← Chapters

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အခန်း ၅၂၆ - မင်းကို ကိုင်တွယ်ဖို့ဆိုတာ လုံလောက်တာထက်တောင် ပိုသေးတယ်

“ဟင်းဟင်း... သခင်လေးလု... တည်ခင်းဧည့်ခံပွဲက စတော့မှာမို့လို့ ကျွန်မ အထဲကို လိုက်ပို့ပေးပါ့မယ်...”

ဆိုင်ရှင်အမျိုးသမီးသည် အခြေအနေ မကောင်းသည်ကို ရိပ်မိလိုက်သဖြင့် ချက်ချင်းပင် ပြုံးရွှင်သော မျက်နှာဖြင့် လုရှောင်ကျင့်ထံသို့ ကြိုဆိုနှုတ်ဆက်လိုက်သော်လည်း စိတ်ထဲတွင်မူ အလွန်ပင် စိုးရိမ်ပူပန်နေမိသည်။ လုရှောင်ကျင့်သည် မင်းသားတန်းအဖွဲ့မှ ဖြစ်ရာ ဤလူနှစ်ဦး ယခုကဲ့သို့ ဆုံမိကြသည်မှာ မကောင်းလှပေ။ အကယ်၍ တစ်ခုခု လွဲချော်သွားလျှင် ယနေ့တော့ ပြဿနာ တက်တော့မည်မှာ အသေအချာပင် ဖြစ်သည်။

တစ်ဖက်တွင် ပထမမင်းသား ရှိနေသလို အခြားတစ်ဖက်တွင်လည်း အဋ္ဌမမင်းသား ရှိနေသည်။ နှစ်ဖက်စလုံးမှာ သခင်များ ဖြစ်ကြသဖြင့် သူမကဲ့သို့သော ဆိုင်ရှင်တစ်ဦးအနေဖြင့် မည်သို့မျှ မပြစ်မှားရဲပေ။

လုရှောင်ကျင့်မှာမူ ဆိုင်ရှင်အမျိုးသမီးကို လုံးဝ လျစ်လျူရှုလိုက်ပြီး လော့ချန်ထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားသည်။

“ငါက ဘယ်သူများလဲလို့ ကြည့်နေတာ... မင်းလို အမှိုက်ကောင် ဖြစ်နေတာကိုး... လော့ချန်... ဒီယွမ်တင်တိုက်ဆိုတာက ဘယ်သူမဆို စိတ်ကြိုက် ဝင်ထွက်လို့ရတဲ့ နေရာမျိုး မဟုတ်ဘူးနော်...”

လော့ချန်သည် အကြည့်ကို လွှဲလိုက်ပြီး တစ်ဖက်လူကို အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။

“ငါ ဒီမှာ ထိုင်နေတယ်ဆိုကတည်းက ငါ့မှာ အရည်အချင်း ရှိလို့ပေါ့... နောက်ပြီး ငါ့မှာ အရည်အချင်း ရှိတာ၊ မရှိတာက မင်းနဲ့ ဘာဆိုင်လို့လဲ... ငါက မင်းနဲ့လည်း မရင်းနှီးဘူးလေ... ဖယ်စမ်း...”

တစ်ဖက်လူက ရောက်ရောက်ချင်းမှာပင် မိုက်ရိုင်းသည့် စကားများနှင့် အစွမ်းကုန် လှောင်ပြောင်နေသဖြင့် လော့ချန်သည်လည်း အားနာနေစရာ မလိုတော့ပေ။

ဆိုင်ရှင်အမျိုးသမီးမှာ ထိတ်လန့်တုန်လှုပ်သွားရသည်။ တကယ်ပင် စိုးရိမ်သည့်အတိုင်း ဖြစ်ကုန်လေပြီ။ လုရှောင်ကျင့်သည် ရွှမ်ယွမ်ဂိုဏ်း၏ ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်တစ်ဦး ဖြစ်သဖြင့် ဤမျှအထိ မောက်မာနေသည်မှာ ထားဦး သူမ မထင်ထားသည်မှာ လော့ချန်သည် လုရှောင်ကျင့်ထက်ပင် ပိုမို မောက်မာနေခြင်း ဖြစ်သည်။ သူသည် အလျှော့မပေးရုံသာမက လုရှောင်ကျင့်ကိုပါ ပေါ်ပေါ်တင်တင် စော်ကားလိုက်သည် ဖြစ်ရာ ၎င်းမှာ ကျားနှုတ်ခမ်းမွှေးကို သွားဆွဲလိုက်ခြင်းပင် မဟုတ်ပါလော။

လက်ရှိ အခြေအနေမှာ အများကြီး စဉ်းစားနေရန် အချိန်မရှိသဖြင့် ဆိုင်ရှင်အမျိုးသမီးက အားတင်းကာ ရှေ့သို့ တိုးလိုက်သည်။

“သခင်လေးလု... လော့ချန်က နဝမမင်းသမီး ကိုယ်တိုင် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်ပါရှင်...”

လုရှောင်ကျင့်ကမူ ထိုအချက်များကို ဂရုမစိုက်ချေ။ စစ်ဆေးရေး ခန်းမဆောင်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စအတွက် သူက လော့ချန်ကို လက်စားချေရန် အခွင့်အရေး ရှာနေသူ ဖြစ်ရာ ယခုအခါ လော့ချန်က သူ့ကို ထပ်မံ စိန်ခေါ်လိုက်သဖြင့် ချက်ချင်းပင် အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“ကောင်လေး... မင်း ငါ့ကို ဒီလို စကားမျိုး ပြောရဲတယ်ပေါ့လေ...”

လုရှောင်ကျင့်သည် တစ်ခုခုကို သတိရသွားဟန်ဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ သူ၏ မျက်နှာတွင် လျှို့ဝှက်နက်နဲသော အပြုံးတစ်ခု ပေါ်လာသည်။

“မင်း ဒီလောက်အထိ ရဲတင်းနေတာက ယွမ်မန်လီဆိုတဲ့ အားကိုးရှိနေလို့ပဲ မဟုတ်လား... နှမြောစရာပဲ... တကယ့်ကို နှမြောစရာပဲ... မင်း ခုချိန်ကစပြီး အရင်လို မောက်မာနိုင်တော့မှာ မဟုတ်ဘူး...”

လော့ချန် မျက်ခုံးပင့်လိုက်မိသည်။

“မင်း ဘာပြောချင်တာလဲ...”

လုရှောင်ကျင့်က ရယ်မောလျက် ပြန်ပြောသည်။

“ကြည့်ရတာ မင်း မသိသေးဘူး ထင်တယ်... မင်းရဲ့ အားကိုးရာကြီး ယွမ်မန်လီက လွန်ခဲ့တဲ့ တစ်လကျော်က ကူးယွမ်မြို့မှာ ကျိတော့ဂိုဏ်းက ပါရမီရှင်နဲ့ တိုက်ပွဲဖြစ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လေ... အဲဒီနောက်မှာ သွေးနတ်ဆိုးတွေရဲ့ ဝိုင်းရံမှုကို ခံလိုက်ရလို့ အခုထိ ဘယ်ရောက်နေမှန်း မသိရသေးဘူး... ကြည့်ရတာတော့ သွေးနတ်ဆိုးတွေက သူ့ရဲ့ သွေးတွေကို စုပ်ယူသွားလို့ အလောင်းတောင် ကျန်မှာ မဟုတ်တော့ဘူးလေ...”

နန်ကုန်းကျွယ်သည် မင်းသားတန်းအဖွဲ့မှ သန်မာသူ အချို့ကို ဦးဆောင်ကာ ကူးယွမ်မြို့သို့ ယွမ်မန်လီ၏ သတင်းကို သွားရောက် စုံစမ်းခဲ့သည်။ သို့သော်လည်း တစ်လကြာသည်အထိ မည်သည့် သတင်းမျှ မရရှိခဲ့ချေ။ နန်ကုန်းကျွယ်၏ ခန့်မှန်းချက်အရ ယွမ်မန်လီမှာ သေဆုံးသွားပြီမှာ သေချာသလောက် ရှိနေသည်။

လော့ချန်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

“ဒီစကားက တကယ်ပဲလား...”

လော့ချန်၏ ပုံစံကို မြင်ရသည့်အခါ လုရှောင်ကျင့်၏ မျက်နှာတွင် ပိုမို မောက်မာသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး လှောင်ပြောင်လိုက်သည်။

“သေချာပေါက် အမှန်ပေါ့... ယွမ်မန်လီရဲ့ အကာအကွယ် မရှိတော့ရင် မင်းက ဘာကောင်မို့လို့လဲ... နောင်ကျရင်တော့ မင်းအနေနဲ့ အေးအေးဆေးဆေး နေတာ အကောင်းဆုံးပဲ... မဟုတ်ရင်တော့ မင်းအတွက် ဘေးဒုက္ခတွေ ရောက်လာလိမ့်မယ်...”

လော့ချန်သည် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် နှုတ်ခမ်းကို အသာတွန့်ကာ ပြုံးလျက် ဆိုသည်။

“ငါက ဘာမှ မဟုတ်တာ မှန်ပါတယ်... ဒါပေမဲ့ မင်းကို ကိုင်တွယ်ဖို့ဆိုရင်တော့ လုံလောက်တာထက်တောင် ပိုသေးတယ်...”

