းကို ပေါ်ပေါ်တင်တင် စိန်ခေါ်အုံးမှာ မဟုတ်ဘူး...”
“ဒီလိုလုပ်တာက သူတို့အတွက် အကျိုးထက် အပြစ်က ပိုများတယ်...”
အားမူက နှုတ်ခမ်းကို စူလိုက်ပြီး ခိုင်မာစွာ ဆိုသည်။
“ဒါပေမဲ့ လော့ချန်လည်း မဖြစ်နိုင်ပါဘူး... သူ့မှာ ဒီလိုအစွမ်း မရှိဘူးလေ... တစ်ညတည်းနဲ့ ရာနဲ့ချီတဲ့ ဆွန်မိသားစုဝင်တွေကို သတ်ဖြတ်ဖို့ဆိုတာ... ဘယ်သူမှ ထွက်ပြေးဖို့ အခွင့်အရေး မရအောင် လုပ်ဖို့ဆိုတာ သူ တစ်ယောက်တည်းနဲ့ မဖြစ်နိုင်ပါဘူး...”
အားမူက တတွတ်တွတ်နှင့် ငြင်းဆိုနေပြီး လော့ချန်တွင် ထိုကဲ့သို့သော အစွမ်းမျိုး ရှိနိုင်မည် မဟုတ်ကြောင်း ဆက်တိုက် ပြောနေသည်။
လော့ယောင်က ပြုံး၍ နားထောင်နေရင်း အကြည့်တစ်ခု လှုပ်ရှားသွားသည်။
“နင် အရင် ခန့်မှန်းမနေနဲ့တော့... ဟုတ်၊ မဟုတ်ဆိုတာ သူ့ကို ကိုယ်တိုင် မေးကြည့်လိုက်ရင် သိရမှာပဲ...”
စကားအဆုံးတွင် ခြေသံများ ထွက်ပေါ်လာသည်။
အစေခံမိန်းကလေးတစ်ဦးက လော့ချန်ကို ခေါ်ဆောင်လာခဲ့သည်။
“မမလော့ယောင်...”
လော့ချန်သည် ဇရပ်အတွင်းသို့ ဝင်လာခဲ့သည်။
“ငါတို့ မင်းအကြောင်း ပြောနေတာ...”
လော့ယောင်သည် အလွန်ပင် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ သူမ၏ အကြည့်မှာ လော့ချန်အပေါ် ကျရောက်သွားပြီး မျက်ဝန်းထဲတွင် အံ့သြမှုနှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။
နှစ်လ၊ သုံးလခန့်သာ မတွေ့ရသေးသော်လည်း လော့ချန်မှာ တစ်ခြားလူ တစ်ယောက်ကဲ့သို့ ပြောင်းလဲသွားကာ ပိုမို တည်ငြိမ်လာပြီး လူအများ လျစ်လျူရှု၍ မရနိုင်သော အရှိန်အဝါမျိုး ရှိလာသည်ဟု သူမ ခံစားလိုက်ရသည်။
“အော်... ကျွန်တော့်အကြောင်း ဘာတွေပြောနေကြတာလဲ...”
အားမူက ပွင့်လင်းစွာ ဆိုသည်။
“သခင်မလေးက ဝူးယန်မြို့က ဆွန်မိသားစုကို သတ်ခဲ့တာ မင်းလို့ ပြောနေတာ...”
ထိုစကားကို ကြားသောအခါ လော့ချန်မှာ စိတ်ပျက်သွားရသည်။ လော့ယောင်ကို ဖုံးကွယ်ရန် ခက်ခဲမည်ကို သူ သိထားသည်။
ဘာမှ ပြန်မပြောဘဲ လော့ချန်သည် စိတ်အာရုံကို လှုပ်ရှားလိုက်ကာ ကြိုတင် ပြင်ဆင်ထားသည့် ချီစွမ်းအင်ဆေးလုံး သေတ္တာများကို ထုတ်ယူလိုက်ရာ တောင်ငယ်လေးတစ်ခုပမာ ပုံသွားတော့သည်။
“မမလော့ယောင်... ဒါက ချီစွမ်းအင်ဆေးလုံး နှစ်သိန်းပါ...”
