← Chapters

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း ၅၂၃ - သွေးချောင်းစီးတိုက်ပွဲနှင့် ဤလူကို လုံးဝ အရှင်မထားသင့်ပေ

လူအများ၏ မယုံကြည်နိုင်သော စောင့်ကြည့်မှုများအောက်တွင် လော့ချန်နှင့် ကျူးလင်မေ့တို့သည် အတွင်းစည်းရင်ပြင်မှ ထွက်ခွာလာခဲ့ကြသည်။

တောင်ပတ်လမ်းပေါ်တွင်...

“လော့ချန်... အဓိကတပည့်အဖြစ် ရာထူးတိုးသွားတာ ဂုဏ်ယူပါတယ်... အဓိကတပည့်ဆိုတာ တာယွဲ့မင်းဆက်တစ်ခုလုံးမှာတောင် ပထမတန်းစား သန်မာသူတွေလို့ သတ်မှတ်လို့ရတယ်... ဂိုဏ်းကြီး သုံးဂိုဏ်းရဲ့ တကယ့် အမာခံ အင်အားစုတွေဖြစ်ပြီး အဆင့်အတန်းက တိုက်ရိုက်တပည့်တွေပြီးရင် အမြင့်ဆုံးပဲ... အခုဆိုရင် မင်းက အဋ္ဌမမင်းသား ကျင်းမင်နဲ့တောင် တန်းတူ ရင်ဘောင်တန်းနိုင်ပြီပေါ့...”

ကျူးလင်မေ့က ဆိုသည်။ လော့ချန်ကမူ ခပ်အေးအေးပင် ပြုံးလိုက်၏။ ယွဲ့ဟုန်ယီနှင့် ကျိမိသားစု သန်မာသူတို့၏ အနှိုင်းမဲ့ အရှိန်အဝါများကို မြင်တွေ့ခဲ့ပြီးနောက် သူ၏ အကြည့်မှာ တာယွဲ့မင်းဆက်တွင်သာ ရှိမနေတော့ချေ။

ကျူးလင်မေ့မှာမူ လော့ချန်၏ အတွေးကို မသိရှိဘဲ အားကျလေးစားစွာဖြင့် ထပ်ပြောနေသည်။

“ဒါနဲ့ ပြောရဦးမယ်... မင်းရဲ့ တိုးတက်မှုက အရမ်းကို မြန်လွန်းတယ်...”

“လအနည်းငယ်အတွင်းမှာတင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အလယ်အလတ်အဆင့်ကို ရောက်သွားရုံတင်မကဘဲ တိုက်ပွဲစွမ်းရည်ကလည်း ဒီလောက်အထိ ရှိနေတာပဲ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သန်မာသူ ဆယ်ဂဏန်းကျော်ရဲ့ ဝိုင်းရံတိုက်ခိုက်မှုကိုတောင် အေးအေးဆေးဆေး အနိုင်ယူနိုင်တယ်နော်...”

“ငါနဲ့ ယှဉ်လိုက်ရင်တော့... ငါက အခုမှ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ ကို ရောက်တာဆိုတော့... တကယ်ပဲ လူချင်းယှဉ်ရင် စိတ်ဆိုးစရာ ကောင်းလိုက်တာ...”

ဤသို့ ပြောရင်း ကျူးလင်မေ့က မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

“မင်း ဘယ်လိုများ ကျင့်ကြံတာလဲ... ငါ့ကိုရော အတွေ့အကြုံလေးတွေ ဝေမျှပေးလို့ ရမလား...”

လော့ချန်သည် ကျူးလင်မေ့အပေါ် အမြင်ကောင်းရှိသဖြင့် အမှန်တစ်ဝက်၊ အမှားတစ်ဝက်ဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော်လည်း ကံကောင်းလို့ပါ... ဒီအတောအတွင်း အပြင်မှာ အတွေ့အကြုံယူရင်းနဲ့ အခွင့်အရေးအချို့ ကြုံခဲ့ရလို့ပါ...”

“အတွေ့အကြုံယူတာလား... ဟုတ်သားပဲ... ငါတို့ တာယွဲ့မင်းဆက်က အရမ်းကို ကျဉ်းမြောင်းလွန်းတယ်... နောင်တစ်ချိန် အခွင့်အရေးရရင် ငါလည်း အပြင်ထွက်ပြီး ကြည့်ချင်သေးတယ်...”

ကျူးလင်မေ့က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလျက် လော့ချန်ကို ကြည့်ကာ ဆိုသည်။

“နောက်ကျရင် မင်း ဘာလုပ်ဖို့ အစီအစဉ် ရှိလဲ... ငါနဲ့ အဖွဲ့ဖွဲ့ပြီး နတ်ဆိုးတောအုပ်ကို သွားကြမလား... သွေးဝိညာဉ်ဂိုဏ်းတပည့် တစ်ယောက်ကို သတ်နိုင်ရင် ဆုလာဘ်က အရမ်းများတာလေ... တကယ်လို့ ကံကောင်းလို့ သွေးဝိညာဉ်ဂိုဏ်းစခန်းကိုသာ ရှာတွေ့ခဲ့ရင်တော့ တစ်ညတည်းနဲ့ ကြွယ်ဝသွားမှာပဲ...”

“တခြား ဆုလာဘ်တွေကို ထားပါဦး... တီကျန့်မဟာဆေးလုံးသာ ရရင်တော့ နောင်ကျရင် စတုတ္ထနယ်ပယ်ကို တက်လှမ်းဖို့ အခွင့်အရေးက အများကြီး ပိုများသွားမှာလေ...”

မူလက သူမသည် ဤတာဝန်အပေါ် စိတ်ဝင်စားမှု သိပ်မရှိသော်လည်း လော့ချန်၏ ကြီးမားသော တိုးတက်မှုက သူမအား ပြင်းပြင်းထန်ထန် လှုံ့ဆော်လိုက်သဖြင့် တစ်ကြိမ်လောက် ကြိုးစားကြည့်လိုစိတ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

လော့ချန် ခေတ္တ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ခေါင်းခါယမ်းလိုက်သည်။

“မသွားတော့ပါဘူး... ကျွန်တော် ခေတ္တလောက် တံခါးပိတ် ကျင့်ကြံဖို့ပဲ စဉ်းစားထားတယ်...”

နတ်ဆိုးတောအုပ်မှာ တာယွဲ့မင်းဆက် တစ်ခုလုံးကို တောင်မှ မြောက်အထိ ဖြတ်သန်းတည်ရှိနေခြင်း ဖြစ်သည်။ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတစ်ဦး အစွမ်းကုန် ပျံသန်းလျှင်ပင် ရက်ပေါင်း ဆယ်ဂဏန်းကျော်အထိ ကြာမြင့်ပေလိမ့်မည်။ ထို့အပြင် အတွင်းပိုင်းတွင် အဆိပ်မြူများ ဖုံးလွှမ်းနေသလို နတ်ဆိုးသားရဲများလည်း ပေါများလှသဖြင့် ပတ်ဝန်းကျင်မှာ အလွန်ပင် ရှုပ်ထွေးရာ သွေးဝိညာဉ်ဂိုဏ်းစခန်းကို ရှာဖွေရန်မှာ လုံးဝ မလွယ်ကူလှပေ။

၎င်းမှာ ဒုတိယအချက်သာ ဖြစ်သည်။

ဆွန်ယင်ယန်သည် သွေးဝိညာဉ်ဂိုဏ်း၏ သိမ်းသွင်းခြင်းကို ခံရသည်ကို ကြည့်ခြင်းအားဖြင့် သွေးဝိညာဉ်ဂိုဏ်း၏ လက်တံများမှာ ဂိုဏ်းကြီး သုံးဂိုဏ်းဆီသို့ ဦးတည်နေချေပြီ။ တာယွဲ့မင်းဆက်တွင် သွေးဝိညာဉ်ဂိုဏ်း၏ အင်အားမှာ မည်သည့်အဆင့်အထိ သန်မာနေသည်ကို မည်သူမျှ မသိရှိနိုင်ချေ။ ထို့အပြင် လော့ချန်၏ ကိုယ်ပေါ်တွင် ယခုအခါ ကြယ်လေးပွင့် ဝိညာဉ်ကျောက် ခြောက်ရာကျော်နှင့် သွေးကြောဖွင့်ဆေးလုံး ဆယ်ဂဏန်းကျော် ရှိနေပြီဖြစ်ရာ အချိန်အတော်ကြာ ကျင့်ကြံရန် လုံလောက်နေသဖြင့် အန္တရာယ်သွားရှာရန် မလိုအပ်ပေ။

“ကျူးလင်မေ့... တကယ်လို့ မင်းသွားမယ်ဆိုရင်တော့ သတိထားပါ... သွေးဝိညာဉ်ဂိုဏ်းက အရင်က ယွမ်လန်နယ်မြေအုပ်စု တစ်ခုလုံးကို လွှမ်းမိုးခဲ့တာဆိုတော့ အခု တစ်ကျော့ပြန်လာတာက လုံးဝ မရိုးရှင်းဘူး... သူတို့ရဲ့ စခန်းမှာ ကျိန်းရန်အဆင့် သန်မာသူတွေ ရှိနေနိုင်တယ်...”

လော့ချန်သည် သွေးကျီးကန်းလူသားကို သတိရကာ စေတနာဖြင့် သတိပေးလိုက်သည်။

“ကျိန်းရန်အဆင့် သန်မာသူတွေ ဟုတ်လား...”

