← Chapters

အခန်း (၁၀၂၇-၁၀၂၉)

Vol. 69 Ch. 1027-1029

အခန်း (၁၀၂၇-၁၀၂၉)

Vol. 69 Ch. 1027-1029

အခန်း (၁၀၂၇) ဖုံးကွယ်ထားသော သတ်ဖြတ်လိုစိတ်

"ကျွန်မ ပြောနေတယ်၊ မဟုတ်ပါဘူးဆိုတာကို... အား။ လန့်လို့ သေတော့မှာပဲ၊ ဟိုမှာ ဘာလို့လူတစ်ယောက်ရှိနေတာလဲ အား..." ရှောင်ယွီသည် ဆက်လက် မငြင်းခုံနိုင်တော့ပေ။ ဂိမ်းထဲတွင် ရုတ်တရက် ပေါ်လာသော အရိုးခေါင်းကြီးကြောင့် သူမ အကြီးအကျယ် ထိတ်လန့်သွားသောကြောင့်ဖြစ်သည်။

ဟွီယင်က ခေါင်းခါလိုက်သည်။

"ကြည့်ဦး... မမယန်က မဆော့နဲ့လို့ ပြောတုန်းကတော့ သူ့ကို ဘယ်သူမှ အလေးအနက်မထားဘူးဆိုပြီး ငိုယိုဂျီကျနေပြီး၊ အခု ဆော့ခွင့်ပေးတော့လည်း အသည်းအသန် ကြောက်လန့်နေပြန်ရော။ ဒါက ကိုယ့်ဒုက္ခကိုယ် ရှာနေတာမဟုတ်ဘူးလား"

"ကျွန်မလည်း ဒီလိုမဖြစ်ချင်ပါဘူး၊ ဒါပေမယ့် ဆော့ချင်စိတ်ကို မထိန်းနိုင်လို့ပါ" ရှောင်ယွီက သနားစဖွယ် အမူအရာနှင့် ပြောပြီးနောက် ဟွီယင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"သခင်မလေးဟွီရော ဒါဆော့ရတာ မကြောက်ဘူးလား"

"မကြောက်ဘူးလား ဟုတ်လား" ဟွီယင်က လှောင်ပြောင်လိုက်သည်။

"ငါက ချင်းချိုမြေခွေးတိုင်းပြည်ရဲ့ ဂုဏ်သရေရှိ မင်းသမီးတစ်ပါးဖြစ်ပြီး ကောင်းကင်မြေခွေးမျိုးဆက်ရဲ့ တိုက်ရိုက်အမွေဆက်ခံသူပဲ၊ ငါက ဒီလိုဂိမ်းလောက်နဲ့ ဘာလို့ကြောက်ရမှာလဲ..."

စကားမဆုံးမီ သွေးမျက်ရည်ကျနေသည့် မျက်လုံးများနှင့် ကလေးတစ်ဦး၏ ပုံရိပ်သည် ဟွီယင်၏ ကွန်ပြူတာမျက်နှာပြင်ပေါ်တွင် ရုတ်တရက် ပေါ်လာပြီးနောက် ခဏအကြာတွင် ဖန်သားပြင်တစ်ခုလုံးတွင် ပြည့်နှက်သွားသည်။ ဟွီယင်သည် ထိတ်လန့်သွားသောကြောင့် အင်အားကြီးမားလှသော နတ်ဆိုးစွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာကာ သူမ အရှေ့ရှိ ကွန်ပျူတာသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလေသည်။

"ကျွတ်... အဲ့ဒါ ဘာကြီးလဲ၊ လန့်လိုက်တာ" ဟွီယင်သည် ရင်ဘတ်ကို ဖိလျက် ကြောက်လန့်မှုများ ပြည့်နှက်နေသည့် မျက်နှာနှင့် ပြောလိုက်သည်။

ရှောင်ယွီသည် ငေးငိုင်စွာ စိုက်ကြည့်နေပြီးနောက် ဟွီယင်ဘက်သို့လှည့်၍ လေးနက်စွာ ပြောလိုက်သည်။

"သခင်မလေးဟွီ... ဒါနဲ့ဆိုရင် သခင်မလေးဟွီ ရိုက်ခွဲပစ်လိုက်တဲ့ ကွန်ပျူတာက ငါးလုံးရှိသွားပြီ။ ဒီအတိုင်းဆိုရင် ကမ္ဘာမြေကို မပြန်ရသေးခင် ကျွန်မတို့ ကွန်ပျူတာတွေ အကုန်လုံး သခင်မလေးဟွီ လက်ထဲမှာ ပျက်စီးကုန်တော့မယ်"

"ဟီးဟီး... ငါ့အမှားပါ၊ ဒါက တကယ် ငါ့အမှားပါ" ဟွီယင်က ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။

အန်းယန်သည် ထိုမြင်ကွင်းကို ကြည့်လျက် အနည်းငယ် အံ့အားသင့်သွားသည်။ ဟွီယင်နှင့် ရှောင်ယွီတို့ကို သရဲဂိမ်းဆော့ရန် အကြံပြုခဲ့သူသည် အန်းယန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအဆော့သန်သူ နှစ်ဦးသည် တစ်နေကုန် ရှန်းရှန်းတို့နှင့်အတူ မှော်ရတနာခန်းမတစ်ခုလုံးကို ပြောင်းပြန်လှန်လုမတတ် ဆူညံနေကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဒေါသထွက်သွားသော အန်းယန်သည် ၎င်းတို့အားလုံး ငြိမ်သက်သွားရန် ဂိမ်းနှင့် ထိန်းချုပ်ထားခြင်းဖြစ်သည်။ ယခုအခါ အန်းယန်သည် ရှိသမျှသရဲဂိမ်းအားလုံးကို ဆော့ပြီးသွားပြီဖြစ်သည်။ ထိုနှစ်ဦးကို ထိန်းချုပ်ရန်အတွက် အန်းယန်က အကြောက်ရဆုံးနှင့် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ဂိမ်းအချို့ကို ရွေးထုတ်ပေးခဲ့သည်။

သူမ​၏ ထိုအစီအစဉ်သည် အလွန်အကျိုးသက်ရောက်ခဲ့ပုံပေါ်သည်။ ဟွီယင်နှင့် ရှောင်ယွီတို့သည် ကြောက်လန့်တကြား အော်ဟစ်နေကြသော်လည်း ထိုဂိမ်းကို အရူးအမူး စွဲလမ်းနေကြသည်။ သို့သော် ဟွီယင်၏ မျိုးနွယ်သည် အားကောင်းလွန်းသဖြင့် စိတ်လှုပ်ရှားမှု အတိုင်းအတာတစ်ခုသို့ ကျော်လွန်သွားပါက သူမရှေ့ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လေ့ရှိသည်။ ဤဖြစ်ရပ်သည် အစပိုင်းတွင် သိပ်မသိသာသော်လည်း ရက်အနည်းငယ် ကြာလာသောအခါ ဟွီယင်၏ မျိုးနွယ်စုစွမ်းအင်များ ပိုမို အားကောင်းလာကြောင်း အန်းယန် သတိပြုမိသွားသည်။ ကြမ်းပြင်ပေါ်တွင် ဖုန်မှုန့်အဖြစ် ကြေမွပျက်စီးနေသော ကွန်ပျူတာများသည် သက်သေဖြစ်သည်။ အစပိုင်းတွင် အပျက်အစီးများကို ကွန်ပျူတာအဖြစ် သိရှိနိုင်သေးသည်။ ထို့ပြင် ကနဦးတွင် အသက် ၁၁၊ ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ဆင်တူသော ဟွီယင်သည် အခုအခါ ၁၃၊ ၁၄ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးနှင့် ပိုတူလာကြောင်း အန်းယန် သတိထားလိုက်မိသည်။

