အခန်း (၅၁၄-၅၁၆)
Vol. 35 Ch. 514-516
အခန်း ၅၁၄ - အစွမ်းကုန်တိုက်ပွဲဝင်ခြင်းနှင့် မှားယွင်းသော သတင်းအချက်အလက်
“သခင်လေးလော့ချန်...”
အားမူမှာ လော့ချန်၏ လုပ်ရပ်ကြောင့် လန့်သွားရသည်။ လော့ချန်၏ အစွမ်းမှာ အလွန်ပင် အားကောင်းကြောင်း သူမ သိထားသည်။ သူမ၏ စိတ်ကူးထဲကထက်ပင် ပိုမို အစွမ်းထက်ပြီး အဆင့်ကျော်ကာ အလွယ်တကူ တိုက်ခိုက်နိုင်သူ ဖြစ်သည်။ လွန်ခဲ့သော နှစ်လကျော်ကပင် သူသည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၃ အဆင့်ဖြင့် ရွှမ်ယွမ်ဂိုဏ်း၏ ထိပ်သီးတိုက်ရိုက်တပည့် ဆယ်ဦးထဲမှ တစ်ဦးဖြစ်သူ ယွမ်ချင်းရင်း၏ ညီဖြစ်သူ ယွမ်ချန်းယွီကို အနိုင်ယူခဲ့ဖူးသည်။
ထိုစဉ်က ယွမ်ချန်းယွီမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ သန်မာသူ ဖြစ်နေပြီဖြစ်သည်။
သို့သော်ငြားလည်း လော့ချန်အနေဖြင့် တုန်းယွဲ့နှင့် ယှဉ်ပြိုင်ရန် ကြိုးစားခြင်းမှာ ရူးသွပ်လွန်းလှသည်။ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့် သန်မာသူတစ်ဦးသည် အလယ်အဆင့် သန်မာသူနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကွာခြားလှသည်။
တုန်းယွဲ့၏ ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်သို့ပင် နီးကပ်နေပြီ ဖြစ်သည်။
လော့ချန်အနေဖြင့် သုံးကွက်အတွင်း အနိုင်ယူရန် ဆိုသည်မှာ မည်သို့မျှ မလွယ်ကူလှပေ။
ဤသည်မှာ လုံးဝ စိတ်ကူးယဉ်ဆန်လှပေသည်။
တုန်းယွဲ့၏ ဤခရီးစဉ်မှာ လော့ချန်ကို ဦးတည်လာခြင်းဖြစ်ကြောင်း အားမူ ကောင်းကောင်း သိထားသည်။ နှစ်ဦးသား တိုက်ခိုက်ကြလျှင် တစ်ဖက်လူက သေချာပေါက် ညှာတာမည် မဟုတ်ပေ။ အနိုင်အရှုံးထက် ပိုအရေးကြီးသည်မှာ အကယ်၍ ရှုံးနိမ့်သွားပါက အနည်းဆုံး ဒုက္ခိတ ဖြစ်သွားနိုင်သလို အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်သည်။
ဤကဲ့သို့သော ကိစ္စမျိုး ယခင်က တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည်မဟုတ်ပါလား။
“သခင်လေးလော့ချန်... နောက်မနေပါနဲ့တော့... မင်း သူ့ကို မယှဉ်နိုင်ပါဘူး... မြန်မြန် ပြန်လာပါတော့...”
အားမူသည် တိုက်ပွဲကို တားဆီးရန်အတွက် မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။
သို့သော်လည်း အံ့သြဆုံးသူမှာ တုန်းယွဲ့ပင် ဖြစ်သည်။
သူမက သုံးကွက် တိုက်ခိုက်မည်ဟု ပြောခဲ့ခြင်းမှာ လော့ချန်ကို ခြောက်လှန့်ပြီး လော့ယောင်သည် ဤကဲ့သို့သော အမှိုက်ကို ရွေးချယ်ခဲ့သည်ဟု လှောင်ပြောင်လိုခြင်းသာ ဖြစ်သည်။
အမှန်တကယ် ထင်မထားသည်မှာ လော့ချန်က လက်ခံလိုက်သည့်အပြင် ဤမျှ မောက်မာသော စကားကို ပြောရဲလိမ့်မည်ဟုပင်။
“ဟားဟားဟားဟား... သုံးကွက်အတွင်း ငါ့ကို အနိုင်ယူမယ် ဟုတ်လား...”
တုန်းယွဲ့က အားရပါးရ ရယ်မောလိုက်ပြီး နှုတ်ခမ်းကို အနည်းငယ် ကွေးကာ လော့ယောင်ကို ကြည့်၍ ဆိုသည်။
“သခင်မလေးလော့ယောင်... ဒါက သူကိုယ်တိုင် တောင်းဆိုတာနော်... ကျွန်မကို အပြစ်တင်လို့ မရတော့ဘူး...”
လော့ယောင်၏ မျက်ဝန်းများ ဝင်းလက်သွားကာ တားဆီးရန် ပြင်လိုက်သော်လည်း စကားလုံးများကို ပြန်လည် မျိုသိပ်လိုက်သည်။
သူမ၏ အမြင်တွင် လော့ချန်မှာ မဆင်မခြင် လုပ်တတ်သူ မဟုတ်ပေ။ သို့သော်လည်း လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သန်မာသူကို သုံးကွက်အတွင်း အနိုင်ယူနိုင်လိမ့်မည်ဟု အဘယ်ကြောင့် ဤမျှအထိ ယုံကြည်မှု ရှိနေရသနည်းဆိုသည်ကို သူမ မသိရှိချေ။
လော့ယောင်၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း သူမ၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲ ဖြစ်ကာ အေးစက်စွာ ဆိုသည်။
“ဒါက နင်တို့ကြားက ကိစ္စပဲ...”
“သခင်မလေး...”
အားမူမှာ အလွန်အမင်း အံ့အားသင့်သွားရသည်။
လော့ယောင်က ခပ်ဖွဖွ ခေါင်းခါပြလိုက်သည်။ အကြိမ်ကြိမ် စဉ်းစားပြီးနောက် သူမသည် လော့ချန်ကို ယုံကြည်ရန် ရွေးချယ်လိုက်ပြီး လက်ရှိ အခြေအနေကို လော့ချန် ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် လွှတ်ထားပေးလိုက်သည်။
“ဟဲဟဲဟဲ...”
တုန်းယွဲ့မှာ ပိုမို တောက်ပစွာ ပြုံးလိုက်ပြီး လော့ချန်ထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူမသည် လော့ချန်ကို လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့် အေးအေးလူလူ ရှိနေ၏။
“ငါ ပါရမီရှင်တွေ အများကြီး တွေ့ဖူးတယ်... မောက်မာတဲ့သူတွေလည်း မနည်းပါဘူး... ဒါပေမဲ့ မင်းလိုမျိုး မသိနားမလည်ဘဲ မောက်မာတဲ့ အသုံးမကျတဲ့လူမျိုးကိုတော့ ပထမဆုံး တွေ့ဖူးတာပဲ... ကျိမိသားစုက စွန့်ပစ်ထားတဲ့ အမှိုက်လေး... မင်း ဘယ်က ယုံကြည်ချက်နဲ့ ငါ့ကို စိန်ခေါ်ရဲတာလဲ မသိဘူးနော်...”
“ဝှစ်...”
စကားပြောနေစဉ်မှာပင် တုန်းယွဲ့သည် ရေကန်ပေါ်သို့ ရောက်ရှိလာပြီး လက်ချောင်းများမှ စိမ်းလဲ့သော စွမ်းအင်များ ထွက်ပေါ်လာသည်။
ထိုစွမ်းအင်မှာ အလွန်ပင် သန့်စင်လှပြီး လေဓားများအလား လေထုကို တရှူးရှူး ဖြတ်တောက်နေကာ အရာအားလုံးကို ဖျက်ဆီးနိုင်သည့် အရှိန်အဝါများ ပါဝင်နေသည်။
လော့ချန်၏ အကြည့်မှာ အေးစက်သွားပြီးသည်။
“မင်း ခုနက ပြောလိုက်တဲ့ စကားအတွက် ဒီနေ့ တန်ဖိုး ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်... မမလော့ယောင်... ကျွန်တော် သူ့ကို သတ်လိုက်လို့ကော ရမလား...”
လော့ချန်က လော့ယောင်ကို ကြည့်ကာ မေးလိုက်သည်။
လော့ယောင်မှာ ထိုစကားကြောင့် ထိတ်လန့်သွားရသော်လည်း ခေါင်းညိတ်လိုက်သည်။
“သခင်မလေး... တကယ်ပဲ လော့ချန်နဲ့ တုန်းယွဲ့ကို တိုက်ခိုင်းတော့မှာလား... အခု မတားရင် မမှီတော့ဘူးနော်...”
အားမူမှာ အလွန် စိတ်ပူနေသည်။
လော့ယောင်မှာမူ ယခုအခါတွင် ပို၍ တည်ငြိမ်သွားခဲ့သည်။
“လော့ချန်က သေချာပေါက် ရှုံးမှာ မဟုတ်ဘူး...”
