← Chapters

အခန်း (၅၃၅-၅၃၇)

Vol. 36 Ch. 535-537

အခန်း (၅၃၅-၅၃၇)

Vol. 36 Ch. 535-537

အခန်း ၅၃၅ - တစ္ဆေရိပ်ဆယ်ချက်သတ်ဖြတ်ခြင်းနှင့် လော့ချန် အသက်ရှင်နိုင်မည်မဟုတ်ပေ...

“ဒီနေ့တော့ မင်းတို့ထဲက တစ်ယောက်မှ လွတ်ဖို့ စိတ်မကူးနဲ့...”

ဆံဖြူသူအိုကြီးသည် အော်ဟစ်လိုက်ပြီး သူ၏ ခြောက်ကပ်မည်းနက်နေသော လက်ချောင်းများဖြင့် လေထဲသို့ လှမ်းဖမ်းလိုက်ရာ ထက်မြက်လှသော မည်းနက်သည့် ချီစွမ်းအင် သုံးကြောင်းမှာ လျှပ်စီးအလား လော့ချန်ထံသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။ သူသည် လော့ချန်အား ထိုနေရာ၌ပင် အပိုင်းပိုင်းပြတ်သွားအောင် လုပ်ဆောင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“မင်း ကြံစည်တာတွေ မအောင်မြင်စေရဘူး...”

ကျင်းလော့မင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ညာဘက်လက်ဖဝါးမှ ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လျက် ဘေးတိုက် ရိုက်ချလိုက်သည်။

“ဘုန်း...”

လက်သည်းချီများမှာ ရိုက်ခတ်ခံလိုက်ရသဖြင့် လေထဲတွင်ပင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးသွားတော့သည်။ တစ်ချိန်တည်းမှာပင် ကျင်းလော့မင်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ နူးညံ့လှသော အင်အားတစ်ခုက လော့ချန်နှင့် ကျင်းယွီရှီးတို့အပေါ် သက်ရောက်သွားပြီး သူတို့နှစ်ဦးကို မိုင်ပေါင်းများစွာ ဝေးသော နေရာသို့ တွန်းပို့ပေးလိုက်သည်။

“သေချင်နေတာပဲ...”

ဆံဖြူသူအိုကြီးသည် အလွန်အမင်း ဒေါသထွက်သွားပြီး သူ၏ ဆံပင်ဖြူများမှာလည်း လေထဲတွင် ဝေ့ဝဲနေတော့သည်။ ပြင်းထန်လှသော ပေါက်ကွဲသံနှင့်အတူ သူ၏ ကိုယ်ပတ်လည်တွင် မည်းနက်နေသော ချီလှိုင်းများမှာ ဟင်းလင်းပြင်ကို တုန်ခါစေလျက် ရှိနေ၏။ သူသည် ကျင်းလော့မင်ကို စိုက်ကြည့်ကာ သတ်ဖြတ်လိုစိတ်များ အပြည့်ဖြင့် ဆိုလိုက်သည်။

“ငါ့ကို လာတားရဲမှတော့... မင်းကို အရင်သတ်ပြီးမှ အဲဒီကောင့်ရဲ့ အသက်ကို ငါ ယူရမှာပေါ့...”

ကျင်းလော့မင်သည် အားရပါးရ ရယ်မောလိုက်ပြီး သူ၏ ကိုယ်ပေါ်မှ ထူးဆန်းသော တုန်ခါမှုများနှင့်အတူ ရွှေရောင်အလင်းတန်းများမှာ ပိုမို တောက်ပလာတော့သည်။

“မင်းမှာ အဲဒီလောက် အစွမ်းရှိမရှိ ကြည့်ရသေးတာပေါ့...”

“သတ်စမ်း...”

“ဘုန်း...”

လေပြင်းများ တိုက်ခတ်လာပြီး လျှပ်စီးများလည်း ဝင်းလက်လာကာ နှစ်ဦးသားမှာ တစ်ခဏချင်းတွင်ပင် တိုက်ခိုက်ကြတော့သည်။ နှစ်ဦးစလုံးမှာ မြေကမ္ဘာအဆင့် သန်မာသူများထဲတွင် ထိပ်သီးသန်မာသူများ ဖြစ်ကြသဖြင့် သူတို့၏ လှုပ်ရှားမှုတိုင်းမှာ မိုးနှင့်မြေကို တုန်ခါစေကာ တောင်များကိုပင် ပြိုလဲစေနိုင်သည့် အစွမ်း ရှိနေသည်။ တစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း အောက်ခြေရှိ တောင်ထိပ်များမှာ မှုန့်မှုန့်ညက်ညက် ကြေမွသွားရတော့သည်။ ကမ္ဘာမြေတစ်ခုလုံးမှာ ရွှေရောင်နှင့် အမည်းရောင်တို့ကြားတွင် ကွဲပြားစွာ တည်ရှိနေချေပြီ။

မိုင်ပေါင်းများစွာ ဝေးသော နေရာတွင် လော့ချန်၏ စိတ်နှလုံးမှာ တုန်လှုပ်နေရသည်။ ၎င်းမှာ မြေကမ္ဘာအဆင့် သန်မာသူများ၏ တိုက်ပွဲပင် ဖြစ်သည်။ အချင်းချင်း အားစမ်း တိုက်ခိုက်နေရုံမျှဖြင့် ထွက်ပေါ်လာသော အရှိန်အဝါမှာ ဤမျှအထိ ပြင်းထန်နေသည်တဲ့လား...။ လော့ချန် ခန့်မှန်းရသလောက်တော့ အကယ်၍ တိုက်ပွဲ၏ ဗဟိုချက်ဆီသို့သာ ချဉ်းကပ်မိပါက သူ၏ အစွမ်းကုန် ထုတ်သုံးလျှင်ပင် ခုခံနိုင်မည်မဟုတ်ဘဲ မသေရင်တောင် ပြင်းထန်စွာ ဒဏ်ရာရသွားမှာ သေချာလှသည်။

“စိတ်မပူပါနဲ့... တတိယတော်ဝင်ဦးလေးက ထိပ်သီး မြေကမ္ဘာအဆင့် သန်မာသူတစ်ယောက်ပဲ... တကယ်လို့ ဒီလူက မိုးကောင်းကင်အဆင့်ကို မရောက်သေးသရွေ့တော့ ဦးလေးရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး...”

ကျင်းယွီရှီးသည် လော့ချန် စိုးရိမ်နေသည်ဟု ထင်မှတ်သဖြင့် ထိုသို့ဆိုကာ နှစ်သိမ့်လိုက်သည်။ လော့ချန် ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ကိုမူ လျှော့မထားခဲ့ပေ။ ကျင်းလော့မင်မှာ အမှန်တကယ်ပင် သန်မာသော်လည်း ဆံဖြူသူအိုကြီးမှာလည်း အားနည်းသူ မဟုတ်ချေ။ သူ၏ တိုက်ကွက်များမှာ အလွန်ပင် ထူးဆန်းလှပြီး အစစ်နှင့်အယောင် ရောနှောနေကာ ပြောင်းလဲမှု မြန်ဆန်လှသဖြင့် ဤညအမှောင်ထုထဲတွင် ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။ ကျင်းလော့မင် ပြောခဲ့သလို ဤသူသည် လူသတ်သမား တစ်ဦး ဖြစ်မည်မှာ သေချာသလောက် ရှိနေချေပြီ။ ဤကဲ့သို့သော နည်းလမ်းများမှာ လုပ်ကြံသတ်ဖြတ်ရန်အတွက် အသင့်တော်ဆုံးဖြစ်ပြီး လူတို့ကို ထင်မှတ်မထားသော အခြေအနေတွင် ဒုက္ခပေးနိုင်ပေသည်။

“ဒုန်း... ဒုန်း... ဒုန်း...”

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာတင် မြေကမ္ဘာအဆင့် သန်မာသူ နှစ်ဦးမှာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးသွားခဲ့ချေပြီ။ ပြင်းထန်လှသော ရိုက်ခတ်မှု အင်အားများကြောင့် လေထုထဲတွင် ဧရာမ ချီလှိုင်းများ ဖြစ်ပေါ်လာပြီး မိုင်ပေါင်းများစွာ ဝေးသော နေရာ၌ ရပ်နေသည့် လော့ချန်ပင်လျှင် ကိုယ်ဟန်မမြဲချင်သကဲ့သို့ ခံစားလိုက်ရရာ သူတို့၏ တိုက်ပွဲမှာ မည်မျှအထိ ထိတ်လန့်ဖွယ် ကောင်းသည်ကို သိနိုင်ပေသည်။

ရုတ်တရက်...

“ငါ ဒီလူကို တားထားမယ်... မင်းတို့ အရင်ပြေးကြစမ်း...”

သိသာရုံမျှသာရှိသော စကားသံတစ်ခုသည် လော့ချန်နှင့် ကျင်းယွီရှီးတို့၏ နားထဲသို့ ရောက်ရှိလာသည်။ ကျင်းလော့မင်သည်လည်း ဆံဖြူသူအိုကြီးမှာ အစွမ်းထက်သူဖြစ်သဖြင့် တိုတောင်းလှသော အချိန်အတွင်း အနိုင်ယူရန် ခက်ခဲမည်ကို သိရှိသွားသဖြင့် လော့ချန်တို့ကို အရင်ထွက်သွားရန် သတင်းစကား ပါးလိုက်ခြင်း ဖြစ်သည်။

လော့ချန်တို့ ဘာမှ မတုံ့ပြန်ရသေးမီမှာပင်...

“ဟဲဟဲ... ငါနဲ့ တိုက်နေရင်းနဲ့တောင် အာရုံလွှဲရဲတယ်ပေါ့လေ... သေပေတော့...”

