အခန်း (၅၂၉-၅၃၁)
Vol. 36 Ch. 529-531
အခန်း ၅၂၉ - သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူ၏ အစွမ်း
ခြံဝင်းတစ်ခုလုံးအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေပြီး သစ်ပင်ပန်းမာန်များကို လေတိုးသံမှလွဲ၍ မည်သည့်အသံမျှ ထွက်ပေါ်မလာချေ။
ရှိနေကြသော လူအားလုံးမှာ မှင်တက်မိနေကြတော့သည်။
ဤတိုက်ပွဲရလဒ်မှာ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။ ခေတ္တအကြာတွင် ဆွေးနွေးသံများ ပြန်လည် ထွက်ပေါ်လာသည်။
“လုရှောင်ကျင့် ရှုံးသွားပြီ...”
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်နဲ့ အဆင့် ၉ အလယ်အလတ်အဆင့် သန်မာသူကို အနိုင်ယူလိုက်တယ်တဲ့လား... ဒီလော့ချန်က အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတာ မဟုတ်လား... ဘယ်လိုလုပ်ပြီး တိုက်ပွဲစွမ်းရည်က ဒီလောက် သန်မာနေရတာလဲ... အဆင့်သုံးဆင့်ကျော်ပြီး စိန်ခေါ်တာက အဆင့်မြင့် သိုင်းဝိညာဉ်ပိုင်ရှင် ပါရမီရှင်တွေတောင် လုပ်နိုင်ဖို့ ခဲယဉ်းတယ်...”
“တကယ်လို့ သူသာ ကျင့်ကြံဆင့် ပိုမြင့်လာပြီး နောက်ဆုံးအဆင့်ကို ရောက်သွားရင် ဘယ်လောက်အထိ ကြောက်ဖို့ကောင်းလာမလဲ... တာယွဲ့မင်းဆက်ရဲ့ ရွှမ်ယွမ်ဂိုဏ်းမှာတော့ ထူးဆန်းတဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာပြီပဲ...”
အနီးနားရှိ မင်းဆက်အသီးသီးမှ လာကြသော ပါရမီရှင် လူငယ်များသည် စင်မြင့်ပေါ်ရှိ လော့ချန်ကို ကြည့်ကာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်ပင် မစေ့နိုင်ဘဲ ရှိနေကြသည်။
ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့်မှာမူ ပို၍ပင် မယုံကြည်နိုင်ဘဲ ရှိနေသည်။
တစ်လအတွင်းမှာတင် လော့ချန်၏ ကျင့်ကြံဆင့်မှာ အဆင့် ၆ အလယ်အလတ်မှ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်သာမက လုရှောင်ကျင့်ကိုပါ အနိုင်ယူနိုင်သည်အထိ တိုးတက်လာသည်ဆိုလျှင် ဤသည်မှာ မည်မျှ ထိတ်လန့်ဖွယ်ကောင်းသော တိုးတက်မှုနှုန်းနည်း... ကောင်းကင်သို့ တစ်လှမ်းတည်းနှင့် တက်လှမ်းသွားသည်ဟု ဆိုလျှင်ပင် လွန်မည်မထင်ချေ။
“၆၀ ရာခိုင်နှုန်း ဓားဆန္ဒ...”
အဋ္ဌမမင်းသား ကျင်းမင်မှာမူ လော့ချန်ကို စိုက်ကြည့်ရင်း အံ့သြလွန်းသဖြင့် မိမိလျှာကိုပင် မိမိ ပြန်ကိုက်မိလုနီးပါး ဖြစ်သွားသည်။ လော့ချန်၏ ဝှက်ဖဲမှာ ၆၀ ရာခိုင်နှုန်းသော ဓားဆန္ဒ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
ချီရှန်မြို့တွင် ရှိစဉ်က လော့ချန်၏ ဓားသိုင်းအဆင့်အတန်းမှာ ဓားကွက်အဆင့်မှာသာ ရှိသေးသည်ဟု သူ မှတ်မိနေသည်။ ဆိုလိုသည်မှာ တစ်နှစ်ခွဲခန့်သော အချိန်အတွင်းမှာတင် သူ၏ ဓားသိုင်းအဆင့်အတန်းက ဓားကွက်အဆင့်မှ ၆၀ ရာခိုင်နှုန်းသော ဓားဆန္ဒအဆင့်အထိ တက်လှမ်းလာသည်တဲ့လား...။
လော့ရှာဂိုဏ်း ပြင်ပတပည့်များထဲတွင် နံပါတ်တစ် ဓားသိုင်းပါရမီရှင်ဟု ကျော်ကြားသော ယန်ချင်းရှုံးပင်လျှင် ဤမျှအထိ မြန်မြန်ဆန်ဆန် တိုးတက်နိုင်မည် မဟုတ်ပေ။
အကယ်၍ လော့ချန်၏ ဓားဆန္ဒမှာ ၆၀ ရာခိုင်နှုန်း မဟုတ်ဘဲ ၇၀ ရာခိုင်နှုန်း ဖြစ်ကြောင်းသာ ကျင်းမင် သိသွားလျှင်မူ သူသည် ပိုမို ထိတ်လန့်သွားပြီး ထိုနေရာတွင်တင် အော်ဟစ်မိပေလိမ့်မည်။
၆၀ ရာခိုင်နှုန်းသော ဓားဆန္ဒမှာ ဓားဆန္ဒအခြေခံ၏ အလယ်အလတ်အဆင့်သာ ရှိသေးသည်။
၇၀ ရာခိုင်နှုန်းသော ဓားဆန္ဒမှာမူ အခြေခံဓားဆန္ဒ၏ အဆင့်မြင့်အဆင့် ဖြစ်ပေသည်။ ၎င်းတို့ နှစ်ခု၏ အဓိပ္ပာယ်မှာ များစွာ ကွာခြားလှသည်။
၇၀ ရာခိုင်နှုန်းသော ဓားဆန္ဒ ရှိခြင်းမှာ ဓားဆန္ဒ ကျင့်ကြံမှုတွင် လမ်းစကို ရှာဖွေတွေ့ရှိသွားခြင်းဖြစ်ပြီး စစ်မှန်သော ဓားဆန္ဒသို့ တက်လှမ်းနိုင်ရန် အရည်အချင်းရှိသွားခြင်း ဖြစ်ရာ ၎င်းကို စစ်မှန်သော ပါရမီရှင် ဓားကျင့်ကြံသူဟု ခေါ်ဆိုနိုင်ပေသည်။
“ဒီကောင့်ကို လုံးဝ အရှင်မထားသင့်ဘူး...”
ကျင်းမင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားပြီး လက်ကို တင်းတင်း ဆုပ်ထားမိသည်။ လော့ချန်၏ တိုးတက်မှုနှုန်းမှာ မြန်ဆန်လွန်းသဖြင့် သူပင်လျှင် ထိတ်လန့်နေမိသည်။
သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်မှာတင် လုရှောင်ကျင့်ကို အနိုင်ယူနိုင်နေသည်တဲ့လား။ နောင်တစ်ချိန် သူသည် အဆင့် ၈ သို့မဟုတ် အဆင့် ၉ သို့ ရောက်ရှိသွားလျှင်မူ ကျင်းမင်ပင်လျှင် သူ့ကို ဖိနှိပ်ထားနိုင်တော့မည် မဟုတ်ပေ။
ကျင်းမင်သည် ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာရန် လုံးဝ ခွင့်မပြုနိုင်ချေ။ မည်သို့ပင်ဆိုစေ ယခု ယွမ်မန်လီမှာ သေဆုံးသွားပြီဖြစ်ရာ လော့ချန်၏ အသက်ရှင်သန်မှုမှာ မည်သို့မျှ အရေးမပါတော့ပေ။
ဆိုင်ရှင်အမျိုးသမီးသည် လူလွှတ်၍ လုရှောင်ကျင့်ကို သယ်ထုတ်ခိုင်းလိုက်သည်။ လုရှောင်ကျင့်၏ ဒဏ်ရာများကို မြင်တွေ့လိုက်ရသည့်အခါ လူအများမှာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိကြသည်။
လုရှောင်ကျင့်သည် တစ်ကိုယ်လုံး သွေးချင်းချင်းနီနေပြီး တို့ဟူးတုံးတစ်ခုအလား မြေပြင်ပေါ်တွင် ဝပ်ဆင်းနေကာ တစ်ကိုယ်လုံးရှိ အရိုးများမှာလည်း ကြေမွနေပေပြီ။ ဤမျှ ပြင်းထန်သော ဒဏ်ရာမှာ နောင်တွင် ပြန်လည် ကောင်းမွန်လာလျှင်ပင် သူ၏ အစွမ်းမှာ သိသိသာသာ ထိခိုက်သွားမည်မှာ သေချာလှသည်။
“ဒီလူကတော့ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတာပဲလေ...”
ဆိုင်ရှင်အမျိုးသမီးသည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီးနောက် လုရှောင်ကျင့်ထံမှ အကြည့်ကို လွှဲကာ လော့ချန်ကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် အံ့သြချီးကျူးရိပ်များ ဖြတ်ပြေးသွားသည်။
ယခုမှသာ ပထမမင်းသားနှင့် နဝမမင်းသမီးတို့သည် လော့ချန်အပေါ် အဘယ်ကြောင့် ဤမျှအထိ အလေးထားရသနည်းဆိုသည်ကို သူမ နားလည်သွားတော့သည်။
“ဝှစ်...”