'ယင်အာ တဖြည်းဖြည်း ပြန်သက်သာလာပြီပဲ' အန်းယန်က တွေးလိုက်မိသည်။

ထိုအချိန် ကျိုးယန်ယန်သည် ခြံဝင်းများစွာကို ဖြတ်ကျော်ကာ ကျိုးမိသားစု၏ အနောက်ဆောင်သို့ ရောက်ရှိလာပြီဖြစ်သည်။ လှပစွာ ထွင်းထုထားသော ပန်းကနုတ်များနှင့် ဆေးခြယ်ထားသည့် အဆောက်အဦများရှိနေသော်လည်း အဓိကအချက်မှာ အနောက်ဆောင်တစ်ခုလုံးသည် ကြီးမားလှသော မှော်အကာအကွယ်တစ်ခုအောက်တွင်ရှိနေသည်။ ကျိုးယန်ယန်သည် ထိုအကာအကွယ်ကို ဖြတ်သန်းလိုက်သောအခါ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များ ချက်ချင်း ဆယ်ဆခန့် ပိုမိုသိပ်သည်းလာ၍ အပူချိန်သည်လည်း အဆင်ပြေဆုံး အနေအထားတွင်ရှိနေကြောင်း ခံစားလိုက်ရသည်။ ဤကဲ့သို့ တန်ဖိုးကြီးသော မှော်အဆောင်များကို အသုံးပြု၍ နေထိုင်မှုပတ်ဝန်းကျင်ရှိ အပူချိန်နှင် ဝိညာဉ်စွမ်းအင်ကို မြှင့်တင်ခြင်းသည် အလွန်မင်းစိုးရာဇာဆန်လှသော နည်းလမ်းဖြစ်သည်။

အနောက်ဆောင်တွင် သွားလာနေသော အစေခံမလေးများသည် တောက်ပစွာ ဝတ်စားဆင်ယင်ထား၍ တက်ကြွလန်းဆန်းနေကြသည်။ ၎င်းတို့အနက် တစ်ဦးတစ်ယောက်ကိုသာ အပြင်သို့ ခေါ်သွားပါက၊ သူဌေးသမီးများဟုပင် ထင်မှတ်ကြပေလိမ့်မည်။ ၎င်းတို့နှင့် နှိုင်းယှဉ်ပါက ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျိုးယန်ယန် အစေခံတစ်ဦးနှင့်ပင် ပို၍ ဆင်တူနေသည်။ ကျိုးယန်ယန်သည် အထဲသို့ ရောက်ကတည်းက ခေါင်းငုံ့ကာ တိတ်တဆိတ် လမ်းလျှောက်ခြင်းဖြင့် မည်သူ့အာရုံကိုမျှ မဆွဲဆောင်မိအောင် ကြိုးစားနေသည်။ သို့သော်လည်း သူမ ဖြတ်သွားသောအခါ အစေခံမလေးများက ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။ သူမ ဖြတ်သွားသည်နှင့် ၎င်းတို့အားလုံး စုရုံးကာ တီးတိုးအတင်းပြောနေကြလေသည်။

"ဘုရားရေ၊ အစေခံရဲ့သမီးက အနောက်ဆောင်ထဲကို ဘယ်လိုလုပ်လာရဲရတာလဲ"

"နင် မကြားလိုက်ဘူးလား သူမကို သခင်မကြီးကိုယ်တိုင် ခေါ်ထားတာတဲ့"

"ဒီနေ့ ဆိပ်ကမ်းမှာ သူက အပြင်လူတစ်ယောက်နဲ့ ပေါင်းပြီး ဒုတိယသခင်မလေးကို ပါးရိုက်ခဲ့တယ်လို့ ငါ ကြားတယ်၊ အဲဒါကြောင့် ခေါ်ခံရတာနေမှာ"

"ကျွတ်၊ ကျွတ် သခင်မလေးကျိုးယကိုတောင် ရိုက်ရဲတယ်ဆိုတော့ ဒီတစ်ခါ ဒီအစေခံသမီးတော့ သေရင်သေ မသေရင် ဒုက္ခိတဖြစ်သွားလောက်တယ်"

"ဟီးဟီး၊ ကြည့်နေကြ။ သခင်မကြီးက သူ့ကို အရင်တည်းက အမြင်မကြည်တာ အခုဒီကိစ္စနဲ့ဆိုရင် သူ့အခြေအနေ ပိုပြီးတောင် ဆိုးသွားလိမ့်မယ်"

တီးတိုးဆွေးနွေးနေကြသော်လည်း ထိုစကားသံအချို့သည် ကျိုးယန်ယန်၏ နားထဲသို့ ရောက်ရှိလာသည်။ သူမသည် ခေါင်းကို ပို၍ငုံ့ထားလိုက်သည်။ နောက်ဆုံးတွင် သူမသည် ကျိုးမိသားစု၏ အစစ်အမှန် အာဏာရှင်ဖြစ်၍ အဘွားဖြစ်သည့် သခင်မကြီးကျိုး၏ ခြံဝင်းအတွင်းသို့ ရောက်ရှိလာသည်။ သူမသည် ရွှေရောင်လင်းလက်နေသော တံခါးကြီးကို မော့ကြည့်၍ အသက်ပြင်းပြင်းရှူပြီးနောက် တံခါးခေါက်လိုက်သည်။ တံခါးပွင့်လာသောအခါ တံခါးအနောက်ရှိ အစေခံမလေးတစ်ဦးသည် ကျိုးယန်ယန်ကို အပြုံးဖြင့် ပြောလိုက်သည်။

"သခင်မလေးယန်ယန်၊ သခင်မကြီးက အထဲမှာ စောင့်နေပါတယ်၊ ကြွပါရှင်"

ကျိုးယန်ယန်၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။

'ငါ့ကို စောင့်နေတယ်တဲ့လား' သခင်မကြီးက သူမကို မည်သည့်အချိန် စောင့်ဆိုင်းခဲ့ဖူးသနည်း။ ယနေ့ကိစ္စအတွက် အပြစ်ပေးရန်ဖြစ်လေသလော။ ကျိုးယသည် မျက်နှာသာအပေးခံရသော်လည်း သခင်မကြီးကို ထိုသို့လှုပ်ရှားသည်အထိ ပြုလုပ်နိုင်မည် မဟုတ်ပေ။ ကျိုးယန်ယန်သည် စိုးရိမ်တုန်လှုပ်မှုများနှင့်အတူ အစေခံမလေးနောက်သို့ လိုက်ပါသွားသည်။ ရှည်လျားသော စင်္ကြံများကို ဖြတ်ကျော်၍ ကွေ့ပတ်ပြီးနောက် အဆုံးတွင် ခမ်းနားလှသော ခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်လာသည်။