ဆံဖြူသူအိုကြီးသည် သွေးချောင်းစီး တိုက်ပွဲများကြားမှ ထွက်လာသူ ဖြစ်သဖြင့် ကျင်းလော့မင်၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို ချက်ချင်း သိရှိသွားပြီး သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို အသုံးပြုလိုက်တော့သည်။ သူ၏ ပုံရိပ်မှာ တုန်ခါသွားပြီး မည်းနက်နေသော အလင်းတန်းများစွာမှာ မတူညီသော အရပ်မျက်နှာများမှ ကျင်းလော့မင်ထံသို့ အသံမထွက်ဘဲ တိုက်ခိုက်လာခဲ့သည်။

“တစ္ဆေရိပ် ရှစ်ချက် သတ်ဖြတ်ခြင်း...”

“ရှူး...”

မည်းနက်နေသော အလင်းတန်းများမှာ လေထဲတွင် နှစ်ဆမက တိုးပွားလာပြီး ရှစ်ခုအထိ ဖြစ်ပေါ်လာကာ တွန့်လိမ်ပြောင်းလဲလျက် ဆံဖြူသူအိုကြီးနှင့် ဆင်တူသော လူပုံသဏ္ဌာန်များအဖြစ် ပြောင်းလဲသွားချေပြီ။ ချက်ချင်းပင် တစ်ခုလုံးသော ကမ္ဘာမြေမှာ မိစ္ဆာများ ကခုန်နေသကဲ့သို့ တစ္ဆေရိပ်များဖြင့် ပြည့်နှက်သွားပြီး သတ်ဖြတ်လိုစိတ်များမှာ အရပ်မျက်နှာအနှံ့ ဖုံးလွှမ်းသွားတော့သည်။

“မင်းလည်း ငါ့ရဲ့ တိုက်ကွက်ကို ခုခံကြည့်လိုက်စမ်း... ရွှေရောင်လှိုင်းလုံး ဖျက်ဆီးခြင်း...”

ကျင်းလော့မင်မှာမူ အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိဘဲ ညာဘက်လက်ဝါးကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းများမှာ တောက်ပလှသော လှိုင်းလုံးကြီးများအလား တိုးဝင်လာခဲ့သည်။ ဧရာမ ရွှေရောင်လှိုင်းလုံးကြီးမှာ ပေဆယ်ဂဏန်းကျော် မြင့်မားလှပြီး တစ္ဆေရိပ် ရှစ်ခုစလုံးကို လွှမ်းခြုံသွားခဲ့ချေပြီ။

“ဘုန်း... ဘုန်း... ဘုန်း...”

တစ္ဆေရိပ်များမှာ တစ်ခုပြီးတစ်ခု ချေမှုန်းခံလိုက်ရသဖြင့် ကောင်းကင်ယံတွင် လေပြင်းများ တိုက်ခတ်လာပြီး မည်းနက်နေသော အက်ကြောင်းများမှာလည်း ပျံ့နှံ့သွားတော့သည်။ မိမိ၏ တိုက်ကွက်မှာ ခုခံခံလိုက်ရသည်ကို မြင်သော်လည်း ဆံဖြူသူအိုကြီး၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ရှိမနေဘဲ အကြံအောင်မြင်သွားသည့် ရက်စက်သော အပြုံးတစ်ခုသာ ပေါ်ထွက်လာခဲ့သည်။

သူ၏ ဤတိုက်ကွက်အစစ်မှာ 'တစ္ဆေရိပ် ဆယ်ချက်ဖြတ်ခြင်း' ဖြစ်ပြီး ပုံရိပ်ယောင် ဆယ်ခုအထိ ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်မဟုတ်ပါလော...။ တစ္ဆေရိပ် ရှစ်ချက် သတ်ဖြတ်ခြင်းဟု တမင် ပြောလိုက်ခြင်းမှာ ကျင်းလော့မင်ကို လှည့်စားရန်သာ ဖြစ်သည်။ သူ ထင်ထားသည့်အတိုင်းပင် ကျင်းလော့မင်သည် တကယ်ပင် လှည့်စားခံလိုက်ရချေပြီ။

“ရှူး...”

ကျန်ရှိနေသော တစ္ဆေရိပ် နှစ်ခုမှာ ကျင်းလော့မင်ကို ကျော်ဖြတ်ကာ မယုံကြည်နိုင်လောက်သော လမ်းကြောင်းများမှတစ်ဆင့် လော့ချန်တို့ နှစ်ဦးထံသို့ တိုက်ရိုက် ဦးတည်သွားခဲ့ပြီး ကောင်းကင်ယံကိုလည်း ထိတ်လန့်ဖွယ်ရာ မည်းနက်နေသော အက်ကြောင်းနှစ်ခုအဖြစ် စုတ်ဖြဲပစ်လိုက်တော့သည်။

“တောက်... ရွှေရောင်လက်ညှိုးချီ...”

ကျင်းလော့မင်သည် ထိတ်လန့်တုန်လှုပ်သွားရပြီး သူ၏ မုတ်ဆိတ်များမှာလည်း လေထဲတွင် တဖျပ်ဖျပ် လှုပ်ခါနေတော့သည်။ သူသည် ကိုယ်တွင်းရှိ ချီစွမ်းအင်များကို အတင်းအကျပ် လှုပ်ရှားလိုက်ပြီး ညာဘက်လက်ညှိုးပေါ်တွင် ရွှေရောင်ဝဲဂယက်တစ်ခုကို ဖြစ်ပေါ်စေလျက် ထိုပုံရိပ်နှစ်ခုထံသို့ လက်ညှိုးဖြင့် ထိုးလိုက်သည်။

“ဖူး...”

ကျင်းယွီရှီးသည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၁ သာ ရှိသေးသဖြင့် တစ္ဆေရိပ်၏ အရှိန်အဝါဖြင့် ဖိနှိပ်ခြင်း ခံလိုက်ရသည်နှင့်ပင် ခံနိုင်ရည်မရှိတော့ဘဲ မျက်နှာလေး ဖြူလျော့ကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

လော့ချန်သည်လည်း စိတ်ထဲမှ အလွန်ပင် ထိတ်လန့်သွားရသည်။ ရန်သူမှာ ထိပ်သီး မြေကမ္ဘာအဆင့် သန်မာသူတစ်ဦး ဖြစ်နေသည်မဟုတ်ပါလော...။ အကယ်၍ ဤတိုက်ကွက်သာ တိုက်ရိုက် ထိမှန်သွားလျှင် သို့မဟုတ် အနားသို့ ပွတ်တိုက်သွားလျှင်ပင် သူသည် အလောင်းပင် ကျန်မှာ မဟုတ်တော့ဘဲ သေချာပေါက် သေဆုံးရပေလိမ့်မည်။ ယခုအချိန်တွင် သူ၏ ကိုယ်ပေါ်၌ အသက်ကယ်ဝှက်ဖဲများလည်း ရှိမနေတော့ချေ။

“ပေါက်ကွဲစမ်း... ပေါက်ကွဲစမ်း... ပေါက်ကွဲစမ်း...”

လော့ချန်သည် အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ ကျင်းယွီရှီးကို ဆွဲကိုင်လျက် ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ်ကို အစွမ်းကုန် လှုပ်ရှားလိုက်ရာ ခြေထောက်အောက်တွင် ချီစွမ်းအင်များမှာ အဆက်မပြတ် ပေါက်ကွဲသွားတော့သည်။ သူတို့နှစ်ဦး၏ ပုံရိပ်မှာ ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းသွားသော အလင်းတန်းတစ်ခုအလား အနောက်သို့ လျင်မြန်စွာ လွင့်ထွက်သွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာထောင်ချီ ရောက်ရှိသွားခဲ့တော့သည်။ တစ်ချိန်တည်းမှာပင် ရွှေရောင်လက်ညှိုးပုံရိပ်မှာ မည်းနက်နေသော တစ္ဆေရိပ်ကို ထိမှန်သွားခဲ့သည်။

“ဘုန်း...”

ထိတ်လန့်ဖွယ်ကောင်းသော ချီစွမ်းအင် သုံးကြောင်းမှာ ပေါက်ကွဲပျက်စီးသွားပြီး ပြင်းထန်လှသော ချီလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားရာ တစ်ခုလုံးသော ကောင်းကင်ယံမှာ ရေလှိုင်းများအလား ဆူဝေလာပြီး လော့ချန်တို့ နှစ်ဦးကိုလည်း လွှမ်းခြုံသွားခဲ့သည်။

“ဘုန်း...”

ကာကွယ်ရေး ချီစွမ်းအင်များမှာ ပြင်းထန်စွာ တွန့်လိမ်သွားပြီး လော့ချန်သည် ထိုရိုက်ခတ်မှု အရှိန်ကြောင့် အရှိန်မှာ ပိုမို မြန်ဆန်လာကာ ကျင်းယွီရှီးနှင့်အတူ မိုင်ပေါင်းများစွာ ဝေးသော နေရာသို့ တစ်ဟုန်ထိုး ရောက်ရှိသွားတော့သည်။

“သွားကြမယ်...”

လော့ချန်သည် ခံတွင်းထဲမှ သွေးညှီနံ့များကို မျိုချလိုက်ပြီး မည်သည့်နေရာတွင်မျှ မရပ်တန့်တော့ဘဲ ကျင်းယွီရှီးကို ခေါ်ဆောင်၍ အဝေးသို့ အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ခွာလာခဲ့သည်။

ဆံဖြူသူအိုကြီး၏ နည်းလမ်းများမှာ အလွန်ပင် ထူးဆန်းလှပေသည်။ ကျင်းလော့မင်၏ အစွမ်းမှာ တစ်ဖက်လူထက် တစ်ဆင့် ပို၍ သန်မာသော်လည်း လော့ချန်၏ ဘေးကင်းမှုကိုမူ အပြည့်အဝ အာမမခံနိုင်သည်မှာ သိသာလှသည်။ ထို့ကြောင့် ဤနေရာတွင် ဆက်လက်နေရန်မှာ အမြော်အမြင်ရှိသော ရွေးချယ်မှု မဟုတ်သည်မှာ သေချာလှပေသည်။ လော့ချန်သည် နောက်သို့ လှည့်မကြည့်ဘဲ ထွက်ခွာလာခဲ့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ဆယ်ဂဏန်းခန့် ဝေးကွာသွားပြီး ခဏအကြာတွင်မူ အရိပ်အယောင်ပင် မကျန်တော့ချေ။

“တောက်... ခွေးသူတောင်းစား...”