လော့ချန်သည် ကိုယ်ဟန်ကို လှုပ်ရှားလိုက်ပြီး ဆိုင်ရှင်အမျိုးသမီး၏ ရှေ့သို့ ရောက်လာကာ မေးလိုက်သည်။
“နဝမမင်းသမီး ရောက်ပြီလား...”
“ကျွန်မ လူလွှတ်ပြီး အကြောင်းကြားထားပါတယ်... မကြာခင် ရောက်တော့မှာပါ...”
ဆိုင်ရှင်အမျိုးသမီးက ပြန်ဖြေလိုက်ပြီးနောက် ဘေးမှ ကျင်းမင်ကို သတိပြုမိသွားသဖြင့် ဆက်ပြောသည်။
“သခင်လေးလော့အတွက် သီးသန့်အခန်း စီစဉ်ထားပါတယ်... အဲဒီမှာပဲ စောင့်ပေးပါဦး...”
“ကောင်းပြီ...”
လော့ချန် ခေါင်းညိတ်ပြလိုက်သည်။
ထိုစဉ်မှာပင် ဧရာမ လက်ဝါးကြီးတစ်ခုက လမ်းခုလတ်မှ တားဆီးလိုက်သည်။ ထိုသူမှာ ကျင်းမင် ပင်ဖြစ်၏။ သူသည် လော့ချန်ကို ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည်။
“ကျိမိသားစုက စွန့်ပစ်လိုက်တဲ့ အမှိုက်ကောင်က ကနေ့ ဒီလိုအဆင့်အထိ ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... တကယ်ပဲ ငါ့ကို အံ့သြစေတာပဲ... ဒါပေမဲ့ မင်းက ငါ့လူကို ဒဏ်ရာရအောင် လုပ်ခဲ့တာဆိုတော့ ဒီအတိုင်း ထွက်သွားလို့ ရမယ်လို့ ထင်နေတာလား...”
လော့ချန်၏ အကြည့်မှာ တည်ငြိမ်လှသည်။
“ငါနဲ့ လုရှောင်ကျင့်က စင်ပေါ်မှာ တရားမျှတစွာ တိုက်ခိုက်ခဲ့တာပဲ... သူက ငါ့ထက် အစွမ်းနိမ့်လို့ ရှုံးသွားတာကို ငါနဲ့ ဘာဆိုင်လို့လဲ...”
ကျင်းမင် မျက်လုံးများ မှေးကျဉ်းသွားပြီး အေးစက်စွာ လှောင်ပြောင်လိုက်သည်။
“အစွမ်းနိမ့်လို့ ဟုတ်လား... ကောင်းပြီလေ... ဒါဆိုရင် ဒီနေ့ ငါ မင်းကို သေအောင်ဖြစ်ဖြစ်၊ ဒုက္ခိတဖြစ်အောင်ဖြစ်ဖြစ် လုပ်လိုက်ရင်လည်း ဘာမှ ပြဿနာ မရှိဘူးပေါ့ ဟုတ်လား...”
“ငါနဲ့ မင်းကြားမှာ တစ်နေ့ တိုက်ပွဲဖြစ်မှာ သေချာပါတယ်... ဒါပေမဲ့ အခု မဟုတ်သေးဘူး... ငါ့မှာ ကိစ္စရှိလို့ မင်းကို အချိန်မပေးနိုင်တော့ဘူး... ခွင့်ပြုပါဦး...”
လော့ချန်သည် ရွှမ်ဟယ်စာရင်း၏ နံပါတ် ၃ နေရာမှာ ရှိသော ကျင်းမင်ကို ယှဉ်နိုင်သည်အထိ မမောက်မာသေးပေ။ ထို့အပြင် ဤနေရာမှာ နန်းမြို့တော် ဖြစ်သည့်အပြင် ထိုလူ၏ နယ်မြေလည်း ဖြစ်နေသည်မဟုတ်ပါလော။ စကားတစ်ခွန်း ချန်ထားရစ်ပြီးနောက် လော့ချန်သည် လှည့်ထွက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
“ဟေ့ကောင်... ဒီမှာပဲ ရပ်နေစမ်း...”
ကျင်းမင်၏ အကြည့်မှာ ပြောင်းလဲသွားပြီး မည်သည့် အချက်ပြမှုမျှ မရှိဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ သူ၏ ခြေထောက်အောက်တွင် လေဝဲတစ်ခု ဖြစ်ပေါ်လာပြီး ပြင်းထန်လှသော အရှိန်အဝါများမှာ ပေါက်ကွဲထွက်လာကာ လက်ဖဝါးပေါ်တွင် စိမ်းလဲ့သော မီးတောက်များ တောက်လောင်လျက် လော့ချန်ထံသို့ လက်ဖဝါးဖြင့် ရိုက်ချလိုက်တော့သည်။
လော့ချန်သည် ကြိုတင် ပြင်ဆင်ထားပြီးဖြစ်သဖြင့် ကိုယ်ဟန်ကို ချက်ချင်း တွန့်လိမ်လိုက်ရာ စိမ်းလဲ့မီးတောက် လက်ဖဝါးချက်ကို ရှောင်တိမ်းနိုင်ခဲ့ပြီး ဘေးဘက်မှ လက်သီးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
“ဘုန်း...”
ပြင်းထန်လှသော ပေါက်ကွဲသံနှင့်အတူ ခြံဝင်းအတွင်း၌ ချီလှိုင်းများ ပြန့်ကျဲသွားပြီး လော့ချန်သည် အနောက်သို့ ခြေလှမ်းဆယ်ဂဏန်းကျော်အထိ ဆုတ်ခွာသွားရကာ ခြေလှမ်းတိုင်းတွင် မြေပြင်ပေါ်၌ နက်ရှိုင်းသော ခြေရာများ ထင်ကျန်ရစ်ခဲ့သည်။
“ရှောင်တာ တော်တော်မြန်တာပဲ... ဒါပေမဲ့ မင်း ရှောင်နိုင်ဦးမလား ကြည့်ရသေးတာပေါ့...”
ကျင်းမင်သည် စိတ်ထဲမှ ထိတ်လန့်သွားသော်လည်း သတ်ဖြတ်လိုစိတ်မှာ ပိုမို ပြင်းထန်လာပြီး မျက်နှာမှာ ရက်စက်ပြီး ကြောက်မက်ဖွယ် ပြောင်းလဲသွားသည်။ သူ၏ လက်ငါးချောင်းပေါ်တွင် စိမ်းလဲ့မီးတောက်များ ဟုန်းဟုန်းတောက်လာပြီး လေထဲသို့ လှမ်းဖမ်းလိုက်သည်။
“မီးတောက်မိုး သတ်ဖြတ်ခြင်း...”
“ဖျစ်... ဖျစ်...”
စိမ်းလဲ့နေသည့် မီးတောက်များမှာ တစ္ဆေမီးများအလား ထူးဆန်းသော လမ်းကြောင်းများမှတစ်ဆင့် လော့ချန်ကို ဖုံးလွှမ်းသွားခဲ့သည်။ ၎င်းတို့၏ အရှိန်မှာ လျှပ်စီးအလား မြန်ဆန်လှပြီး ပြင်းထန်လှသော အရှိန်အဝါကြောင့် အနီးနားရှိ ပန်းမာန်များမှာ ချက်ချင်းပင် ညှိုးနွမ်းသွားရတော့သည်။
“ပေါက်ကွဲစမ်း...”
လော့ချန်သည် ဤတိုက်ခိုက်မှုကို ထိပ်တိုက် ရင်မဆိုင်နိုင်ကြောင်း သိရှိသဖြင့် ပထမဆုံးအကြိမ်အဖြစ် ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ်ကို လက်တွေ့တိုက်ပွဲတွင် အသုံးပြုလိုက်သည်။ သူသည် လေထဲတွင် ပျော်ဝင်သွားသကဲ့သို့ ပုံရိပ်ယောင်များစွာ ဖြစ်ပေါ်လာပြီး ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
နောက်တစ်ခဏတွင် လော့ချန် မူလက ရှိနေသော နေရာမှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားပြီး မြေပြင်ပေါ်တွင်လည်း မည်းနက်နေသော တွင်းကြီးများ ဖြစ်ပေါ်သွားခဲ့သည်။
လော့ချန်၏ ပုံရိပ်မှာ မီတာဆယ်ဂဏန်းကျော် ဝေးသော နေရာရှိ နားနေဆောင်တစ်ခုပေါ်တွင် ပေါ်ထွက်လာခဲ့သည်။
သူသည် အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ မျက်နှာမှာ ညိုမည်းသွားတော့သည်။
သူ၏ ဝတ်စုံအောက်နားတွင် မည်းနက်နေသော အမှတ်အသားတစ်ခု ရှိနေသည်မဟုတ်ပါလော...။ သူ၏ စိတ်ထဲမှ ထိတ်လန့်သွားရသည်မှာ ၎င်းမှာ ရွှမ်ဟယ်စာရင်း၏ နံပါတ် ၃ ဖြစ်သူ၊ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူ၏ အစွမ်းပင် ဖြစ်သည်။
လုရှောင်ကျင့်သည် ဤသူနှင့် ယှဉ်လိုက်လျှင် လုံးဝ နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
“ခွေးသူတောင်းစား...”
