← Chapters

အခန်း (၁၀၃၀-၁၀၃၂)

Vol. 69 Ch. 1030-1032

အခန်း (၁၀၃၀-၁၀၃၂)

Vol. 69 Ch. 1030-1032

အခန်း (၁၀၃၀) ရှည်လျားသော ညတာနှင့် လှည့်လည်သွားလာနေသော သားရဲများ

"ကျုပ်အတွက် လက်ဆောင်တဲ့လား" ရွှီပေါင်က အနည်းငယ် အံ့ဩသွားသည်။

သခင်မကြီးကျိုးသည် ပြုံး၍ ခေါင်းညိတ်ပြပြီးနောက် သူမအနောက်ရှိ အစေခံကို လှည့်မေးလိုက်သည်။

"ကျိုးယန်ယန် ရောက်ပြီလား"

"မရောက်လာသေးပါဘူး သခင်မကြီး၊ ဒါပေမယ့် မြန်မြန်လာဖို့ လူလွှတ်ထားပြီးပါပြီ သူ ခဏနေ ရောက်လာတော့မှာပါ"

ထိုသို့ကြားသောအခါ သခင်မကြီးကျိုးသည် ရွှီပေါင်ကို ပြုံး၍ ခွက်မြှောက်လိုက်သည်။

"ခဏလောက်စောင့်ပေးပါ၊ ဆရာကြီးရွှီ။ ခဏနေရင် ရောက်လာမယ့် လက်ဆောင်က ဆရာကြီးရွှီကို စိတ်ကျေနပ်စေမှာပါ။ အခု ဆရာကြီးရွှီကို တစ်ခွက်လောက် ချီးမြှောက်ခွင့်ပြုပါ" ဤသို့ဖြင့် သခင်မကြီးကျိုးသည် ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။

"ဒါဖြင့်ရင် သခင်မကြီးကျိုးကို ကျေးဇူးတင်ပါတယ်" ရွှီပေါင်က လှောင်ရယ်လိုက်သည်။ ပြီးနောက် သူသည်လည်း ဝိုင်ခွက်ကို မော့ချလိုက်သည်။ ခန်းမကြီးထဲရှိ လေထုအခြေအနေသည် တဖြည်းဖြည်း နွေးထွေးလာသည်။

ညစာစားပွဲ ခန်းမကြီးအတွင်း ကခုန်သီဆိုသံများဖြင့် ဆူညံနေစဉ် အဝတ်အစားအသစ်များဖြင့် လှပနေသော ကျိုးယန်ယန်သည် ရွှယ်အန်းရှေ့တွင် ရှက်ကိုးရှက်ကန်း ပေါ်ပေါက်လာသည်။

"လူကြီးမင်း... လူကြီးမင်းရွှယ်၊ အဘွားက မြန်မြန်လာဖို့ ခေါ်နေပြီ။ ကျွန်မတို့ သွားကြရအောင်"

ရွှယ်အန်းသည် သပ်ရပ်စွာ ဝတ်ဆင်ထားသည့် လှပနုပျိုနေသော မိန်းကလေးကို ကြည့်၍ သက်ပြင်းချပြီးနောက် ပြုံးပြလိုက်သည်။

"ကောင်းပါပြီ သွားကြတာပေါ့"

၎င်းတို့နှစ်ဦး ခြံဝင်းအတွင်းမှ ထွက်လာစဉ် လမ်းဘေးအရိပ်ထဲမှ လူတစ်ဦး ထွက်ပေါ်လာ၍ ၎င်းတို့​၏ သွားလမ်းကို ပိတ်ဆို့လိုက်သည်။

"ဦးလေး... ဦးလေးကျိုးလား" ကျိုးယန်ယန်က အံ့ဩသွားသည်။ ၎င်းတို့အရှေ့တွင် ရှိနေသူသည် ကျိုးမိသားစု​၏ အိမ်တော်ထိန်းခေါင်းဆောင်ဖြစ်သည်။

အိမ်တော်ထိန်းခေါင်းဆောင်သည် ထူးဆန်းသော အမူအရာဖြင့် ၎င်းတို့ကို လေးနက်စွာ စိုက်ကြည့်ပြီးနောက် ခေါင်းငုံ့ကာ မေးလာသည်။

"သခင်မလေးယန်ယန်... ဒီလောက်ညဉ့်နက်မှ ဘယ်များသွားမလို့လဲ"

"ဦးလေးကျိုး မသိဘူးလား၊ အရေးကြီးဧည့်သည်တစ်ယောက်အတွက် ညစာစားပွဲ ကျင်းပနေတာလေ၊ အဘွားက ဒီည ကျွန်မကိုပါ တက်ဖို့ သီးသန့်ဖိတ်ထားတယ်" ကျိုးယန်ယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"အော်... အဲ့လိုလား။ ဒါဆို ဂုဏ်ယူပါတယ် သခင်မလေး။ ပုံမှန်ဆိုရင် သခင်မကြီးက သခင်မလေးကို ဒီလိုမျိုးမျက်နှာသာပေးလေ့မရှိဘူး ဒီတစ်ခါတော့ သခင်မလေးကိုပါ ဖိတ်ထားတယ်ဆိုတော့ တကယ့်ကို မထင်မှတ်စရာပဲ" အိမ်တော်ထိန်းခေါင်းဆောင်က ပြောလိုက်သည်။ သူ၏လေသံသည် အနည်းငယ် ထူးဆန်းနေသည်။ ရွှယ်အန်းသည် ၎င်းကို ရိပ်မိသွားသဖြင့် သူ​၏မျက်လုံးများ လင်းလက်သွားသည်။

ကံမကောင်းသည်မှာ ကျိုးယန်ယန်သည် ဝမ်းသာလွန်းနေသဖြင့် မည်သည်ကိုမျှ သတိမထားမိဘဲ ပြန်ပြောသည်။

"ဟုတ်တယ်၊ အဘွားက ကျွန်မရဲ့ ကြိုးစားမှုတွေကို သတိထားမိသွားပြီ ထင်တယ်"

ထိုစကားများကြောင့် အိမ်တော်ထိန်းခေါင်းဆောင်သည် တစ်စုံတစ်ခုကို ပြောချင်နေဟန်ရှိသော်လည်း နောက်ဆုံးတွင် ခေါင်းငြိမ့်၍သာ ပြောလိုက်သည်။

"ဟုတ်ကဲ့... ဒါက အစကောင်းတစ်ခုပေါ့"

"ဟုတ်တယ်၊ ဒါဆို ကျွန်မတို့ သွားတော့မယ် ဦးလေးကျိုး" ကျိုးယန်ယန်သည် ထွက်ခွာရန် အဆင်သင့်ဖြစ်နေသည်။