လော့ချန် ထွက်ပြေးသွားသည်ကို မြင်လိုက်ရသည့်အခါ ဆံဖြူသူအိုကြီးမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရင်နေတော့သည်။ သူ၏ ဤတိုက်ကွက်မှာ သေသေချာချာ ကြံစည်ထားခြင်းဖြစ်ပြီး လော့ချန်တို့ နှစ်ဦးကို သေချာပေါက် သတ်နိုင်မည်ဟု သူက ယူဆထားခဲ့သည် မဟုတ်ပါလော...။ သို့သော်လည်း နောက်ဆုံးတွင်မူ ကျရှုံးသွားခဲ့ရချေပြီ။ တစ်ဖက်လူ၏ အရှိန်မှာ အဘယ်ကြောင့် ဤမျှအထိ မြန်နေရသနည်းဆိုသည်ကို သူ စဉ်းစား၍ မရနိုင်ချေ။ အရှိန်မြန်ခြင်းကို မဆိုထားနှင့် သူတို့ နှစ်ဦး တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော ရိုက်ခတ်မှုကိုပင် လော့ချန်က အတင်းအကျပ် ခုခံသွားနိုင်သည်မှာ ထူးဆန်းလှသည်။ ထိုသူက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်သာ ရှိသေးသည် မဟုတ်ပါလော။

“ဝှစ်...”

ဆံဖြူသူအိုကြီးသည် လိုက်လံတိုက်ခိုက်ရန် ပြင်လိုက်သည်။

“အဘိုးကြီး... မင်းက ငါ့ကို လှည့်စားရဲတယ်ပေါ့လေ... ဒီနေ့တော့ မင်း လွတ်ဖို့ စိတ်မကူးနဲ့တော့...”

ကျင်းလော့မင်သည် ဒေါသအလွန်ထွက်နေသလို စိတ်ထဲတွင်လည်း စိုးရိမ်ထိတ်လန့်နေမိသည်။ အကယ်၍ ယခုတင်က ထိုသူသာ အောင်မြင်သွားပြီး လော့ချန်နှင့် ကျင်းယွီရှီးတို့ သူ၏ ရှေ့မှောက်တွင် သေဆုံးသွားခဲ့လျှင် သူသည် ကျင်းထျန်တူကို မည်သို့ ရှင်းပြရပါမည်နည်း။ ထို့ပြင် သူ၏ ဂုဏ်သိက္ခာမှာလည်း မြောင်းထဲ ရောက်သွားပေလိမ့်မည်။

၎င်းကို တွေးမိသည့်အခါ ကျင်းလော့မင်သည် အော်ဟစ်လိုက်ပြီး သူ၏ သိုင်းဝိညာဉ်ကို တိုက်ရိုက် ထုတ်ဖော်လျက် တိုက်ပွဲစွမ်းရည်ကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။ သူသည် ထိုနေရာတွင် ရပ်နေသော်လည်း ရွှေရောင်အလင်းတန်းများမှာ ဟုန်းဟုန်းတောက် ဆူဝေနေကာ နတ်ဘုရားတစ်ပါးအလား ရှိနေသဖြင့် မည်သူမျှ စိုက်မကြည့်ရဲအောင် ဖြစ်နေတော့သည်။

“ရွှေရောင်လှိုင်းလုံး ကောင်းကင်ဖောက်ထွင်းခြင်း...”

ကျင်းလော့မင်သည် သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို တိုက်ရိုက် ထုတ်သုံးလိုက်လေသည်။ ထည်ဝါလှသော ရွှေရောင်အလင်းတန်းမှာ ဧရာမ ရွှေနဂါးကြီးတစ်ကောင်အလား ဆံဖြူသူအိုကြီးထံသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။ ထိုထိတ်လန့်ဖွယ်ကောင်းသော ဖောက်ထွင်းအားကြောင့် ကောင်းကင်ယံတွင်လည်း ပေါက်ကွဲမှု အမှတ်အသားများစွာ ဖြစ်ပေါ်လာခဲ့သည်။ ဆံဖြူသူအိုကြီးသည် ဤတိုက်ကွက်မှာ ကြောက်စရာကောင်းလှကြောင်း သိရှိသဖြင့် ထိပ်တိုက် ရင်မဆိုင်ဝံ့ဘဲ သူ၏ ပုံရိပ်မှာ မည်းနက်နေသော မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး ဘေးဘက်သို့ ထူးဆန်းစွာ ရှောင်ကွယ်လိုက်သည်။

“ဘုန်း...”

ရွှေရောင်အလင်းတိုင် ကျဆင်းသွားသည့်အခါ အောက်ခြေရှိ တောင်ထိပ်များမှာ တစ်ခဏချင်းတွင် ဖောက်ထွင်းခံလိုက်ရပြီး အက်ကြောင်းမှာ ပေရာနှင့်ချီ၍ နက်ရှိုင်းလှသဖြင့် ကမ္ဘာမြေပေါ်တွင် ချောက်ကမ်းပါးငယ်တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ အောက်ခြေရှိ ထိတ်လန့်ဖွယ်ရာ အက်ကြောင်းကြီးကို ကြည့်ရင်း ဆံဖြူသူအိုကြီးမှာ မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ဖက်လူ၏ အစွမ်းမှာ သူ့ထက် တစ်ဆင့် ပို၍ သန်မာနေသဖြင့် တိုတောင်းလှသော အချိန်အတွင်း ရှောင်ထွက်သွားရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။

“တခြားဟာတွေ စဉ်းစားမနေနဲ့တော့... ဒီနေ့တော့ မင်း ဘယ်ကိုမှ သွားလို့ မရစေရဘူး...”

ကျင်းလော့မင်သည် တစ်လှမ်းချင်း ဆင်းသက်လာခဲ့ပြီး ဆံဖြူသူအိုကြီးကို အထက်စီးမှ ငုံ့ကြည့်ကာ ဆိုလိုက်သည်။

“ငါတို့ အခုပဲ အားလုံးကို အဆုံးသတ်ကြရအောင်...”

ဆံဖြူသူအိုကြီးသည် မျက်ခုံးတစ်ချက် တွန့်သွားသော်လည်း ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားသည်။ ယခုတစ်ခေါက်တွင် လော့ချန်ကို လိုက်လံလုပ်ကြံရန် လာသူမှာ သူတစ်ယောက်တည်း မဟုတ်သည်မှာ သေချာလှသည်မဟုတ်ပါလော...။ မူချင်းလျန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူဖြစ်သလို တာချီမင်းဆက် ကျိလော့ဂိုဏ်းမှ တပည့်တစ်ဦးလည်း ဖြစ်ရာ သူမတွင် ထူးဆန်းသော နည်းလမ်းများစွာ ရှိနေပေလိမ့်မည်။ လော့ချန်ကဲ့သို့သော သူတစ်ဦးကို သတ်ရန်မှာမူ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။ ထို့အပြင် လော့ချန်သည် ခုနက တိုက်ပွဲ၏ ရိုက်ခတ်မှုကြောင့် ဒဏ်ရာရထားသည်မှာ သေချာလှသဖြင့် မူချင်းလျန်၏ လက်ထဲတွင် သေဆုံးရမည်မှာ သတ်မှတ်ပြီးသား ကိစ္စပင် ဖြစ်သည်။ ၎င်းကို တွေးမိသည့်အခါ ဆံဖြူသူအိုကြီးသည် ရက်စက်စွာ ရယ်မောလိုက်ပြီး ဆိုသည်။

“ဟင်းဟင်း... စကားလုံးတွေကတော့ အတော်ကို ရဲတင်းနေတာပဲ... ဒီနေ့တော့ မင်း ငါ့ကို ဒီမှာ သတ်နိုင်မလား ကြည့်ရသေးတာပေါ့... နှမြောစရာပဲ... မင်းကတော့ စိတ်ပျက်ရမှာ သေချာတယ်... မင်း ကာကွယ်ပေးချင်နေတဲ့ အဲဒီကောင်ကတော့ ဒီနေ့ သေချာပေါက် သေရမှာပဲ...”

“စကားတွေ အများကြီး ပြောမနေနဲ့တော့... လက်တွေ့ပဲ တိုက်ကြရအောင်...”

ကျင်းလော့မင်၏ အသံမှာ နွေဦးပေါက်ချိန်တွင် ပန်းများ ပွင့်လန်းလာသကဲ့သို့ တည်ငြိမ်လှသော်လည်း ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် ဟင်းလင်းပြင်မှာ တုန်ခါသွားရသည်။

“ဘုန်း...”

မျက်စိတစ်မှိတ်အတွင်းမှာတင် မြေကမ္ဘာအဆင့် သန်မာသူ နှစ်ဦး၏ တိုက်ပွဲမှာ အပြည့်အဝ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ နှစ်ဦးစလုံးမှာ ရန်သူကို အဆုံးသတ်ရန် ပြင်ဆင်ထားကြသဖြင့် အစွမ်းကုန် ထုတ်သုံးနေကြရာ တစ်ခုလုံးသော ဟင်းလင်းပြင်မှာ ယိမ်းထိုးနေပြီး တောင်ထိပ်များမှာလည်း တစ်ခုပြီးတစ်ခု မှုန့်မှုန့်ညက်ညက် ကြေမွသွားရတော့သည်။ မြေကမ္ဘာအဆင့် သန်မာသူများ၏ အရှိန်အဝါနှင့် ဖျက်ဆီးအားမှာလည်း အထင်အရှားပင် ရှိနေတော့သည်။

အခန်း ၅၃၅ ပြီးပါပြီ။

အခန်း ၅၃၆ - မိစ္ဆာမ မူချင်းလျန်...