ထိုဆေးလုံးများကို ကြည့်ရင်း လော့ယောင်၏ မျက်ဝန်းများ ဝင်းလက်သွားကာ ကျောက်စားပွဲပေါ်ရှိ သိုလှောင်လက်စွပ်ကို လော့ချန်ထံ ကမ်းပေးလိုက်သည်။
“မင်း လိုချင်တာတွေ အကုန်လုံး အထဲမှာ ရှိတယ်... လေးဆယ်ရာခိုင်နှုန်း လျှော့ဈေးနဲ့ တွက်ထားတယ်... စုစုပေါင်း ကြယ်လေးပွင့် ဝိညာဉ်ကျောက် အလုံးခြောက်ရာ့လေးဆယ်နဲ့ သွေးကြောဖွင့်ဆေးလုံး တစ်ဆယ့်နှစ်လုံးပဲ...”
“ကောင်းပြီ...”
လော့ချန်သည် သိုလှောင်လက်စွပ်ကို ယူလိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ဤပစ္စည်းများ ရှိနေပြီဖြစ်၍ သူသည် အချိန်တိုအတွင်း သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
လော့ချန်က ပြန်မဖြေသည်ကို မြင်သောအခါ အားမူမှာ ပို၍ သိချင်လာပြီး မေးမြန်းလိုက်သည်။
“သခင်လေးလော့ချန်... ဆွန်မိသားစုကို သတ်ခဲ့တာ တကယ်ပဲ မင်းလား...”
“ဟဲဟဲ...”
လော့ယောင်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး အားမူကို ကြည့်ကာ ဆိုသည်။
“အားမူ... ဒီချီစွမ်းအင်ဆေးလုံး နှစ်သိန်းကို မြင်ရတာတောင် နင် မသိသေးဘူးလား...”
အားမူမှာ အံ့သြသွားပြီး မယုံကြည်နိုင်သေးဘဲ လော့ချန်ကို စိုက်ကြည့်ကာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
“မင်း... မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ...”
လော့ချန် ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင်...
ထိုအချိန်တွင် ကောင်းကင်ယံမှ ကြည်လင်ပြတ်သားသော ရယ်မောသံတစ်ခု ပျံ့လွင့်လာသည်။
“သခင်မလေးလော့ယောင်... သခင်မကြီးက မင်းကို နှုတ်ဆက်ခိုင်းလိုက်တယ်... ဒီလို သေးငယ်လှတဲ့ တာယွဲ့မင်းဆက်မှာ မင်း နေထိုင်ဖို့ ရွေးချယ်လိုက်လိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး...”
အခန်း ၅၁၂ ပြီးပါပြီ။
အခန်း ၅၁၃ - အတူတူ ပျော်မြူးခြင်းနှင့် အရှင်ကို စော်ကားသော ကျွန်
ရယ်မောသံကို ကြားလိုက်ရသည့်အခါ လော့ယောင်နှင့် အားမူတို့၏ မျက်နှာမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားပြီး အပေါ်သို့ မော့ကြည့်လိုက်ကြသည်။
ဝါးတောအုပ်လေးမှာ လှုပ်ခတ်သွားပြီး စိမ်းလဲ့သော ဝတ်စုံကို ဝတ်ဆင်ထားကာ ဆွဲဆောင်မှုရှိသော မျက်ဝန်းအစုံရှိသည့် နုပျိုသော မိန်းကလေးတစ်ဦးသည် ဖြည်းညင်းစွာ ပျံသန်းလာခဲ့သည်။
“သခင်မလေးလော့ယောင်... ပြီးခဲ့တဲ့တစ်ခေါက်က မိသားစုက မင်းကို တာယွဲ့မင်းဆက်မှာ အပြစ်ပေးဖို့ လွှတ်လိုက်တုန်းက မင်း ဘယ်လောက်တောင် ငြင်းဆန်ခဲ့လဲ... အခု ဘယ်လောက်မှ မကြာသေးဘူး... မင်းက စိတ်ဓာတ်တွေ ပြောင်းလဲသွားပြီး ဒီလို ဆင်းရဲတဲ့ နေရာမှာ နေထိုင်ဖို့ ဆုံးဖြတ်လိုက်လိမ့်မယ်လို့ တကယ်ပဲ စဉ်းစားလို့ မရနိုင်ဘူးနော်...”
