← Chapters

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း ၅၁၇ - လော့ယောင်၏ ကတိနှင့် တစ်နှစ်အတွင်း

လော့ယောင်သည် အလွန်ပင် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ သူမ၏ အသံမှာ ချိုသာငြိမ့်ညောင်းပြီး ဆွဲဆောင်မှုရှိလှသော မျက်ဝန်းအစုံဖြင့် လော့ချန်ကို စိုက်ကြည့်နေသည်မှာ ဝင်းလက်တောက်ပနေတော့သည်။

သူမ၏ တစ်ကိုယ်လုံးမှာ မိုးရွာပြီးစ ပွင့်သစ်စ ပန်းတစ်ပွင့်အလား လှပညှို့ယူနေ၏။

ယခင်က လော့ချန် လင်ကျန်းမြို့သို့ လာစဉ်က နယ်ပယ်စာရင်းကို တက်လှမ်းမည်ဟု ပြောခဲ့ဖူးသည်။ ထိုစဉ်က လော့ယောင်သည် လော့ချန်က နောက်ပြောင်နေသည်ဟုသာ ထင်မှတ်ခဲ့ပြီး စိတ်ထဲ မထားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုစဉ်က လော့ချန်၏ ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၃ သာ ရှိသေးပြီး ဓားဆန္ဒမှာလည်း ၄၀ ရာခိုင်နှုန်းမျှသာ ရှိရာ နယ်ပယ်စာရင်းနှင့် မိုင်ပေါင်း သောင်းခြောက်ထောင် ဝေးကွာနေသောကြောင့် ဖြစ်သည်။

ယခုမူ မတူတော့ပေ။

လော့ချန်သည် အပြတ်အသတ် သာလွန်သော အစွမ်းဖြင့် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ ရှိသော တုန်းယွဲ့ကို အနိုင်ယူခဲ့ချေပြီ။

သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ မှာပင် ဤမျှလောက်ထိ အစွမ်းရှိနေလျှင် အကယ်၍ သူသာ နောက်ဆုံးအဆင့် သို့မဟုတ် အဆင့် ၉ သို့ တက်လှမ်းသွားပါက မည်မျှအထိ အစွမ်းထက်လာမည်နည်း။

ယခုအချိန်တွင် လော့ယောင်သည် လော့ချန် နယ်ပယ်စာရင်းဝင်မည့် ကိစ္စအပေါ် အနည်းငယ်မျှပင် သံသယ မရှိတော့ပေ။ ၎င်းမှာ အချိန်ကိစ္စသာ ဖြစ်ပေလိမ့်မည်။

ဤသို့ တွေးမိသည်နှင့် လော့ယောင်၏ မျက်နှာထက်မှ အပြုံးမှာ ပိုမို ဆွဲဆောင်မှုရှိလာပြီး သူမ၏ တစ်ကိုယ်လုံးမှာ ဆွဲဆောင်မှုရှိသော အလင်းတန်းများ ဖြာထွက်နေတော့သည်။

“မင်းသာ နယ်ပယ်စာရင်းဝင်ရင် ငါလည်း ပြတိုက်ထဲမှာ ပိုပြီး လုပ်ပိုင်ခွင့်တွေ ရလာလိမ့်မယ်... အဲဒီကျရင် မင်းအတွက် ပိုပြီးတော့ အရင်းအမြစ်တွေ ပံ့ပိုးပေးနိုင်မှာပေါ့...”

လော့ယောင်၏ ဆွဲဆောင်သိမ်းသွင်းမှုများကို ကြည့်ရင်း လော့ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် နယ်ပယ်စာရင်းဝင်ရန် ရည်မှန်းချက် ထားရှိပြီးသား ဖြစ်သည်။

နယ်ပယ်စာရင်းဝင်ရုံတင် မကဘဲ နယ်ပယ်စာရင်း၏ နံပါတ်တစ်နေရာကိုပါ ရယူလိုခြင်း ဖြစ်သည်။

ယွမ်လန်နယ်မြေစု တစ်ခုလုံးရှိ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူအားလုံးကို အုပ်စိုးလိုခြင်းပင်။

သူက ပြုံး၍ ဆိုသည်။

“နယ်ပယ်စာရင်းဝင်ဖို့ဆိုတာက ကိစ္စအသေးအဖွဲလေးပါ... ဒါပေမဲ့ မမလော့ယောင်... မမရဲ့ ကတိကိုတော့ မမေ့နဲ့ဦးနော်...”

“အော်... ဘာကတိလဲ...”

လော့ယောင်၏ မျက်ဝန်းများ ဝေ့ဝဲသွားခဲ့သည်။

ဘေးမှ အားမူကလည်း မြှောက်ပင့်ပေးလိုက်ပြီး နှုတ်ခမ်းလေးကို အုပ်ကာ ပြုံး၍ ဆိုသည်။

“သခင်မလေး ပြောဖူးတယ်လေ... အကယ်၍ သခင်လေးလော့ချန်သာ နယ်ပယ်စာရင်းဝင်ရင် ကိုယ်တိုင် ပေးဆပ်ပါ့မယ်ဆိုပြီးတော့လေ...”

“ဟင်းဟင်း... အဲဒီကိစ္စလား...”

လော့ယောင်က အားရပါးရ ရယ်မောလိုက်ပြီး နူးညံ့လှသော လက်ချောင်းလေးဖြင့် လော့ချန်၏ ရင်ဘတ်ကို အသာအယာ တို့လိုက်ကာ စွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်သည်။

“ကောင်လေး... မင်းက ငယ်ပါသေးတယ်...”

လော့ချန်သည် ဓားဆန္ဒကို နားလည်ထားပြီး ကိစ္စရပ်များစွာကို ကြုံတွေ့ခဲ့ရသဖြင့် သူ၏ စိတ်နှလုံးမှာ ရိုးရှင်းသော လူငယ်လေးတစ်ဦး မဟုတ်တော့ပေ။ သူသည် လော့ယောင်၏ အကြည့်ကို တိုက်ရိုက် စိုက်ကြည့်လိုက်။

“ကျွန်တော့်အသက် တစ်ဆယ့်ငါးနှစ် ပြည့်ပြီးပြီပဲ... မငယ်တော့ပါဘူး...”

“မင်း နယ်ပယ်စာရင်းဝင်မှ ပြောကြတာပေါ့...”

လော့ယောင်မှာ အရှုံးပေးလိုက်ရပြီး လက်ကို ပြန်ရုပ်လိုက်ကာ လှပစွာ ပြုံးလျက် ဇရပ်အတွင်းသို့ လှပသော ကိုယ်ဟန်ဖြင့် လျှောက်လှမ်းသွားသည်။ သူမ၏ နားရွက်ဖျားလေးများမှာ အနည်းငယ် နီမြန်းနေပြီး အပေါ်ယံသာ နီမြန်းနေခြင်း မဟုတ်ကြောင်း သိသာလှသည်။

လော့ချန်က ပြုံး၍ နောက်မှ လိုက်သွားခဲ့သည်။

ယခုတင်က တိုက်ပွဲကို တွေးမိရင်း လော့ယောင်က မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

“ဝိညာဉ်တုန်ခါလှိုင်းက ဝိညာဉ်ကို ရိုက်ခတ်နိုင်တာလေ... သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေရဲ့ သိစိတ်ပင်လယ်က အခုမှ စတင်ဖြစ်ပေါ်တာဆိုတော့ ဝိညာဉ်စွမ်းအားက အရမ်းအားနည်းတယ်... ပုံမှန်ဆိုရင် ခုခံဖို့ အရမ်းခက်ခဲတာလေ... မင်းက ဘယ်လိုလုပ်ပြီး ဘာဒဏ်ရာမှ မရတာလဲ... ဘယ်လိုလုပ်လိုက်တာလဲ...”

“ကျွန်တော်လည်း မသိဘူး... သူမက ကောင်းကောင်း မလေ့ကျင့်ထားလို့ ဖြစ်မှာပေါ့...”

လော့ချန်က ကျောက်စားပွဲတွင် ထိုင်လိုက်ပြီး ခေါင်းခါယမ်းလျက် စကားလမ်းကြောင်း လွှဲလိုက်သည်။

“မင်းကတော့ တကယ့်ကို လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတာပဲ...”

လော့ယောင်က ပြုံးလိုက်ပြီး လော့ချန်က အမှန်အတိုင်း ပြောမည်မဟုတ်သည်ကို သိသဖြင့် ဆက်မမေးတော့ဘဲ ဆိုသည်။

“လော့ရွှယ်ယန်က အရမ်းကို မာနကြီးပြီး ရည်မှန်းချက် အောင်မြင်ဖို့ဆိုရင် နည်းလမ်းမျိုးစုံ သုံးတတ်တဲ့သူပဲ... မင်းက အသုံးမကျတဲ့ သိုင်းဝိညာဉ် နိုးကြားထားတာဆိုတော့ သူက မင်းကို မျက်စိထဲ ထည့်ချင်မှ ထည့်မှာ... ဒါပေမဲ့ တုန်းယွဲ့ကတော့ ဒီလို အရှက်ကွဲတာကို သည်းခံမှာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် အန္တရာယ်ကင်းအောင် မင်း အမြန်ဆုံး နယ်ပယ်စာရင်းဝင်အောင် လုပ်တာ အကောင်းဆုံးပဲ...”