“ရှူး...”

တိမ်ပင်လယ်အထက်တွင် ပုံရိပ်နှစ်ခုသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ ပျံသန်းနေပြီး အနောက်တွင် ဝေဝါးနေသော ပုံရိပ်ယောင်များစွာ ကျန်ရစ်ခဲ့သည်။

လော့ချန်သည် ကျင်းယွီရှီးကို ခေါ်ဆောင်၍ မြူခိုးရိပ်ခြေလှမ်းကို အစွမ်းကုန် လှုပ်ရှားလျက် အရှိန်မြှင့် ထွက်ပြေးနေခြင်း ဖြစ်သည်။ ထိုဆံဖြူသူအိုကြီး၏ နည်းလမ်းများမှာ နက်နဲဆန်းကြယ်လှသဖြင့် ကျင်းလော့မင်အနေဖြင့် တစ်ဖက်လူကို တားဆီးနိုင်မည်မှာ မသေချာလှပေ။ ထို့ကြောင့် ဤနေရာမှ တတ်နိုင်သမျှ ဝေးဝေးသို့ ပြေးခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။

“လော့ချန်... မင်း ဘာမှ မဖြစ်ဘူး မဟုတ်လား...”

လော့ချန်၏ မျက်နှာမှာ အလွန်ဖြူလျော့နေသည်ကို မြင်ရသည့်အခါ ကျင်းယွီရှီးသည် ယခင်က သူ ပြင်းထန်စွာ ဒဏ်ရာရသွားသည်ဟု ထင်မှတ်သဖြင့် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ လော့ချန်က ခေါင်းခါယမ်းလိုက်ပြီး နှစ်သိမ့်လိုက်၏။

“ဒဏ်ရာအနည်းငယ်ပဲ ရှိတာပါ... နဝမမင်းသမီး စိတ်မပူပါနဲ့...”

စောစောက ရိုက်ခတ်မှုကြောင့် လော့ချန်မှာ ကိုယ်တွင်းဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သူတို့သည် တိုက်ပွဲ၏ ဗဟိုချက်နှင့် မီတာထောင်ချီ ဝေးကွာသော နေရာတွင် ရှိနေသောကြောင့်သာ ကံကောင်းသွားခြင်းပင်။ မဟုတ်ပါက ဒဏ်ရာအနည်းငယ်ရရုံနှင့် မည်သို့မျှ ပြီးဆုံးမည်မဟုတ်ပေ။

“တောင်းပန်ပါတယ်...”

ကျင်းယွီရှီး၏ မျက်ဝန်းအစုံမှာ ရုတ်တရက် မှိုင်းညှို့သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ ကျင်းမင်သည် သူမ၏ အဋ္ဌမနောင်တော် ဖြစ်နေသဖြင့် ဤကိစ္စအားလုံးမှာ သူမတို့ တာယွဲ့မင်းဆက် နန်းတွင်းနှင့် ပတ်သက်နေသည် မဟုတ်ပါလော။

“ဒါက ငါနဲ့ ကျင်းမင်ကြားက ရန်ငြိုးပါ... မင်းနဲ့ မဆိုင်ပါဘူး...”

လော့ချန်က ခေါင်းခါယမ်းလိုက်ပြီး သူ၏ အကြည့်မှာ တည်ငြိမ်သွားကာ ဆက်ပြောသည်။

“ဒါပေမဲ့... နောင်တစ်ချိန် ငါ ကျင်းမင်ကို သတ်မယ့်အခါကျရင်တော့ မင်း မတားဖို့ မျှော်လင့်တယ်...”

“...”

ကျင်းယွီရှီးသည် ပါးစပ်ကို ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောဖြစ်ခဲ့ပေ။ အကယ်၍ ယခင်ကသာဆိုလျှင် သူမသည် လော့ချန်အား လက်ညှာရန် တောင်းဆိုမိပေလိမ့်မည်။ သို့သော်လည်း ကျင်းမင်သည် လော့ချန်ကို သတ်ရန်အတွက် သူမ၏ အသက်ကိုပင် အရေးမထားဘဲ ပစ်ပယ်ခဲ့သည် မဟုတ်ပါလော။ ဤအမှန်တရားက ကျင်းယွီရှီးအား ကြီးမားသော ရိုက်ခတ်မှုတစ်ခု ဖြစ်စေခဲ့ပြီး နန်းတွင်းမိသားစုများ၏ ရက်စက်မှုကို ပထမဆုံးအကြိမ် သိမြင်သွားခဲ့ပေသည်။

အာဏာလုပွဲများကြားတွင် မောင်နှမချင်း သံယောဇဉ်မှာ ဘာမှ မဟုတ်တော့သည်တဲ့လား...။

ထို့နောက်တွင်မူ နှစ်ဦးသား စကားတစ်ခွန်းမျှ မပြောဖြစ်တော့ပေ။ မိုင်ပေါင်း ရာနှင့်ချီ ခရီးနှင်ပြီးနောက် လော့ချန်သည် အေးအေးဆေးဆေး နားယူရန် အဆင်ပြေမည့် နေရာတစ်ခုကို ရှာဖွေရန် ပြင်လိုက်စဉ် စိတ်ထဲမှ အာရုံတစ်ခု ရရှိလိုက်သဖြင့် မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။ ထိုစဉ်မှာပင် ချိုသာလှသော ရယ်မောသံတစ်ခု ဝေးရာမှ ပျံ့လွင့်လာသည်။ ၎င်းမှာ ပုလဲလုံးလေးများ ကျောက်ပြားပေါ်သို့ ကျဆင်းလာသကဲ့သို့ ကြည်လင်သာယာလှသော်လည်း အလွန်ပင် ဆွဲဆောင်မှု ရှိနေ၏။

“သခင်လေးလော့ချန်... မင်းက အစ်မကို တော်တော်လေး လိုက်ခဲ့ရအောင် လုပ်တာပဲနော်...”

ပါးလွှာသော လရောင်အောက်တွင် အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် လေထဲတွင် လမ်းလျှောက်လာသကဲ့သို့ ရောက်ရှိလာသည်။ သူမ၏ အရပ်မှာ ရှည်လျားပြီး အပြာရောင်ဝတ်စုံမှာ လေထဲတွင် ဝေ့ဝဲနေကာ ကိုယ်ဟန်အလှမှာလည်း သိသာထင်ရှားလှသဖြင့် အလွန်ပင် ဆွဲဆောင်မှု ရှိနေသည်။ သူမ၏ ခြေထောက်အောက်တွင် အပြာရောင် အလင်းတန်းများ ဝင်းလက်နေပြီး အေးအေးဆေးဆေး လာနေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ အရှိန်မှာ အလွန်မြန်ဆန်လှသဖြင့် လော့ချန်တို့နှင့် အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာလေသည်။

“မူချင်းလျန်... ကျိလော့ဂိုဏ်းက မိစ္ဆာမပဲ...”

ထိုအမျိုးသမီးကို မြင်လိုက်ရသည့်အခါ ကျင်းယွီရှီး၏ မျက်နှာမှာ ပြောင်းလဲသွားသည်။ တစ်ဖက်လူမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူဖြစ်သလို နာမည်ကျော် ကျိလော့ဂိုဏ်းမှ တပည့်တစ်ဦးလည်း ဖြစ်ရာ တိုက်ပွဲစွမ်းရည်မှာ မည်သို့မျှ ရိုးရှင်းမည်မဟုတ်ပေ။ လော့ချန်သည်လည်း စိတ်ထဲမှ ထိတ်လန့်သွားရသည်။ မူချင်းလျန် လိုက်လံလုပ်ကြံလိမ့်မည်ဟု သူ မထင်ထားခဲ့သဖြင့် အေးစက်စွာ ဆိုလိုက်သည်။

“မင်းက တကယ့်ကို တစ္ဆေတစ်ကောင်လို ခြောက်လှန့်နေတာပဲနော်...”

မူချင်းလျန်သည် အစိမ်းရောင်ဝတ်စုံဖြင့် ညလေညင်းထဲတွင် ကိုယ်ဟန်ကို လှုပ်ရှားနေပြီး လော့ချန်ကို နွေဦးရေပြင်အလား ကြည်လင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ပြုံးလျက် ဆိုသည်။

“သခင်လေးလော့ချန်... မင်း အဲဒီလို ပြောလိုက်တာက အစ်မရဲ့ စိတ်ကို နာကျင်စေတာပဲ... အစ်မက မင်းအတွက်နဲ့ ကျင်းမင်ကို ကျေးဇူးအကြီးကြီး တင်သွားရတာလေ...”

လော့ချန်သည် မည်သို့ ထွက်ပြေးရမည်နည်းဟု စဉ်းစားလိုက်သည်။ သို့သော်လည်း မူချင်းလျန်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူဖြစ်ရာ သူသည် သူ၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးလျှင်ပင် အစွမ်းချင်း ကွာခြားချက်မှာ အဆင့်တစ်ဆင့်၊ နှစ်ဆင့်မက ရှိနေသေးသည်။ ထို့အပြင် ယခုအခါ သူက ဒဏ်ရာရထားသည် မဟုတ်ပါလော...။ ယခုအချိန်တွင် ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ ကောင်းသောရွေးချယ်မှု မဟုတ်သဖြင့် လော့ချန်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး ဆိုသည်။

“ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး မဟုတ်လား... မင်း ဒီလောက်အထိ အပင်ပန်းခံပြီး လိုက်လာတာ ဘာကို လိုချင်လို့လဲ...”