ကျူးလင်မေ့၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး လော့ချန်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်ကာ ပြုံးလျက် ဆိုသည်။

“စိတ်ချပါ... ငါလည်း ကိုယ့်အသက်ကိုယ် ကစားမှာ မဟုတ်ပါဘူး... ငါက အုပ်စုကွဲနေတဲ့ သွေးဝိညာဉ်ဂိုဏ်းတပည့်တွေကိုပဲ သတ်မှာပါ... အတွင်းပိုင်းအထိတော့ မသွားပါဘူး...”

လော့ချန် ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင်မူ မအေးမချမ်း ဖြစ်နေရသည်။ သွေးဝိညာဉ်ဂိုဏ်း၏ စခန်းကိုသာ ရှာတွေ့ခဲ့လျှင် သေချာပေါက် သွေးချောင်းစီးသော တိုက်ပွဲကြီး ဖြစ်ပွားပေလိမ့်မည်။ ဂိုဏ်းကြီး သုံးဂိုဏ်းသာမက တစ်ခုလုံးသော တာယွဲ့မင်းဆက်ပါ ပါဝင်ပတ်သက်လာပေလိမ့်မည်။ ဤတိုက်ပွဲကြီးတွင် ဂိုဏ်းကြီး သုံးဂိုဏ်းက အနိုင်ရလျှင် ကောင်းသော်လည်း အကယ်၍ ရှုံးနိမ့်ခဲ့လျှင်မူ...။

လော့ချန်သည် ခေါင်းခါယမ်းကာ စိတ်ထဲမှ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ထုတ်ပစ်လိုက်သည်။ ယခုအချိန်တွင် ဤမျှအထိ စဉ်းစားနေလည်း အပိုပင် ဖြစ်သည်။ သူ လုပ်နိုင်သည်မှာ မိမိ အစွမ်းကို အတတ်နိုင်ဆုံး မြှင့်တင်ရန်သာ ရှိသည်။

မငြိမ်မသက်သော ခေတ်ကာလတွင် အသက်မှာ မြက်ပင်တစ်ပင်အလား တန်ဖိုးမရှိရာ လက်ထဲက ဓားကိုသာ ယုံကြည်ရပေလိမ့်မည်။ ကျူးလင်မေ့ကို နှုတ်ဆက်ပြီးနောက် လော့ချန်သည် မန်လီတောင်ထိပ်သို့ ပြန်လာခဲ့သည်။

လော့ချန်သည် မူလက ယွမ်မန်လီနှင့် တွေ့ဆုံကာ ပြီးခဲ့သည့်တစ်ခေါက်က ဂိုဏ်းသို့ အချိန်မီ မပြန်နိုင်ခဲ့သည့် ကိစ္စကို ရှင်းပြလိုသော်လည်း ယွမ်မန်လီမှာ ဂိုဏ်းအတွင်း၌ မရှိချေ။

“ယွမ်မန်လီ သတ်ချင်နေတဲ့သူက ဘယ်သူလဲ မသိဘူး... အောင်မြင်သွားလား မသိဘူးနော်...”

စိတ်ထဲမှ တွေးတောရင်း လော့ချန်သည် ရှောင်ယွမ်အိမ်တော်သို့ ပြန်လာခဲ့ပြီး သိုင်းလေ့ကျင့်ကွင်းသို့ တိုက်ရိုက် လာခဲ့သည်။

“ငါ့ရဲ့ လက်ရှိ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုက ဘယ်လောက်အထိ ရှိမလဲဆိုတာ စမ်းကြည့်ရမယ်...”

လော့ချန်သည် လျှပ်စီးဓားကို ဆွဲထုတ်လိုက်ပြီး အသက်ကို ဖြည်းညင်းစွာ ရှူသွင်းကာ တစ်ချိန်တည်းမှာပင် သိုင်းဝိညာဉ်နှင့် နဂါးစစ်ကျင့်စဉ်၊ ထို့နောက် ၇၀ ရာခိုင်နှုန်းသော ဓားဆန္ဒတို့ကို လှုပ်ရှားလျက် သူ၏ အခြေအနေကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။

“နတ်ဆိုးမုန်တိုင်း...”

မျက်ဝန်းထဲတွင် အပြာရောင် လျှပ်စီးတန်းများ ဖြတ်ပြေးသွားပြီးနောက် လော့ချန်သည် ဓားဖြင့် ခုတ်ချလိုက်သည်။

“ရှူး...”

တောက်ပလှသော ဓားစွမ်းအင်လေဝဲကြီးမှာ လေထုကို ဖောက်ထွင်းကာ သွေးကြောနိုးကြားမှုနယ်ပယ် အထွတ်အထိပ် သန်မာသူ၏ အမြင့်ဆုံး ကာကွယ်ရေးကို ကိုယ်စားပြုသော သိုင်းလေ့ကျင့်တိုင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

“ဘုန်း...”

ပြင်းထန်လှသော ပေါက်ကွဲသံနှင့်အတူ သိုင်းလေ့ကျင့်တိုင်ပေါ်တွင် အဖြူရောင် အမှတ်အသား အချို့သာ ထင်ကျန်ရစ်ပြီး မပြောပလောက်ချေ။

“ဟင်း... ကြည့်ရတာ ငါနဲ့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူကြားက ကွာခြားချက်က အများကြီး ရှိနေသေးတာပဲ... ကာကွယ်ရေးကိုတောင် မဖောက်နိုင်ဘူး...”

သိုင်းလေ့ကျင့်တိုင်မှာ မည်သည့် ထိခိုက်မှုမျှ မရှိသည်ကို မြင်ရသည့်အခါ လော့ချန်မှာ သိပ်ပြီးတော့ အံ့သြမနေခဲ့ပေ။

သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့်တွင် အဆင့်တစ်ခုချင်းစီ၏ တိုက်ပွဲစွမ်းရည်မှာ မိုနှင့်မြေပမာ ကွာခြားလှသည်။ အထူးသဖြင့် အဆင့် ၉ သို့ ရောက်ရှိသွားချိန်တွင် ဖြစ်သည်။

သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူများသည် မိုးမြေအရှိန်အဟုန်၏ အစိတ်အပိုင်းအချို့ကိုပင် လှုပ်ရှားနိုင်ကြချေပြီ။ ထိုသူတစ်ယောက်သည် သာမန် အဆင့် ၉ နောက်ဆုံးအဆင့် သန်မာသူ ဆယ်ယောက်နှင့် ညီမျှသည်။ အဆင့် ၉ အလယ်အလတ်အဆင့် သန်မာသူမှာမူ ၎င်းတို့၏ ရှေ့မှောက်တွင် မပြောပလောက်ချေ။

“ကျင့်ကြံဆင့်ကသာ အဓိကပဲ...”

လော့ချန်သည် ရေရွတ်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ကျောက် သေတ္တာများစွာ ကွင်းပြင်တွင် ပေါ်လာပြီး သွေးကြောဖွင့်ဆေးလုံး တစ်ပုလင်းကိုလည်း ထုတ်ယူလိုက်သည်။

ယခုတစ်ခေါက်တွင် သူသည် အရာအားလုံးကို ဘေးဖယ်ထားပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်သို့ ရောက်ရှိရန် အစွမ်းကုန် ကျင့်ကြံတော့မည် ဖြစ်သည်။ ကျင့်ကြံဆင့် မြင့်မားလာမှသာ အလုံးစုံသော အစွမ်းမှာလည်း လျင်မြန်စွာ တိုးတက်လာပေလိမ့်မည်။

သွေးကြောဖွင့်ဆေးလုံး တစ်လုံးကို သောက်လိုက်ပြီးနောက် လော့ချန်သည် လက်ဝါးကို ဖြန့်လိုက်ရာ ကြယ်လေးပွင့် ဝိညာဉ်ကျောက် အနည်းငယ်မှာ သူ၏လက်ထဲသို့ ရောက်ရှိလာသည်။

“ဝါးမျိုစမ်း...”

“ကျွီ...”

နဂါးချီများမှာ ဝေ့ဝဲလာပြီး ဝိညာဉ်ကျောက်ထဲမှ သားရဲဝိညာဉ်ကို လော့ချန်၏ ကိုယ်ထဲသို့ တစ်လုပ်တည်း ဝါးမျိုလိုက်ရာ သူ၏ ကိုယ်ပေါ်မှ ချီစွမ်းအင်များမှာ ဆူဝေလာပြီး တဖြည်းဖြည်းနှင့် ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားတော့သည်။

ထျန်ကျွယ်တောင်ထိပ်...

၎င်းမှာ မျိုးဆက်တပည့် ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော နန်ကုန်းကျွယ် ပိုင်ဆိုင်သည့် တောင်ထိပ် ဖြစ်သည်။

တောင်ထိပ်ရှိ ခန့်ညားလှသော အိမ်တော်အတွင်းတွင် ယခုအခါ အမျိုးသား၊ အမျိုးသမီးများစွာ စုဝေးနေကြသည်။ ထိုသူများ၏ ကိုယ်ပေါ်မှ အရှိန်အဝါများမှာ အလွန်ပင် အားကောင်းလှပြီး ကိုယ်ပေါ်တွင် အလင်းတန်းများ ဝင်းလက်နေကြကာ တစ်ဦးချင်းစီမှာ ပြင်းထန်သော ချီစွမ်းအင် လှိုင်းများကို ထုတ်လွှတ်နေကြသည်။ အားလုံးမှာ မင်းသားတန်းအဖွဲ့၏ အမာခံ အဖွဲ့ဝင်များ ဖြစ်ကြသည်။

အဓိက နေရာတွင် ထည်ဝါသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြယ်ပုံစံ သရဖူကို ဆောင်းထားသော လူငယ်မှာ မင်းသားတန်းအဖွဲ့၏ ခေါင်းဆောင်၊ ရွှမ်ယွမ်ဂိုဏ်း၏ မျိုးဆက်တပည့် ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော နန်ကုန်းကျွယ် ပင်ဖြစ်၏။ သူ၏ မျက်ဝန်းအစုံမှာ ကောင်းကင်ယံရှိ ကြယ်တာရာများအလား ဝင်းလက်နေပြီး လူတို့ကို အလိုလို ဆွဲဆောင်နေတော့သည်။

ဘယ်ဘက်ရှိ ပထမဆုံး နေရာတွင် ထိုင်နေသော အေးစက်လှသော လူငယ်မှာမူ အဋ္ဌမမင်းသား ကျင်းမင် ဖြစ်သည်။

“မင်းပြောတာက အဲဒီကောင်ရဲ့ ကျင့်ကြံဆင့်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အလယ်အလတ်အဆင့်ကို ရောက်သွားပြီး အဓိကတပည့် စစ်ဆေးမှုကိုတောင် အောင်မြင်သွားတယ် ဟုတ်လား... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...”

