← Chapters

အခန်း (၁၀၂၄-၁၀၂၆)

Vol. 69 Ch. 1024-1026

အခန်း (၁၀၂၄-၁၀၂၆)

Vol. 69 Ch. 1024-1026

အခန်း (၁၀၂၄) အရိုက်ခံရတာ အားမရသေးဘူးလား နောက်တစ်ချက် ထပ်လိုချင်သေးလို့လား

"ရှင်... ရှင်က ကျွန်မကို ရိုက်ရဲတယ်ပေါ့လေ" ကျိုးယသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်ကာ ရွှယ်အန်းကို ကြောက်မက်ဖွယ်ကောင်းစွာ စိုက်ကြည့်ပြီးနောက် အဆိပ်ပြင်းသော အသံဖြင့် အော်ဟစ်လိုက်သည်။

"ဘာဖြစ်လို့လဲ၊ အရိုက်ခံရတာ အားမရသေးပုံပဲ။ မျက်နှာနှစ်ဖက်လုံး ညီသွားအောင် နောက်တစ်ချက် အရိုက်ခံချင်သေးလို့လား" ရွှယ်အန်းက ပြုံးစစအမူအရာဖြင့် ပြောလိုက်သည်။

ကျိုးယ၏ ခန္ဓာကိုယ် တုန်လှုပ်လာ၍ သူမသည် အနောက်သို့ ကြောက်လန့်တကြား ဆုတ်ခွာသွားလေသည်။ ပြီးနောက် ကြောက်လန့်တကြားဖြင့် ငေးငိုင်နေသော ကျိုးယန်ယန်ကို မုန်းတီးစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"ကောင်းပြီလေ၊ ကျိုးယန်ယန်။ နင် တော်တော်လေး အတောင်စုံနေတော့ အပြင်လူနဲ့ ပေါင်းပြီး ငါ့ကို ရိုက်ရဲတယ်ပေါ့၊ နင် စောင့်နေလိုက်"

ထိုသို့ပြောပြီးနောက် သူမသည် အလျင်အမြန် မတ်တတ်ထရပ်၍ အရှက်ရစွာ ထွက်ပြေးသွားလေသည်။ သူမ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး ပျော်ရွှင်ဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။

တစ်စုံတစ်ဦးက ဝမ်းသာအားရ ထပြောလိုက်သည်။

"အဲ့ဒီရိုက်ချက်က တကယ့်ကို အားရစရာပဲ၊ ကျုပ်တော့ ကျိုးယကို ကြည့်မရတာ ကြာပြီ"

"ဟုတ်တယ်၊ အဲ့ဒီရိုက်ချက်အတွက် ကျုပ် ခဏနေ အရက်ပိုသောက်ဦးမယ်"

ကျန်ရှိသူများက ရွှယ်အန်းကို အံ့ဩမှုများ အထင်ကြီးမှုများဖြင့် ကြည့်နေကြသော်လည်း စိုးရိမ်နေသူများလည်း ရှိနေသည်။ အထူးသဖြင့် ကပ္ပတိန်မုန့်လဲ့သည် စိုးရိမ်သော မျက်နှာထားဖြင့် ရွှယ်အန်းကို ကြည့်နေသည်။

ထိုအချိန်တွင် ရွှယ်အန်းသည် ကြောင်တောင်တောင်ဖြစ်နေသော ကျိုးယန်ယန်အနားသို့ လျှောက်သွားပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးလျက် မေးလိုက်သည်။

"သခင်မလေးကျိုး၊ ခင်ဗျားတို့အိမ်ကို လိုက်ခဲ့ဖို့ ကျုပ်ကို ဖိတ်ထားတယ် မဟုတ်ဘူးလား။ အခု သွားကြမလား"

"အာ...ဟုတ်ကဲ့၊ ဟုတ်ကဲ့ အခုပဲ သွားကြရအောင်" ကျိုးယန်ယန်၏ အသံသည် တဖြည်းဖြည်း တိုးလျော့သွားကာ သူမမျက်လုံးထဲရှိ ထိတ်လန့်မှုများ ပို၍ ထင်ရှားလာသည်။

ရွှယ်အန်းသည် ပြုံးရုံသာ ပြုံးပြ၍ အရှေ့သို့ လျှောက်သွားလေသည်။ ကျိုးမိသားစုအိမ်တော်ကြီးသည် ဆိပ်ကမ်းနှင့် မဝေးလှရာ၊ လမ်းမကြီး နှစ်ခုခန့်သာ ကွာဝေးလေသည်။ အိမ်တော်ကြီး၏ အရှေ့သို့ ရောက်သည့်အခါ ခမ်းနားထည်ဝါစွာ အလှဆင်ထားသော အဆောက်အအုံကြီး၏ တံခါးမကြီးသည် တင်းကျပ်စွာ ပိတ်ထားသည်။ ထိုသို့မြင်သောအခါ ကျိုးယန်ယန်၏ မျက်လုံးများတွင် ဝမ်းနည်းမှုအရိပ်အမြွက်တချို့ ပေါ်ပေါက်လာပြီးနောက် ရွှယ်အန်းကို တီးတိုးပြောလိုက်သည်။

"အရှင်၊ ကျွန်မနောက်က လိုက်ခဲ့ပါ"

ထိုသို့ပြောပြီးနောက် ကျိုးယန်ယန်သည် ရွှယ်အန်းကို တံခါးမကြီးမှ ဘေးတံခါးဆီသို့ ခေါ်ဆောင်သွားသည်။

"အရှင်၊ တံခါးမကြီးက မဖွင့်ထားလို့ တကယ်ပဲ အားနာရပါတယ်၊ ဒီဘက်ကနေပဲ ဝင်ကြရအောင်ပါ" ကျိုးယန်ယန်က အားနာစွာ ပြောလိုက်သည်။

"ရပါတယ်" ရွှယ်အန်းက ခပ်အေးအေးပြုံး၍ ပြောလိုက်သည်။

ဘေးတံခါးဖြစ်သော်လည်း ၎င်းသည်အတော်အတန် ခန့်ညားလှ၍ တံခါးဝတွင် ကင်းစောင့်များရှိနေသည်။

ကျိုးယန်ယန် ပေါ်လာသည့်အခါ နံရံမှီကာ အိပ်ငိုက်နေသော တံခါးစောင့်သည် ချက်ချင်း နိုးလာ၍ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

"သခင်မလေးယန်ယန်၊ ပြန်ရောက်လာပြီ"

"ဟုတ်တယ်၊ ပြန်ရောက်နေပြီ။ တံခါးလေး တစ်ချက်လောက် ဖွင့်ပေးပါလား" ကျိုးယန်ယန်က ခပ်ဖျော့ဖျော့ ပြုံးပြကာ ပြောလိုက်သည်။

"ဒါပေါ့ဗျာ၊ ခဏလေး စောင့်ပေးပါဦး" ထိုသို့ပြောပြီးနောက် တံခါးစောင့်က ဘေးတံခါးကို အလျင်အမြန် တွန်းဖွင့်လိုက်သည်။