ဆန့်ကျင်ဘက်တွင်မူ ကျင်းမင်၏ မျက်နှာမှာ ပို၍ပင် ဆိုးဝါးနေတော့သည်။ သူသည် မည်သို့သော အဆင့်အတန်း၊ မည်သို့သော အစွမ်း ရှိသူနည်း။ လူအများ၏ ရှေ့မှောက်တွင် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ပါသော်လည်း လော့ချန်ကို အနည်းငယ်မျှပင် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ရုံသာမကဘဲ ၎င်းက သူ၏ မျက်နှာကို အရှက်ရစေခဲ့သဖြင့် ရက်စက်စွာ ဆဲဆိုလိုက်သည်။
“ကောင်လေး... မင်း သေဖို့သာ ပြင်ထားတော့... မင်းရဲ့ အရှိန်က ဘယ်လောက်အထိ မြန်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့... ငါ့ရဲ့ တကယ့်တိုက်ကွက်ကိုရော မင်း ကျော်နိုင်မလား...”
စကားပြောနေစဉ်မှာပင် ကျင်းမင်၏ တစ်ကိုယ်လုံးတွင် စိမ်းလဲ့မီးတောက်များ ဟုန်းဟုန်းတောက်လာပြီး ထိုမီးတောက်များ၏ အရှိန်ကြောင့် လေထုမှာလည်း ဆူပွက်လာကာ ကြည်လင်သော လှိုင်းလုံးများ ထွက်ပေါ်လာတော့သည်။
လော့ချန်သည် အကြည့်ကို လေးနက်လိုက်ပြီး ချက်ချင်းပင် အဓိကတပည့် တံဆိပ်ပြားကို ထုတ်ယူလျက် အေးစက်စွာ အော်ဟစ်လိုက်သည်။
“ကျင်းမင်... မင်း ဘာလုပ်ချင်နေတာလဲ... ငါက အဓိကတပည့်ပဲ... မင်း ငါ့ကို အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ဝံ့သလား...။ မင်း ပြစ်ဒဏ်ခန်းမဆောင်ကို သွားချင်နေတာလား...”
ထိုစကားကို ကြားသောအခါ ကျင်းမင်မှာ ချက်ချင်း မှင်တက်မိသွားပြီး နဖူးပေါ်တွင် အကြောများ ထောင်လာကာ ဒေါသထွက်နေသော်လည်း တိုက်ခိုက်ခြင်း မပြုတော့ပေ။
အတွင်းစည်းတပည့်တစ်ဦးကို သတ်ဖြတ်လိုက်ခြင်း သို့မဟုတ် ဒုက္ခိတဖြစ်အောင် လုပ်လိုက်ခြင်းမှာ ဘာမှ မဖြစ်ဘဲ သူ ဖုံးကွယ်ထားနိုင်ပေလိမ့်မည်။
သို့သော်လည်း အဓိကတပည့်မှာမူ မတူညီချေ။
အဓိကတပည့်များသည် ဂိုဏ်း၏ အမာခံ အင်အားစုများနှင့် အခြေခံ အုတ်မြစ်များ ဖြစ်ကြသည်မဟုတ်ပါလော...။
ကျင်းမင်အနေဖြင့် အဓိကတပည့်တစ်ဦးကို အကြောင်းပြချက်မရှိဘဲ ဒဏ်ရာရအောင် လုပ်ဆောင်မည်ဆိုလျှင် သူသည်လည်း ပြစ်ဒဏ်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
မျိုးဆက်တပည့်ဆိုသည့် သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်နိုင်သော အစွမ်းရှိသည့် မျိုးဆက်တပည့် ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်နေလျှင်မူ တစ်မျိုးဖြစ်သည်။
ထို့အပြင် အဓိကတပည့် တံဆိပ်ပြားသည် အကူအညီတောင်းခံသည့် အချက်ပြမှုကို ပေးနိုင်ပြီး ၎င်းကို လှုပ်ရှားလိုက်သည်နှင့် မိုင်တစ်ထောင်အတွင်းရှိ ရွှမ်ယွမ်ဂိုဏ်း သန်မာသူများက သိရှိသွားကြမည်ဖြစ်ရာ သက်သေဖျောက်ရန်မှာလည်း မဖြစ်နိုင်တော့ပေ။
ဆိုင်ရှင်အမျိုးသမီးသည် အခြေအနေကို မည်သို့ ထိန်းသိမ်းရမည်နည်းဟု စိုးရိမ်နေစဉ်မှာပင် အခွင့်အရေး ရသွားသဖြင့် ချက်ချင်းပင် ဖျန်ဖြေလိုက်သည်။
“အဋ္ဌမမင်းသားအရှင်... လော့ချန်က နဝမမင်းသမီးရဲ့ ဧည့်သည်တော်ပါ... ခုနက ကိစ္စတွေက နားလည်မှုလွဲတာ ဖြစ်မှာပါ... ဘာမှ အကြီးအကျယ် မလုပ်ကြပါနဲ့ဦး...”
ကျင်းမင်၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲနေပြီး လော့ချန်ကို ဤအတိုင်း လွှတ်ပေးရန် မကျေနပ်နိုင်ဘဲ ရှိနေသည်။
ထိုစဉ်...
“ဟင်းဟင်း... ကျင်းမင်... ငါတော့ ဒီကောင်လေးကို စိတ်ဝင်စားသွားပြီ... မင်းက တိုက်ခိုက်ဖို့ အဆင်မပြေဘူးဆိုရင် ဒီကိစ္စကို ငါ့ကိုပဲ လွှဲပေးလိုက်ပါလား...”
ကြည်လင်သာယာသော ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး ကိုယ်ဟန်လှပသော အမျိုးသမီးတစ်ဦးသည် ဘေးဘက်မှ ထွက်လာခဲ့သည်။ သူမသည် လော့ချန်ကို ဆွဲဆောင်မှုအပြည့်ရှိသော အကြည့်များဖြင့် ကြည့်ကာ ချိုသာစွာ ပြုံးပြနေတော့သည်။
အခန်း ၅၂၉ ပြီးပါပြီ။
အခန်း ၅၃၀ - မမနောက်ကို လိုက်ခဲ့ပါ၊ လော့ချန်ကို ဘယ်သူ ထိရဲလဲ...
ကြည်လင်သာယာသော ရယ်မောသံနှင့်အတူ လူအားလုံး၏ အကြည့်များမှာ တစ်နေရာတည်းသို့ စုစည်းသွားကြတော့သည်။
ရှေ့သို့ ထွက်လာသော အမျိုးသမီးသည် အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်ခုံးအစုံမှာ တောင်တန်းများအလား ထင်ရှားကာ မျက်ဝန်းများမှာ ကြည်လင်သော ရေပြင်ပမာ ရှိနေသည်။ သူမ၏ ခြေလှမ်းတိုင်းမှာ ဆွဲဆောင်မှုအပြည့် ရှိနေပြီး အမျိုးသမီးတစ်ဦး၏ အလှတရားကို အစွမ်းကုန် ထုတ်ဖော်နေ၏။
အထူးသဖြင့် သူမ၏ မျက်ဝန်းအစုံမှာ ကြည့်လိုက်သည်နှင့် နွေဦးရာသီ၏ အငွေ့အသက်များအတိုင်း ရမ္မက်ဇောများကို ထကြွစေပြီး ဥယျာဉ်အတွင်းရှိ ပန်းရနံ့များထက်ပင် လူကို ပိုမို မိန်းမောသွားစေနိုင်သော ဆွဲဆောင်မှု ရှိနေသည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူတဲ့လား...”
လော့ချန်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ ဤအပြာရောင်ဝတ်စုံနှင့် အမျိုးသမီး၏ ကိုယ်ပေါ်မှ ချီစွမ်းအင် လှိုင်းများမှာ လုရှောင်ကျင့်ထက် များစွာ သာလွန်လှပြီး ကျယ်ပြောလှသော မြစ်ကြီးတစ်စင်းအလား ဟုန်းဟုန်းတောက် ဆူဝေနေကာ အချိန်မရွေး ဧရာမ လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေနိုင်သော သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူတစ်ဦး ဖြစ်လေသည်။
ကျင့်ကြံဆင့်အပြင် သူမ၏ အမူအရာ တိုင်းမှာ ထူးဆန်းသော အစွမ်းတစ်ခု ပါဝင်နေပြီး လူတို့၏ စိတ်အသိကို မြှူဆွယ်လျက် အတွင်းစိတ်ထဲမှ ရမ္မက်ဆန္ဒများကို နှိုးဆွနေသဖြင့် သေလောက်အောင် ဆွဲဆောင်မှု ရှိနေတော့သည်။ လော့ချန်ပင်လျှင် ခေတ္တမျှ မိန်းမောသွားရပြီး စိတ်ထဲတွင် ထူးဆန်းသော လှိုင်းအချို့ ဖြစ်ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားကာ ထိုအမျိုးသမီးကို စိုးရိမ်စိတ်ဖြင့် ကြည့်လိုက်မိသည်။
“မူချင်းလျန်... မင်းက ဒီကောင့်ကို စိတ်ဝင်စားနေတာလား...”