အားမူမှာ လန့်သွားကာ ပြောလိုက်သည်။
“လော့ချန်က တုန်းယွဲ့ရဲ့ သုံးကွက်ကို ခံနိုင်ရည် ရှိမယ်လို့ ထင်နေတာလား... တုန်းယွဲ့ရဲ့ ကျင့်ကြံဆင့်က အဆင့် ၉ အလယ်အလတ်ကို နီးနေပြီ... သခင်မကြီးရဲ့ လေ့ကျင့်ပေးမှုကြောင့် အစွမ်းက အဆင့်တူတွေထက်တောင် ပိုသာနေတာ... လော့ချန်က ဘာအဆင့်မလို့လဲ...”
လော့ယောင်လည်း စိတ်ထဲတွင် သေချာမသိချေ။
သို့သော်လည်း လက်ရှိ အခြေအနေမှာ သူမအနေဖြင့် နောင်တရရန် အခွင့်အရေး မရှိတော့ပေ။
ကြည့်ရသည်မှာ လော့ချန်သည်လည်း နောက်ဆုတ်ရန် အစီအစဉ် မရှိပေ။
“စောင့်ကြည့်ကြတာပေါ့...”
“အမှိုက်လေး... မင်းက အရမ်းကို ရဲတင်းလွန်းတယ်...”
ရိုးသားသူမှာပင် ဒေါသ ရှိတတ်သည်ဖြစ်ရာ လော့ချန်၏ အကြိမ်ကြိမ် နှိမ်ချမှုကို ခံရသည့်အခါ တုန်းယွဲ့၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားပြီး လော့ချန်ကို စိုက်ကြည့်ကာ ရက်စက်စွာ ပြုံးလိုက်သည်။
“မူလကတော့ ငါ မင်းကို ကိုယ်တိုင် လက်ဖျားနဲ့ မထိချင်ဘူး... မင်းက အဲဒီလောက် အဆင့်မရှိလို့လေ... ဒါပေမဲ့ မင်းကိုယ်တိုင်က သေချင်နေမှတော့ ငါ ဒီနေ့ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်...”
စကားပြောနေစဉ်မှာပင် တုန်းယွဲ့သည် စိမ်းလဲ့သော စွမ်းအင်များ ဝေ့ဝဲနေသည့် လက်ငါးချောင်းဖြင့် လော့ချန်ထံသို့ လှမ်း၍ ဖမ်းလိုက်သည်။
“ဝှစ်...”
စိမ်းလဲ့သော စွမ်းအင်များမှာ ရုတ်တရက် ကြီးထွားလာပြီး ဓားများအလား ပြေးထွက်သွားကာ လေထုထဲတွင် လေဟာနယ် အက်ကြောင်းများကို ဖြစ်ပေါ်စေလျက် လော့ချန်ကို ခုတ်ပိုင်းလိုက်တော့သည်။
“ငါ့ဆန္ဒကို ဖြည့်ဆည်းပေးမယ် ဟုတ်လား... အဲဒါက မင်းမှာ အစွမ်းရှိမရှိ ကြည့်ရဦးမှာပေါ့... ကွဲစမ်း...”
“ဘုန်း...”
လော့ချန်၏ အသံနှင့်အတူ လျှစ်စီးဓားမှာ အိမ်အတွင်းမှ ထွက်လာပြီး ရောင်စဉ်ကိုးသွယ် အလင်းတန်းများ လင်းလက်သွားခဲ့သည်။
ချက်ချင်းပင် ပြင်းထန်လှသော ချီစွမ်းအင် လှိုင်းများ ထွက်ပေါ်လာသည်။ လျှစ်စီးဓားမှာ လေထုထဲတွင် လျင်မြန်စွာ လှုပ်ရှားသွားပြီး ဓားစွမ်းအားများစွာကို ထုတ်လွှတ်လိုက်သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ခြံဝင်းတစ်ခုလုံးမှာ ငလျင်ကြီး လှုပ်ခတ်သွားသကဲ့သို့ ဖြစ်သွားပြီး ထိတ်လန့်ဖွယ် ကောင်းလှသော လှိုင်းလုံးကြီးများမှာ ရေကန်ထဲမှ ရေများကို မီတာဆယ်ဂဏန်းအထိ မြင့်တက်သွားစေခဲ့သည်။
စိမ်းလဲ့သော စွမ်းအင်များနှင့် ဓားချီများမှာ အပြန်အလှန် ချေမှုန်းခံလိုက်ရပြီး ပုံရိပ်နှစ်ခုမှာ တစ်ပြိုင်နက်တည်း အနောက်သို့ ဆုတ်ခွာသွားကြသည်။
“ခုခံနိုင်တယ်... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အလယ်အလတ်... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...”
အားမူမှာ အံ့အားသင့်လွန်းသဖြင့် အော်ဟစ်လိုက်မိသည်။
လွန်ခဲ့သော နှစ်လကျော်လောက်မှ မတွေ့ရသေးသည်ကို လော့ချန်သည် အစောပိုင်း အဆင့်မှ အဆင့် ၆ အထိ တက်လှမ်းသွားသည်သာမက တုန်းယွဲ့၏ တိုက်ကွက်ကိုပါ ဒဏ်ရာတစ်စက်မျှ မရဘဲ ခုခံနိုင်ခဲ့သည်မှာ သူမအတွက် မယုံနိုင်စရာပင်။
‘ဒါက ဘယ်လို တိုးတက်မှုနှုန်းလဲ...’
‘လွန်ခဲ့တဲ့ လဝက်လောက်ကမှ လော့ချန်က သူမတောင် မျက်စိထဲ မထည့်တဲ့ သာမန် ထုံရွှမ်နယ်ပယ် ကျင့်ကြံသူတစ်ယောက် မဟုတ်လား...’
‘ဒါဟာ ကြာကြာဝပ်လေ ပိုမြင့်မြင့်ပျံလေ ဆိုတဲ့ သဘောလား...’
‘ဒါပေမဲ့ ဒါဟာ အရမ်းကို အံ့သြစရာ ကောင်းလွန်းတယ်...’
လော့ယောင်ပင်လျှင် မှင်တက်မိသွားရပြီး အလွန်အမင်း မယုံကြည်နိုင်ဘဲ ဖြစ်နေခဲ့သည်။
“ဝှစ်...”
တုန်းယွဲ့သည် လေထဲတွင် ကိုယ်ဟန်ကို ပြန်လည် ထိန်းလိုက်ပြီး လော့ချန်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။
“ဟဲဟဲ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အလယ်အလတ်အဆင့်ပေါ့... ငါရထားတဲ့ သတင်းက မှားနေပုံရတယ်...”
သူမသည် သတင်းအချက်အလက် မှားယွင်းနေခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်မြင်ထားခဲ့သည်။ လော့ချန်သည် ရက်သတ္တပတ် အနည်းငယ်အတွင်း အစောပိုင်း အဆင့်မှ အဆင့် ၆ သို့ ရောက်ရှိသွားလိမ့်မည်ဟု သူမ လုံးဝ မစဉ်းစားမိချေ။
လော့ချန်၏ နောက်ကွယ်ရှိ ရောင်စဉ်ကိုးသွယ် ဥသဏ္ဌာန် သိုင်းဝိညာဉ်ကို မြင်ရသည့်အခါ တုန်းယွဲ့က ဆွဲဆောင်မှုရှိစွာ ရယ်မောလိုက်သည်။
“တကယ်ပဲ ကြယ်တစ်လုံးမှ မပါတဲ့ အသုံးမကျတဲ့ သိုင်းဝိညာဉ်ပဲ... သခင်မကြီးက အပိုတွေ စိတ်ပူနေတာပဲ... မင်းရဲ့ ပါရမီနဲ့ဆိုရင် မင်းသာ ငြိမ်ငြိမ်နေခဲ့ရင် ငါလည်း မင်းကို အရေးလုပ်နေမှာ မဟုတ်ဘူး...”
“နှမြောစရာပဲ... မင်းက ငါ့ကို အာခံချင်နေမှတော့ ငါကိုယ်တိုင်ပဲ မင်းကို လမ်းပို့ပေးလိုက်ပါတော့မယ်...”
စကားပြောနေစဉ်မှာပင် တုန်းယွဲ့၏ ဝတ်စုံစများမှာ လေမရှိဘဲ လှုပ်ခတ်လာပြီး သူမ၏ ကိုယ်ပေါ်မှ စိမ်းလဲ့သော အလင်းတန်းများ ထွက်ပေါ်လာကာ ပြင်းထန်စွာ ဝေ့ဝဲနေတော့သည်။ သူမသည် လေဆင်နှာမောင်းတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ ဖြစ်နေပြီး အားကောင်းသော အရှိန်အဝါများမှာ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာသည်။
“စိမ်းလဲ့ဝဲဂယက်လက်ဖဝါး...”
ကိုယ်တွင်းရှိ ချီစွမ်းအင်များ ဆူဝေလာပြီး တုန်းယွဲ့၏ ပုံရိပ်မှာ လော့ချန်ထံသို့ တိုက်ရိုက် ပြေးဝင်လာကာ လက်ဖဝါးဖြင့် ခပ်ဖြည်းဖြည်းနှင့် ခပ်မြန်မြန် ရိုက်ချလိုက်သည်။
“ဘုန်း...”