သို့သော် ကျိုးယန်ယန် အထဲသို့ ဝင်သွားစဉ် တံခါးစောင့်က ရုတ်တရက် တီးတိုးပြောလာသည်။

"သခင်မလေး ယန်ယန်၊ သတိထားနော်။ ဒုတိယသခင်မလေး ပြန်ရောက်ရောက်ချင်း နောက်ဘက် အိမ်တော်ကို တန်းဝင်သွားပြီး သောင်းကျန်းနေတယ်လို့ ကျွန်တော် ကြားတယ်"

ကျိုးယန်ယန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း သူမသည် ဟန်လုပ်ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးပါ"

ဘေးတံခါးကို ဖြတ်ကျော်ပြီးနောက် စင်္ကြံလမ်းအတိုင်း လျှောက်သွားသည့်အခါ မကြီးမားလှသော်လည်း ရိုးရှင်းသန့်ရှင်းသည့် ခြံဝန်းငယ်တစ်ခုသို့ ရောက်ရှိလာသည်။

"အရှင်၊ ဒီမှာ ခဏလောက် ထိုင်ပေးပါဦး။ ကျွန်မ အရှင် တည်းခိုဖို့ စီစဉ်လိုက်ပါဦးမယ်" ကျိုးယန်ယန်သည် ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားသည်။

ရွှယ်အန်းသည် ခြံဝန်းထဲတွင် ထိုင်၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေသည်။ ခြံဝန်းသည် သန့်ရှင်းသော်လည်း အသုံးအဆောင်များအလွန် နည်းပါးနေသည်။ အထူးသဖြင့် သူမသည် ချမ်းသာသော မိသားစု​၏ အမျိုးသမီးငယ်တစ်ဦးဖြစ်သော်လည်း ခစားမည့် အစေခံတစ်ယောက်ပင် မရှိခြင်းသည် မိသားစုအတွင်းရှိ ကျိုးယန်ယန်၏ အဆင့်အတန်းကို ဖော်ပြနေသည်။ ထိုအချိန်တွင် ခြံဝန်းအပြင်ဘက်မှ ဆူညံသော ငြင်းခုံသံများ ထွက်ပေါ်လာသည်။ ပြီးနောက် မျက်နှာတွင် ခပ်ပြည့်ပြည့်နှင့် အမျိုးသမီးတစ်ဦးသည် ကျိုးယန်ယန်၏ အနောက်မှ လိုက်ပါလာသည်။

"အို... သခင်မလေးယန်ယန်ရယ်၊ လူကောင်းတစ်ယောက်ကို စွပ်စွဲမနေပါနဲ့။ ကျွန်မက သခင်မလေးကို အခက်တွေ့အောင် လုပ်ချင်လို့ မဟုတ်ပါဘူး။ သခင်မလေးရဲ့ မိတ်ဆွေကို အိမ်တော်ထိန်းခေါင်းဆောင်ရဲ့ အမိန့်မပါဘဲ ကျွန်မ အခန်းမစီစဉ်ဝံ့လို့ပါ" ထိုအမျိုးသမီးက ကဲ့ရဲ့လှောင်ပြောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

ကျိုးယန်ယန်၏ မျက်လုံးများတွင် မျက်ရည်များ ဝိုင်းလာသော်လည်း သူမသည် ဒေါသကို ထိန်းချုပ်ကာ တီးတိုးပြောလိုက်သည်။

"အမေကြီးဖုန်း၊ ဒီပုဂ္ဂိုလ်က ကျွန်မတို့ကျိုးမိသားစုအပေါ် ကျေးဇူးရှိတဲ့ ဧည့်သည်တစ်ယောက်ပါ။ အရင်ဆုံး နေရာထိုင်ခင်း စီစဉ်ပေးထားပါ၊ အိမ်တော်ထိန်းခေါင်းဆောင်နဲ့ ကျွန်မ ခဏနေ သွားပြောလိုက်ပါ့မယ်"

"ဟဲဟဲ၊ သခင်မလေးယန်ယန်၊ သခင်မလေးက သခင်ဖြစ်ပြီး ကျွန်မက အစေခံဆိုပေမယ့် စည်းကမ်းဆိုတာ ဖောက်ဖျက်လို့ မရဘူးလေ။ မဟုတ်ရင် ကျွန်မ အထက်လူကြီးတွေကို ဘယ်လို ပြန်ပြောရမလဲ။ ပြီးတော့ ကျွန်မ ထင်တာကတော့..." ထိုအမျိုးသမီးက ရွှယ်အန်းကို မရေမရာကြည့်၍ ပြုံးလိုက်သည်။

"ဒီမိတ်ဆွေက သခင်မလေး ခေါ်လာတာဆိုတော့ သခင်မလေးနဲ့ ခဏလောက် အတူထားလိုက်ရင် မဖြစ်ဘူးလား။ ဘာပဲဖြစ်ဖြစ်၊ ဒါက သခင်မလေးအတွက် ဘာမှမထူးခြားဘူးလေ မဟုတ်ဘူးလား"

"ရှင်..." ကျိုးယန်ယန်သည် ဒေါသစိတ်ကြောင့် မျက်နှာတစ်ခုလုံး ဖြူလျော့သွားသည်။

အမေကြီးဖုန်းသည် ကျေနပ်အားရနေသော အကြည့်ဖြင့် ကြည့်နေသည်။ ဤကဲ့သို့သော အစေခံများသည် အိမ်တော်အတွင်း မည်သူ့ကို ရန်စ၍ မည်သူ့ကို ရန်စ၍မရနိုင်ကြောင်း ရှင်းလင်းစွာ သိထားကြသည်။ မိဘမဲ့ဖြစ်နေသော ကျိုးယန်ယန်သည် သိသာထင်ရှားလှသော ပစ်မှတ်တစ်ခုဖြစ်သည်။ အမေကြီးဖုန်းသည် အခန်းစီစဉ်ပေးရသည့် လုပ်ပိုင်ခွင့်သာရှိသော်လည်း အခြားလူများကို စိတ်မသက်မသာဖြစ်အောင် ပြုလုပ်ခြင်းကို အလွန်နှစ်သက်ပုံရသည်။

အထူးသဖြင့် ယနေ့တွင် ဒုတိယသခင်မလေးသည် အိမ်တော်သို့ ပြန်ရောက်ရောက်ချင်း သခင်မကြီးထံ သွားရောက်ကာ ကျိုးယန်ယန်ကို တိုင်တောနေသည်ဟု သူမ ကြားသိခဲ့သည်။ ဤတစ်ကြိမ်တွင် ကျိုးယန်ယန်သည် ပြင်းထန်စွာ အပြစ်ပေးခံခြင်း သို့မဟုတ် လုပ်ပိုင်ခွင့်များ ဆုံးရှုံးတော့မည်ဖြစ်သဖြင့် အမေကြီးဖုန်းသည် သူမကို လုံးလုံးလျားလျား ဂရုမစိုက်ခြင်းဖြစ်သည်။