ထိုအချိန်တွင် အိမ်တော်ထိန်းခေါင်းဆောင်က မေးမြန်းလာသည်။

"လူကြီးမင်းရွှယ်လည်း ဒီပွဲကို တက်မှာလား"

ရွှယ်အန်း ပြန်မဖြေမီ ကျိုးယန်ယန်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"ဟုတ်တယ်၊ လူကြီးမင်းရွှယ်ကိုလည်း ဖိတ်ခိုင်းလိုက်တယ်လေ။ ဟီးဟီး..." သို့သော် အိမ်တော်ထိန်းခေါင်းဆောင်သည် ကျိုးယန်ယန်​၏ စကားကို လျစ်လျူရှု၍ ရွှယ်အန်းကိုသာ စိုက်ကြည့်နေသည်။

ရွှယ်အန်းက အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်၊ ဒီလိုလှပတဲ့ လရောင်အောက်မှာ အပြင်မထွက်ဘဲ နေရတာက နှမြောစရာကောင်းလွန်းတယ်လေ။ သခင်မလေးယန်ယန်နဲ့အတူ ပျော်ပွဲရွှင်ပွဲ သွားကြည့်တာ ပိုကောင်းပါတယ်"

အိမ်တော်ထိန်းခေါင်းဆောင်က ခေတ္တတိတ်သွားပြီးနောက် တဖြည်းဖြည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ညက ရှည်လျားတော့ တောရိုင်းသားရဲတွေ လှည့်လည်နေတတ်တယ်။ သခင်မလေးယန်ယန်လည်း ခရီးက ပြန်ရောက်ခါစဆိုတော့ ခရီးပန်းနေမှာပါ။ ညစာစားပွဲမှာ ဘာမှစိတ်ဝင်စားစရာမရှိဘူးဆိုရင် လူကြီးမင်းရွှယ်အနေနဲ့ သခင်မလေးကို စောစောပြန်ခေါ်လာပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်"

ရွှယ်အန်းသည် ထူးဆန်းသော အပြုံးဖြင့် ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

"စိတ်မပူပါနဲ့ အိမ်တော်ထိန်းခေါင်းဆောင်။ တောရိုင်းသားရဲတွေ ဘယ်လောက်ပဲများများ၊ ဒါတွေက ကျုပ် မျက်စိထဲတော့မှာ ဟင်းလျာတွေချည်းပါပဲ"

ကျိုးယန်ယန်သည် သူမ​၏အဝတ်အစားနှင့် အဆင်တန်ဆာများကို ပြုပြင်နေသောကြောင့် အိမ်တော်ထိန်းခေါင်းဆောင်နှင့် ရွှယ်အန်းတို့​၏ စကားများကို သူမ သတိမထားမိခဲ့ပေ။ ဤညစာစားပွဲသည် သူမအတွက် အလွန်အရေးကြီးသောကြောင့် အကောင်းဆုံး အနေအထားဖြင့် တတ်ရောက်ချင်နေသည်။

အိမ်တော်ထိန်းခေါင်းဆောင်သည် ရွှယ်အန်း​၏ စကားများကို ကြားသောအခါ လေးနက်စွာ ကြည့်ပြီးနောက် ခေါင်းငုံ့၍ လမ်းဖယ်ပေးလိုက်သည်။

"ဒါဆိုရင် သခင်မလေးယန်ယန်နဲ့ လူကြီးမင်းရွှယ်တို့ ဂရုစိုက်သွားကြပါ"

ကျိုးယန်ယန်သည် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ရာ၊ ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့ ဦးလေးကျိုး"

ဤသို့ဖြင့် သူမသည် အနောက်ဆောင်ဘက်သို့ အလျင်အမြန် ထွက်ခွာသွားသည်။ ရွှယ်အန်းသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အိမ်တော်ထိန်းခေါင်းဆောင်ကို ရုတ်တရက် လှည့်ကြည့်၍ ပြုံးပြလိုက်သည်။

"အိမ်တော်ထိန်းခေါင်းဆောင်တော့ ဒီညအိပ်ပျော်လိမ့်မယ် မထင်ဘူး၊ ဘာလို့လဲဆိုတော့... ဒီည တော်တော်လေး စည်ကားနေမှာလေ"

အိမ်တော်ထိန်းခေါင်းဆောင်သည် အံ့ဩမှင်သက်သွားသည်၊ သူ သတိပြန်ကပ်လာချိန်တွင် ရွှယ်အန်း ထွက်ခွာသွားပြီဖြစ်သည်။ ၎င်းတို့ထွက်သွားသောအခါ အိမ်တော်ထိန်းခေါင်းဆောင်သည် မျက်ရည်များဝဲလျက် တီးတိုးရေရွတ်လိုက်သည်။

"သခင်မချန်... ရောက်ရာအရပ်က သိနေမယ်ဆိုရင် သမီးဖြစ်သူကို ဘေးကင်းအောင် စောင့်ရှောက်ပေးပါဦး"

ကျိုးယန်ယန်နှင့် ရွှယ်အန်းတို့သည် မကြာမီတွင် အနောက်ဆောင်သို့ ရောက်ရှိလာသည်။ ၎င်းတို့နှစ်ဦး ခန်းမထဲ ဝင်ရောက်လာသောအခါ ညစာစားပွဲသည် အလွန်သက်ဝင်လှုပ်ရှားနေသည်။ လူအများသည် အချင်းချင်း ဝိုင်ခွက်များဖြင့် ချီးမြှောက်၍ ရယ်မောနေကြရာ၊ လေထုသည် အလွန် ငြိမ်းချမ်း စည်ကားလှသည်။ ကျိုးယန်ယန်နှင့် ရွှယ်အန်းတို့ ခန်းမထဲသို့ ဝင်ရောက်လာသောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းသည် ခရမ်းရောင် ဝတ်စုံဖြင့် နုပျိုလှပနေသော ကျိုးယန်ယန်ကို အံ့ဩတကြီး စိုက်ကြည့်နေကြရာ၊ အသက်အရွယ် ကြီးရင်နေသူများပင် နှလုံးခုန်သံများ မြန်ဆန်လာကြသည်။ လူအများ​၏ အကြည့်အောက်တွင် ကျိုးယန်ယန်သည် ထိပ်ဆုံးခုံ၌ ထိုင်နေသော သခင်မကြီးကျိုးကို ရှက်သွေးဖြာလျက် ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"သခင်မကြီးကို ဂါရဝပြုပါတယ်"