လော့ယောင်က လော့ချန်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

“မင်း ဘယ်လောက်ကြာရင် နယ်ပယ်စာရင်းဝင်မယ်လို့ ခန့်မှန်းထားလဲ...”

လော့ချန် ခေတ္တ စဉ်းစားပြီးနောက် ဆိုသည်။

“တစ်နှစ်အတွင်းပေါ့...”

နယ်ပယ်စာရင်းဝင်ရုံမျှဆိုပါက လော့ချန်အနေဖြင့် လဝက်အတွင်းမှာပင် ရောက်ရှိနိုင်ကြောင်း ယုံကြည်မှု ရှိသည်။ သူ၏ လက်ရှိအစွမ်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ် သန်မာသူတစ်ဦးနှင့် ယှဉ်နိုင်နေပြီ ဖြစ်ရာ အကယ်၍ သူသာ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပါက သူ၏ အစွမ်းမှာ တစ်ဟုန်ထိုး တိုးတက်လာပြီး သွေးကြောနိုးကြားမှုနယ်ပယ်၏ ထိပ်သီးသန်မာသူ ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း နယ်ပယ်စာရင်း၏ နံပါတ်တစ် ဖြစ်လာရန်မှာမူ မလွယ်ကူလှပေ။

ယွမ်လန်နယ်မြေစုရှိ နိုင်ငံပေါင်းများစွာတွင် ပါရမီရှင်များမှာ မရေမတွက်နိုင်အောင် ရှိကြသော်လည်း လူတစ်ရာသာ နယ်ပယ်စာရင်းဝင်ခွင့် ရရှိသည်။

စာရင်းဝင်သူတိုင်းမှာ ကမ္ဘာကျော်လောက်သည့် ပါရမီရှင်များဖြစ်ကာ အဆင့်ကျော်၍ တိုက်ခိုက်နိုင်သော စူပါပါရမီရှင်များ ဖြစ်ကြသည်။

မဟာချူမင်းဆက် ကျိတော့ဂိုဏ်းမှ လီရှောင်ဖုန်းသည် ဓားဆန္ဒကို နားလည်ထားသည့် ထိပ်သီးဓားသမား ဖြစ်သော်လည်း နယ်ပယ်စာရင်း၏ အဆင့် ၉၃ နေရာမှာသာ ရှိနေသည်မဟုတ်ပါလား။

ဤသည်ကို ကြည့်ခြင်းအားဖြင့် စာရင်းဝင်သူများသည် မည်မျှ သန်မာကြသည်ကို သိနိုင်သည်။ ထိုသူများကို အနိုင်ယူပြီး နံပါတ်တစ်နေရာကို ရယူရန်မှာ လုံးဝ မလွယ်ကူလှပေ။

လော့ချန်သည် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသော်လည်း မဆင်မခြင် မာန်တက်ခြင်း မဟုတ်ပေ။ တစ်နှစ်ဆိုသည့် အချိန်မှာ သူ သေသေချာချာ စဉ်းစားပြီးမှ ပြောလိုက်ခြင်း ဖြစ်သည်။ အနည်းဆုံးတော့ ကျင့်ကြံဆင့်ကို သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထိ မြှင့်တင်ရမည်ဖြစ်ပြီး တကယ့် ဓားဆန္ဒကို နားလည်မှသာ မျှော်လင့်ချက် ရှိပေလိမ့်မည်။

“တစ်နှစ်အတွင်းမှာ နယ်ပယ်စာရင်းဝင်မယ် ဟုတ်လား...”

လော့ယောင်၏ မျက်ဝန်းများ ဝင်းလက်သွားပြီး အံ့သြတုန်လှုပ်မှုနှင့်အတူ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။ နယ်ပယ်စာရင်းဝင်ရန် မည်မျှ ခက်ခဲသည်ကို သူမ ကောင်းကောင်း သိထားသည်။ အရည်အချင်း မရှိသူများမှာ တစ်နှစ်မက တစ်သက်လုံး ကြိုးစားလျှင်ပင် မဖြစ်နိုင်ချေ။ ဤအဖြေက သူမ၏ မျှော်မှန်းချက်ထက် များစွာ ကျော်လွန်နေခဲ့ပြီပင်။

နောင်တစ်ချိန်တွင် လော့ချန် နယ်ပယ်စာရင်းဝင်လာမည့် အရေးကို တွေးမိရင်း လော့ယောင်မှာ အားရပါးရ ပြုံးလိုက်ကာပြောသည်။

“လော့ရွှယ်ယန်က မင်းက အသုံးမကျတဲ့ သိုင်းဝိညာဉ် နိုးကြားထားတာကို သိရင် မင်းကို သေချာပေါက် လျစ်လျူရှုလိမ့်မယ်... ဒါကို အသုံးချပြီး ငါ့ကို လှောင်ပြောင်လိမ့်ဦးမယ်... ဟင်းဟင်း... နောင်ကျရင်တော့ သူ့ကို အံ့သြသွားအောင် ငါ လုပ်ပြရသေးတာပေါ့...”

လော့ယောင်က လော့ချန်ကို ကြည့်ကာ ဆိုသည်။

“လော့ချန်... မင်း ဘာလိုအပ်လဲ... ငါ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်...”

လော့ချန်တွင် ယခုအခါ လုံလောက်သော ဝိညာဉ်ကျောက်များနှင့် သွေးကြောဖွင့်ဆေးလုံးများ ရှိနေပြီဖြစ်ရာ ဘာမှ မလိုအပ်တော့ပေ။

လော့ယောင်၏ အခြေအနေကို သိရှိသွားပြီးနောက် လော့ချန်သည် သူမအား ပိုမို အလုပ်မရှုပ်စေလိုတော့သဖြင့် ပြုံး၍ ဆိုလိုက်သည်။ “ဘာမှ မလိုပါဘူး... ကိုယ်တိုင် ပေးဆပ်ဖို့ပဲ မှတ်ထားပါ...”

“မင်းကတော့ တကယ့်ကို လူလည်လေးပဲ...”

လော့ယောင်က နှုတ်ခမ်းလေးကို အသာကိုက်ကာ သူ့ကို မျက်စောင်းထိုးလိုက်သည်မှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။

“ကျွန်တော် ဂိုဏ်းကို အရင်ပြန်တော့မယ်...”

လော့ချန်က နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

သူသည် ယခုအခါ လင်ယွမ်ပြတိုက်မှ သခင်မကြီး တစ်ဦးကို စော်ကားမိထားချေပြီ။ လော့ယောင်၏ လေသံအရ ထိုသခင်မကြီးမှာ စိတ်ကောင်းရှိသူ မဟုတ်ပေ။ သူ၏ အခြေအနေမှာ အလွန် အန္တရာယ် ရှိနေသဖြင့် အစွမ်းကို အမြန်ဆုံး မြှင့်တင်ကာ နယ်ပယ်စာရင်းဝင်ရန် အစွမ်းကုန် ကြိုးစားရမည် ဖြစ်သည်။

လော့ယောင်သည် လော့ချန်ကို လင်ယွမ်ပြတိုက်မှ ကိုယ်တိုင် လိုက်လံ ပို့ဆောင်ပေးခဲ့သည်။

“နှစ်လကျော်အတွင်းမှာတင် အစွမ်းက ဒီလောက်အထိ တိုးတက်လာတာပဲ... သခင်မလေး... ကျွန်မ တကယ်ကို သိချင်မိတယ်... သခင်လေးလော့ချန်က ဘယ်လိုမျိုး ကျင့်ကြံတာလဲဆိုတာကိုပေါ့...”

လော့ချန် ထွက်ခွာသွားသည်မှာ ကြာပြီဖြစ်သော်လည်း အားမူမှာမူ ယခင် တိုက်ပွဲကို မျက်စိထဲက မထွက်နိုင်ဘဲ ရှိနေဆဲပင်။

လော့ယောင်သည်လည်း ဤကိစ္စကို တွေးတောနေမိကာ လော့ချန် ထွက်ခွာသွားသော အရပ်ကို ကြည့်ရင်း ဆိုသည်။

“ဝိညာဉ်တုန်ခါလှိုင်းက သူ့ကို ဘာမှ မလုပ်နိုင်ဘူး... ဒီလောက်မြန်မြန်နဲ့ ဓားဆန္ဒ ၇၀ ရာခိုင်နှုန်းကို နားလည်သွားတာပဲ... ငါ ခန့်မှန်းရသလောက်တော့ သူက ဝိညာဉ်စွမ်းအားပိုင်းမှာ အနှိုင်းမဲ့ ပါရမီ ရှိနေပုံရတယ်...”

အားမူက အံ့သြစွာဖြင့် ရေရွတ်လိုက်၏။

“အသုံးမကျတဲ့ သိုင်းဝိညာဉ်နဲ့ ဝိညာဉ်စွမ်းအား ပါရမီရှင် ဟုတ်လား... အဲဒါ မဖြစ်နိုင်တာ...”

လော့ယောင်က ခပ်ဖွဖွ ပြုံးလိုက်သည်။

“သူ့ရဲ့ ကိုယ်ပေါ်မှာ ဘာမဆို ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား...”