“ငါ့ကို ကိုင်တွယ်ဖို့ လုံလောက်တာထက် ပိုတယ် ဟုတ်လား... စကားလုံးတွေကတော့ အတော်ကြီးတာပဲ...”

လော့ချန်၏ စကားကို ကြားသောအခါ လုရှောင်ကျင့်မှာ ဒေါသထွက်လွန်းသဖြင့် အော်ဟစ်ရယ်မောလိုက်ပြီး မျက်လုံးကို မှေးကျဉ်းလိုက်ရာ သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း နှစ်ကြောင်း ဖြတ်ပြေးသွားသည်။

“ဒီနေ့တော့ စီနီယာအစ်ကိုကို ဘယ်လို ရိုသေရမလဲဆိုတာ ငါ မင်းကို သင်ပေးရမှာပေါ့... အခုပဲ လဲကျလိုက်စမ်း...”

စိတ်ထဲမှ ဒေါသများကို မထိန်းချုပ်နိုင်တော့ဘဲ လုရှောင်ကျင့်သည် ချက်ချင်းပင် စတင် တိုက်ခိုက်လိုက်သည်။ သူ၏ လက်ငါးချောင်းကို ဖြန့်လိုက်ပြီး ဘယ်ဘက်လက်ဝါးဖြင့် လော့ချန်၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

“ကျွီ... ကျွီ... ကျွီ...”

လေထုမှာ ပြင်းထန်လှသော အရှိန်ကြောင့် ဖိသိပ်ခံလိုက်ရပြီး ကျောက်စိမ်းများ ကွဲအက်သွားသကဲ့သို့ အသံများ ထွက်ပေါ်လာသည်။

“ဖယ်စမ်း...”

လော့ချန်သည် ထိုနေရာတွင်ပင် တည်ငြိမ်စွာ ထိုင်နေပြီး လက်ဝါးချက် နီးကပ်လာမှသာ လက်သီးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

“ဘုန်း...”

လက်သီးနှင့် လက်ဝါးတို့မှာ တစ်ခဏချင်းတွင် ထိပ်တိုက်တွေ့သွားပြီးနောက် ပြင်းထန်လှသော ပေါက်ကွဲသံနှင့်အတူ ပတ်ဝန်းကျင်ရှိ စားပွဲ၊ ကုလားထိုင်များမှာ လွင့်ထွက်သွားပြီး လေထဲတွင်ပင် မှုန့်မှုန့်ညက်ညက် ကြေမွသွားတော့သည်။ မာကျောလှသော မြေပြင်ပေါ်တွင်လည်း အက်ကြောင်းများ ပေါ်ထွက်လာခဲ့လေသည်။

“ဒုန်း... ဒုန်း... ဒုန်း...”

ဖရိုဖရဲ ဖြစ်နေသော ချီလှိုင်းများကြားမှ ပုံရိပ်တစ်ခုမှာ အနောက်သို့ ခပ်ဝေးဝေး ဆုတ်ခွာလိုက်ရသည်။ ထိုပုံရိပ်ကို မြင်လိုက်ရသည့်အခါ ဆိုင်ရှင်အမျိုးသမီး၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိသည်။

“လုရှောင်ကျင့်က နောက်ဆုတ်သွားရတယ်တဲ့လား...”

လုရှောင်ကျင့်သည် ရွှမ်ယွမ်ဂိုဏ်း၏ ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်တစ်ဦး ဖြစ်သည်။ လော့ချန်မှာမူ ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းသို့ ရောက်ရှိသည်မှာ မကြာသေးဘဲ မကြာသေးမီကမှ စတင်၍ နာမည်ထွက်လာသူတစ်ဦးသာ ဖြစ်သည်မဟုတ်ပါလား။ အဓိက အချက်မှာ သူသည် အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားခြင်းပင် ဖြစ်သည်။

အအံ့သြဆုံးသူမှာ လုရှောင်ကျင့် ကိုယ်တိုင်ပင် ဖြစ်တော့သည်။

“ဒါ မဖြစ်နိုင်ဘူး...”

လုရှောင်ကျင့်သည် မျက်လုံးများ ပြူးထွက်သွားပြီး သူ နောက်ဆုတ်သွားရသည့် အမှန်တရားကို မယုံကြည်နိုင်ဘဲ ရှိနေသည်။ ယခုတင်က သူ၏ လက်ဝါးချက်မှာ စိတ်တိုင်းကျ တိုက်ခိုက်လိုက်ခြင်း မဟုတ်ဘဲ သူ၏ အစွမ်းအကုန် မထုတ်ရသေးသည့်တိုင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ သန်မာသူတစ်ဦးကို လွင့်ထွက်သွားစေရန် လုံလောက်လှသည်။ ၎င်းမှာ လော့ချန် ခုခံနိုင်ရမည့် အရာ မဟုတ်ပေ။

လော့ချန်လည်း အံ့သြသွားမိသည်မှာ သူ၏ ဤလက်သီးချက်က တစ်ဖက်လူကို အနည်းငယ်မျှသာ အသာစီး ရယူနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်များမှာ အမှန်တကယ်ပင် မရိုးရှင်းဘဲ တိုက်ပွဲစွမ်းရည်မှာ အဆင့်တူ သန်မာသူများထက် များစွာ သာလွန်လှပေသည်။

“ကောင်းတယ်... အရမ်းကောင်းတယ်... ကောင်လေး... ဒီနေ့တော့ မင်း ဒီယွမ်တင်တိုက်ထဲကနေ ဒေါင်လိုက် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး...”

လုရှောင်ကျင့်၏ မျက်နှာမှာ အေးစက်လှပြီး လော့ချန်၏ လက်ထဲတွင် အရှက်ရခဲ့သည့်အတွက် သူသည် အလွန်ပင် ဒေါသထွက်နေကာ မျက်နှာတစ်ခုလုံး တွန့်လိမ်နေတော့သည်။

ဆိုင်ရှင်အမျိုးသမီးမှာ အခြေအနေ မကောင်းသည်ကို မြင်သည့်အခါ နှစ်ဦးစလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများ ဖြစ်ကြသဖြင့် တကယ်လို့သာ အစွမ်းကုန် တိုက်ခိုက်ကြလျှင် ဤခန်းမဆောင်ကြီးမှာ ပျက်စီးသွားတော့မည် ဖြစ်ရာ ချက်ချင်းပင် ရှေ့သို့ တိုးလာကာ ပြုံးလျက် ဖျန်ဖြေလိုက်သည်။

“သခင်လေး နှစ်ဦးရှင်... ဒီယွမ်တင်တိုက်ဆိုတာ နန်းတွင်းပိုင် အဆောက်အအုံတစ်ခုပါ... တကယ်လို့ တစ်ခုခု ထိခိုက်ပျက်စီးသွားရင် ကျွန်မအနေနဲ့ တာဝန်မယူနိုင်ပါဘူး... ပထမမင်းသားနဲ့ အဋ္ဌမမင်းသားတို့ဆီမှာလည်း ရှင်းပြရခက်ပါလိမ့်မယ်...”

ထိုစကားကို ကြားသောအခါ လုရှောင်ကျင့်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီးနောက် လော့ချန်ကို ကြည့်ကာ အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“ကောင်စုတ်... အထဲမှာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေ တိုက်ခိုက်ဖို့ သီးသန့်လုပ်ထားတဲ့ စင်မြင့် ရှိတယ်... ငါတို့ အထဲဝင်ပြီး တိုက်ကြမယ်... ခုနက မင်းပြောသလို ငါ့ကို ကိုင်တွယ်ဖို့ လုံလောက်တယ်ဆိုရင်တော့ ထွက်မပြေးဘဲ လိုက်ခဲ့စမ်း...”

“မင်းကိုယ်တိုင်က သေချင်နေမှတော့ ငါကလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့...”

လော့ချန်သည် တည်ငြိမ်စွာပင် နေရာမှ ထလိုက်သည်။ သူသည် မူလက ပြဿနာ မရှာလိုသော်လည်း ပြဿနာက သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသဖြင့် သူသည်လည်း နောက်ဆုတ်နေမည့်သူ မဟုတ်ပေ။

ထိုစကားကို ကြားရသည့်အခါ ဆိုင်ရှင်အမျိုးသမီးက စိတ်ထဲမှ သက်ပြင်းချလိုက်မိပြီး လော့ချန်သည် မောက်မာလွန်းသည်ဟု မှတ်ချက်ချလိုက်မိသည်။ ယခုတင်က လုရှောင်ကျင့်သည် သေသေချာချာ မတိုက်ခိုက်ခဲ့သည်မှာ သိသာလှသည်။ အကယ်၍ လော့ချန်က ထိုမျှဖြင့် တစ်ဖက်လူကို အနိုင်ယူနိုင်မည်ဟု ထင်နေလျှင်မူ...။ ယနေ့ကိစ္စမှာ အေးအေးဆေးဆေး ပြီးဆုံးတော့မည် မဟုတ်ကြောင်း သိလိုက်သဖြင့် ဆိုင်ရှင်အမျိုးသမီးသည် ကောင်တာ၏ နောက်ကွယ်သို့ တိတ်တဆိတ် ဆုတ်ခွာသွားပြီး နဝမမင်းသမီးထံသို့ အမြန် သတင်းပို့ခိုင်းလိုက်တော့သည်။

“ကောင်းတယ်... လာခဲ့စမ်း...”

