အခန်း (၁၀၂၁-၁၀၂၃)
Vol. 69 Ch. 1021-2023
အခန်း (၁၀၂၁) ကျိုးမိသားစု၏ သမီးနှင့် ပင်လယ်ကူးသင်္ဘောကြီး
သင်္ဘောပေါ်ရှိ လူတိုင်းသည် လေထုထဲတွင် ရပ်တန့်နေသည့် လူငယ်ကို ကြောင်တောင်တောင်ဖြင့် ငေးကြည့်နေကြသည်။ ၎င်းတို့အနက် သင်္ဘောကပ္ပတိန်မုန့်လဲ့သည်လည်း ထိုအချိန်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် လွှမ်းမိုးခံနေရသည်။ ကနဦး ပင်လယ်မွန်းစတားကြီးသည် အနည်းဆုံးလျှင် နတ်ဘုရားတစ်ပိုင်းအဆင့်ရှိကြောင်း သိထားသင့်သည်။ သို့သော် ဤခန့်ညားသော လူငယ်သည် ထိုမွန်းစတားကြီး၏ ရေဘဝဲလက်တံကို စိမ်ပြေနပြေ ခုတ်ဖြတ်ပစ်၍ ၎င်းထွက်ပြေးသွားသည်အထိ ခြောက်လှန့်နိုင်ခြင်းဖြစ်လေသလော။ သူသည် မည်မျှသော ခွန်အားမျိုးကို ပိုင်ဆိုင်ထားသနည်း။ ဤသည်မှာ နတ်ဘုရားတစ်ပိုင်းအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်နေနိုင်လေသလောဟု မုန့်လဲ့ တွေးနေမိသည်။
သူ့နံဘေးရှိ မိန်းကလေးသည် အရှေ့သို့တိုးလာပြီးနောက် ရိုသေစွာ ဦးညွှတ်လျက် ပြောလိုက်သည်။
"ဒီကလေးစားရပါသော အရှင်၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီသင်္ဘောက ကျိုးမိသားစုပိုင်သင်္ဘောပါ"
အမှန်တကယ်ပင် ရောက်ရှိလာသူသည် ရွှယ်အန်းဖြစ်သည်။ သူသည် အချိန်နှင့်ဟင်းလင်းပြင်လမ်းကြောင်းထဲရှိ ချိပ်ပိတ်မှုကို ချိုးဖျက်ပြီးနောက် လွန်းပျံယာဉ် မောင်းနှင်လျက် ဟင်းလင်းပြင် အတားအဆီးကို ဖျက်ဆီးကာ ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။ ကနဦး မြင်ကွင်းနှင့် တွေ့ကြုံလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ရွှယ်အန်းသည် ထိုပင်လယ်မွန်းစတားကို မောင်းထုတ်ပေးလိုက်ခြင်းဖြစ်သည်။
"ကျိုးမိသားစုတဲ့လား"
"ဟုတ်ပါတယ်၊ ကျွန်မက ကျိုးမိသားစုရဲ့ သမီးဖြစ်သူ ကျိုးယန်ယန်ပါ" ထိုမိန်းကလေးက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
စကားပြောပြီးနောက် သူမသည် ရွှယ်အန်းကို တိတ်တဆိတ် အကဲခတ်လိုက်ရာ၊ သူ၏ မျက်နှာအမူအရာ အလွန်တည်ငြိမ်နေ၍ ထူးခြားသည့် တုံ့ပြန်မှုဟူ၍ မရှိကြောင်း တွေ့လိုက်ရသဖြင့် သတ္တိမွေးကာ မေးလိုက်သည်။
"အရှင်၊ အရှင်က နတ်ဒေါသပင်လယ်ထဲက ကျိန်စာသင့်မြို့တော်ကို သွားမလို့လား"
"ကျိန်စာသင့်မြို့တော်လား" ရွှယ်အန်းက ခေတ္တမျှ စဉ်းစားပြီးနောက် ပြုံးစစ အမူအရာဖြင့် ခေါင်းညိတ်ကာ ဖြေလိုက်သည်။
"ဟုတ်တယ်"
ကျိုးယန်ယန်သည် သက်ပြင်းတစ်ချက်ကို ချပြီးနောက် အလွန်အမင်း ဝမ်းသာအားရစွာ ပြောလိုက်သည်။
"ကျွန်မတို့ သင်္ဘောကလည်း ကျိန်စာသင့်မြို့တော်ကို သွားမှာမလို့ပါ၊ အရှင် စိတ်မရှိဘူးဆိုရင် ကျွန်မတို့နဲ့အတူ ခရီးသွားဖို့ ဖိတ်ခေါ်ချင်ပါတယ်"
စကားပြောပြီးနောက် ကျိုးယန်ယန်သည် မျှော်လင့်ချက်အပြည့်ဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။ ကနဦးတွင် ရွှယ်အန်း ပြသခဲ့သည့် ခွန်အားကို သူမ မြင်တွေ့ခဲ့ရသည်။ အကယ်၍ ဤကဲ့သို့အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးနှင့်အတူ ခရီးသွားနိုင်ပါက ၎င်းတို့၏ ခရီးစဉ်သည် ပို၍ ဘေးကင်းမည်ဖြစ်သည်။
ရွှယ်အန်းက ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"
ပြီးနောက် ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်းခြင်းဖြင့် လွန်းပျံယာဉ်ကို သိမ်းဆည်းပြီးနောက် ထိုဧရာမသင်္ဘောကြီး၏ ကုန်းပတ်ပေါ်သို့ ဆင်းသက်သွားသည်။ ထိုအချိန်တွင် ကပ္ပတိန်မုန့်လဲ့သည်လည်း သတိပြန်ဝင်လာ၍ ရွှယ်အန်းကို ကြိုဆိုရန် အရှေ့သို့ အလျင်အမြန် ရောက်ရှိလာသည်။
"တွေ့ရတာ ဝမ်းသာပါတယ်၊ အရှင့်"
အခြားသင်္ဘောသားများကမူ အနားသို့ မကပ်ဝံ့ဘဲ မှင်သက်နေသော မျက်နှာဖြင့် ရွှယ်အန်းကို ကြည့်နေကြသည်။ ရွှယ်အန်းသည် ခေါင်းညိတ်ပြပြီးနောက် ထိုဧရာမသင်္ဘောကြီးကို စိတ်ဝင်တစားဖြင့် လှည့်ကြည့်နေသည်။ ကိုယ်တိုင် ထိတွေ့ကြည့်မှသာ ဤသင်္ဘောကြီးမှ ထွက်ပေါ်နေသည့် အဆမတန် လေးလံလှသည့် စက်မှုလက်မှုပုံစံကို ခံစားရမည်ဖြစ်သည်။
လူတစ်ရပ်စာမျှ ထူထဲသည့် သံမဏိပြားများ၊ ကြမ်းတမ်းသော်လည်း ဆန်းပြားစွာ လှပနေသည့် အသုံးအဆောင်များနှင့် သင်္ဘောကိုယ်ထည်ပေါ်တွင် ထပ်ဆင့်ထွင်းထုထားသည့် ဖွဲ့စည်းပုံများသည် ရွှယ်အန်း၏ စပ်စုလိုစိတ်ကို နှိုးဆွပေးနေသည်။
ရွှယ်အန်းသည် သင်္ဘောကို စိတ်ဝင်စားနေကြောင်း မြင်သောအခါ ကျိုးယန်ယန်က ဂုဏ်ယူစွာ ပြောလိုက်သည်။
"အရှင်၊ ဒီသင်္ဘောက ကျိုးမိသားစုရဲ့ အကြီးဆုံးနဲ့ အစွမ်းအထက်ဆုံး ကုန်တင်သင်္ဘောလေ၊ ဒီလိုသင်္ဘောမျိုးနဲ့မှ ဒီနတ်ဒေါသပင်လယ်ကို ဖြတ်သန်းနိုင်မှာ"