အားမူ ခေတ္တမျှ မှင်တက်မိသွားပြီးမှ ခေါင်းညိတ်လိုက်သည်။

လော့ချန်သည် ဤအတောအတွင်း လုပ်ဆောင်ခဲ့သမျှ အရာတိုင်းမှာ အံ့ဖွယ် ကိစ္စရပ်များချည်းသာ မဟုတ်ပါလော။

“နောက်တစ်ခါ အခွင့်အရေး ရရင် သူ့ရဲ့ ဝိညာဉ်စွမ်းအားကို စစ်ဆေးကြည့်ခိုင်းလိုက်ရင် သိရမှာပဲ...”

လော့ယောင်သည် သူမ၏ အကြည့်ကို ပြန်ရုပ်လိုက်ပြီး ယနေ့ ဖြစ်ပျက်ခဲ့သမျှကို တွေးမိသည့်အခါ သူမ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။

“ငါ လော့ချန်ကို ရွေးချယ်ခဲ့တာ ဘယ်လောက်မှ မကြာသေးဘူး... လော့ရွှယ်ယန်က သတင်း ရသွားတဲ့အပြင် တုန်းယွဲ့ကိုတောင် လွှတ်ပြီး ပြဿနာရှာခိုင်းတယ်ပေါ့... ဒီလောက်တောင် ပြောင်ကြီး လုပ်ရဲတယ်ပေါ့လေ...”

“သူ နောက်ထပ် ဘာတွေ လုပ်ဦးမလဲဆိုတာ ငါ စောင့်ကြည့်နေမယ်... တကယ်လို့ တစ်နေ့နေ့မှာ ငါသာ အာဏာ ရလာခဲ့ရင်တော့...”

လော့ယောင်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

အားမူက ဆိုသည်။

“သခင်မလေး စိတ်ချပါ... လော့ချန်က သေချာပေါက် နယ်ပယ်စာရင်းဝင်မှာပါ... အဲဒီအခါကျရင် သခင်မလေးက မိသားစုရဲ့ အလေးပေးမှုကို ပြန်ရမှာဖြစ်လို့ သခင်မကြီးရဲ့ မျက်နှာကို ကြည့်နေစရာ မလိုတော့ပါဘူး...”

ထိုစကားကို ကြားမှ လော့ယောင်၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားကာ ပြုံးလျက် ဆိုသည်။

“အရင်က လော့ရွှယ်ယန်က ငါ့ကို ဖိနှိပ်ပြီး ဒီလို ဝေးလံလှတဲ့ ချီရှန်မြို့ကို အပြစ်ပေး လွှတ်လိုက်တာပဲ... ဒါပေမဲ့... ဒါကပဲ ငါ့ကို လော့ချန်ဆိုတဲ့ ရတနာသိုက်ကြီးနဲ့ တွေ့ဆုံစေခဲ့လိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူးပေါ့...”

“နောင်တစ်ချိန်မှာ သူ ဒီဆုံးဖြတ်ချက်အတွက် ဘယ်လောက်တောင် နောင်တရလိုက်မလဲဆိုတာ ငါ ကြည့်ချင်မိတယ်...”

တောင်တန်းများမှာ ခန့်ညားလှပြီး တိမ်ပင်လယ်မှာလည်း ဆူဝေနေတော့သည်။

တိမ်ပင်လယ်၏ အထက်တွင် ပုံရိပ်တစ်ခုမှာ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။

၎င်းမှာ လော့ချန် ပင်ဖြစ်သည်။

“ဝိညာဉ်ကျောက် ခြောက်ရာကျော်နဲ့ သွေးကြောဖွင့်ဆေးလုံး တစ်ဆယ့်နှစ်လုံး ရှိနေပြီဆိုတော့ အချိန်တိုအတွင်း သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်ကို တက်လှမ်းနိုင်မှာပဲ... ပြီးရင်တော့ လော့ရှာဂိုဏ်းကို သွားလို့ ရပြီ...”

“အခုတော့ အချိန်ပြည့် ကျင့်ကြံပြီး အဆင့်တက်အောင် ကြိုးစားရမယ်...”

လော့ချန် ကောင်းကောင်း သိထားသည်မှာ ကျင့်ကြံဆင့် မြင့်မားလေ အခြေခံ အစွမ်း ပိုမိုသန်မာလေဖြစ်ပြီး အခြားသော နည်းလမ်းများမှာ အားဖြည့်ပေးရုံသာ ရှိပေလိမ့်မည်။

အတွေးများ ဖြတ်ပြေးသွားပြီးနောက် လော့ချန်သည် သူ၏ အရှိန်ကို အမြင့်ဆုံးသို့ မြှင့်တင်ကာ ရွှမ်ယွမ်ဂိုဏ်းဘက်သို့ ဦးတည် ထွက်ခွာလာခဲ့တော့သည်။

အခန်း ၅၁၇ ပြီးပါပြီ။

အခန်း ၅၁၈ - လော့မဟာမိတ်ခေါင်းဆောင်နှင့် ရွှမ်ဟယ်စာရင်း

နာရီအနည်းငယ် ကြာပြီးနောက် လော့ချန်သည် ရွှမ်ယွမ်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာသည်။

ဂိုဏ်းတံခါးဝသို့ ဝင်လိုက်သည်နှင့် အသက်တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက်နှစ်အရွယ် တက်ကြွနုပျိုသော ပြင်ပစည်းတပည့်မလေး လေးဦးနှင့် ထိပ်တိုက်တိုးလေသည်။

“ဟင်... စီနီယာအစ်ကို လော့ချန်... အစ်ကို ပြန်လာပြီပဲ...”

“စီနီယာအစ်ကို လော့ချန် မင်္ဂလာပါ... ကျွန်မက လော့မဟာမိတ်က တပည့် ဆူးရင်းပါ...”

လော့ချန်ကို သိသော ပြင်ပစည်းတပည့်မလေး နှစ်ဦးသည် ရှေ့သို့တိုးကာ နှုတ်ဆက်ကြသည်။ သူတို့၏ အမူအရာမှာ အလွန်ပင် ရိုသေကိုင်းညွတ်နေပြီး မျက်ဝန်းထဲတွင် ကြည်ညိုအားကျသည့် အရိပ်အယောင်များပင် ပါဝင်နေသည်။

လော့ချန်သည် ခဏမျှ မှင်တက်မိသွားပြီးမှ စိတ်ထဲတွင် ခါးသက်သက် ပြုံးမိသွားသည်။ ချန်လင်းယူ ပြီးခဲ့သည့်တစ်ခေါက်က ပြောခဲ့သော စကားများကို သတိရသွား၏။

ဂိုဏ်းအတွင်း၌ မင်းသားတန်းအဖွဲ့အပြင် အင်အားသစ်တစ်ခု ပေါ်ပေါက်လာခဲ့ချေပြီ။ ၎င်းမှာ လော့မဟာမိတ် ပင်ဖြစ်၏။ သူသည်လည်း လော့မဟာမိတ်၏ ခေါင်းဆောင် ဖြစ်နေချေပြီ။

သူ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဤအရာမှာ အရှိန်အဟုန်ဖြင့် ဖြစ်ပျက်နေသည့် အမှန်တရားတစ်ခု ဖြစ်နေပြီဆိုသည်မှာ ထင်ရှားလှသည်။

“ငါ အခုပဲ အတွေ့အကြုံယူရာကနေ ပြန်လာတာ... ဆုံရတာ ကံကောင်းတာပဲ... ဒီမှာ ဆေးလုံး လေးပုလင်း ရှိတယ်... မင်းတို့ရဲ့ ကျင့်ကြံမှုအတွက် အထောက်အကူ ဖြစ်လိမ့်မယ်...”

ဤသူများမှာ လော့မဟာမိတ်မှ တပည့်များ ဖြစ်နေပြီး နာမည်အရ သူ၏လူများ ဖြစ်နေသဖြင့် လော့ချန်သည် တွန့်တိုမနေတော့ဘဲ ကြယ်သုံးပွင့်ဆေးလုံး လေးပုလင်းကို ထုတ်ယူကာ လက်ချောင်းဖြင့် အသာဝှေ့ယမ်းလိုက်ရာ တစ်ဦးချင်းစီ၏ လက်ထဲသို့ ကျရောက်သွားသည်။

ဤအဆင့်နိမ့် ဆေးလုံးများမှာ လော့ချန်အတွက် မပြောပလောက်သော်လည်း ငွေကျပ် သိန်းဂဏန်းခန့် တန်ဖိုးရှိသဖြင့် သာမန်တပည့်များအတွက်မူ အဖိုးတန်လှသည်။

“စီနီယာအစ်ကို လော့ချန်ရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်...”

ကြယ်သုံးပွင့် ဝိညာဉ်ဆေးလုံးမှာ လော့ချန်အတွက် ဘာမှမဟုတ်သော်လည်း သာမန်ပြင်ပစည်းတပည့်များအတွက်မူ ရခဲလှသော ပစ္စည်းပင်။

ပြင်ပစည်းတပည့်မလေး နှစ်ဦး၏ မျက်နှာတွင် အတိုင်းထက်အလွန် ဝမ်းသာရိပ်များ ပေါ်လွင်နေသည်။

ဆူးရင်းဟု ခေါ်သော မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးက နောက်မှ နှစ်ဦးကို တိုက်တွန်းလိုက်သည်။

“စီနီယာအစ်ကို့ကို ကျေးဇူးမတင်ကြသေးဘူးလား...”