ကျိုးယန်ယန်၏ နှလုံးသားတစ်ခုလုံး အေးစက်သွားသည်။ သူမသည် ကျိုးမိသားစုအတွက် နတ်ဒေါသပင်လယ်ကို ဖြတ်ကျော်ကာ အန္တရာယ်မျိုးစုံကြားတွင် ခရီးနှင်ခဲ့ရသော်လည်း အိမ်ပြန်ရောက်သည့်အခါတွင် ဤကဲ့သို့သော ဆက်ဆံမှုကိုသာရရှိသည်။ သူမ ဤသို့ဆက်ဆံခံရခြင်းသည် ပြဿနာမဟုတ်သော်လည်း ရွှယ်အန်းကို ဧည့်ဝတ်မကျေဖြစ်နေရခြင်းသည် သူမအတွက် သည်းမခံနိုင်ဖွယ် ဖြစ်စဉ်သာဖြစ်သည်။

ထိုအချိန်တွင် ရုတ်တရက် အပြင်ဘက်မှ လျင်မြန်သော ခြေသံများ ထွက်ပေါ်လာပြီးနောက် ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း အရှိန်အဝါရှိသော အဘိုးအိုတစ်ဦး ဝင်ရောက်လာသည်။ အမေကြီးဖုန်းသည် ထိုအဘိုးအိုကို မြင်သည်နှင့် သူမ၏ မောက်မာသော မျက်နှာအမူအရာသည် ချက်ချင်းပင် ဖော်လံဖားသော အမူအရာသို့ ပြောင်းလဲသွားသည်။

"အိမ်တော်ထိန်းခေါင်းဆောင်၊ ဘာကိစ္စရှိလို့ ကိုယ်တိုင်တောင် ကြွလာရတာလဲ"

ကျိုးယန်ယန်သည်လည်း အံ့အားသင့်သွားသည်။

"ဦးလေးကျိုး"

သူမ ဦးညွှတ်ရန် ပြင်လိုက်စဉ် အဘိုးအိုက အရှေ့သို့ လှမ်းလာပြီးနောက် ကျိုးယန်ယန်ကို ဦးညွှတ်ကာ ပြောလိုက်သည်။

"သခင်မလေးကို နှုတ်ဆက်ပါတယ်"

ဤဖြစ်စဉ်သည် အမေကြီးဖုန်း​၏ မျက်နှာကို နီတစ်ဝက် ဖြူတစ်ဝက်ဖြစ်သွားစေကာ ထိုနေရာတွင် အရှက်ရစွာ ရပ်တန့်နေလေသည်။

ကျိုးယန်ယန်သည် အံ့အားသင့်စွာ မျက်တောင်ခတ်ပြီးနောက် ခါးသီးစွာ ပြောလိုက်သည်။

"ဦးလေးကျိုး၊ ဒီအိမ်တော်မှာ ကျွန်မကို သခင်မလေးလို့ သတ်မှတ်ပေးမယ့်သူက ဦးလေးတစ်ယောက်ပဲ ကျန်တော့ပုံပဲ"

ဤအဘိုးအိုသည် ကျိုးမိသားအိမ်တော်၏ အိမ်တော်ထိန်းခေါင်းဆောင်ဖြစ်သည်။ သူ၏ သစ္စာရှိမှုကြောင့် ယခင်သခင်ကြီးသည် သူ့ထံ ကျိုးမိသားစု​၏ မျိုးရိုးအမည်ကိုပင် ပေးအပ်ခဲ့သည်။ နှစ်ပေါင်း တစ်ရာကျော်ကြာမျှ အမှုထမ်းခဲ့သဖြင့် ဦးလေးကျိုးသည် စံအိမ်အတွင်း အလွန်အဆင့်အတန်း မြင့်မားသူဖြစ်၍ ကျိုးမိသားစု​၏ မျိုးဆက်များပင် သူ့ကို လေးစားစွာ ဆက်ဆံကြသည်။

သူမ၏ စကားကို ကြားသည့်အခါ အိမ်တော်ထိန်းခေါင်းဆောင်သည် သက်ပြင်းတစ်ချက်ချ၍ ရိုသေစွာဖြင့် ပြောလိုက်သည်။

"သခင်မလေးယန်ယန်၊ သခင်မကြီးက သခင်မလေးကို ခေါ်နေပါတယ်"

ကျိုးယန်ယန်၏ မျက်နှာအမူအရာ ချက်ချင်း ဖြူလျော့သွားသည်။ မည်သို့ဆိုသော် ကျိုးယကို ရွှယ်အန်း ပါးရိုက်ချက်ခဲ့သော အကြောင်းအရာသည် အလွယ်တကူ ပြီးဆုံးသွားမည်မဟုတ်ကြောင်း သူမ သိနေသောကြောင့်ဖြစ်သည်။ သခင်မကြီးသည် ပုံမှန်အချိန်တွင် သူမအပေါ် အမြင်မကြည်သည့်အတွက် ယခုကဲ့သို့ ဆင့်ခေါ်ခြင်းသည် ပို၍ပင် ဆိုးရွားနိုင်သည်ဟု သူမ ယူဆနေမိသည်။

ကျိုးယန်ယန်၏ စိုးရိမ်မှုကို မြင်သောအခါ အိမ်တော်ထိန်းခေါင်းဆောင်က အရှေ့သို့ တိုးလာ၍ တီးတိုးပြောလိုက်သည်။

"သိပ်ပြီးစိတ်မပူပါနဲ့ သခင်မလေးယန်ယန်။ သခင်မကြီးက ဒီတစ်ခါသခင်မလေးကို အပြစ်ပေးဖို့ ရည်ရွယ်ထားပုံမရပါဘူး၊ ဒါပေမယ့် သတိတော့ မလွတ်ပါစေနဲ့"

"ကျေးဇူးတင်ပါတယ် ဦးလေးကျိုး" ကျိုးယန်ယန်က ကျေးဇူးတင်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။

"မြန်မြန်သွားလိုက်ပါ၊ သခင်မလေးရဲ့ မိတ်ဆွေကိုတော့ ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်"

"ကောင်းပါပြီ"

အခန်း (၁၀၂၅) ရွှယ်အန်း၏ ခါးသီးသော အပြုံး

"လူကြီးမင်ရွှယ်... ကျွန်မကို ခဏလောက် ခွင့်ပြုပါဦး။ ဦးလေးကျိုးက လူကြီးမင်းအတွက် တည်းခိုဖို့ စီစဉ်ပေးပါလိမ့်မယ်" ကျိုးယန်ယန်သည် ရွှယ်အန်းကို အားနာစွာ ပြုးပြလိုက်သည်။

ရွှယ်အန်းသည် ကနဦးမှ နိဂုံးအထိ ဘေးမှ အေးစက်စွာ စောင့်ကြည့်နေခဲ့၍ ကျိုးယန်ယန်၏ စကားကို ကြားသောအခါတွင်လည်း ခေါင်းကိုသာ ခပ်အေးအေး ငြိမ့်ပြလိုက်သည်။ ကျိုးယန်ယန်သည် အလျင်အမြန် ထွက်ခွာသွားလေသည်။ အိမ်တော်ထိန်းခေါင်းဆောင်သည် ခြံဝင်းအတွင်း၌ တည်ငြိမ်သော အမူအရာဖြင့် ရပ်နေသည့် ရွှယ်အန်းကို ကြည့်၍ အနည်းငယ် အံ့ဩတုန်လှုပ်မိသွားသည်။ ကျိုးမိသားစု၏ အိမ်တော်ခေါင်းဆောင်ဖြစ်သည့် သူသည် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များစွာနှင့် ထိတွေ့ဆက်ဆံဖူးသူဖြစ်သည်။ ကျိန်စာသင့်မြို့တော်၏ မြို့ပိုင်ရှင်ဖြစ်သူ ကျိန်စာသင့်ဧကရီကိုပင် အဝေးမှ တစ်ခါလှမ်းမြင်ခဲ့ဖူးသည်။