"သခင်မလေး ပြောတာ မှန်ပါတယ်၊ ကျွန်တော် ကြွားလုံးထုတ်နေတာတော့ မဟုတ်ပေမယ့် ဒီလမ်းခရီးမှာ ကျွန်တော်သင်္ဘောက အကောင်းဆုံးပါ" မုန့်လဲ့သည်လည်း ဂုဏ်ယူဝံ့ကြွစွာ ဆိုသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ကုန်းပတ်၏ အစွန်းသို့ လျှောက်သွားကာ ပေါက်ကွဲပျက်စီးသွားသော ဖွဲ့စည်းပုံကို ငုံ့ကြည့်လိုက်သည်။
"ကံမကောင်းစွာနဲ့ပဲ ဒီတစ်ခါ နတ်ဘုရားတစ်ပိုင်းအဆင့် ပင်လယ်မွန်းစတားနဲ့ တိုးလို့ ဖွဲ့စည်းပုံတွေ အကုန်ပျက်စီးသွားပြီ။ ကျိန်စာသင့်မြို့တော်ကို ရောက်တဲ့အခါကျရင် ဒီသင်္ဘောက ဝေးဝေးရွက်လွှင့်နိုင်မှာ မဟုတ်ဘဲ သံတိုသံစပုံကြီးဖြစ်သွားလိမ့်မယ်" မုန့်လဲ့က ဝမ်းနည်းစွာ ပြောလိုက်သည်။
ဤပင်လယ်ကူးသင်္ဘောကြီးများအတွက် ကာကွယ်ရေး ဖွဲ့စည်းပုံများသည် အလွန်အရေးကြီးသည်။ ၎င်းတို့ မရှိပါဘဲနှင့် သင်္ဘောသည် အဝေးသို့ မသွားနိုင်ဘဲ ကမ်းနီးပင်လယ်သို့သာ ရွက်လွှင့်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ဤမျှကြီးမားသော သင်္ဘောအတွက် ထိုအခြေအနေဖြစ်ရခြင်းသည် သုံးမရခြင်းဟူသည့် အဓိပ္ပာယ်ရသည့်အတွက် ကျိုးယန်ယန်၏ မျက်နှာသည်လည်း မှိုင်ကျသွားသည်။ သူမသည် ဤသင်္ဘောပေါ်ရှိ ကုန်စည်များကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။ ယခုအခါ ကုန်စည်များ ဘေးကင်းသွားပြီဟု ထင်ရသော်လည်း၊ သင်္ဘောကြီး သုံးမရဖြစ်သွားလျှင် သူမ အိမ်ပြန်ရောက်သည့်အခါ မည်သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည်ကို မည်သူမျှ မသိနိုင်ပေ။
ထိုအချိန်တွင် ရွှယ်အန်းက ခေါင်းခါကာ ပြောလိုက်သည်။
"မိုက်မဲလိုက်တာ၊ နှမြောစရာပဲ"
'ဟင်'
ကျိုးယန်ယန်သည် ရွှယ်အန်း၏ ဆိုလိုသည်ကို နားမလည်သောကြောင့် ဇဝေဇဝါဖြစ်သွားသည်။ ပြီးနောက် သူမကို ဆွံ့အသွားစေမည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
ရွှယ်အန်းသည် သူ၏လက်ကို မြှောက်ကာ သင်္ဘောကိုယ်ထည်ပေါ်သို့ အသာအယာ ဖိ၍ စကားတစ်ခွန်း ပြောလိုက်ကြောင်း သူမ မြင်တွေ့လိုက်ရသည်။
"အသက်ဝင်စေ"
တိုးညင်းသော ဟိန်းဟောက်သံနှင့်အတူ ယခင်က ပျက်စီးနေသော ဖွဲ့စည်းပုံများပေါ်တွင် တောက်ပသော အလင်းတန်းများ ပေါ်ထွက်လာသည်။ ကျိုးယန်ယန်၊ မုန့်လဲ့နှင့် အခြားလူများသည် အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။
'သူ... သူ ဖွဲ့စည်းပုံတွေ ထွင်းထုနေတာလား'
ဤအတွေးကြောင့် ကျိုးယန်ယန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွား၍ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် မှင်သက်မှုများ ပြည့်နှက်သွားသည်။ ဧရာမ သင်္ဘောကြီးတစ်စင်းပေါ်တွင် ဖွဲ့စည်းပုံ ထွင်းထုခြင်းသည် အလွန် ပျင်းရိငြီးငွေ့ဖွယ်ကောင်း၍ ကုန်ကျစရိတ် အလွန်များလှသောကြောင့် အချမ်းသာဆုံး မိသားစုကြီးများပင် မတတ်နိုင်ကြကြောင်း လူတိုင်း သိကြသည်။
ထို့အပြင် ဖွဲ့စည်းပုံတစ်ခု ပျက်စီးသွားလျှင် ၎င်းသည် လုံးလုံးလျားလျား ပျက်စီးသွားခြင်းဖြစ်သည်။ ပေါက်ကွဲပျက်စီးသွားသော ဖွဲ့စည်းပုံကို ပြန်လည်ပြုပြင်နိုင်သူရှိသည်ဟု သူမ တစ်ခါမျှ မကြားခဲ့ဖူးပေ။ သို့သော် ဤလူငယ်သည် ထိုမယုံကြည်နိုင်ဖွယ် လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပုံရသည်။ ထိုအချိန်တွင် မရေတွက်နိုင်သည့် သေးငယ်သော အလင်းတန်းများ ထွက်ပေါ်လာ၍ မူလဖွဲ့စည်းပုံကို ဖုံးအုပ်လာပြီးနောက် အပြည့်အဝ ပေါင်းစပ်သွားကြောင်း သူမ မြင်တွေ့လိုက်ရသည်။ ဧရာမသင်္ဘောကြီး၏ ကိုယ်ထည်မှ တိုးလျော့သော အသံများ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းပင် မရေတွက်နိုင်သော အလင်းမျှင်တန်းများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီးနောက် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။
"ပြီးပြီ" ရွှယ်အန်းက သူ၏လက်ကို ဖယ်ပြီးနောက် ခပ်အေးအေး ပြောလိုက်သည်။
ကျိုးယန်ယန်နှင့် မုန့်လဲ့တို့သည် ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေပြီးနောက် ကုန်းပတ်အစွန်းသို့ တစ်ပြိုင်နက်တည်း သွားငုံ့ကြည့်လိုက်သည့်အခါ မှင်သက်သွားကြသည်။ ယခင်က ပျက်စီးနေသော သင်္ဘောကိုယ်ထည်ရှိ ဖွဲ့စည်းပုံများသည် အသစ်ဖြစ်သွားရုံသာမကဘဲ ယခင်ထက် နှစ်ဆမက ပိုမိုရှုပ်ထွေးလျက်ရှိသည်။ ဆန်းပြားစွာ လှပနေသည့် ထိုဖွဲ့စည်းပုံများသည် သင်္ဘောကိုယ်ထည်ပေါ်တွင် ပြန့်ကျဲနေသောကြောင့် အလွန်ပင် ခမ်းနားလှသည်။ ထိုဖွဲ့စည်းပုံ၏ အစွမ်းထက်မှုကို ကြည့်ရုံဖြင့် ခံစားနိုင်ကြသည်။
ထိုလူနှစ်ဦးသည် ၎င်းတို့၏မျက်လုံးများကို မယုံကြည်နိုင်ဖြစ်နေသကဲ့သို့ စိုက်ကြည့်နေကြသည်။ ဤမျှများပြား၍ အစွမ်းထက်သော ဖွဲ့စည်းပုံများကို ထွင်းထုရန်အတွက် အင်းကွက်ပညာရှင်တစ်ဦးပင် အချိန်အတော်ကြာ ပြင်ဆင်ရမည်ဖြစ်ကြောင်း သိထားကြသည်။ သို့သော် ဤလူငယ်၏ လက်ထဲတွင်မူ လက်ဖက်ရည် တစ်ငုံသောက်နေကဲ့သို့ပင် လွယ်ကူနေသည်။
"အရှင်၊ ဒီဖွဲ့စည်းပုံက..."