လော့ချန်က လက်ခံလိုက်သည်ကို မြင်သည့်အခါ လုရှောင်ကျင့်သည် မျက်လုံးကို မှေးကျဉ်းလိုက်ပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာကာ ယွမ်တင်တိုက်၏ အတွင်းပိုင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားတော့သည်။

လော့ချန်လည်း တွန့်ဆုတ်မနေဘဲ နောက်မှ လိုက်သွားခဲ့သည်။ ဤကြီးမားသော လှုပ်ရှားမှုက ပတ်ဝန်းကျင်ရှိ လူများကို သတိပြုမိသွားစေပြီး နှစ်ဦးသား တိုက်ခိုက်ကြတော့မည်ကို သိလိုက်ရသည့်အခါ လူအုပ်ကြီးမှာ အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြတော့သည်။

လော့ချန်နှင့် လုရှောင်ကျင့်တို့ ခန်းမဆောင်ကို ဖြတ်သန်းသွားစဉ် အတွင်းပိုင်းမှ လူငယ် ပါရမီရှင် ခုနစ်ယောက် ခန့် ထွက်လာကြသည်။ လော့ချန် ဝေ့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ထိုသူများ၏ အသက်မှာ နှစ်ဆယ်ဝန်းကျင်ခန့်သာ ရှိကြပြီး အမျိုးသား၊ အမျိုးသမီးများ ပါဝင်ကာ တစ်ဦးချင်းစီမှာ ထူးခြားသော အရှိန်အဝါများ ရှိကြသည်။ ချီစွမ်းအင် လှိုင်းများကို ကြည့်ခြင်းအားဖြင့် အားလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့် သန်မာသူများ ဖြစ်ကြပြီး နှစ်ဦး၏ အရှိန်အဝါမှာမူ လုရှောင်ကျင့်ထက်ပင် သာလွန်နေကာ အလွန်ပင် နက်နဲလှသဖြင့် သွေးကြောနိုးကြားမှုနယ်ပယ်၏ ထိပ်သီးသန်မာသူများ ဖြစ်မည်ဟု ခန့်မှန်းရသည်။

“လော့ချန်...”

ထိုသူများထဲတွင် ရွှမ်ယွမ်ဂိုဏ်းတပည့် တစ်ဦးလည်း ပါဝင်နေပြီး လော့ချန်ကို မြင်လိုက်ရသည့်အခါ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

“လော့ချန် ဟုတ်လား... သူက မင်းတို့ ရွှမ်ယွမ်ဂိုဏ်းက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားပြီး အဋ္ဌမမင်းသား ကျင်းမင်ကို အမြဲတမ်း အာခံနေတဲ့ကောင် မဟုတ်လား...”

တစ်ယောက်က မေးမြန်းလိုက်ရာ ရွှမ်ယွမ်ဂိုဏ်းတပည့်က ခေါင်းညိတ်ပြလိုက်သည်။

“သူက လုရှောင်ကျင့်နဲ့ တိုက်မလို့လား... တကယ်ပဲ သတ္တိကတော့ အတော်ကောင်းတာပဲ...”

“ဟဲဟဲ... ကြည့်လို့ ကောင်းတော့မှာပဲ... လုရှောင်ကျင့်ကို သွားရှုပ်မိရင်တော့ ဒီနေ့ သူ မသေရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရမှာ သေချာတယ်...”

“လုရှောင်ကျင့်... သူ့ကို အမြန်ဆုံး ရှင်းလိုက်စမ်းပါ... အဋ္ဌမမင်းသားလည်း မကြာခင် ရောက်တော့မှာဆိုတော့ ငါတို့ အရက်သောက်တာကို အနှောင့်အယှက် မဖြစ်စေနဲ့ဦး...”

ဤလူငယ်လူရွယ်များမှာ အဋ္ဌမမင်းသား ကျင်းမင် ယနေ့ ဖိတ်ကြားထားသော ဧည့်သည်တော်များ ဖြစ်ကြပြီး ထိုအထဲမှ လေးဦးမှာ တာယွဲ့မင်းဆက်မှ လူများ မဟုတ်ကြဘဲ အနီးနားရှိ အခြားမင်းဆက်များမှ ပါရမီရှင်များ ဖြစ်ကြသည်။

ထိုသူများမှာ စကားပြောဆိုနေရင်း လော့ချန်ကို လုံးဝ မျက်စိထဲ မထည့်ကြဘဲ လုရှောင်ကျင့် အနေဖြင့် လော့ချန်ကို အမြန်ဆုံး အနိုင်ယူပြီး တည်ခင်းဧည့်ခံပွဲ စတင်ရန်သာ တွေးတောနေကြသည်။ ဘာပဲဖြစ်ဖြစ် နှစ်ဦးသား၏ နာမည်နှင့် အစွမ်းမှာ အလွန်ပင် ကွာခြားလွန်းသည်မဟုတ်ပါလော...။ လုရှောင်ကျင့်သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့် ရှိသူဖြစ်ပြီး ရွှမ်ယွမ်ဂိုဏ်း၏ ရွှမ်ဟယ်စာရင်းတွင် နံပါတ် ၄၆၃ နေရာ၌ ရှိနေကာ တာယွဲ့မင်းဆက်တစ်ခုလုံးတွင် အတန်ငယ် နာမည်ကျော်ကြားသူ ဖြစ်သည်။ လော့ချန်မှာမူ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့် သန်မာသူတစ်ဦးသာ ဖြစ်ပြီး နာမည်လည်း မရှိသဖြင့် သူတို့၏ အမြင်တွင် ပုရွက်ဆိတ်တစ်ကောင်အလား ရှိနေတော့သည်။

အစေခံ၏ လမ်းပြမှုဖြင့် လော့ချန်နှင့် လုရှောင်ကျင့်တို့သည်အပြင် နောက်မှ ကြည့်ရှုနေသော လူအုပ်ကြီးမှာ ယွမ်တင်တိုက်၏ အတွင်းအကျဆုံး ခြံဝင်းသို့ ရောက်ရှိလာခဲ့ကြသည်။ ခြံဝင်းမှာ အလွန်ပင် ကျယ်ပြောလှပြီး အလယ်တွင် မီတာတစ်ရာခန့် ကျယ်ဝန်းသော စင်မြင့်တစ်ခု ရှိနေသည်။ စင်မြင့်ပေါ်တွင် ကာကွယ်ရေး အစီအရင်များကို စီရင်ထားပြီး ပတ်ဝန်းကျင်တွင် စိမ်းလဲ့သော အလင်းတန်းများ ဖုံးလွှမ်းနေသည်။

လမ်းပြပေးသော အစေခံက ဆိုသည်။

“သခင်လေးတို့ရှင်... ဒီစင်မြင့်က သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေ၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပါတယ်... ဒါပေမဲ့ တစ်ခါသုံးလျှင်တော့ ချီစွမ်းအင်ဆေးလုံး ငါးရာ ပေးရပါမယ်ရှင်...”

ချီစွမ်းအင်ဆေးလုံး ငါးရာတဲ့လား။

လော့ချန်သည် ဈေးနှုန်းမှာ ဤမျှအထိ ကြီးမြင့်လိမ့်မည်ဟု မထင်ထားခဲ့သော်လည်း သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများ၏ ဖျက်ဆီးအားကို တွေးမိသည့်အခါတွင်မူ စင်မြင့်၏ တည်ဆောက်မှုနှင့် ထိန်းသိမ်းမှုမှာ မလွယ်ကူကြောင်း နားလည်သွားတော့သည်။

“ဒီမှာ ယူလိုက်...”

လုရှောင်ကျင့်သည် ယခုအချိန်တွင် လော့ချန်ကို နာနာလေး ဆုံးမရန်သာ စိတ်အားထက်သန်နေသဖြင့် ချီစွမ်းအင်ဆေးလုံး သေတ္တာတစ်လုံးကို တိုက်ရိုက် ထုတ်ပေးလိုက်ပြီး ကိုယ်ဟန်ကို လှုပ်ရှားကာ စင်မြင့်ပေါ်သို့ တက်လိုက်သည်။ လော့ချန်လည်း နောက်မှ လိုက်တက်သွားခဲ့သည်။

လော့ချန် စင်မြင့်ပေါ်သို့ တက်လာသည်ကို မြင်သည့်အခါ လုရှောင်ကျင့်သည် မနေနိုင်ဘဲ အားရပါးရ ရယ်မောလိုက်သည်။

“ကောင်လေး... မင်းရဲ့ အစွမ်းက ဘယ်လိုရှိမလဲ မသိပေမဲ့... မင်းရဲ့ သတ္တိကတော့ တကယ်ကို မဆိုးပါဘူး... ဒါပေမဲ့ မင်းကိုယ်တိုင်က သေချင်နေမှတော့ ငါနဲ့ တိုက်ဖို့ ဆုံးဖြတ်လိုက်တာပေါ့လေ...”