တောက်ပလှသော စိမ်းလဲ့လဲ့ အလင်းတန်းမှာ လျင်မြန်စွာ ကြီးထွားလာသော ဝဲဂယက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထုကို ဖြတ်တောက်ကာ လော့ချန်ကို ဝါးမြိုရန် ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။
လော့ချန် စောင့်ဆိုင်းနေသည့် အခွင့်အရေးမှာ ဤအရာပင်။
သူသည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သန်မာသူနှင့် တစ်ခါမျှ မတိုက်ခိုက်ဖူးသေးချေ။ ဤတိုက်ပွဲမှာ အသက်အန္တရာယ်နှင့် ဆိုင်သဖြင့် သူသည် ပေါ့ပေါ့ဆဆ လုပ်မည် မဟုတ်ပေ။ သတ်မည်ဆိုလျှင် အမြစ်ပြတ် သတ်ရမည်ဖြစ်ကာ တစ်ဖက်လူကို မည်သည့် အခွင့်အရေးမျှ ပေးမည် မဟုတ်ပေ။
“သုံးကွက်အတွင်းမှာ မင်းရဲ့ ခွေးအသက်ကို ငါ ချွေပစ်မယ်...”
“ဘုန်း...”
ဟိန်းဟောက်လိုက်သည်နှင့် တစ်ပြိုင်နက် လော့ချန်သည် သူ၏ တိုက်ပွဲစွမ်းရည်ကို ယခင်က မရှိဖူးသော အမြင့်ဆုံး အခြေအနေသို့ မြှင့်တင်လိုက်သည်။ ကိုယ်တွင်းမှ နဂါးဟိန်းသံများ ထွက်ပေါ်လာပြီး ချီစွမ်းအင်များမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်လာကာ ဝေဝါးသော ဓားပုံရိပ်တစ်ခုမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိတ်လန့်ဖွယ် ကောင်းလှသော အရှိန်အဝါများမှာ လေထုကို ဖောက်ထွင်းကာ လူတို့၏ စိတ်နှလုံးအထိ စိမ့်ဝင်သွားတော့သည်။
“ဘာ...”
“ဒါ... ဒါက ဓားဆန္ဒ ၇၀ ရာခိုင်နှုန်းပဲ...”
အားမူနှင့် လော့ယောင်တို့မှာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ကြသည်။ ကမ္ဘာပေါ်တွင် မယုံနိုင်စရာ အကောင်းဆုံး အရာကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေပြီး သူတို့၏ အကြည့်များမှာ လော့ချန်အပေါ်တွင်သာ စွဲထင်နေတော့သည်။
“ဓားဆန္ဒ ၇၀ ရာနှုန်း... မကောင်းတော့ဘူး... ဒီကောင်က ဘယ်လိုလုပ် ဓားဆန္ဒ ၇၀ ရာနှုန်း ရှိနေရတာလဲ... သတင်းထဲမှာတော့ သူက ၄၀ ရာခိုင်နှုန်းပဲ နားလည်ထားတာလို့ ပါတာမဟုတ်လား...”
အကယ်၍ လေးဆယ်ရာခိုင်နှုန်းသာ ဆိုလျှင် တုန်းယွဲ့မှာ လုံးဝ ဂရုစိုက်မည် မဟုတ်ဘဲ အလွယ်တကူ သတ်ဖြတ်နိုင်ပေလိမ့်မည်။
သို့သော် ၇၀ ရာနှုန်းမှာမူ မတူညီချေ။
၇၀ ရာနှုန်းသော ဓားဆန္ဒဆိုသည်မှာ ဓားဆန္ဒ၏ အခြေခံ အဆင့်အတန်းဖြစ်ကာ ဖျက်ဆီးရန် ခက်ခဲလှသည်။
ပိုဆိုးသည်မှာ လော့ချန်၏ အခြေခံ အစွမ်းမှာလည်း အလွန်ပင် ကြောက်စရာကောင်းလှသည်။ ဤနှစ်ခု ပေါင်းစပ်လိုက်လျှင် မပြောပလောက်သည့် ကိစ္စ မဟုတ်တော့ပေ။
တုန်းယွဲ့မှာမူ အစအဆုံး လော့ချန်ကို မျက်စိထဲ မထည့်ခဲ့ဘဲ သူ၏ အစွမ်း ၆၀၊ ၇၀ ရာနှုန်းကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သူမ၏ ပေါ့ဆမှုကြောင့် ယခုအခါ အမှန်တကယ်ပင် အခက်တွေ့ရတော့မည် ဖြစ်သည်။
“တောက်... ဘယ်သူက ငါ့ကို သတင်းမှားတွေ ပေးတာလဲ...”
တုန်းယွဲ့မှာ စိတ်ထဲတွင် အလွန် ထိတ်လန့်သွားရပြီး သူမ၏ မျက်နှာမှာလည်း ရှုံ့မဲ့သွားခဲ့သည်။ သူမသည် ကိုယ်ကို ကာကွယ်သည့် ချီစွမ်းအင်များကို လှုပ်ရှားရင်း အတတ်နိုင်ဆုံး ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ယခုအချိန်တွင် နောက်ကျသွားခဲ့ချေပြီ။
“နတ်ဆိုးမုန်တိုင်း...”
လော့ချန်၏ မျက်ဝန်းများမှာ လျှပ်စီးအလား ဝင်းလက်သွားပြီး လျှစ်စီးဓားကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ဓားချီများဖြင့် ဖွဲ့စည်းထားသည့် ဓားချီလေဝဲကြီးမှာ ထိတ်လန့်ဖွယ် အရှိန်ဖြင့် ပြေးထွက်သွားသည်။ လေထုထဲတွင် ဖြောင့်တန်းသော အနက်ရောင် မျဉ်းတစ်ကြောင်း ဖြစ်ပေါ်စေလျက် အနက်ရောင် မိုးကြိုးတစ်ခုအလား ရှိနေတော့သည်။
“အား...”
စိမ်းလဲ့ဝဲဂယက်မှာ တစ်ခဏချင်းတွင် အဖောက်ခံလိုက်ရပြီး တုန်းယွဲ့မှာ အော်ဟစ်လိုက်ရကာ ဓားချီကြောင့် မီတာတစ်ထောင်ခန့်အထိ လွင့်ထွက်သွားတော့သည်။ သူမ၏ ဝတ်စုံစများမှာ စုတ်ပြဲသွားပြီး လက်နှစ်ဖက်မှာလည်း သွေးများ ရဲရဲနီနေတော့သည်။
အခန်း ၅၁၄ ပြီးပါပြီ။
အခန်း ၅၁၅ - ဝိညာဉ်တုန်ခါလှိုင်းနှင့် လော့ချန်၏ ဝိညာဉ်စွမ်းအား
လော့ယောင်နှင့် အားမူတို့သည် ဇရပ်အတွင်းမှ ထွက်လာခဲ့ကြပြီ ဖြစ်သည်။
ကိုယ်ပေါ်တွင် သွေးများ စွန်းထင်နေပြီး အလွန်အမင်း နွမ်းလျနေသော တုန်းယွဲ့ကို ကြည့်ရင်း သူတို့နှစ်ဦး၏ စိတ်ထဲတွင် ပြောမပြနိုင်လောက်အောင်ပင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်နေတော့သည်။
တုန်းယွဲ့၏ အစွမ်းကို သူတို့ ကောင်းကောင်း သိထားသည်။ ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်သို့ နီးကပ်နေပြီး လေ့ကျင့်ထားသော ကျင့်စဉ်နှင့် သိုင်းပညာများမှာလည်း ထူးခြားလှသဖြင့် တိုက်ပွဲစွမ်းရည်မှာ သာမန် အဆင့် ၉ အစောပိုင်း သန်မာသူများထက် များစွာ သာလွန်သည်။ သို့သော်လည်း လော့ချန်၏ ဓားတစ်ချက်တည်းဖြင့် လွင့်ထွက်သွားခဲ့ရချေပြီ။
တုန်းယွဲ့သည် သူမ၏ သိုင်းဝိညာဉ်ကို ထုတ်မသုံးရသေးဘဲ သာမန် အခြေအနေမှာသာ ရှိသေးသည် ဆိုသော်လည်း နှစ်ဦးသား၏ ကျင့်ကြံဆင့် ကွာခြားချက်မှာ အထင်အရှားပင်။
လော့ချန်အနေဖြင့် သာမန်အခြေအနေရှိ တုန်းယွဲ့ကို အသာစီး ရယူနိုင်ခြင်းမှာပင် မယုံနိုင်စရာ ကောင်းလှချေပြီ။
‘ဒါဟာ တကယ့်ကို အံ့ဖွယ် ကိစ္စရပ်တစ်ခုပဲ...’
လော့ချန်၏ မျက်နှာတွင်မူ ဝမ်းသာရိပ် မရှိဘဲ အံ့သြတုန်လှုပ်မှုများသာ ပြည့်နှက်နေသည်။
“တစ်ချက်တည်းနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် မလုပ်နိုင်ဘူးလား... ဘယ်လိုဖြစ်တာလဲ...”