ကျိုးယန်ယန်သည် ရွှယ်အန်းကို ယခင်က အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရိုသေရုံသာဖြစ်လျှင် ယခုအခါ သူမ၏ မျက်လုံးထဲရှိ ကြည်ညိုမှုများသည် လျှံထွက်လုနီးပါးဖြစ်နေသည်။ မျက်စိတစ်မှိတ်အတွင်း ဤကဲ့သို့သော ဖွဲ့စည်းပုံများ ထွင်းထုနိုင်သည့် လူငယ်တစ်ဦးသည် မည်သည်ကို ဆိုလိုခြင်းဖြစ်ကြောင်း သူမ အသိဆုံးဖြစ်သည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
"စားစရာ တစ်ခုခု ရှိလား၊ ကျုပ် ဗိုက်နည်းနည်းဆာနေလို့"
"ရှိပါတယ်၊ ရှိပါတယ်" ကျိုးယန်ယန်သည် အလျင်အမြန် ခေါင်းညိတ်ပြပြီးနောက် ရွှယ်အန်းကို သင်္ဘောခန်းထဲသို့ ကိုယ်တိုင် ဦးဆောင်ခေါ်သွားခဲ့သည်။
ထိုအချိန်တွင် ကပ္ပတိန်မုန့်လဲ့သည်လည်း အံ့ဩနေရာမှ အသိပြန်ကပ်လာသောကြောင့် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
"ကျုပ် သိမ်းထားတဲ့ ဝိုင်ပုလင်းကို မြန်မြန် သွားယူလာချေ၊ ပြီးတော့ ဒီနေ့ ဖမ်းမိတဲ့ အလတ်ဆတ်ဆုံး ငါးတွေကိုလည်း ယူလာကြ"
ထမင်းစားခန်းသည် အလွန်ကျယ်ဝန်း၍ ဇိမ်ရှိလှရာ ပင်လယ်ပြင်တွင် ခရီးနှင်နေသည်ဟုပင် ယုံကြည်စရာမရှိပေ။ အရသာရှိလှသော စားဖွယ်စုံများသည် စားပွဲတစ်ခုလုံးတွင် ပြည့်နှက်နေ၍ ကျိုးယန်ယန်က ရွှယ်အန်းကို အဖော်ပြုဧည့်ခံနေသည်။
"အရှင်၊ ကျွန်မ အရှင့်နာမည်ကို အခုထိ မသိရသေးဘူးနော်" ကျိုးယန်ယန်က တီးတိုးမေးမြန်းလိုက်သည်။
ရွှယ်အန်းသည် နူးညံ့လှသော ငါးသားတစ်ဖတ်ကို စားပြီးနောက် ခပ်အေးအေး ပြန်ဖြေလိုက်သည်။
"ကျုပ်နာမည်က ရွှယ်အန်းပါ"
အခန်း (၁၀၂၂) နတ်ဘုရားအမှတ်အသားများ ပေါ်ထွက်လာခြင်းနှင့် ကျိန်စာသင့်မြို့တော်
'ရွှယ်အန်းတဲ့လား'
ကျိုးယန်ယန်က အံ့အားသင့်သွားသည်။ ရွှယ်ဟူသော မျိုးရိုးနာမည်နှင့် အင်းကွက်ပညာရှင်မျိုးဆက် သို့မဟုတ် အင်းကွက်မျိုးနွယ်စုမျိုးကို သူမ ယခင်က ကြားဖူးခဲ့လေသလော။ မဟုတ် မျက်မှောက်ခေတ်လောကတွင် မမြင်တွေ့ရတော့သော ရှေးဟောင်းအမွေအနှစ် မိသားစုမှ ဆင်းသက်လာသူဖြစ်လေသလော။ ဤသို့တွေးမိသည်နှင့် ကျိုးယန်ယန်၏ အမူအရာသည် ပို၍ပင် ရိုသေလေးစားလာသည်။
"အရှင်၊ အရှင်က ကျိန်စာသင့်မြို့တော်မှာ မကြာခင် ပေါ်ထွက်တော့မယ့် နတ်အင်းကွက်တွေအတွက် ခရိးထွက်လာတာလား"
"နတ်အင်းကွက်တဲ့လား" ရွှယ်အန်းက ကျိုးယန်ယန်ကို မော့ကြည့်၍ မေးလိုက်သည်။
"ဘယ်လို နတ်အင်းကွက်တွေလဲ"
"ဟင် အရှင် မသိဘူးလား" ကျိုးယန်ယန်က အနည်းငယ် အံ့ဩသွားသည်။
"ဘာကို သိရမှာလဲ" ရွှယ်အန်းက ဝိုင်တစ်ငုံ သောက်ပြီးနောက် သန့်ရှင်းသော လက်သုတ်ပုဝါဖြင့် ပါးစပ်ကို သုတ်ကာ ခပ်အေးအေး ပြောလိုက်သည်။
"ကျိန်စာသင့်မြို့တော်နဲ့ နတ်ဒေါသပင်လယ်ဆိုတာ လွန်တဲ့ နှစ်ပေါင်းတစ်သောင်းက ရှေးဟောင်းနတ်ဘုရားတွေ ကျဆုံးတဲ့ နေရာတွေဆိုပြီး မကြာသေးခင်က ကောင်းကင်ဘုံတစ်ခုလုံးမှာ သတင်းတွေ ပျံ့နေတာ။ နှစ်ပေါင်းတစ်သောင်းကျော်လောက် ကြာပြီးတဲ့နောက် ရှေးဟောင်းနတ်ဘုရားရဲ့ သွေးအသက်ဓာတ်တွေ ပါဝင်တဲ့ နတ်အင်းကွက်တွေ ဒီလောကမှာ ပြန်လည် ပေါ်ထွက်လာတော့မယ်လို့ ပြောနေကြတာလေ။ ဒါကြောင့်မို့လို့ ကောင်းကင်ဘုံရဲ့ နေရာအနှံ့အပြားက အစွမ်းထက်တဲ့ပုဂ္ဂိုလ်တွေ ကျိန်စာသင့်မြို့တော်ကို စုပြုံရောက်လာကြတာ"
"ရှေးဟောင်းနတ်ဘုရားတွေ ကျဆုံးခဲ့တဲ့ မြေတဲ့လား" ရွှယ်အန်းသည် သူမ၏ စကားများကြောင့် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ပြီးနောက် ပြတင်းပေါက်အပြင်ဘက်ရှိ အဆုံးမဲ့ နက်ရှိုင်းသော ပင်လယ်ကြီးကို လှမ်းကြည့်လိုက်ရာ၊ သူ၏ မျက်လုံးများထဲတွင် မထင်ရှားသော အလင်းတန်းများ လှုပ်ခတ်သွားပြီးနောက် ခပ်အေးအေး ပြုံးလိုက်သည်။
"ကျုပ် ဒီကိစ္စကို တကယ် မသိတာ၊ ဒါပေမယ့် ရောက်တုန်းရောက်ခိုက် ဒီပွဲကို ဝင်နွှဲကြည့်ရတာပေါ့"