အခန်း (၅၂၆) ပြီးပါပြီ။

အခန်း ၅၂၇ - အဋ္ဌမမင်းသား ရောက်ရှိလာခြင်း...

လော့ချန်သည် သူနှင့် အမှန်တကယ် တိုက်ခိုက်ဝံ့လိမ့်မည်ဟု လုရှောင်ကျင့် မထင်ထားခဲ့ချေ။

သာမန် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများသည် သူ၏ အမည်ကို ကြားလိုက်သည်နှင့် ထိတ်လန့်တုန်လှုပ်ကာ ထွက်ပြေးကြသည်ချည်းသာ မဟုတ်ပါလော။

“မင်းရဲ့ သတ္တိကလည်း မဆိုးပါဘူး... ငါနဲ့ တိုက်ဖို့ ဆုံးဖြတ်ရဲတာပဲ...”

လော့ချန်သည် လုရှောင်ကျင့်၏ လှောင်ပြောင်မှုကို ကြားသော်လည်း အမူအရာ ပျက်ယွင်းခြင်းမရှိဘဲ တစ်ဖက်လူ ပြောခဲ့သော စကားကိုပင် အပိုအလိုမရှိ ပြန်လည် တုံ့ပြန်လိုက်သည်။

“ငါ့ရဲ့ သတ္တိ ဟုတ်လား...”

လုရှောင်ကျင့်က မောက်မာစွာ ပြုံးလိုက်ပြီး ရယ်မောလျက် ဆိုသည်။

“ကောင်လေး... အစွမ်းအနည်းငယ် ရှိရုံနဲ့ လူတွေကို အထင်မသေးနဲ့ဦး... အမှန်အတိုင်း ပြောရရင် ငါက မင်းကို လုံးဝ မျက်စိထဲ မထည့်ဘူး... ခုန လက်ဝါးချက်က ငါ့ရဲ့ အစွမ်း လေး၊ ငါးဆယ်ရာခိုင်နှုန်းတောင် မရှိသေးဘူး... တကယ်လို့ ငါသာ အစွမ်းကုန် ထုတ်သုံးလိုက်ရင် မင်း သေမှာ သေချာတယ်...”

လုရှောင်ကျင့်သည် လက်နှစ်ဖက်ကို ပိုက်ကာ မေးကို အနည်းငယ် မြှင့်ထားပြီး လော့ချန်၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာကို မြင်တွေ့လိုသဖြင့် အထက်စီးမှ ကြည့်နေခဲ့သည်။

သို့သော်လည်း ရလဒ်ကမူ သူ့ကို စိတ်ပျက်သွားစေခဲ့၏။

လော့ချန်သည် တည်ငြိမ်စွာ ပြုံးလိုက်ပြီး အေးဆေးသော လေသံဖြင့် ဆိုသည်။

“ခုနက လက်သီးချက်မှာ ငါလည်း ငါ့ရဲ့ အစွမ်း သုံးဆယ်ရာခိုင်နှုန်းတောင် မသုံးရသေးဘူး...”

ထိုစကားကို ကြားသောအခါ အနားရှိ ပါရမီရှင် လူငယ်များမှာ အနည်းငယ် အံ့သြသွားကြသည်။

လှပကျော့ရှင်းသော အမျိုးသမီးငယ်တစ်ဦးက ပြုံးလျက်ဆိုသည်။

“ဟင်းဟင်း... ဒီကောင်ကတော့ တကယ်ပဲ အပြောသန်တာပဲ... ဒါပေမဲ့ လုရှောင်ကျင့်ရဲ့ ရှေ့မှာတောင် ဒီလောက် တည်ငြိမ်နေနိုင်တာကို ကြည့်ရင် သူ့ကိုယ်သူ တကယ် ယုံကြည်မှု ရှိနေပုံရတယ်... တကယ်ပဲ သူက လုရှောင်ကျင့်ကို ယှဉ်နိုင်တဲ့ အစွမ်း ရှိနေတာလား...”

“မဖြစ်နိုင်တာ...”

ဘေးမှ ရွှမ်ယွမ်ဂိုဏ်းတပည့်က ပြတ်ပြတ်သားသား ခေါင်းခါယမ်းလိုက်ပြီးငြင်းသည်။

“သူက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အလယ်အလတ်အဆင့်ပဲ ရှိတာလေ... အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်တယ် ဆိုဦးတော့ သူ့ရဲ့ အစွမ်းက အများဆုံး အဆင့် ၈ လောက်ပဲ ရှိမှာပေါ့... ဘယ်လိုလုပ်ပြီး စီနီယာအစ်ကို လုရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ...”

“ဟဲဟဲ... ကြည့်ရတာ နွားသိုးလေးက ကျားကို မကြောက်ဘူး ဖြစ်နေတာပဲ... လုရှောင်ကျင့်ကို အနိုင်ကျင့်ရလွယ်တဲ့လူလို့ ထင်နေပုံရတယ်... ဒါပေမဲ့ သူ မကြာခင်မှာပဲ လက်တွေ့က ဘယ်လောက်အထိ ရက်စက်လဲဆိုတာ သိသွားမှာပါ...”

လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ သာ ရှိသေးကြောင်း သိလိုက်ရသည့်အခါ ထိုပါရမီရှင် လူငယ်များ၏ မျက်နှာတွင် လှောင်ပြောင်သော အမူအရာများ အလိုလို ပေါ်ထွက်လာတော့သည်။

လုရှောင်ကျင့်သည် ရွှမ်ယွမ်ဂိုဏ်း၏ ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်တစ်ဦး ဖြစ်ပြီး သာမန် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ မဟုတ်ချေ။

ပါရမီရှင် အချင်းချင်း တိုက်ခိုက်ရာတွင် အဆင့်ကျော်၍ အနိုင်ယူရန်မှာမူ လုံးဝ မလွယ်ကူလှပေ။ အထူးသဖြင့် အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားသူတစ်ဦးအတွက်မူ ပို၍ပင် ခက်ခဲပေလိမ့်မည်။

“ကောင်လေး... မင်းက အရမ်းကို မောက်မာလွန်းတယ်...”

လော့ချန်၏ တည်ငြိမ်လွန်းသော အမူအရာက လုရှောင်ကျင့်ကို ဒေါသထွက်သွားစေခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။

“မင်းရဲ့ အစွမ်းက အတွင်းစည်းတပည့်တွေထဲမှာ အလယ်အလတ် အဆင့်လောက်ပဲ ရှိတာပါ... နည်းနည်းလောက် နာမည်ထွက်လာရုံနဲ့ ငါ့ရှေ့မှာ လာပြီး ဟန်လုပ်မနေနဲ့...”

“ဘုန်း...”

စကားအဆုံးတွင် လုရှောင်ကျင့်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများမှာ ကောင်းကင်သို့ ထိုးတက်သွားကာ အဆက်မပြတ် မြင့်တက်လာတော့သည်။ ပြင်းထန်လှသော ချီစွမ်းအင် လှိုင်းများမှာ လေပြင်းများအလား လော့ချန်ထံသို့ တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်သွားတော့သည်။

“မင်း အခုဆိုရင် ကိုယ့်အရည်အချင်းကိုယ် သိလောက်ပြီပေါ့... ဒါပေမဲ့ မင်း အခု နောင်တရရင်လည်း နောက်ကျသွားပြီ... ဒီနေ့ မင်း တစ်သက်လုံး မမေ့နိုင်မယ့် သင်ခန်းစာတစ်ခု ငါ ပေးရမယ်...”

လုရှောင်ကျင့်သည် ပုရွက်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်သကဲ့သို့ လော့ချန်ကို ကြည့်နေပြီး သူ၏ အရှိန်အဝါမှာ အရပ်မျက်နှာအနှံ့သို့ ဖုံးလွှမ်းသွားခဲ့သည်။

ဤတစ်လအတွင်း သူ၏ ကျင့်ကြံဆင့်မှာလည်း တိုးတက်မှု ရှိခဲ့သည်။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ နောက်ဆုံးအဆင့်သို့ မရောက်သေးသော်လည်း များစွာ မဝေးတော့ချေ။ သူ၏ တိုက်ပွဲစွမ်းရည်မှာလည်း ရွှမ်ဟယ်စာရင်း၏ နံပါတ် ၄၉၀ နေရာမှ ၄၆၃ နေရာသို့ တိုက်ရိုက် တက်လှမ်းသွားခဲ့သည်မဟုတ်ပါလော။

ထို့ကြောင့် သူသည် လော့ချန်ကို အဘယ်ကြောင့် မျက်စိထဲ ထည့်ပါမည်နည်း။

တစ်ဖက်လူ၏ အရှိန်အဝါ ရိုက်ခတ်မှုအောက်တွင် လော့ချန်၏ ဝတ်စုံစများမှာ တဖျပ်ဖျပ် လှုပ်ခတ်နေသော်လည်း သူ၏ အကြည့်မှာမူ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် လျှပ်စီးဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ရာ ဓားအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး လုရှောင်ကျင့်နှင့် ရင်ဘောင်တန်းလိုက်ကာ ဆိုသည်။

“စကားတွေ အများကြီး ပြောမနေနဲ့တော့... လက်တွေ့ပဲ တိုက်ကြရအောင်... ဘယ်သူက ဘယ်သူ့ကို သင်ခန်းစာ ပေးမလဲဆိုတာ သိရတာပေါ့...”