ကျင်းယွီရှီးကလည်း ဝင်ပြောသည်။

“တကယ်လို့ မင်းက ကြွယ်ဝမှုတွေကို လိုချင်တာဆိုရင် ငါ ပေးနိုင်တယ်...”

“ဟင်းဟင်း... အစ်မက အဲဒီလို အသုံးမဝင်တဲ့ အရာတွေအတွက် လာတာ မဟုတ်ပါဘူး...”

မူချင်းလျန်သည် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး သူမ၏ နီရဲနေသော နှုတ်ခမ်းလွှာကို သပ်လိုက်သည်။

“ငါ ဒီတစ်ခါ လာတာက မင်းအတွက်ပဲ... မပြေးပါနဲ့တော့... အစ်မနောက်ကို လိုက်ခဲ့စမ်းပါ... စိတ်ချပါ... ငါ မင်းကို နာကျင်အောင် မလုပ်ရုံတင်မကဘဲ တစ်သက်လုံး မမေ့နိုင်မယ့် အတွေ့အကြုံမျိုးကို ပေးမှာပါ... ဒီလောကရဲ့ အမြင့်ဆုံး သာယာမှုတွေကို ခံစားစေရမယ်လေ...”

မူချင်းလျန်သည် ချိုသာစွာ ရယ်မောလိုက်ပြီး သူမ၏ အသံမှာ လူ၏ အသိစိတ်ကို မိန်းမောသွားစေနိုင်ကာ အတွင်းစိတ်ထဲမှ ရမ္မက်ဆန္ဒများကို လှုံ့ဆော်နေတော့သည်။ ထိုစကားကို ကြားရသည့်အခါ ကျင်းယွီရှီး၏ မျက်နှာမှာ နီမြန်းသွားပြီး အသိစိတ်များပင် ဝေဝါးလာသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မိစ္ဆာမ...”

လော့ချန်၏ အကြည့်မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် ကျင်းယွီရှီးကို ဆွဲကိုင်လျက် မြူခိုးရိပ်ခြေလှမ်းကို အစွမ်းကုန် လှုပ်ရှားလိုက်ပြီး သူ၏ စကားသံကို လေထဲတွင် ချန်ထားရစ်ခဲ့သည်။

“ဒီနေ့ ငါ့မှာ အချိန်မရှိဘူး... နောင်တစ်ချိန်ကျမှ ငါကိုယ်တိုင် လာပြီး တွေ့ပါ့မယ်... ဘယ်လိုလဲ...”

မူချင်းလျန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ လော့ချန်၏ တုံ့ပြန်မှုက သူမ ထင်ထားသည်ထက် များစွာ သာလွန်နေသည်မဟုတ်ပါလော...။ ယခင်က သူမ၏ မြှူဆွယ်မှုအောက်တွင် ပါရမီရှင် လူငယ်များမှာ မည်သို့မျှ မခုခံနိုင်ဘဲ သူမ၏ ခြေဖဝါးအောက်တွင် ဝပ်စင်းခဲ့ကြသည်ချည်းသာ ဖြစ်သည်။ လော့ချန်ကဲ့သို့သော သူတစ်ဦးထံမှ ပထမဆုံးအကြိမ် ငြင်းပယ်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။

အကယ်၍ လော့ချန်သည် နာမည်ကျော် ပါရမီရှင်တစ်ဦး ဖြစ်လျှင် တော်ဦးမည်။ ယခုမူ လူတိုင်းက အထင်သေးနေကြသော အသုံးမကျသည့် သိုင်းဝိညာဉ်ပိုင်ရှင် တစ်ဦး ဖြစ်နေသည်မဟုတ်ပါလော...။ ၎င်းက မူချင်းလျန်ကို ပိုမို စိတ်ဝင်စားသွားစေပြီး ပို၍ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်မိသည်။

“ဟင်းဟင်း... ချိန်းထားတဲ့ နေ့ထက်စာရင် ဒီနေ့က ပိုပြီးတော့ ကောင်းပါတယ်... သခင်လေးလော့ချန်... ဒီနေ့ အစ်မက မင်းကို သေသေချာချာ ပြုစုပေးချင်လို့ပါ...”

နတ်မိမယ်တစ်ပါးအလား သာယာလှသော ရယ်မောသံ ထွက်ပေါ်လာပြီး ထိုအသံမှာ လေထဲတွင် ပျော်ဝင်သွားကာ လော့ချန်၏ ပတ်ဝန်းကျင်တွင် သင်းပျံ့လှသော ရနံ့များ ထွက်ပေါ်လာပြီး နူးညံ့လှသော လက်ဝါးလေးများက သူ၏ ကိုယ်ပေါ်တွင် ပွတ်သပ်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် စိတ်ထဲမှ ထိတ်လန့်သွားရသည်မှာ ဤသည်မှာ ကျိလော့ဂိုဏ်း၏ မြှူဆွယ်မှု အတတ်ပညာပင် ဖြစ်သည်။ သူသည် ချက်ချင်းပင် စိတ်အသိကို တင်းတင်းစောင့်စည်းလိုက်ပြီး ဓားစိတ်ဆန္ဒကို အသုံးပြုလျက် ထိုထူးဆန်းသော ခံစားချက်များကို အမြစ်ပြတ် ဖြတ်တောက်လိုက်တော့သည်။

သို့သော်လည်း ကျင်းယွီရှီးမှာမူ ကျင့်ကြံဆင့် နိမ့်ပါးနေသဖြင့် ဤမျှလောက်သော စိတ်အာရုံကို မခုခံနိုင်ဘဲ သူမ၏ မျက်ဝန်းများမှာ ဝေဝါးလာကာ လော့ချန်၏ လက်ကို လွှတ်လိုက်မိသည်။

“မကောင်းတော့ဘူး...”

လော့ချန်သည် ချွေးစေးများ ထွက်လာပြီး ကျင်းယွီရှီး၏ နူးညံ့လှသော ခါးလေးကို အမြန်လှမ်းဖက်လိုက်ကာ အော်ဟစ်သတိပေးလိုက်သည်။

“သတိထား... နားကို ချီစွမ်းအင်နဲ့ ပိတ်ထားလိုက်စမ်း...”

ရုတ်တရက် ချိုသာလှသော ရယ်မောသံတစ်ခု ဘေးနားမှ ထွက်ပေါ်လာပြီး အကြံအောင်မြင်သွားသည့် အမူအရာလည်း ပါဝင်နေ၏။

“သခင်လေးလော့ချန်... ဒီမိန်းကလေးက မင်းကို အလိုမကျစေနိုင်ပါဘူး... အစ်မဆီကိုပဲ လာခဲ့စမ်းပါ...”

ဤခဏအတွင်းမှာပင် မူချင်းလျန်သည် သူတို့နှစ်ဦးနှင့် မီတာ ရာဂဏန်းအတွင်းသို့ ချဉ်းကပ်လာခဲ့ချေပြီ။ သူမ၏ ဝတ်စုံစများမှာ လေထဲတွင် ဝေ့ဝဲနေပြီး မျက်ဝန်းအစုံမှာလည်း လူ၏ ဝိညာဉ်ကို နှုတ်ယူတော့မည့်အလား ရှိနေသည်။ သူမသည် ရယ်မောလိုက်ပြီးနောက် ကိုယ်ပေါ်မှ ချီစွမ်းအင်များကို ပေါက်ကွဲစေလိုက်ရာ သူမ၏ လှပသော လက်ချောင်းလေးဖြင့် လော့ချန်ထံသို့ လှမ်း၍ ညွှန်လိုက်သည်။

“ဝူး...”

လေထုမှာ တွန့်လိမ်သွားပြီး သူမ၏ လက်ညှိုးထိပ်တွင် အပြာရောင် ကြာပန်းတစ်ပွင့် ပွင့်လန်းလာသည်။ ထိုကြာပန်းမှာ လေနှင့်ထိတွေ့ကာ ကြီးထွားလာပြီး လေထဲတွင်ပင် ပွင့်ချပ်များ ပြန့်ကားလာတော့သည်။ ပွင့်ချပ်တစ်ခုချင်းစီမှာ ပေဆယ်ဂဏန်းကျော် ကျယ်ဝန်းပြီး မိုးမြေလှောင်အိမ်တစ်ခုအဖြစ် ပြောင်းလဲလျက် ပြင်းထန်လှသော ချီလှိုင်းများနှင့်အတူ လော့ချန်တို့ နှစ်ဦးထံသို့ ဖိနှိပ်ကျဆင်းလာခဲ့သည်။ ထိုအထဲတွင် ဟင်းလင်းပြင်မှာပင် တန့်သွားသကဲ့သို့ ရှိနေချေပြီ။

“ဒီတိုက်ကွက်ထဲမှာ ပိတ်မိလို့ မဖြစ်ဘူး... မဟုတ်ရင်တော့ လွတ်ဖို့ မလွယ်တော့ဘူး...”

လော့ချန်၏ မျက်ဝန်းများမှာ ချက်ချင်းပင် အနှိုင်းမဲ့ ထက်မြက်သွားပြီး ညကောင်းကင်ယံကို လင်းထိန်သွားစေသော ဓားအလင်းတန်း နှစ်ကြောင်းအလား ရှိနေသည်။

“စစ်မှန်တဲ့နဂါးစွမ်းအားကျင့်စဉ်... ၇၀ ရာခိုင်နှုန်းသော သတ်ဖြတ်ခြင်း ဓားဆန္ဒ...”