သို့သော် ထိုပုဂ္ဂိုလ်တို့​၏ အရှိန်အဝါများ မည်မျှကြီးမားပါစေ၊ ၎င်းတို့၏ အငွေ့အသက်များကို ခန့်မှန်းခြေအားဖြင့် ခြေရာကောက်နိုင်ဆဲဖြစ်သည်။ ယခုအခါ ဤလူငယ်နှင့် ရင်ဆိုင်ရသောအခါ အိမ်တော်ထိန်းခေါင်းဆောင်သည် အဆုံးမရှိ နက်ရှိုင်းလှသော သမုဒ္ဒရာကြီးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည့်အတွက် နှလုံးသားထဲထိ အေးစိမ့်သွားသည်။

ဤခံစားချက်ကြောင့် အိမ်တော်ထိန်းခေါင်းဆောင်သည် အကြည့်ကို နှိမ့်ချ၍ ရိုသေစွာ ပြောလိုက်သည်။

"လူကြီးမင်း ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ"

ထိုသို့ပြောပြီးနောက် ကိုယ်တိုင်လမ်းပြကာ ရွှယ်အန်းကို ဘေးချင်းကပ်တွင်ရှိသော စံအိမ်တစ်ခုဆီသို့ ခေါ်ဆောင်သွားလေသည်။ ဤစံအိမ်သည် ကျိုးယန်ယန် နေထိုင်သည့်နေရာထက် ပိုမိုခမ်းနားရုံသာမကဘဲ လှပသော အစေခံအမျိုးသမီးငယ် လေးဦးလည်း ရှိနေသည်။

"လူကြီးမင်း... တစ်ခုခုလိုအပ်ရင် ကျွန်မတို့ကို အချိန်မရွေး ခိုင်းစေနိုင်ပါတယ်"

ရွှယ်အန်းက ပြုံးလိုက်သော်လည်း စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ ထိုမှတစ်ဆင့် အိမ်တော်ထိန်းခေါင်းဆောင်သည် အရိုအသေပေးပြီးနောက် ထွက်သွားလေသည်။ သူသည် ရွှယ်အန်း၏ အမြင်အာရုံမှ မလွတ်ကင်းချိန်အထိ အသက်ဝဝမရှူနိုင်ခဲ့ရာ၊ သူ၏ ကျောပြင်တစ်လျောက် ချွေးစေးများဖြင့် စိုရွှဲနေကြောင်း သတိထားလိုက်မိသည်။ ထိုတည်ငြိမ်မြင့်မြတ်သော ဟန်ပန်နှင့် နက်ရှိုင်းလှသော အရှိန်အဝါသည် အိမ်တော်ထိန်းခေါင်းဆောင်ကို အတော်တုန်လှုပ်သွားစေသည်။ ဤလူငယ်သည် မည်သူဖြစ်သနည်း။ ထိုသို့အနည်းငယ် တွေးတောပြီးနောက် အိမ်တော်ထိန်းခေါင်းဆောင်သည် အေးစက်သော မျက်နှာဖြင့် အော်ခေါ်လိုက်သည်။

"လာကြစမ်း"

မျက်စိတစ်မှိတ်အတွင်း အိမ်တော်အစေခံအချို့ ရောက်ရှိလာကြသည်။

"ဘာများ စေခိုင်းစရာရှိပါသလဲ အိမ်တော်ထိန်းခေါင်းဆောင်"

"အမိန့်ထုတ်လိုက်စမ်း... အိမ်တော်ရဲ့ ဒီကဏ္ဍကို တာဝန်ယူထားတဲ့ အမျိုးသမီးကြီးရဲ့ ကျင့်စဉ်အဆင့်ကို ဖျက်သိမ်းပြီး အိမ်တော်ကနေ ချက်ချင်း နှင်ထုတ်လိုက်။ ပြီးတော့ ဒီနေရာကို ဘယ်တော့မှ ပြန်မလာနိုင်အောင် သူ့ကို ထာဝရ ပိတ်ပင်ကြောင်း ကြေညာလိုက်"

"ဟုတ်ကဲ့ပါ" အစေခံများက ပြန်ဖြေကာ တိတ်တဆိတ် ထွက်ခွာသွားကြသည်။

ခဏအကြာတွင် ဝေးလံသောနေရာမှ အမျိုးသမီးတစ်ဦး၏ ရင်ကွဲနာကျစွာ အသနားခံအော်ဟစ်သံကို ကြားလိုက်ရသည်။

"မလုပ်ပါနဲ့... အိမ်တော်ထိန်းခေါင်းဆောင်၊ ကျွန်မ မှားသွားတာ သိပါပြီ။ ကျေးဇူးပြုပြီး ကျွန်မကို မနှင်ထုတ်ပါနဲ့... အား..."

အော်ဟစ်သံများ ရုတ်ချည်း ရပ်တန့်သွားပြီးနောက် သွေးများပေပွနေသော အမျိုးသမီးကြီးကို ခွေးသေတစ်ကောင်ကဲ့သို့ ဆွဲထုတ်သွားခြင်းကို အိမ်တော်​၏အစေခံတစ်ဦး မြင်လိုက်ရသည်။ သူမကို ဆွဲဆုတ်သွားသည့် ကြမ်းပြင်တစ်လျှောက်တွင် သွေးလမ်းကြောင်းတစ်ခု ထင်ကျန်ရစ်နေသည်။ လမ်းတွင်ရှိနေသော အစေခံမလေးများနှင့် ကျွန်အမျိုးသမီးများ​၏ မျက်နှာများ ဖြူဖျော့ကာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ အိမ်တော်ထိန်းခေါင်းဆောင်သည် ထိုအစေခံများကို တင်းမာသော အကြည့်ဖြင့် ကြည့်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

"မင်းတို့နောက်ကွယ်မှာ ဘယ်သခင်လေး၊ ဘယ်သခင်မလေးပဲရှိရှိ ကျုပ် ဂရုမစိုက်ဘူး။ သခင်က သခင်၊ အစေခံက အစေခံပဲ။ အကယ်၍ တစ်ယောက်ယောက်က ကောက်ကျစ်တဲ့ ဉာဏ်နီဉာဏ်နက်တွေသုံးပြီး သခင်ကို မရိုမသေလုပ်တာ ဒါမှမဟုတ် အာဏာပြတာမျိုး လုပ်မယ်ဆိုရင် အခုမြင်နေရတဲ့ မြင်ကွင်းက မင်းတို့ရဲ့ အဆုံးသတ်ပဲ"