“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်တဲ့လား...”

လုရှောင်ကျင့်၏ မျက်လုံးများ ကျဉ်းသွားပြီး အံ့သြရိပ်များ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ရယ်မောလျက် ဆိုသည်။

“မင်း ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေလဲဆိုတာ အခုမှ သိတော့တယ်... ဒီတစ်လအတွင်းမှာ မင်းလည်း အဆင့်တက်လာတာကိုး... ဒါပေမဲ့ ဒီလောက် အစွမ်းလေးနဲ့ ငါ့ကို အာခံနိုင်မယ်လို့ ထင်နေရင်တော့ အိမ်မက်မက်နေတာပဲ... ငါ့ကို စိန်ခေါ်တဲ့အတွက် မင်းရဲ့ တစ်ကိုယ်လုံးက အရိုးတွေကို ငါ ချိုးပစ်မယ်... အခုပဲ လဲနေလိုက်စမ်း...”

ဒေါသများ ဆူဝေနေသဖြင့် လုရှောင်ကျင့်မှာ စကားအများကြီး ဆက်မပြောတော့ဘဲ အော်ဟစ်လိုက်ကာ ကိုယ်ပေါ်မှ ချီစွမ်းအင်များကို လှုပ်ရှားလိုက်ရာ စိမ်းလဲ့သော ရေလှိုင်းများအလား ထွက်ပေါ်လာပြီး တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။

“စိမ်းလဲ့ရေလှိုင်း သတ်ဖြတ်ခြင်း...”

“ဝူး...”

လုရှောင်ကျင့်က လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်နှင့် တစ်ပြိုင်နက် စင်မြင့်တစ်ခုလုံးတွင် သမုဒ္ဒရာလှိုင်းလုံးကြီးများအလား ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး ပြင်းထန်လှသော ချီစွမ်းအင်များမှာ တောင်ကြီးတစ်လုံးပမာ ရှိသော ရေလှိုင်းလက်ဖဝါးအဖြစ် ပြောင်းလဲသွားသည်။

ထိုရေလှိုင်းလက်ဖဝါးမှာ အလွန်ပင် သိပ်သည်းလှပြီး ဖန်သားအလား ကြည်လင်နေကာ လော့ချန်ကို ဖိနှိပ်ရန် ကျဆင်းလာခဲ့ရာ လေထုမှာလည်း အလွှာလိုက် ဖောက်ထွင်းခံလိုက်ရတော့သည်။

“တကယ့်ကို သိပ်သည်းလှတဲ့ လက်ဝါးစွမ်းအားပဲ...”

“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ သန်မာသူတွေကို မဆိုထားနဲ့... အဆင့် ၉ အလယ်အလတ်အဆင့် သန်မာသူတွေတောင် ဒါကို ခုခံဖို့ ခက်လိမ့်မယ်... ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်ဆိုတာ တကယ်ကို မရိုးရှင်းဘူးပဲ...”

ကြည့်ရှုနေသူများမှာ အမြင်စူးရှကြသဖြင့် ဤလက်ဝါးချက်၏ အစွမ်းကို သိရှိကြသည်။ ဤလက်ဝါးချက်အောက်တွင် လော့ချန်မှာ ဘေးကင်းနိုင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ကြဘဲ မသေရင်တောင် ဒုက္ခိတ ဖြစ်သွားမှာ သေချာသည်ဟု ယူဆနေကြသည်။

ဆိုင်ရှင်အမျိုးသမီးမှာလည်း စိုးရိမ်ပူပန်သော မျက်နှာဖြင့် ရှိနေသည်။

လော့ချန်သည် ပထမမင်းသားနှင့် နဝမမင်းသမီးတို့၏ ဧည့်သည်တော် ဖြစ်ရာ အကယ်၍ တစ်ခုခု ဖြစ်သွားလျှင် သူမ မည်သို့ ရှင်းပြရပါမည်နည်း။

“မဆိုးပါဘူး... ဒါပေမဲ့ မလုံလောက်သေးဘူး...”

လူတိုင်းက လော့ချန် ရှုံးနိမ့်တော့မည်ဟု ထင်နေချိန်တွင် လော့ချန်က ခေါင်းခါလိုက်ကာ ပြောရင်း စတင် လှုပ်ရှားလိုက်သည်။

“ဂီး...”

လော့ချန်၏ ကိုယ်တွင်းမှ နဂါးဟိန်းသံများ ထွက်ပေါ်လာပြီး စစ်မှန်သောနဂါးကျင့်စဉ်ကို လှုပ်ရှားလိုက်ရာ ဓားစွမ်းအင်များမှာ ပေါက်ကွဲထွက်လာပြီး ဝတ်စုံစများမှာလည်း ဖောင်းကားလာတော့သည်။ သူသည် လျှပ်စီးဓားမှ တောက်ပလှသော ဓားအလင်းတန်းများကို ထုတ်လွှတ်ကာ ခုတ်ချလိုက်သည်။

ဤဓားကွက်မှာ နှေးသကဲ့သို့ ရှိသော်လည်း အမှန်တကယ်တွင်မူ အလွန်ပင် မြန်ဆန်လှသည်။ သူ ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် လူတိုင်းမှာ ဝေဝါးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး တောက်ပလှသော ကြယ်တာရာ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးကိုပင် မှောင်မိုက်သွားစေသည်ဟု ထင်မှတ်လိုက်ရသည်။

“ဘုန်း...”

တောက်ပလှသော ဓားစွမ်းအင်မှာ အထက်သို့ ဖြောင့်တန်းစွာ ထိုးတက်သွားပြီး ရေလှိုင်းလက်ဖဝါးကြီးကို ခုတ်ပိုင်းလိုက်ရာ သတ္တုချင်း ထိခိုက်သံများ ထွက်ပေါ်လာပြီး အင်အားနှစ်ခုမှာ လေထဲတွင် အားပြိုင်နေကြတော့သည်။

နောက်တစ်ခဏတွင်...

“ဘုန်း...”

အင်အားနှစ်ခုမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားပြီး ချီလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားရာ စင်မြင့်ပတ်လည်ရှိ ခုခံစနစ် အလင်းတန်းများမှာပင် တုန်ခါသွားရသည်။ ပုံရိပ်နှစ်ခုမှာလည်း တစ်ပြိုင်နက်တည်း အနောက်သို့ လွင့်ထွက်သွားကြတော့သည်။

“ခုခံနိုင်တယ်...”

“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ နဲ့ လုရှောင်ကျင့်ရဲ့ လက်ဝါးချက်ကို ခုခံနိုင်တယ်တဲ့လား...”

“တကယ့်ကို အစွမ်းထက်တဲ့ ဓားသိုင်းပဲ... ငါ့ရဲ့ စိတ်အသိကိုတောင် ရိုက်ခတ်နိုင်တယ်ဆိုတော့ ဒီကောင့်ရဲ့ ဓားသိုင်းအဆင့်အတန်းက လုံးဝ မရိုးရှင်းဘူးပဲ...”

လူအုပ်ကြီးမှာ ဆူညံသွားကြပြီး အဋ္ဌမမင်းသား ကျင်းမင် ဖိတ်ကြားထားသော ပါရမီရှင် လူငယ်များ၏ မျက်နှာမှာလည်း အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။

ယခုတင်က သူတို့က လော့ချန် သေချာပေါက် ရှုံးလိမ့်မည်ဟု အပိုင်တွက်ခဲ့ကြသည် မဟုတ်ပါလော။

တစ်ယောက်က မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။

“လုရှောင်ကျင့်... ညှာတာမနေနဲ့တော့... မင်းရဲ့ တကယ့်အစွမ်းကို ထုတ်သုံးလိုက်စမ်းပါ... တကယ်လို့ မင်းသာ ဒီကောင့်လက်ထဲမှာ အရေးနိမ့်သွားရင်တော့ တစ်လောကလုံးရဲ့ လှောင်ပြောင်တာကို ခံရတော့မှာပဲ...”