နဂါးဟိန်းသံနှင့်အတူ လော့ချန်၏ ကိုယ်ပေါ်တွင် ကိုးရောင်ခြယ် အလင်းတန်းများ ဝင်းလက်လာပြီး ဝတ်စုံစများမှာလည်း လေထဲတွင် ဖောင်းကားလာတော့သည်။ သူ၏ ကိုယ်ပေါ်မှ ထက်မြက်လှသော ဓားပုံရိပ်တစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မိုးမြေကို တုန်ခါစေခဲ့ချေပြီ။ ယခုအချိန်တွင် လော့ချန်သည် သူ၏ ဝှက်ဖဲအားလုံးကို အစွမ်းကုန် ထုတ်သုံးလိုက်ခြင်းဖြစ်ပြီး အစွမ်းမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

“နတ်ဆိုးမုန်တိုင်း...”

လော့ချန်သည် အော်ဟစ်လိုက်ပြီး ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

“ဘုန်း...”

ဆူဝေနေသော လေထုမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့သည်။ နောက်တစ်ခဏတွင် တကယ့်ကို သိပ်သည်းလှသော ဓားစွမ်းအင်ဝဲဂယက်ကြီး တစ်ခု ပေါ်ထွက်လာပြီး တန့်နေသော လေထုကို စုတ်ဖြဲလျက် ကောင်းကင်ယံ၌ ဖြောင့်တန်းလှသော လေဟာနယ် အက်ကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအက်ကြောင်းမှာ ခဏချင်း ပျောက်ကွယ်မသွားချေ။

“ရှူး...”

ဧရာမ ကြာပန်းကြီးမှာ ဓားစွမ်းအင်၏ ဖောက်ထွင်းမှုကို ခံလိုက်ရပြီး ဓားစွမ်းအင်၏ အရှိန်မှာ မရပ်တန့်ဘဲ မူချင်းလျန်ထံသို့ ဆက်လက် တိုးဝင်သွားခဲ့သည်။

“ရွှပ်...”

မူချင်းလျန်၏ ဖြူဖွေးသော လက်ညှိုးလေးမှာ ဓားစွမ်းအင်ကြောင့် ရှပြတ်သွားပြီး သွေးစအချို့ လွင့်စင်သွားရာ သူမသည် အနောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွားရတော့သည်။ သူမ၏ မျက်ဝန်းအစုံတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေပြီး မိမိကိုယ်တိုင် ဒဏ်ရာရသွားသည်ကိုပင် မယုံနိုင်ဘဲ ရှိနေသည်။

“သွားကြမယ်...”

ကြာပန်းချီစွမ်းအင်ကို ချေမှုန်းပြီးနောက် လော့ချန်သည် အနည်းငယ်မျှ မရပ်တန့်တော့ဘဲ ကျင်းယွီရှီးကို ဖက်လျက် ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ်ကို တိုက်ရိုက် အသုံးပြုလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားသော မီးရှူးမီးပန်းတစ်ခုအလား မျက်စိတစ်မှိတ်အတွင်း အဝေးသို့ လွင့်ထွက်သွားတော့သည်။

မူချင်းလျန် သတိပြန်ဝင်လာပြီးနောက် သူမ၏ လက်ညှိုးပေါ်မှ သွေးစများကို လျက်လိုက်ရာ သူမ၏ နှုတ်ခမ်းလွှာမှာ ပိုမို နီမြန်းသွားပြီး ဆွဲဆောင်မှု ပိုရှိလာတော့သည်။ သူမသည် လော့ချန် ထွက်ပြေးသွားသော ပုံရိပ်ကို ကြည့်ကာ မျက်ဝန်းများ ဝင်းလက်လျက် တိတ်တဆိတ် ရေရွတ်လိုက်၏။

“ဒါဟာ... ၇၀ ရာခိုင်နှုန်းသော ဓားဆန္ဒပဲ...”

“ဓားဆန္ဒထဲမှာ သတ်ဖြတ်ခြင်း အငွေ့အသက်တွေတောင် ပါနေတယ်ဆိုတော့... ဒါဟာ အဆင့်မြင့်သန်မာသူတွေတောင် ရောက်ဖို့ခက်တဲ့ နယ်ပယ်ပဲလေ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ ဓားသမားတစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ ဒီလိုအစွမ်းမျိုး ရှိနေသတဲ့လား...”

“ဟင်းဟင်း... ကောင်လေး... မင်းက ငါ့ကို ပိုပြီးတော့တောင် စိတ်ဝင်စားလာအောင် လုပ်နေတာပဲ...”

မူချင်းလျန်သည် တောက်ပစွာ ပြုံးလိုက်ပြီး သူမ၏ ဝတ်စုံစများမှာ လေထဲတွင် လှုပ်ခါလျက် လော့ချန်၏ အနောက်သို့ ထပ်ကြပ်မကွာ လိုက်လံ တိုက်ခိုက်တော့သည်။

အခန်း ၅၃၆ ပြီးပါပြီ။

အခန်း ၅၃၇ - ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ၊ အသက်လုပြီး တိုက်ရတော့မယ်...

“ဝှစ်...”

မူချင်းလျန်၏ အသားအရေမှာ ကြည်လင်ဝင်းပနေပြီး ကိုယ်ပေါ်တွင် အပြာရောင်အလင်းတန်းများ ဝင်းလက်နေသည်။ သူမ၏ ခြေထောက်အောက်တွင် ပြတ်တောက်နေသော အပြာရောင် သက်တံနှစ်စကို နင်းထားသကဲ့သို့ ရှိနေပြီး မည်သည့် ကိုယ်ဟန်ခြေလှမ်းမျိုး ဖြစ်သည် မသိရသော်လည်း အလွန်ပင် လှပကျော့ရှင်းလှပေသည်။ သို့သော်လည်း အရှိန်မှာမူ အလွန်ပင် မြန်ဆန်လှသဖြင့် လော့ချန်တို့ နှစ်ဦးနှင့် အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

“ကောင်လေး... အစ်မနောက်ကို အေးအေးဆေးဆေး လိုက်ခဲ့တာ မကောင်းဘူးလား... ဘာလို့ ဒီလောက်အထိ ရုန်းကန်နေရတာလဲ...”

မူချင်းလျန်သည် အပြာရောင်သက်တံကို နင်းလျက် ချိုသာစွာ ရယ်မောလိုက်သည်။

“မင်း ငါ့လက်ထဲကနေ မလွတ်နိုင်ဘူးဆိုတာ မင်းကိုယ်တိုင်လည်း သိမှာပါ...”

လော့ချန်သည် ကျင်းယွီရှီးကို ခေါ်ဆောင်လျက် နောက်သို့ လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။

“မင်းတို့ ကျိလော့ဂိုဏ်းရဲ့ ကျင့်စဉ်တွေက တစ်ဖက်လူရဲ့ ကျင့်ကြံဆင့်နဲ့ ပါရမီအပေါ်မှာ မူတည်တာ မဟုတ်လား... ကျင်းမင်က တာယွဲ့မင်းဆက်ရဲ့ မင်းသားဖြစ်သလို သွေးကြောနိုးကြားမှုနယ်ပယ် အထွတ်အထိပ် သန်မာသူတစ်ယောက်ပဲလေ... မင်း သူ့ကို သွားပြီး မနှောင့်ယှက်ဘဲ ငါ့နောက်ကို ဘာလို့ လိုက်နေတာလဲ... ငါက အဆင့် ၆ ပဲ ရှိသေးတာဆိုတော့ တကယ်လို့ မင်း ငါ့ကို ဘယ်လိုပဲ လုပ်လုပ် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး...”

“မင်းက ငယ်ငယ်လေးနဲ့ အတော်များများ သိထားတာပဲနော်...”

မူချင်းလျန်က ချိုသာစွာ ရယ်မောလိုက်ရာ သူမ၏ လှပသော မျက်နှာတွင် ဆွဲဆောင်မှုရှိသော အပြုံးများ ပေါ်ထွက်လာတော့သည်။

“မင်းက ဒီလောက်အထိ ချောမောနေမှတော့ အစ်မက ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ...”

“ဝူး...”

စကားပြောနေစဉ်မှာပင် မူချင်းလျန်သည် သူမ၏ သိုင်းဝိညာဉ်ကို ရုတ်တရက် ထုတ်ဖော်လိုက်ရာ ကြယ်ရှစ်လုံး ပါဝင်သော အပြာရောင် ကြာပန်းတစ်ပွင့် ဟင်းလင်းပြင်၌ ပေါ်ထွက်လာသည်။ သိုင်းဝိညာဉ်၏ အရှိန်အဝါကြောင့် မူချင်းလျန်၏ အရှိန်မှာ ရုတ်တရက် မြန်ဆန်လာပြီး အကွာအဝေးမှာလည်း မီတာ နှစ်ရာ၊ သုံးရာခန့်သာ ကျန်တော့သဖြင့် လော့ချန်ကို တားဆီးရန် ပြင်လိုက်သည်။

ထိုစဉ်...

“ပေါက်ကွဲစမ်း...”

လော့ချန်၏ ခြေထောက်အောက်တွင် လေဝဲနှစ်ခု ဖြစ်ပေါ်လာပြီး ရုတ်တရက် ပေါက်ကွဲသွားရာ ကျင်းယွီရှီးကို ခေါ်ဆောင်လျက် မြားတစ်စင်းအလား ပြေးထွက်သွားသဖြင့် မျက်စိတစ်မှိတ်အတွင်း မီတာထောင်ချီ ရောက်ရှိသွားတော့သည်။

“တကယ့်ကို မြန်တဲ့အရှိန်ပဲ...”

မူချင်းလျန်မှာ အံ့အားသင့်သွားသော်လည်း ထိတ်လန့်ခြင်း မရှိပေ။ သူမသည် အပြာရောင်သက်တံကို နင်းလျက် လော့ချန်၏ အနောက်မှ ထပ်ကြပ်မကွာ လိုက်ရင်း ပြုံးလျက် ဆိုသည်။

“ကောင်လေး... အရှိန်မြှင့်တင်ပေးနိုင်တဲ့ ဒီလို လျှို့ဝှက်ကျင့်စဉ်မျိုးက တော်တော့်ကို ရှားတာပဲ... မင်းရဲ့ ကိုယ်ပေါ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာပဲနော်... အစ်မတောင် မင်းကို မသတ်ချင်တော့ဘူး...”