ကျင်းမင်က မျက်မှောင်ကြုတ်ကာ ခန်းမအလယ်ရှိ လုရှောင်ကျင့်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

သန်မာသူ အများအပြား၏ စိုက်ကြည့်ခြင်းကို ခံနေရသဖြင့် လုရှောင်ကျင့်မှာ ရွှမ်ဟယ်စာရင်းဝင် တပည့်တစ်ဦး ဖြစ်သော်လည်း ယခုအချိန်တွင် စိတ်လှုပ်ရှားနေမိကာ လက်ဖဝါးများတွင် ချွေးများ စိုလာခဲ့ပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူကာ ဆိုသည်။

“တကယ့်ကို အမှန်ပါပဲ... ဒါတင်မကသေးဘူး... သူရဲ့ တိုက်ပွဲစွမ်းရည်ကလည်း အတော်လေးကို ကြောက်စရာ ကောင်းတယ်... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သန်မာသူ ဆယ်ဂဏန်းကျော်ရဲ့ ဝိုင်းတိုက်တာကိုတောင် သူက အေးအေးဆေးဆေး ခုခံနိုင်ခဲ့တာပါ... ကျွန်တော် ခန့်မှန်းရသလောက်တော့ သူ့ရဲ့ အစွမ်းက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အဆင့်ကို ရောက်နေပါပြီ...”

လော့ချန်သည် ယခုအခါ အဓိကတပည့် ဖြစ်သွားပြီဖြစ်၍ လုရှောင်ကျင့်အနေဖြင့် စိတ်တိုင်းကျ တိုက်ခိုက်ရန် မဖြစ်နိုင်တော့သဖြင့် ဤကိစ္စကို ကျင်းမင်အား တင်ပြရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“မဖြစ်နိုင်ဘူး... သူက အသုံးမကျတဲ့လူပဲလေ... ဘယ်လိုလုပ်ပြီး ဒီလောက်အထိ မြန်မြန် တိုးတက်လာရတာလဲ...”

ကျင်းမင်သည် လက်သီးကို တင်းတင်း ဆုပ်ထားပြီး မျက်နှာမှာ ညိုမည်းနေတော့သည်။ ဤသတင်းက ကျင်းမင်အား ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ တိုတောင်းလှသော လအနည်းငယ်အတွင်းမှာပင် သွေးကြောနိုးကြားမှုနယ်ပယ် အစောပိုင်း အဆင့်မှ အဆင့် ၆ အလယ်အလတ်အဆင့်သို့ တက်လှမ်းသွားသည်သာမက တိုက်ပွဲစွမ်းရည်မှာလည်း အဆင့် ၈ အထိ ရှိနေသည်တဲ့လား...။

ကျင်းမင် မထင်ထားခဲ့သည်မှာ သူ၏ မျက်စိထဲတွင် ပုရွက်ဆိတ်တစ်ကောင်အလား ရှိသော ထိုသူသည် မသိမသာနှင့် ဤမျှအထိ ကြီးထွားလာခဲ့ခြင်းပင် ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားလျှင် နောက်ထပ် တစ်နှစ်၊ နှစ်နှစ်ဆိုပါက သူပင်လျှင် ဖိနှိပ်ထားနိုင်တော့မည် မဟုတ်ပေ။

ဤသည်ကို ကျင်းမင်က လုံးဝ လက်ခံနိုင်ခြင်း မရှိသဖြင့် ရက်စက်စွာ ဆိုလိုက်သည်။

“ဒီကောင်က တကယ်ကို ထူးဆန်းတယ်... အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားရက်နဲ့ ဒီလောက်အထိ မြန်မြန် တိုးတက်နေတာပဲ... အခု ဂိုဏ်းထဲမှာ သူ့ကို ဗဟိုပြုပြီး အင်အားသစ်တစ်ခု ပေါ်လာနေပြီ... ငါတို့ မင်းသားတန်းအဖွဲ့ကို အာခံဖို့လေ... ဒါဟာ တစ်နေ့နေ့မှာ ဘေးဒုက္ခ ဖြစ်လာလိမ့်မယ်...”

“ဒီကောင်ကို လုံးဝ အရှင်မထားသင့်ဘူး... အခွင့်အရေး ရတာနဲ့ သတ်ပစ်ရမယ်...”

အခန်း ၅၂၃ ပြီးပါပြီ။

အခန်း ၅၂၄ - ယွမ်မန်လီ ပြင်းထန်စွာ ဒဏ်ရာရခြင်း၊ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်

“မှန်တယ်... အမှိုက်ကောင်က ငါတို့ မင်းသားတန်းအဖွဲ့ရဲ့ ခေါင်းပေါ်တက်ပြီး အကြိမ်ကြိမ် လာရမ်းကားနေတာ... သေတာတောင် စောသေးတယ်... အရင်က သူ့ကို သိပ်ပြီး လွှတ်ထားပေးမိတာပဲ...”

“အမှိုက်တစ်သိုက်က လော့မဟာမိတ်ဆိုတာကို ထောင်ပြီး ငါတို့ မင်းသားတန်းအဖွဲ့ကို အာခံချင်နေတယ်တဲ့လား... တကယ်ကို ရယ်စရာကောင်းတာပဲ...”

“သတ်စမ်း...”

ဒေါသကြီးသော မင်းသားတန်းတပည့်များသည် အဋ္ဌမမင်းသား ကျင်းမင်၏ စကားကို ကြားရသည့်အခါ မျက်နှာများမှာ ရက်စက်ကြောက်မက်ဖွယ် ပြောင်းလဲသွားပြီး သတ်ဖြတ်လိုစိတ်များ ဟုန်းဟုန်းတောက်လာတော့သည်။

လူအများ၏ စိတ်လှုပ်ရှားမှုများ အနည်းငယ် ငြိမ်သက်သွားချိန်တွင် နန်ကုန်းကျွယ်က လက်ကို မြှောက်ကာ လူအုပ်ကို တားဆီးလိုက်ပြီး ဆိုသည်။

“လော့ချန်ဆိုတာက ပြောပလောက်တဲ့သူ မဟုတ်ပါဘူး... သူ ဒီလောက်မြန်မြန် တိုးတက်လာတာက လင်ယွမ်ပြတိုက်နဲ့ ပတ်သက်နေလိမ့်မယ်... ငါသိသလောက်တော့ လင်ကျန်းမြို့ လင်ယွမ်ပြတိုက်ရဲ့ ခေါင်းဆောင် လော့ယောင်က သူ့အတွက် ငွေကျပ် သန်းတစ်သောင်းကျော်လောက် တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေကို သုံးပေးခဲ့တယ်...”

“သန်းတစ်သောင်းကျော် တန်ဖိုးရှိတဲ့ ကြွယ်ဝမှုတဲ့လား...”

“ဒီအမှိုက်က ဘာမို့လို့လဲ... တကယ်လို့ ငါ့မှာသာ သန်းတစ်သောင်းကျော် ရှိရင် စတုတ္ထနယ်ပယ်ကို တက်လှမ်းဖို့ဆိုတာ အေးဆေးပဲ...”

ထိုစကားကို ကြားသောအခါ အဋ္ဌမမင်းသား ကျင်းမင်အပါအဝင် မင်းသားတန်းတပည့်များ အားလုံး၏ မျက်ဝန်းများမှာ အရောင်တောက်လာကြပြီး မနာလိုမှု၊ အားကျမှုများနှင့်အတူ ပိုမို ပြင်းထန်သော မုန်းတီးမှုများ ဖြစ်ပေါ်လာတော့သည်။

သန်းတစ်သောင်းကျော် တန်ဖိုးရှိသော ကြွယ်ဝမှုဆိုသည်မှာ အဓိကတပည့်များသာမက တိုက်ရိုက်တပည့်များပင်လျှင် စိတ်လှုပ်ရှားသွားပေလိမ့်မည်။

နန်ကုန်းကျွယ်က ဆိုသည်။

“သူက ယွမ်မန်လီနဲ့ အကြီးအကဲ ချင်းချိုင်တို့လို လူတွေကို အားကိုးပြီးတော့ ဒီလောက်အထိ ရဲတင်းနေတာပဲ... အခု ယွမ်မန်လီက ငါနဲ့ ဂိုဏ်းချုပ်ရာထူးအတွက် ပြိုင်ဆိုင်နေတာဆိုတော့ အဓိက လုပ်ရမှာက ယွမ်မန်လီကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာပဲ... ယွမ်မန်လီသာ ပြိုလဲသွားရင် လော့ချန်က ဘယ်နှစ်ရက်လောက်များ ကခုန်နိုင်ဦးမှာလဲ...”