ထိုစကားကို ကြားသောအခါ လုရှောင်ကျင့်၏ မျက်နှာမှာ ညိုမည်းသွားသည်။

ယခုတင်က လက်ဝါးချက်မှာ သူ၏ အစွမ်း ခြောက်ဆယ်၊ ၇၀ ရာခိုင်နှုန်းခန့်ကို ထုတ်သုံးထားခြင်း ဖြစ်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ သန်မာသူ အားလုံးကို ချေမှုန်းရန် လုံလောက်လှသည်။

သို့သော်လည်း လော့ချန်ကို အနည်းငယ်မျှပင် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ခြင်းက သူ၏ မျက်နှာကို အရှက်ရစေခဲ့ချေပြီ။

ထိုစဉ် ခြေသံများ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက် ဝင်လာခဲ့သည်။

မမြင်နိုင်သော အရှိန်အဝါတစ်ခု၏ ရိုက်ခတ်မှုကြောင့် လူတိုင်း၏ အကြည့်မှာ ရောက်ရှိလာသူထံသို့ ချက်ချင်း ရောက်ရှိသွားကြတော့သည်။

ရောက်ရှိလာသူမှာ တည်ငြိမ်သော ကိုယ်ဟန်၊ တန်ဖိုးကြီး ဝတ်စုံနှင့် ကိုယ်ပေါ်တွင် မြင့်မြတ်သော အရှိန်အဝါများ ရှိနေပြီး သူ၏ မျက်ဝန်းရှည်များမှာ အေးစက်လှသော အငွေ့အသက်များကို ပေးစွမ်းနေသည်။ သူသည် အခြားသူ မဟုတ်ဘဲ အဋ္ဌမမင်းသား ကျင်းမင် ပင်ဖြစ်၏။

“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်တဲ့လား...”

စင်မြင့်ပေါ်ရှိ လော့ချန်ကို မြင်လိုက်ရသည့်အခါ ကျင်းမင်၏ မျက်ဝန်းအစုံမှာ ရုတ်တရက် ကျဉ်းသွားပြီး ခေတ္တမျှ မှင်တက်မိသွားရသည်။

လွန်ခဲ့သော တစ်နှစ်က သူ၏ မျက်စိထဲတွင် ပုရွက်ဆိတ်တစ်ကောင်အလား ရှိသော ထိုအမှိုက်မှာ ဤမျှ တိုတောင်းလှသော အချိန်အတွင်းမှာပင် ဤအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်တဲ့လား။

ဤသည်က သူ့အား မည်သို့လျှင် ထိတ်လန့်တုန်လှုပ်မှု မရှိဘဲ နေနိုင်ပါမည်နည်း။

“အရှင်မင်းသား...”

တစ်စုံတစ်ယောက်က ရှေ့သို့ တိုးလာပြီး ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို အကျဉ်းချုပ် တင်ပြလိုက်သည်။

ထိုစကားကို ကြားရသည့်အခါ အဋ္ဌမမင်းသား၏ အကြည့်မှာ ပိုမို အေးစက်သွားတော့သည်။

သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်ဖြင့် အဆင့် ၉ အလယ်အလတ်အဆင့် ရှိသူ၊ ၎င်းမှာ ရွှမ်ဟယ်စာရင်းဝင် သန်မာသူတစ်ဦးကို ရင်ဆိုင်နေသည်တဲ့လား။

၎င်းမှာ သူပင်လျှင် လုပ်ဆောင်နိုင်သည့် ကိစ္စမဟုတ်ပေ။

ကျင်းမင်သည် လော့ချန်ကို သေသေချာချာ တစ်ချက် ကြည့်လိုက်ပြီးနောက် လုရှောင်ကျင့်ကို ကြည့်ကာ အေးစက်လှသော လေသံဖြင့် ဆိုလိုက်သည်။

“လုရှောင်ကျင့်... မင်းရဲ့ အစွမ်းတွေကို ဖုံးကွယ်မထားနဲ့တော့... အစွမ်းကုန် ထုတ်သုံးလိုက်စမ်းပါ... ဘယ်လို နောက်ဆက်တွဲ ပြဿနာပဲ ဖြစ်လာပါစေ ငါ တာဝန်ယူပေးမယ်...”

အခန်း (၅၂၇) ပြီးပါပြီ။

အခန်း ၅၂၈ - သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့် သန်မာသူကို အနိုင်ယူခြင်း

အဋ္ဌမမင်းသား ကျင်းမင်၏ လေသံမှာ အေးစက်လှပြီး သူ၏ ဆိုလိုရင်းမှာ အလွန်ပင် ရှင်းလင်းလှပေသည်။ လုရှောင်ကျင့်အား မည်သည့်အရာကိုမျှ ထောက်ထားနေရန် မလိုဘဲ အစွမ်းကုန် ထုတ်သုံးကာ လော့ချန်အား အသုံးမကျသူဖြစ်အောင် လုပ်ပစ်ရန်ပင် ဖြစ်သည်။

လုရှောင်ကျင့်သည် ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်တစ်ဦး ဖြစ်သည့်အတွက် သူ၏ အစွမ်းမှာ ဤမျှသာ မဟုတ်ကြောင်း ကျင်းမင် ကောင်းကောင်း သိထားသည်။ အကယ်၍ လုရှောင်ကျင့်သာ အစွမ်းကုန် ထုတ်သုံးလိုက်လျှင် လော့ချန်သည် မည်သို့မျှ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။

လော့ချန် မကြာခင် ကြုံတွေ့ရတော့မည့် အဖြစ်အပျက်ကို တွေးမိရင်း ကျင်းမင်၏ စိတ်ထဲတွင် ကျေနပ်မှုများ အလိုလို ဖြစ်ပေါ်လာပြီး အကြည့်များမှာလည်း ရက်စက်ကြောက်မက်ဖွယ် ကောင်းလှပေသည်။

“လော့ချန်... လော့ချန်... မင်းလို အမှိုက်ကောင်က ဒီအဆင့်အထိ ရောက်လာနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... နှမြောစရာပဲ... ငါ့ကို စတင် အာခံခဲ့တဲ့နေ့ကတည်းက မင်းရဲ့ ဒီနေ့ နိဂုံးက သတ်မှတ်ပြီးသား ဖြစ်နေခဲ့တာ...”

ကျင်းမင်သည် အေးစက်စွာ ပြုံးလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။

“ယွမ်မန်လီ... အမှိုက်ဆိုတာ အမြဲတမ်း အမှိုက်ပဲဆိုတာ မင်းကို ငါ သိအောင် လုပ်ပြမယ်... ဘယ်တော့မှ ပြန်ပြီး ခေါင်းထောင်နိုင်မှာ မဟုတ်ဘူး... နှမြောစရာပဲ... မင်းကတော့ ဒီမြင်ကွင်းကို မြင်တွေ့ရမယ့် အခွင့်အရေး မရှိတော့ဘူးပေါ့...”

စင်မြင့်ပေါ်တွင်...

“လော့ချန်... မင်းမှာ တကယ်ပဲ အစွမ်းအနည်းငယ် ရှိနေတာပဲ...”

လုရှောင်ကျင့်သည် မျက်လုံးများကို ပင့်ကြည့်လိုက်ပြီး လော့ချန်ကို အေးစက်စွာ စိုက်ကြည့်ကာ ဆိုသည်။

“ဒါပေမဲ့ မင်းနဲ့ ငါကြားက ကွာခြားချက်က ဘယ်လောက်အထိ ကြီးမားလဲဆိုတာ ငါ အခုပဲ မင်းကို သိအောင် လုပ်ပြမယ်... တကယ်လို့ မင်းသာ ငါ့ရဲ့ နောက်ထပ် လက်ဝါးချက်ကို ခုခံနိုင်ရင် ဒီနေ့တော့ မင်းကို ငါ လွှတ်ပေးလိုက်မယ်...”

“မင်းမှာ ဘယ်လို နည်းလမ်းတွေပဲ ရှိရှိ အကုန်ထုတ်သုံးလိုက်ပါ... ငါကတော့ တစ်ချက်တည်းနဲ့ တုံ့ပြန်ပေးမယ်...”

“ဟဲဟဲ... မင်း အခုလိုပဲ ဆက်ပြီး လေသံပြင်းနိုင်ဦးမလား ကြည့်ရသေးတာပေါ့...”

လုရှောင်ကျင့်သည် ရက်စက်စွာ ပြုံးလိုက်သည်။ သူသည် အစွမ်းအထက်ဆုံး တိုက်ကွက်ကို အသုံးပြုပြီး လော့ချန်အား တိုက်ရိုက် ချေမှုန်းရန် သို့မဟုတ် တစ်ချက်တည်းနှင့် အလဲထိုးရန် ဆုံးဖြတ်လိုက်သည်။

“ဘုန်း...”

အတွေးနှင့် တစ်ပြိုင်နက် လုရှောင်ကျင့်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး သူ၏ အနောက်တွင် ကြယ်ခုနစ်လုံး ပါဝင်သော ရေလှိုင်းဝဲဂယက်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ယခုအချိန်တွင် လုရှောင်ကျင့်သည် မည်သည့် အစွမ်းကိုမျှ ဖုံးကွယ်မထားတော့ဘဲ သူ၏ အရှိန်အဝါကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။

ထိတ်လန့်ဖွယ်ကောင်းသော ချီစွမ်းအင် လှိုင်းများမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ဟုန်းဟုန်းတောက် ဆူဝေနေကာ သမုဒ္ဒရာကြီးတစ်ခု၏ အလယ်တွင် ရောက်ရှိနေသကဲ့သို့ ခံစားရစေပြီး လေထုမှာပင် တွန့်လိမ်သွားရတော့သည်။

“တစ်ကွက်တည်းနဲ့ မင်းကို အနိုင်ယူပြမယ်...”