အဋ္ဌမမင်းသား ကျင်းမင်သည် ထိုအမျိုးသမီးကို ကြည့်ကာ အနည်းငယ် အံ့သြသွားပြီး မေးမြန်းလိုက်သည်။ မူချင်းလျန်သည် နွေဦးရေပြင်အလား ကြည်လင်သော မျက်ဝန်းများဖြင့် လော့ချန်ကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ သူမ၏ အကြည့်မှာ ရဲတင်းလှပြီး လော့ချန်၏ အဝတ်အစားများကို ချွတ်၍ ကြည့်နေသကဲ့သို့ ရှိနေကာ ပြုံးလျက် ဆိုသည်။
“အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားရက်နဲ့ ဒီလောက်အထိ တိုက်ပွဲစွမ်းရည် ရှိနေတာက တကယ်ပဲ စဉ်းစားရခက်စေတယ်... ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စမျိုးကို ငါက ဘာလို့ စိတ်မဝင်စားဘဲ နေမှာလဲ...”
ထို့နောက် ကျင်းမင်ဘက်သို့ လှည့်ကာ ချွဲနွဲ့သော အမူအရာဖြင့် ပြုံးပြလိုက်သည်။
“ကျင်းမင်... ငါ သူ့ကို ဖမ်းပြီး ငါ့ဆီမှာ ရက်အနည်းငယ်လောက် ထားခွင့်ပေးမလား...”
ဤစကား ထွက်လာသည်နှင့် ဘေးမှ ပါရမီရှင် လူငယ်များ၏ မျက်နှာမှာ ထူးဆန်းသွားကြပြီး လော့ချန်ကို ကြည့်သော အကြည့်များတွင် အားကျမှုနှင့်အတူ ထိတ်လန့်မှု၊ ထို့နောက် သနားကရုဏာ သက်မှုများပင် ပါဝင်နေတော့သည်။ အမျိုးသမီးများမှာမူ ရှက်သွေးဖြာသွားကြပြီး နားမခံသာသော စကားကို ကြားလိုက်ရသကဲ့သို့ ရှိနေကြ၏။
အဋ္ဌမမင်းသား ကျင်းမင်၏ မျက်ဝန်းများမှာမူ ဝင်းလက်သွားသည်။ မူချင်းလျန်သည် တာချီမင်းဆက် ကျိလော့ဂိုဏ်းမှ တပည့်တစ်ဦးဖြစ်ပြီး ဖိုမဆက်ဆံရေး အတတ်ပညာတွင် အထူးကျွမ်းကျင်သူ ဖြစ်သည်။ ကြည့်ရသည်မှာ လှပသော နတ်မိမယ်တစ်ပါးအလား ရှိသော်လည်း စိတ်နေစိတ်ထားနှင့် နည်းလမ်းများမှာမူ အလွန်ပင် ရက်စက်လှပေသည်။ သူမ၏ လက်ထဲသို့ ရောက်ရှိသွားသော အမျိုးသားများမှာ ကောင်းသော နိဂုံးနှင့် မကြုံဖူးကြဘဲ မသေရင်တောင် အသက်တစ်ဝက် ပြတ်သွားတတ်ကြသည်။
“သခင်မလေးမူက စိတ်ဝင်စားတယ်ဆိုမှတော့ သူ့ကို မင်း စိတ်ကြိုက်ပဲ စီရင်လိုက်ပေတော့...”
ကျင်းမင်က ချက်ချင်းပင် ရယ်မောလိုက်ပြီး ခွင့်ပြုပေးလိုက်သည်။
“ဟင်းဟင်း... ဒါဆိုရင်တော့ ကျေးဇူးတင်ရမှာပေါ့...”
မူချင်းလျန်သည် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး လော့ချန်၏ အနားသို့ တစ်လှမ်းချင်း ချဉ်းကပ်လာကာ ငွေစင်ခေါင်းလောင်းလေးများအလား သာယာသော ရယ်မောသံနှင့်အတူ ဆိုသည်။
“သခင်လေးလော့... အစ်မက တကယ်ပဲ သိချင်နေမိတယ်... မင်းက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ ပဲ ရှိသေးတာကို ဘာလို့ လုရှောင်ကျင့်တောင် မင်းရဲ့ ပြိုင်ဘက် မဖြစ်ရတာလဲဆိုတာကိုပေါ့...”
လေပြင်းတစ်ချက် တိုက်ခတ်သွားရာ လေထုထဲတွင် သင်းပျံ့လှသော ရနံ့တစ်ခု ထွက်ပေါ်လာပြီး လူကို လန်းဆန်းသွားစေသည်။ လော့ချန်မှာမူ အနည်းငယ်မျှပင် ပေါ့ဆခြင်းမရှိဘဲ စစ်မှန်သောနဂါးစွမ်းအားကျင့်စဉ်ကို လှုံ့ဆော်လျက် စိတ်အသိကို တင်းတင်းစောင့်စည်းထားသည်။ သူ၏ အကြည့်မှာ ကြည်လင်တည်ငြိမ်နေပြီး ခပ်အေးအေးပင် ဆိုလိုက်သည်။
“မင်း သိချင်တာ၊ မသိချင်တာက ငါနဲ့ ဘာဆိုင်လို့လဲ...”
မူချင်းလျန်၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားပြီးနောက် သူမက ရယ်မောလိုက်ရာ ရင်သားအစုံမှာလည်း လှုပ်ခါသွားပြီး ဆွဲဆောင်မှုရှိသော လှိုင်းလုံးများအလား ဖြစ်ပေါ်လာသည်။
“သခင်လေးလော့က ဘာလို့ လူတွေကို ဒီလောက်အထိ အဝေးကို တွန်းပို့နေရတာလဲ... ပြီးတော့ ငါ့ကို ငြင်းပယ်တာက အမြော်အမြင်ရှိတဲ့ ရွေးချယ်မှုတော့ မဟုတ်ဘူးနော်...”
သူမ၏ အသံမှာ လူ၏ အသိစိတ်ကို မိန်းမောသွားစေနိုင်ပြီး မသိမသာနှင့် ပေါ့ဆသွားစေကာ ထူးဆန်းသော စိတ်ကူးများပင် ဖြစ်ပေါ်စေတော့သည်။ အနီးနားရှိ ကြည့်ရှုနေသော လူငယ်များ၏ မျက်ဝန်းများမှာ ဝေဝါးလာကြပြီး အသက်ရှူသံများပင် မှားယွင်းလာကြချေပြီ။
လူတိုင်း မိန်းမောနေစဉ်မှာပင် မူချင်းလျန်သည် ရုတ်တရက် ရယ်မောလိုက်ပြီး မည်သည့် အချက်ပြမှုမျှ မရှိဘဲ သူမ၏ လှပသော လက်ချောင်းလေးဖြင့် လော့ချန်ထံသို့ လှမ်း၍ ညွှန်လိုက်သည်။
“ရှူး...”
ချီစွမ်းအင်များမှာ ပေါက်ကွဲထွက်လာပြီး ထက်မြက်လှသော အပြာရောင် လက်ညှိုးချီတစ်ခုမှာ လေထုကို ဖောက်ထွင်းကာ လော့ချန်၏ ကိုယ်ဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။ ဤအပြာရောင် လက်ညှိုးချီမှာ အရှည် ပေဆယ်ဂဏန်းကျော် ရှိပြီး အကျယ်မှာ တံခါးချပ်တစ်ခုအလား ရှိကာ ကြာပန်းပွင့်ဖတ်ပုံစံ ဖြစ်နေသည်။ ၎င်းတွင် ပြင်းထန်လှသော ဖျက်ဆီးအားများ ပါဝင်နေပြီး ဘာကိုမဆို ဖောက်ထွင်းပစ်နိုင်မည့် အရှိန်အဟုန် ရှိနေပေသည်။
လော့ချန်သည် အာရုံတစ်ခု ရရှိလိုက်သဖြင့် သူ၏ ပုံရိပ်မှာ ချက်ချင်းပင် ပုံရိပ်ယောင် ဆယ်ဂဏန်းကျော်အဖြစ် ပြောင်းလဲသွားပြီး ခြံဝင်းအတွင်း၌ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။
“ဘုန်း...”
ပြင်းထန်လှသော ပေါက်ကွဲသံနှင့်အတူ လော့ချန် မူလက ရှိနေသော ကျောက်ဆောင်မှာ အပြာရောင် လက်ညှိုးစွမ်းအား၏ ထိမှန်မှုကို ခံလိုက်ရပြီး ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားကာ ကျောက်စိုင်များမှာလည်း ချီလှိုင်း၏ အရှိန်ကြောင့် မှုန့်မှုန့်ညက်ညက် ကြေမွကာ ပျောက်ကွယ်သွားတော့သည်။
“ဟင်...”