ထိုညင်သာသော စကားသံသည် သခင်မကြီးကျိုးကိုပင် အံ့အားသင့်သွားစေသည်။ သခင်မကြီးကျိုးသည် ကျိုးယန်ယန်ကို မြင်လိုက်ရသောအခါ လွန်ခဲ့သော ဆယ်စုနှစ်များစွာက သူမအရှေ့တွင် ရိုက်သတ်ခံခဲ့ရသော အစေခံမလေး ပြန်လည်အသက်ရှင်လာသကဲ့သို့ ခံစားလိုက်ရသဖြင့် ဒေါသစိတ်နှင့် သတ်ဖြတ်လိုစိတ်များ ပေါ်လာသော်လည်း ၎င်းကို ဖုံးကွယ်လျက် ကြင်နာစွာ ပြုံးပြလိုက်သည်။

"ယန်ယန်ပါလား၊ အရမ်းလှလာတော့ အဘွားတောင် မမှတ်မိတော့ဘူး"

ကျိုးယန်ယန် ချီးကျူးမှုကြောင့် ဝမ်းသာလွန်းသဖြင့် ပို၍ ရှက်သွေးဖြာလာသည်။ သို့သော် သူမသည် ဘေးနားမှ သားရဲတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသည့် ရွှီပေါင်၏ အကြည့်များကို သတိမထားမိပေ။ ခန်းမထဲသို့ ကျိုးယန်ယန် ဝင်လာချိန်မှစ၍ ရွှီပေါင်သည် သူမကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ အထူးသဖြင့် ရွှီပေါင်သည် ကျိုးယန်ယန်၏ ရှက်သွေးဖြာနေသော မျက်နှာကို မြင်သောအခါ ကောက်ကျစ်သော လောဘစိတ်များ ပြင်းထန်စွာ ပေါ်ပေါက်လာသည်။ ကြမ်းကြုတ်သော သားရဲတစ်ယောက်သည် နုနယ်သော ယုန်သူငယ်တစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ချက်ချင်း နေရာတွင်ပင် တစ်စစီ ဖျက်ဆီးချင်နေမိသည်။ သူ​၏အပြုအမူကို သခင်မကြီးကျိုးသည်လည်း သတိထားမိသွားသဖြင့် သူမသည် ဂုဏ်ယူစွာ ပြုံးလိုက်သည်။

'ငါးစာမိပြီပေါ့...'

သခင်မကြီးကျိုးက ကျိုးယန်ယန်ကို လက်ရပ်ပြလိုက်သည်။

"ယန်ယန်... ဒီနားကို လာပါဦး၊ အဘွား မင်းကို ပြောစရာရှိတယ်"

ကျိုးယန်ယန်သည် ပျော်ရွှင်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။ အဘွားဟူသော စကားလုံးသည် သူမအတွက် ရင်းနှီးသော်လည်း ထူးဆန်းသော အသုံးအနှုန်းဖြစ်သည်။ သူမသည် ကနဦးတွင် ထိုသို့တိတ်တဆိတ် ခေါ်နေခဲ့သော်လည်း ပေါ်တင်မခေါ်ရဲခဲ့ပေ။ မည်သို့ဆိုသော် သခင်မကြီးကျိုး​၏ သူမအပေါ် မနှစ်မြို့မှုကို သိထားသည့်အတွက်ကြောင့်ဖြစ်သည်။ မထင်မှတ်ထားသည်မှာ သူမသည် ယနေ့တွင် ထိုအသုံးအနှုန်းဖြင့် ခေါ်ပြောခဲ့သည်။ ဤသည်မှာ သူမ​၏ခန္ဓာကိုယ်ထဲတွင် ကျိုးမိသားစု​၏ သွေးများ စီးဆင်းနေခြင်းကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။

အခန်း (၁၀၃၁) ဒီလက်ဆောင်ကို သဘောကျရဲ့လား

ဤသို့သော ခံစားချက်သည် ကျိုးယန်ယန်ကို ပျော်ရွှင်လွန်းစေသဖြင့် မူးမေ့လုမတတ်ဖြစ်နေမိသည်။ သူမသည် သာမန်မိသားစုတစ်ခု ပိုင်ဆိုင်လိုရုံမှအပါး အခြားတောင်းဆိုချက်များ မရှိခဲ့ပေ။ ဤသည်မှာ တစ်ချိန်က သူမအတွက် အလှမ်းဝေးသည့် ဆန္ဒတစ်ခုဖြစ်ခဲ့သော်လည်း ယခုအခါ အရာအားလုံး သူမရှေ့မှောက်တွင် ရောက်ရှိနေ၍ လက်ကလေးလှမ်းလိုက်ရုံဖြင့် ဆုပ်ကိုင်နိုင်တော့မည့်အလားဟု ထင်မှတ်ရစေသည်။ ကျိုးယန်ယန်သည် ထိုနေရာတွင် မှင်သက်စွာ ရပ်တန့်နေမိသည်။

သခင်မကြီးကျိုးက နောက်တစ်ကြိမ် နူးညံ့ညင်သာစွာ ခေါ်လိုက်သည်။

“ယန်ယန်၊ ဒီဘက်ကို လာပါဦး”

ထိုအချိန်မှသာ ကျိုးယန်ယန်သည် သခင်မကြီးရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလေသည်။ သခင်မကြီးကျိုးက ကျိုးယန်ယန်ကို ရွှီပေါင်နှင့် မိတ်ဆက်ပေးလိုက်သည်။

"လာ၊ အဘွား မိတ်ဆက်ပေးပါရစေ။ ဒါက ထျန်းဖူရိပ်မြုံက ဆရာကြီးရွှီပေါင်လေ၊ အင်းကွက်ပညာမှာ လူငယ်ပါရမီရှင်တစ်ယောက်ပေါ့"

"တွေ့ရတာ ဝမ်းသာပါတယ် ဆရာကြီးရွှီ" ကျိုးယန်ယန်သည် အနည်းငယ် ပဟေဠိဖြစ်နေသော်လည်း ပျူငှာစွာ နှုတ်ဆက်လိုက်လေသည်။

ရွှီပေါင်သည် စီးကျလာတော့မည့် တံတွေးများကို မြိုချပြီးနောက် ခေါင်းညိတ်လိုက်သည်။

"အော်၊ ဒါက သခင်မလေးယန်ယန်ပေါ့။ သခင်မလေးယန်ယန်က အရမ်းလှတာပဲ"