ခြေလှမ်းတစ်လှမ်း ရှေ့သို့ တိုးလိုက်သည်နှင့် မြေပြင်မှာ အက်ကွဲသွားပြီး လုရှောင်ကျင့်သည် စိမ်းလဲ့သော အလင်းတန်းများ ဖုံးလွှမ်းနေသည့် သူ၏ ညာဘက်လက်ဝါးကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။

ဤရိုးရှင်းလှသော လှုပ်ရှားမှုမှာ အလွန်ပင် လေးလံလှပြီး တောင်ကြီးတစ်လုံးကို မတင်နေရသကဲ့သို့ ရှိနေသည်။

“စိမ်းလဲ့ရေလှိုင်း နှစ်ထပ်သတ်ဖြတ်ခြင်း...”

အရှိန်အဝါ အမြင့်ဆုံးသို့ ရောက်ရှိချိန်တွင် လုရှောင်ကျင့်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး လက်ဝါးဖြင့် နှစ်ချက် ဆက်တိုက် ရိုက်ချလိုက်သည်။

ချက်ချင်းပင် စင်မြင့်တစ်ခုလုံးတွင် လေပြင်းများ တိုက်ခတ်လာပြီး လက်ဖဝါးချီ ဝဲဂယက် နှစ်ခုမှာ လေထဲတွင် ပေါ်ထွက်လာကာ လျင်မြန်စွာ ကြီးထွားလာတော့သည်။ ထိုဝဲဂယက် နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဆွဲငင်နေကြပြီး လျှပ်စီးတန်းများပင် ထွက်ပေါ်လာသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ဝဲဂယက် နှစ်ခု၏ အရှိန်အဟုန်မှာ ပိုမို ပြင်းထန်လာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် လေဆင်နှာမောင်းများကို ဖြစ်ပေါ်စေကာ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ စင်မြင့်မှာလည်း အက်ကွဲသွားတော့သည်။ ထိုအက်ကြောင်းများမှာ ပေဆယ်ဂဏန်းခန့် ကျယ်ဝန်းပြီး မယုံကြည်နိုင်လောက်သော အရှိန်ဖြင့် လော့ချန်ထံသို့ ဦးတည်လာခဲ့သည်။

“တကယ့်ကို ပြင်းထန်တဲ့ တိုက်ကွက်ပဲ... ဆန့်ကျင်ဘက် အင်အားနှစ်ခုက တစ်ခုပေါ်တစ်ခု လွှမ်းမိုးနေပြီး ဟန်ချက်ညီနေတာဆိုတော့ ဘာကိုမဆို ဖျက်ဆီးပစ်နိုင်တယ်... ဒီတိုက်ကွက်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ နောက်ဆုံးအဆင့် သန်မာသူတွေကိုတောင် ခြိမ်းခြောက်နိုင်တယ်...”

“လော့ချန်တော့ သွားပြီ... မသေရင်တောင် ဒုက္ခိတ ဖြစ်သွားမှာပဲ...”

ဤတိုက်ကွက်၏ အရှိန်အဟုန်မှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသဖြင့် ရလဒ်ကို မတွေ့ရသေးမီမှာပင် လူတိုင်းက ခန့်မှန်းလိုက်ကြပြီး အသက်ပင် ဝဝမရှူရဲဘဲ စောင့်ကြည့်နေကြသည်။

အဋ္ဌမမင်းသား ကျင်းမင်၏ မျက်နှာတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး လော့ချန်သည် ဝဲဂယက်အတွင်း၌ မှုန့်မှုန့်ညက်ညက် ကြေမွသွားမည့် မြင်ကွင်းကို မြင်တွေ့နေရသကဲ့သို့ ရှိနေသည်။

လော့ချန်၏ အကြည့်မှာ အနည်းငယ် လေးနက်သွားသည်။ ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်ဆိုသည်မှာ အမှန်တကယ်ပင် မရိုးရှင်းဘဲ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့် သန်မာသူများထက် များစွာ ပိုမို သန်မာလှသည်။

သူသည် တုန်းယွဲ့ထက်ပင် တစ်ဆင့် ပို၍ သန်မာနေသေးသည်။ အကယ်၍ လွန်ခဲ့သော တစ်လက သူသာဆိုလျှင် တစ်ဖက်လူကို အနိုင်ယူရန် အင်အားအတော်များများ သုံးရပေလိမ့်မည်။ သို့သော်လည်း တစ်လကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက်တွင်မူ သူသည် ယခင်က လော့ချန် မဟုတ်တော့ပေ။

“မင်းက ငါ့ကို ဘယ်လိုမျိုး တစ်ကွက်တည်းနဲ့ အနိုင်ယူမလဲဆိုတာ ကြည့်ရသေးတာပေါ့... ပြိုကွဲစမ်း...”

လော့ချန်သည် အော်ဟစ်လိုက်ပြီး သူ၏ သိုင်းဝိညာဉ်ကို ထုတ်ဖော်လိုက်ရာ ကိုးရောင်ခြယ် အလင်းတန်းများမှာ စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ပြင်းထန်လှသော ချီစွမ်းအင် လှိုင်းများမှာလည်း ကိုယ်တွင်းမှ ပေါက်ကွဲထွက်လာတော့သည်။ လေထုမှာလည်း ရေလှိုင်းများအလား တုန်ခါသွားလေသည်။

“ကြယ်ကြွေခြင်း... ပဉ္စမပုံစံ...”

မျက်ဝန်းထဲတွင် အလင်းတန်းများ ဝင်းလက်သွားပြီး လော့ချန်သည် ဓားတစ်ချက် ခုတ်ပိုင်းချလိုက်သည်။

ပြည့်စုံသော အဆင့်သို့ ရောက်ရှိနေသည့် ကြယ်ကြွေခြင်း တိုက်ကွက်သည် ၎င်း၏ အနှိုင်းမဲ့ အစွမ်းကို ထွက်ပေါ်လာစေသည်။ တောက်ပလှသော ကြယ်တာရာ အလင်းတန်းတစ်ခုမှာ ကောင်းကင်ယံကို ဖြတ်တောက်ကာ ကျဆင်းလာသကဲ့သို့ ရေလှိုင်းဝဲဂယက် နှစ်ခု၏ ဗဟိုချက်ဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

“ရှူး... ရှူး...”

ဤဓားချက်မှာ ရေလှိုင်းဝဲဂယက် နှစ်ခု၏ အားပြိုင်နေသော ဗဟိုချက်တည့်တည့်သို့ ထိမှန်သွားသဖြင့် ဟန်ချက်များ ပျက်ပြားသွားပြီး ဝဲဂယက် နှစ်ခုမှာလည်း ချက်ချင်းပင် အရှိန်လျော့ကာ ဖရိုဖရဲ ဖြစ်သွားတော့သည်။

“ဘုန်း...”

ပြင်းထန်လှသော ပေါက်ကွဲသံနှင့်အတူ ဝဲဂယက် နှစ်ခုမှာ ပြိုကွဲသွားပြီး ချီလှိုင်းများမှာ တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်သွားရာ စင်မြင့်ပတ်လည်ရှိ အလင်းတန်းများမှာလည်း ဖောင်းကားနေသော ဘောလုံးတစ်ခုအလား ပြင်းထန်စွာ တုန်ခါသွားရသည်။

“ဝှစ်...”

လော့ချန်သည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားသည်။

ဆန့်ကျင်ဘက်တွင်မူ လုရှောင်ကျင့်သည် ကိုယ်ဟန်ကို မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ခြေထောက်များ ပွတ်တိုက်လျက် အနောက်သို့ ခြေလှမ်းဆယ်ဂဏန်းကျော်အထိ ဆုတ်ခွာသွားရတော့သည်။

“မင်း... မင်းက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်ပဲ ရှိတာလေ... မင်းရဲ့ အစွမ်းက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ...”

ကိုယ်ဟန်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် လုရှောင်ကျင့်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး လော့ချန်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ငေးကြည့်နေမိသည်။ သူသည် သရဲသဘက်တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ အမူအရာ ဖြစ်နေ၏။

သူသည် သူ၏ အစွမ်းကို အားကုန် ထုတ်သုံးခဲ့ပြီး အပြင်းထန်ဆုံး တိုက်ကွက်ကို အသုံးပြုခဲ့သော်လည်း လော့ချန်ကို အနည်းငယ်မျှပင် ဒဏ်ရာမရအောင် မလုပ်နိုင်ခဲ့ရုံသာမက သူကိုယ်တိုင်ကပင် အရေးနိမ့်သွားရသည်တဲ့လား။

တစ်ဖက်လူက အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားသူတစ်ဦး ဖြစ်နေသည်မှာ ပို၍ပင် မယုံနိုင်စရာ ကောင်းလှသည်။ ကမ္ဘာပေါ်တွင် ဤကဲ့သို့သော ကိစ္စမျိုး မည်သို့ ဖြစ်နိုင်မည်နည်း။

လုရှောင်ကျင့်သည် မယုံကြည်နိုင်သော်လည်း လက်တွေ့အခြေအနေကို လက်ခံလိုက်ရသည်။ အခြားသူများမှာလည်း မှင်တက်မိနေကြပြီး လူတိုင်း၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်နေကာ အချို့မှာ ပါးစပ်ပင် မစေ့နိုင်ဘဲ ဖြစ်နေကြသည်။

“ဒီကောင်ကတော့...”