သင်္ဘောကြီးသည် အလွန်ကျယ်ဝန်းလှသဖြင့် နေထိုင်မှုအခြေအနေသည်လည်း အလွန်ကောင်းမွန်လှသည်။ ကပ္ပတိန်မုန့်လဲ့သည် ရွှယ်အန်းကို နေရာချပေးရန်အတွက် သူ၏ ကိုယ်ပိုင်အခန်းကိုပင် ရှင်းလင်းပေး၍ အခန်းထဲအထိ ကိုယ်တိုင် ပို့ဆောင်ပေးခဲ့သည်။ အပြင်ဘက်တွင်မူ ကျိုးယန်ယန်သည် ကုန်းပတ်ပေါ်၌ ရပ်စောင့်နေသည်။
"အားလုံး စီစဉ်ပြီးပြီလား" ကျိုးယန်ယန်က မေးလိုက်သည်။
"စိတ်ချပါ သခင်မလေး၊ အားလုံး သေချာစီစဉ်ထားပြီးပါပြီ။ လူကြီးမင်းရွှယ်လည်း အနားယူဖို့ အခန်းထဲ ဝင်သွားပါပြီ" မုန့်လဲ့က ခေါင်းညိတ်ကာ ဖြေလိုက်သည်။
ကျိုးယန်ယန်သည် ခေါင်းညိတ်ပြီးနောက် မှောင်မည်းနေသော ပင်လယ်ပြင်သို့ တိတ်တဆိတ် လှည့်ကြည့်နေသည်။ ထိုသို့မြင်သောအခါ မုန့်လဲ့က တုံ့ဆိုင်းပြီးနောက် အဆုံးတွင် သက်ပြင်းတစ်ချက်ချကာ မေးလိုက်သည်
"သခင်မလေး၊ ဘာတွေကြည့်နေတာလဲ"
ကျိုးယန်ယန်က ခေါင်းခါပြီးနောက် ဝေခွဲမရဖြစ်နေသော အမူအရာများဖြင့် ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ ကျွန်မရဲ့ ကံကြမ္မာက ဒီမှောင်မည်းနေတဲ့ ပင်လယ်ပြင်လိုပဲ ခန့်မှန်းရခက်ပြီး လှိုင်းလေထန်နေသလို ခံစားနေရလို့ပါ"
မုန့်လဲ့ တိတ်ဆိတ်သွားပြီးနောက် ခဏအကြာတွင် တီးတိုးပြောလိုက်သည်။
"သခင်မလေး၊ ဒီကုန်သွယ်ရေး ခရီးစဉ်က သခင်မလေးရဲ့ ဦးဆောင်မှုအောက်မှာ အောင်မြင်သွားပြီလေ၊ ဒါက မလုံလောက်ဘူးလား"
ကျိုးယန်ယန်က ခေါင်းခါလိုက်သည်။
"ကျွန်မ မသိဘူး၊ ကျွန်မ ကြောက်နေတုန်းပဲ..."
ဤအချိန်တွင် ကျိုးယန်ယန်၏ မျက်လုံးများထဲ၌ ကြောက်ရွံ့မှု အရိပ်အမြွက်တစ်ခု လင်းလက်သွားသည်။ မုန့်လဲ့၏ မျက်နှာပေါ်တွင် ဒေါသရိပ်များ ပေါ်ထွက်လာပြီးနောက် ခပ်တိုးတိုးပြောလိုက်သည်။
"ဒီလူတွေက အရမ်းလွန်လွန်းတယ်။ သခင်မလေးက ကျိုးမိသားစုရဲ့ တိုက်ရိုက်မျိုးဆက် မဟုတ်ဘူးဆိုရင်တောင် သူတို့တွေ သခင်မလေးကို ဒီလိုအကျပ်အတည်းထဲအထိ တွန်းမပို့သင့်ဘူး"
"ဒါပေမယ့် တချို့အချိန်တွေမှာ... သွေးချင်းဆက်နွှယ်မှုနဲ့ အဆင့်အတန်းက အရာရာပဲလေ။ ကျွန်မ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ သူတို့မျက်လုံးထဲမှာတော့ ကျွန်မက သူတို့ရဲ့ အကျိုးအမြတ်တွေအတွက် စတေးခံရမယ့် နယ်ရုပ်လေးတစ်ရုပ်ပဲ" ကျိုးယန်ယန်က ခါးသီးစွာ ပြုံးလိုက်သည်။
မုန့်လဲ့သည် တစ်ခုခုပြောချင်နေသော်လည်း နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ ကျိုးယန်ယန်၏ စကားများသည် ခါးသီးသော အမှန်တရားများဖြစ်ကြောင်း မုန့်လဲ့ သိထားသောကြောင့်ဖြစ်သည်။
"သခင်မလေး၊ ဒီလူကြီးမင်းရွှယ်ကို ဘယ်လို ထင်ပါသလဲ" မုန့်လဲ့က ရုတ်တရက် မေးလိုက်သည်။
ကျိုးယန်ယန်က ခေါင်းခါလိုက်သည်။
"ကျွန်မတော့ သူ့ကို အကဲမဖြတ်နိုင်ဘူး။ ဦးလေးမုန့်ရော ဘယ်လိုထင်လဲ"
"ကျွန်တော်လည်း သူ့ကို အကဲမဖြတ်နိုင်ဘူး၊ ဒါပေမယ့် သေချာတာ တစ်ခုတော့ရှိတယ်" မုန့်လဲ့က လေးနက်စွာ ပြောလိုက်သည်။
"အဲ့ဒါက ဘာလဲ"
"ကျွန်တော် ဒီပင်လယ်ပြင်မှာ ရွက်လွှင့်သွားလာနေတာ နှစ်ချီနေပြီ။ ရက်စက်တဲ့လူတွေ၊ အထက်တန်းလွှာပုဂ္ဂိုလ်တွေ၊ စစ်မှန်အင်မော်တယ်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေအပြင် လူပေါင်းစုံနဲ့ တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့တွေထဲက ဘယ်သူနဲ့ပဲ ရင်ဆိုင်ရပါစေ ကျွန်တော် အေးအေးဆေးဆေး တည်ငြိမ်နိုင်ခဲ့တယ်။ အခုလူကြီးမင်းရွှယ်နဲ့ ရင်ဆိုင်ရတဲ့ အခြေအနေကလွဲလို့ပေါ့"
ဤအကြောင်းကို ပြောသည့်အခါ မုန့်လဲ့၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အမြွက်တချို့ လက်လင်းသွားသည်။
"ကျွန်တော့် ရင်ထဲအထိ အေးစိမ့်သွားသလို ခံစားရတယ်၊ အထူးသဖြင့် သူ့အကြည့်တွေ ကျွန်တော့်ဆီ ရောက်လာတဲ့အခါ ကျွန်တော့် ခန္ဓာကိုယ်နဲ့ ဝိညာဉ်လည်း လုံးဝ ခွဲခြမ်းခံလိုက်သလိုပဲ၊ ဖြစ်နိုင်ရင်တော့ ဒီလိုလူမျိုးကို ကျွန်တော် အတတ်နိုင်ဆုံး ရှောင်တယ်"