"ဆရာကြီးရွှီက မြှောက်တာနေတာပဲ" ကျိုးယန်ယန်က ရှက်ပြုံးပြုံးလိုက်သည်။

ပြီးနောက် သခင်မကြီးကျိုးသည် အပြုံးဖြင့် ပြောလိုက်သည်။

"ယန်ယန်၊ ဆရာကြီးရွှီကို ဝိုင်နဲ့ ချီးမြှောက်လိုက်ပါဦး။ ဆရာကြီးရွှီလို ပုဂ္ဂိုလ်က ပုံမှန်ဆိုရင် တွေ့ရခဲတယ်လေ"

ကျိုးယန်ယန် မည်သည်သံသယမျှမရှိဘဲ ဝိုင်ခွက်ကို အပြည့်ဖြည့်၍ သင့်လျော်သော အပြုံးဖြင့် ချီးမြှောက်လိုက်သည်။

"ဒီတစ်ခွက်က ကျွန်မအဘွားအတွက် ချီးမြှောက်တဲ့ဝိုင်ပါ ဆရာကြီးရွှီ" ပြီးနောက် သူမသည် တစ်ခွက်လုံးကို ကုန်စင်အောင် မော့သောက်လိုက်သည်။

"ကောင်းပြီ" ရွှီပေါင်​၏မျက်လုံးများ သဘောကျနှစ်သက်စွာ တောက်ပလာ၍ သူသည်လည်း မော့သောက်လိုက်သည်။

ထိုအချိန်တွင် ကျိုးယန်ယန်သည် သခင်မကြီးကျိုးဘက်သို့ လှည့်ကြည့်ပြီးနောက် မည်သည်ကိုမျှမတွေးတော့ဘဲ ထွက်ခွာသွားရန် ပြင်လိုက်သည်။

သို့သော် သခင်မကြီးကျိုးက သူမကို ထိုနေရာမှ ထွက်ခွာခွင့်မပြုခဲ့ပေ။

"ဒီကို ရောက်နေမှတော့ ဒီမှာပဲ ထိုင်ပြီး စားသောက်သွားပါလား"

"ကျွန်မကလား" ကျိုးယန်ယန်က အနည်းငယ် အံ့အားသင့်သွားသည်။

"ဒါပေမယ့်... သိပ်ပြီး မသင့်တော်ဘူးထင်တယ်..."

"သင့်တော်တာ မသင့်တော်တာတွေက ဘာအရေးလို့လဲ၊ ဆရာကြီးရွှီက အပြင်လူမှ မဟုတ်တာ၊ ထိုင်ပြီး စကားစမြည် ပြောကြတာပေါ့" သခင်မကြီးကျိုးက နွေးထွေးသော အပြုံးဖြင့် ပြောလိုက်သည်။

ကျိုးယန်ယန်သည် တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားရသော်လည်း သခင်မကြီးကျိုး၏ အမိန့်ကို မဖီဆန်ဝံ့သဖြင့် ဘေးတစ်နေရာတွင် မဝံ့မရဲ ဝင်ထိုင်လိုက်ရသည်။ ဧည့်ခံပွဲ ဆက်လက်ကျင်းပနေသော်လည်း ယခုအခါ လေထုအခြေအနေသည် အနည်းငယ် ထူးဆန်းနေသည်။ လူအများသည် အသံကိုနှိမ့်လျက် အဝေးတွင် ထိုင်နေသော ကျိုးယန်ယန်ကို တစ်ခါတစ်ခါ လှမ်းကြည့်၍ စကားပြောနေကြသည်။ ထိုအကြည့်များကြောင့် ကျိုးယန်ယန်သည် ဆူးပေါ်ထိုင်နေရသကဲ့သို့ စိတ်မသက်မသာဖြစ်လာသည်။

သို့သော် သခင်မကြီးကျိုးသည် ယနေ့တွင် စိတ်လက်ကြည်သာနေပုံပေါ်၍ လူအများကို စားကောင်းသောက်ဖွယ်များနှင့် ဝိုင်သောက်သုံးရန် အားပေးနေသည်။ ထိုဆရာကြီးရွှီဆိုသူသည်လည်း သူမကို ပြုံးယောင်သန်းသော မျက်လုံးများဖြင့် အဆက်မပြတ် ကြည့်နေလေသည်။ ထို့ကြောင့် ကျိုးယန်ယန်သည်လည်း စိတ်အာရုံလွင့်မျောစွာဖြင့် ဝိုင်တစ်ခွက်ပြီးတစ်ခွက် သောက်နေမိသည်။

ထိုအချိန်တွင် ရွှယ်အန်းသည် ဧည့်ခံပွဲခန်းမ အဝင်ဝတွင် ပေါ်ပေါက်လာသည်။ သို့သော် သူရောက်လာသည်ကို မည်သူမျှ သတိမပြုမိကြပေ။ ရွှယ်အန်းသည် မရင်းနှီးသော မျက်နှာသစ်တစ်ဦးဖြစ်နေသည့်အပြင် ငယ်ရွယ်လွန်းသဖြင့် မည်သူကမျှ သူ့ကို အလေးမထားကြခြင်း ဖြစ်သည်။ သို့သော် လူတစ်ယောက်ကမူ သူကို သတိထားလိုက်မိသည်။ ကျိုးယသည် ရွှယ်အန်းဝင်လာသည်နှင့် သူ့ကို သတိထားမိသွားသည်။ လူအများရှေ့တွင် သူမကို ပါးရိုက်ဝံ့သည့် ထိုလူကို သူမက အသည်းထဲအထိ နာကျည်းနေသည်။

ကျိုးယသည် ရွှယ်အန်းကို မြင်သည်နှင့် မိခင်ဖြစ်သူကို ခပ်တိုးတိုးပြောလိုက်သည်။

"အမေ... သမီးကို ရိုက်တာ အဲ့ဒီလူပေါ့"

ဒုတိယသခင်မကျိုးသည် ခေါင်းလှည့်၍ ရွှယ်အန်းကို အသေအချာ အကဲခတ်ပြီးနောက် အေးစက်စွာ ပြုံးလိုက်သည်။

"သူ့ကို ကြည့်ရတာ သာမန်ပါပဲ။ အမေ လူလွှတ်ပြီး စုံစမ်းကြည့်ပြီးပြီ၊ ဖန်ထျန်းနယ်မြေမှာ ရွှယ်ဆိုတဲ့ မျိုးရိုးနဲ့ အင်အားကြီးတဲ့သူတစ်ယောက်မှမရှိဘူး။ ဒါကြောင့် သေချာတာကတော့ သူက ကျိုးယန်ယန်ရဲ့ အဆင့်အတန်းကို သိသွားပြီး အမေတို့ ကျိုးမိသားစုကို ကပ်တွယ်ဖို့ ကြိုးစားနေတဲ့သူပဲ။ ဘာမှကြောက်စရာမလိုပါဘူး"

ထိုစကားကို ကြားသောအခါ ကျိုးယ၏ မျက်လုံးများ ဝင်းလက်သွားသည်။

"အို... ဟုတ်လား၊ ဒါဆိုရင်... သမီးတို့ အခုချက်ချင်းပဲ..."