“စီနီယာအစ်ကို့ကို ကျေးဇူးတင်ပါတယ်...”

ကျန်ရှိနေသော တပည့်မလေး နှစ်ဦးမှာလည်း သတိပြန်ဝင်လာပြီး အလျင်အမြန်ပင် ဦးညွှတ်ကျေးဇူးတင်ကြသည်။

“အေးအေးဆေးဆေး ကျင့်ကြံကြပါ... သွေးကြောနိုးကြားမှုနယ်ပယ်ကို အမြန်ဆုံး အဆင့်တက်ပြီး အတွင်းစည်းကို ဝင်နိုင်အောင် ကြိုးစားကြဦး...”

လော့ချန်က အားပေးစကား ဆိုလိုက်ပြီးနောက် ကိုယ်ဟန်ကို လှုပ်ရှားကာ အတွင်းစည်းဘက်သို့ ပျံတက်သွားသည်။

ဆူးရင်းသည် မျက်လုံးကို လွှဲလိုက်ပြီး အနောက်မှ တပည့်မလေး နှစ်ဦးကို ပြုံးစစဖြင့် ဆိုသည်။

“ငါ ပြောသားပဲ... စီနီယာအစ်ကို လော့ချန်က စိတ်ထား အရမ်းကောင်းတာပါဆို... သူ တစ်ယောက်တည်းနဲ့ မင်းသားတန်းအဖွဲ့ကို အာခံရဲပြီး ငါတို့လိုမျိုး သာမန်မိသားစုကလာတဲ့ ပါရမီ သိပ်မရှိတဲ့လူတွေအတွက် ရှေ့က မားမားမတ်မတ် ရပ်တည်ပေးတာ... မင်းတို့ လော့မဟာမိတ်ထဲ ဝင်ဖို့ စဉ်းစားကြည့်ကြမလား...”

တပည့်မလေး တစ်ဦးက တိုးတိုးလေး မေးမြန်းလိုက်သည်။

“လော့မဟာမိတ်ထဲ ဝင်ရင် မင်းသားတန်းအဖွဲ့က လူတွေရဲ့ လက်စားချေတာ ခံရမလားဟင်...”

ဆူးရင်းက နှုတ်ခမ်းကို စူလိုက်ပြီး မကျေမချမ်း ဆိုသည်။

“အရင်က ငါတို့ မင်းသားတန်းအဖွဲ့ရဲ့ နှိပ်စက်မှုကို ခံခဲ့ရတာ နည်းလို့လား... ကောင်းတဲ့အရာမှန်သမျှ သူတို့ပဲ ရကြတယ်... ပြဿနာရှာခံရရင်လည်း ငြိမ်ခံနေခဲ့ရတာပဲ... စီနီယာအစ်ကို လော့ချန်က ငါ့ကို နားလည်စေခဲ့တယ်... အခြေခံညံ့တာနဲ့ ပါရမီ သာမန်ဖြစ်တာက ဘာဖြစ်လဲ... ငါတို့ကလည်း သူတို့ထက် နိမ့်ကျနေတဲ့လူတွေ မဟုတ်ဘူးဆိုတာပဲ...”

“စီနီယာအစ်မ ဆူး... ကျွန်မ လော့မဟာမိတ်ထဲ ဝင်ပါ့မယ်...”

လော့ချန်သည် အာရုံခံစားမှု ထက်မြက်လှသဖြင့် ဆူးရင်း၏ စကားများကို အကုန်ကြားလိုက်ရသည်။ ဂိုဏ်း၏ အောက်ခြေတပည့်များ၏ စိတ်ထဲမှ ဖိအားနှင့် မတရားမှုများကို သူ ခံစားလိုက်ရသည်။

သေသေချာချာ စဉ်းစားကြည့်လျှင် သူကိုယ်တိုင်လည်း ယခင်က ထိုသို့ပင် မဟုတ်ပါလော...

ထူးခြားသည်မှာ သူ့၌ ယွမ်မန်လီကဲ့သို့သော နောက်ခံ ရှိနေခြင်းသာ ဖြစ်သည်။

“လော့မဟာမိတ်...”

လော့ချန်သည် မူလက လော့မဟာမိတ်ခေါင်းဆောင်ဆိုသည့် အဆင့်အတန်းအပေါ် သံသယ ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ တည်ငြိမ်စွာ လက်ခံလိုက်ပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ အရေးတကြီး လိုအပ်ချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ယနေ့မှစ၍ သူသည် တစ်ယောက်တည်း မဟုတ်တော့ပေ။ သူ၏ အစွမ်းမှာ ဤအဆင့်အတန်းမှ ပေးအပ်ထားသော တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် မလုံလောက်သေးချေ။

တစ်နေ့နေ့တွင် သူသည် မင်းသားတန်းခေါင်းဆောင် နန်ကုန်းကျွယ်နှင့် တန်းတူ ရင်ဘောင်တန်းနိုင်မှသာ ဖြစ်ပေလိမ့်မည်။

သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ရှူထုတ်လိုက်ပြီး လော့ချန်သည် အတွင်းစည်းသို့ ပျံသန်းဝင်ရောက်သွားသည်။

အတွင်းစည်းရင်ပြင်...။

အတွင်းစည်းတပည့်များသည် ကျင့်ကြံမှုဖြင့် အလုပ်ရှုပ်နေကြပြီး တစ်ဦးမှာ ကျင့်ကြံနေပါက အခြားတစ်ဦးမှာ အတွေ့အကြုံယူရန် အပြင်သို့ ထွက်နေတတ်သည်။ ဤရင်ပြင်မှာ ပုံမှန်အားဖြင့် လူရှင်းနေတတ်သော်လည်း ယခုမူ လူများဖြင့် စည်ကားနေသည်။

အတွင်းစည်းတပည့်များမှာ တစ်ဦးပြီးတစ်ဦး ပျံသန်းသွားလာနေကြပြီး အချို့မှာ ကိုယ်ပေါ်တွင် သွေးစများ စွန်းထင်နေကာ သတ်ဖြတ်ခြင်း အငွေ့အသက်များ ကျန်ရှိနေသဖြင့် ပြင်းထန်သော တိုက်ပွဲများကို ဆင်နွှဲလာခဲ့ပုံရသည်။

“ဘာတွေဖြစ်နေတာလဲ...”

လော့ချန်သည် သိချင်စိတ်ဖြင့် ရင်ပြင်အလယ်တွင် ဆင်းသက်လိုက်သည်။

“ဟင်... လော့ချန်...”

ကြည်လင်ပြတ်သားသော အသံတစ်ခု ဘေးမှ ထွက်ပေါ်လာသည်။

လော့ချန် လှည့်ကြည့်လိုက်သည့်အခါ လူအုပ်ကြားမှ လျှောက်လာသော တောနက်ထဲမှ သစ်ခွပန်းတစ်ပွင့်အလား ထူးခြားသော အရှိန်အဝါရှိသည့် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ အဓိကတပည့် ကျူးလင်မေ့ ပင်ဖြစ်၏။

“စီနီယာအစ်မ ကျူး...”

ကျူးလင်းမေ့သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ သန်မာသူဖြစ်သလို အဓိကတပည့်လည်း ဖြစ်သည်။ ပြီးခဲ့သည့်တစ်ခေါက် ခန္ဓာသန့်စင်ကန်တွင် ကျင့်ကြံစဉ်ကလည်း သူမက ရှေ့မှထွက်ကာ ပြဿနာကို ဖြေရှင်းပေးခဲ့ဖူးသဖြင့် လော့ချန်အနေဖြင့် စီနီယာအစ်မဟု ခေါ်ဆိုရန်မှာ သင့်တော်လှပေသည်။

ကျူးလင်မေ့က ခေါင်းအသာညိတ်ပြကာ ဆိုသည်။

“ဒီအတောအတွင်း ဂိုဏ်းထဲမှာ မင်းကို မတွေ့ရဘူးနော်...”

“ကျွန်တော် အတွေ့အကြုံယူဖို့ အပြင်ကို ခဏထွက်သွားတာပါ...”

“အော်... ဟုတ်လား...”

ကျူးလင်မေ့က လော့ချန်ကို သေသေချာချာ ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ ဝင်းလက်နေသည်။

ချီဖုံးကွယ်ကျင့်စဉ်ကြောင့် ကျူးလင်မေ့သည် လော့ချန်၏ ကျင့်ကြံဆင့်ကို မမြင်နိုင်သော်လည်း ဓားဆန္ဒအခြေခံကို နားလည်ထားသည့် ဓားသမားတစ်ဦးအနေဖြင့် သူမ၏ အမြင်မှာ အလွန်စူးရှလှသဖြင့် လော့ချန်၏ ကိုယ်ပေါ်တွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေကြောင်း အလိုလို သိရှိနေသည်။ သို့သော် ထိုပြောင်းလဲမှုမှာ မည်သည့်အရာ ဖြစ်သည်ကိုမူ သူမ မသိရှိချေ။

လော့ချန်သည် သွားလာနေသော လူအုပ်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ... ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ...”

ကျူးလင်မေ့က သတိပြန်ဝင်လာကာ ဆိုသည်။

“မင်း သိမှာပါ... မကြာခင်က ဝူးယန်မြို့မှာ ဖြစ်ခဲ့တဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်းကိုလေ...”