ခန်းမသည် ကျယ်ပြောလှသည့်အပြင် အခန်းတွင်း အပြင်အဆင်များသည် အလွန်အနုစိတ်လှပနေရာ၊ သူမ ခြေဖဝါးအောက်ရှိ ကြမ်းပြင်သည် ကြယ်သလင်းကျောက်များဖြင့် ခင်းကျင်းထားသည်။ ကျိုးယန်ယန်သည် အသက်ပြင်းပြင်းပင် မရှူရဲဘဲ အစေခံမလေးနှင့်အတူ အခန်းထဲသို့ လိုက်ပါသွားသည်။ ကြီးမားလှသော ပိတ်ကားချပ်ကို ပတ်လျှောက်ပြီးနောက် အစေခံမလေးက တီးတိုးပြောလိုက်သည်။

"သခင်မကြီး... သခင်မလေးယန်ယန် ရောက်လာပါပြီ"

ကျိုးယန်ယန် ခေါင်းမမော့ရဲဘဲ ရိုသေစွာ ဒူးထောက်လိုက်သည်။

"ယန်ယန် သခင်မကြီးကို အရိုအသေပေးပါတယ်"

သူမသည် မိမိကိုယ်မိမိ 'မြေး' ဟုပင် မခေါ်ရဲပေ။ အခန်းထဲတွင် ကြောက်မက်ဖွယ် တိတ်ဆိတ်မှုများ လွှမ်းမိုးသွားသည်။ ပြီးနောက် ထိန်းသိမ်းမှုကြောင့် ငါးဆယ် ခြောက်ဆယ်အရွယ်ခန့်ဟု ထင်မှတ်ရသည့် သခင်မကြီးကျိုးသည် ပုလဲလိုက်ကာနောက်ရှိ ပုလ္လိင်တွင် ထိုင်လျက် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်၍ ညင်သာစွာ ပြောလိုက်သည်။

"အော်... ယန်ယန်ပဲ၊ ထပါ"

'ဟင်'

ကျိုးယန်ယန်၏ ရင်ထဲတွင် ပြင်းထန်စွာ တုန်ခါသွားသည်။ သူမသည် မိမိအကြားအာရုံကိုပင် မယုံကြည်နိုင်ဖြစ်နေမိသည်။ သူမသည် ငယ်စဉ်ကတည်းက သခင်မကြီး​၏ ကြင်နာသော အပြုအမူကို တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့ဖူးပေ။ တွေ့ဆုံချိန်တိုင်းတွင် အစေခံတစ်ယောက်ကဲ့သို့သာ အမြဲဆူပူကြိမ်းမောင်းခံခဲ့ရသည်။

ယခုအခါ သခင်မကြီးသည် မည်သို့ကြောင့် ဤမျှသဘောကောင်းနေရသနည်း။ ကျိုးယန်ယန်သည် သံသယများရှိသော်လည်း အနည်းငယ်မျှ မနှောင့်နှေးဝံ့ပေ။

"ဟုတ်ကဲ့ပါ"

ပြန်ဖြေပြီးနောက် သူမသည် မတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အခန်းအတွင်း၌ သခင်မကြီးထိုင်နေသော ပုလ္လိင်အောက်တွင် ကုလားထိုင်နှစ်တန်းရှိနေ၍ ထိုနေရာ၌ ကျိုးမိသားစု၏ မျိုးဆက်အသီးသီးမှ အကြီးအကဲများ ထိုင်နေကြောင်း သူမ မြင်တွေ့လိုက်ရလေသည်။

အခန်း (၁၀၂၈) ဘာမှမဖြစ်ဘူး၊ သတ်ပစ်လိုက်ရုံပဲ

ကျိုးယန်ယန်နှင့် မလှမ်းမကမ်းရှိ ကုလားထိုင်များတွင် ဇိမ်ခံအဝတ်အစားများ ဝတ်ဆင်ထားသည့် အလယ်အလတ်အရွယ်အစား အမျိုးသမီးတစ်ဦးထိုင်နေ၍ သူမ အနောက်တွင်မူ ပါးရိုက်ခံခဲ့ရသည့် ကျိုးမိသားစု၏ ဒုတိယသခင်မလေးကျိုးယ ရပ်နေသည်။ ယခုအချိန်တွင် ကျိုးယသည် ကျိုးယန်ယန်ကို အလွန်ရှုပ်ထွေးလှသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။ သူမ​၏အကြည့်များအနက် မကျေနပ်မှုများ အနိုင်ရလိုမှုများနှင့်အတူ ဖော်ပြမနိုင်သော ရွှင်မြူးမှုများပင် ရောနှောနေသည်။ ဤမြင်ကွင်းတစ်ခုလုံးသည် ကျိုးယန်ယန်၏ နှလုံးသားကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ဤအခြေအနေသည် အလွန်ကြီးကျယ်ခမ်းနားလွန်းသည့်အပြင် အဖြစ်အပျက်များကို သူမ လုံးလုံးလျားလျား နားမလည်သောကြောင့်ဖြစ်သည်။ ထိုစဉ် သခင်မကြီးကျိုးက ထပ်မံ၍ စကားဆိုလာသည်။

"ယန်ယန်... မင်း ဒီတစ်ခေါက် ပင်လယ်ခရီး ကုန်သွယ်မှုရလဒ်အခြေအနေ ဘယ်လိုရှိလဲ"

ကျိုးယန်ယန်သည် ကြောက်ရွံ့နေသော်လည်း ခရီးစဉ်တစ်လျှောက်လုံးကို အလွတ်ရထားသူဖြစ်သဖြင့် ခရီးစဉ်ရလဒ်အားလုံးကို မဆိုင်းမတွဘဲ ချက်ချင်း အစီရင်ခံလိုက်သည်။ သူမ စကားပြောပြီးသောအခါ ခန်းမဆောင်ကြီးတစ်ခုလုံး မငြိမ်မသက်ဖြစ်သွားသည်။ အခန်းထဲရှိ အကြီးအကဲများသည် ကျိုးယန်ယန်၏ အစီရင်ခံမှုကြောင့် အံ့အားသင့်သွားသည့်အတွက် အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။ ၎င်းဖြစ်စဉ်ကို မြင်လိုက်ရသောအခါ ကျိုးယ၏ မျက်လုံးများတွင် ဒေါသအရိပ်အမြွက်များ မြင့်တက်လာသော်လည်း နောက်ဆုံးတွင် ကျိုးယန်ယန်ကို မုန်းတီးစွာ တစ်ချက်စိုက်ကြည့်ပြီးနောက် ခေါင်းငုံ့လိုက်သည်။ ထိုအချိန် ပုလဲလိုက်ကာနောက်ရှိ သခင်မကြီးကျိုးထံမှ သာယာသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

"သိပ်ကောင်းတယ်၊ ဒီလောက်ထိ အမြတ်အစွန်းများများ ရလာတယ်ဆိုတော့ မင်း အရမ်းတော်တာပဲ"