ကျိုးယန်ယန်က တိတ်တဆိတ် နားထောင်နေခဲ့သည်။ ကုန်သွယ်မှုလောကတွင် ဆယ်နှစ်ကျော်ကျင်လည်ရာမှ ရရှိထားသော အလေ့အကျင့်ကောင်းတစ်ခုသည် နားထောင်တတ်ရန် သင်ယူခြင်းဖြစ်သည်။ အထူးသဖြင့် ဘဝအတွေ့အကြုံများပြား၍ လက်တွေ့ကျွမ်းကျင်သူများ၏ စကားများကို သူမ အထူးအလေးထား နားထောင်လေ့ရှိသည်။
"ဒါဆို ဦးလေးမုန့်ရဲ့ ဆိုလိုရင်းက..." ကျိုးယန်ယန်က တီးတိုးမေးလိုက်သည်။
မုန့်လဲ့က အသက်ပြင်းပြင်း တစ်ချက်ရှူရှိုက်လိုက်သည်။
"သခင်မလေး၊ တခြားသူတွေက ရန်လိုနေမှတော့ သခင်မလေးအနေနဲ့ စွန့်စားကြည့်တာ ပိုကောင်းလိမ့်မယ်။ ကျွန်တော် ထင်တာကတော့ ဒီအရှင်ရွှယ်က သခင်မလေးရဲ့ လက်ရှိ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် သော့ချက်တစ်ခုဖြစ်နေနိုင်တယ်"
ကျိုးယန်ယန်၏ မျက်နှာအမူအရာသည် မရေရာမှုများဖြင့် ပြောင်းလဲသွားပြီးနောက် သူမ၏ အကြည့်များသည် မလှမ်းမကမ်းရှိ အခန်းဆီသို့ ရောက်ရှိသွားသည်။
"နားလည်ပါပြီ၊ ကျွန်မ ဒါကို သေသေချာချာ စဉ်းစားကြည့်ပါ့မယ်" ကျိုးယန်ယန်က တိုးညင်းစွာ ရေရွတ်လိုက်သည်။
မုန့်လဲ့က ခေါင်းညိတ်ပြီးနောက် တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၍ သင်္ဘောကြီး ထွက်ခွာမှုကြောင့် ပင်လယ်ရေလှိုင်းသံများကိုသာ ကြားနေရသည်။ ကျိုးယန်ယန်သည် အချိန်အတော်ကြာ တိတ်ဆိတ်စွာ ရပ်တန့်နေခဲ့ရာ၊ သူမ၏ ခရမ်းရောင်ဝတ်စုံသည် အမှောင်ထဲတွင် ပွင့်လန်းနေသော ပန်းကလေးတစ်ပွင့်ကဲ့သို့ မဆုတ်မနစ် ဝဲလွင့်နေသည်။ ပြီးနောက် ခရီးစဉ်သည် အလွန်အေးချမ်းလှသည်။ နတ်ဘုရားတစ်ပိုင်းအဆင့် ပင်လယသတ္တဝါများ မဆိုနှင့်၊ နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသော ပင်လယ်မွန်းစတားများပင် ပေါ်မလာကြပေ။ ရွှယ်အန်းပေါ်လာခြင်းကြောင့် ပင်လယ်ပြင်တစ်ခုလုံးရှိ ဧရာမသတ္တဝါများ ကြောက်လန့်တကြား ထွက်ပြေးသွားကြပုံပေါ်သည်။
ဤကဲ့သို့ အေးချမ်းသော အခြေအနေတွင် သင်္ဘောကြီးသည် လေနှင့်ရေလှိုင်းများကို စီးကာ သုံးရက်တိုင်တိုင် ခရီးနှင်လာပြီးနောက် အဆုံးတွင် ထာဝရမှောင်မည်းလှသော နတ်ဒေါသပင်လယ်မှ ထွက်ခွာလာခဲ့သည်။ ပင်လယ်ပြင်သည် မိုးကုပ်စက်ဝိုင်းအထိ ကျယ်ပြောနေဆဲဖြစ်သော်လည်း ဤနေရာရှိ ပတ်ဝန်းကျင်သည် အလွန်ပိုကောင်းလာ၍ ခရီးစဉ်တစ်လျှောက်တွင် သင်္ဘောများကိုလည်း မကြာခဏ တွေ့လာရသည်။ ထို့အပြင် ထိုသင်္ဘောများသည် ဤဧရာမသင်္ဘောကြီးနှင့် ဆုံသည့်အခါတိုင်း လမ်းဖယ်ပေးလေ့ရှိ၍ အလွန်ရိုသေစွာ ဆက်ဆံနေကြသည်။
နောက်ထပ် နေ့တစ်ဝက်မျှ ခရီးနှင်ပြီးနောက် ၎င်းတို့ အရှေ့တွင် ကြီးမားလှသော မြို့တော်ကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပုံရသည်။ ဤမြို့တော်ကို ပထမဆုံး မြင်တွေ့လိုက်ချိန်တွင် ၎င်းသည် ကျွန်းတစ်ခုပေါ်တွင် တည်ဆောက်ထားသည်ဟု ထင်မှတ်ရစေသည်။ သို့သော် သေသေချာချာ ကြည့်လိုက်သည့်အခါ ထိုမြို့တော်သည် သာမန်မျက်လုံးဖြင့် မြင်တွေ့နိုင်သည့် အရှိန်နှုန်းဖြင့် ရွေ့လျားနေကြောင်း သိရှိလိုက်ရသည်။ ရွှယ်အန်းသည် သင်္ဘောဦးတွင် မတ်တတ်ရပ်လျက် စိတ်ဝင်တစား ကြည့်နေခဲ့သည်။
ကျိုးယန်ယန်သည် ရွှယ်အန်းအနားသို့ ချဉ်းကပ်ပြီးနောက် တီးတိုးပြောလိုက်သည်။
"အရှင်၊ အရှေ့မှာ မြင်နေရတာက ကျိန်စာသင့်မြို့တော်ပါပဲ"
"ဒီကျိန်စာသင့်မြို့တော်က ပင်လယ်ပေါ် တည်ဆောက်ထားတာလား" ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။
"ဒီမြို့ကို ပထမဆုံး မြင်တုန်းက ကျွန်မလည်း တော်တော်ကြာတဲ့အထိ အံ့ဩနေခဲ့တာ။ သေဆုံးသွားတဲ့ ရှေးဟောင်းပင်လယ်သတ္တဝါကြီးရဲ့ အခွံပေါ်မှာ ဒီလောက်ကြီးမားတဲ့ မြို့ကြီးကို တည်ဆောက်ထားပုံအရ အဲ့ဒီသတ္တဝါကြီး ဘယ်လောက်တောင် ကြီးမားလဲဆိုတာ သက်သေပြနေတာပဲ။ ဒါက... အံ့ဖွယ်တစ်ခုပဲဖြစ်ရမယ်" ကျိုးယန်ယန်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