အဋ္ဌမမင်းသား ကျင်းမင်သည် လက်ကို တင်းတင်း ဆုပ်ထားပြီး လော့ချန်ကို စိုက်ကြည့်နေသည်။ အကယ်၍ အကြည့်ဖြင့် လူသတ်၍ ရမည်ဆိုပါက လော့ချန်မှာ အကြိမ်ပေါင်း ထောင်ချီ၍ သေဆုံးသွားခဲ့ချေပြီ။ သူသည် လုရှောင်ကျင့် အစွမ်းကုန် ထုတ်သုံးလိုက်လျှင် လော့ချန်မှာ ချက်ချင်း သေဆုံးသွားမည် သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဟု ယူဆထားခဲ့သည် မဟုတ်ပါလော။

ဤကဲ့သို့သော ရလဒ် ထွက်ပေါ်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။

“ဘုန်း...”

လော့ချန်သည် လက်ဖဝါးဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဆူဝေနေသော ချီစွမ်းအင်များမှာ ပျောက်ကွယ်သွားတော့သည်။ သူသည် လုရှောင်ကျင့်ကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ထက်မြက်လှသော အလင်းတန်းများ ဝင်းလက်နေ၏။

“မင်းရဲ့ လက်ဖဝါး နှစ်ချက်ကို ငါ ခုခံပြီးပြီဆိုတော့... အခု ငါ့ရဲ့ ဓားတစ်ချက်ကို မင်း ခုခံရမယ့် အလှည့်ပဲ...”

လုရှောင်ကျင့် သတိပြန်ဝင်လာပြီး နှုတ်ခမ်းကို တွန့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ဓားတစ်ချက် မဟုတ်ဘူး... အချက် တစ်ရာဆိုရင်တောင် ဘာဖြစ်လဲ... မင်းရဲ့ အစွမ်းက သန်မာတယ်ဆိုတာ ငါ ဝန်ခံပါတယ်... တကယ့်ကို သန်မာတယ်... ငါ့အောက်မှာ မရှိဘူး... ဒါပေမဲ့ ငါ့ကို အနိုင်ယူဖို့ဆိုတာကတော့ အိမ်မက်မက်နေတာပဲ...”

လုရှောင်ကျင့်သည် လော့ချန်ကို အနည်းငယ်မျှပင် မကြောက်ချေ။

သူသည် လော့ချန်ကို အနိုင်မယူနိုင်သော်လည်း လော့ချန်က သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်မည်ဟုလည်း မယုံကြည်ပေ။ နှစ်ဦးသား၏ အစွမ်းမှာ မတိမ်းမယိမ်းသာ ရှိသည်ဟု သူက ယူဆထားသည်။

သူ၏ ကျင့်ကြံဆင့်က ပို၍ မြင့်မားသဖြင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်မည်ဆိုပါက သူ အနိုင်ရရန် အခွင့်အရေး ပိုများလှသည် မဟုတ်ပါလော။

“ဟုတ်လား... ဒါဆိုရင်တော့ သေသေချာချာ ခုခံလိုက်စမ်း...”

လော့ချန်သည် တည်ငြိမ်စွာ ပြုံးလိုက်ပြီး သူ၏ မျက်ဝန်းထဲမှ ထက်မြက်လှသော အရှိန်အဝါများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာရာ အနှိုင်းမဲ့ လက်နက်နှစ်ခုအလား လုရှောင်ကျင့်၏ စိတ်အသိကို တိုက်ရိုက် ထိုးနှက်လိုက်သဖြင့် လုရှောင်ကျင့်မှာ တစ်ကိုယ်လုံး ကြက်သီးများ ထသွားကာ ထိတ်လန့်သွားရတော့သည်။

“ဝှစ်...”

ခြေလှမ်းတစ်လှမ်းတည်းဖြင့်ပင် လော့ချန်သည် လုရှောင်ကျင့်၏ အနားသို့ ရောက်ရှိသွားပြီး ၆၀ ရာခိုင်နှုန်းသော ဓားဆန္ဒကို လျှပ်စီးဓားတွင် ထည့်သွင်းလျက် ပြင်းထန်စွာ ခုတ်ချလိုက်သည်။

လော့ချန်သည် သူ၏ ဓားဆန္ဒအားလုံးကို ထုတ်မသုံးခဲ့ပေ။ အဋ္ဌမမင်းသား ကျင်းမင်တို့ကဲ့သို့သော လူများ ရှိနေသဖြင့် သူ၏ ဝှက်ဖဲအားလုံးကို ထုတ်မပြလိုခြင်း ဖြစ်သည်။

ထို့အပြင် လုရှောင်ကျင့်ကို အနိုင်ယူရန်အတွက် ၆၀ ရာခိုင်နှုန်းသော ဓားဆန္ဒမှာ လုံလောက်လှသည် မဟုတ်ပါလော...။

“ဘာ... ၆၀ ရာခိုင်နှုန်းသော ဓားဆန္ဒတဲ့လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

လော့ချန်၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော ထက်မြက်လှသော ဓားအရှိန်အဝါကို ခံစားလိုက်ရသည့်အခါ လုရှောင်ကျင့်သည် မျက်လုံးများ ပြူးထွက်သွားပြီး အလွန်ပင် ထိတ်လန့်သွားရတော့သည်။

သူနှင့် တိုက်ခိုက်နေစဉ်အတွင်း လော့ချန်သည် သူ၏ အစွမ်းကို ဖုံးကွယ်ထားသည်ဟု သူ မထင်ထားခဲ့ချေ။ အထူးသဖြင့် ၆၀ ရာခိုင်နှုန်းသော ဓားဆန္ဒဆိုသည်မှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။

“ကြယ်ကြွေခြင်း...”

လော့ချန်သည် တစ်ဖက်လူအား စဉ်းစားရန် အချိန်မပေးတော့ဘဲ လျှပ်စီးဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်သည်။

“ဘုန်း...”

တောက်ပလှသော ဓားအလင်းတန်းမှာ တိုင်တစ်လုံးအလား ကောင်းကင်မှ ကျဆင်းလာခဲ့သည်။

“အား... စိမ်းလဲ့ရေလှိုင်း သုံးထပ်တံတိုင်း...”

လုရှောင်ကျင့်သည် ယခင်ကကဲ့သို့ တည်ငြိမ်မှု မရှိတော့ဘဲ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။ သူသည် ကိုယ်တွင်းရှိ ချီစွမ်းအင်များကို အစွမ်းကုန် လှုပ်ရှားလိုက်ပြီး လက်နှစ်ဖက်ဖြင့် တွန်းထုတ်လျက် အစွမ်းအထက်ဆုံး ကာကွယ်ရေး ကျင့်စဉ်ကို အသုံးပြုလိုက်တော့သည်။

“ဝူး...”

သိပ်သည်းလှသော ရေလှိုင်းကာကွယ်ရေး အလွှာသုံးလွှာမှာ သူ၏ ရှေ့တွင် ပေါ်ထွက်လာပြီး တစ်ခုပေါ်တစ်ခု ထပ်လျက် ရှိနေသည်။ အပြင်ဘက်မှ ကြည့်လျှင် ဖန်သားအလွှာများအလား ရှိနေပြီး ပတ်ဝန်းကျင်ကို ခိုင်မာစွာ ကာကွယ်ထားသဖြင့် ကာကွယ်ရေးစွမ်းအားမှာ အလွန်ပင် မြင့်မားလှသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ကြယ်တာရာ ဓားစွမ်းအင် ကျဆင်းလာသည့်အခါ ထိုကာကွယ်ရေး အလွှာသုံးလွှာမှာ ခဏမျှသာ တားဆီးနိုင်ခဲ့သည်။ ခဏအကြာတွင် ထိုအလွှာသုံးလွှာစလုံးမှာ ဟုန်းဟုန်းတောက် ပေါက်ကွဲပျက်စီးသွားတော့သည်။

“အား...”

ကာကွယ်ရေးအလွှာများ၏ အနောက်တွင် ရှိနေသော လုရှောင်ကျင့်မှာ ရှောင်တိမ်းရန် အချိန်မရတော့ဘဲ ဓားစွမ်းအင်၏ တိုက်ရိုက် ထိမှန်ခြင်းကို ခံလိုက်ရသည်။ သူသည် လေထဲတွင် သွေးများစွာ အန်ထုတ်လိုက်ရပြီး ကြွေလွင့်သွားသော ကြယ်တစ်လုံးအလား စင်မြင့်အောက်သို့ လွင့်ထွက်သွားကာ ပေထောင်ချီဝေးသော နေရာရှိ ကျောက်ဆောင်တစ်ခုကို တိုက်မိပြီး ထိုကျောက်ဆောင်မှာ မှုန့်မှုန့်ညက်ညက် ကြေမွသွားတော့သည်။

အခန်း ၅၂၈ ပြီးပါပြီ။

All Chapters