လော့ချန် ခေါင်းအသာညိတ်လိုက်သည်။

ဤကိစ္စကို သူ့ထက်ပိုသိသူ မည်သူရှိဦးမည်နည်း။

ကျူးလင်မေ့က ဆက်ပြောသည်။

“ဒီကိစ္စက ဂိုဏ်းကြီး သုံးဂိုဏ်းလုံးကို တုန်လှုပ်စေခဲ့တယ်... မကြာခင်ကပဲ လျှပ်ယွမ်ဂိုဏ်းရဲ့ ပြင်ပစည်းအကြီးအကဲ ရန်ကွေ့ဟာ ပိရို့မြို့အနီးမှာ သွေးဝိညာဉ်ဂိုဏ်းရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရတယ်လို့ ယူဆရတယ်...”

“ဒါကြောင့် လျှပ်ယွမ်ဂိုဏ်းရဲ့ အဆင့်မြင့်လူကြီးတွေ ဒေါသထွက်နေကြသလို ဂိုဏ်းအသီးသီးကလည်း သွေးဝိညာဉ်ဂိုဏ်းက ဘယ်လို ပရိယာယ်တွေ ဖုံးကွယ်ထားလဲဆိုတာကို စိုးရိမ်နေကြတယ်...”

“နတ်ဆိုးတောအုပ်ထဲမှာ ဖုံးကွယ်နေတဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ စခန်းကို အမြန်ဆုံး ရှာဖွေဖို့နဲ့ တာယွဲ့မင်းဆက်မှာ ရှိနေတဲ့ သူတို့ရဲ့ အင်အားစုတွေကို ချေမှုန်းဖို့အတွက် လျှပ်ယွမ်ဂိုဏ်းက ဂိုဏ်းအသီးသီးနဲ့ ပူးပေါင်းပြီး တာဝန်တွေ ထုတ်ပြန်လိုက်တယ်... အတွင်းစည်းတပည့်တွေကို နတ်ဆိုးတောအုပ်ထဲ ဝင်ခိုင်းလိုက်တာပဲ...”

“ဒီတာဝန်အတွက် ဂိုဏ်းအသီးသီးက အရင်းအမြစ်တွေ အများကြီး အသုံးပြုထားတယ်... သွေးဝိညာဉ်ဂိုဏ်းတပည့် တစ်ယောက်ကို သတ်တိုင်း များပြားတဲ့ ဆုလာဘ်တွေ ရလိမ့်မယ်... ဂိုဏ်းအကျိုးပြုမှတ်တွေအပြင် ဝိညာဉ်ဆေး၊ ရတနာတွေနဲ့ ကျင့်စဉ်တွေပါ ရရှိဦးမှာပဲ...”

“တကယ်လို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ စခန်းကို ရှာတွေ့တဲ့လူဆိုရင် ဂိုဏ်းအကျိုးပြုမှတ် သုံးထောင်အပြင် တီကျန့်မဟာဆေးလုံး နှစ်လုံးတောင် ရဦးမှာ...”

“ဒါတင်မကသေးဘူး... လျှပ်ယွမ်ဂိုဏ်းက သူတို့ရဲ့ ကျင့်ကြံခြင်းနယ်မြေဖြစ်တဲ့ လျဲ့ဟော်တောင်ကြားမှာ ကျင့်ကြံခွင့် တစ်ကြိမ်ကိုလည်း အထူးဆုလာဘ်အဖြစ် ပေးအပ်ဦးမှာပဲ...”

သွေးဝိညာဉ်ဂိုဏ်းစခန်းကို ရှာတွေ့သူရမည့် ဆုလာဘ်ကို ပြောနေစဉ် ကျူးလင်မေ့၏ မျက်ဝန်းများမှာ ဝင်းလက်နေပြီး အသက်ရှူသံပင် အနည်းငယ် မြန်လာခဲ့သည်။

ဂိုဏ်းအကျိုးပြုမှတ် တစ်မှတ်သည် ငွေကျပ် သိန်းဂဏန်းခန့် တန်ဖိုးရှိပြီး ချီစွမ်းအင်ဆေးလုံး တစ်ရာနှင့် ညီမျှသည်။

အကျိုးပြုမှတ် သုံးထောင်ဆိုသည်မှာ ငွေကျပ် သိန်းသုံးသောင်းကျော် တန်ဖိုးရှိသည်။

ဤမျှများပြားသော ကြွယ်ဝမှုကြီးမှာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများကို မဆိုထားနှင့်... စတုတ္ထနယ်ပယ် ပုဂ္ဂိုလ်ကြီးများပင် စိတ်လှုပ်ရှားသွားပေလိမ့်မည်။

တီကျန့်မဟာဆေးလုံးမှာလည်း မပြောပလောက်သည့် အရာမဟုတ်ပေ။

ထိုဆေးလုံးကို ရှားပါးဝိညာဉ်ဆေး အမျိုးပေါင်း တစ်ရာကျော်ဖြင့် ဖော်စပ်ထားခြင်း ဖြစ်ပြီး အနည်းဆုံး ကြယ်ခြောက်ပွင့် ဆေးဆရာမှသာ ဖော်စပ်နိုင်ကာ အောင်မြင်မှုနှုန်းမှာလည်း အလွန်ပင် နိမ့်ကျလှသည်။

တီကျန့်မဟာဆေးလုံး တစ်လုံးသည် သွေးသားအခြေခံကို သန်မာစေနိုင်ပြီး စတုတ္ထနယ်ပယ်သို့ တက်လှမ်းရန် အထောက်အကူ ပေးနိုင်သဖြင့် ဆေးလုံးတစ်လုံးစီမှာ အလွန်ပင် အဖိုးတန်လှသည်။

လျှပ်ယွမ်ဂိုဏ်း၏ ကျင့်ကြံခြင်းနယ်မြေဖြစ်သော လျဲ့ဟော်တောင်ကြားဆိုလျှင် ၎င်း၏ ကျင့်ကြံမှု အကျိုးသက်ရောက်မှုမှာ ရွှမ်ယွမ်ဂိုဏ်း၏ ခန္ဓာသန့်စင်ကန်နှင့် လော့ရှာဂိုဏ်း၏ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တို့ထက်ပင် ပိုမို သာလွန်လှသည်။

၎င်းမှာ လျဲ့ဟော်တောင်ကြား အမြဲတမ်း နာမည်ကျော်နေရသည့် အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်သည်။

လော့ချန်သည် မိမိ၏ မတော်တဆ လုပ်ဆောင်ချက်က ဤမျှအထိ ကြီးမားသော ဂယက်ထသွားလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် မနေနိုင်ဘဲ ပြုံး၍ ဆိုလိုက်သည်။

“လျှပ်ယွမ်ဂိုဏ်းက တကယ်ကို ရက်ရောတာပဲ... လျဲ့ဟော်တောင်ကြားမှာ ကျင့်ကြံခွင့်ကိုတောင် ဆုလာဘ်အဖြစ် ထုတ်ပေးတယ်ဆိုတော့...”

ကျူးလင်မေ့က အေးစက်စွာ ပြုံးလိုက်သည်။

“ဒါကလည်း နည်းလမ်းမရှိလို့ပါ... လျှပ်ယွမ်ဂိုဏ်းက ဂိုဏ်းကြီး သုံးဂိုဏ်းရဲ့ ခေါင်းဆောင်လို့ အမြဲ ခံယူထားတာလေ... အခု ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက် အသတ်ခံရတာက ပေါ်ပေါ်တင်တင် စိန်ခေါ်ခံလိုက်ရတာပဲ... တကယ်လို့ သူတို့ဘက်က ဘာမှ မပြရင် သူတို့ရဲ့ အရှိန်အဝါက ဘယ်မှာ ကျန်တော့မှာလဲ...”

စကားပြောနေစဉ်မှာပင် ကျူးလင်မေ့က မိမိကိုယ်ကိုယ် လှောင်ပြောင်သည့်ဟန်ဖြင့် ပြုံးလိုက်ပြန်သည်။

“ဒါပေမဲ့ ဆုလာဘ်တွေက များပေမဲ့ ရဖို့တော့ မလွယ်ပါဘူး...”

“သွေးဝိညာဉ်ဂိုဏ်းတပည့် တစ်ယောက်ချင်းစီက သွေးဆေးလုံးတွေကို သုံးပြီး ကျင့်ကြံထားကြတာဆိုတော့ အစွမ်းက အရမ်းကို သန်မာတယ်... ရက်စက်ပြီး ကောက်ကျစ်ကြသလို ပရိယာယ်လည်း များကြတာ... နည်းနည်းလေး ပေါ့ဆလိုက်တာနဲ့ အသတ်ခံရနိုင်တယ်...”