ကျိုးယန်ယန်သည် ကြောင်အမ်းအမ်းဖြစ်၍ မိမိနားကိုပင် မယုံကြည်နိုင်ဖြစ်သွားလေသည်။ 'သခင်မကြီးက ရယ်လိုက်တာလား၊ ပြီးတော့ ငါ့ကိုတောင် ချီးကျူးလိုက်သေးတယ်'

ဤသည်မှာ သူမ တစ်ခါမျှ စိတ်ကူးမကြည့်ဖူးသော အကြောင်းအရာဖြစ်သည်။ သူမ မည်မျှကြိုးစားခဲ့ပါစေ၊ ငယ်စဉ်ကတည်းက မည်မျှပင် ထူးချွန်ခဲ့ပါစေ၊ ချီးကျူးစကားဟူ၍ တစ်ခါမှ မကြားခဲ့ဖူးပေ။ သို့သော် ယနေ့တွင် ချီးကျူးမှုများကို ရရှိခဲ့ရသည်၊ ဤသည်မှာ မည်သည့်အခြေအနေဖြစ်သနည်း။ ကျိုးယန်ယန်သည် လုံးလုံးလျားလျား ဝေခွဲမရဖြစ်လျက် ရပ်နေမိသည်။ ထိုစဉ် သခင်မကြီးက ညင်သာစွာ ဆက်ပြောသည်။

"ဒီနှစ်တွေထဲ မင်း တကယ် ပင်ပန်းခဲ့ပြီ"

ရိုးရှင်းသော နှစ်သိမ့်စကားတစ်ခွန်းဖြစ်သော်လည်း ကျိုးယန်ယန်၏ ရင်ထဲတွင် ခံစားချက်များ လှိုင်းထသွား၍ မျက်ရည်ပင် ဝဲလာသည်။ သူမသည် အသက်ကို ပြင်းပြင်းရှူကာ တုန်ယင်နေသော အသံဖြင့် ပြန်ဖြေလိုက်သည်။

"ဒါတွေအားလုံးက ကျွန်မရဲ့ တာဝန်ဝတ္တရားတွေပါ"

သခင်မကြီးကျိုးက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"သိပ်ကောင်းတယ်။ ဒီလိုတွေးတတ်တာကိုကြည့်ရင် မင်းက တကယ့်ကို လိမ္မာတဲ့ကလေးပဲ"

ကျိုးယန်ယန်သည် ဝမ်းသာပီတိများ လွှမ်းမိုးလာ၍ တစ်ခါမှမခံစားဖူးသော ပျော်ရွှင်မှုများ သူမ နှလုံးသားတွင် ပြည့်လျှံလာသည်။ ပြီးနောက် သခင်မကြီးကျိုးက ကြေညာလိုက်သည်။

"ဒီနေ့ည ငါတို့ကျိုးမိသားစုမှာ အရေးကြီးတဲ့ ဧည့်သည်တစ်ယောက်ကို ကြိုဆိုဖို့အတွက် ဂုဏ်ပြုညစာစားပွဲ ကျင်းပမယ်။ မင်းလည်း ကိုယ်လက်သန့်စင်ပြီး လာတတ်ချေ"

ကျိုးယန်ယန် ငေးငိုင်သွားခဲ့ရာ၊ ဆယ်စက္ကန့်ခန့်အကြာတွင် သတိပြန်ဝင်လာ၍ စိတ်လှုပ်ရှားစွာ အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ"

"သွားတော့၊ လှလှပပ ပြင်ဆင်လာဖို့ မမေ့နဲ့ဦး၊ နောက်မကျစေနဲ့"

"ဟုတ်ကဲ့ပါ" ကျိုးယန်ယန်သည် ဝမ်းသာလွန်းသဖြင့် ငိုချင်လာမိသည်။ မိမိ၏ နှစ်ရှည်လများ ကြိုးစားအားထုတ်မှုများ ယခုအချိန်တွင် အရာထင်လာပြီဟု သူမ ခံစားလိုက်ရသည်။ ကျိုးယန်ယန် ထွက်ခွာတော့မည့်အချိန်တွင် ခန်းမအောက်ဘက်ခုံတွင် ထိုင်နေသော အလယ်အလတ်အရွယ် အမျိုးသမီးက ပြုံးလျက် ပြောလိုက်သည်။

"သခင်မကြီး... ယန်ယန် ခေါ်လာတဲ့ အထူးဧည့်သည်တော်ကို မေ့နေပြီလား"

သခင်မကြီးကျိုးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ငါ့မှတ်ဉာဏ်ကို ကြည့်ပါဦး။ ဟုတ်သားပဲ၊ မင်းရဲ့ မိတ်ဆွေကိုလည်း ဖိတ်ဖို့ မမေ့နဲ့ဦး သူက မင်းကိုရော ကျိုးမိသားစုရဲ့ သင်္ဘောကိုပါ ကယ်တင်ခဲ့တာဆိုတော့ သူကလည်း ကျိုးမိသားစုရဲ့ မိတ်ဆွေပဲပေါ့"

"ဟုတ်ကဲ့၊ စိတ်ချပါ သခင်မကြီး" ကျိုးယန်ယန်က ပြုံးလျက် ပြန်ဖြေလိုက်သည်။

သို့သော် သူမ၏ အတိုင်းအတာမဲ့ ပျော်ရွှင်မှုများကြားတွင် အတော်အတန် စိတ်ထားကောင်းသော ကျိုးမိသားစုအကြီးအကဲအချို့၏ ကရုဏာသက်နေသော အကြည့်များကို သူမ သတိမထားမိခဲ့ပေ။

ကျိုးယန်ယန် ထွက်သွားပြီးနောက် ကျိုးယက မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"အဘွား... အဲဒီအောက်တန်းစားမလေးကို ဒီလိုအလွယ်လေး လွှတ်ပေးလိုက်တာလား"

ပုလဲလိုက်ကာနောက်တွင် တိတ်ဆိတ်မှုများ ခေတ္တလွှမ်းမိုးသွားပြီးနောက် သခင်မကြီးကျိုး၏ အေးစက်စက် အသံထွက်ပေါ်လာသည်။

"ကျိုးယ၊ မင်း ငါ့ကို ဆရာလာလုပ်နေတာလား"

ကျိုးယသည် ထိတ်လန့်သွားပြီးနောက် ဖြူလျော့နေသော မျက်နှာဖြင့် ကြမ်းပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်လိုက်သည်။

"ကျွန်မ မဝံ့ရဲပါဘူး"

"ဟမ်း၊ အသုံးမကျတဲ့မိန်းမ။ ကျိုးမိသားစုဝင်တစ်ယောက်ဖြစ်ပြီးတော့ လူရှေ့သူရှေ့မှာ ဘယ်ကမှန်းမသိတဲ့ လူငယ်တစ်ယောက်ရဲ့ ပါးရိုက်တာကို ခံရတယ်လို့ သိက္ခာကျလိုက်တာ" သခင်မကြီးက အေးစက်စွာ ပြောလိုက်သည်။ ကျိုးယသည် ကြောက်လန့်တကြား တုန်ယင်နေသည်။