သို့သော် ရွှယ်အန်းကမူ မည်သည့်စကားမျှ ပြန်မပြောဘဲ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ ဆိပ်ကမ်းထဲသို့ သင်္ဘောကြီး ဖြည်းဖြည်းချင်း ကမ်းကပ်လာသည့်အခါ စည်ကားလှသော ဆိပ်ကမ်းကြီး ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။ ၎င်းတို့သည် သင်္ဘောပေါ်တွင် ပါလာသော ကုန်ပစ္စည်းအမျိုးမျိုးကို စနစ်တကျ သယ်ယူနေကြသည်။ တစ်ချိန်တည်းမှာပင် ကျိုးယန်ယန်သည် ရွှယ်အန်းကို မြို့ထဲသို့ ဦးဆောင်ခေါ်သွားလေသည်။
"သခင်မလေးကျိုး"
"သခင်မလေးယန်ယန်"
လမ်းတစ်လျှောက်ရှိ သင်္ဘောသားများအားလုံးသည် ကျိုးယန်ယန်ကို အလွန်ရိုသေလေးစားစွာ နှုတ်ဆက်နေကြသည်။ ၎င်းတို့၏ ရိုသေမှုများသည် ရင်ထဲမှလာခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ ကျိုးယန်ယန်သည်လည်း ပြုံးလျက် ခေါင်းညိတ်ပြနေသည်။
"သခင်မလေးကျိုးရဲ့ ဒီတစ်ခါ ကုန်သွယ်ရေးခရီးစဉ်က အမြတ်အများကြီးရလာတာပဲ၊ သူ ဆုလာဘ်ကောင်းတွေရမှာပေါ့နော် ဟုတ်တယ်မလား" သင်္ဘောသားတစ်ဦးက တီးတိုးပြောလိုက်သည်။
"ဟင်း၊ အဲ့ဒါတော့ မသေချာဘူး။ သခင်မလေးကျိုးက ဒီနှစ်တွေမှာ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ပြီး ကျိုးမိသားစုအတွက် အများကြီး အကျိုးဆောင်ပေးခဲ့တာ၊ ဒါပေမယ့် ခင်ဗျားတို့ထဲက ဘယ်သူကများ ကျိုးမိသားစုဝင်တွေ သခင်မလေးကို ဂရုစိုက်တာ မြင်ဖူးကြလို့လဲ" နောက်တစ်ဦးက လှောင်ရယ်ကာ ပြောလိုက်သည်။
အခန်း (၁၀၂၃) ကျုပ်က ပုံမှန်ဆိုရင် မိန်းကလေးတွေကို လက်မပါတတ်ဘူး
"ဟုတ်တယ်၊ တချို့အချိန်တွေ ကျုပ်တို့အားလုံး သခင်မလေးကျိုးအတွက် မကျေမနပ် ဖြစ်မိတယ်"
"ကျုပ်ကတော့ သခင်မလေးနောက်က လိုက်လာတဲ့ လူငယ်အကြောင်းကို ပိုပြီးစိတ်ဝင်စားတယ်"
"ကျုပ်လည်း သတိထားမိတယ်။ သူက ကြည့်ကောင်းပြီး ကျုပ်တို့သခင်မလေးနဲ့ ယှဉ်ရပ်လိုက်ရင် တော်တော်လိုက်ဖက်တာပဲ။ သူ့စွမ်းဆောင်ရည်က ဘယ်လိုနေမလဲတော့ မသိ၊ ဒါပေမယ့် သူ့ရဲ့ ပိန်ပါးတဲ့ခန္ဓာကိုယ်ကို ကြည့်ရတာတော့ ကျုပ်ကိုတောင် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး" သန်မာသော သင်္ဘောသားတစ်ဦးက လေးနက်စွာ ပြောလိုက်သည်။
"တော်စမ်းပါ၊ ခင်ဗျား သခင်မလေးကို သဘောကျနေတာ ကျုပ်တို့အားလုံး သိတယ်။ ဒါပေမယ့် မလိုအပ်ဘဲ စိတ်ပူမနေတာ ပိုကောင်းလိမ့်မယ်၊ သခင်လေးက မျက်စိကန်းနေရင်တောင် ခင်ဗျားကို ရွေးမှာမဟုတ်ဘူး"
"ဟုတ်တယ်၊ ကျုပ်ကတော့ သူတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်တဲ့စုံတွဲလို့ ထင်မိတယ်။ သခင်မလေးကျိုးက ဒီနှစ်တွေအတွင်း အရမ်းပင်ပန်းခဲ့ရတာ၊ သူ့ကို တန်ဖိုးထားမယ့်သူတစ်ယောက် တွေ့သွားရင် သိပ်ကောင်းမှာပဲ"
လူတိုင်းက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသော်လည်း အခြားတစ်ဦးက သက်ပြင်းချလိုက်သည်။
"တကယ်ဖြစ်လာရင်တော့ ကောင်းတာပေါ့၊ ဒါပေမယ့် ကျိုးမိသားစုက သဘောမတူမှာကို ကျုပ် စိုးရိမ်မိတယ်" ဤစကားကို ကြားလိုက်သည့်အခါ လူတိုင်း တိတ်ဆိတ်သွားကြသည်။
"ဟုတ်တယ်၊ ကျိုးမိသားစုက သခင်မလေးကျိုးလို ပြည့်စုံတဲ့ နယ်ရုပ်တစ်ရုပ်ကို အလွတ်ပေးမှာ မဟုတ်ဘူး။ သူတို့က သခင်မလေးဆီက အကျိုးအမြတ်တွေအားလုံးကို ညှစ်ထုတ်လို့မရမချင်း ကျေနပ်ကြမှာမဟုတ်ဘူး" တစ်စုံတစ်ဦးက ညည်းတွားလိုက်သည်။
"အဲ့ဒီလူယုတ်မာတွေတော့။ သခင်မလေးကျိုး ကလည်း ကျိုးမိသားစုဝင် တစ်ယောက်ပဲလေ၊ ဘာလို့ သူ့ကို ဒီလောက်အထိ နှိပ်စက်နေရတာလဲ" သင်္ဘောသားတစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ သခင်မလေးကျိုးရဲ့ အမေက... အစေခံတစ်ယောက်ဖြစ်နေလို့ပေါ့"
ဤစကားသည် လူအုပ်ကြီးကို တိတ်ဆိတ်သွားသွားစေ၍ လူအများသည် ကိုယ်ချင်းစာစိတ်ဖြင့် ခေါင်းခါလိုက်ကြသည်။