လော့ချန် ခေါင်းညိတ်လိုက်သည်။ သူ တွေ့ခဲ့သော သွေးဝိညာဉ်ဂိုဏ်းတပည့်များမှာ လွယ်ကူသူ တစ်ဦးမျှ မပါဝင်ချေ။ ထိုသူများမှာ သတ်ဖြတ်ခြင်းကို ဝါသနာပါကြသလို ဆန်းကြယ်လှသော နည်းလမ်းများစွာ ရှိကြသဖြင့် သာမန်ရန်သူများထက် များစွာ ပိုမို ကြောက်စရာ ကောင်းလှသည်။

“ဒါ့အပြင် ဒီလောက်များပြားတဲ့ ဆုလာဘ်တွေအောက်မှာ ဂိုဏ်းအသီးသီးက အတွင်းစည်းတပည့်တွေ အကုန်လုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြတာဆိုတော့ ပြိုင်ဆိုင်မှုက အရမ်းကို ပြင်းထန်လိမ့်မယ်... တီကျန့်မဟာဆေးလုံး ဆုလာဘ် ရှိနေတာဆိုတော့ ငါတို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ ရွှမ်ဟယ်စာရင်းထဲက သန်မာသူတွေလည်း သေချာပေါက် ပါဝင်လာကြလိမ့်မယ်...”

လော့ချန်၏ မျက်ခုံးများ ပင့်တက်သွားကာ မေးလိုက်၏။

“ရွှမ်ဟယ်စာရင်း ဟုတ်လား...”

သူ အတွင်းစည်းသို့ ရောက်ရှိသည်မှာ မကြာသေးဘဲ အချိန်ပြည့် ကျင့်ကြံနေခဲ့သဖြင့် အကြောင်းအရာ အများအပြားကို မသိရှိသေးပေ။

ခန္ဓာသန့်စင်ကန်တွင် အတူတူ ကျင့်ကြံခဲ့သည့် အကြောင်းရင်းကြောင့် ဖြစ်ပေလိမ့်မည်၊ ကျူးလင်မေ့သည် အလွန်ပင် စိတ်ရှည်လှပြီး ရင်ပြင်၏ အရှေ့တောင်ဘက်ရှိ ဧရာမ ကျောက်စိမ်းတိုင်ကြီးကို လက်ညှိုးညွှန်ပြကာ ဆိုသည်။

“အဲဒါက ရွှမ်ဟယ်စာရင်းပဲ...”

“ရွှမ်ဟယ်စာရင်းဆိုတာ အတွင်းစည်း အဓိကတပည့်တွေထဲက အသန်မာဆုံး လူငါးရာကို စာရင်းပြုစုထားတာပဲ... ဒီလူတွေရဲ့ ကျင့်ကြံဆင့်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ ကို ရောက်နေကြပြီဖြစ်သလို ပါရမီကလည်း ထူးချွန်ကြတယ်... တိုက်ပွဲစွမ်းရည်ကလည်း အဆင့်တူ သန်မာသူတွေထက် များစွာ သာလွန်ကြတာ... အထူးသဖြင့် ရွှမ်ဟယ်စာရင်းရဲ့ ထိပ်ဆုံး ဆယ်ယောက်ကတော့ မျိုးဆက်တပည့်တွေလို့ ခေါ်ဆိုကြပြီး စတုတ္ထနယ်ပယ်ကို တက်လှမ်းဖို့နဲ့ တိုက်ရိုက်တပည့် ဖြစ်လာဖို့ အလားအလာ အရှိဆုံး လူတွေပဲ...”

ကျူးလင်မေ့သည် လော့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ဆိုလိုက်သည်။

“အဋ္ဌမမင်းသား ကျင်းမင်က အဲဒီ မျိုးဆက်တပည့် ဆယ်ယောက်ထဲက တစ်ယောက်ပဲ... ရွှမ်ဟယ်စာရင်းရဲ့ နံပါတ် ၃ နေရာမှာ ရှိနေတာ...”

အခန်း ၅၁၈ ပြီးပါပြီ။

အခန်း ၅၁၉ - ခန္ဓာသန့်စင်ကန်၏ ထူးဆန်းသော အပြောင်းအလဲနှင့် မင်းတို့ သုံးယောက် ငါ့နောက်ကို လိုက်ခဲ့

“ရွှမ်ဟယ်စာရင်းရဲ့ နံပါတ် ၃ နေရာတဲ့လား...”

လော့ချန်သည် ဧရာမ ကျောက်စိမ်းတိုင်ကြီးကို ကြည့်ကာ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။

အဋ္ဌမမင်းသား ကျင်းမင်သည် သူ့အား အကြိမ်ကြိမ် ဒုက္ခပေးရန် ကြံစည်ခဲ့သော်လည်း နောက်ဆုံးတွင် အစီအစဉ်များ အားလုံး ပျက်ပြားခဲ့ရသည်။ သို့သော် လော့ချန်သည် ထိုကိစ္စများကို မေ့ပျောက်ထားသူ မဟုတ်ချေ။

ဆွန်ယင်ယန်အပြင် ကျင်းမင်သည် သူ သေချာပေါက် လက်စားချေရမည့် လူများထဲမှ တစ်ဦးပင် ဖြစ်သည်။

လော့ချန်သည် အကြည့်ကို လွှဲလိုက်ပြီး မေးမြန်းလိုက်သည်။

“ရွှမ်ဟယ်စာရင်းထဲ ဝင်ဖို့ဆိုရင် ဘယ်လိုလုပ်ရမလဲ... စာရင်းထဲဝင်ရင်ရော ဘာအကျိုးကျေးဇူးတွေ ရှိလို့လဲ...”

ကျူးလင်မေ့က ဆိုသည်။

“ရွှမ်ဟယ်စာရင်းရဲ့ အဆင့်သတ်မှတ်ချက်က ရိုးရှင်းပါတယ်... သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ အတွင်းစည်း ပြိုင်ပွဲကြီးမှာ ထိပ်ဆုံး လူငါးရာက စာရင်းထဲ ဝင်တာပဲ... နောက်တစ်ကြိမ် ပြိုင်ပွဲက တစ်နှစ်လောက် လိုသေးတယ်... အဲဒါအပြင် ပုံမှန်အချိန်မှာလည်း အဆင့်နိမ့်တဲ့ အဓိကတပည့်တွေက စာရင်းထဲက လူတွေကို စိန်ခေါ်လို့ ရတယ်... အနိုင်ရရင်တော့ သူတို့ရဲ့ နေရာကို အစားထိုးနိုင်တာပေါ့...”

“အကျိုးသက်ရောက်မှုကတော့...” ကျူးလင်မေ့က ပြုံးလျက် ဆက်ပြောသည်။ “ရွှမ်ဟယ်စာရင်းထဲက တပည့်တွေကို ဂိုဏ်းက ပိုပြီးတော့ အလေးထားတယ်... အထူးခံစားခွင့်တွေလည်း ရကြတယ်... သူတို့ရဲ့ ကိုယ်ပိုင် ကျောက်စိမ်းတံဆိပ်ပြားထဲမှာ သေးငယ်တဲ့ အစီရင်ခံစနစ် ပါဝင်နေတော့ အသက်အန္တရာယ်နဲ့ ကြုံရရင် အကူအညီ တောင်းလို့ ရတယ်လေ... သာမန်အတွင်းစည်းတပည့်တွေမှာတော့ ဒီလို အထူးအခွင့်အရေး မရှိဘူး...”

“ဒါပေမဲ့ ဒါတွေက အဓိက မဟုတ်ပါဘူး... စာရင်းဝင်ဖို့ အရည်အချင်းရှိတဲ့သူတိုင်းက ထူးချွန်တဲ့ ပါရမီရှင်တွေချည်းပဲဆိုတော့ ဘယ်သူမှ သူများအောက်မှာ မနေချင်ကြဘူးလေ... စာရင်းဝင်တယ်ဆိုတဲ့ ဂုဏ်ဒြပ်ကတင် အချင်းချင်း ပြိုင်ဆိုင်ဖို့ လုံလောက်နေပါပြီ...”

လော့ချန် ခေါင်းညိတ်လိုက်သည်။ ပါရမီရှင်တိုင်းတွင် ကိုယ်ပိုင်မာန ရှိကြသည်သာမက သွေးဆူလွယ်သော လူငယ်သဘာဝလည်း ဖြစ်နေကြရာ ဂုဏ်ဒြပ်အတွက် ပြိုင်ဆိုင်ကြသည်မှာ မဆန်းချေ။

လော့ချန်သည်လည်း ပိုမိုမြင့်မားသော နေရာသို့ တက်လှမ်းလိုသည်။

“ဒါနဲ့ လော့ချန်... တစ်ခုလောက် သိချင်လို့...”

ကျူးလင်မေ့က မျက်တောင်တစ်ချက် ခတ်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဘာကိစ္စလဲ...”

ကျူးလင်မေ့က လော့ချန်ကို စိုက်ကြည့်ရင်း ဆိုသည်။

“ငါတို့ ခန္ဓာသန့်စင်ကန်ထဲ ရောက်ပြီး ဒုတိယမြောက်နေ့မှာပဲ အကြီးအကဲလီက ခန္ဓာသန့်စင်ကန်ကို အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ကြေညာလိုက်တယ်... ဘယ်သူမှလည်း ကျောက်စိမ်းတောင်ထိပ် ကို မတက်ရဘူးတဲ့... အဲဒီနေ့က မင်းက ခန္ဓာသန့်စင်ကန်ထဲကနေ နောက်ဆုံးမှ ထွက်လာတာဆိုတော့ အထဲမှာ ဘာတွေဖြစ်ခဲ့လို့လဲ...”