လူတိုင်း တိတ်ဆိတ်သွားကြသည်။

ယွမ်မန်လီသည် ကြယ်တစ်ဆယ့်တစ်ပွင့် မြေကမ္ဘာအဆင့် သိုင်းဝိညာဉ်ကို နိုးကြားထားပြီး ကောင်းကင်အဆင့် သန်မာသူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ ထို့အပြင် အကြီးအကဲ ချင်းချိုင်နှင့် အကြီးအကဲ မင်ကျုံးတို့၏ ထောက်ခံမှုကိုပါ ရရှိထားရာ သူမအား ဖြုတ်ချရန်မှာ မည်သို့မျှ မလွယ်ကူလှပေ။

ကျင်းမင်က ဆိုသည်။

“နန်ကုန်းကျွယ်... အခုဆိုရင် မင်းတစ်ယောက်တည်းပဲ ယွမ်မန်လီရဲ့ ပြိုင်ဘက် ဖြစ်နိုင်တော့တာပေါ့...”

နန်ကုန်းကျွယ်က တည်ငြိမ်စွာဖြင့် ပြောသည်။

“လွန်ခဲ့တဲ့ လဝက်လောက်က ယွမ်မန်လီဟာ ကျိတော့ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် ယန်ထျန်ရှင်းနဲ့ ကူးယွမ်မြို့အနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ငါ သတင်းရထားတယ်... နှစ်ယောက်လုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သလို သွေးနတ်ဆိုးတွေရဲ့ ဝိုင်းရံမှုကိုလည်း ခံခဲ့ရလို့ အခုထိ ဘယ်ရောက်နေမှန်း မသိရသေးဘူး... ဒီလောက်ကြာအောင် သတင်းမရတာကို ကြည့်ရင်တော့ မသေရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေမှာ သေချာတယ်...”

ထိုစကားကြောင့် မင်းသားတန်းတပည့်များ၏ မျက်ဝန်းများ ဝင်းလက်သွားကြသည်။

ကျင်းမင်က အေးစက်စွာ ရယ်မောလိုက်သည်။

“ဟဲဟဲ... ယွမ်မန်လီသာ သေသွားရင်တော့ အကြီးအကဲ ချင်းချိုင်တို့လို အဘိုးကြီးတွေ ဘယ်သူ့ကို ထပ်ပြီး ထောက်ခံဦးမလဲ ကြည့်ရသေးတာပေါ့... နောင်ကျရင် ရွှမ်ယွမ်ဂိုဏ်းမှာ ငါတို့ပဲ ရှိတော့မှာ...”

နန်ကုန်းကျွယ်က ဆိုသည်။

“ငါ မနက်ဖြန် ကူးယွမ်မြို့ကို သွားမယ်... မင်းတို့လည်း သူ့ရဲ့ သတင်းကို သေသေချာချာ စုံစမ်းကြ... တခြားကိစ္စတွေကိုတော့ ခေတ္တ ဆိုင်းငံ့ထားလိုက်ပါဦး...”

“ကောင်းပြီ...”

ခေတ္တအကြာတွင် ကျင်းမင်သည် အိမ်တော်အတွင်းမှ ထွက်လာခဲ့ပြီး မျက်နှာတွင် ရက်စက်သော အရိပ်အယောင်များဖြင့် စိတ်ထဲမှ လှောင်ပြောင်နေမိသည်။

“လော့ချန်... လော့ချန်... ယွမ်မန်လီသာ ပြိုလဲသွားရင် မင်းကို ဘယ်သူ ကာကွယ်ပေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့... အဲဒီကျရင် မင်းကို တဖြည်းဖြည်းချင်း နှိပ်စက်ပြီး သတ်ပစ်မယ်...”

လော့ချန်မှာမူ ပြင်ပတွင် ဖြစ်ပျက်နေသော ကိစ္စရပ်များကို မသိရှိသလို သိရှိလျှင်ပင် ဂရုစိုက်မည် မဟုတ်ပေ။ အစကတည်းက သူသည် မည်သူ့ကိုမျှ အားကိုးရန် မစဉ်းစားခဲ့ဖူးချေ။ အချိန်များမှာ ရေအလျင်အလား တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။ လုံလောက်သော ဝိညာဉ်ကျောက်များနှင့် သွေးကြောဖွင့်ဆေးလုံးများ၏ အထောက်အကူကြောင့် လော့ချန်၏ ကျင့်ကြံမှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေခဲ့သည်။

တစ်ဆယ့်တစ်ရက် ကြာပြီးနောက် လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ နောက်ဆုံးအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး တစ်ကိုယ်လုံးရှိ ချီစွမ်းအင်၏ အရည်အသွေးနှင့် ပမာဏမှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီပင်။

“တစ်ဆယ့်တစ်ရက်တောင် ကြာသွားတယ်... သွေးကြောဖွင့်ဆေးလုံးက သွေးဝိညာဉ်ဂိုဏ်းရဲ့ သွေးအနှစ်သာရဆေးလုံးကိုတော့ မမီဘူးပဲ...”

လော့ချန်သည် အသက်ကို ဖြည်းညင်းစွာ ရှူထုတ်လိုက်သည်။

အကယ်၍ သွေးအနှစ်သာရဆေးလုံးသာဆိုလျှင် ခုနစ်ရက်၊ ရှစ်ရက်အတွင်း အဆင့်တက်နိုင်မည်ဟု သူက ယုံကြည်ထားသည်။ သွေးကြောဖွင့်ဆေးလုံးမှာမူ သုံးဆယ်၊ လေးဆယ်ရာခိုင်နှုန်းခန့် ပိုမို နှေးကွေးနေ၏။

“သွေးဝိညာဉ်ဂိုဏ်းရဲ့ စခန်းမှာတော့ သွေးအနှစ်သာရဆေးလုံးတွေ အများကြီး ရှိမှာပဲနော်...”

လော့ချန်၏ အတွေးထဲတွင် ထိုသို့ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ခေါင်းခါယမ်းလိုက်ကာ မိမိကိုယ်ကိုယ် စိတ်ကူးယဉ်နေသည်ဟု မှတ်ချက်ချလိုက်သည်။

သွေးဝိညာဉ်ဂိုဏ်းစခန်းကို ရှာတွေ့လျှင်ပင် အထဲသို့ တိုက်ခိုက်ဝင်ရောက်ရန်မှာ လွယ်ကူမည် မဟုတ်နိုင်ပေ။ ဂိုဏ်းကြီး သုံးဂိုဏ်း၏ ထိပ်သီးပါရမီရှင်များ၏ လက်ထဲမှ အကျိုးအမြတ် ခွဲဝေရရှိရန်မှာ ပို၍ပင် ခက်ခဲပေလိမ့်မည်။

လော့ချန် ခန့်မှန်းရသလောက်တော့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် သူ၏ လက်ရှိအစွမ်းမှာ ရွှမ်ဟယ်စာရင်း၏ နံပါတ် ၄၀၀ ဝန်းကျင်မှာသာ ရှိပေလိမ့်မည်။

ထိပ်ဆုံး လူတစ်ရာစာရင်းထဲ ဝင်ချင်ရင်တော့ အနည်းဆုံး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ ကို ရောက်မှ ဖြစ်မှာပဲ...။

“ဆက်မယ်...”

ခေတ္တမျှ အနားယူပြီး စိတ်ကို ပြန်လည် စုစည်းကာ လော့ချန်သည် သွေးကြောဖွင့်ဆေးလုံး တစ်လုံးကို သောက်လိုက်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်သို့ တက်လှမ်းရန် စတင် ကြိုးစားတော့သည်။

နောက်ထပ် ကုန်ဆုံးသွားသော ရက်များမှာ အေးဆေးတည်ငြိမ်လှသည်။ လော့ချန်သည် ကျင့်ကြံခြင်းတွင်သာ အာရုံအပြည့်အဝ ထားရှိခဲ့သည်။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်သို့ ရောက်ရှိရန် ကိုယ်တွင်းရှိ သွေးကြော ငါးဆယ့်လေးသွယ်စလုံးကို ပြည့်စုံသော အခြေအနေသို့ ရောက်အောင် ကျင့်ကြံရမည် ဖြစ်သည်။ သွေးကြောဖွင့်ဆေးလုံး၏ အထောက်အကူ ရှိနေလျှင်ပင် ၎င်းမှာ အချိန်ယူကာ တည်ဆောက်ရသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

ရက်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ပြင်းပြင်းထန်ထန် ကျင့်ကြံခြင်းအပြင် စိတ်ပန်းလာသည့်အခါတွင် လော့ချန်သည် ဓားသိုင်းပညာများကို လေ့ကျင့်လေ့ရှိပြီး အထူးသဖြင့် ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ်ကို ပိုမို အာရုံစိုက်ခဲ့သည်။

သူ့အမြင်တွင် အရှိန်မြန်ဆန်ခြင်းက အကျိုးကျေးဇူးများစွာ ရှိပြီး အန္တရာယ်နှင့် ကြုံရချိန်တွင် အသက်ကို ကာကွယ်နိုင်ပေလိမ့်မည်။

ယနေ့တွင်...

သိုင်းလေ့ကျင့်ကွင်းအတွင်း၌ ပြင်းထန်လှသော ဓားအရှိန်အဝါများ ပျံ့နှံ့နေသည်။ ထိုအရှိန်အဝါများမှာ အရပ်မျက်နှာအနှံ့သို့ လှိုင်းလုံးများအလား ပျံ့နှံ့သွားပြီး လော့ချန်၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော ထက်မြက်လှသော ချီစွမ်းအင်များက လေထုကိုပင် စုတ်ပြဲသွားစေတော့သည်။

“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်...”