ဒုတိယသခင်မကျိုးက ခေါင်းခါပြလိုက်သည်။

"မလောပါနဲ့ဦး၊ အကောင်းဆုံး အပိုင်းက လာတော့မှာ။ ဟိုအစေခံမလေး ထောင်ချောက်ထဲ ကျနေတာကို သမီးမတွေ့ဘူးလား ခဏလေးပဲ စောင့်ကြည့်နေ၊ ဆရာကြီးရွှီ လက်စွမ်းပြတာနဲ့ ဒီကောင်လည်း ရောပြီး ပါသွားလိမ့်မယ်။ အဲ့ဒီအခါကျရင် အမေတို့ လက်ဖျားနဲ့တောင် တို့စရာမလိုဘဲ အဲ့ဒီကောင် မြေမြှုပ်ဖို့နေရာတောင် ရှိမှာမဟုတ်ဘူး"

ကျိုးယသည် အနည်းငယ် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်သည်။

"သမီး တကယ်ကြည့်ချင်မိတယ်"

သူမသည် စကားပြောနေစဉ် ရွှယ်အန်းကို အလွန်ရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။ ရွှယ်အန်းသည် ထိုအကြည့်များကို ပြုံးလျက်သာ တုံ့ပြန်လိုက်သည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် ရွှယ်အန်းသည် ဝင်လာကတည်းက ကျိုးယ၏ အကြည့်များကို သတိပြုမိသော်လည်း ဤသည်မှာ သူ့အတွက် ဟာသတစ်ခုမျှသာဖြစ်သည်။

သူသည် ထိုမိုက်မဲသော အမျိုးသမီးကို အရေးလုပ်မနေဘဲ ဧည့်ခံပွဲခန်းမရှိ စားစရာများကိုသာ အာရုံစိုက်နေသည်။ တစ်မြို့လုံးကို ပင်လယ်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သဖြင့် ဟင်းပွဲများသည် ပင်လယ်စာများဖြစ်သော်လည်း ၎င်းတို့သည် သာမန်ပင်လယ်စာများ မဟုတ်ချေ။ တစ်ခုချင်းစီတွင် ပြင်းထန်သော အသက်ဓာတ်များ ပါဝင်နေသည်။ အချို့ဆိုလျှင် ကျင့်ကြံခြင်းအဆင့်နှင့် နတ်အာရုံပင် ရှိနေကြသည်။ ဤဟင်းပွဲများကို စားသုံးပါက မိမိ၏ အသက်ဓာတ်ကို များစွာ အကျိုးပြုစေနိုင်သည်။ သာမန်လူတစ်ယောက်သည် ၎င်းဟင်းလျာကို အနည်းငယ်မျှ စားသုံးလိုက်ရုံဖြင့် ချက်ချင်းပင် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားနိုင်သည်။

ထို့ကြောင့် ရွှယ်အန်းသည် အားရပါးရ စတင်စားသောက်နေသည်။ ဤအစားအစာများ၏ အရသာသည် သူ့အတွက် အရေးမကြီးသော်လည်း အခမဲ့ရနေသော အစားအသောက်များကို မစားဘဲနေခြင်းသည် နှမြောစရာပင်ဖြစ်သည်။ အစားအစာ ဖြုန်းတီးခြင်းသည် အလွန်ရှက်စဖွယ်ကောင်းသော လုပ်ရပ်ဟု သူ ယူဆထားသည်။ စားပွဲများကို လှည့်ပတ်ကာ တစ်ပွဲပြီးတစ်ပွဲ စားသောက်နေသော ရွှယ်အန်း၏ အပြုအမူကြောင့် လူအများသည် သူ့ကို စောင်းမြောင်းကြည့်ရှုလာကြသည်။ လူအများအပြားသည် ပါးစပ်ကို ဖုံးဖိကာ တခိခိ ရယ်မောနေကြသည်။

"ဒါက ဘယ်သူလဲ" လူတစ်ဦးက မေးလိုက်သည်။

"ဟားဟား... ကျိုးယန်ယန် အပြင်ကနေ ခေါ်လာတဲ့ အင်အားကြီးပုဂ္ဂိုလ်ဆိုတာ သူပေါ့" အခြားတစ်ဦးက လှောင်ပြောင်လိုက်သည်။

"နတ်ဒေါသပင်လယ်မှာ ကျိုးမိသားစု သင်္ဘောကို ကယ်တင်ခဲ့တယ်ဆိုတဲ့ အင်အားကြီးပုဂ္ဂိုလ်လား" လူတစ်ဦးက သရော်တိုက်၍ မေးလိုက်သည်။

"ဟားဟား.. ကျုပ် ထင်တာတော့ ဒီအင်အားကြီးပုဂ္ဂိုလ်က တစ်ခါမှ ဝဝလင်လင် စားဖူးပုံမရဘူး"

ထိုစကားများကြောင့် ဘေးပတ်ဝန်းကျင်တွင် ရယ်သံများ ပျံ့လွင့်သွားသည်။ လူတိုင်း၏ မျက်လုံးထဲတွင် အထင်အမြင်သေးမှုများ ပြည့်နှက်လာ၍ ရွှယ်အန်းကို လောကအကြောင်း မသိနားမလည်သည့် တောသားတစ်ယောက်ဟုသာ ထင်မြင်နေကြသည်။ ရွှယ်အန်းကမူ ထိုအရာများကို ဂရုမစိုက်ပေ။ သူသည် စားပွဲတွင် ထိုင်ကာ ဆက်လက် စားသောက်နေသည်။ လူအများသည် ခေတ္တမျှလှောင်ပြောင်ပြီးနောက် သူ့ကို အာရုံမစိုက်တော့ဘဲ အဓိက စင်မြင့်ဘက်သို့သာ အာရုံပြန်လှည့်သွားကြသည်။

ထိုအချိန်တွင် ကျိုးယန်ယန်သည် သူမကိုယ်တိုင်ပင် မည်မျှသောက်မိသွားသည်ကို မသိတော့ချေ။ အားကောင်းသော ဝိညာဉ်စွမ်းအင်များ ပါဝင်သည့် ဝိုင်ကောင်းများဖြစ်သော်လည်း သူမသည် သတိရှိနေဆဲဖြစ်သည်။ သူမ၏ သတ်မှတ်ချက် အတိုင်းအတာသို့ ရောက်နေပြီဖြစ်ကြောင်း သိသွားသဖြင့် သူမသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်ကာ ပြောလိုက်သည်။