ထိုစဉ် ကုလားထိုင်ပေါ်တွင် ထိုင်နေသော အမျိုးသမီးက ရယ်မော၍ ပြောလိုက်သည်။

"ဒေါသကို လျှော့ပါ သခင်မကြီးရယ်၊ ယအာက ငယ်သေးလို့ပါ"

"ဟမ်း" သခင်မကြီးကျိုးက သရောတိုက်ပြီးနောက် လေသံကို ပြန်လျှော့လိုက်သည်။

"ဒီည ဆရာကြီးရွှီ ရောက်လာလိမ့်မယ်။ သူက အင်အားကြီးတဲ့ အင်းကွက်ပညာရှင်တစ်ယောက်ပဲ၊ ငါတို့ကျိုးမိသားစုတွေ သူ့ကို ဧည့်ခံရာမှာ လုံးဝ လစ်ဟင်းလို့ မဖြစ်ဘူး"

"နားလည်ပါပြီ ဒါဆို ကျိုးယန်ယန်ကရော..."

သခင်မကြီးကျိုး၏ အေးစက်သော ရယ်သံထွက်ပေါ်လာသည်။

"အဲဒီအစေခံမရဲ့ သမီးက ကျိုးမိသားစုရဲ့ ကရုဏာကြောင့် အခုထိ အသက်ရှင်နေရတာပါ။ အခုက သူ ကျိုးမိသားစုအတွက် နောက်ထပ် အကျိုးပြုရမယ့်အချိန်ပဲ ဆရာကြီးရွှီက ဒီလိုဖြူစင်နုနယ်တဲ့ မိန်းကလေးတွေကို တော်တော်လေး သဘောကျတယ်တဲ့လေ"

သူမ၏ စကားလုံးများတွင် ပါဝင်သော အေးစက်မှုနှင့် သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် အကြီးအကဲအချို့ကိုပင် မထိန်းချုပ်နိုင်ဘဲ တုန်လှုပ်သွားစေသည်။ ဆရာကြီးရွှီ၏ ထူးဆန်းသော ဝါသနာနှင့် နာမည်ဆိုးများကို တွေးမိသောအခါ လူများစွာသည် ကျိုးယန်ယန်အတွက် စိတ်မကောင်းဖြစ်လာကာ တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။

ကျိုးယန်ယန်သည် ဤအကြောင်းအရာများကို မသိခဲ့ပေ။ သူမသည် စိတ်လှုပ်ရှားမှုများဖြင့် အနောက်ဆောင်မှ ထွက်လာကာ သူမ၏ နေအိမ်ဆီသို့ အလျင်အမြန် ပြန်သွားနေသည်။ လမ်းတစ်လျှောက်တွင် အစေခံမလေးများနှင့် ကျွန်များက သူမကို ရိုသေစွာ လမ်းဖယ်ပေးနေကြသည်။ ဤအချက်သည် ကျိုးယန်ယန်ကို အတိုင်းထက်အလွန် ပျော်ရွှင်စေသည်။ သူမ လိုချင်ခဲ့သည်မှာ အခြားလူများ၏ ကြောက်ရွံ့မှု မဟုတ်ဘဲ အခြေခံကျသော လေးစားမှုသာဖြစ်သည်။

ခြံဝင်းတံခါးဝသို့ ရောက်သောအခါ သူမသည် နဖူးကို ရိုက်ပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားနေသည့် မိမိကိုယ်မိမိ ရယ်မောလိုက်သည်။ ပြီးနောက် ပြန်လှည့်ကာ ရွှယ်အန်း၏ ခြံဝင်းအတွင်းသို့ ပြေးဝင်သွားသည်။

ရွှယ်အန်းကို မြင်လိုက်ရသောအခါ ကျိုးယန်ယန်သည် ဝမ်းသာလွန်းသဖြင့် ခုန်ပေါက်ချင်နေမိသည်။

"လူကြီးမင်းရွှယ်၊ ကျွန်မ အခုပဲ အနောက်ဆောင်ကနေ ပြန်လာတာ၊ အဘွားက ကျွန်မကို ချီးကျူးလိုက်တယ်"

"အော်၊ ဟုတ်လား" ရွှယ်အန်းက ပြုံးလျက် သူ၏ လက်ဖက်ရည်ကိုသာ အေးအေးဆေးဆေး ဆက်သောက်နေသည်။

"ဟုတ်တယ် ဒီနေ့ သခင်ကြီးက ကျိုးယကို ရိုက်လိုက်တဲ့ကိစ္စကို ဘာမှမပြောတဲ့အပြင်၊ ဒီနေ့ည ညစာစားပွဲကိုလည်း ကျွန်မကို တက်ခိုင်းလိုက်တယ်။ အော်၊ ပြီးတော့ လူကြီးမင်းကိုလည်း ဖိတ်ခိုင်းလိုက်တယ်"

"ညစာစားပွဲ" ရွှယ်အန်းက လက်ဖက်ရည်ခွက်ကို အောက်ချကာ ကျိုးယန်ယန်ကို မော့ကြည့်လိုက်သည်။

"ဟုတ်တယ်၊ ညစာစားပွဲက အရေးကြီးတဲ့ လူတစ်ယောက်ကို ကြိုဆိုဖို့လို့ ကျွန်မ ကြားတယ်၊ ဘယ်သူပဲဖြစ်ဖြစ် ညနေကျရင်တော့ သိရမှာပါ"

"အရေးကြီးတဲ့လူ..." ရွှယ်အန်း၏ မျက်လုံးများ လင်းလက်သွားသည်။ ကျိုးယန်ယန်သည် စိတ်လှုပ်ရှားလွန်းသဖြင့် မည်သည်ကိုမျှ သတိမထားမိပေ။

"ကျွန်မ အမြဲပြောခဲ့ပါတယ်၊ ကျွန်မအပေါ် အစွဲတွေ ရှိနေရင်တောင် ဒီဆယ်စုနှစ်တစ်ခုလုံး ကုန်သွယ်ရေးအတွက် ကျွန်လိုကြိုးစားလုပ်ကိုင်ခဲ့တာကို အဘွား သတိထားမိပါလို့။ အခုတော့ သူ အကုန်သိနေတာပဲ။ ဟီး... ကျွန်မကို လှလှပပ ပြင်ဆင်လာဖို့တောင် မှာလိုက်သေးတယ်။ အာ... စိတ်လှုပ်ရှားလွန်းလို့ မေ့တော့မလို့၊ ကျွန်မ အမြန်သွားပြင်ဆင်ရဦးမယ်။ လူကြီးမင်းရွှယ်ကို ကျွန်မ မနှောင့်ယှက်တော့ဘူးနော်။ ညနေကျရင် ကျွန်မ လာခေါ်လိုက်ပါ့မယ်"

ပြောပြီးသည်နှင့် ကျိုးယန်ယန်သည် ပြေးထွက်သွားတော့သည်။ ရွှယ်အန်းသည် မှောင်ရိပ်ထဲသို့ ပျောက်ကွယ်သွားသော ကောင်မလေး၏ ပုံရိပ်ကို စိုက်ကြည့်လျက် ဒွီဟဖြစ်နေသည်။ ထိုစဉ် အန်းယန်၏ အသံသည် ရွှယ်အန်း၏ စိတ်ထဲတွင် ပေါ်လာသည်။