ယခုတင်က ဓားကွက်မှာ သူ၏ အစွမ်းအားလုံးကို စုစည်းထားခြင်းဖြစ်ပြီး အချိန်အခါမှာလည်း အလွန်ပင် ကောင်းမွန်လှသဖြင့် တစ်ဖက်လူကို အငိုက်မိသွားစေခဲ့သည်။
ဤဓားကွက်သည် တုန်းယွဲ့ကို ပြင်းထန်စွာ ဒဏ်ရာရစေရန် သို့မဟုတ် တစ်ချက်တည်းနှင့် အသေသတ်ရန် လုံလောက်သည်ဟု လော့ချန် ထင်ခဲ့သည်။ သို့သော်လည်း အပေါ်ယံ ဒဏ်ရာအချို့သာ ရရှိခဲ့သည်။
လော့ယောင်သည်လည်း တစ်ခုခု ထူးဆန်းနေသည်ကို သတိပြုမိလိုက်ပြီး သူမ၏ လင်းလက်သော မျက်ဝန်းများဖြင့် ကြည့်ကာ သတိပေးလိုက်သည်။
“သတိထား... သူမရဲ့ ကိုယ်ပေါ်မှာ ကြယ်လေးပွင့် ရတနာချပ်ဝတ် ရှိနေတယ်...”
လော့ချန်လည်း သတိပြုမိလိုက်သည်။
တုန်းယွဲ့၏ စုတ်ပြဲနေသော စိမ်းလဲ့သည့် ဝတ်စုံအောက်တွင် အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသည်။
ထိုအလင်းတန်းမှာ ရေလှိုင်းများအလား သူမကို တင်းတင်းကြပ်ကြပ် ကာကွယ်ပေးထားသည်။
ထို အစိမ်းရောင် အလင်းတန်းကို ကြည့်ရင်း လော့ချန်၏ မျက်ဝန်းများ ပူနွေးသွားခဲ့သည်။ ကြယ်လေးပွင့် ကာကွယ်ရေး ရတနာဆိုသည်မှာ အလွန်ပင် ကောင်းမွန်လှပြီး ငွေရှိလျှင်ပင် ဝယ်ယူရန် ခက်ခဲလှသည်။
“ဟဲဟဲ... ဟုတ်တယ်... ဒါက သခင်မကြီး ငါ့ကို လက်ဆောင်ပေးထားတဲ့ စိမ်းလဲ့ချပ်ဝတ်ပဲ... ကြယ်လေးပွင့် အထက်တန်းအဆင့် ရတနာဖြစ်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့် သန်မာသူတွေရဲ့ တိုက်ခိုက်မှုကိုတောင် ခုခံနိုင်စွမ်း ရှိတယ်...”
တုန်းယွဲ့၏ မျက်နှာမှာ ဖြူလျော့နေပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်။
ရတနာချပ်ဝတ်က လော့ချန်၏ သေစေနိုင်သော ဓားကွက်ကို ခုခံပေးခဲ့သော်လည်း ထိခိုက်မှု အရှိန်အဟုန်ကိုမူ အပြည့်အဝ မဖယ်ရှားနိုင်သဖြင့် သူမ၏ ကိုယ်တွင်းရှိ သွေးများနှင့် ချီစွမ်းအင်များမှာ ဆူဝေနေတော့သည်။
သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သန်မာသူတစ်ဦးဖြစ်သည့် သူမသည် လော့ချန်၏ လက်ထဲတွင် အရှုံးပေးရလုနီးပါး ဖြစ်ခဲ့ရသည့် အချက်က သူမအား သွေးအန်ချင်စိတ်ပင် ပေါက်သွားစေတော့သည်။
စကားပြောနေစဉ်မှာပင် တုန်းယွဲ့သည် လော့ချန်ကို ရက်စက်စွာ ကြည့်ရင်း ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ဆိုသည်။
“တကယ် မထင်ထားတာက မင်းလို အမှိုက်တစ်ယောက်က ဒီလောက်အစွမ်းကို ဖုံးကွယ်ထားလိမ့်မယ်လို့ပေါ့... ဒီလောက် ငယ်ငယ်လေးနဲ့ ဓားဆန္ဒ ၇၀ ရာနှုန်းကို နားလည်ထားတာပဲ... တကယ်လို့ စိမ်းလဲ့ချပ်ဝတ်သာ မရှိရင် ငါ တကယ်ပဲ အခက်တွေ့ရတော့မှာ... ဒါကြောင့်လည်း မင်းကို ကမ္ဘာပေါ်မှာ ဆက်ထားလို့ မဖြစ်တော့ဘူး...”
“ဘုန်း...”
စကားအဆုံးတွင် တုန်းယွဲ့၏ အနောက်ရှိ လေဟာနယ်ထဲမှ ကြယ်ခုနစ်ပွင့် လေဆင်နှာမောင်း သိုင်းဝိညာဉ် ထွက်ပေါ်လာပြီး သူမ၏ အရှိန်အဝါကို များစွာ မြင့်တက်သွားစေခဲ့သည်။ သူမ၏ ပတ်ဝန်းကျင်ရှိ စိမ်းလဲ့သော စွမ်းအင်များမှာ ပိုမို ပြင်းထန်လာပြီး လေထုကို စုတ်ပြဲသွားစေတော့သည်။
“ငါ မင်းကို အခုပဲ ငရဲပို့ပေးလိုက်မယ်...”
တုန်းယွဲ့၏ လေသံမှာ အေးစက်လှပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။
“တော်ပြီ... တုန်းယွဲ့... ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်တော့...”
လော့ယောင်က ရှေ့သို့ ထွက်လာပြီး အေးစက်စွာ ဆိုသည်။
“မိသားစုရဲ့ အရင်းအမြစ်တွေကို အသုံးပြုတဲ့ ကိစ္စကို ငါ သေချာပေါက် ရှင်းပြမယ်... နင် အခုပဲ ပြန်တော့...”
လော့ယောင်က ရှေ့သို့ ထွက်ကာ တားဆီးလိုက်သည်။
ကြယ်လေးပွင့် အထက်တန်းအဆင့် ရတနာချပ်ဝတ်ဆိုသည်မှာ နောက်ပြောင်ရမည့် အရာမဟုတ်ပေ။ ၎င်းမှာ တုန်းယွဲ့၏ အစွမ်းကို သုံးဆယ်ရာခိုင်နှုန်းခန့် တိုးတက်သွားစေနိုင်သည်။ လော့ချန်အတွက် ခုခံရန် ခက်ခဲပေလိမ့်မည်။
“ဟဲဟဲ...”
တုန်းယွဲ့၏ ရယ်သံ ထွက်ပေါ်လာပြီး သူမသည် လော့ယောင်ကို ဂရုမစိုက်သည့်ဟန်ဖြင့် တစ်ချက် ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။
“သခင်မလေးလော့ယောင်... ကျွန်မအနေနဲ့ အမိန့်ကို မနာခံနိုင်တာ ခွင့်လွှတ်ပါ... ကျွန်မနဲ့ သူနဲ့က သုံးကွက် တိုက်ခိုက်ဖို့ ကတိပြုထားတာလေ... အခု တစ်ကွက်ပဲ ရှိသေးတယ်... နောက်ထပ် နှစ်ကွက် ကျန်သေးတာပဲ... အကယ်၍ သူသာ ဒီနောက်ဆုံး တိုက်ကွက်ကို ခုခံနိုင်ရင် ကျွန်မ ချက်ချင်း ထွက်သွားပါ့မယ်...”
လော့ယောင် မျက်မှောင်ကြုတ်သွားသည်။
“မမလော့ယောင်... ဒီကိစ္စကို ကျွန်တော့်ကိုပဲ လွှဲထားပေးပါ... ဒီလူကို ကျွန်တော် သေချာပေါက် သတ်ရမယ်...”
လော့ချန်သည် တုန်းယွဲ့နှင့် ခြေလှမ်းသုံးဆယ်ခန့် အကွာအဝေးသို့ ရောက်ရှိသွားပြီး သူ၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိပေ။
ကြယ်လေးပွင့် အထက်တန်းအဆင့် ရတနာချပ်ဝတ်မှာ အမှန်တကယ်ပင် ခေါင်းခဲစရာ ကောင်းလှပြီး တစ်ဖက်လူကို သေစေနိုင်သော ဒဏ်ရာရအောင် လုပ်ရန် ခက်ခဲသည်။
သို့သော်လည်း ခြေလက်များတွင်မူ ရတနာချပ်ဝတ် မရှိချေ။ သူသည် တစ်ဖက်လူ၏ ခြေလက်များကို အရင် ဖြတ်တောက်နိုင်သည် သို့မဟုတ် သူမ၏ စွမ်းအင်များကို တဖြည်းဖြည်း ကုန်ခမ်းအောင် လုပ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် သူ့တွင် ချီစွမ်းအင် များစွာ ရှိပြီးသားပင်။
‘တကယ်လို့ မရဘူးဆိုရင်လည်း သွေးလောင်ဆေးလုံး တစ်လုံး သောက်လိုက်ရုံပဲ... ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ သူမကို သေချာပေါက် သတ်ရမယ်...’
“ဟဲဟဲ... ငါ့ကို သတ်မယ် ဟုတ်လား... စကားလုံးတွေကတော့ အတော်ကြီးတာပဲ...”
တုန်းယွဲ့သည် မျက်ဝန်းကို အနည်းငယ် ကျဉ်းလိုက်သည်။ ဒီတစ်ခေါက်မှာ အရှက်တကွဲ ဖြစ်ခဲ့ရသဖြင့် သူမသည် လော့ချန်ကို အလွန်အမင်း မုန်းတီးသွားသည်။ လော့ချန်က ယခုတိုင် မောက်မာနေသည်ကို မြင်ရသည့်အခါ သူမ၏ စိတ်ထဲတွင် ဒေါသများ ဆူဝေလာပြီး အေးစက်စွာ လှောင်ပြောင်လိုက်သည်။
“အမှိုက်လေး... ခဏနေရင်လည်း မင်း ဒီလောက်အထိ ရဲတင်းနိုင်ဦးမလား ကြည့်ရသေးတာပေါ့... ငါ အခုတလော လေ့ကျင့်အောင်မြင်ထားတဲ့ အစွမ်းကို မင်း မြည်းစမ်းကြည့်လိုက်စမ်း...”