"အဘွားနဲ့ ဆရာကြီးရွှီ၊ ကျွန်မ ထပ်မသောက်နိုင်တော့ဘူး။ ပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးနေတာဆိုတော့ ကျွန်မ ဒီမှာဆက်ရှိနေတာ မသင့်တော်ဘူးထင်တယ်၊ ဒါကြောင့် ကျွန်မကို အရင်ပြန်ခွင့်ပြုပါဦး"

သူမသည် စကားပြောနေစဉ် မတ်တတ်ထရပ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ပြုံးရွှင်နေသော သခင်မကြီးကျိုး၏ မျက်နှာသည် ရုတ်တရက် တင်းမာသွားသည်။

"ပြန်ထိုင်စမ်း"

ကျိုးယန်ယန်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီးနောက် ရုတ်တရက် ပြန်ထိုင်ချလိုက်မိသည်။

"အဘွား..."

သို့သော် သခင်မကြီးကျိုးသည် သူမ၏ စကားကို နားမထောင်ဘဲ ရွှီပေါင်ဘက်သို့ လှည့်ကြည့်ကာ ပြုံးလိုက်သည်။

"ဆရာကြီးရွှီ... ဒီလက်ဆောင်ကို စိတ်တိုင်းကျရဲ့လား"

'လက်ဆောင်၊ ဘာလက်ဆောင်လဲ’

ဝိုင်အရှိန်ကြောင့် ဝေဝါးနေသော ကျိုးယန်ယန်သည် ဇဝေဇဝါဖြစ်သွားသည်။ ရွှီပေါင်ကမူ ထိုစကားကို ကြားသောအခါ ကြမ်းကြုတ်သော အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"မဆိုးပါဘူး၊ တကယ့်ကို ထိပ်တန်းပစ္စည်းပဲ"

"ဟဲဟဲ... သဘောကျတယ်ဆိုရင် ကျွန်မတို့က ဝမ်းသာပါတယ်။ ဒါဆို ဒီလက်ဆောင်ကို စိတ်ကြိုက် စီမံလို့ရအောင် ဆရာကြီးရွှီ လက်ထဲကိုပဲ အပ်လိုက်ပါပြီ" သခင်မကြီးကျိုးက ဟက်ဟက်ပက်ပက် ရယ်မောလျက် ပြောလိုက်လေသည်။

အခန်း (၁၀၃၂) သုံးစက္ကန့် အချိန်ပေးမယ်၊ သူ့ကို လွှတ်လိုက်

“ကျုပ် ဒီလောက်အတင့်ရဲလို့ ဖြစ်ပါ့မလား” ရွှီပေါင်သည် ထိုသို့ပြောနေသော်လည်း သူ၏မျက်လုံးများထဲရှိ လောဘရိပ်နှင့် စိတ်လှုပ်ရှားမှုများသည် သူ​၏စကားများကို သစ္စာဖောက်နေဟန်ရှိသည်။

“ဘာတွေရှက်နေတာလဲ၊ ဒါက ကုန်ပစ္စည်းကောင်းတစ်ခုပဲလေ။ ဆရာကြီးရွှီ ကြိုက်တယ်ဆိုရင် ကျွန်မတို့ကျိုးမိသားစုက နေ့တိုင်း ပူဇော်တဲ့ ပစ္စည်းတစ်ခုလို့ပဲ သဘောထားလိုက်ပါ”

“တကယ်လား” ရွှီပေါင်၏မျက်နှာ ဝင်းလက်သွားသည်။

“တကယ်ပေါ့၊ ပြီးတော့ ဘာမှစိုးရိမ်စရာမလိုဘဲ ဒီပစ္စည်းတွေကို စိတ်ကြိုက် ခြယ်လှယ်နိုင်ပါတယ်၊ ကျွန်မ အာမခံပါတယ်”

“သူ့ကိုရောလား” ရွှီပေါင်သည် ငေးငိုင်နေဆဲဖြစ်သော ကျိုးယန်ယန်ကို လက်ညိုးထိုးပြလိုက်သည်။

“ဒါပေါ့”

“ဒါပေမယ့် သူက အခုလေးတင် ခင်ဗျားကို ‘အဘွား’ လို့ ခေါ်နေတာ မဟုတ်လား” ရွှီပေါင်က ခနဲ့တဲ့တဲ့ အပြုံးဖြင့် မေးလိုက်သည်။

သခင်မကြီးကျိုးက ထိုစကားကိုကြားသောအခါ နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်သည်။

"ကျွန်မကို အဘွားလို့ ခေါ်ရအောင် သူက ဘာမို့လို့လဲ၊ သူ့ကို တမင် အချိုသတ်နေတာပါ။ ဒီလိုနိမ့်ကျတဲ့ အစေခံမလေးက ကျွန်မကို ‘အဘွား’ လို့ ခေါ်ဖို့ ဘာအရည်အချင်းရှိလို့လဲ”

ထိုစကားများကို ကြားလိုက်ရချိန်တွင် မူးဝေနေသော ကျိုးယန်ယန်သည် ရုတ်တရက် အသိပြန်ကပ်လာသည်။ ပြီးနောက် သူမ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားသည်။

"အဘွား… အဘွား ဒါက…”

သခင်မကြီးကျိုးက သူမကို ရွံရှာစွာ စိုက်ကြည့်လိုက်သည်။

"ကျိုးယန်ယန်၊ ငါ နင့်ကို တကယ် လက်ခံလိုက်ပြီလို့ ထင်နေတာလား”

“ဘာ… ဘာကို ဆိုလိုတာလဲ”

ထိုအချိန်မှသာ သခင်မကြီးကျိုးက ရွှီပေါင်ကို ညွှန်ပြလိုက်သည်။

“တွေ့လား ငါ နင့်ကို ဆရာကြီးရွှီဆီ ပေးလိုက်ပြီ။ အခု ဆရာကြီးရွှီနောက်ကို လိုက်သွားတော့။ သူ့ဆီရောက်ရင် အနေအထိုင် ဆင်ခြင်ဖို့ မမေ့နဲ့”