စိမ်းလဲ့ဝတ်စုံနှင့် မိန်းကလေးမှာ နှုတ်ခမ်းကို အနည်းငယ် ကွေးလိုက်ပြီး အလွန်ချိုမြိန်စွာ ပြုံးပြနေသည်။ လော့ယောင်ကို ကြည့်နေသော သူမ၏ တောက်ပသော မျက်ဝန်းများမှာ လင်းလက်နေ၏။
“ဟင်းဟင်း... ဒီမှာ ဘာတွေ မကောင်းလို့လဲ... တောင်တွေ ရေတွေ ရှိတယ်... ဟိုဟိုဒီဒီ အလုပ်ရှုပ်စရာတွေလည်း မရှိတော့ စိတ်ထဲမှာ အေးချမ်းတာပေါ့...”
လော့ယောင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေးမြန်းလိုက်သည်။
“တုန်းယွဲ့... ငါ့ရဲ့ စီနီယာအစ်မ လော့ရွှယ်ယန် ဘယ်မှာလဲ... သူ ဘယ်မှာလဲ...”
တုန်းယွဲ့ဟု ခေါ်သော ထိုမိန်းကလေးမှာ ဇရပ်၏ ဘေးတွင် ဆင်းသက်လိုက်သည်။ သူမ၏ အသက်မှာ တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်နှစ်ခန့် ရှိပြီး အတော်လေး လှပသော်လည်း သူမ၏ ရှည်လျားသော မျက်ဝန်းများမှာမူ အနည်းငယ် မာနကြီးဟန် ပေါ်လွင်နေသည်။ သူမသည် လက်နှစ်ဖက်ကို အနောက်တွင် ထားကာ ပြုံး၍ ဆိုသည်။
“သခင်မလေးလော့ယောင် ကြောက်မနေပါနဲ့... သခင်မကြီး လော့ရွှယ်ယန်က ဒီကို မလာပါဘူး... မင်းရဲ့ ကိစ္စက သခင်မကြီး ကိုယ်တိုင် လာရလောက်အောင် အရေးမကြီးပါဘူး...”
“တုန်းယွဲ့... နင်က အရမ်းကို ရဲတင်းတာပဲ... နင်က အစေခံတစ်ယောက်ပဲလေ... သခင်မလေးလော့ယောင်ကို ဒီလိုမျိုး စကားပြောရဲတယ်ပေါ့...”
အားမူ၏ မျက်ဝန်းထဲတွင် ဒေါသများ ပြည့်နှက်နေပြီး ဒေါသထွက်နေသော သားရဲငယ်လေးတစ်ကောင်အလား ဖြစ်နေသည်။
တုန်းယွဲ့က အားမူကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရယ်မောလိုက်သည်။
“အိုး... အားမူ... နင်လည်း ဒီမှာ ရှိနေတာပဲ... နောက်ဆုံးတော့ နင် သွေးကြောနိုးကြားမှုနယ်ပယ်ကို အဆင့်တက်သွားပြီပေါ့... ဒါကို ကြည့်ခြင်းအားဖြင့် သခင်မလေးလော့ယောင်ရဲ့ အမြင်က သတင်းတွေထဲကလောက် မဆိုးဘူးပဲ...”
သူမ၏ စကားလုံးများမှာ အလွန်ပင် မလေးမစား ရှိလှသည်။ အားမူကို လှောင်ပြောင်နေသလို လော့ယောင်ကိုလည်း မျက်စိထဲ မထည့်ထားချေ။
“တုန်းယွဲ့... နင် အရမ်းကို စည်းကျော်နေပြီ...”