“ဘုန်း...”
စကားအဆုံးတွင် တုန်းယွဲ့၏ ကိုယ်ပေါ်မှ ချီစွမ်းအင်များမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး သူမ၏ ညာဘက် လက်ငါးချောင်းကို ဖြန့်လိုက်သည့်အခါ လက်ဖဝါးအလယ်တွင် တောက်ပလှသော အလင်းလုံးတစ်ခု ပေါ်ထွက်လာသည်။
ထိုအလင်းလုံးအတွင်းတွင် လှိုင်းလုံးများ ထနေပြီး ထိတ်လန့်ဖွယ် ကောင်းလှသော မုန်တိုင်းတစ်ခုကို ဖန်တီးနေသကဲ့သို့ ရှိနေသည်။ မမြင်နိုင်သော ဝိညာဉ်လှိုင်းများမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး လေထုကို ရေကဲ့သို့ပင် စေးပျစ်သွားစေတော့သည်။
“ဒါက...”
အားမူ၏ အကြည့်မှာ ဝေဝါးသွားခဲ့သည်။
ထိုမမြင်နိုင်သော ဝိညာဉ်လှိုင်းများက သူမ၏ စဉ်းစားတွေးခေါ်မှုများကိုပင် ရပ်တန့်သွားစေခဲ့ချေပြီ။
လော့ယောင်၏ မျက်နှာမှာမူ ချက်ချင်း ပြောင်းလဲသွားပြီး ရုတ်တရက် ရေရွတ်လိုက်၏။
“ဝိညာဉ်တုန်ခါလှိုင်း... လော့ရွှယ်ယန်က ဒီလို လျှို့ဝှက်အတတ်ကိုတောင် နင့်ကို သင်ပေးထားတာလား... လော့ချန်... မြန်မြန် ဆုတ်တော့... ဒီတိုက်ကွက်က ဝိညာဉ်စွမ်းအား ရိုက်ခတ်မှု ပါဝင်နေလို့ လူရဲ့ ဝိညာဉ်ကို ဒဏ်ရာရစေနိုင်တယ်...”
“ဟဲဟဲ... ဒါက ဝိညာဉ်တုန်ခါလှိုင်းပဲ... စတုတ္ထနယ်ပယ် အောက်က ဘယ်သူမှ မခုခံနိုင်ဘူး... အမှိုက်လေး... မင်း ထွက်ပြေးလို့ မရပါဘူး... ဒီတိုက်ကွက်အောက်မှာ သေရတာက မင်းအတွက် ဂုဏ်ယူစရာပဲ...”
တုန်းယွဲ့က ရက်စက်စွာ ပြုံးလိုက်ပြီး လက်ဝါးဖြင့် လော့ချန်ကို တိုက်ခိုက်လိုက်တော့သည်။
“ဝူး...”
အလင်းလုံးမှာ ကြီးထွားလာပြီး လေထုမှာ ပြင်းထန်စွာ တွန့်လိမ်သွားကာ စိမ်းလဲ့သော လှိုင်းလုံးများမှာ သမုဒ္ဒရာလှိုင်းလုံးကြီးများအလား လော့ချန်ထံသို့ တိုးဝင်လာခဲ့သည်။ ထိုဧရိယာအတွင်းရှိ ဟင်းလင်းပြင်မှာ ဖန်သားအလား အလွှာလိုက် အက်ကွဲသွားတော့သည်။
စွမ်းအား ဧရိယာမှာ ကျယ်ပြန့်လွန်းလှသဖြင့် ရှောင်တိမ်းရန် ခက်ခဲလှသည်။
လော့ချန်မှာလည်း ရှောင်တိမ်းရန် အစီအစဉ် မရှိပေ။
သူသည် သိုင်းဝိညာဉ် အနှစ်သာရများစွာကို ဝါးမျိုခဲ့သဖြင့် သူ၏ ဝိညာဉ်စွမ်းအားမှာ အမြဲတမ်း ကြီးထွားနေခဲ့ပြီး သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများ၏ အဆင့်ကို ကျော်လွန်နေခဲ့ချေပြီ။ တစ်ဖက်လူအနေဖြင့် သူ၏ ဝိညာဉ်ကို ဒဏ်ရာရအောင် လုပ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
“ကြယ်ကြွေခြင်း... ကွဲစမ်း...”
ဟိန်းဟောက်လိုက်သည်နှင့် တစ်ပြိုင်နက် လော့ချန်သည် ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အတိုင်းအတာ ကျယ်ပြန့်သော တိုက်ကွက်ဖြစ်သည့် ကောင်းကင်ယံဓားစွမ်းရည်၏ ပဉ္စမပုံစံကို အသုံးပြု၍ ခုတ်ချလိုက်သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ကောင်းကင်ယံကြီးမှာ အပေါက်ကြီးတစ်ခု ဖြစ်သွားသကဲ့သို့ ရှိနေပြီး ကြယ်တာရာ အလင်းတန်းများ ဖုံးလွှမ်းနေသော ဓားချီတစ်ခုမှာ ကောင်းကင်မှ ကျဆင်းလာခဲ့ကာ အနှိုင်းမဲ့ ပြင်းထန်လှသော အရှိန်အဝါဖြင့် ရှေ့မှောက်က အရာအားလုံးကို မှုန့်မှုန့်ညက်ညက် ကြေမွသွားစေတော့သည်။
ထိုသမုဒ္ဒရာ လှိုင်းလုံးကြီးများအလား တိုက်ခိုက်မှုမှာ ချက်ချင်းပင် ပြိုကွဲသွားခဲ့ချေပြီ။
ဤမြင်ကွင်းကို ကြည့်ရင်း တုန်းယွဲ့မှာ ဂရုမစိုက်သည့်ဟန် ရှိနေဆဲပင်။ ဝိညာဉ်တုန်ခါလှိုင်း၏ တကယ့် ကြောက်စရာကောင်းသော အချက်မှာ မမြင်နိုင်သော ဝိညာဉ်စွမ်းအား ရိုက်ခတ်မှုဖြစ်ပြီး လူ၏ ဝိညာဉ်ကို ဒဏ်ရာရစေခြင်း ဖြစ်သည်။
၎င်းမှာ ဓားချီဖြင့် အပြည့်အဝ ခုခံနိုင်သည့် အရာ မဟုတ်ပေ။
“ဝူး...”
မမြင်နိုင်သော ဝိညာဉ်လှိုင်းများမှာ ဓားချီကို ဖြတ်သန်းကာ လော့ချန်၏ ကိုယ်ပေါ်သို့ ရိုက်ခတ်သွားခဲ့သည်။
လော့ချန်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး စွမ်းအားတစ်ခုမှာ ကိုယ်တွင်းသို့ တိုးဝင်လာကာ သူ၏ သိစိတ်ပင်လယ်ကို ဦးတည်၍ သူ၏ အသိစိတ်ကို ဖျက်ဆီးကာ သူ၏ စိတ်ဓာတ်ကို ချေမှုန်းရန် ကြိုးစားနေသည်ဟု ခံစားလိုက်ရသည်။
“ဝုန်း...”
ထိုအခိုက်အတန့်တွင် ရေကန်ငယ်တစ်ခုအလား ရှိသော ရွှေရောင် သိစိတ်ပင်လယ်မှာ လှိုင်းလုံးများ ထလာခဲ့ပြီး ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ကာ ဆူဝေလာခဲ့သည်။ အားကောင်းလှသော အရှိန်အဝါက ထိုစွမ်းအားကို တစ်ခဏချင်းတွင်ပင် ရေနွေးငွေ့များအလား ပျောက်ကွယ်သွားစေခဲ့သည်။
“ငါ ခန့်မှန်းထားတဲ့အတိုင်းပဲ...”
လော့ချန်မှာ အံ့သြသလို စိတ်လည်း လှုပ်ရှားသွားခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအားမှာ အမှန်တကယ်ပင် မပြောပလောက်သည့် အရာမဟုတ်ပေ။ ဤသို့ဆိုလျှင် နောင်တွင် သာမန် ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုများကို စိုးရိမ်နေစရာ မလိုတော့ပေ။
“မင်းကို ငရဲပို့ပေးလိုက်မယ်...”
လော့ချန်မှာ ထိုနေရာတွင် တောင့်တင်းနေသည်ကို မြင်ရသည့်အခါ တုန်းယွဲ့မှာ သူ အောင်မြင်သွားပြီဟု ထင်မှတ်ကာ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဝင်းလက်သွားပြီး လော့ချန်ထံသို့ ပြေးဝင်လာကာ လက်ငါးချောင်းကို ဓားများအလား အရှိန်အဟုန်ဖြင့် ကုတ်ခြစ်လိုက်သည်။
“သခင်လေးလော့ချန်...”