ဤစကားလုံးများသည် ကျိုးယန်ယန်ကို ရေခဲကမ္ဘာထဲသို့ တွန်းပို့လိုက်သကဲ့သို့ ခံစားရစေသည်။ သခင်မကြီးကျိုး၏ နူးညံ့ပျူငှာမှုများ၊ ပတ်ဝန်းကျင်ရှိ လူများ​၏ ပြောင်းလဲမှုများသည် ဟန်ဆောင်မှုသက်သက်သာဖြစ်ကြောင်း သူမ နားလည်သွားသည်။ အရာအားလုံး ပြောင်းလဲတော့မည်ဟု သူမ ထင်မှတ်ခဲ့သမျှသည် ကိုယ့်ကိုယ်ကို လှည့်စားခြင်းသာဖြစ်သည်။

ကျိုးယန်ယန်၏ ရင်ထဲတွင် အားကိုးရာမဲ့မှုနှင့် ဝမ်းနည်းမှုများ လှိုင်းကဲ့သို့ ရိုက်ခတ်လာ၍ မျက်ရည်များဝဲလျက် ရှိုက်ကြီးတငင် မေးမြန်းလိုက်သည်။

"ဘာလို့လဲ… ဘာလို့ အခုလိုလုပ်ရတာလဲ ကျွန်မကို ဘာလို့ ဒီလိုလုပ်ကြတာလဲ”

“ဘာလို့လဲ ဟုတ်လား” သခင်မကြီးကျိုးက လှောင်ရယ်လိုက်သည်။

"ဘာလို့လဲဆိုတော့ နင့်ရဲ့ မွေးဖွားလာမှုကိုကအမှားကြီးတစ်ခုဖြစ်နေလို့ပဲ”

“နင့်အမေက ဂုဏ်တက်ချင်လို့ နင့်ကို ခိုးမွေးခဲ့တာ။ ဟား… ဒါပေမယ့် နောက်ဆုံးတော့ ငါ့ရဲ့ တုတ်ဒဏ်အောက်မှာပဲ သေသွားကြရတယ်လေ”

သခင်မကြီးကျိုး၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်လာသည်။

"နင် သူ့မျက်နှာကို မမှတ်မိတော့ဘူး မဟုတ်လား။ သေခါနီးအထိ နင့်ကို အသက်ချမ်းသာပေးဖို့ ညည်းညူသံတောင် မထွက်ဘဲ တောင်းဆိုနေတာ”

“အစေခံမရဲ့ သားသမီးက အစေခံပဲ။ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး၊ ဒါတွေအားလုံးက နင့်ရဲ့ ကံကြမ္မာပဲ အခု နင် နားလည်ပြီလား”

“ဟား အခုအချိန်မှာ ငါတို့ ကျိုးမိသားစုအတွက် နောက်ဆုံး လုပ်ပေးနိုင်တဲ့ အကျိုးပြုမှုကတော့ ဆရာကြီးရွှီနောက်ကို ငြိမ်ငြိမ်လေး လိုက်သွားဖို့ပဲ၊ မသေခင် ဆရာကြီးရွှီရဲ့ မိန်းမဖြစ်ခွင့်ရတာက နင့်အတွက် ကောင်းချီးပဲ။ ငါပြောတာတွေ နားလည်လား”

သခင်မကြီးကျိုး၏ စကားလုံးများသည် စူးရှသော ဓားများကဲ့သို့ ကျိုးယန်ယန်၏ နှလုံးသားကို ထိုးနှက်နေသည်။ သူမ မျက်နှာတစ်ခုလုံး စက္ကူကဲ့သို့ ဖြူလျော့၍ ခန္ဓာကိုယ်ပင် ယိမ်းယိုင်သွားလေသည်။

"ဟင့်အင်း… အဲ့လိုမလုပ်ပါနဲ့”

ထိုစဉ် သခင်မကြီးကျိုးသည် ရွှီပေါင်ထံ လှည့်ပြောလိုက်သည်။

"ဆရာကြီးရွှီ၊ ဒီလက်ဆောင်ကို ကျွန်မတော့ နောက်ထပ်မမြင်ချင်တော့ဘူး”

"စိတ်ချပါ၊ ဒီပစ္စည်းလေးကို ဒီည ကျုပ် ကောင်းကောင်း သင်ကြားပေးလိုက်ပါ့မယ်။ သူ မနက်ဖြန်ကျရင် ကျုပ်ရဲ့ စုဆောင်းမှုထဲက အပြောင်မြောက်ဆုံး အနုပညာပစ္စည်းဖြစ်လာစေရမယ်” ရွှီပေါင်သည် ယုတ်ညံ့စွာ ပြုံးပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

ရွှီပေါင်က ကျိုးယန်ယန်ကို ယဉ်ကျေးဟန်ဖြင့် နှုတ်ဆက်လိုက်သော်လည်း သူ၏ မျက်နှာတွင် သားရဲတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် အပြုံးမျိုးရှိနေသည်။

"မိန်းမလှလေး၊ ညရဲ့ အချိန်တွေက တန်ဖိုးရှိတယ်။ ကျုပ်တော့ မစောင့်နိုင်တော့ဘူး။ လာ… ကျုပ်နဲ့ လိုက်ခဲ့ပါ”

“ဟင့်အင်း… မလုပ်ပါနဲ့” ကျိုးယန်ယန်သည် နှလုံးသားတစ်ခုလုံး ကြေမွသွားသကဲ့သို့ ခံစားနေရကာ အနောက်သို့ ဆုတ်ခွာသွားသည်။

သို့သော် သူမသည် ရွှီပေါင်၏ ခွန်အားကို မည်သို့မျှယှဉ်နိုင်မည်နည်း။ ရွှီပေါင်သည် သူမ၏ လက်မောင်းကို ဖမ်းဆွဲကာ ချီးမွမ်းလိုက်သည်။

"ပြီးပြည့်စုံတဲ့ အရေပြား အထိအတွေ့ပါလား၊ ဒီအရေပြားကိုသာ ခွာထုတ်လိုက်ရင် တကယ့်ကို ပြည့်စုံတဲ့ အနုပညာလက်ရာတစ်ခုဖြစ်လာမှာပဲ”

“မလုပ်ပါနဲ့၊ ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါ” ကျိုးယန်ယန်က ကျော့ကွင်းတွင်မိနေသော သမင်လေးကဲ့သို့ ရုန်းကန်အော်ဟစ်နေသည်။

“ဟုတ်တယ် ဒီလိုမှပေါ့၊ ရုန်းစမ်း။ မင်း ရုန်းလေ ကျုပ်က ပိုပြီစိတ်လှုပ်ရှားလေပဲ” ရွှီပေါင်သည် နားရွက်အထိ တက်ချိတ်ဟုနီးပါး အပြုံးဖြင့် ရက်စက်ကြမ်းကြုတ်စွာ ရယ်မောနေသည်။