"ယောက်ျား... ဒီကိစ္စက တစ်ခုခုတော့ ထူးဆန်းနေသလိုပဲနော်"

"သာမန်ထူးဆန်းရုံတင် မကဘူး၊ အကြီးအကျယ်ကို ထူးခြားနေတာ" ရွှယ်အန်းက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ သူသည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်၍ တစ်ငုံသောက်ပြီးနောက် အေးစက်သောအသံဖြင့် ဆက်ပြောလိုက်သည်။

"ဒီအူတူတူ ကောင်မလေးဆီကနေ အသုံးချလို့ရသမျှ အကုန်ညှစ်ယူပြီးသွားတဲ့နောက် သူ့ကို ပြန်ထွက်လို့မရနိုင်တဲ့ ချောက်နက်ထဲကို ထပ်ပြီး တွန်းပို့ဖို့ ကြံစည်နေကြတာ။ ဒီလူတွေက... ညစ်ပတ်တဲ့ နည်းလမ်းမျိုးစုံကို သုံးနေကြတာပဲ"

"ယောက်ျား ဆိုလိုတာက..." အန်းယန်၏ လေသံ အေးစက်သွားသည်။

ရွှယ်အန်းသည် ကုလားထိုင်ကိုမှီလျက် အေးအေးဆေးဆေး ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး... သတ်ပစ်လိုက်ရုံပဲပေါ့”

အခန်း (၁၀၂၉) ထျန်းဖူရိပ်မြုံ

ထိုနေ့ညတွင် ကျိုးမိသားစု အိမ်တော်၏ တံခါးကြီးများ ကျယ်ပြန့်စွာ ပွင့်ထားကြ၍ အတွင်းမှ မီးရောင်များ လင်းထိန်နေသည်။ ညစာစားပွဲ ခန်းမကြီးကို နတ်နန်းတော်တစ်ခုကဲ့သို့ ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသည်။ သခင်မကြီးကျိုးကိုယ်တိုင် တက်ရောက်လာ၍ ကျိုးမိသားစု၏ အထက်တန်းလွှာများစွာလည်း ရောက်ရှိနေကြသည်။ ဤမျှကြီးကျယ်သော မြင်ကွင်းကြောင့် ကျိုးယ အံ့ဩသွားသည့်အတွက် သူမ၏ မိခင်ကို ခပ်တိုးတိုးမေးလိုက်သည်။

"အမေ... ကျိုးမိသားစုက ဒီလောက်ထိ ခမ်းခမ်းနားနား ကြိုဆိုနေရတဲ့ ဆရာကြီးရွှီဆိုတာ တကယ်ပဲ ဘယ်သူလဲဟင်"

ကျိုးမိသားစု၏ ဒုတိယအိမ်တော်​၏ အာဏာရှိသူ အမျိုးသမီးကြီးဖြစ်သည့် ဤသခင်မကျိုးသည် ဤပွဲတွင် တတ်ရောက်ခွင့်ရရှိထားသည်။ သူမသည် သမီးဖြစ်သူကို လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

"ဒီဆရာကြီးရွှီရဲ့ နာမည်က ရွှီပေါင်တဲ့။ သူက စွမ်းအားကြီးတဲ့ အင်းသင်္ကေတမှော်ဆရာတစ်ယောက်ပဲ"

"မှော်ဆရာတွေက အများကြီးပဲလေ။ သူက တကယ်တော်တယ်ဆိုရင်တောင် ဘာဖြစ်တာမို့လို့လဲ။ သမီးတို့ကျိုးမိသားစုက ဒီလောက်အထိ အလေးအနက်ထားဖို့ လိုလို့လား" ကျိုးယက အနည်းငယ် သံသယရှိနေပုံပေါ်သည်။

ဒုတိယသခင်မကျိုးက ခေါင်းခါလိုက်သည်။

"သူက သာမန်မှော်ဆရာတစ်ယောက်ဆိုရင်တော့ ဒီလိုခမ်းနားတဲ့ ဧည့်ခံပွဲမျိုး မလိုဘူးပေါ့။ ဒါပေမယ့် အဓိကအချက်က ရွှီပေါင့်နောက်ကွယ်မှာရှိနေတဲ့ အင်အားစုပဲ"

"အဲဒါက ဘာလဲ..."

"ထျန်းဖူရိပ်မြုံပဲ"

ထိုစကားသုံးလုံးသည် ကျိုးယ၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားစေသည်။

"ဒီလူက တကယ်ပဲ ထျန်းဖူရိပ်မြုံကလား"

"အတိအကျပဲ"

"ဒါကြောင့်ကိုး..." ကျိုးယသည် အံ့အားသင့်နေသော အကြည့်များဖြင့် ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူမသည် အပြင်လောကကို မမြင်တွေ့ဖူးသောကြောင့် အံ့ဩနေခြင်းမဟုတ်ဘဲ ထျန်းဖူရိပ်မြုံ၏ ကျော်ကြားမှုသည် အလွန်ကြီးမားသောကြောင့်ဖြစ်သည်။ ကျိန်စာသင့်မြို့တော်နှင့် မိုင်ပေါင်းသောင်းချီသော နယ်မြေအတွင်း ထျန်းဖူရိပ်မြုံသည် ပြိုင်ဘက်ကင်းသော ဖြစ်တည်မှုတစ်ခုဖြစ်သည်။ ၎င်းတို့၏ မှော်ဆရာများသည် ကောင်းကင်ဘုံတစ်ခုလုံး၏ မှော်အဆောင်ဈေးကွက်ကို စိုးမိုးထားကြခြင်းအရ ၎င်းတို့ မည်မျှချမ်းသာကြွယ်ဝကာ စွမ်းအားကြီးမားကြမည်ကို မည်သူမဆို သိရှိနိုင်သည်။

ပို၍အရေးကြီးသည့်အချက်မှာ ထျန်းဖူရိပ်မြုံ၏ ဂုဏ်းခေါင်းဆောင်သည် မြို့ပိုင်ရှင်အဆင့်ရှိ စစ်မှန်အင်မော်တယ် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ နတ်ဘုရားနယ်မြေတွင် အဆင့်အတန်းများကို အတုအယောင်နတ်ဘုရား၊ နတ်ဘုရားတစ်ပိုင်း၊ မူမမှန်နတ်ဘုရား၊ စစ်မှန်နတ်ဘုရား၊ မြို့ပိုင်ရှင်အဆင့် ဘုရင်အဆင့်နှင့် ရှေးဟောင်းနတ်ဘုရားအဆင့်အထိ သတ်မှတ်ထားကြသည်။ အဆင့်တစ်ခုချင်းစီသည် ကျင့်ကြံသူများနှင့် ညီမျှသည်။ ကျင့်ကြံခြင်းအဆင့်အတန်းခွဲခြားမှုအရ အတုအယောင်နတ်ဘုရားသည် ထာဝရအသက်ရှင်ခြင်းအဆင့်နှင့် တူညီ၍ နတ်ဘုရားတစ်ပိုင်းသည် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်နှင့် ညီမျှပြီးနောက် ထိုမှတစ်ဆင့် ဆက်လက်တက်လှမ်းသွားပါက မြို့ပိုင်ရှင်အဆင့်သို့ ရောက်ရှိသည့်အခါ ၎င်းသည် စစ်မှန်အင်မော်တယ်အဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်များကို ကိုယ်စားပြုပေသည်။