လော့ချန်သည် သူ၏ မျက်ဝန်းအစုံကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းနက်များထဲတွင် လျှပ်စီးတန်းများအလား အလင်းတန်းများ ဝင်းလက်နေ၏။

လဝက်ခန့် ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက် သူသည် သူ၏ ဆန္ဒအတိုင်း သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ချေပြီ။

“ကြယ်ကြွေခြင်း... ဖြတ်တောက်စမ်း...”

သူသည် နေရာမှ ထလိုက်ပြီး မိုးကြိုးဓားကို ဆွဲထုတ်ကာ သူ၏ အရှိန်အဝါကို အမြင့်ဆုံးသို့ မြှင့်တင်လျက် သိုင်းလေ့ကျင့်တိုင်ဆီသို့ အစွမ်းကုန် ခုတ်ပိုင်းလိုက်သည်။

ထက်မြက်လှသော ဓားချီတစ်ခုမှာ ကြယ်တံခွန်တစ်ခုအလား လေထုကို ဖြတ်တောက်ကာ ပြေးထွက်သွားသည်။ ၎င်းမှာ လျှပ်စီးအလား မြန်ဆန်ပြီး တောင်ကြီးတစ်လုံးအလား လေးလံလှပေသည်။

“ဘုန်း...”

သိုင်းလေ့ကျင့်ကွင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူ၏ အစွမ်းကို ခံနိုင်ရည်ရှိသော သိုင်းလေ့ကျင့်တိုင်ပေါ်တွင် ပါးလွှာသော ဓားရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။

“ကောင်းတယ်... အမှတ်အသား ထင်ကျန်ခဲ့ပြီပဲ... ဖျက်ဆီးအားကတော့ အရင်ကထက် နှစ်ဆမက တိုးတက်လာတာပဲ...”

လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားပြီး စိတ်အလျင်အတိုင်း ချီစွမ်းအင်များကို ပြန်လည် လှုပ်ရှားလိုက်ရာ သူ၏ ခြေထောက်နှစ်ဖက်တွင် ချီစွမ်းအင် မုန်တိုင်းငယ် နှစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်။

“ပေါက်ကွဲစမ်း...”

“ရှူး...”

ပေါက်ကွဲသံနှင့်အတူ သူ၏ ပုံရိပ်မှာ ဝေဝါးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သိုင်းလေ့ကျင့်ကွင်းကို တစ်ပတ် ပတ်လိုက်နိုင်သည်။

ယခင်ကထက်စာလျှင် အရှိန်မှာ များစွာ ပိုမို မြန်ဆန်လာခဲ့ပြီး အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့သည်။ ချီစွမ်းအင်များကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် လော့ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

“အရမ်းကောင်းတယ်... ပဉ္စမပုံစံ ကြယ်ကြွေခြင်းက ပြည့်စုံလုနီးပါး ဖြစ်သွားပြီ... ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ်ကလည်း သေးငယ်သော အောင်မြင်မှုအဆင့်ကို အတိအကျ ရောက်သွားပြီဆိုတော့ ဒါကို အသုံးပြုလိုက်ရင် အရှိန်က ချက်ချင်းဆိုသလို ငါးဆယ်၊ ခြောက်ဆယ်ရာခိုင်နှုန်းလောက် တိုးတက်သွားမှာပဲ... မြူခိုးရိပ်ခြေလှမ်းရဲ့ ပုံရိပ်ယောင်နဲ့သာ ပေါင်းစပ်လိုက်ရင် ရန်သူကို အငိုက်မိအောင် တိုက်ခိုက်ဖို့ လုံလောက်သွားပြီ...”

၎င်းအပြင် စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ်မှာလည်း တိုးတက်မှုရှိခဲ့ပြီး ဒုတိယမြောက် ချီစွမ်းအင်အိမ်တော်မှာ နဂါးပုံစံသို့ ပြောင်းလဲရန် အရိပ်အယောင်များ ပြနေချေပြီ။

လော့ချန် ခန့်မှန်းရသလောက်တော့ သူ၏ လက်ရှိအစွမ်းမှာ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ နောက်ဆုံးအဆင့် သန်မာသူကို အနိုင်ယူရန် လုံလောက်နေပြီဖြစ်သည်။

ရွှမ်ဟယ်စာရင်းမှာလည်း အဆင့် ၃၅၀ အတွင်းသို့ ဝင်နိုင်လောက်သည်။

ထိုထက် မြင့်မားသော အဆင့်များအတွက်မူ သူ သိပ်ပြီး ယုံကြည်မှု မရှိသေးပေ။ မည်သို့ပင်ဆိုစေ ရွှမ်ဟယ်စာရင်းဝင် အဓိကတပည့်များမှာ အားနည်းသူများ မဟုတ်ကြဘဲ ထိပ်သီးထဲက ထိပ်သီးများ ဖြစ်ကြသဖြင့် ထိုသူများကို အနိုင်ယူရန်မှာ အပြတ်အသတ် သာလွန်သော အစွမ်း ရှိရန် လိုအပ်သည်။

သူ၏ ကျင့်ကြံဆင့်မှာ နိမ့်လွန်းနေသေးသဖြင့် အခြေခံ အစွမ်းပိုင်းတွင် အားနည်းနေဆဲ ဖြစ်သည်။

“တကယ်လို့ ကျင့်ကြံဆင့်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ ကို ရောက်သွားပြီး နဂါးစစ်ကျင့်စဉ်ကို ဒုတိယအဆင့်အထိ ကျင့်ကြံနိုင်ရင်တော့ တိုက်ပွဲစွမ်းရည်က နှစ်ဆလောက် တိုးတက်လာမှာပဲ... အဲဒီကျရင် ရွှမ်ဟယ်စာရင်းရဲ့ ထိပ်ဆုံး လူတစ်ရာစာရင်းထဲကို အေးအေးဆေးဆေး ဝင်နိုင်မှာဖြစ်သလို ပိုပြီးတော့ မြင့်တဲ့အဆင့်တွေကိုတောင် ရနိုင်မှာပဲ...”

လော့ချန်သည် အရှိန်မပျက်ဘဲ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သို့ တက်လှမ်းရန် ကြိုးစားသင့်မသင့် စဉ်းစားလိုက်သည်။ နောက်ဆုံးတွင် ထိုအစီအစဉ်ကို လက်လျှော့လိုက်သည်။

သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ မှ အဆင့် ၇ သို့ ကူးပြောင်းခြင်းမှာ အစွမ်းမှာ သိသိသာသာ တိုးတက်သွားသကဲ့သို့ပင် ကျင့်ကြံရန် ခက်ခဲမှုမှာလည်း လွန်စွာနက်နဲလှပြီး သွေးကြောနိုးကြားမှုနယ်ပယ်၏ အကြီးမားဆုံး အတားအဆီးပင် ဖြစ်ကာ လူအများအပြားမှာ ဤနေရာတွင် ပိတ်မိနေတတ်ကြသည်။

ရွှမ်ယွမ်ဂိုဏ်းတစ်ခုလုံးတွင် အတွင်းစည်းတပည့် သောင်းနှင့်ချီ ရှိသော်လည်း သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သို့ တက်လှမ်းနိုင်ပြီး အဓိကတပည့် ဖြစ်လာနိုင်သူမှာ ထောင်ဂဏန်းအနည်းငယ်မျှသာ ရှိသည်ကို ကြည့်ခြင်းအားဖြင့် မည်မျှ ခက်ခဲသည်ကို သိနိုင်ပေလိမ့်မည်။

“ကြည့်ရတာ လော့ရှာဂိုဏ်းကို သွားရမယ့်အချိန် ရောက်ပြီပဲ...”

လော့ချန်တွင် တဖြည်းဖြည်းနှင့် အေးအေးဆေးဆေး ကျင့်ကြံနေရန် အချိန်မရှိပေ။

ယခင်က ခန္ဓာသန့်စင်ကန်သည် သူ့အား သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၂ အစောပိုင်းမှနေ၍ အဆင့် ၃ အထွတ်အထိပ်သို့ တစ်ဟုန်ထိုး တက်လှမ်းစေခဲ့သည် မဟုတ်ပါလော...။

လော့ချန်သည် လော့ရှာဂိုဏ်း၏ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ကို အသုံးချပြီး လက်ရှိ အတားအဆီးကို ဖြတ်ကျော်ကာ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့်သို့ အမြန်ဆုံး တက်လှမ်းရန် ဆုံးဖြတ်လိုက်တော့သည်။

အခန်း ၅၂၄ ပြီးပါပြီ။

အခန်း ၅၂၅ - ဘဝဟူသည် မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့တတ်သည်...