မူချင်းလျန်ပင် အနည်းငယ် အံ့သြသွားရသည်။ လော့ချန်သည် သူမ၏ ဤတိုက်ခိုက်မှုကို ဤမျှအထိ အေးအေးဆေးဆေး ရှောင်တိမ်းနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့သလို သူမ၏ မြှူဆွယ်မှုကိုလည်း လုံးဝ မခံရသည်မှာ ထူးဆန်းလှသည်။ ၎င်းက သူမ၏ အကြည့်ကို ပိုမို ပြင်းထန်သွားစေပြီး မျက်နှာတွင် စိတ်လှုပ်ရှားသော အပြုံးတစ်ခု ပေါ်လာကာ သူမ၏ နီရဲနေသော နှုတ်ခမ်းလွှာကို လျှာဖြင့်သပ်လိုက်ပြီး ဆိုသည်။
“ကောင်လေး... မင်းက ငါ့ကို ပိုပြီးတော့ စိတ်ဝင်စားလာအောင် လုပ်နေတာပဲ... မင်းရဲ့ ကိုယ်ပေါ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာ ငါ သေသေချာချာ ကြည့်ရသေးတာပေါ့...”
သူမသည် ရယ်မောလိုက်ပြီးနောက် ကိုယ်ပေါ်မှ ချီစွမ်းအင်များကို လှုပ်ရှားလိုက်ရာ သူမ၏ လက်ဖဝါးပေါ်တွင် အပြာရောင် ကြာပန်းတစ်ပွင့် တဖြည်းဖြည်းနှင့် ပေါ်ထွက်လာတော့သည်။
“ဝူး... ဝူး... ဝူး... ဝူး...”
ကြာပန်းမှာ အဆက်မပြတ် လည်ပတ်နေပြီး ပြင်းထန်လှသော တုန်ခါမှုများကို ဖြစ်ပေါ်စေကာ ယခင်ကထက် ဆယ်ဆမက ပြင်းထန်သော ထက်မြက်လှသော အရှိန်အဝါများ ပျံ့နှံ့လာချေပြီ။ လော့ချန်သည် မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုကြာပန်း၏ တုန်ခါမှုကြောင့် တစ်ခုလုံးသော ခြံဝင်းအတွင်းရှိ ဟင်းလင်းပြင်မှာ တုန်ခါနေသလို ခံစားရပြီး လေထုမှာလည်း ရေကဲ့သို့ပင် စေးပျစ်လာကာ ပြင်းထန်လှသော ဖျက်ဆီးအားများမှာ တစ်လှိုင်းပြီးတစ်လှိုင်း သူ၏ အရေပြားကို ထိုးဖောက်တော့မည့်အလား ရှိနေသည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူဆိုတာ တကယ်ကို မရိုးရှင်းဘူးပဲ... ငါ အခု အနေအထားနဲ့တော့ ဒါကို ခုခံဖို့ ခက်လိမ့်မယ်...”
လော့ချန်သည် စိတ်ထဲမှ တွက်ချက်လိုက်ပြီးနောက် တွန့်ဆုတ်မနေတော့ဘဲ ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲကာ ခြံဝင်းအတွင်းမှ ထွက်ပြေးရန် ပြင်လိုက်သည်။
“ထွက်ပြေးချင်တာလား... လွတ်မယ် ထင်နေလို့လား...”
အဋ္ဌမမင်းသား ကျင်းမင်သည် ကြိုတင် ပြင်ဆင်ထားပြီးဖြစ်သဖြင့် အေးစက်စွာ ရယ်မောလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ စိမ်းလဲ့မီးတောက် လှိုင်းတစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လော့ချန်၏ လမ်းကို ပိတ်ဆို့လိုက်တော့သည်။
“ကျင်းမင်... တစ်နေ့ကျရင် ငါ မင်းကို သေချာပေါက် သတ်မယ်... နတ်ဆိုးမုန်တိုင်း...”
လော့ချန်၏ စိတ်ထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာပြီး ဤနေရာတွင် ကြာကြာမနေသင့်ကြောင်း သိရှိသဖြင့် ချက်ချင်းပင် ဓားဖြင့် ခုတ်ချလိုက်သည်။ ဓားစွမ်းအင်လေဝဲကြီးကြောင့် ကောင်းကင်နှင့် မြေကြီးမှာ တုန်ခါသွားပြီး ပြင်းထန်လှသော အရှိန်အဟုန်အောက်တွင် လေပြင်းများ ဖြစ်ပေါ်လာကာ သဲဖုန်များကို လွင့်စင်သွားစေသည်။
“ဘုန်း...”
စိမ်းလဲ့မီးတောက် လှိုင်းမှာ ဓားစွမ်းအင်ကြောင့် စုတ်ပြဲသွားခဲ့ပြီး လော့ချန်သည် အခွင့်အရေးကို အသုံးချကာ အပြင်သို့ ထိုးဖောက်ထွက်ရန် ပြင်လိုက်သည်။
“ဟဲဟဲ... ငါ့ကို သတ်မလို့လား... အမှိုက်ကောင်လေး... မင်းမှာ ဒီလိုအစွမ်းမျိုး ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးဆိုတာ ထားပါဦး... ဒီနေ့တော့ မင်းကို တကယ့် အသုံးမကျတဲ့လူ ဖြစ်အောင် ငါ လုပ်ပြမယ်...”
ကျင်းမင်သည် လော့ချန်၏ သတ်ဖြတ်လိုစိတ် ပြင်းထန်လှသော စကားကို ကြားရသည့်အခါ အေးစက်စွာ လှောင်ပြောင်လိုက်ပြီး လက်ငါးချောင်းကို ဖြန့်လိုက်ရာ စိမ်းလဲ့မီးတောက်များမှာ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။ စိမ်းလဲ့မီးတောက်များမှာ ပြင်းထန်စွာ တောက်လောင်နေပြီး ကောင်းကင်ကိုပင် လောင်ကျွမ်းစေကာ မီးတောက်လှောင်အိမ်တစ်ခု ဖြစ်ပေါ်လာပြီး လော့ချန်၏ လမ်းကို ဖြတ်တောက်လိုက်သည်။
“မူချင်းလျန်... ဘာလို့ မတိုက်သေးတာလဲ...”
ကျင်းမင်က မူချင်းလျန်ဘက်သို့ လှည့်၍ အော်ဟစ်လိုက်သည်။
“ဟင်းဟင်း... ကောင်လေး... ဒီနေ့တော့ မင်း လွတ်မှာ မဟုတ်ဘူး... အေးအေးဆေးဆေးပဲ အစ်မနောက်ကို လိုက်ခဲ့စမ်းပါ...”
မူချင်းလျန်သည် လော့ချန်ကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။ သူမ၏ အသံမှာ ချိုသာလှပြီး ချစ်သူချင်း စကားပြောနေသကဲ့သို့ ရှိသော်လည်း သူမ၏ လက်မှာမူ အနည်းငယ်မျှ ညှာတာခြင်း မရှိပေ။ လက်ညှိုးအရွယ်ခန့်ရှိသော အပြာရောင် ကြာပန်းမှာ ပြင်းထန်စွာ လည်ပတ်နေပြီး ခဏချင်းမှာပင် မီတာဆယ်ဂဏန်းကျော် ကျယ်ဝန်းသော ဧရာမ ကြာပန်းကြီးအဖြစ် ပြောင်းလဲသွားကာ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများမှာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပင် စုတ်ပြဲသွားစေတော့သည်။
လော့ချန်သည် မျက်မှောင်ကြုတ်လိုက်မိပြီး စိတ်ထဲမှ အလွန်ပင် စိုးရိမ်သွားကာ ချက်ချင်းပင် သူ၏ ဓားဆန္ဒအားလုံးကို ထုတ်သုံးလျက် အသက်လု၍ ထိုးဖောက်ထွက်ရန် ပြင်လိုက်တော့သည်။
“အဋ္ဌမနောင်တော်... ရပ်လိုက်ပါဦး...”
ထိုစဉ်မှာပင် အေးစက်သော အော်ဟစ်သံတစ်ခု ခြံဝင်းအတွင်း၌ ထွက်ပေါ်လာသည်။
“ဝှစ်...”
ကိုယ်ဟန်လှပသော ပုံရိပ်တစ်ခုသည် လော့ချန်၏ ရှေ့တွင် ချက်ချင်း ပေါ်ထွက်လာပြီး ကာကွယ်ပေးလိုက်သည်။ ထိုအမျိုးသမီးမှာ အသက် တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်နှစ်ခန့်သာ ရှိသေးပြီး ကျပ်ထုတ်နေသော ကိုယ်ကျပ် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမ၏ ကိုယ်ဟန်အလှမှာ သိသာထင်ရှားလှသည်။ အထူးသဖြင့် သူမ၏ ပြင်ပသို့ ထွက်ပေါ်နေသော ခြေတံအစုံမှာ အလွန်ပင် ရှည်လျားလှပြီး ဖြူဖွေးဝင်းပနေကာ ဆွဲဆောင်မှုရှိသော အလင်းတန်းများ ထွက်ပေါ်နေသည်။ သူမ၏ ဆံပင်ရှည်များကို စုစည်းထားသဖြင့် ဆွဲဆောင်မှုရှိသလို ရဲရင့်သော အရှိန်အဝါလည်း ရှိနေသည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်ချပ်ဝတ်များ ဝတ်ဆင်ထားပြီး လှံရှည်များကို ကိုင်ဆောင်ထားသော နန်းတွင်းအစောင့်အရှောက် တပ်ဖွဲ့တစ်ဖွဲ့မှာ ခြံဝင်းအတွင်းသို့ တဖွဲဖွဲ ဝင်ရောက်လာကြပြီး ခြံဝင်းတစ်ခုလုံးကို ဝိုင်းရံလိုက်ကြတော့သည်။
“နဝမညီမလေး...”