ထို့အပြင် ဘုရင်အဆင့်ပုဂ္ဂိုလ်များသည် နယ်ပယ်အသီးသီး​၏ အရှင်သခင်များဖြစ်ကြသည်။ ရှေးဟောင်းနတ်ဘုရားအဆင့်ကမူ လက်လှမ်းမီနိုင်သော အဆင့်မျိုးမဟုတ်ပေ။ ရှေးဟောင်းနတ်ဘုရားအဆင့်အထက်တွင် ကျင့်ကြံမှုအရ အင်မော်တယ်ဘုရင်နှင့် ညီမျှသည့် စစ်မှန်သူတော်စင်များရှိကြသည်။ သို့သော် ခေတ်ကာလများစွာ ကြာမြင့်ပြီးနောက် ထိုစစ်မှန်သူတော်စင်များ တစ်ဦးပြီး တစ်ဦးကျဆုံးသွားကြသည့်အတွက် ဒဏ္ဍာရီများသာဖြစ်လာသည်။ ထို့အပြင် မြို့ပိုင်ရှင်အဆင့်တွင် ဒေသတစ်ခုကို အုပ်ချုပ်နိုင်သည့် အင်အားကြီးပုဂ္ဂိုလ်မျိုးဖြစ်ကြသည်။ အထူးသဖြင့် အင်အားကြီးမားသော မြို့ပိုင်ရှင်ဖြစ်သည့် ကျိန်စာသင့်မြို့တော်​၏ ဧကရီကဲ့သို့ပုဂ္ဂိုလ်မျိုးဖြစ်သည်။ ထို့ကြောင့် ထျန်းဖူရိပ်မြုံက မည်မျှအင်အားကြီးမားသည်ကို သက်သေပြနေသည်။

"ဒီတစ်ခေါက် ထျန်းဖူရိပ်မြုံက ပညာရှင်တွေ ကျိန်စာသင့်မြို့တော်ကို ရောက်လာတာက မကြာခင် ပေါ်ထွက်လာတော့မယ့် ဒဏ္ဍာရီလာ မြင့်မြတ်တဲ့ မှော်သင်္ကေတတွေကြောင့်ပဲဖြစ်မယ်" ဒုတိယ သခင်မကျိုးက ဆက်ပြောလိုက်သည်။

"ပြီးတော့ ဒီရွှီပေါင်ဆိုတာ ထျန်းဖူရိပ်မြုံရဲ့ လူငယ်မျိုးဆက်ထဲမှာ ထူးချွန်တဲ့သူ တစ်ယောက်ဆိုပေမယ့် သူက ရက်စက်ကြမ်းကြုတ်တဲ့ စိတ်နေသဘောထားရှိပြီး မိန်းကလေးငယ်တွေကို နှိပ်စက်ရတာ ဝါသနာပါတဲ့သူအဖြစ် နာမည်ကြီးတယ်။ အဲဒါကြောင့် လူတွေက သူ့ကို ကြောက်နေကြတာ"

ထိုသို့ပြောပြီးနောက် ဒုတိယ သခင်မကျိုးက အေးစက်စွာ ပြုံးလိုက်သည်။

"အဲဒီအောက်တန်းစားမလေး ကျိုးယန်ယန်သာ ရွှီပေါင်ရဲ့ လက်ထဲကို ရောက်သွားလို့ကတော့... သူ ကောင်းကင်ရော မြေပြင်ရော ဘယ်သူ့ကိုမှ အကူအညီတောင်းလို့ ရမှာမဟုတ်တော့ဘူး"

ကျိုးယ၏ မျက်လုံးများ တောက်ပလာ၍ ကျေနပ်သော အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။ "ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့"

ထိုစဉ် ခန်းမအထက် ကောင်းကင်ယံ၌ မှော်သင်္ကေတများစွာ ပေါ်ထွက်လာပြီးနောက် အနက်ရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး ပေါ်ပေါက်လာသည်။ အနက်ရောင် ဝတ်စုံနှင့် အမျိုးသား​၏ အသွင်အပြင် တဖြည်းဖြည်း ထင်ရှားလာသည်နှင့် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်လာသည်။ သခင်မကြီးကျိုးက ထိုင်ခုံမှ အနည်းငယ် မတ်တတ်ထရပ်၍ ပြုံးလျက် နှုတ်ဆက်သည်။

"ကျိုးမိသားစုတစ်ခုလုံးက ဆရာကြီးရွှီကို ကြိုဆိုပါတယ်"

ထိုအမျိုးသားသည် လူငယ်တစ်ဦး၍ ချောမောသည်ဟု ယူဆရသော်လည်း သူ၏ အရှိန်အဝါသည် အကြောင်းအမျိုးမျိုးကြောင့် လူတိုင်းကို ကျောချမ်းစေသည်။ အထူးသဖြင့် သူ၏ သိမ်းငှက်ကဲ့သို့ မျက်လုံးများသည် မည်သူမျှ စိုက်မကြည့်ရဲသည်အထိ ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤသည်မှာ ရွှီပေါင်ဖြစ်သည်၊ သူသည် သခင်မကြီးကျိုး​၏ နှုတ်ဆက်သံကိုကြားသောအခါ ဖြူဖွေးသော သွားများကို ထုတ်ပြကာ ချောက်ချားဖွယ် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"သခင်မကြီးက မြှောက်ပင့်လွန်းနေပါပြီ။ ကျုပ်က လူငယ်တစ်ယောက်ပါ၊ ဒီလိုကြိုဆိုခံရဖို့ မထိုက်တန်ပါဘူး"

သခင်မကြီးကျိုးက ဝမ်းသာစွာ ပြုံးလိုက်သည်။

"ဆရာကြီးရွှီက နှိမ့်ချလွန်းနေပါပြီ၊ ဒီဘက်ကို ကြွပါရှင်"

မှန်သည်ရှိသော် မှားသည်ရှိသော် ရွှီပေါင်သည် သခင်မကြီးကျိုးကို မျက်နှာသာပေးခဲ့သည်။ အစေခံတစ်ဦးသည် ရွှီပေါင်အတွက် နေရာထိုင်ခင်း အလျင်အမြန် ပြင်ဆင်ပေးလာသည်။ ရွှီပေါင်သည် ထိုင်ခုံတွင် ထိုင်ပြီးနောက် သူ၏ နီရဲနေသော မျက်လုံးများသည် ဘေးနားရှိ အစေခံမလေးထံသို့ ရောက်ရှိသွားသည်။