လော့ချန်သည် ဆက်လက်၍ မကျင့်ကြံတော့ရန် ဆုံးဖြတ်လိုက်ပြီး ကျန်ရှိနေသော ဝိညာဉ်ကျောက်များကို သိမ်းဆည်းလိုက်သည်။

မူလက ကြယ်လေးပွင့် ဝိညာဉ်ကျောက် ခြောက်ရာကျော် ရှိခဲ့သော်လည်း ယခုအခါ လေးရာပင် မပြည့်တော့ချေ။ အဓိပ္ပါယ်မှာ တစ်လအတွင်း သူသည် ဝိညာဉ်ကျောက် နှစ်ရာကျော်ကို ဝါးမျိုခဲ့ခြင်း ဖြစ်သည်။ သွေးကြောဖွင့်ဆေးလုံးမှာလည်း ကိုးလုံး ကုန်ဆုံးသွားခဲ့ချေပြီ။

တွက်ချက်ကြည့်လျှင် ၎င်းမှာ ငွေကျပ် သိန်းတစ်သောင်းခန့် တန်ဖိုးရှိသော ကြွယ်ဝမှုပင် ဖြစ်သည်။ ဤမျှ မြန်ဆန်သော သုံးစွဲမှုနှုန်းကို သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့် သန်မာသူများကို မဆိုထားနှင့်... သာမန် အလယ်အလတ်တန်းစား မိသားစုများပင်လျှင် ခံနိုင်ရည် ရှိမည်မဟုတ်ပေ။

လော့ချန်၏ မျက်နှာတွင် သက်ပြင်းချသံနှင့်အတူ ခံစားချက်အချို့ ပေါ်ထွက်လာသည်။ သူသည် ငွေကျပ် သိန်းနှစ်သောင်းကျော် စုဆောင်းထားသဖြင့် အချိန်အတော်ကြာ ကျင့်ကြံရန် လုံလောက်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း ကျင့်ကြံဆင့် မြင့်မားလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်မှာလည်း အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုအလား ဖြစ်လာပြီး လိုအပ်သော ဝိညာဉ်ကျောက် ပမာဏမှာလည်း ပိုမို များပြားလာခဲ့သည်။

၎င်းမှာလည်း မဆန်းချေ။ သူ့၌ ချီစွမ်းအင်အိမ်တော် ကိုးခုနှင့် ကိုးဆသော သွေးကြောများ ရှိနေသည်မဟုတ်ပါလော...။

ချီစွမ်းအင် ပမာဏတစ်ခုတည်းနှင့်ပင် အဆင့်တူ သန်မာသူများထက် များစွာ သာလွန်နေသဖြင့် ဝိညာဉ်ကျောက်နှင့် ဆေးလုံးများကို ပိုမို သုံးစွဲရမည်မှာ သဘာဝပင် ဖြစ်သည်။

“နောင်ကျရင်တော့ ငွေပိုရှာမှ ဖြစ်တော့မယ်...”

ရှေးလူကြီးများက ကျင့်ကြံခြင်းအတွက် လိုအပ်သော အရာလေးပါးတွင် ကြွယ်ဝမှုကို အဘယ်ကြောင့် နံပါတ်တစ်နေရာ၌ ထားခဲ့သနည်းဆိုသည်ကို လော့ချန် ယခုမှ နားလည်သွားတော့သည်။ လုံလောက်သော ကြွယ်ဝမှုနှင့် အရင်းအမြစ်များ မရှိပါက မည်မျှပင် အစွမ်းထက်သော ပါရမီ ရှိနေပါစေ အပြည့်အဝ အသုံးချနိုင်ရန် ခဲယဉ်းလှပေသည်။

လော့ချန်သည် စိတ်ထဲမှ ကြိတ်၍ ရေရွတ်ရင်း အဝတ်အစားများကို ရိုးရှင်းစွာ သိမ်းဆည်းလိုက်ကာ ရှောင်ယွမ်အိမ်တော်မှ ထွက်ခွာခဲ့ပြီး မန်လီတောင်ထိပ်ရှိ ယွမ်မန်လီ နေထိုင်ရာ အိမ်တော်သို့ သွားရောက်ခဲ့သည်။

ယွမ်မန်လီမှာ ယခုတိုင် ပြန်မရောက်သေးပေ။ ဤသည်က လော့ချန်ကို အနည်းငယ် စိုးရိမ်သွားစေသည်။ ယွမ်မန်လီကဲ့သို့သော အဆင့်အတန်းရှိသူများအတွက် လအနည်းငယ်ကြာ ကျင့်ကြံခြင်း သို့မဟုတ် တစ်နှစ်ခွဲခန့် အတွေ့အကြုံယူခြင်းမှာ ပုံမှန်ပင် ဖြစ်သော်လည်း လော့ချန် သိရှိထားသည်မှာ ယခုတစ်ခေါက်တွင် ယွမ်မန်လီသည် ကူးယွမ်မြို့သို့ လူသတ်ရန် သွားခြင်း ဖြစ်သည်။

“ဘာမှ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့...”

လော့ချန်သည် စိတ်ထဲမှ ဆုတောင်းလိုက်မိသည်။ ၎င်းမှာ သူ ယခု လုပ်နိုင်သော တစ်ခုတည်းသော အရာပင် ဖြစ်သည်။ မန်လီတောင်ထိပ်မှ ထွက်ခွာလာပြီးနောက် လော့ချန်သည် အတွင်းစည်းရင်ပြင်ကို ဖြတ်သန်းလာခဲ့သည်။

“စီနီယာအစ်ကို လော့ချန်...”

ယခုတစ်ခေါက်တွင် အတွင်းစည်းတပည့်များက သူ့ကို ကြည့်သော အကြည့်များမှာ ပြောင်းလဲသွားခဲ့ချေပြီ။ လူအများအပြားက ထက်ထက်သန်သန် နှုတ်ဆက်ကြသည်။ မင်းသားတန်းတပည့်များမှာမူ အကြည့်များက မကောင်းသော်လည်း ဘာမှ ထပ်မပြောရဲတော့ဘဲ လမ်းဖယ်ပေးလိုက်ကြသည်။

လော့ချန် အဓိကတပည့်အဖြစ် ရာထူးတိုးသွားခြင်းမှာ တစ်ချက်သာ ရှိသေးသည်။ ပြီးခဲ့သည့်တစ်ခေါက် စစ်ဆေးရေး ခန်းမဆောင်မှ တိုက်ပွဲကြောင့် လော့ချန်သည် အတွင်းစည်းတစ်ခုလုံးတွင် တစ်ပွဲတည်းနှင့် နာမည်ကျော်သွားခဲ့ခြင်း ဖြစ်သည်။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အလယ်အလတ်အဆင့်ဖြင့် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သန်မာသူ ဆယ်ဂဏန်းကျော်၏ ဝိုင်းရံမှုကို ချေမှုန်းနိုင်ခဲ့သည့် ရလဒ်မှာ တကယ့်ကို ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

အဆင့်မြင့် သိုင်းဝိညာဉ် နိုးကြားထားသော ဝါရင့်အဓိကတပည့် အများအပြားပင်လျှင် ထိုသို့ မလုပ်နိုင်ကြချေ။ လော့ချန်သည် နောင်တစ်ချိန်တွင် ရွှမ်ဟယ်စာရင်းဝင် ဖြစ်လာမည်မှာ အနှေးနှင့်အမြန်သာဖြစ်ကြောင်း လူအများက ယူဆနေကြသည်။

လော့ချန်သည် ရွှမ်ဟယ်စာရင်း ကျောက်တိုင်ကြီး၏ ဘေးမှ ဖြတ်လာစဉ် ခေါင်းစောင်း၍ တစ်ချက် ကြည့်လိုက်သည်။ ထိပ်ဆုံး သုံးယောက်မှာ အပြောင်းအလဲ မရှိဘဲ ဖန်ယွဲ့ယန်၊ ချီယွီ၊ ကျင်းမင် တို့သာ ဖြစ်ကြသည်။ သို့သော် လော့ချန်သည် အခြားသော နာမည်တစ်ခုကို သတိပြုမိလိုက်သည်။

လုရှောင်ကျင့်...

လွန်ခဲ့သော တစ်လက နံပါတ် ၄၉၀ နေရာမှ ယခုအခါ ၄၆၃ နေရာသို့ တက်လှမ်းသွားခဲ့ချေပြီ။

“တစ်လအတွင်းမှာ ၂၇ နေရာ တက်သွားတာလား... တကယ်ပဲ အစွမ်းရှိသားပဲ... နှမြောစရာပဲ၊ အဲဒီကောင် မရှိလို့... မဟုတ်ရင်တော့ သူ့ကို နာနာလေး ဆုံးမပေးလို့ ရတာပေါ့...”

လော့ချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။

ပြီးခဲ့သည့်တစ်ခေါက်က ထိုကောင်သာ မီးလောင်ရာလေပင့် မလုပ်ခဲ့လျှင် သူသည်လည်း စစ်ဆေးရေး ခန်းမဆောင်တွင် အကြီးအကျယ် သောင်းကျန်းနေမည် မဟုတ်ပေ။ ရလဒ်အနေဖြင့် သူ ဘာမှ နစ်နာမှု မရှိခဲ့သော်လည်း စိတ်ထဲ မထားဘဲ နေမည်ဟု မဆိုလိုပေ။ အခြားသူများကို စိန်ခေါ်ပြီး ရွှမ်ဟယ်စာရင်းဝင်ရန် ကိစ္စကိုမူ လော့ချန် လတ်တလော စိတ်မဝင်စားသေးချေ။

အကယ်၍ ကျင်းမင်ကို အနိုင်မယူနိုင်ဘဲ ရွှမ်ဟယ်စာရင်း၏ နံပါတ်တစ်နေရာကို မရနိုင်လျှင် စာရင်းဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဘာမှ အဓိပ္ပာယ် မရှိလှပေ။

ယခုအချိန်တွင် ရွှမ်ဟယ်စာရင်း ကျောက်တိုင်ဘေး၌ အတွင်းစည်းတပည့် အများအပြား ရှိနေပြီး စာရင်းပေါ်မှ နာမည်များကို ကြည့်ကာ ဆွေးနွေးနေကြသည်။

“စီနီယာအစ်ကို ဖန်ယွဲ့ယန်က စာရင်းပေါ်မှာ ရှိနေတုန်းပဲပဲ... ကြည့်ရတာ သူ စတုတ္ထနယ်ပယ်ကို တက်လှမ်းဖို့ နောက်တစ်ခါ ကျရှုံးသွားပြန်ပြီ ထင်တယ်...”