ဤတီးတိုးပြောသံများသည် အလွန်တိုးလျော့လှသော်လည်း ရွှယ်အန်းသည် စကားလုံးတိုင်းကို ရှင်းလင်းစွာ ကြားနေရသည်။ လွန်ခဲ့သည့်ရက်များက သင်္ဘောပေါ်တွင် ကြုံတွေ့ရသည့် အဖြစ်အပျက်များနှင့် ပေါင်းစပ်ကြည့်လိုက်သောအခါ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုပေါ်ပေါက်လာသည်။
'ဒီမိန်းကလေး၊ ဒီမြို့တော်၊ ပြီးတော့ ဒီပင်လယ်ပြင်ပါ အားလုံးက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းနေပါလား'
ကျိုးယန်ယန်သည် သင်္ဘောပေါ်မှ ကုန်ပစ္စည်းများ သယ်ယူခြင်းဖြင့် အလုပ်ရှုပ်နေသောကြောင့် နာရီဝက်ခန့်အကြာမှသာ အလုပ်များအားလုံးပြီးဆုံးသွားလေသည်။ သူမသည် ရွှယ်အန်းကို အားနာသည့်အမူအရာဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"လူကြီးမင်းရွှယ်၊ စောင့်ခိုင်းထားမိလို့ ကျွန်မ တကယ် တောင်းပန်ပါတယ်။ အခု မြို့ထဲကို ဝင်ကြမယ်လေ"
ရွှယ်အန်းက ခပ်အေးအေး ခေါင်းညိတ်ပြကာ ဆိုလိုက်သည်။
"ကောင်းပြီလေ"
သို့သော် ထိုအချိန်တွင် တိမ်တိုက်သားရဲကြီး ပြေးဆွဲလာသည့် လှည်းယဉ်တစ်စီးသည် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ အရှိန်သည် အလွန်မြန်လှသဖြင့် လမ်းပေါ်ရှိ လမ်းသွားလမ်းလာများနှင့် သင်္ဘောသားများသည် အချိန်မီ မရှောင်နိုင်ခဲ့ကြပေ။ လှည်းယဉ်သည် ကျိုးယန်ယန် အနားတွင် ရုတ်တရက် ရပ်တန့်သွားပြီးနောက် လိုက်ကာများ ပင့်တင်လိုက်သည့်အခါ အလွန်အကျွံ အလှပြင်ထားသော မျက်နှာတစ်ခု ပေါ်ပေါက်လာသည်။
"အို၊ ဒါက ကျွန်မတို့ကျိုးမိသားစုရဲ့ ပါရမီရှင် သခင်မလေးပါလား။ ဘာလဲ၊ နောက်ဆုံးတော့ ကုန်သွယ်ရေးခရီးစဉ် ပြီးသွားပြီလား" ထိုအမျိုးသမီးသည် ကဲ့ရဲ့ရှုံ့ချသော လေသံဖြင့် ပြောလာသည်။
ဤအမျိုးသမီးကို မြင်လိုက်ရသည့်အခါ ကျိုးယန်ယန်၏ မျက်နှာအမူအရာ အနည်းငယ် ဖြူလျော့သွားသော်လည်း သူမသည် ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"မမကို နှုတ်ဆက်ပါတယ်"
"တော်စမ်းပါ အဲ့လိုတွေ နှုတ်ဆက်နေစရာမလိုဘူး။ နင်က ငါ့ကို မမလို့ သတ်မှတ်ချင်ပေမယ့် ငါကတော့ နင်ကို ညီမအဖြစ် အသိအမှတ်ပြုဖို့ စိတ်ကူးမရှိဘူး" ထိုအမျိုးသမီးက ပြန်ပြောလိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ လူများသည် သူမ၏ စကားကြောင့် ဒေါသထွက်သွားကြသည်။ သို့သော် ကျိုးယန်ယန်သည် သူမ၏ခေါင်းကို ပိုငုံ့၍ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ သခင်မလေးကျိုးယ"
"ဒီလိုမှပေါ့" ကျိုးယက မောက်မာစွာ ခေါင်းညိတ်ပြပြီးနောက် ကျိုးယန်ယန်၏ အနောက်တွင် ပဟေဠိဖြစ်နေသော ရွှယ်အန်းကို ရုတ်တရက် သတိပြုမိသွားသည်။
"ဒါက ဘယ်သူလဲ"
"ကျွန်မ သူ့ကို မိတ်ဆက်ပေးဖို့ အချိန်မရသေးလို့ပါ၊ သခင်မလေးကျိုးယ။ ဒီလူကြီးမင်းက ကျွန်မ နတ်ဒေါသပင်လယ်မှာ တွေ့ခဲ့တဲ့လူပါ။ သူသာ မရှိရင် ကျွန်မရော သင်္ဘောကြီးရော ပြန်ရောက်လာနိုင်မှာ မဟုတ်ဘူး" ကျိုးယန်ယန်က အလျင်အမြန် ပြောလိုက်သည်။
ကျိုးယသည် ရွှယ်အန်းကို သံသယများပြည့်နှက်နေသည့် အေးစက်စက် အကြည့်များဖြင့် ကြည့်ပြီးနောက် အဆုံးတွင် အထင်အမြင်သေးစွာ နှာခေါင်းရှုံ့ကာ မေးလိုက်သည်။
"ကျိုးယန်ယန်၊ နင် ဆိုလိုချင်တာက ဒီလူက နင့်ကို နတ်ဒေါသပင်လယ်ထဲမှာ ကယ်ခဲ့တာပေါ့လေ ဟုတ်လား"
ကျိုးယန်ယန်က ခေါင်းညိတ်ကာ ဖြေလိုက်သည်။
"ဟုတ်ပါတယ်"
"ဟား၊ ရယ်စရာကောင်းလိုက်တာ။ နတ်ဒေါသပင်လယ်ဆိုတာ ဘယ်လိုနေရာမျိုးလဲ။ အဲ့ဒီမှာ နင် အန္တရာယ်နဲ့ တွေ့လာရင်တောင် ဒီလိုမွဲတေနေတဲ့ လူငယ်တစ်ယောက်က ဘယ်လိုလုပ် ဖြေရှင်းပေးနိုင်မှာလဲ။ အဓိပ္ပာယ်မရှိလိုက်တာ ကျိုးယန်ယန်၊ ငါ့အထင်တော့ သူက မင်းရဲ့ တိတ်တိတ်ပုန်း ရည်းစားပဲ ဖြစ်ရမယ်" သူမ၏ စကားလုံးများသည် အလွန်ပင် ဆိပ်ပြင်းလှသည်။
ကျိုးယန်ယန်၏ မျက်နှာအမူအရာ ချက်ချင်း ဖြူလျော့လာ၍ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။ သို့သော် သူမသည် စိတ်ကို ထိန်းချုပ်၍ ပြောလိုက်သည်။
"သခင်မလေးကျိုးယ၊ ကျွန်မ ပြောနေတာတွေက တကယ် အမှန်တွေပါ..."