အားမူမှာ ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်လေးမှာပင် နိမ့်ချည်မြင့်ချည် ဖြစ်နေကာ ရှေ့သို့ တက်ရန် ပြင်လိုက်သော်လည်း လော့ယောင်က လက်ဖြင့် တားဆီးလိုက်သည်။
လော့ယောင်သည် တည်ငြိမ်စွာဖြင့် တုန်းယွဲ့ကို ကြည့်ကာ အေးစက်စွာ ဆိုသည်။
“နင် ဒီကို လာတာ လော့ရွှယ်ယန်ရဲ့ အမိန့်ကြောင့် ဖြစ်မှာပေါ့... ဘာကိစ္စလဲ... ငါ တာယွဲ့မင်းဆက်မှာ နေတာတောင် လော့ရွှယ်ယန်က လက်မလျှော့သေးဘူးလား...”
“သခင်မလေးလော့ယောင်... မင်း သခင်မကြီးအပေါ် ဘယ်လိုလုပ် ဒီလို တွေးနိုင်ရတာလဲ... သခင်မကြီးက စိတ်နှလုံး ကောင်းမွန်တဲ့သူပါ... မင်း ရုတ်တရက်ကြီး တာယွဲ့မင်းဆက်မှာ နေဖို့ ဆုံးဖြတ်လိုက်တာကြောင့် သခင်မကြီးက အမြဲတမ်း စိတ်ပူပြီး မင်းကို လွမ်းဆွတ်နေတာလေ...”
“ကြားရသလောက်တော့ သခင်မလေးလော့ယောင်က နောက်ထပ် လူတစ်ယောက်ကို ရွေးချယ်လိုက်ပြန်ပြီဆို... ပြီးတော့ သူရဲကောင်းကြီး တစ်ယောက်လိုမျိုး မိသားစုရဲ့ အရင်းအမြစ်တွေကိုတောင် အသုံးပြုနေသေးတယ်ဆိုတော့... မင်း လူယုတ်မာတွေရဲ့ လှည့်စားမှုကို ခံနေရမှာ စိတ်ပူလို့ သခင်မကြီးက ငါ့ကို ကိုယ်တိုင် လာကြည့်ခိုင်းလိုက်တာပဲ...”
လော့ယောင်သည် မျက်ဝန်းကို အနည်းငယ် ကျဉ်းလိုက်ပြီး သူမ၏ အသံမှာ ပိုမို အေးစက်သွားခဲ့သည်။
“ကြည့်ခိုင်းတာ ဟုတ်လား... ပြီးခဲ့တဲ့တစ်ခေါက် ကိစ္စက နင်တို့ လက်ချက်ဆိုတာ ငါ မသိဘူး မထင်နဲ့... ဘာလဲ... ဒီတစ်ခေါက်ကော လော့ရွှယ်ယန်ရဲ့ အမိန့်နဲ့ လူသတ်ပြီး နှုတ်ပိတ်ဖို့ လာတာလား...”
“ဟားဟားဟားဟား...”
တုန်းယွဲ့က ပြန်မဖြေဘဲ နှုတ်ခမ်းကို လက်ဖြင့် အသာအုပ်ကာ ဟန်ဆောင်ပန်ဆောင် ရယ်မောလိုက်ပြီး ဆိုသည်။
“လာတဲ့ လမ်းမှာတော့ ငါ အဲဒီလို စဉ်းစားခဲ့တာ အမှန်ပဲ... သခင်မလေးလော့ယောင် ရွေးချယ်လိုက်တဲ့ လူက သေချာပေါက် ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ တကယ် မထင်ထားတာက သခင်မလေးလော့ယောင်က တာယွဲ့မင်းဆက်ကို ရောက်လာပြီးတော့ မင်းရဲ့ အမြင်တွေက ဒီလောက်တောင် ဆိုးရွားသွားလိမ့်မယ်လို့ပေါ့...”