ကျင်းမင်သည် ရောက်ရှိလာသူမှာ နဝမမင်းသမီး ကျင်းယွီရှီး ဖြစ်သည်ကို မြင်လိုက်ရသည့်အခါ မျက်နှာမှာ ချက်ချင်း ညိုမည်းသွားပြီး လော့ချန်ကို လက်ညှိုးညွှန်ပြကာ အေးစက်စွာ ဆိုလိုက်သည်။
“ဒီကောင်က ငါ့ရဲ့ တည်ခင်းဧည့်ခံပွဲကို လာနှောင့်ယှက်ရုံတင်မကဘဲ လူတွေကိုပါ ဒဏ်ရာရအောင် လုပ်ခဲ့တာ... စကားတွေကလည်း အတော်ကို မောက်မာနေတာမို့ ဒီနေ့ သူ့ကို သေသေချာချာ ဆုံးမရမယ်... ဒါက မင်းနဲ့ မဆိုင်ဘူး... ဖယ်စမ်း...”
“အဋ္ဌမနောင်တော်... လော့ချန်နဲ့ လုရှောင်ကျင့်က တရားမျှတစွာ တိုက်ခိုက်ခဲ့ကြတာပဲ... ဒါက သူ့အမှား မဟုတ်ပါဘူး...”
ကျင်းယွီရှီးက ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး တုံ့ပြန်လိုက်သည်။
“မင်းက ငါ့ကို တားချင်တာလား...”
ကျင်းမင်၏ အကြည့်မှာ အေးစက်သွားပြီး မေးမြန်းလိုက်သည်။
“လော့ချန်က နောင်တော်ကြီးရဲ့ ဧည့်သည်တော်ပါ... နောင်တော်ကြီးက သူ့ကို ခေါ်လာခဲ့ဖို့ ကျွန်မကို ခိုင်းထားပါတယ်...”
ကျင်းယွီရှီးက တည်ငြိမ်စွာပင် အဖြေပေးလိုက်သည်။
“ကျင်းထျန်တူ ဟုတ်လား...”
ကျင်းမင်၏ မျက်နှာမှာ ပိုမို ဆိုးဝါးသွားပြီး နဖူးပေါ်တွင် အကြောများ ထောင်လာကာ သွားကို တင်းတင်းကြိတ်လျက် ဆိုသည်။
“ဟင်းဟင်း... မင်းက ကျင်းထျန်တူရဲ့ နာမည်ကို သုံးပြီး ငါ့ကို ဖိနှိပ်လို့ရမယ် မထင်နဲ့... ဒီနေ့အချိန်မှာတော့ ငါက သူ့ကို မကြောက်ဘူး... မူချင်းလျန်... ဘာမှ ထောက်ထားမနေနဲ့... တိုက်စမ်း...”
“ဟွန်း... လော့ချန်ကို တစ်ချက်လောက် ထိရဲတဲ့သူ ရှိရင်... အသေဆိုးနဲ့ သေစေရမယ်...”
ကျင်းမင်၏ စကားအဆုံးတွင် အေးစက်လှသော စကားသံတစ်ခု ခြံဝင်းအတွင်း၌ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
အခန်း ၅၃၀ ပြီးပါပြီ။
အခန်း ၅၃၁ - ကျင်းမင်၏ လက်ငါးချောင်းတောင်နှင့် ကျိလော့ဂိုဏ်းမှ မိစ္ဆာမ
ရုတ်တရက် ထွက်ပေါ်လာသော စကားသံမှာ တည်ငြိမ်အေးစက်လှသော်လည်း ထိုအထဲတွင် ပြတ်သားလှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ကိန်းအောင်းနေ၏။ ၎င်းမှာ ကောင်းကင်ဘုံမှ ကျဆင်းလာသော ရေခဲပြင်ကြီးအလား စိတ်နှလုံးကို အေးစိမ့်သွားစေတော့သည်။
ထိုအသံကို ကြားလိုက်ရသည့်အခါ မူချင်းလျန်၏ မျက်ဝန်းအစုံမှာ လှုပ်ရှားသွားပြီး သူမ၏ အရှိန်အဝါများကို မသိမသာ ပြန်လည် ထိန်းချုပ်လိုက်သည်။
ဤစကားသံတွင် ပါရှိသော ဖိအားမှာ အရိုးထဲအထိ စိမ့်ဝင်နေပြီး မိုးမြေချီစွမ်းအင်များကိုပင် တုန်ခါသွားစေရာ ၎င်းမှာ စတုတ္ထနယ်ပယ်သို့ တက်လှမ်းထားသည့် အဆင့်မြင့်သန်မာသူတစ်ဦး ဖြစ်ရမည်မှာ သေချာလှပေသည်။
ကျင်းမင်သည် လက်သီးကို တင်းတင်းဆုပ်ကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် သွေးကြောများ ထင်ဟပ်နေပြီး ရက်စက်စွာ ဆိုလိုက်သည်။
“ကျင်းထျန်တူ... ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး... ဘာလို့ ကြားဖြတ်နှောင့်ယှက်နေတာလဲ... ဒါမှမဟုတ် မင်းက ငါ့ကို တမင်သက်သက် ဆန့်ကျင်ပြီး ဒီအမှိုက်ကောင်ဘက်ကနေ ရပ်တည်ပေးချင်နေတာလား...”
“ဆိုင်တာ၊ မဆိုင်တာကို ငါကိုယ်တိုင်ပဲ ဆုံးဖြတ်မှာပါ...”
ကျင်းထျန်တူ၏ အသံမှာ ထပ်မံ ထွက်ပေါ်လာသည်။ သူ၏ လေသံမှာ ငြင်းဆန်ရန် မဖြစ်နိုင်လောက်အောင် ပြတ်သားလှပြီး ကျင်းမင်၏ ဒေါသတကြီး အော်ဟစ်မှုကိုမူ အလေးမထားဘဲ လျစ်လျူရှုထားလေသည်။
“လော့ချန်... သွားကြရအောင်...”
ကျင်းယွီရှီးသည် လော့ချန်ကို ခေါ်ဆောင်၍ ထွက်ခွာရန် ပြင်လိုက်သည်။
“ဟားဟားဟားဟား... ကျင်းထျန်တူ... မင်းက စကားတစ်ခွန်းတည်းနဲ့ လူကို ခေါ်သွားချင်နေတာလား... ငါ့ကိုရော မရှိဘူးလို့ ထင်နေတာလား... ငါ ပြောပြီးပြီပဲ... ဒီနေ့ လော့ချန် ဒီကနေ ထွက်သွားလို့ မရဘူး... ထွက်သွားချင်ရင်တောင် တစ်ခုခု ချန်ထားရစ်ခဲ့မှ ရမယ်...”
ကျင်းမင်သည် ဒေါသအလွန်ထွက်သွားသဖြင့် အော်ဟစ်ရယ်မောလိုက်ရာ သူ၏ မျက်နှာမှာလည်း အရှက်ရမှုကြောင့် တွန့်လိမ်နေတော့သည်။
ငယ်စဉ်ကတည်းက သူသည် အရာရာတိုင်းတွင် ကျင်းထျန်တူ၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။ ယခင်ကမူ သူသည် သည်းခံခဲ့ရပြီး အရှက်ရမှုနှင့် ဒေါသများကို စိတ်ထဲတွင်သာ မြိုသိပ်ထားခဲ့ရသည် မဟုတ်ပါလော...။
ယခုမူ သူသည် မင်းသားတန်းအဖွဲ့ကို အားကိုးထားသလို ရွှမ်ယွမ်ဂိုဏ်း၏ ထက်ဝက်ကျော်သော ထောက်ခံမှုကိုလည်း ရရှိထားရာ ဤနောင်တော်ကြီးကို သူက မျက်စိထဲ ထည့်စရာ မလိုတော့ပေ။
ယခုအချိန်တွင် လော့ချန်၏ သေခြင်း၊ ရှင်ခြင်းမှာ ဒုတိယအချက်သာ ဖြစ်သည်။ အကယ်၍ ကျင်းထျန်တူ၏ စကားတစ်ခွန်းတည်းနှင့် လော့ချန်ကို ထွက်သွားခွင့်ပေးလိုက်လျှင် အဋ္ဌမမင်းသားဖြစ်သူ သူ၏ ဂုဏ်သိက္ခာမှာ ဘယ်မှာ ရှိတော့မည်နည်း။
“သတ်စမ်း...”