"တော်စမ်း၊ နင့်အမေက နင်ကို ဘယ်လို သန္ဓေလွယ်ပြီး ဘယ်လိုသေသွားလဲဆိုတာ မမေ့နဲ့ဦး။ အစေခံရဲ့သမီးက အမြဲတမ်း အစေခံသမီးပဲဖြစ်နေမှာ၊ နင့်ရဲ့ အရိုးထဲအထိ စွဲနေတဲ့ နိမ့်ကျမှုတွေကို ဘယ်တော့မှ ပြောင်းလဲလို့ရမှာမဟုတ်ဘူး"
ကျိုးယန်ယန်၏ မျက်နှာသည် လူသေကဲ့သို့ ဖြူဖျော့သွား၍ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝိုင်းလာသည်။
"ဘာလဲ၊ ငါ ပြောတာတွေကို မကျေမနပ်ဖြစ်နေတာလား" ကျိုးယက လှောင်ပြောင်ပြီးနောက် ဆက်ပြောရန် ဟန်ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် မုန့်လဲ့သည် အနားသို့ အမြန်ရောက်လာသည်။ အခြေအနေကို ကြည့်ခြင်းဖြင့် အဖြစ်အပျက်များကို သိသွားသည့်အတွက် ဒေါသစိတ်ကို အတင်းအကြပ် ဖိနှိပ်ကာ ကျိုးယကို ဦးညွှတ်လိုက်သည်။
"ဒုတိယသခင်မလေး၊ သခင်မလေးကျိုး ပြောတာတွေ အကုန်အမှန်တွေပါ။ ကျွန်တော်တို့ နတ်ဒေါသပင်လယ်ထဲမှာ နတ်ဘုရားတစ်ပိုင်းအဆင့်ရှိတဲ့ ပင်လယ်သတ္တဝါကြီးနဲ့ တွေ့ခဲ့တာပါ။ လူကြီးမင်းရွှယ်သာ အချိန်မီ ပေါ်မလာရင် ကျွန်တော်တို့အားလုံး တကယ် ပြန်ရောက်လာနိုင်မှာ မဟုတ်ပါဘူး"
ကျိုးယသည် ကျိုးယန်ယန်နှင့် ရင်ဆိုင်ရသည့်အခါ မောက်မာစွာ ပြုမူတတ်သော်လည်း မုန့်လဲ့သည် ကျိုးမိသားစု၏ ထိပ်တန်းကပ္ပတိန်တစ်ဦးဖြစ်သဖြင့် သူ့ကို အလွန်အကျွံ မစော်ကားဝံ့ပေ။ သို့သော် သူမက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
"ကပ္ပတိန်မင်၊ ရှင် ပြောတဲ့ စကားတွေကို ရှင် တာဝန်ယူရမှာနော်။ နတ်ဘုရားတစ်ပိုင်းအဆင့် ပင်လယ်သတ္တဝါတဲ့... ဟားဟား။ အဲ့ဒါသာ အမှန်ဆိုရင် ဒီမွဲတေနေတဲ့ လူငယ်လည်း အနည်းဆုံးတော့ နတ်ဘုရားတစ်ပိုင်းအဆင့်လောက်ဖြစ်နေမှာပေါ့" ကျိုးယ၏မျက်နှာတွင် အေးစက်စက် လှောင်ပြုံးတချို့ ဆင်မြန်းထားသည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ သင်္ဘောသားများ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ကပ္ပတိန်မင်ပြောတာ မှန်တယ်၊ ကျွန်တော် သက်သေခံနိုင်တယ်"
"ဟုတ်တယ်၊ ကျွန်တော်လည်း သက်သေခံနိုင်တယ်" ဤအသံများ စုပေါင်းထွက်ပေါ်လာ၍ သင်္ဘောသားအများအပြားက ၎င်းတို့၏ မကျေနပ်မှုများကို ပွင့်ပွင့်လင်းလင်း ပြသလာကြသည်။
"ရှင်တို့တွေ..." ကျိုးယသည် အခြေအနေများ ထိုသို့ဖြစ်လာလိမ့်မည်ဟု လုံးလုံးလျားလျား မမျှော်လင့်ထားပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင် ယနေ့တွင် သူမ ဆိပ်ကမ်းသို့ ရောက်လာရခြင်းသည် ကျိုးယန်ယန် ပြန်ရောက်လာမည်ဟု ကြားထားသဖြင့် သူမကို အပျော်အဖြစ် လှောင်ပြောင်ရန် ကြံစည်ထားခြင်းဖြစ်သည်။
လူအများ၏ဒေါသကို ထိုသို့ဆွမိသွားမည်ဟု သူမ မထင်မှတ်ထားပေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူမ၏ ဒေါသအားလုံးကို ကျိုးယန်ယန်ထံသို့ ဦးတည်ပုံချလိုက်သည်။
"ယုတ်ညံ့တဲ့ အစေခံမ၊ စောင့်ကြည့်နေလိုက်။ အိမ်ပြန်ရောက်ရင် နင့် ငါ့အကြောင်း သိစေရမယ်"
ထိုသို့ ပြောပြီးနောက် ကျိုးယသည် လိုက်ကာကို ဆွဲချကာ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် တစ်ချိန်လုံးတိတ်ဆိတ်နေသော ရွှယ်အန်းက ရုတ်တရက် ရယ်မောလိုက်သည်။
"ခင်ဗျားနာမည်က ကျိုးယလား"
ကျိုးယက အံ့ဩသွားပြီးနောက် ရွှယ်အန်းကို ရွံရှာနေသည့် အကြည့်ဖြင့် မောက်မာစွာ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်"
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ၊ ခုနက ကျုပ် နားကြားမမှားဘူးဆိုရင် ခင်ဗျား ကျုပ်ကို 'မွဲတေနေတဲ့ လူငယ်'လို့ နှစ်ခါတောင် ပြောလိုက်တယ် မဟုတ်လား"
ဤစကားကြောင့် ကျိုးယန်ယန်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာသည်။
"ပြောတော့ ဘာဖြစ်လဲ" ကျိုးယက ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။
ရွှယ်အန်းက ပြုံးလျက် ကျိုးယန်ယန်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ပတ်သက်မှုအရဆိုရင် ခင်ဗျား သူ့ကို ဘယ်လို ခေါ်မလဲ"
"မမ... လို့ ခေါ်ရမှာပါ" ကျိုးယန်ယန်က ဇဝေဇဝါဖြင့် ဖြေလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုရင်တော့ ဒီနေ့ ခင်ဗျားရဲ့ မလိမ္မာတဲ့ 'မမ' ကို ကျုပ် ဆုံးမပေးမယ်"
'ဘာ'
ကျိုးယသည် ဤစကားများကို ကြားလိုက်ရသည့်အခါ လှည်းယဉ်ပေါ်မှ ခုန်ထွက်လုမတတ် ဖြစ်သွားလေသည်။ သူမကို ဤကဲ့သို့ ပြောဝံ့သူဟူ၍ တစ်ဦးတစ်ယောက်မှ မရှိခဲ့ဖူးပေ။ သို့သော် သူမ မတုံ့ပြန်နိုင်မီ၊ ရွှယ်အန်းသည် လှည်းယဉ်အနားသို့ ရောက်ရှိလာ၍ လက်ကို မြှောက်တင်ကာ အလွန်ပြင်းထန်စွာ ရိုက်ချလာသည်။
ဖြန်း
ကျိုးယသည် လှည်းယဉ်နှင့် ဝင်တိုက်မိပြီးနောက် အပြင်ဘက်သို့ လွင့်ထွက်သွားလေသည်။ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အခါ သူမ သေသေချာချာ လိမ်းကျံထားသော မျက်နှာသည် မမှတ်မိနိုင်သည်အထိ ဖူးယောင်သွားခဲ့သည်။ ဤရိုက်ချက်သည် ကြည့်နေသူအားလုံးကို မှင်သက်သွားစေသည်။ ရွှယ်အန်းသည် စိမ်ပြေနပြေ လက်ခုပ်တီးပြီးနောက် ခပ်တည်တည် ပြောလိုက်သည်။
"ကျုပ်က ပုံမှန်ဆိုရင် မိန်းကလေးတွေကို လက်မပါတတ်ဘူး၊ ဒါပေမယ့် ခင်ဗျားကတော့ ချွင်းချက်ပေါ့"