စကားပြောနေစဉ် တုန်းယွဲ့သည် စာရွက်တို နှစ်စောင်ကို ထုတ်ယူကာ ပြုံးရွှင်စွာဖြင့် ဖတ်ပြလိုက်သည်။
“လော့ချန်... အသက် တစ်ဆယ့်ငါးနှစ်... တာယွဲ့မင်းဆက် ချီရှန်မြို့ လော့မိသားစုမှ သခင်လေး... မိခင်ဖြစ်သူမှာ ကျိမိသားစုမှ ယခင်နတ်ဘုရားမ ကျိလင်ယွဲ့ ဖြစ်သော်လည်း ကြယ်တစ်လုံးမျှ မပါသော အသုံးမကျသည့် သိုင်းဝိညာဉ်ကို နိုးကြားထားသဖြင့် ကျိမိသားစုမှ စွန့်ပစ်ပြီး အမည်ပယ်ဖျက်ခံထားရသူ ဖြစ်သည်...”
“ယခုအခါ ရွှမ်ယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့် ဖြစ်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၃ အထွတ်အထိပ် အဆင့် ရှိကာ ဓားဆန္ဒ လေးဆယ်ရာခိုင်နှုန်းကို နားလည်ထားပြီး တိုက်ပွဲစွမ်းရည်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ သန်မာသူကို ယှဉ်နိုင်သည်...”
လော့ချန်၏ စိတ်မှာ လှုပ်ရှားသွားခဲ့သည်။ ဤစာရွက်ပေါ်တွင် သူ၏ အချက်အလက်များအားလုံးကို အသေးစိတ် မှတ်တမ်းတင်ထားချေပြီ။
သို့သော် ၎င်းမှာ လွန်ခဲ့သော လအနည်းငယ်က အချက်အလက်များသာ ဖြစ်သည်။ ဤမိန်းကလေးမှာ သိသိသာသာပင် သူ့ကို ဦးတည်လာခြင်း ဖြစ်ကာ မကောင်းသော ရည်ရွယ်ချက် ရှိနေသည်မှာ ထင်ရှားလှပေသည်။
“အသက် တစ်ဆယ့်ငါးနှစ်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၃ ဆိုတာက သာမန်ပါပဲ... အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်တာကတော့ မဆိုးပါဘူး... ဒါပေမဲ့ ကြယ်တစ်လုံးမှ မပါတဲ့ အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတယ်ဆိုတော့... အသုံးမကျတဲ့ အမှိုက်တစ်ယောက် ဖြစ်ဖို့ ကံပါလာပြီးသားပဲ... ကျိမိသားစုက အမည်ပယ်ဖျက်လိုက်တာ မဆန်းပါဘူး...”
တုန်းယွဲ့က ဟားတိုက် ရယ်မောလိုက်ပြီး အကြည့်ကို မြှင့်လိုက်သည်။
“သခင်မလေးလော့ယောင်... ဒီလောကမှာ လူတွေမရှိတော့ဘူးလား... ဒီလို အမှိုက်မျိုးကိုတောင် မင်းက မျက်စိကျနေတယ်ဆိုတော့... ဟင်...”
တုန်းယွဲ့ လှောင်ပြောင်နေစဉ်မှာပင် စာရွက်အောက်ရှိ ပုံတူပန်းချီကို သတိပြုမိသွားပြီး မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားကာ လော့ချန်ကို ကြည့်ရင်း အလွန်လှပစွာ ရယ်မောလိုက်သည်။
“မင်းက လော့ချန်လား...”
လော့ချန်က မျက်နှာအမူအရာ မပျက်ဘဲ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... ငါက နင်ပြောတဲ့ လော့ချန်ပဲ...”