ဤမြင်ကွင်းကို ကြည့်နေသည့် တစ်ခန်းလုံးရှိ လူများ အလွန်တိတ်ဆိတ်သွားကြသည်။ သေရေးရှင်ရေး ကြုံတွေ့ဖူးသော ကျိုးမိသားစုဝင် အကြီးအကဲများပင် အလွန်စိတ်မသက်မသာဖြစ်လာကြရာ၊ အမျိုးသမီးများသည် ကြောက်လန့်တကြား တုန်လှုပ်၍ ခေါင်းငုံ့ထားကြသည်။ ကျိုးယသာလျှင် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လုမတတ် ဝမ်းသာနေသည်။

ရွှီပေါင်က သူမကို အပြင်သို့ အတင်းဆွဲခေါ်သွားစဉ် ကျိုးယန်ယန်သည် ရုန်းကန်ရန် ကြိုးစားနေသော်လည်း အင်အားမမျှတခဲ့ပေ။ ကျိုးယန်ယန်သည် နောက်ဆုံးမျှော်လင့်ချက်ဖြင့် သခင်မကြီးကျိုးကို ကြည့်လိုက်သော်လည်း ၎င်းတို့နှစ်ဦး အကြည့်ချင်းစုံသောအခါ သခင်မကြီးသည် ခေါင်းငုံ့၍ လက်ဖက်ရည်သာ သောက်နေလေသည်။ ကျိုးယန်ယန်သည် နှလုံးသားတစ်ခုလုံးလစ်ဟင်းကာ ချောက်နက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် မျှော်လင့်ချက်မဲ့စွာ ငိုကြွေးလိုက်သည်။ နာကျင်မှုများ၊ နာကြည်းမှုများဖြင့် ပြည့်နှက်နေသော ထိုအသံသည် ကြားရသူတိုင်းကို စိတ်မသက်မသာဖြစ်စေသည်။

ရွှီပေါင်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်ကာ ပို၍ပင် စိတ်လှုပ်ရှားလာသည်။

"ဟုတ်တယ်၊ ပိုပြီးကျယ်ကျယ် အော်စမ်း။ မျှော်လင့်ချက်မဲ့နေတဲ့ အနံ့အသက်က တကယ့်ကို ထူးကဲလွန်းတယ်”

ထိုစဉ် အေးဆေးတည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“သူ့ကို လွှတ်လိုက်”

အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၍ လူတိုင်းသည် ထိုအသံပိုင်ရှင်ဆီ လှည့်ကြည့်လိုက်ကြသည်။ လူငယ်တစ်ယောက်သည် ထမင်းစားပွဲ၌ အေးအေးဆေးဆေး စားသောက်နေဟန်ရှိသည်။ အသံပိုင်ရှင်သည် ထိုလူငယ်ဖြစ်လေသလောဟု လူတိုင်း အံ့အားသင့်စွာ ငေးကြည့်နေကြသည်။ သခင်မကြီးကျိုးသည် မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ လက်ဖက်ရည် သောက်နေဆဲဖြစ်သော်လည်း သူမ၏ မျက်လုံးထဲတွင် အေးစက်သော လှောင်ပြုံးတစ်ခု ထွက်ပေါ်လာသည်။

ရွှီပေါင်သည် မျက်လုံးများ ရူးသွပ်စွာ တုန်လှုပ်လျက် ရွှယ်အန်းကို စိုက်ကြည့်ပြီးနောက် ဟားတိုက် ရယ်မောလိုက်သည်။

"ခင်ဗျား ဘာပြောလိုက်တယ်”

ရွှယ်အန်းက ခေါင်းကို ဖြည်းဖြည်းချင်း မော့ပြီးနောက် စားပွဲပေါ်မှ တစ်ရှူးတစ်ရွက်ကို ဆွဲယူ၍ ပါးစပ်ကို သုတ်ပြီးသည်နှင့် တည်ငြိမ်စွာ ပြောလိုက်သည်။

"မကြားလိုက်ဘူးလား၊ သူ့ကို လွှတ်လိုက်လို့ ပြောတာ”

အခန်းတစ်ခုလုံးရှိ လူတိုင်း မှင်သက်သွားကြသည်။ ရွှီပေါင်ကို ဤကဲ့သို့ စိန်ခေါ်ဝံ့သော လူငယ်သည် မည်မျှ ရဲတင်းသူဖြစ်သနည်းဟု ၎င်းတို့ တွေးနေကြသည်။ ကျိုးယန်ယန်သည် ရွှယ်အန်းကို ငေးငိုင်စွာကြည့်၍ အော်ခေါ်လိုက်သည်။

“လူကြီးမင်း... လူကြီးမင်းရွှယ်...”

ရွှယ်အန်းသည် သူမကို ညင်သာစွာ ပြုံးပြလိုက်သည်။

“ဒီကို မလာခင် ကျုပ်ပြောထားတယ် မဟုတ်လား၊ ခင်ဗျား စောစောပြန်ပြီး အနားယူရမယ်လို့"

မျှော်လင့်ချက်ကင်းမဲ့နေသော ကျိုးယန်ယန်၏ နှလုံးသား ပြန်လည်အသက်ဝင်လာသဖြင့် သူမသည် ငိုရှိုက်ကာ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့”

"မင်းက ဘာမို့လို့ ကျုပ်ကို ဒီလိုလာပြောနေတာလဲ” ရွှီပေါင်က လှောင်ရယ်လိုက်သည်။

"ဒါဆို ခင်ဗျားက သူ့ကို မလွှတ်ပေးဖို့ ဆုံးဖြတ်ထားတာပေါ့လေ” ရွှယ်အန်းက ရွှီပေါင်ကို မော့ကြည့်ကာ ပြုံးလိုက်သည်။

“ဟားဟား၊ ကျုပ်ဆိုတဲ့ ရွှီပေါင်က မျက်စိကျပြီးရင် ဘယ်တော့မှ လွှတ်ပေးတာ မဟုတ်ဘူး။ ကျုပ် သိချင်မိတယ်၊ ဒီမှာ သူရဲကောင်းလာလုပ်နေရအောင် ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျား မစုံစမ်းခဲ့ဘူးလား..."

“ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ သူ့ကို လွှတ်ပေးဖို့ ခင်ဗျားကို သုံးစက္ကန့်အချိန်ပေးမယ်၊ မဟုတ်ရင်တော့… ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျား သိစေရမယ်” ရွှယ်အန်းက ရယ်မောကာ ခေါင်းခါလိုက်သည်။

All Chapters