"ဟုတ်ကဲ့" ကျိုးယန်ယန်ကို အမြဲတမ်း မရိုမသေပြုမူလေ့ရှိသော အစေခံမလေးများ သိသိသာသာ တုန်လှုပ်သွားကြသည့်အတွက် ခေါင်းများငုံ့ထားကြသည်။ ပြီးနောက် အိမ်တော်ထိန်းခေါင်းဆောင်သည် ခြံဝင်းငယ်လေးကို တစ်ချက်ကြည့်၍ ခေါင်းငြိမ့်ပြီးနောက် ထွက်ခွာသွားလေသည်။

ထိုအချိန်တွင် စံအိမ်ငယ်အတွင်းရှိ ရွှယ်အန်း၏ နှုတ်ခမ်းထက်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

"သူက တော်တော်ပါးနပ်တဲ့သူပဲ"

ထိုစဉ် အစေခံမလေး လေးဦးသည် ရေနွေးအိုးများ၊ လက်ဖက်ရည်ခွက်များနှင့် မုန့်အချို့ကို သယ်ယူကာ ဝင်လာကြသည်။

"လူကြီးမင်း... လက်ဖက်ရည် သောက်ပါဦးမလားရှင်"

"အဲဒီမှာပဲ ထားခဲ့လိုက်ပါ" အစေခံမလေး လေးဦးသည် ပစ္စည်းများကို စားပွဲပေါ်တွင် ရိုသေစွာ တင်ထားကြသော်လည်း ပြန်မထွက်သွားကြပေ။

"ခင်ဗျားတို့ သွားလို့ရပြီ၊ ကျုပ် ခိုင်းစရာမရှိသေးဘူး" ရွှယ်အန်းက မော့မကြည့်ဘဲ လက်ခါပြလိုက်သည်။

"လူကြီးမင်း... ကျွန်မတို့ခစားတာ တစ်ခုခုမှားယွင်းသွားလို့လားဟင်" မိန်းကလေးများ တုံ့ဆိုင်းသွားကြပြီးနောက် ခေါင်းဆောင်ဖြစ်ဟန်တူသော မိန်းကလေးက တုံ့ဆိုင်းစွာ မေးလိုက်သည်။

"မဟုတ်ပါဘူး။ ကျုပ် အေးအေးဆေးဆေးပဲ နေချင်လို့။ လိုအပ်ရင် ခေါ်လိုက်မယ်" ရွှယ်အန်း ခေတ္တမျှ ကြောင်အသွားပြီးနောက် ရယ်မောကာ ခေါင်းခါပြလိုက်သည်။

သို့သော်လည်း အစေခံမလေးများသည် မထွက်ခွာဝံ့ကြဘဲ အချင်းချင်းအကြည့်ချင်းဖလှယ်နေကြသည်။ ပြီးနောက် ခေါင်းဆောင်မိန်းကလေးက အရှေ့တိုးကာ ခပ်တိုးတိုးပြောလိုက်သည်။

"အကယ်၍ ကျွန်မတို့ အပြုအမူကို အနှောင့်အယှက်လို့ မထင်ဘူးဆိုရင်၊ ကျွန်မတို့တွေ အခုပဲ လူကြီးမင်းကို ပြုစုနိုင်ပါတယ်"

ရွှယ်အန်းသည် လက်ဖက်ရည် သောက်နေစဉ် ထိုစကားကို ကြားလိုက်ရသဖြင့် ပါးစပ်ထဲမှ လက်ဖက်ရည်များ ပြန်ထွက်လာသည်။ အစေခံမလေး လေးဦးလည်း ထိတ်လန့်တကြား ဒူးထောက်လိုက်ကြသည်။

"ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ... လူကြီးမင်း"

ရွှယ်အန်းက ရယ်ချင်စိတ်နှင့် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

"ကဲ... ထကြပါ၊ ခင်ဗျားတို့အပြစ် မဟုတ်ပါဘူး"

သို့သော်လည်း အစေခံမလေးများ​၏ မျက်နှာအမူအရာသည် အလွန်ဖြူဖျော့ကာ တုန်ရင်နေသည့်အတွက် မတ်တတ်မရပ်ရဲကြပေ။ ရွှယ်အန်း အခြားနည်းလမ်းမရှိတော့သဖြင့် လေသံ ခပ်တင်းတင်းဖြင့် အမိန့်ပေးလိုက်ရသည်။

"ကျုပ် ထခိုင်းနေတယ်လေ၊ မကြားဘူးလား"

ထိုအခါမှသာ မိန်းကလေးများက တုန်တုန်ရင်ရင်ဖြင့် မတ်တပ်ရပ်လိုက်ကြသည်။ ပြီးနောက် ရွှယ်အန်းက လက်ဟန်ပြလိုက်သည်။

"ကျုပ် အစေခံ တကယ် မလိုသေးတာ၊ သွားပြီး အနားယူကြတော့။ လိုအပ်ရင် ခေါ်လိုက်မယ်။ ပြီးတော့ ဒီကိစ္စအတွက် ဘာမှစိတ်ပူစရာမလိုဘူး ကျုပ် အာမခံတယ်"

မိန်းကလေးများသည် ရွှယ်အန်း၏ စေတနာကို နားလည်သွားသောအခါ အချင်းချင်း လှည့်ကြည့်ပြီးနောက် ပြောလိုက်ကြသည်။

"ဒါဆို ကျွန်မတို့ ခွင့်ပြုပါဦးရှင်"

"သွားကြတော့"

အစေခံမလေး လေးဦးသည် အရိုအသေပေးကာ ထွက်သွားကြသည်။ အပြင်ရောက်ရှိချိန်၌သာ ၎င်းတို့၏ မျက်နှာများတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော အမူအရာများ ပေါ်ပေါက်လာသည်။

"ဒီလောက် ချောမောခန့်ညားပြီး ထူးခြားတဲ့ လူကြီးမင်းနဲ့ဆိုရင် ငါတို့ညီအစ်မလေးယောက် ဒီလိုဆင်းရဲတဲ့ဘဝကနေ လွတ်မြောက်နိုင်မလားလို့ မျှော်လင့်နေခဲ့တာ။ အခုတော့ သူက ငါတို့ကို တစ်ချက်တောင် လှည့်မကြည့်ဘူး" ၎င်းတို့အနက်တစ်ဦးက သက်ပြင်းချလိုက်သည်။

"ဒါပေမယ့် အိမ်တော်ထိန်းခေါင်းဆောင်က ဒီလူကြီးမင်းကို ကောင်းကောင်းပြုစုဖို့ ပြောထားတာလေ။ ဒီအတိုင်း အနှင်ထုတ်ခံလိုက်ရတာ တကယ်ပဲ အဆင်ပြေပါ့မလား"

"ဘယ်တတ်နိုင်မှာလဲ သူကိုယ်တိုင်ကမှ မလိုလားတာကို"

အစေခံမလေးများသည် တိုးတိုးတိတ်တိတ် ဆွေးနွေးကာ ထွက်ခွာသွားကြသည်။ ရွှယ်အန်းသည် ၎င်းတို့​၏စကားများကို အကုန်ကြားနေရသဖြင့် ခါးသီးစွာ ပြုံးပြီးနောက် မှော်ရတနာခန်းမကို ဖွင့်လိုက်သည်။

အန်းယန်သည် မှော်ရတနာခန်းမထဲမှ ထွက်လာပြီးနောက် ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။