တစ်ဖက်လူက အသေးစိတ် စုံစမ်းထားပြီးဖြစ်သဖြင့် ဤကိစ္စကို ဖုံးကွယ်ထား၍ ရနိုင်မည် မဟုတ်ပေ။
လော့ယောင်၏ စိတ်ထဲတွင်မူ အခြေအနေ မကောင်းတော့ဟု တွေးမိကာ ရှေ့သို့ တိတ်တဆိတ် ခြေတစ်လှမ်း တိုးလိုက်သည်။
သူမသည် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ကောင်းကောင်း သိထားသည်။
တုန်းယွဲ့သည် လော့ချန်၏ ခန္ဓာကိုယ်ကို အထက်အောက် စုန်ဆန် ကြည့်ရှုရင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။
“အမှိုက်တစ်ယောက် ဆိုပေမဲ့ ရုပ်ရည်ကတော့ မဆိုးပါဘူး... ဒါကြောင့်လည်း သခင်မလေးလော့ယောင်ကို ဖမ်းစားနိုင်တာပေါ့... မင်းအတွက် မိသားစုရဲ့ စည်းကမ်းတွေကိုတောင် ချိုးဖောက်ပြီး နယ်မြေအဆင့် ပါရမီရှင်တွေရဲ့ အထူးအခွင့်အရေးနဲ့ အရင်းအမြစ်တွေကို စီစဉ်ပေးရလောက်အောင်ပေါ့...”
“သခင်မလေးလော့ယောင်... သခင်မကြီးက မင်းကို ဒီလောက်တောင် စိတ်ပူနေတာကို မင်းကတော့ ဒီမှာ တခြားလူနဲ့ အတူတူ ပျော်မြူးနေတယ်ပေါ့... ဒါကြောင့်လည်း ဒီတာယွဲ့မင်းဆက်မှာ နေဖို့ ဆုံးဖြတ်လိုက်တာကိုး...”
တုန်းယွဲ့သည် ကျွန်တစ်ယောက်နှင့် မတူဘဲ အရှင်သခင် တစ်ယောက်အလား စိတ်ကြိုက် လှောင်ပြောင်နေပြီး လော့ယောင်၏ မျက်နှာကို လုံးဝ ထောက်ထားခြင်း မရှိပေ။
အားမူက နားမထောင်နိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သခင်မလေးက အဲဒီလို မဟုတ်ဘူး...”
လော့ယောင်၏ မျက်နှာမှာလည်း အတော်လေး ကြည့်ရဆိုးနေသည်။
“တုန်းယွဲ့... နင်က လော့ရွှယ်ယန်ရဲ့ အရှိန်အဝါကို အသုံးချပြီး ငါ့ကို ဘာမှ လုပ်လို့ မရဘူးလို့ ထင်နေတာလား...”
တုန်းယွဲ့က ရယ်မောလိုက်သည်။
“ကျွန်မက မရဲပါဘူး... ကျွန်မက အမှန်အတိုင်း ပြောတာပဲလေ... သခင်မလေးလော့ယောင် စည်းကမ်းဖောက်ပြီး အရင်းအမြစ်တွေ စီစဉ်ပေးတာက အမှန်တရား မဟုတ်ဘူးလား... ဒါမှမဟုတ် သခင်မလေးလော့ယောင်က သူဟာ နယ်မြေအဆင့် ပါရမီရှင်လို့ ထင်နေတာလား...”
“အသုံးမကျတဲ့ သိုင်းဝိညာဉ်နဲ့ နယ်မြေအဆင့် ပါရမီရှင်ပေါ့လေ...”
တုန်းယွဲ့သည် လော့ချန်ကို လက်ညှိုးထိုးပြကာ ဆက်တိုက် လှောင်ပြောင် ရယ်မောနေပြန်သည်။
“အကယ်၍ သခင်မကြီးသာ ဒီကိစ္စကို သိသွားရင်...”
လော့ယောင်၏ မျက်ခုံးအစုံမှာ ကြုတ်သွားပြီး မျက်နှာမှာ ပိုမို ညိုမည်းသွားခဲ့သည်။
၎င်းမှာ သူမ စိတ်ပူနေသည့် အချက်ပင် ဖြစ်သဖြင့် လော့ချန်ကို နယ်မြေအဆင့် စာရင်းဝင်အောင် လုပ်ပေးချင်နေခြင်း ဖြစ်သည်။ သို့မှသာ သူမအတွက် စကားပြောစရာ ရှိပေလိမ့်မည်။ သို့သော်လည်း ယခု ကြည့်ရသည်မှာ လျှို့ဝှက်ချက်မှာ အကြာကြီး ဖုံးကွယ်ထား၍ ရမည် မဟုတ်တော့ပေ။
ထိုစဉ် ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။
“နယ်မြေအဆင့် ပါရမီရှင်ဆိုတာ ငါ့ရှေ့မှာတော့ ကြက်ကလေး၊ ငှက်ကလေးလောက်ပဲ ရှိတာပါ...”