အားမူမှာ ထိတ်လန့်လွန်းသဖြင့် မျက်နှာလေးမှာ ချက်ချင်းပင် ဖြူလျော့သွားခဲ့သည်။
လော့ယောင်၏ မျက်နှာမှာလည်း ပြောင်းလဲသွားပြီး ရှေ့သို့ အမြန် ပြေးထွက်သွားခဲ့သည်။
ထိုစဉ်မှာပင် လော့ချန်သည် မျက်လုံးကို ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းနက်များထဲတွင် ရွှေရောင် အလင်းတန်းများ လင်းလက်နေပြီး လူကို ထိတ်လန့်တုန်လှုပ်စေသော အရှိန်အဝါများ ပျံ့နှံ့လာတော့သည်။
“မင်း... ဘယ်လိုလုပ်ပြီး...”
တုန်းယွဲ့မှာ ထိတ်လန့်သွားပြီး အနောက်သို့ အမြန် ဆုတ်ခွာရန် ကြိုးစားလိုက်သည်။
“နောက်ကျသွားပြီ...”
လော့ချန်က အေးစက်စွာ ပြုံးလိုက်ပြီး ဘယ်ဘက်လက်ကို ဆုပ်လိုက်သည့်အခါ အားကောင်းလှသော အရှိန်အဝါတစ်ခုမှာ ပေါက်ကွဲထွက်လာပြီး သူ၏ နောက်ကွယ်တွင် ခန့်ညားလှသော တောင်တန်းပုံရိပ် ငါးခု ပေါ်ထွက်လာကာ လက်သီးဖြင့် တိုက်ရိုက် ထိုးနှက်လိုက်သည်။
“တောင်ခွင်းလက်သီး...”
“ဘုန်း...”
“အား...”
တောင်တန်းပုံရိပ် ငါးခုမှာ ဧရာမ အိုးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး တုန်းယွဲ့အနေဖြင့် တုံ့ပြန်ရန် အချိန်မရမီမှာပင် သူမ၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။
တုန်းယွဲ့မှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူမ၏ ကိုယ်ကို ကာကွယ်သည့် ချီစွမ်းအင်မှာ မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ကာ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ ပန်းထွက်လျက် အနောက်သို့ လွင့်ထွက်သွားတော့သည်။
“ဖြတ်တောက်စမ်း...”
လော့ချန်၏ မျက်ဝန်းထဲတွင် ထက်မြက်သော အလင်းတန်းများ ပေါ်ထွက်လာပြီး ဓားကို ဆက်တိုက် ဝှေ့ယမ်းလိုက်ရာ ဓားချီများစွာ ပြေးထွက်သွားတော့သည်။
“ဖူး...”
တုန်းယွဲ့သည် ကြယ်လေးပွင့် အထက်တန်းအဆင့် ရတနာချပ်ဝတ် ရှိနေသော်လည်း ဤမျှ ပြင်းထန်လှသော တိုက်ခိုက်မှုများကို ဆက်တိုက် ခံစားလိုက်ရသည့်အခါ ခံနိုင်ရည် မရှိတော့ပေ။ သူမ၏ ကိုယ်ပေါ်မှ စိမ်းလဲ့အလင်းတန်းမှာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားပြီး သွေးများ အရှိန်အဟုန်ဖြင့် အန်ထုတ်ကာ ကြယ်တံခွန်တစ်ခုအလား ရေကန်ထဲသို့ ကျဆင်းသွားတော့သည်။
“ဝုန်း...”
ရေထဲသို့ ကျဆင်းသွားသော အသံမှာ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်လှပြီး ရေကန်ထဲတွင် မီတာတစ်ထောင်ခန့်အထိ မြင့်တက်သော လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့သည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်း သန်မာသူကို အသာစီး ရယူပြီး တိုက်ခိုက်နိုင်တာပဲ... ဝိညာဉ်တုန်ခါလှိုင်းတောင် သူ့ကို ဘာမှ မလုပ်နိုင်ဘူး...”
လော့ယောင်သည် လေထဲတွင် ရပ်တန့်နေပြီး ဤမြင်ကွင်းကို ကြည့်ကာ နှုတ်ခမ်းကို လျှာဖြင့် အသာသပ်လိုက်ရင်း လော့ချန်ကို ကြည့်နေသော သူမ၏ မျက်ဝန်းများမှာ ရတနာသိုက်ကြီး တစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဝင်းလက်နေတော့သည်။
အခန်း ၅၁၅ ပြီးပါပြီ။
အခန်း ၅၁၆ - လျှပ်စီးပြေးလွှားခြင်း တံဆိပ်ပြားနှင့် လော့ရွှယ်ယန်
ရေကန်ထဲမှ ရေလှိုင်းကြီးများမှာ တစ်ရှိန်ထိုး ဆူပွက်နေပြီး ပန်းကန်လုံးကြီးတစ်လုံးပမာ အလွှာလိုက် အပြင်ဘက်သို့ လှိုင်းထနေသည်။
“ဟင်... ဒီလိုတောင် မသေသေးဘူးလား... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သန်မာသူက တကယ်ပဲ ဇွဲကောင်းတာပဲ...”
လော့ချန်သည် ရေကန်ကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။
လှိုင်းလုံးကြီးများ၏ အလယ်ဗဟိုတွင် တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော တုန်းယွဲ့သည် ပြန်လည် မတ်တပ်ရပ်လာခဲ့သည်။
ယခုအချိန်တွင် သူမ၌ ရောက်စကကဲ့သို့ မောက်မာလွန်းသော အသွင်အပြင်မျိုး အနည်းငယ်မျှပင် မကျန်တော့ဘဲ ဆံပင်များ ဖရိုဖရဲ ဖြစ်လျက် နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျနေကာ ငရဲမှ သရဲမတစ်ကောင်အလား ကြောက်မက်ဖွယ် ကောင်းလှသည်။
တုန်းယွဲ့သည် သူမ၏ အကြည့်ကို မြှင့်လိုက်ပြီး လော့ချန်ကို အေးစက်စွာ စိုက်ကြည့်ကာ မျက်နှာတစ်ခုလုံး ဒေါသကြောင့် တွန့်လိမ်နေတော့သည်။
“လော့ချန်... ကောင်းတယ်... အရမ်းကောင်းတယ်... ဒီနေ့ ကိစ္စကို ငါ မှတ်ထားမယ်...”
“မှတ်ထားမှတ်ထား... ဘာဖြစ်လဲ... ငါ အခုပဲ မင်းကို ငရဲအရောက် ပို့ပေးလိုက်မယ်...”
လော့ချန်သည် တစ်ဖက်လူ ခုနက ပြောခဲ့သော စကားကိုပင် ပြန်လည် တုံ့ပြန်လိုက်ပြီး သူ၏ မျက်ဝန်းအစုံမှာ အေးစက်စပြုလာကာ သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းသွားသည်။
သူသည် တိုက်ခိုက်ပြီးပြီဖြစ်၍ အလွတ်ပေးရန် အစီအစဉ် မရှိပေ။
“ဝှစ်...”
စကားအဆုံးတွင် လော့ချန်၏ ကိုယ်ဟန်မှာ ဝှစ်ခနဲ လှုပ်ရှားသွားပြီး တုန်းယွဲ့ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကာ အဆုံးသတ်ရန် ပြင်လိုက်သည်။
ထိုစဉ် မမျှော်လင့်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
ပြင်းထန်စွာ ဒဏ်ရာရထားသော တုန်းယွဲ့သည် လက်ထဲမှ ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ရုတ်တရက် ချိုးဖဲ့လိုက်ရာ တံဆိပ်ပြားမျက်နှာပြင်ပေါ်တွင် သေးငယ်သော လျှပ်စစ်စများ ဝင်းလက်လာသည်။
“ဗြီး... ဗြီး... ဗြီး...”
လျှပ်စစ်အလင်းတန်းများမှာ တောက်ပလာပြီး ပြင်းထန်စွာ ပျံ့နှံ့သွားကာ တုန်းယွဲ့၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။
“ဖြတ်တောက်စမ်း...”
လော့ချန်သည် အခြေအနေ မကောင်းသည်ကို သိလိုက်သဖြင့် ချက်ချင်းပင် ဓားဖြင့် ခုတ်ချလိုက်သည်။
တောက်ပလှသော ဓားချီတစ်ခုမှာ ကောင်းကင်ယံမှ ကျဆင်းလာခဲ့ရာ ထိုအဟုန်ကြောင့် လေထုမှာ ပြိုကွဲသွားပြီး ရေကန်ကြီးမှာလည်း ဘေးနှစ်ဖက်သို့ လွင့်စင်သွားကာ နှစ်ပိုင်း ကွဲသွားသကဲ့သို့ပင် ရှိတော့သည်။
တုန်းယွဲ့မှာ ဓားချီအောက်တွင် သေဆုံးတော့မည်အလား ရှိနေစဉ်...