“စတုတ္ထနယ်ပယ်ဆိုတာ သွေးကြောတွေကတစ်ဆင့် စတုတ္ထတံခါးကို ဖွင့်ရတာလေ... အဲဒါက ဘယ်လောက်တောင် အဆင့်တက်ရ ခက်လဲ... စီနီယာအစ်ကို ဖန်ယွဲ့ယန်က အရင်က ခန္ဓာသန့်စင်ကန်ထဲကို ဝင်ပြီး အဲဒီက အစွမ်းနဲ့ အဆင့်တက်ဖို့ ကြိုးစားမလို့လေ... နှမြောစရာပဲ၊ အကြီးအကဲလီက ခန္ဓာသန့်စင်ကန်ကို ရုတ်တရက်ကြီး ပိတ်လိုက်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ...”

“ခန္ဓာသန့်စင်ကန်ဆိုတာ ငါတို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ ကျင့်ကြံခြင်းနယ်မြေပဲလေ... တစ်ခါမှ ပြဿနာ မရှိခဲ့ဖူးပါဘူး... အကြီးအကဲလီက ဘာလို့ ပိတ်လိုက်တာလဲ မသိဘူးနော်...”

လော့ချန် မထင်မှတ်ထားသည်မှာ လူအများ၏ အတင်းအဖျင်း စကားများမှတစ်ဆင့် မိမိကိုယ်တိုင်ဆီသို့ ဦးတည်လာခြင်းပင် ဖြစ်သည်။

အကယ်၍ သူတို့သာ ခန္ဓာသန့်စင်ကန် ပိတ်သွားရခြင်းမှာ လော့ချန်ကြောင့် ဖြစ်ကြောင်း သိသွားလျှင်မူ...။

လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။

“အကြီးအကဲလီက ငါ့ဆီကို လာမရှာတာကို ကြည့်ရင်တော့ ဘာမှ ပြဿနာ မရှိလောက်ပါဘူးလေ...”

စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် လော့ချန်သည် လှည့်ထွက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

ထိုစဉ် ရင်ပြင်၏ ရှေ့ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။

လူတိုင်း ကြည့်လိုက်သည့်အခါ ကိုယ်ပေါ်တွင် သွေးစများ စွန်းထင်နေသော အတွင်းစည်းတပည့် အချို့သည် ခေါင်းနှင့် ကိုယ် တကွဲတပြားစီ ဖြစ်နေသော အလောင်းတစ်ခုကို ထမ်းလာသည်ကို တွေ့လိုက်ရသည်။

“အဲဒါ အဓိကတပည့် စီနီယာအစ်ကို ချွီ မဟုတ်လား... ဘာတွေ ဖြစ်ကုန်တာလဲ...”

တစ်စုံတစ်ယောက်က အလောင်း၏ အထောက်အထားကို သိရှိသွားသဖြင့် အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

အတွင်းစည်းတပည့်မလေး တစ်ဦးမှာမူ မျက်ဝန်းများ နီမြန်းနေကာပြောလိုက်သည်။

“ကျွန်မတို့ နတ်ဆိုးတောအုပ်ထဲကို ဝင်ပြီး သွေးဝိညာဉ်ဂိုဏ်းတပည့် နှစ်ယောက်ကို သတ်ခဲ့တယ်... သူတို့ရဲ့ အထောက်အထား တံဆိပ်ပြားတွေကို ယူဖို့ ပြင်နေတုန်းမှာ လျှပ်ယွမ်ဂိုဏ်းက တပည့်အချို့ ထွက်လာပြီး တံဆိပ်ပြားတွေကို လုဖို့ ကြိုးစားတယ်လေ... ကျွန်မတို့က လက်လျှော့လိုက်ပါပြီ... ဒါပေမဲ့ စီနီယာအစ်ကို ချွီက စကားတစ်ခွန်း ပိုပြောမိတာနဲ့တင် သူတို့က ချက်ချင်း တိုက်ခိုက်ပြီး သတ်ပစ်လိုက်တာ... အလောင်းတောင် မနည်းပြန်ကောက်လာခဲ့ရတယ်...”

“တောက်... ပစ္စည်းပေးလိုက်တာတောင် လူသတ်ရဲတယ်ပေါ့... ဒီလျှပ်ယွမ်ဂိုဏ်းက ခွေးသူတောင်းစားတွေ... သူတို့ဂိုဏ်းက လူသတ်ခံရတာ မဆန်းပါဘူး... တစ်နေ့နေ့ကျရင် တစ်ယောက်ယောက်က လျှပ်ယွမ်ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ် သတ်ပစ်ဖို့ပဲ မျှော်လင့်တယ်...”

“အခွင့်အရေး ရရင်တော့ စီနီယာအစ်ကို ချွီအတွက် ငါ သေချာပေါက် လက်စားချေပေးမယ်...”

“စီနီယာအစ်ကို ချွီနဲ့ဆိုရင် ဒီလအတွင်းမှာ အဓိကတပည့် တစ်ဆယ့်သုံးယောက် သေသွားပြီနော်... အတွင်းစည်းတပည့်တွေဆိုရင် ဆယ်ဂဏန်းကျော်နေပြီ... အများစုကတော့ သွေးဝိညာဉ်ဂိုဏ်းတပည့်တွေရဲ့ လက်ချက်နဲ့ သေတာဆိုပေမဲ့... သွေးဝိညာဉ်ဂိုဏ်းစခန်းရဲ့ အရိပ်အယောင်ကိုတောင် အခုထိ မတွေ့ရသေးဘူး...”

“ကြားရသလောက်တော့ စခန်းကို ရှာတွေ့တာနဲ့ ဂိုဏ်းကြီး သုံးဂိုဏ်းက ပူးပေါင်းပြီး တိုက်ခိုက်ကြတော့မှာတဲ့... အဲဒီကျရင် အတွင်းစည်းတပည့်တွေ အကုန်လုံး ပါဝင်ရလိမ့်မယ်...”

လူအများ၏ မကျေမချမ်း ဖြစ်နေသော အသံများကို ကြားရသည့်အခါ လော့ချန်လည်း မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ အစွမ်းမှာ မလုံလောက်သေးကြောင်း စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။

ဂိုဏ်းအတွင်း၌ ရှိနေလျှင် ကောင်းသော်လည်း ဂိုဏ်းပြင်ပသို့ ခြေလှမ်းလိုက်သည်နှင့် အရာအားလုံးမှာ အစွမ်းပေါ်တွင်သာ မူတည်တော့သည်။ မည်သူဖြစ်သည်ကို ဂရုမစိုက်ဘဲ အနည်းငယ် ပေါ့ဆလိုက်သည်နှင့် သေဆုံးခြင်း သို့မဟုတ် ဒုက္ခိတဖြစ်ခြင်းတို့ ကြုံတွေ့ရပေလိမ့်မည်။

“လော့ရှာဂိုဏ်းကို အမြန်ဆုံး သွားမှ ဖြစ်တော့မယ်...”

လော့ချန်သည် ခေါင်းခါယမ်းကာ ဂိုဏ်းတံခါးဝရှိရာဘက်သို့ သူ၏ အရှိန်ကို မြှင့်တင်လျက် ပျံသန်းထွက်ခွာလာခဲ့တော့သည်။

“ကျင်းယွီရှီး ကော နန်းမြို့တော်မှာ ရှိနေဦးမလား မသိဘူး...”

ဂိုဏ်းတံခါးဝမှ ထွက်လာပြီးနောက် လော့ချန်သည် ခေတ္တ စဉ်းစားကာ နန်းမြို့တော်ဖြစ်သော ကျင်းတင်မြို့ရှိရာဘက်သို့ ဦးတည် ထွက်ခွာလာခဲ့သည်။

နဝမမင်းသမီး ကျင်းယွီရှီးသည် လော့ချန်အား လော့ရှာဂိုဏ်းသို့ မသွားမီ နန်းမြို့တော်သို့ လာခဲ့ရန် ပြောခဲ့ဖူးသည်မဟုတ်ပါလော...။ သူ ကတိပေးထားပြီးဖြစ်၍ ကတိမဖျက်လိုပေ။ ထို့အပြင် လော့ရှာဂိုဏ်းမှာ အမျိုးသမီးများသာ ရှိသော ဂိုဏ်းဖြစ်သဖြင့် ကျင်းယွီရှီးနှင့်အတူ သွားမည်ဆိုပါက လော့ချန်အတွက် ပို၍ပင် အဆင်ပြေပေလိမ့်မည်။

ကျင်းတင်မြို့နှင့် လော့ရှာဂိုဏ်းမှာ ရွှမ်ယွမ်ဂိုဏ်း၏ တောင်ဘက်နှင့် အရှေ့တောင်ဘက်တွင် အသီးသီး ရှိကြသဖြင့် အချိန်အများကြီး ပိုမကုန်နိုင်ချေ။

ဆုံးဖြတ်ချက် ချပြီးနောက် လော့ချန်သည် တောင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားရာ သူ၏ ပုံရိပ်မှာ ကောင်းကင်ယံ၌ သိသာထင်ရှားသော ချီလှိုင်းတစ်ခုကို ချန်ထားရစ်ခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက် ခန့်ညားလှသော မြို့ကြီးတစ်မြို့သည် လော့ချန်၏ အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ မြို့ရိုးများကို မည်သည့် ကျောက်အမျိုးအစားဖြင့် တည်ဆောက်ထားသည် မသိရသော်လည်း နေရောင်အောက်တွင် ရွှေရောင်များ ဝင်းလက်တောက်ပနေကာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။