လော့ချန်သည် ဇရပ်အတွင်းမှ ထွက်လာခဲ့သည်။ အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ခါးတွင် ဓားကို ဆွဲထားပြီး တုန်းယွဲ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
ဤစကား ထွက်လာသည်နှင့် ထိုနေရာရှိ လူသုံးဦးစလုံး တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
တုန်းယွဲ့မှာ ခဏမျှ မှင်တက်မိသွားပြီးနောက် ရွှေခေါင်းလောင်းလေးမှ ထွက်ပေါ်လာသော အသံကဲ့သို့ ချိုလွင်သလို ရယ်မောသံဖြင့် ဟားတိုက် ရယ်မောလိုက်ရာ မျက်ရည်များပင် ထွက်လာတော့သည်။
“ဟားဟားဟားဟား... နယ်မြေအဆင့် ပါရမီရှင်တွေက ကြက်ကလေး ငှက်ကလေးလောက် ဟုတ်လား... ကောင်လေး... မင်း ဘာတွေ ပြောနေလဲဆိုတာ သိရဲ့လား... ဟုတ်ပါရဲ့... မင်းရဲ့ အမြင်နဲ့ဆိုရင် နယ်မြေအဆင့် ပါရမီရှင်ဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲဆိုတာ သိမှာ မဟုတ်ပါဘူး... ရေတွင်းထဲက ဖားတစ်ကောင်ပဲလေ...”
တုန်းယွဲ့သည် ခေါင်းခါယမ်းလိုက်ပြီး လော့ချန်ကို တစ်ချက် ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားပြီး လှပစွာ ပြုံးလိုက်သည်။
“ငါက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်း အဆင့်ပဲ ရှိတာပါ... မင်းက နယ်မြေအဆင့် ပါရမီရှင်တွေကို ကြက်ကလေး ငှက်ကလေးတွေလို့ သတ်မှတ်ထားမှတော့ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေကို အသာစီး ရယူနိုင်မှာပေါ့... ငါ့ရဲ့ တိုက်ကွက် သုံးကွက်ကို မင်း ခံနိုင်ရည် ရှိမရှိ ငါ သိချင်မိတယ်...”
လော့ချန်၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ တုန်းယွဲ့ကို အေးစက်စွာ ကြည့်လိုက်ပြီး ဆိုသည်။
“မမလော့ယောင်... မမရဲ့ အစေခံက ဆုံးမမှု လိုအပ်နေပြီပဲ... အရှင်ကို စော်ကားတဲ့ ကျွန်ကို ဒီနေ့ ကျွန်တော် မမအတွက် ဆုံးမပေးမယ်... အရှင်အပေါ် ဘယ်လို ဆက်ဆံရမလဲဆိုတာ သူ သိအောင် အလင်းပြပေးရသေးတာပေါ့...”
“ဝှစ်...”
စကားပြောနေစဉ် လော့ချန်သည် ခြေလှမ်း တစ်လှမ်း လှမ်းလိုက်ရာ သူ၏ ပုံရိပ်မှာ ဝါးတောဘေးရှိ ရေကန်ပေါ်သို့ ရောက်ရှိသွားပြီး တုန်းယွဲ့ကို ငုံ့ကြည့်လိုက်သည်။
“လာခဲ့လေ... ငါ့ရဲ့ သုံးကွက်အတွင်းမှာ မင်း ရှုံးနိမ့်သွားတာကို ခံစားကြည့်လိုက်စမ်း...”
အခန်း ၅၁၃ ပြီးပါပြီ။