ရုတ်တရက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် ကောင်းကင်သို့ ပျံတက်သွားသည်။ အလင်းတစ်ချက် လင်းလက်သွားချိန်တွင် သူမမှာ မီတာထောင်ချီ မြင့်သော ကောင်းကင်ယံသို့ ရောက်ရှိနေခဲ့ချေပြီ။
နောက်ထပ် အလင်းတစ်ချက် လင်းလက်သွားပြန်သည့်အခါတွင်မူ ကောင်းကင်ယံရှိ အလွန်တောက်ပသော အစက်အပြောက်လေး တစ်ခုအဖြစ်သာ ကျန်တော့သည်။
သူမ၏ အေးစက်လှသော လှောင်ရယ်သံမှာ လေထဲမှတစ်ဆင့် အဝေးဆီသို့ ပျံ့လွင့်လာတော့သည်။
“အမှိုက်လေး... မင်းက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားရက်နဲ့ ဒီလောက်အစွမ်း ရှိနေတာက တကယ်ပဲ ငါ့ကို အံ့သြသွားစေတယ်... ဒါပေမဲ့ မင်း သိပ်ပြီး ပျော်မနေပါနဲ့ဦး... နောက်တစ်ခါ ဆုံရင် မင်းကို ငါ သေချာပေါက် သတ်မယ်... သခင်မလေးလော့ယောင်... ဒီနေ့ ကိစ္စကို ကျွန်မ သခင်မကြီးကို တစ်ခုမကျန် တင်ပြပါ့မယ်... နောက်နေ့မှ ပြန်လာခဲ့မယ်နော်... ဟဲဟဲဟဲ...”
လော့ချန် မျက်မှောင်ကြုတ်သွားပြီး ကိုယ်တွင်းရှိ ချီစွမ်းအင်များကို လှုံ့ဆော်ကာ လိုက်ဖမ်းရန် ပြင်လိုက်သော်လည်း လော့ယောင်က တားဆီးလိုက်သည်။
“မလိုက်နဲ့တော့... အဲဒါက လျှပ်စီးပြေးလွှားခြင်း တံဆိပ်ပဲ... ခဏလေးအတွင်းမှာ မိုင်ပေါင်း ထောင်ချီ ခရီးနှင်နိုင်တာဆိုတော့ စတုတ္ထနယ်ပယ် ပုဂ္ဂိုလ်ကြီးတွေတောင် လိုက်ဖို့ ခက်ခဲလိမ့်မယ်...”
လော့ယောင်က ခပ်ဖွဖွ ခေါင်းခါယမ်းလိုက်သည်။
လော့ချန်လည်း ထိုအချက်ကို နားလည်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တုန်းယွဲ့မှာ ကောင်းကင်ယံ၌ ပျောက်ကွယ်သွားခဲ့ပြီး မည်သည့် အရိပ်အယောင်မျှ မကျန်တော့ပေ။
“လျှပ်စီးပြေးလွှားခြင်း တံဆိပ်...”
လော့ချန်သည် ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။ တုန်းယွဲ့၏ အသက်ရှင်သေဆုံးမှုကို သူ သိပ်ပြီး ဂရုမစိုက်ပေ။ ယနေ့ သူ့ကို သတ်နိုင်ရင် နောက်တစ်ခါလည်း သတ်နိုင်သည်ပင်။
သို့သော်လည်း ကြယ်လေးပွင့် အထက်တန်းအဆင့် ရတနာချပ်ဝတ်မှာမူ ရခဲလှသော အရာပင်။ အကယ်၍ ၎င်းကို သူ ရရှိခဲ့လျှင် သူ၏ အစွမ်းမှာ အနည်းဆုံး နှစ်ဆယ်ရာခိုင်နှုန်းခန့် တိုးတက်သွားပေလိမ့်မည်။ ၎င်းက လော့ချန်ကို ထိုကဲ့သို့သော ရှေးဟောင်း အင်အားစုကြီးများ၏ အခြေခံမှာ မည်မျှအထိ ကြောက်စရာကောင်းသည်ကို သိရှိသွားစေခဲ့သည်။
အစေခံ ကျွန်မတစ်ယောက်၏ ကိုယ်ပေါ်မှာပင် ဤမျှလောက်ထိ ရတနာများ ရှိနေသည်သာမက ဝိညာဉ်တုန်ခါလှိုင်းကဲ့သို့သော လျှို့ဝှက်အတတ်ကိုပါ တတ်မြောက်ထားချေပြီ။ လင်ယွမ်ပြတိုက်မှာ မကြာသေးမီကမှ အင်အားကြီးလာသော အဖွဲ့အစည်းတစ်ခုသာ ရှိသေးသည်။
ကျိမိသားစု၏ အခြေခံမှာမူ ရှေးဟောင်းခေတ်အထိ မြစ်ဖျားခံနေသဖြင့် လင်ယွမ်ပြတိုက်ထက်ပင် ပိုမို ကြာမြင့်လှရာ သူတို့၏ အခြေခံမှာ ပို၍ပင် နက်နဲလှပေလိမ့်မည်။ ကျင့်ကြံခြင်းမှာ ပါရမီနှင့် ကြိုးစားမှုအပြင် အခြေခံနှင့် အရင်းအမြစ်များကိုလည်း ယှဉ်ပြိုင်ရခြင်းပင်။ ကျင့်ကြံဆင့်ချင်း တူနေလျှင်ပင် အဆင့်မြင့် ကျင့်စဉ်၊ အဆင့်မြင့် သိုင်းပညာများ ကျင့်ကြံထားသူနှင့် ကြယ်အဆင့် ရတနာများ၊ အစွမ်းထက် လျှို့ဝှက်အတတ်များကို ပိုင်ဆိုင်ထားသူမှာ သေချာပေါက် ပိုမို သန်မာပေလိမ့်မည်။
၎င်းမှာ အင်အားကြီး အဖွဲ့အစည်းများမှ ထွက်လာသော တပည့်များ၏ အစွမ်းမှာ အဆင့်တူ သန်မာသူများထက် အဘယ်ကြောင့် ပိုမို သာလွန်နေရသနည်းဆိုသည့် အချက်ပင် ဖြစ်သည်။
“ငါ့မှာ စစ်မှန်တဲ့နဂါးကျင့်စဉ်နဲ့ ရောင်စဉ်ကိုးသွယ် အကြေးခွံရတနာ ရှိနေလို့သာပေါ့... ဒီဘက်မှာတော့ သူများထက် သိပ်မနိမ့်ကျနိုင်ဘူး... လိုအပ်တာကတော့ ကြွယ်ဝမှုနဲ့ အချိန်ပဲ...”
လော့ချန်သည် စိတ်ထဲမှ တွေးတောရင်း ဇရပ်လေးသို့ ပြန်လာခဲ့သည်။
လော့ယောင်နှင့် အားမူတို့မှာ ဘာမှ မပြောဘဲ သူ့ကို ထူးဆန်းသော သတ္တဝါတစ်ကောင်အလား စိုက်ကြည့်နေကြသည်။
လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အလယ်အလတ်သို့ ရောက်ရှိသွားပြီး ဓားဆန္ဒ ၇၀ ရာနှုန်းကို နားလည်ထားခြင်းမှာပင် သူတို့အတွက် များစွာ တုန်လှုပ်စရာ ဖြစ်ခဲ့ချေပြီ။
မထင်ထားသည်က တိုက်ပွဲစွမ်းရည်ကပါ ဤမျှအထိ အားကောင်းနေပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ ရှိတဲ့ တုန်းယွဲ့ကို တစ်ဖက်သတ် ဖိနှိပ်ပြီး တိုက်ခိုက်နိုင်သည်ပင်။
တုန်းယွဲ့တွင် ကြယ်လေးပွင့် အထက်တန်းအဆင့် ရတနာချပ်ဝတ် ရှိနေသော်လည်း ဘာမှ အသုံးမဝင်ခဲ့ချေ။ နောက်ထပ် တစ်ကွက်၊ နှစ်ကွက်လောက် ပိုခံနိုင်သွားရုံသာ ရှိသည်။
အကယ်၍ လျှပ်စီးပြေးလွှားခြင်း တံဆိပ်သာ မရှိလျှင် တုန်းယွဲ့မှာ လော့ချန်၏ လက်ချက်ဖြင့် သေဆုံးသွားမှာ သေချာလှသည်။
အားမူက အံ့သြတုန်လှုပ်စွာဖြင့် ဆိုသည်။
“အဆင့်ကြီး သုံးဆင့်ကို ကျော်ဖြတ်ပြီး တိုက်ခိုက်နိုင်တာပဲ... သခင်လေးလော့ချန်... မင်းက ပြတိုက်ထဲမှာ ပါရမီရှင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ ကောင်တွေထက် အများကြီး ပိုကြောက်ဖို့ကောင်းတယ်...”
လော့ယောင်က လော့ချန်ကို ရွေးချယ်ခဲ့သည့် ကိစ္စအပေါ် အားမူ၏ စိတ်ထဲတွင် သံသယအချို့ ရှိနေခဲ့သော်လည်း ယခုတင်က တိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါ ထိုသံသယများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုနှင့် လေးစားအားကျမှုများသာ ကျန်ရစ်တော့သည်။
လော့ချန်က ဆိုသည်။
“နှမြောစရာပဲ... သူ့ကို ထွက်ပြေးခွင့် ပေးလိုက်ရတယ်...”
“အဲဒါက ဆိုးကျိုးချည်းပဲတော့ မဟုတ်ပါဘူး...”