၎င်းမှာ တာယွဲ့မင်းဆက်၏ နန်းမြို့တော် ကျင်းတင်မြို့ ပင်ဖြစ်၏။

လော့ချန်သည် ရင်းနှီးပြီးသား လမ်းအတိုင်း မြို့ထဲသို့ ဝင်ရောက်လာခဲ့ပြီး ယခင်က မင်းသားကြီး တည်ခင်းဧည့်ခံခဲ့သော ယွမ်တင်တိုက်သို့ ရောက်ရှိလာခဲ့သည်။ ဤယွမ်တင်တိုက်မှာ နန်းမြို့တော်၏ အခမ်းနားဆုံး စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်ပြီး တာယွဲ့မင်းဆက် နန်းတွင်းပိုင် အဆောက်အအုံတစ်ခုလည်း ဖြစ်သည်။

နဝမမင်းသမီးက ယွမ်တင်တိုက်သို့ လာလျှင် သူမနှင့် ဆက်သွယ်နိုင်မည်ဟု ပြောခဲ့ဖူးသည်။

ယွမ်တင်တိုက်၏ ခန်းမဆောင်ကြီးမှာ အလွန်ပင် ခမ်းနားလှပြီး ဝင်လိုက်သည်နှင့် အလင်းတန်းများ ဖြာထွက်နေသော ကျောက်စိမ်းတိုင်ကြီးများကို တွေ့မြင်ရမည် ဖြစ်သည်။ တိုင်များပေါ်တွင် နဂါးနှင့် ဖီးနစ်ငှက် ရုပ်တုများကို ထွင်းထုထားသလို ညဘက်တွင် လင်းလက်သော ပုလဲများကိုလည်း စီခြယ်ထားသဖြင့် အလွန်ပင် တန်ဖိုးကြီးလှသည်။

ကောင်တာ၏ နောက်ကွယ်တွင် ကိုယ်ဟန်ပြည့်ဖြိုးပြီး အသက်နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်နှစ်ခန့် ရှိသော လှပသည့် အမျိုးသမီးကြီးတစ်ဦး ရှိနေသည်။ သူမသည် လော့ချန် ဝင်လာသည်ကို မြင်သည့်အခါ ပြုံးလျက် မေးမြန်းလိုက်သည်။

“သခင်လေး... ဘာများ ကူညီပေးရမလဲရှင်...”

သူမသည် ဤယွမ်တင်တိုက်တွင် လူပေါင်းစုံကို ဧည့်ခံနေသူဖြစ်သဖြင့် သူမ၏ အမြင်မှာ အလွန်ပင် စူးရှလှသည်။ လော့ချန်သည် ကြည့်ရသည်မှာ နုပျိုချောမောပြီး စာပေတတ်သည့် သခင်လေးတစ်ဦးအလား ရှိသော်လည်း မျက်ခုံးအစုံကြားတွင်မူ လူကို ထိတ်လန့်စေနိုင်သော အရှိန်အဝါများ ရှိနေသည်ကို သူမက တစ်ချက်တည်းနှင့် သိလိုက်သဖြင့် ကိုယ်တိုင် ထွက်၍ ဧည့်ခံခြင်း ဖြစ်သည်။

လော့ချန်က ဆိုသည်။

“ကျွန်တော် နဝမမင်းသမီး ကျင်းယွီရှီးနဲ့ တွေ့ချင်လို့ပါ... ဒီကိုလာရင် သူမနဲ့ ဆက်သွယ်လို့ ရမယ်လို့ ပြောဖူးတယ်လေ...”

“နဝမမင်းသမီး ဟုတ်လား...”

ဆိုင်ရှင်အမျိုးသမီးမှာ အနည်းငယ် အံ့သြသွားပြီးနောက် ပြုံး၍ ဆိုသည်။

“သခင်လေးရဲ့ အမည်ကို သိပါရစေ... ကျွန်မ သွားပြီး အကြောင်းကြားပေးပါ့မယ်...”

လော့ချန်က ဆိုသည်။

“ရွှမ်ယွမ်ဂိုဏ်းတပည့် လော့ချန်ပါ...”

“ရွှမ်ယွမ်ဂိုဏ်းတပည့် လော့ချန်တဲ့လား...”

ဆိုင်ရှင်အမျိုးသမီး၏ မျက်ဝန်းများ ဝင်းလက်သွားပြီး လော့ချန်ကို သေသေချာချာ စိုက်ကြည့်လိုက်သည်။

ယခင်က မင်းသားကြီး၏ တည်ခင်းဧည့်ခံပွဲတွင် သူမ မရှိခဲ့သဖြင့် လော့ချန်ကို မတွေ့ဖူးသော်လည်း လော့ချန်၏ သတင်းများကိုမူ သူမ ကြားဖူးထားသည်။

မင်းသားကြီးနှင့် နဝမမင်းသမီးတို့ကလည်း အထူး မှာကြားထားသဖြင့် သူမသည် အလွန်ပင် သိချင်စိတ် ဖြစ်ပေါ်နေခဲ့သော်လည်း ဤမျှအထိ ငယ်ရွယ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

“နဝမမင်းသမီးက သခင်လေးအကြောင်းကို ပြောဖူးပါတယ်... ကျွန်မ အခုပဲ လူလွှတ်ပြီး အကြောင်းကြားပေးပါ့မယ်... လော့သခင်လေးအနေနဲ့ အတွင်းပိုင်းက အခန်းမှာ ခဏလောက် စောင့်ပေးပါဦး...”

ဆိုင်ရှင်အမျိုးသမီးက လက်ခုပ်အသာတီးလိုက်ကာ အမိန့်ပေးလိုက်သည်။

“လာကြစမ်း... လော့သခင်လေးကို ရေဆေးခန်းမဆောင် ဆီကို လိုက်ပို့ပေးလိုက်ကြစမ်း...”

“သခင်လေး... ကြွပါရှင်...”

လှပသော အစေခံမိန်းကလေး တစ်ဦးက ရှေ့သို့ ထွက်လာခဲ့သည်။

“ရပါတယ်... ကျွန်တော် ဒီခန်းမထဲမှာပဲ စောင့်ပါ့မယ်...”

လော့ချန်က ခေါင်းခါယမ်းလိုက်ပြီး ထိုသို့ဆိုကာ ခန်းမထဲတွင် တစ်နေရာ၌ ဝင်ထိုင်လိုက်သည်။

ဆိုင်ရှင်အမျိုးသမီး၏ မျက်ဝန်းထဲတွင် အခက်တွေ့နေသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး ခေတ္တ တွန့်ဆုတ်နေပြီးမှ ရှေ့သို့ တိုးလာကာ တိုက်ရိုက်ပင် ဆိုလိုက်သည်။

“လော့သခင်လေး... ကျွန်မ အမှန်အတိုင်းပဲ ပြောပါ့မယ်... ဒီနေ့ အဋ္ဌမမင်းသား ကျင်းမင်နဲ့ သူငယ်ချင်းအချို့ ဒီမှာ ဆုံဖို့ ချိန်းထားကြတာ ရှိပါတယ်... သခင်လေး ဒီမှာ ရှိနေရင် ကျွန်မ စိုးရိမ်တာက...”

လော့ချန်နှင့် အဋ္ဌမမင်းသားတို့၏ ရန်ငြိုးကို သူမ ကောင်းကောင်း သိထားသဖြင့် နှစ်ဖက် ထိပ်တိုက်တွေ့ပြီး ပြဿနာ ဖြစ်ပွားမည်ကို သူမ မလိုလားပေ။

“ကျင်းမင် ဟုတ်လား...”

လော့ချန်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ တကယ့်ကို ရန်သူတွေက လမ်းကျဉ်းလေးမှာမှ လာဆုံကြသည်တဲ့လား...။

“ဒါဆိုရင်လည်း ကောင်းပြီလေ...”

လော့ချန်သည် ဆိုင်ရှင်အမျိုးသမီးကို အခက်မတွေ့စေလိုပေ။ ယခုတစ်ခေါက်တွင် သူသည် နဝမမင်းသမီးကို လာရှာခြင်းသာ ဖြစ်သဖြင့် ပြဿနာ မရှာလိုသဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဆိုင်ရှင်အမျိုးသမီးမှာ သက်ပြင်းချနိုင်သွားပြီး ကိုယ်တိုင် လမ်းပြလိုက်ကာ သူ့ကို ခေါ်ဆောင်သွားသည်။

“သခင်လေး... ဒီဘက်ကို ကြွပါ...”

ထိုစဉ်မှာပင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ ဗလကောင်းသော လူငယ်တစ်ဦး ခန်းမထဲသို့ ဝင်လာခဲ့သည်။

သူသည် လော့ချန်ကို မြင်လိုက်ရသည့်အခါ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် မျက်နှာတွင် လျှို့ဝှက်နက်နဲသော အေးစက်လှသော အပြုံးတစ်ခု ပေါ်လာပြီး တစ်လှမ်းချင်း လျှောက်လာခဲ့သည်။

“ဟားဟားဟားဟား... ကောင်လေး... တကယ်ပဲ ဘဝဆိုတာ မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့တတ်တာပဲနော်...”

လော့ချန် ဘေးသို့ လှည့်ကြည့်လိုက်သည့်အခါ မျက်ခုံးများ ပင့်တက်သွားကာ တီးတိုးရေရွတ်လိုက်မိသည်။

“လုရှောင်ကျင့်...”

အခန်း (၅၂၅) ပြီးပါပြီ။

All Chapters