"ဘာလဲ၊ ဆရာကြီးရွှီက သူ့ကို သဘောကျလို့လား" သခင်မကြီးကျိုးက ရယ်လိုက်သည်။

အစေခံမလေး​သည် မျက်နှာအမူအရာ ဖြူလျော့၍ ထိတ်လန့်သွားသော်လည်း ရွှီပေါင်က ခေါင်းခါပြလိုက်သည်။

"ကျုပ် အကြိုက်ကို သခင်မကြီး သိမှာပါ။ ကျုပ်က ဖြူစင်နုနယ်တဲ့ မိန်းကလေးငယ်တွေကိုပဲ လိုချင်တာ။ ဒီလိုစွန်းထင်းနေတဲ့ ပစ္စည်းမျိုးကတော့ ကျုပ် မီးဖိုချောင်မှာ ဟင်းချက်ဖို့တောင် မသင့်တော်ဘူး"

သခင်မကြီးကျိုးက အားရပါးရ ရယ်မောလိုက်သည်။

"ဒါပေါ့... ကျွန်မ ဆရာကြီးရွှီရဲ့ အကြိုက်ကို ကောင်းကောင်းသိတာပေါ့"

“သခင်မကြီး... ကျုပ်ကို ဖိတ်လိုက်တာ တစ်ခုခုများ အလိုရှိလို့လား” ရွှီပေါင်က တိုက်ရိုက်မေးမြန်းလိုက်သည်။

သခင်မကြီးကျိုးက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်၍ ခပ်ပါးပါး ပြုံးလိုက်သည်။

“ဆရာကြီးရွှီက ဒီလောက်ပွင့်လင်းနေမှတော့ ကျွန်မလည်း လိုရင်းကိုပဲ ပြောပါတော့မယ်။ ဆရာကြီးတို့ဂိုဏ်းက အထူးချွန်ဆုံးပုဂ္ဂိုလ်တွေ ကျိန်စာသင့်မြို့တော်ကို ရောက်နေကြတယ်လို့ ကျွန်မ ကြားတယ်၊ ဒါက မြင့်မြတ်တဲ့မှော်သင်္ကေတကြောင့် မဟုတ်လား”

“ဒါပေါ့” ရွှီပေါင်က မည်သည်ကိုမျှ ဖုံးကွယ်မထားပေ။ အမှန်တကယ်ပင် ဤကိစ္စသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ချေ။

“ကျိုးမိသားစုကရော အဲ့ဒီမှော်သင်္ကေတကို စိတ်ဝင်စားလို့လား” ရွှီပေါင်က အေးစက်စွာ မေးမြန်းလိုက်သည်။

“ဆရာကြီးရွှီက နောက်နေပြန်ပါပြီ။ ကျိုးမိသားစုဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် ကုန်သည်တွေပါ။ ကျွန်မတို့မှာ အဲ့ဒီမှော်သင်္ကေတမျိုး ရရှိခဲ့ရင်တောင် ဘာမှအသုံးဝင်မှာမဟုတ်ဘူး။ ကျွန်မတို့က ဘာကိစ္စများ စိတ်ဝင်စားရမှာလဲ”

“ဒါဆို သခင်မကြီးက ဘာကိုဆိုလိုတာလဲ...”

“ဟီးဟီး... ကျွန်မတို့ ကျိုးမိသားစုက ဆရာကြီးရွှီတို့ဂိုဏ်းနဲ့ အပေးအယူ တစ်ခုလုပ်ချင်ရုံပါ”

“အို... သေချာ ပြောပြပါဦး”

“ကျွန်မတို့ ကျိုးမိသားစုက ဆရာကြီးရွှီတို့ဂိုဏ်းက လိုအပ်သမျှ အရာအားလုံးကို ထောက်ပံ့ပေးမယ်၊ ဒါပေမယ့် မှော်သင်္ကေတ ပေါ်လာပြီးတဲ့အချိန်မှာ ကျွန်မတို့ကျိုးမိသားစုက ရှေးဟောင်းနတ်ဘုရားရဲ့ ရုပ်ကြွင်းကို လိုချင်ပါတယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီပေါင်၏ မျက်လုံးများတွင် လောဘအရိပ်အမြွက်များဖြင့် တောက်ပလာ၍ သခင်မကြီးကျိုးကို စူးရှစွာ စိုက်ကြည့်လိုက်သည်။ သခင်မကြီးကျိုးသည် တုန်လှုပ်ခြင်းမရှိဘဲ ပြုံးလျက် ပြန်စိုက်ကြည့်နေသည်။

ခဏအကြာတွင် ရွှီပေါင်က သူ၏မျက်လုံးများရှိ စူးရှသော အလင်းရောင်ကို ထိန်းချုပ်ပြီးနောက် ခေါင်းငုံ့၍ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကြည့်ရတာ သခင်မကြီးကျိုးက အဆင့်တစ်ခု ထပ်တက်ဖို့ ကြံစည်နေတာပဲ”

သခင်မကြီးကျိုးက မဖုံးကွယ်ဘဲ တိုက်ရိုက် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်၊ ဘယ်သူမဆို ထာဝရအသက်ရှင်ခြင်းဆိုတဲ့ မက်လုံးကို ငြင်းဆန်နိုင်ပါ့မလား”

ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ရုပ်ကြွင်းအနက် အဖိုးတန်ဆုံးအရာသည် ထိုရုပ်ကြွင်းအတွင်းရှိ နတ်ဘုရားသွေးဖြစ်ကြောင်း လူတိုင်း သိကြသည်။ ထိုအသွေးအသားကို ပိုင်ဆိုင်ခြင်းသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ တည်တံ့သော ထာဝရအသက်ရှင်ခြင်းမျိုး ရရှိနိုင်ပေလိမ့်မည်။ ဤမက်လုံးသည် အလွန်ပင် ကြီးမားလှသည်။ အထူးသဖြင့် စည်းစိမ်ချမ်းသာအားလုံး ခံစားခဲ့ဖူးသော သခင်မကြီးကျိုးကဲ့သို့ ပုဂ္ဂိုလ်မျိုးအတွက် ယခုအခါ သူမ ရှာဖွေနေသည့်အရာသည် ထာဝရအသက်ရှင်ခြင်းဖြစ်သည်။

ရွှီပေါင်သည် သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ချောက်ချားဖွယ် အမူအရာဖြင့် ပြုံးလိုက်သည်။

"ဒီအကြောင်းပြချက်ကို လူတိုင်း နားလည်ပါတယ်။ ဒါပေမယ့် ကျိုးမိသားစုက ဒီလိုအရာမျိုးအတွက် ဘယ်လောက်အထိ ပေးဆပ်နိုင်မလဲဆိုတာ ကျုပ် သိချင်တယ်”

“စိတ်ချပါ ဆရာကြီးရွှီ၊ ကျိုးမိသားစုဘက်က ပေးအပ်မယ့်အရာတွေက ထျန်းဖူရိပ်မြုံကို သေချာပေါက် ကျေနပ်စေရမှာပါ။ ပြီးတော့ ဆရာကြီးရွှီကို အခုချက်ချင်း ပေးအပ်မယ့် လက်ဆောင်တစ်ခုတောင် ကျွန်မတို့မှာ ရှိနေပါသေးတယ်”

All Chapters