ကျင်းမင်သည် စကားအများကြီး ဆက်မပြောတော့ဘဲ ကိုယ်ပေါ်မှ စိမ်းလဲ့မီးတောက်များကို ဟုန်းဟုန်းတောက် လောင်ကျွမ်းစေကာ ပြင်းထန်လှသော အရှိန်အဝါဖြင့် ခြံဝင်းတစ်ခုလုံးအတွင်းရှိ လေထုကို ဖိသိပ်လိုက်ရာ ခြံဝင်းတစ်ခုလုံးမှာ စိမ်းလဲ့သည့် အရောင်များဖြင့် လွှမ်းမိုးသွားခဲ့သည်။ သူသည် လက်သည်းချက်ဖြင့် လော့ချန်ထံသို့ တိုက်ခိုက်လိုက်တော့သည်။
“ရှူး... ရှူး... ရှူး... ရှူး...”
ပြင်းထန်လှသော လေပြင်းများနှင့်အတူ စိမ်းလဲ့ရောင်စဉ် လက်သည်းစွမ်းအားများမှာ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ လော့ချန်ထံသို့ ဦးတည်သွားခဲ့သည်။ ထွက်ပေါ်လာသော ချီစွမ်းအင် လှိုင်းများမှာပင် လေထုကို ရိုက်ခတ်နေပြီး သမုဒ္ဒရာလှိုင်းလုံးကြီးများအလား ဆူဝေနေတော့သည်။
“ရမ်းကားလှချေလား...”
ကျင်းထျန်တူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ စကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံတစ်ခုလုံးမှာ ရုတ်တရက် တုန်ခါသွား၏။
ကောင်းကင်ယံထက်တွင် ရွှေရောင်အလင်းတန်းများ ဝင်းလက်လာပြီး ဧရာမ ရွှေရောင်လက်ညှိုးကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ထိုရွှေရောင်လက်ညှိုးကြီး၏ အရေးအကြောင်းများကိုပင် ထင်ရှားစွာ မြင်တွေ့နေရပြီး လေနှင့်ထိတွေ့ကာ ပိုမို ကြီးထွားလာရာ ကောင်းကင်တိုင်ကြီးတစ်ခုအလား ဖြူဖွေးဝင်းပနေပြီး ပုံရိပ်ယောင်မဟုတ်ဘဲ အမှန်တကယ် တည်ရှိနေသကဲ့သို့ ရှိနေသည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
ကောင်းကင်ကို ဖုံးလွှမ်းနေသော စိမ်းလဲ့ရောင်စဉ် လက်သည်းစွမ်းအားများမှာ ထိုလက်ညှိုးပုံရိပ်၏ ရှေ့တွင် မည်သို့မျှ မခုခံနိုင်ဘဲ မီးရှူးမီးပန်းများအလား တစ်ခုပြီးတစ်ခု ပေါက်ကွဲပျက်စီးသွားပြီး ခဏချင်းမှာပင် အရိပ်အယောင်ပင် မကျန်တော့ချေ။
လက်ညှိုးချီ၏ အရှိန်အဟုန်မှာ မရပ်တန့်ဘဲ ကောင်းကင်နှင့် မြေကြီးကြားရှိ လေထုကို ပြင်းထန်စွာ တုန်ခါစေကာ လေဆင်နှာမောင်းများကို ဖြစ်ပေါ်စေလျက် အဋ္ဌမမင်းသားထံသို့ ဆက်လက် ဖိနှိပ်ကျဆင်းလာခဲ့သည်။
လော့ချန်၏ နှလုံးခုန်သံမှာ မြန်ဆန်လာပြီး စိတ်ထဲမှ အလွန်ပင် ထိတ်လန့်သွားရသည်။ ၎င်းမှာ စတုတ္ထနယ်ပယ် သန်မာသူတစ်ဦး၏ အရှိန်အဝါပင် ဖြစ်သည်။ လက်ကို ဝှေ့ယမ်းလိုက်ရုံမျှဖြင့် မိုးနှင့်မြေကို တုန်ခါစေကာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူကို လက်ဖဝါးဖြင့် ဖိနှိပ်နိုင်သည်မှာ အံ့မခန်းပင် ဖြစ်တော့သည်။
ကျင်းမင် အန္တရာယ်ကြုံတွေ့နေရသည်ကို မြင်သည့်အခါ နဝမမင်းသမီး ကျင်းယွီရှီး၏ မျက်နှာမှာ ပြောင်းလဲသွားသည်။
သူမသည် ကျင်းမင်၏ လုပ်ရပ်များကို မကြိုက်သော်လည်း အချင်းချင်းမှာ မောင်နှမအရင်းအချာများ ဖြစ်ကြသည်မဟုတ်ပါလော...။ သူမက အလောတကြီး တောင်းဆိုလိုက်သည်။
“နောင်တော်ကြီး... အနည်းငယ် ညှာတာပါဦး...”
“ဝူး...”
စကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရွှေရောင်လက်ညှိုးကြီးမှာ လေထဲတွင် ရပ်တန့်သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း ပြင်းထန်လှသော ရိုက်ခတ်မှု အရှိန်အဟုန်က အဋ္ဌမမင်းသား ကျင်းမင်ကို အနောက်သို့ လွင့်ထွက်သွားစေခဲ့သည်။
“ဖူး...”
ဆူဝေနေသော သွေးများကို မထိန်းနိုင်တော့ဘဲ ကျင်းမင်သည် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူသည် မျက်လုံးများ ပြူးထွက်နေပြီး ဒေါသကြောင့် တွန့်လိမ်လျက် အော်ဟစ်လိုက်သည်။
“ကျင်းထျန်တူ... မင်းက ဒီတိရစ္ဆာန်လေးအတွက်နဲ့ ငါ့ကို တိုက်ခိုက်တယ်ပေါ့လေ... စောင့်ကြည့်နေလိုက်... ငါ အခုပဲ နန်းတော်ထဲကို သွားမယ်... မင်း ခမည်းတော်ဆီမှာ ဘယ်လို ရှင်းပြမလဲဆိုတာ ကြည့်ရသေးတာပေါ့...”
ကျင်းမင်၏ မျက်နှာမှာ ညိုမည်းနေတော့သည်။ ယခုတစ်ခေါက်တွင် လော့ချန်ကို မဖမ်းနိုင်ရုံသာမက မိမိကိုယ်တိုင်ကပင် လူပုံအလယ်တွင် အရေးနိမ့်သွားခဲ့ချေပြီ။ စိတ်ပိုင်းဆိုင်ရာ အရှက်ရမှုကြောင့် သူသည် အသိစိတ် လွတ်လုနီးပါး ဖြစ်နေပြီး ကျင်းထျန်တူနှင့် လော့ချန်အပေါ် အလွန်အမင်း မုန်းတီးသွားတော့သည်။
ကျင်းထျန်တူ၏ တည်ငြိမ်သော စကားသံမှာ ခြံဝင်းအတွင်း၌ ပျံ့နှံ့လာသည်။
“အဋ္ဌမညီလေး... ငါ မင်းကို သတိပေးခဲ့ပြီးပြီပဲ... မင်းကပဲ အတင်းအဓမ္မ လုပ်နေတာလေ... ဒီတစ်ခါတော့ သတိပေးချက် အနည်းငယ်မျှသာ ရှိသေးတယ်... မှတ်ထားပါ... လော့ချန်က ငါ့ရဲ့ သူငယ်ချင်းပဲ... သူ့ကို တိုက်ခိုက်တာဟာ ငါ့ကို စော်ကားတာနဲ့ အတူတူပဲ...”
“နောက်ပြီး မင်း ဘယ်ကိုသွားသွား ငါ မတားပါဘူး... ဒါပေမဲ့ အဲဒီကျရင် ငါလည်း ဒီကိစ္စအားလုံးကို အမှန်အတိုင်း တင်ပြမှာပဲ... မင်းက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ သန်မာသူတစ်ယောက်ကို အစွမ်းကုန် တိုက်ခိုက်ခဲ့တာဆိုတော့ ဂုဏ်ရှိတဲ့ ကိစ္စတော့ မဟုတ်ဘူးပေါ့...”
“မင်း... မင်း... ကောင်းပြီလေ...”
ကျင်းမင်သည် အလွန်ပင် ဒေါသထွက်နေသော်လည်း ကျင်းထျန်တူကို မည်သို့မျှ မတတ်နိုင်ကြောင်း သိရှိသဖြင့် အသက်ကို ပြင်းပြင်း အကြိမ်ကြိမ် ရှူသွင်းကာ ဒေါသကို အတင်းအကျပ် နှိမ်လိုက်သည်။ သူ၏ ရက်စက်သော အကြည့်မှာ လော့ချန်ထံသို့ ရောက်ရှိသွားကာ အေးစက်စွာ ဆိုလိုက်သည်။
“ဟင်းဟင်း... လော့ချန်... မင်းလို အမှိုက်ကောင်က တကယ်ပဲ မဆိုးပါဘူး... အစက ယွမ်မန်လီ၊ အခုတော့ ငါ့ရဲ့ နောင်တော်ကြီးကို အားကိုးရာ ရှာနိုင်ခဲ့တယ်ပေါ့... ငါ့ကို တကယ်ပဲ အာခံချင်နေတာလား... ဒါပေမဲ့ သူတို့က မင်းကို ခဏတဖြုတ်ပဲ ကူညီနိုင်မှာပါ... တစ်သက်လုံးတော့ မဟုတ်ဘူးနော်... မင်း ရွှမ်ယွမ်ဂိုဏ်းတပည့် ဖြစ်နေသရွေ့ ငါ့ရဲ့ လက်ခုပ်ထဲကနေ လွတ်မယ် မထင်နဲ့...”