လော့ယောင်က ဆိုသည်။
“တုန်းယွဲ့က ငါ့ရဲ့ ဝမ်းကွဲအစ်မ လော့ရွှယ်ယန်ရဲ့ အနီးကပ် အစေခံပဲ... သူမရဲ့ ကိုယ်ပေါ်မှာ လော့ရွှယ်ယန်ရဲ့ အမှတ်အသား ရှိနေမှာ သေချာတယ်... တကယ်လို့ မင်းသာ တုန်းယွဲ့ကို သတ်လိုက်ရင် လော့ရွှယ်ယန်က ချက်ချင်း သိသွားလိမ့်မယ်... သူမ ကိုယ်တိုင် ရောက်လာခဲ့ရင် မင်းအတွက် အန္တရာယ် ရှိသွားနိုင်တယ်...”
လော့ချန်က လော့ယောင်ကို ကြည့်ကာ မေးမြန်းလိုက်သည်။
“မင်းနဲ့ အဲဒီဝမ်းကွဲအစ်မက ရန်ငြိုးရှိလို့လား...”
“အဲဒီလိုပဲ ပြောရမှာပေါ့... အင်အားကြီး မိသားစုမှာ မွေးဖွားလာတာက ကောင်းကျိုးတွေ အများကြီး ရှိပေမဲ့ မိသားစု အတွင်းပိုင်းကတော့ ပိုပြီးတော့ အေးစက် ရက်စက်တတ်ကြတယ်...”
လော့ယောင်၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးလှသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ဤကိစ္စကို အသေးစိတ် မပြောလိုပုံ ရသည်။
လော့ချန်က ခေါင်းညိတ်လိုက်သည်။
အင်အားကြီး မိသားစု သို့မဟုတ် နန်းတွင်းမိသားစုများမှာ အလွန်ပင် ရက်စက်တတ်ကြသည်။ အကျိုးစီးပွား ကြီးမားလာသည်နှင့်အမျှ ဆွေမျိုးသားချင်း သံယောဇဉ်မှာ ဘာမှ အဖိုးမတန်တော့ချေ။ အကျိုးအမြတ်ကိုသာ အမြဲ ဦးစားပေးသည့် လင်ယွမ်ပြတိုက်ဆိုလျှင် ပို၍ပင် ဆိုးပေလိမ့်မည်။
“တုန်းယွဲ့က ဒီနေ့ကိစ္စကို လော့ရွှယ်ယန်ကို ပြောပြလိုက်ရင် ဘာဖြစ်လာနိုင်လဲ...”
“ပြောဖို့ ခက်တယ်...”
လော့ယောင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“မင်း ဒီနေ့ တိုက်ခိုက်တာ မရှိခဲ့ရင်တော့ တစ်မျိုးပေါ့... အခုတော့ မင်းက တိုက်ခိုက်ခဲ့ရုံတင်မကဘဲ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အလယ်အလတ်အဆင့်နဲ့ တုန်းယွဲ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပြီး သူမကို သတ်လုနီးပါး ဖြစ်ခဲ့တာဆိုတော့... ထူးခြားလှတဲ့ တိုက်ပွဲစွမ်းရည်ကို ပြသခဲ့တာပဲလေ... အဲဒီတော့ အခြေအနေက ရှုပ်ထွေးသွားပြီ...”
လော့ချန်က မေးလိုက်သည်။
“ဘာလို့လဲ... မင်းတို့ လင်ယွမ်ပြတိုက်မှာက အစွမ်းကိုပဲ ကြည့်တာ မဟုတ်ဘူးလား...”
“အဲဒီလိုတော့ အဲဒီလိုပါပဲ...”
လော့ယောင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆိုသည်။
“မင်း သိလား... ငါ ဘာလို့ ချီရှန်မြို့က လင်ယွမ်ပြတိုက်ကို ရောက်လာခဲ့ရလဲဆိုတာ... ငါက အပြစ်ပေးခံရပြီး အဲဒီကို ရောက်လာတာလေ...”
လော့ချန် မတိုင်မှ အရင်က လော့ယောင်သည် ကြယ်တစ်ဆယ့်တစ်ပွင့် မြေကမ္ဘာအဆင့် သိုင်းဝိညာဉ် နိုးကြားထားသည့် ပါရမီရှင်တစ်ဦးကို ရွေးချယ်ခဲ့ဖူးပြီး အရင်းအမြစ်များစွာ အသုံးပြုကာ လေ့ကျင့်ပေးခဲ့သည်။
သို့သော်လည်း တစ်ဖက်လူ နယ်ပယ်စာရင်းဝင်ရန် ကြိုးစားနေစဉ်မှာပင် မမျှော်လင့်ဘဲ အန္တရာယ်နှင့် တွေ့ကြုံကာ အသုံးမကျသူ ဖြစ်သွားခဲ့ရသည်။
အရင်းအမြစ်များစွာ အသုံးပြုခဲ့သော်လည်း ဤကဲ့သို့ ရလဒ် ထွက်ပေါ်လာခြင်းနှင့် လော့ရွှယ်ယန်၏ ဖိနှိပ်မှုများကြောင့် လော့ယောင်၏ မိသားစုအတွင်း ရာထူးမှာ တစ်ဟုန်ထိုး ကျဆင်းသွားခဲ့ရကာ ချီရှန်မြို့သို့ အပြစ်ပေးခံရပြီး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လော့ချန်သည် တိတ်ဆိတ်စွာ နားထောင်နေရင်း မေးမြန်းလိုက်သည်။
“ဒီကိစ္စက လော့ရွှယ်ယန်နဲ့ ပတ်သက်နေတာလား...”
“ဖြစ်နိုင်သလို မဖြစ်နိုင်တာလည်း ရှိတာပဲ...”
လော့ယောင်က ခပ်ဖွဖွ ခေါင်းခါပြသည်။
လော့ချန်မှာ ဘာမှ မပြောတော့ချေ။
သူ သိလိုက်ရသည်မှာ သူ၏ အခြေအနေမှာ မကောင်းတော့ဘဲ လင်ယွမ်ပြတိုက်မှ သခင်မကြီး တစ်ဦးကို သွားရောက် စော်ကားမိသလို ဖြစ်သွားခဲ့ချေပြီ။
လော့ယောင်က လော့ချန်၏ စိတ်ကူးကို ရိပ်မိသွားဟန်ဖြင့် ပြုံး၍ ဆိုသည်။
“စိတ်ချပါ... ငါ့ရဲ့ အစ်မက အရမ်းကို မာနကြီးတာ... အဲဒီ တုန်းယွဲ့ထက် အဆတစ်ရာမက ပိုပြီး မာနကြီးတယ်... မင်းရဲ့ တိုက်ပွဲစွမ်းရည်က အားကောင်းပေမဲ့ အသုံးမကျတဲ့ သိုင်းဝိညာဉ်ကိုပဲ နိုးကြားထားတာဆိုတော့ သူမက မင်းကို မျက်စိထဲ ထည့်ချင်မှ ထည့်မှာပါ...”
“မင်းထက်စာရင် ငါ့ရဲ့ အခြေအနေက ပိုပြီး အန္တရာယ် ရှိတာ... ပြီးခဲ့တဲ့တစ်ခေါက်က မင်းအတွက် ကောင်းကင်ယံဓားစွမ်းရည်ကို ရှာပေးတုန်းက ငါက စည်းကမ်းဖောက်ပြီး နယ်မြေအဆင့် ပါရမီရှင်တွေရဲ့ အဆင့်အတန်းနဲ့ မိသားစု အရင်းအမြစ်တွေကို အသုံးပြုခဲ့တာလေ... တကယ်လို့ လော့ရွှယ်ယန်သာ မင်းက အသုံးမကျတဲ့ သိုင်းဝိညာဉ် နိုးကြားထားတာကို သိသွားရင် ဒီအချက်ကို အသုံးချပြီး ငါ့ကို သေချာပေါက် ပြစ်ဒဏ်ပေးလိမ့်မယ်...”
“အဲဒီကျရင် ငါ့ရဲ့ လုပ်ပိုင်ခွင့်တွေ အားလုံးကို အသိမ်းခံရနိုင်သလို ဒီလင်ကျန်းမြို့ လင်ယွမ်ပြတိုက်ရဲ့ တာဝန်ခံအဖြစ်ကပါ အထုတ်ခံရလိမ့်မယ်...”
လော့ယောင်က ခါးသက်သက် ပြုံးလိုက်ပြီး မျက်တောင်တစ်ချက် ခတ်ကာ လော့ချန်ကို ကြည့်၍ ဆိုသည်။
“ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့...”
လော့ချန်က မေးလိုက်သည်။
“ဘာရှိတာလဲ...”
“မင်းသာ နယ်မြေစာရင်းထဲ ဝင်သွားခဲ့ရင်ပေါ့... ဒါဆိုရင် မင်းက တကယ့် နယ်မြေအဆင့် ပါရမီရှင် ဖြစ်သွားမှာဆိုတော့ ငါတို့ လင်ယွမ်ပြတိုက်ရဲ့ အရေးကြီးတဲ့ လူသားအရင်းအမြစ် ဖြစ်လာလိမ့်မယ်... ငါ့ရဲ့ ရာထူးလည်း မြင့်တက်လာမှာ ဖြစ်သလို လော့ရွှယ်ယန်ကိုလည်း ပြန်ပြီး အာခံနိုင်လိမ့်မယ်... သူမရဲ့ မျက်နှာကို ကြည့်နေစရာ မလိုတော့ဘူးပေါ့...”
လော့ယောင်က လော့ချန်ကို စိုက်ကြည့်ရင်း အလွန်ပင် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်တော့သည်။
အခန်း ၅၁၆ ပြီးပါပြီ။