“ဒါဆိုရင်လည်း ပြန်သွားလိုက်ပါတော့... အခွင့်အရေးရရင် တာချီမင်းဆက်ကို ငါကိုယ်တိုင် လာခဲ့ပါ့မယ်... ပေါက်ကွဲစမ်း...”

တိုတောင်းလှသော အချိန်အတွင်း မူချင်းလျန်က ထပ်မံ ချဉ်းကပ်လာပြန်သဖြင့် လော့ချန်သည် ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ်ကို ထပ်မံ အသုံးပြု၍ အကွာအဝေးကို ခွာလိုက်ရပြန်သည်။

မူချင်းလျန်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ရယ်မောလျက် ဆိုလိုက်သည်။

“ကောင်လေး... ခေါင်းမမာပါနဲ့တော့... မင်းရဲ့ ဒီလျှို့ဝှက်ကျင့်စဉ်က အရှိန်ကို ခြောက်ဆယ်ရာခိုင်နှုန်းလောက်အထိ ချက်ချင်း မြှင့်ပေးနိုင်တာ တကယ်ပဲ အစွမ်းထက်ပါတယ်... ဒါပေမဲ့ ချီစွမ်းအင်တွေကို ဒီလောက်အထိ ပေါက်ကွဲနေတာဆိုတော့ မင်းရဲ့ ကျင့်ကြံဆင့်နဲ့ ဘယ်လောက်အထိများ ခံနိုင်ရည် ရှိမှာလဲ...”

“ဒီကိစ္စအတွက်တော့ မင်း စိုးရိမ်စရာ မလိုပါဘူး... ငါက တော်တော်လေး ခံနိုင်ရည် ရှိတယ်... တကယ်လို့ မင်းသာ မခံနိုင်မှာကို စိုးတာ...”

လော့ချန်က ပြန်လည် လှောင်ပြောင်လိုက်ပြီး ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ်ကို ထပ်မံ အသုံးပြုလိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

လေထု ပေါက်ကွဲသံများမှာ အဆက်မပြတ် ထွက်ပေါ်လာပြီး လော့ချန်သည် ကျင်းယွီရှီးကို ခေါ်ဆောင်၍ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသလို မူချင်းလျန်ကလည်း သူမ၏ ဝတ်စုံစများ ဝေ့ဝဲလျက် ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။

နှစ်ဦးသားမှာ တစ်ဦးက လိုက်၊ တစ်ဦးက ပြေးဖြင့် အလင်းတန်းတစ်ခုအလား ပျံသန်းနေကြရာ နာရီဝက်မပြည့်မီမှာပင် မိုင်ပေါင်း ထောင်ချီ ခရီးပေါက်လာကြ၏။

ယခုအချိန်တွင် မူချင်းလျန်၏ အကြည့်မှာ ယခင်ကကဲ့သို့ တည်ငြိမ်မှု မရှိတော့ဘဲ ထိတ်လန့်အံ့သြရိပ်များပင် ဖုံးလွှမ်းနေတော့သည်။ ချီစွမ်းအင်များကို ဤမျှအထိ ပြင်းထန်စွာ ပေါက်ကွဲစေခြင်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ သန်မာသူကို မဆိုထားနှင့်... အဆင့် ၉ သန်မာသူတစ်ဦးပင်လျှင် ခံနိုင်ရည်ရှိရန် ခက်ခဲလှပေသည်။ လော့ချန်သည် တစ်လမ်းလုံး ဤအတိုင်း ခံနိုင်ရည်ရှိနေသည်မှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာပင် ဖြစ်တော့သည်။

“မင်း ဘယ်လောက်အထိများ ထပ်ပြီး တောင့်ခံနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့...”

မူချင်းလျန်သည် ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို စိုက်ကြည့်နေသကဲ့သို့ ပြုံးလျက် ရေရွတ်လိုက်သည်။

လော့ချန်မှာမူ စိတ်ထဲမှ ဒေါသထွက်နေမိသည်။ သွေးကြောနိုးကြားမှုနယ်ပယ်သို့ ရောက်ရှိပြီးနောက်ပိုင်း သူ ဤမျှအထိ အရှက်ရခဲ့သည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

သူသည် ချီစွမ်းအင် ပြန်လည်ဖြည့်တင်းပေးသည့် ဆေးလုံးအချို့ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဤအတိုင်း ဆက်သွား၍ မဖြစ်ကြောင်း သူ သိရှိသဖြင့် မည်သို့ လွတ်မြောက်ရမည်နည်းဟု စဉ်းစားလိုက်သည်။ မူချင်းလျန်၏ ကိုယ်ဟန်ခြေလှမ်းမှာ အလွန်ပင် ကောင်းမွန်သဖြင့် သူမ၏ လက်ထဲမှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက် ရှိနေချေပြီ။

လော့ချန်သည် အဓိကတပည့် တံဆိပ်ပြားဖြင့် အကူအညီတောင်းရန် စဉ်းစားလိုက်သော်လည်း ယခုအခါ မင်းသားတန်းအဖွဲ့က ဂိုဏ်းအတွင်း၌ အာဏာကြီးမားနေသလို ယွမ်မန်လီမှာလည်း ဘယ်ရောက်နေမှန်း မသိရသေးပေ။ အကယ်၍ ရောက်လာသူမှာ မင်းသားတန်းအဖွဲ့မှ သန်မာသူများ ဖြစ်နေလျှင်မူ သူသည် ကိုယ့်သေတွင်းကိုယ် တူးလိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။

ထွက်ပြေး၍လည်း မလွတ်နိုင်၊ အကူအညီလည်း တောင်း၍ မရ...။

“တကယ်လို့ မတတ်သာရင်တော့... အသက်လုပြီး တိုက်ရတော့မှာပဲ...”

လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏ အကြည့်မှာလည်း တည်ငြိမ်သွားသည်။ သူ၏ ကိုယ်ပေါ်တွင် သွေးဝိညာဉ်ဂိုဏ်း၏ သွေးလောင်မြိုက်ဆေးလုံး ရှိနေသေးသည်။ ၎င်းကို သောက်သုံးလိုက်လျှင် အစွမ်းကို အဆပေါင်းများစွာ မြှင့်တင်နိုင်မည် ဖြစ်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးမှာမူ အလွန်ပင် ကြီးမားလှပေသည်။ လော့ချန်သည် မူချင်းလျန်၏ တကယ့်အစွမ်းကို မသိရသေးသဖြင့် အကယ်၍ သွေးလောင်ဆေးလုံးကို သောက်သုံးပြီးနောက် တစ်ဖက်လူကို အမြန်ဆုံး အနိုင်မယူနိုင်ပါက ဆေးအရှိန်ကုန်ဆုံးသွားသည်နှင့် သူသည် အသားတုံးတစ်ခုအလား စီရင်ခြင်းကို ခံရပေလိမ့်မည်။ အသက်အန္တရာယ် မစိုးရိမ်ရသရွေ့ လော့ချန် ဤမျှအထိ စွန့်စားရန် မလိုလားပေ။

ထိုစဉ် ကျင်းယွီရှီးက ရုတ်တရက် ဆိုလိုက်သည်။

“လော့ချန်... ငါ စောစောကပဲ အကူအညီတောင်းတဲ့ အချက်ပြမှုကို ပစ်လွှတ်လိုက်ပြီ... မိုင်တစ်ထောင်အတွင်းမှာ ရှိနေတဲ့ လော့ရှာဂိုဏ်း သန်မာသူတွေက သိရှိတာနဲ့ ချက်ချင်း ကူညီဖို့ လာကြလိမ့်မယ်...”

ထိုစကားကြောင့် လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။ ကျင်းယွီရှီးမှာ တာယွဲ့မင်းဆက်၏ နဝမမင်းသမီး ဖြစ်သဖြင့် သူမ ရရှိထားသော အထောက်အပံ့များမှာ သာမန် အတွင်းစည်းတပည့်များထက် သာလွန်မည်မှာ သေချာလှသည်။ ယခုအချိန်တွင် လော့ရှာဂိုဏ်း သန်မာသူများ ရောက်ရှိလာသည်အထိ အချိန်ဆွဲထားရန်သာ လိုအပ်တော့သည်။

မသိမသာနှင့် နောက်ထပ် နာရီဝက်ခန့် ကုန်ဆုံးသွားခဲ့ပြန်သည်။

နှစ်ဦးသားမှာ တစ်ဦးနှင့်တစ်ဦး မီတာထောင်ချီသော အကွာအဝေးကို အမြဲတမ်း ထိန်းထားနိုင်ခဲ့သည်။

တဖြည်းဖြည်းနှင့် မူချင်းလျန်၏ မျက်နှာပေါ်မှ အံ့သြရိပ်များမှာ ထိတ်လန့်တုန်လှုပ်မှုအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။ ဤမျှအထိ အစွမ်းကုန် ပျံသန်းနေရသဖြင့် သူမကိုယ်တိုင်ပင်လျှင် ချီစွမ်းအင်များ ပြန်လည်ဖြည့်တင်းပေးသည့် ဆေးလုံးများကို သောက်သုံးနေရသည်မဟုတ်ပါလော...။ အရှိန်အဟုန်ဖြင့် ခရီးနှင်ခြင်းမှာ ချီစွမ်းအင် သုံးစွဲမှု အလွန်ပင် များပြားလှပေသည်။ လော့ချန်မှာမူ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ သာ ရှိသေးသော်လည်း ချီစွမ်းအင် ပေါက်ကွဲစေသည့် လျှို့ဝှက်ကျင့်စဉ်ကို အဆက်မပြတ် အသုံးပြုလျက် ယခုထိ တောင့်ခံနိုင်နေသည်မှာ မည်သို့မျှ မရိုးရှင်းတော့ပေ။ ၎င်းမှာ ချီစွမ်းအင် သိပ်သည်းမှုပြဿနာသာ မဟုတ်တော့ဘဲ သဘာဝတရားကိုပင် ဆန့်ကျင်နေသကဲ့သို့ ရှိနေတော့သည်။

“ကောင်လေး... မင်းရဲ့ ကိုယ်ပေါ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာ ငါ တကယ်ပဲ သိချင်မိတယ်...”