"လူကြီးမင်း... ကျွန်မတို့ရဲ့ အစေခံမှုကို လိုအပ်ပါသလားရှင့်"

ရွှယ်အန်းက ခြောက်ကပ်ကပ်ရယ်မောပြီးနောက် ပြန်ဖြေလိုက်သည်။

"ယန်အာ... နောက်မနေပါနဲ့ကွာ"

"ဘယ်သူက နောက်နေလို့လဲ... ကြည့်ပါဦး အရမ်းလှတဲ့ အစေခံမလေး လေးယောက်တောင်၊ တစ်စုံတစ်ယောက်ရဲ့ စိတ်တွေယိမ်းယိုင်သွားပြီလားဆိုတာ ဘယ်သူသိမှာလဲ" အန်းယန်က နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

သို့သော် ရွှယ်အန်းက ပြန်မပြောဘဲ အန်းယန်ကိုသာ သေချာစေ့စေ့ကြည့်နေသည်။

"ဘာကြည့်နေတာလဲ" အန်းယန်က မေးလိုက်သည်။

"ကိုယ် စဉ်းစားနေတာ... မင်း ကိုယ်အလေးချိန် မတက်လာဘဲ မနာလိုစိတ်တွေပဲ ဘာလို့တက်လာရတာလဲလို့" ရွှယ်အန်းက ပြန်ဖြေလိုက်သည်။

"ထွီ၊ စကားတွေကတော့ တတ်လိုက်တာ။ ပြောစမ်း၊ ခုနက ကျွန်မသာ ဒီမှာရှိမနေရင် ရှင် ဝမ်းသာအားရ လက်ခံလိုက်မှာ မဟုတ်လား" အန်းယန်က ပြန်ရန်တွေ့လိုက်သည်။

ရွှယ်အန်းက ခေါင်းငြိမ့်ပြလိုက်သည်။

"ဖြစ်နိုင်တာပေါ့"

"ဒီလူယုတ်မာကြီးတော့..." အန်းယန်သည် ရွှယ်အန်းကို လက်သီးဖြင့် ဒေါသတကြီး ထိုးနှက်လိုက်သော်လည်း နောက်ဆုံးတွင် မထိန်းချုပ်နိုင်ဘဲ ရယ်မိသွားသည်။

အန်းယန်သည် မှော်ရတနာခန်းမအတွင်း၌ စိတ်မအေးနိုင်ဖြစ်နေမည်စိုးသဖြင့် နတ်နယ်မြေသို့ မဝင်မီ ရွှယ်အန်းက သူ၏ နတ်အာရုံကို အန်းယန်နှင့် ချိတ်ဆက်ပေးထားခဲ့သည်။ ထို့ကြောင့် လမ်းတစ်လျှောက် ဖြစ်ပျက်သမျှကို သူမ မြင်တွေ့နေရခြင်းဖြစ်သည်။ ထို့ကြောင့် အန်းယန် မှော်ရတနာခန်းမအတွင်းမှ စောင့်ကြည့်နေသည်ကို သိနေသဖြင့် ရွှယ်အန်းသည် အစေခံမလေး လေးဦးနှင့် ရင်ဆိုင်ရစဉ်အတွင်း တောက်လျှောက်ခါးသီးစွာ ပြုံးနေခြင်းဖြစ်ပေသည်။

အခန်း (၁၀၂၆) အိမ်ထောင်သည်အမျိုးသားတစ်ဦး၏ မှော်ဆန်သော စကားစုသုံးခု

"ဟွီယင်နဲ့ ရှန်းရှန်းနဲ့ နျန်နျန်တို့ရော" အားရပါးရ ရယ်မောပြီးနောက် ရွှယ်အန်းက မေးလိုက်သည်။

"ဟွီယင်က အခုတလော ဂိမ်းတစ်ခုကို အရူးအမူးဖြစ်နေလို့ မှော်ရတနာခန်းမထဲ ပျော်ပျော်ကြီး ဆော့နေလေရဲ့။ ရှန်းရှန်းနဲ့ နျန်နျန်ကတော့ စာဖတ်နေကြတယ်။ သူတို့တွေ တစ်နေ့ကို အနည်းဆုံး တစ်နာရီ စာဖတ်ရမယ်လို့ ကျွန်မ စည်းကမ်းထုတ်ထားတယ်။ ခဏနေရင် သွားစစ်ဆေးရမယ်။ တကယ်လို့ မဖြေနိုင်ရင် မုန့်စားခွင့်မရှိဘူး"

"တစ်နာရီတောင်လား... ကလေးတွေ အရမ်းပင်ပန်းနေကြရင် ဘယ်လိုလုပ်မလဲ" ရွှယ်အန်းသည် သူ​၏သမီးလေးများကို သနားနေမိသည်။

"ပင်ပန်းတယ် ဟုတ်လား၊ တစ်နာရီကလေ" အန်းယန်​၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ရှန်းရှန်းနဲ့ နျန်နျန်က ခုနစ်နှစ်ရှိနေပြီ၊ ကမ္ဘာမြေမှာဆိုရင် သူတို့ အခုချိန် မူကြိုတက်နေလောက်ပြီ။ ကျွန်မက အခု သူတို့ကို စာလေးပဲ နည်းနည်း ပိုဖတ်ခိုင်းတာ၊ အဲဒီလိုမှမဟုတ်ရင် သူတို့တွေ တစ်နေကုန် ဆော့နေကြလိမ့်မယ်"

ပြီးနောက် အန်းယန်၏ ရှည်လျားလှသော ဆူပူကြိမ်းမောင်းသံများ ထွက်ပေါ်လာသည်။ အဓိကအားဖြင့် ရွှယ်အန်းသည် သမီးနှစ်ယောက်ကို အလိုလိုက်လွန်းသဖြင့် ၎င်းတို့ ပျက်စီးကုန်တော့မည်ဟူသော အကြောင်းအရာများဖြစ်သည်။ ရွှယ်အန်းသည် ထိုစကားများကို နားရေဝသည်ထိ ကြားဖူးသော်လည်း မကြားချင်ယောင် ဆောင်ရဲခြင်းမရှိပေ။ သူသည် မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းလျက် ရံဖန်ရံခါတွင် ခေါင်းငြိမ့်ပြကာ သဘောတူကြောင်း ဖော်ပြရသေးသည်။

"ဟုတ်ပါတယ် မိန်းမပြောတာ အကုန်မှန်ပါတယ်၊ ကိုယ့် အမှားကို သိပါပြီ"

ဤအိမ်ထောင်သည်အမျိုးသား၏ မှော်ဆန်သော စကားစုသုံးခုကြောင့် အန်းယန်၏ ဆူပူသံများသည် ငါးမိနစ်ခန့်အကြာတွင် ရပ်တန့်သွားသည်။ ပြီးနောက် အန်းယန် လက်ကိုပိုက်လျက် စိတ်တိုတိုဖြင့် ပြောလိုက်သည်။

“ပြောရင်းနဲ့တောင် ပိုပြီးစိတ်တိုလာပြီ"