ခန္ဓာသန့်စင်ကန်ကို အကန့်အသတ်မရှိ ပိတ်လိုက်သည်တဲ့လား...။

လော့ချန်၏ စိတ်နှလုံးမှာ တုန်လှုပ်သွားပြီး ဤကိစ္စမှာ သူနှင့် သက်ဆိုင်နေကြောင်း ချက်ချင်း သိလိုက်သည်။

ခန္ဓာသန့်စင်ကန်၏ ထူးခြားချက်မှာ ရေထဲတွင် ဘုရင်အဆင့် သန်မာသူ၏ စိတ်ဆန္ဒ ကိန်းအောင်းနေပြီး ခန္ဓာကိုယ်နှင့် ချီစွမ်းအင်ကို သန့်စင်ပေးနိုင်ခြင်း ဖြစ်သည်။

သူသည် ထိုစိတ်ဆန္ဒ၏ အနှစ်သာရ အတော်များများကို ဝါးမျိုခဲ့သဖြင့် အာနိသင်မှာ သိသိသာသာ လျော့နည်းသွားပေလိမ့်မည်။ ပြန်လည် ကောင်းမွန်ရန် အချိန်အတော်ကြာ လိုအပ်သလို လုံးဝ ပြန်မကောင်းလာနိုင်သည်လည်း ဖြစ်နိုင်သည်။

‘အဲဒီ အကြီးအကဲလီသာ အကြောင်းအရင်းကို သိသွားရင် ငါ့ဆီကို စုံစမ်းလာမလား မသိဘူး...’

စိတ်ထဲမှ တွေးတောနေသော်လည်း လော့ချန်၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲ ဖြစ်သည်။

“မသိဘူးလေ... ကျွန်တော် ထွက်လာတဲ့အချိန်မှာ ဘာမှ ထူးထူးခြားခြား မရှိပါဘူး...”

သူက အမှန်တစ်ဝက်၊ အမှားတစ်ဝက်ဖြင့် ပြန်ဖြေလိုက်သည်။

“ဟုတ်လား... ဒါဆိုရင်တော့ ထူးဆန်းတာပဲ... ခန္ဓာသန့်စင်ကန်ကို ပိတ်လိုက်တာက တစ်ခါမှ မဖြစ်ဖူးတဲ့ ကိစ္စပဲလေ...” ကျူးလင်မေ့က တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုစဉ် ရွှမ်ဟယ်စာရင်း ကျောက်တိုင်ကြီးရှိရာဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။

“စီနီယာအစ်ကိုလုက ရွှမ်ဟယ်စာရင်းရဲ့ နံပါတ် ၄၉၀ နေရာကို ရသွားပြီ... ဂုဏ်ပြုပါတယ်... မကြာခင်မှာ စီနီယာအစ်ကို့ရဲ့ နာမည်က တစ်လောကလုံး ဟိုးဟိုးကျော်သွားတော့မှာပဲ...”

“ဟုတ်တယ်... စီနီယာအစ်ကို့ကို ဂုဏ်ပြုပါတယ်...”

လော့ချန်က သိချင်စိတ်ဖြင့် ပြောလိုက်၏။

“သွားကြည့်ကြရအောင်...”

ရွှမ်ဟယ်စာရင်း ကျောက်တိုင်မှာ အချင်း တစ်လံကျော်ပြီး အမြင့် ငါးလံခန့် ရှိကာ ဖြူဖွေးဝင်းပနေသည်။ ၎င်းပေါ်တွင် နာမည်များနှင့် အဆင့်အတန်းများ လင်းလက်နေကြ၏။

အမြင့်ဆုံး နေရာရှိ ရွှမ်ဟယ်စာရင်း၏ မျိုးဆက်တပည့် ဆယ်ယောက်၏ နာမည်များမှာမူ သိသိသာသာ ထူးခြားနေပြီး နေမင်းငယ်များအလား ရွှေနီရောင်ဖြင့် တောက်ပနေကာ မြင့်မြတ်သော အရှိန်အဝါများ ရှိနေသည်။

လော့ချန် ဝေ့ကြည့်လိုက်ရာ နံပါတ် ၃ နေရာတွင် ကျင်းမင်၏ နာမည်ကို တွေ့လိုက်ရသည်။ နံပါတ် ၂ နေရာတွင် ချီယွီ၊ နံပါတ် ၁ နေရာတွင်မူ ဖန်ယွဲ့ယန်။

ယခုအချိန်တွင် ကျောက်တိုင်အောက်တွင် လူအများ ပြည့်နှက်နေပြီး အတွင်းစည်းတပည့် အချို့မှာ အရပ်ရှည်ပြီး ဗလကောင်းသော လူငယ်တစ်ဦးကို ဝန်းရံကာ ရိုသေကိုင်းညွတ်စွာ ဂုဏ်ပြုနေကြသည်။

လူအများ၏ ပြောစကားအရ ထိုလူငယ်၏ နာမည်မှာ လုရှောင်ကျင့် ဖြစ်ပြီး မင်းသားတန်းအဖွဲ့မှ ဖြစ်ကာ စိန်ခေါ်ပွဲမှတစ်ဆင့် ရွှမ်ဟယ်စာရင်း၏ နံပါတ် ၄၉၀ နေရာကို ရရှိခဲ့ခြင်း ဖြစ်သည်။

“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့်ပဲ...”

လော့ချန်သည် လုရှောင်ကျင့်၏ ကျင့်ကြံဆင့်ကို တစ်ချက်တည်းနှင့် သိလိုက်ပြီး ရွှမ်ဟယ်စာရင်းကို ကြည့်ကာ စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

“ငါ့ရဲ့ လက်ရှိအစွမ်းက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့်လောက်ပဲ ရှိတာ... သူတို့ထက် သိပ်ပြီးတော့ မသာနိုင်သေးဘူး... အစွမ်းကုန် ကြိုးစားရင်တော့ နံပါတ် ၄၈၀၊ ဒါမှမဟုတ် ၄၆၀ လောက်အထိ တက်နိုင်မယ်... အဲဒီထက် မြင့်ဖို့ကတော့ မလွယ်သေးဘူးထင်တယ်...”

ရွှမ်ဟယ်စာရင်း၏ ပြိုင်ဆိုင်မှုမှာ ပြင်းထန်လှသဖြင့် စာရင်းဝင်သူတိုင်းမှာ သာမန်လူများ မဟုတ်ကြချေ။ လော့ချန်သည်လည်း အလွန်အကျွံ မာန်တက်မနေခဲ့ပေ။

ကျူးလင်မေ့သည် လော့ချန်က စာရင်းကို စိုက်ကြည့်နေသည်ကို မြင်သည့်အခါ ပြုံး၍ ဆိုသည်။

“မင်းက ဓားဆန္ဒအခြေခံကို နားလည်ထားတာဆိုတော့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၃ အထွတ်အထိပ်နဲ့တင် အဆင့် ၆ ရှိတဲ့ ယွမ်ချန်းယွီကို အနိုင်ယူနိုင်ခဲ့တာပဲ... နောက်ပိုင်း သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့်ကို ရောက်ရင် သေချာပေါက် စာရင်းဝင်မှာပါ...”

လော့ချန်က အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ခေါင်းခါယမ်းကာ မစဉ်းစားဘဲ ပြောလိုက်သည်။

“စာရင်းဝင်ဖို့ဆိုတာက လွယ်ပါတယ်... ဒါပေမဲ့ မျိုးဆက်တပည့် ဆယ်ယောက်ထဲမှာ နံပါတ် ၁ မဖြစ်နိုင်ရင်တော့ ဘာမှ အဓိပ္ပာယ် မရှိပါဘူး...”

“နံပါတ် ၁ ဟုတ်လား...”

ကျူးလင်မေ့မှာ လော့ချန်၏ ရဲတင်းလှသော စကားကြောင့် လန့်သွားရသည်။

လော့ချန်က ဤမျှအထိ မောက်မာလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

ယွမ်ချန်းယွီနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် လော့ချန်မှာ အတွင်းစည်းတွင် အတန်ငယ် နာမည်ကျော်နေသဖြင့် ခုနကပင် လူအချို့က သူ့ကို သတိပြုမိနေကြသည်။

ယခု သူ၏ စကား ထွက်လာသည်နှင့် လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားပြီး လူအများမှာ မှင်တက်မိသွားကြတော့သည်။

ရွှမ်ဟယ်စာရင်းဝင်ဖို့က လွယ်တယ်တဲ့လား... နံပါတ် ၁ မဖြစ်ရင် အဓိပ္ပာယ် မရှိဘူးတဲ့လား...။

ဘယ်လောက်တောင် မောက်မာလိုက်သလဲ... ဒီလို မသိနားမလည်တဲ့ စကားမျိုးကို ပြောရဲတယ်ပေါ့...။

လူအုပ်အလယ်တွင် ဝန်းရံခံနေရသော လုရှောင်ကျင့်သည် ချက်ချင်းပင် လျှောက်လာခဲ့သည်။ သူသည် လက်နှစ်ဖက်ကို အနောက်တွင် ထားကာ လော့ချန်ကို ကြည့်ရင်း ဟန်ကိုယ့်ဖို့ဖြင့် ဆိုသည်။

“ကြည့်စမ်း... ဘယ်သူများလဲလို့... ရွှမ်ဟယ်စာရင်းဝင်ဖို့က လွယ်တယ်လို့ ပြောနေတာကိုး... မင်းရဲ့ လေသံအရဆိုရင် နံပါတ် ၁ နေရာကို ရဖို့ကလည်း မခဲယဉ်းဘူးပေါ့လေ...”