လော့ချန်သည် လျှပ်စီးဓားကို အိမ်အတွင်းသို့ ပြန်ထည့်လိုက်ပြီး ကျင်းမင်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းအစုံမှာ ဓားတစ်စင်းအလား ထက်မြက်လှသော အလင်းတန်းများ ထွက်ပေါ်နေကာ ဆိုလိုက်သည်။
“ဒါဆိုရင်လည်း စောင့်ကြည့်ရမှာပေါ့...”
“ဟွန်း... သွားကြမယ်...”
အခြေအနေမှာ ဤသို့ ဖြစ်သွားပြီဖြစ်ရာ ကျင်းမင်သည်လည်း ဤနေရာတွင် ဆက်လက်နေရန် မျက်နှာမရှိတော့သဖြင့် သတိမရသေးသော လုရှောင်ကျင့်ကို သယ်ဆောင်လျက် ခြံဝင်းအတွင်းမှ မျက်နှာပျက်ပျက်ဖြင့် ထွက်ခွာသွားတော့သည်။
“ဟင်းဟင်း... သခင်လေးလော့ချန်... နောင်ကျရင် ပြန်ဆုံကြတာပေါ့...”
မူချင်းလျန်သည် လော့ချန်ကို မျက်တောင်တစ်ချက် ခတ်ပြလိုက်ပြီးနောက် သူမ၏ ကိုယ်ဟန်ကို လှုပ်ရှားလျက် ကျင်းမင်၏ နောက်မှ လိုက်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ နဝမမင်းသမီး ကျင်းယွီရှီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သတိပေးလိုက်သည်။
“လော့ချန်... ဒီမိစ္ဆာမကို သတိထားပါ...”
လော့ချန်သည် အကြည့်ကို လွှဲလိုက်ပြီး မေးမြန်းလိုက်သည်။
“သူ့ကို သိလို့လား...”
ကျင်းယွီရှီးက ခေါင်းညိတ်ပြလိုက်သည်။
“သူက ငါ့ရဲ့ အဋ္ဌမနောင်တော်နဲ့ မကြာသေးခင်ကမှ ရင်းနှီးခဲ့တဲ့ သန်မာသူတွေထဲက တစ်ယောက်ပဲ... နာမည်က မူချင်းလျန်တဲ့... တာချီမင်းဆက် ကျိလော့ဂိုဏ်းက တပည့်ပဲ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူဖြစ်သလို ကျိလော့ဂိုဏ်းရဲ့ မိစ္ဆာပညာရပ်တွေကိုလည်း တတ်ကျွမ်းထားတော့ လူတွေရဲ့ စိတ်အသိကို ညှို့ယူဖမ်းစားနိုင်တယ်လေ...”
“ကြားရသလောက်တော့ သူမက နယ်မြေစာရင်းရဲ့ ထိပ်ဆုံး လူတစ်ရာအတွင်း ဝင်နိုင်တဲ့ အစွမ်းရှိတယ်တဲ့... လောကထဲမှာ နာမည်ကြီးတဲ့ သန်မာသူ အချို့တောင် သူ့ရဲ့ လက်ထဲမှာ ဒုက္ခရောက်ခဲ့ဖူးတယ်...”
စကားပြောနေရင်း တစ်ခုခုကို သတိရသွားဟန်ဖြင့် ကျင်းယွီရှီး၏ အသံမှာ တိုးဝင်သွားတော့သည်။
“တာချီမင်းဆက် ကျိလော့ဂိုဏ်းက တပည့်တဲ့လား...”
လော့ချန် နားလည်သွားခဲ့ချေပြီ။ ထို့ကြောင့်လည်း သူမသည် ရုပ်ရည်နှင့် အရှိန်အဝါအရ ယွမ်မန်လီ၊ လော့ယောင်တို့နှင့် မယှဉ်နိုင်ပါသော်လည်း လူ၏ စိတ်အသိကို တုန်လှုပ်စေနိုင်ခြင်း ဖြစ်သည်။
ကျိလော့ဂိုဏ်းတပည့်များသည် ဖိုမဆက်ဆံရေး အတတ်ပညာတွင် ကျွမ်းကျင်ကြပြီး ဂိုဏ်းအတွင်းရှိ တပည့်များမှာ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လူတို့၏ စိတ်ကို မြှူဆွယ်နိုင်သော ပညာရပ်များကို ကျင့်ကြံကြသည် မဟုတ်ပါလော...။
လော့ချန်၏ ကိုယ်ပေါ်တွင်လည်း ကျိလော့ဂိုဏ်း၏ ကျင့်စဉ်ဖြစ်သော ရမ္မက်ဝိညာဉ်ကျင့်စဉ် ရှိနေပြီး သူ သေသေချာချာ ဖတ်ရှုကြည့်ခဲ့ဖူးသည်။
ဤကျင့်စဉ်မှာ အဆုံးအထိ ကျင့်ကြံနိုင်လျှင် မိမိ၏ အရှိန်အဝါကို ပြောင်းလဲစေနိုင်ပြီး လူတို့၏ အတွင်းစိတ်ထဲမှ ရမ္မက်ဆန္ဒများကို မသိမသာ လှုံ့ဆော်နိုင်ပေသည်။
“လော့ချန်... တကယ်လို့ မင်း အဲဒီမိစ္ဆာမနဲ့ တွေ့ရင် သေသေချာချာ သတိထားပါ... သူ့ရဲ့ မြှူဆွယ်မှုကို မခံရစေနဲ့ဦး...”
ကျင်းယွီရှီးက ထပ်မံ သတိပေးလိုက်သည်။
“ငါ သတိထားပါ့မယ်...”
လော့ချန် ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ သိပ်ပြီး စိုးရိမ်မနေခဲ့ပေ။ သူသည် ဓားဘုရင်၏ စိတ်ဆန္ဒ စမ်းသပ်မှုကိုပင် ကျော်ဖြတ်ခဲ့သူ ဖြစ်ရာ ဤကဲ့သို့သော မြှူဆွယ်မှု အတတ်ပညာမှာ သူ့အတွက် ဘာမှ မဟုတ်ပေ။
ထို့အပြင် သူသည် ရမ္မက်ဝိညာဉ်ကျင့်စဉ်ကိုလည်း လေ့လာထားသူဖြစ်ရာ ရန်သူ၏ အခြေအနေကို သိရှိပြီးသားပင် ဖြစ်သည်။ မူချင်းလျန်သာ သူ့ကို လုပ်ကြံရန် ကြိုးစားမည်ဆိုပါက ထိုသူတိုင်သာ ဒုက္ခရောက်သွားပေလိမ့်မည်။
“သွားကြရအောင်... နောင်တော်ကြီးဆီကို သွားမယ်... သူက မင်းကို တွေ့ဖို့ စောင့်နေတာ မစောင့်နိုင်တော့ဘူး ထင်တယ်...”
ကျင်းယွီရှီးက ရှေ့မှ လမ်းပြလိုက်ပြီး အဝေးရှိ အဆောင်တစ်ခုဆီသို့ ဦးတည် ပျံသန်းသွားတော့သည်။
လော့ချန်သည် ယခုမှပင် ကျင်းယွီရှီးသည် သွေးကြောနိုးကြားမှုနယ်ပယ်သို့ ရောက်ရှိသွားပြီး လေထဲ၌ ပျံသန်းနိုင်နေပြီဖြစ်ကြောင်း သတိပြုမိသွားကာ ပြုံးလျက် ဆိုလိုက်သည်။
“ယွီရှီး... သွေးကြောနိုးကြားမှုနယ်ပယ်ကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်...”
“ဒါက ဂုဏ်ပြုစရာမှ မဟုတ်တာ... မင်းနဲ့ ယှဉ်ရင်တော့ ဘာမှ မပြောပလောက်ပါဘူး...”
ကျင်းယွီရှီးက မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး လော့ချန်ကို အံ့သြစွာ ကြည့်ရင်း ဆိုသည်။
“မင်းကိုပဲ ကြည့်ဦးလေ... လအနည်းငယ်အတွင်းမှာ ကျင့်ကြံဆင့်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်ကို ရောက်သွားရုံတင်မကဘဲ ၆၀ ရာခိုင်နှုန်းသော ဓားဆန္ဒကိုလည်း နားလည်ထားတာပဲ... မင်းတို့ ရွှမ်ယွမ်ဂိုဏ်းက ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင် လုရှောင်ကျင့်တောင် မင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ... ခုနက ဒီသတင်းကို ကြားလိုက်ရတဲ့အခါ ငါနဲ့ နောင်တော်ကြီးတောင် အတော်လေးကို လန့်သွားခဲ့တာ...”
ကျင်းယွီရှီး၏ မျက်ဝန်းများမှာ အရောင်တောက်နေပြီး လေသံတွင်လည်း ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေကာ ယခုတိုင် သူမ မယုံကြည်နိုင်သေးသကဲ့သို့ ရှိနေတော့သည်။
အခန်း ၅၃၁ ပြီးပါပြီ။