"ကဲပါ ကဲပါ... မင်း ကလေးတွေအတွက် စေတနာနဲ့ လုပ်တာ ကိုယ် သိပါတယ်။ ဒါပေမယ့် သမီးလေးတွေက တခြားကလေးတွေနဲ့ မတူဘူးလေ။ သူတို့တွေက သင်ယူဖို့ အကန့်အသတ်မဲ့တဲ့ အချိန်တွေရှိတယ်လေ၊ ဒါကြောင့် ကိုယ်က သူတို့ရဲ့ ငယ်ဘဝကို ပိုပြီးပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းစေချင်ရုံပါ" ရွှယ်အန်းက ရယ်လိုက်သည်။

"ဟွန်း၊ အချိန်တွေ အကန့်အသတ်မရှိဘူးဆိုရင်တောင် အလဟဿမဖြုန်းသင့်ဘူးလေ။ ကျွန်မတို့အားလုံးလည်း အောက်ခြေကနေလာခဲ့ကြတာပဲ မဟုတ်လား။ တကယ်လို့ သူတို့ကို ဒီအတိုင်း လွှတ်ထားလိုက်လို့၊ သူတို့တွေ ဇွဲနပဲမရှိတဲ့ လူတွေဖြစ်သွားရင် ဘယ်လောက်ဆိုးရွားလိုက်မလဲ"

အန်းယန်၏ စကားများကြောင့် ရွှယ်အန်း အနည်းငယ် သတိဝင်လာသည်။ ထိုအချက်ကို သူ အမှန်တကယ် မစဉ်းစားမိခဲ့ပေ။ ပြန်တွေးကြည့်သောအခါ အန်းယန်​၏စကားများသည် အလွန်ကျိုးကြောင်းဆီလျော်လှသည်။ အကယ်၍ ငယ်ဘဝသာ အဆုံးမရှိသော ကစားချိန်များဖြစ်နေပါက ကောင်းကျိုးဖြစ်ထွန်းလိမ့်မည် မဟုတ်ပေ။ ထိန်းညှိမှုရှိမှသာ လူတစ်ဦး၏ စရိုက်လက္ခဏာကို ပျိုးထောင်နိုင်မည်ဖြစ်သည်။

"ယန်အာ... ကိုယ် နားလည်ပါပြီ။ နောင်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ် သတိထားပါ့မယ်" ရွှယ်အန်းက စိတ်ရင်းဖြင့် ပြောလိုက်သည်။

အန်းယန်၏ စိတ်အခြေအနေသည် ဒေါသထွက်နေရာမှ ဝမ်းသာမှုဆီသို့ ကူးပြောင်းသွားသည်။ ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ပြောလိုက်သည်။

"ယောက်ျား၊ ခုနက ကျွန်မ မှော်ရတနာခန်းမထဲကနေ အကုန်မြင်လိုက်တယ်။ ဒီမိန်းကလေးက တကယ် သနားဖို့ကောင်းတာပဲ သူ့မိသားစုကတောင် သူ့ကို အနိုင်ကျင့်နေကြတယ်။ ရှင် သူ့ကို ကူညီမှာလား"

ထိုစကားများပြောပြီးသည်နှင့် အန်းယန်၏ မျက်လုံးများ နီမြန်းလာသည်။ ကျိုးယန်ယန်၏ အခြေအနေကြောင့် သူမ၏ အတိတ်ကို ပြန်မြင်ယောင်ကာ စိတ်ထိခိုက်သွားခြင်းဖြစ်ကြောင်း ရွှယ်အန်း သိလိုက်သည်။ ရွှယ်အန်းသည် သူမကို နူးညံ့စွာ ပွေ့ဖက်လိုက်သည်။

"ကဲပါ... ကိုယ် သူ့ကို ကူညီမှာပေါ့။ မဟုတ်ရင် ကိုယ် သူ့နောက်ကို ဘာကိစ္စနဲ့ လိုက်လာရမှာလဲ"

"ဒါဆို ဘယ်လိုကူညီမှာလဲ သူ့ကို အနိုင်ကျင့်တဲ့ လူတွေအကုန်လုံးကို လိုက်ထိုးကြိတ်မှာလား" အန်းယန်က မေးလိုက်သည်။

ရွှယ်အန်းက ခေါင်းခါပြကာ အန်းယန်၏ ဆံနွယ်များကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

"ယန်အာ... ဒီလောက အရာအားလုံးနီးပါးကို လက်သီးနဲ့ ဖြေရှင်းလို့ရပေမယ့် လက်သီးနဲ့ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေလည်း ရှိသေးတယ်၊ အခုကိစ္စလိုမျိုးလေ..."

"တကယ်လို့ ကိုယ်သာ မိန်းကလေးကျိုးအတွက် ထွက်ရပ်တည်ပေးလိုက်ရင်၊ သူ့ရဲ့ ဒေါသကို ခဏတော့ ဖြေဖျောက်ပေးနိုင်မယ်ဆိုပေမယ့် သူ ဘဝတစ်လျှောက်လုံး ဒီအရိပ်မည်းကြီးထဲကနေ ဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး"

အန်းယန်က ခေါင်းငြိမ့်ပြလိုက်သည်။ ဤခံစားချက်ကို သူမထက် ပိုသိသူဟူ၍ မရှိပေ။ ဤသည်မှာ အန်းမိသားစုတွင် ကြံတွေ့ရသော အခြေအနေနှင့် တူညီနေသည်။ သူမကိုယ်တိုင်သည်လည်း ထိုအရိပ်မည်းထဲမှ ရုန်းထွက်ရန် အတော်ကြာသည်အထိ အချိန်ယူခဲ့ရသည် မဟုတ်လေသလော။ ထို့အပြင် ကျိုးယန်ယန်​၏ အခြေအနေသည် သူမထက် ဆိုးရွားနေပုံပေါ်သည်။

"ဒါဆို ရှင် ဘာလုပ်ဖို့ စီစဉ်ထားလဲ"

ရွှယ်အန်းက ပြုံးလိုက်သည်။

"ကိုယ် စီစဉ်ထားတာက... အခုလောလောဆယ် ဒီအတိုင်းပဲ ရောနှောနေထိုင်ဖို့လေ"

စကားပြောပြီးသည်နှင့် ရွှယ်အန်းသည် ပခုံးပေါ်တွင် စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ ရွှယ်အန်းက ရွှတ်နောက်နောက်ပြုမူနေသဖြင့် အန်းယန် စိတ်တိုသွားသည့်အတွက် သူ၏ပခုံးကို ကိုက်လိုက်ခြင်းဖြစ်သည်။

"ယန်အာ၊ နာတယ် မြန်မြန်လွှတ်ပါ"

"ဟွန်း၊ အခု ကျွန်မ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ ရှင် သိပြီမလား။ နောက်တစ်ခါ စကားကို အဲလိုပြောရဲဦးမလား ကြည့်ကြသေးတာပေါ့" အန်းယန်က ဂုဏ်ယူဝင့်ကြွားသော မျက်နှာဖြင့် ပြောလိုက်သည်။

"မပြောရဲတော့ပါဘူး၊ ဒါပေမယ့် ပြန်တော့ အကိုက်ခံရမယ်" ရွှယ်အန်းက သူ၏ပခုံးကို ပွတ်သပ်ပြီးနောက် အပြုံးဖြင့် ပြောလိုက်သည်။ ပြီးနောက် ရွှယ်အန်းသည် အန်းယန်၏ နှုတ်ခမ်းကို ပြန်ကိုက်လိုက်သည်။