ဘေးမှ မျက်လုံးရှည်ရှည်နှင့် လူငယ်တစ်ဦးက လော့ချန်ကို ကြည့်ကာ အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“စီနီယာအစ်ကို လု... ဒီလူက လော့ချန်ပဲလေ... အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားပြီး စီနီယာအစ်မ ယွမ်မန်လီကို အားကိုးပြီး ဂိုဏ်းထဲ ရောက်လာတဲ့ကောင်ပေါ့... ယွမ်မန်လီကို အားကိုးပြီးတော့ အတော်လေးကို ဘဝင်မြင့်နေတာလေ... ငါတို့ မင်းသားတန်းအဖွဲ့ကိုတောင် မျက်စိထဲ မထည့်ဘူး...”

“ဟဲဟဲ... မိန်းမကို အားကိုးတာက ဘာစွမ်းရည်လဲ...”

အခြားတစ်ဦးကလည်း စကားထောက်လိုက်သည်။

“ကြားရသလောက်တော့ သူက ဂိုဏ်းထဲမှာ လော့မဟာမိတ်ဆိုတဲ့ အဖွဲ့သစ်တစ်ခုကိုတောင် ထောင်ထားသေးတယ်တဲ့... ငါတို့ မင်းသားတန်းအဖွဲ့ကို အာခံဖို့လေ...”

“လော့မဟာမိတ် ဟုတ်လား... အမှိုက်အုပ်စုလေးက ငါတို့ မင်းသားတန်းအဖွဲ့ကို အာခံချင်နေတယ်ပေါ့... တကယ်ကို ရယ်စရာကောင်းတာပဲ... အမှိုက်တွေ ဘယ်လောက်များများ အမှိုက်က အမှိုက်ပါပဲ...”

လုရှောင်ကျင့်ကို ဝန်းရံထားသော မင်းသားတန်းတပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ လှောင်ပြောင်နေကြသည်။ လော့ချန် အတွင်းစည်းသို့ ရောက်ရှိလာခြင်းက မင်းသားတန်းအဖွဲ့၏ မျက်နှာကို အရှက်ရစေခဲ့သဖြင့် သူတို့၏ အရှိန်အဝါမှာလည်း လှုပ်ခတ်ခဲ့ရသည်။ ထို့ကြောင့် ဤအခွင့်အရေးကို အသုံးချပြီး သူတို့က လော့ချန်ကို အားမနာတမ်း လှောင်ပြောင်ကာ သူတို့၏ အရှိန်အဝါကို ပြသနေကြခြင်း ဖြစ်သည်။

ကျူးလင်မေ့မှာ ထိုသူများကို ကြည့်မရသဖြင့် မျက်မှောင်ကြုတ်ကာ ဆိုသည်။

“ငါတို့ဘာသာ ငါတို့ စကားပြောနေတာ... မင်းတို့နဲ့ ဘာဆိုင်လို့လဲ...”

လုရှောင်ကျင့်သည် ကျူးလင်မေ့ကို သိရှိထားပြီး သူမအပေါ် အမြင်ကောင်း ရှိသဖြင့် ချက်ချင်းပင် ပြုံး၍ ဆိုသည်။

“ညီမလေး ကျူး... ငါက စေတနာနဲ့ သတိပေးတာပါ... မင်းအနေနဲ့ ဒီလို အမှိုက်မျိုးနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ... တချို့လူတွေရဲ့ အချိုသတ်စကားတွေမှာ လှည့်စားမခံရစေနဲ့ဦး...”

ကျူးလင်မေ့က ခေါင်းခါယမ်းလိုက်သည်။

“ကျွန်မကိစ္စကို စီနီယာအစ်ကို လု စိတ်ပူနေဖို့ မလိုပါဘူး...”

လုရှောင်ကျင့်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားခဲ့သည်။

ထိုစဉ် မျက်လုံးရှည်ရှည်နှင့် လူငယ်ဖြစ်သူ ချင်ရှောက်က အခြေအနေကို ကြည့်ကာ ချက်ချင်း ဆိုလိုက်သည်။

“စီနီယာအစ်မ ကျူး... စီနီယာအစ်ကို ပြောတာက အကြောင်းရှိလို့ပါ... ဒီကောင်က အဓိကတပည့်တောင် မဟုတ်သေးဘဲနဲ့ ရွှမ်ဟယ်စာရင်းဝင်ဖို့က လွယ်တယ်လို့ ပြောနေတာ... ဘယ်လောက်တောင် မသိနားမလည်လဲဆိုတာ ထင်ရှားနေတာပဲ... တကယ့်ကို အသိဉာဏ် မရှိတာပဲ... ဒီလိုလူနဲ့ အတူရှိနေတာက မင်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေလိမ့်မယ်...”

လော့ချန်သည် ပြန်သွားပြီး အေးအေးဆေးဆေး ကျင့်ကြံလိုသဖြင့် ပြဿနာ မရှာလိုသော်လည်း ယခုအခါတွင်မူ မနေနိုင်တော့ဘဲ ရှေ့သို့ ထွက်လာကာ ထိုသူများကို တစ်ချက် ဝေ့ကြည့်ပြီး အေးစက်စွာ ဆိုလိုက်သည်။

“အဓိကတပည့်ဆိုတာက ငါဖြစ်ချင်ရင် အခုချက်ချင်း ဖြစ်လို့ရတာပဲ... ရွှမ်ဟယ်စာရင်းဝင်ဖို့ဆိုတာကလည်း မခက်ခဲပါဘူး...”

လော့ချန်၏ စကားကြောင့် ထိုနေရာရှိ လူအားလုံး မှင်တက်မိသွားကြတော့သည်။

“ဟားဟားဟားဟား...”

မင်းသားတန်းတပည့် အချို့မှာမူ ဗိုက်နှိပ်၍ပင် ရယ်မောနေကြသည်။

ချင်ရှောက်က လှောင်ပြောင်လိုက်သည်။

“ကောင်လေး... မောက်မာတာလည်း အတိုင်းအတာ ရှိဦးမှပေါ့... မင်းက အဓိကတပည့် ဖြစ်ချင်ရင် ဖြစ်လို့ရတယ် ဟုတ်လား... စာရင်းဝင်ချင်ရင် ဝင်လို့ရတယ် ဟုတ်လား... မင်းကိုယ်မင်း ဂိုဏ်းချုပ်များ မှတ်နေလို့လား... အဓိကတပည့် ဖြစ်ဖို့ဆိုတာ ကျင့်ကြံဆင့်က သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့်ကို ရောက်မှ ဖြစ်တာလေ... မင်းက အဲဒီအဆင့်ကို ရောက်နေပြီလို့ ပြောချင်တာလား...”

“ယွမ်မန်လီကို အားကိုးပြီး မင်း စိတ်ကြိုက် လုပ်လို့ရမယ် မထင်နဲ့... ကျင့်ကြံဆင့်နဲ့ အစွမ်း မရှိရင် မင်း တစ်သက်လုံး အဓိကတပည့် ဖြစ်လာမှာ မဟုတ်ဘူး...”

ချင်ရှောက်က အားမနာတမ်း လှောင်ပြောင်နေသည်။

လော့ချန်သည် လွန်ခဲ့သော လအနည်းငယ်ကမှ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၃ သို့ ရောက်ရှိခဲ့သဖြင့် ဤမျှမြန်မြန် နောက်ဆုံးအဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်ဟု သူတို့က ယူဆထားကြသည်။

“ငါ တကယ်ပဲ နောက်ဆုံးအဆင့်ကို မရောက်သေးပါဘူး...”

လော့ချန်က တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ အေးစက်လှပြီး ဆက်ပြောသည်။

“ဒါပေမဲ့ ငါသိသလောက်တော့ အဓိကတပည့် အရည်အချင်းစစ်ဆေးမှုကို အောင်မြင်ရင်လည်း အဓိကတပည့် ဖြစ်လာနိုင်တာပဲလေ...”

ထိုစကားကို ကြားသောအခါ ချင်ရှောက်၏ မျက်နှာတွင် ပိုမို နှိမ်ချသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

“ဟဲဟဲ... အဓိကတပည့် စစ်ဆေးမှုဆိုတာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ အစောပိုင်း သန်မာသူ သုံးယောက်ရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို ဆယ်စက္ကန့်လောက် ခုခံနိုင်မှ အောင်တာလေ... မင်းလို အမှိုက်မျိုးက အဲဒါကို လုပ်နိုင်မယ် ထင်နေလို့လား...”

“ရ၊ မရဆိုတာ စမ်းကြည့်လိုက်ရင် သိရမှာပဲ...”

လော့ချန်သည် ချင်ရှောက် အပါအဝင် ယခင်က အကျယ်လောင်ဆုံး လှောင်ပြောင်ခဲ့သည့် မင်းသားတန်းတပည့် သုံးဦးကို လက်ညှိုးညွှန်ပြလိုက်သည်။

“မင်းတို့ သုံးယောက် ငါ့နောက်ကို လိုက်ခဲ့...”

အခန်း ၅၁၉ ပြီးပါပြီ။

All Chapters