မူချင်းလျန်သည် လော့ချန်ကို ကြည့်ကာ သူမ၏ အကြည့်မှာ ပိုမို ပြင်းထန်လာသည်။ လော့ချန်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ မိမိနောက်သို့ ဇွဲမလျှော့ဘဲ လိုက်ပါလာသော မူချင်းလျန်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၌ ချီစွမ်းအင်အိမ်တော် ကိုးခုရှိသဖြင့် ချီစွမ်းအင် သိပ်သည်းလှပြီး ပြန်လည်ပြည့်ဖြိုးမှုနှုန်းမှာလည်း ထိတ်လန့်စရာ ကောင်းလှသော်လည်း ၎င်းမှာလည်း ကုန်ဆုံးခြင်း မရှိသည်တော့ မဟုတ်ပေ။

ဤမျှကြာအောင် အစွမ်းကုန် ပြေးလွှားနေရသဖြင့် ရွှမ်ဖုန်းပေါက်ကွဲခြင်းကျင့်စဉ်၏ ရိုက်ခတ်မှုကြောင့် သူ၏ ချီစွမ်းအင်များမှာ စတင်၍ ဖရိုဖရဲ ဖြစ်လာသလို သွေးကြောများမှာလည်း အနည်းငယ် ထုံကျဉ်လာခဲ့ချေပြီ။ ၎င်းမှာ ချီစွမ်းအင်များကို ပြင်းထန်စွာ ပေါက်ကွဲစေခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ သန်မာလှသဖြင့်သာ တောင့်ခံနိုင်ခြင်း ဖြစ်ပြီး အကယ်၍ အခြားသော သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတစ်ဦးသာဆိုပါက သွေးကြောများ ပေါက်ထွက်ကာ ဒဏ်ရာပြင်းထန်သွားမှာ သေချာလှသည်။

“လော့ရှာဂိုဏ်းက သန်မာသူတွေ ဘာလို့ အခုထိ ပေါ်မလာသေးတာလဲ...”

လော့ချန်သည် စိတ်ထဲမှ အလွန်ပင် ပူပန်နေမိသည်။ ဤအတိုင်းသာ ဆက်သွားလျှင်မူ သူ ကြာကြာ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။ လော့ချန်သည် သူ၏ အားနည်းချက်ကို တစ်ဖက်လူ မမြင်အောင် အစွမ်းကုန် ထိန်းချုပ်ထားသော်လည်း မူချင်းလျန်မှာမူ သူ၏ အရှိန် နှေးကွေးသွားသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် အခြေအနေကို ရိပ်မိသွားပြီး ပြုံးလျက် ဆိုသည်။

“ဟင်းဟင်း... ကောင်လေး... အစ်မ ပြောပြီးပြီပဲ... မင်း ငါ့လက်ထဲကနေ မလွတ်နိုင်ပါဘူးလို့...”

“ဝှစ်...”

မူချင်းလျန်၏ အရှိန်မှာ ရုတ်တရက် မြန်ဆန်လာပြီး မီတာ နှစ်ရာ၊ သုံးရာခန့်အထိ ချဉ်းကပ်လာကာ လက်ညှိုးဖြင့် လှမ်း၍ ညွှန်လိုက်သည်။

“ရှူး... ရှူး... ရှူး... ရှူး...”

အပြာရောင် ချီစွမ်းအင် သုံးကြောင်းမှာ လေထုကို ဖြတ်တောက်ကာ လော့ချန်ထံသို့ လျင်မြန်စွာ ပြေးထွက်သွားသည်။

“ဖြတ်တောက်စမ်း...”

လော့ချန်သည် ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ တောက်ပလှသော ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း ချီစွမ်းအင်များမှာ ဖရိုဖရဲ ဖြစ်နေသဖြင့် သူ၏ ဓားကွက် အစွမ်းမှာလည်း ထိခိုက်မှု ရှိနေရာ လက်ညှိုးချီ နှစ်ကြောင်းကိုသာ ချေမှုန်းနိုင်ခဲ့ပြီး ကျန်ရှိနေသော တစ်ကြောင်းမှာမူ သူ၏ ကိုယ်ပေါ်သို့ ရိုက်ခတ်သွားတော့သည်။

“ဘုန်း...”

လော့ချန်သည် ကျင်းယွီရှီးကို ဖက်လျက် ကိုယ်ဟန်မှာ ယိမ်းထိုးသွားပြီး လေထဲတွင် အနောက်သို့ လွင့်ထွက်သွားကာ သူ၏ နှုတ်ခမ်းထောင့်တွင်လည်း သွေးစအချို့ ထွက်ပေါ်လာခဲ့သည်။ ကျင်းယွီရှီးမှာ ထိတ်လန့်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့လျက် ဆိုသည်။

“လော့ချန်... မင်း အမြန်ပြေးတော့... ငါ့ကို ထားခဲ့လိုက်ပါ...”

လော့ချန်ကမူ ဘာမှ မပြောဘဲ သူ၏ အကြည့်မှာ ပိုမို တည်ငြိမ်သွားကာ ကျင်းယွီရှီးကို ခေါ်ဆောင်လျက် ဆက်လက် ပျံသန်းထွက်ခွာလာခဲ့သည်။ ထိုဆံပင်ဖြူအဘိုးအိုပင် ကျင်းယွီရှီးကို သတ်ရန် ဝန်မလေးသည်ဖြစ်ရာ မူချင်းလျန်မှာလည်း ကင်းလွတ်ခွင့် ပေးမည်မဟုတ်သည်မှာ သေချာလှသည်။ တစ်ယောက်တည်း ထွက်ပြေးခြင်းမှာ လော့ချန်၏ စရိုက်မဟုတ်ပေ။ ထို့ပြင် သူသည်လည်း လုံးဝ အခြေအနေ မဆိုးသေးသည် မဟုတ်ပါလော...။

“ဟင်းဟင်း... တကယ့်ကို သံယောဇဉ်ကြီးတာပဲ... ကောင်လေး... မင်း ဘယ်ကို ထပ်ပြေးချင်သေးတာလဲ...”

မူချင်းလျန်သည် ဆွဲဆောင်မှုရှိသော ကိုယ်ဟန်ဖြင့် လိုက်လံ တိုက်ခိုက်ရင်း ရယ်မောလိုက်ပြီးနောက် ထပ်မံ၍ လက်ညှိုးဖြင့် ထိုးလိုက်ရာ ချီစွမ်းအင် ကြာပန်းတစ်ပွင့်မှာ လေထဲတွင် ပွင့်လန်းလာပြန်သည်။

“နတ်ဆိုးမုန်တိုင်း...”

လော့ချန်သည် ကျန်ရှိနေသော အင်အားများကို စုစည်းလျက် ဓားဖြင့် ခုတ်ချလိုက်သည်။ ပြင်းထန်လှသော ပေါက်ကွဲသံနှင့်အတူ အင်အားနှစ်ခုမှာ အားပြိုင်နေကြပြီး ဓားစွမ်းအင်လေဝဲမှာ အရင်ဆုံး ပြိုကွဲသွားသဖြင့် ပြင်းထန်လှသော ချီလှိုင်းများက လော့ချန်၏ ကိုယ်ဟန်ကို အဆက်မပြတ် တုန်ခါသွားစေသည်။

“ကြည့်ရတာတော့ အသက်လုပြီး တိုက်ရတော့မှာပဲ...”

လော့ချန်၏ အကြည့်မှာ လေးနက်သွားပြီး သူ၏ လက်ဖဝါးပေါ်တွင် သွေးနီရောင် ဆေးလုံးတစ်လုံး ပေါ်ထွက်လာသည်။ အကယ်၍ သွေးလောင်မြိုက်ဆေးလုံးကိုသာ သောက်သုံးလိုက်ပါက ယနေ့ ရလဒ်မှာ နှစ်မျိုးသာ ရှိပေလိမ့်မည်။ သူ သေဆုံးခြင်း သို့မဟုတ် မူချင်းလျန် သေဆုံးခြင်းပင် ဖြစ်တော့သည်။

ထိုစဉ်...

“ဝေါ... ဝေါ... ဝေါ...”

ဟုန်းဟုန်းတောက် ဆူဝေနေသော ရေလှိုင်းသံများ ထွက်ပေါ်လာပြီး လေထုထဲတွင်လည်း ရေငွေ့များဖြင့် ပြည့်နှက်လာခဲ့သည်။ လော့ချန်သည် အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ သူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် အရောင်တောက်သွားတော့သည်။ ရှေ့ဘက် မြေပြင်ပေါ်တွင် ဧရာမ မြစ်ကြီးတစ်စင်းမှာ မြွေကြီးတစ်ကောင်အလား အိပ်စက်နေပြီး မြစ်ပြင်ထက်တွင်မူ မြူခိုးမြူငွေ့များမှာ မီးခိုးများအလား ဖုံးလွှမ်းနေသဖြင့် တစ်ဖက်ကမ်းကိုပင် မြင်တွေ့ရန် ခဲယဉ်းလှသည်။

“လော့ယန့်မြစ်...”

အခန်း ၅၃၇ ပြီးပါပြီ။

All Chapters