"ဟင်..." အန်းယန်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။

ငါးမိနစ်ခန့် ကြာပြီးနောက် အန်းယန်သည် နီမြန်းနေသော မျက်နှာဖြင့် ရွှယ်အန်းကို စိုက်ကြည့်လိုက်သည်။

"ထွီ၊ လူယုတ်မာကြီး"

ရွှယ်အန်းသည် မုန့်ခိုးစားထားသော ဝံပုလွေကြီးကဲ့သို့ သူ၏နှုတ်ခမ်းကို လျှာဖြင့် သပ်နေသည်။

"ကျွန်မ တကယ် ပြောနေတာ၊ ရှင် ဒီမိန်းကလေးကျိုးကို ဘယ်လိုကူညီမှာလဲ" အန်းယန်က ထပ်မေးလိုက်သည်။

"တကယ်တော့ ကိုယ် အသေအချာ မစဉ်းစားရသေးဘူး၊ အခြေအနေကြည့်ပြီး လုပ်ကြတာပေါ့။ ဒါပေမယ့် 'လူတစ်ယောက်ကို ငါးတစ်ကောင်ပေးတာထက် ငါးဖမ်းနည်း သင်ပေးတာက ပိုမြတ်တယ်' ဆိုတဲ့စကားအတိုင်း၊ သူကိုယ်တိုင်လည်း ဒီသဘောတရားကို နားလည်သင့်တယ်" ရွှယ်အန်းက ရယ်လိုက်သည်။

အန်းယန်က ခေါင်းငြိမ့်ပြလာသည်။ ထိုစဉ် ရွှယ်အန်းက ကျီစယ်သော အမူအရာဖြင့် ပြောလိုက်သည်။

"ယန်အာ..."

အန်းယန်သည် ထိုစကားများမဆုံးမီတွင် လျှပ်စစ်ဖြင့် အတို့ခံရသကဲ့သို့ ထခုန်ပြီးနောက် ပျာယာခတ်စွာ ပြောလိုက်သည်။

"အို... အချိန်ပြည့်ပြီ၊ ရှန်းရှန်းနဲ့ နျန်နျန်တို့ စာလုပ်တာ သွားစစ်ရဦးမယ်" ပြီးသည်နှင့် ရွှယ်အန်း​၏ တုံ့ပြန်မှုကိုပင် မစောင့်ဘဲ မှော်ရတနာခန်းမထဲသို့ ပြေးဝင်သွားတော့သည်။

ရွှယ်အန်းသည် ပြေးထွက်သွားသော အန်းယန်ကို ကြောင်အမ်းအမ်း အမူအရာဖြင့် ကြည့်လျက် ခေါင်းခါကာ ရယ်မောလိုက်သည်။

"ယန်အာ... ဘာလို့ ဒီလောက်မြန်မြန်ထွက်ပြေးနေတာလဲ၊ ကိုယ်က မင်းကို ကိုက်စားမှာကျနေတာပဲ"

"ဟင်း ရှင် တွေးတာ မှန်သွားပြီ" အန်းယန်၏ အော်သံသည် ခန်းမအတွင်းမှ ထွက်ပေါ်လာခဲ့ရာ၊ သူမသည် အောင်နိုင်သူတစ်ဦးကဲ့သို့ ကြေညာလိုက်သည်။

"တုံးတဲ့ယောက်ျားရေ... ကျွန်မကို ဖမ်းနိုင်ရင် လာဖမ်းပေါ့၊ ဟားဟားဟား"

"ဟူး... ခက်ပါတယ်၊ ဒါဆို ကိုယ့်ကို ပြုစုပေးဖို့ ဟိုအစေခံမလေးတွေကိုပဲ ခေါ်ရတော့မယ် ထင်တယ်" ရွှယ်အန်းက ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။

"ရှင် မလုပ်ရဲပါဘူး" အန်းယန်၏ အော်သံသည် ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာပြန်သည်။

"ကိုယ့်ကို စမ်းခွင့်မပေးဘဲ လုပ်ရဲလား မလုပ်ရဲလား မင်းက ဘယ်လိုသိမှာလဲ"

"ဟင်း... ရှင် လုပ်ရဲလို့ကတော့၊ ကျွန်မ ရှင့်ကို ဖြတ်ထုတ်ပစ်မယ်ဆိုတာ ရှင့် ယုံလား" အန်းယန်၏ လေသံသည် ရုတ်တရက် အေးစက်သွားသည်။

ရွှယ်အန်းသည် ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်ကာ ညည်းတွားလိုက်သည်။

"ဒီနေ့ည ထွက်တဲ့လမင်းကြီးက တော်တော်လှတာပဲ" သို့သော် ပြတင်းပေါက် အပြင်ဘက်သည် လင်းထိန်နေသော နေ့ခင်းဘက်ဖြစ်လေသည်။

ရွှယ်အန်း ချက်ချင်းပင် ငြိမ်ကျသွားကြောင်ဒ မြင်လိုက်ရသောအခါ အန်းယန်သည် ကျေနပ်စွာ ခေါင်းငြိမ့်၍ ဒုတိယထပ်ရှိ ကလေးများဆီ လျှောက်သွားလေသည်။ လမ်းတွင် သူမသည် ဟွီယင်နှင့် ရှောင်ယွီတို့ ဂိမ်းကစားနေသည့် အခန်းဘက်သို့ ခဏဝင်ကြည့်လိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် သရဲတစ္ဆေများ အော်ဟစ်နေသကဲ့သို့ ဆူညံသံများကို ကြားလိုက်ရသည်။

"အား... လန့်လိုက်တာ၊ သေတော့မှာပဲ" ရှောင်ယွီသည် မျက်နှာတစ်ခုလုံး ဖြူလျော့ကာ အော်ဟစ်နေသော်လည်း သူမ၏ မျက်လုံးများသည် ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ ထိတ်လန့်ဖွယ် မြင်ကွင်းကို စိုက်ကြည့်နေဆဲဖြစ်သည်။

သူမဘေးရှိ တခြားကွန်ပျူတာတစ်လုံးတွင် ဟွီယင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"သံမဏိဒယ်ပြားရေ... နင် တိတ်တိတ်နေလို့ မရဘူးလား။ ဂိမ်းလေးတစ်ခု ကစားနေတာကို နင့် အသံချည်းပဲ"

"ကျွန်မက သံမဏိဒယ်ပြား မဟုတ်ဘူး" ရှောင်ယွီသည် ဂိမ်းကြောင့် ကြောက်လန့်နေသော်လည်း ရန်ပြန်တွေ့ရန် မမေ့လျော့ခဲ့ပေ။

"တော်စမ်းပါ ရှောင်ယွီလေးရယ်၊ နင်ကလေ နတ်ဆိုးမျိုးနွယ်အတွက် အရှက်ရစရာပဲ၊ teppanyaki ချက်တာကမှ နင်နဲ့ အလိုက်ဖက်ဆုံးပဲ"

All Chapters